အခန်း ၄၇၄
Vol. 26 Ch. 474
အပိုင်း (၄၇၄) ပြန်လည်မွေးဖွားခြင်း - ကျုပ်က သူတောင်းစားပါ
ဖန်ကျန်းရီသည် တုတ်ကောက်ကို ထောက်ကာ မနည်းထလာပြီး မြို့တံခါးစောင့်အနီးသို့ သွား၍ တိုးတိုးလေး ပြောလိုက်၏။ “တပ်မှုး ... ကျုပ်က သူတောင်းစား မဟုတ်ပါဘူး ... ကျုပ် မြို့ထဲမှာ နေတာပါ။”
မြို့တံခါးစောင့်က နှာခေါင်းရှုံ့လိုက်သည်။ “ချီးလို လာမပြောနဲ့။ ခင်ဗျားရဲ့ ခရီးသွားခွင့်လက်မှတ်ကော။”
“ကျုပ်ကြည့်ရတာ ခင်ဗျားက အပြင်ကနေ လာတဲ့ သူတောင်းစားပဲ။ လေယူလေသိမ်း ကြည့်ရတာနဲ့တင် နယ်ခံ မဟုတ်မှန်း သိတယ်။ ကျုပ်တို့ ရွီတင်းမြို့က သူတောင်းစားတွေကို လက်မခံဘူး။ တကယ်လို့ မြို့ထဲကသာ ဆိုရင် ခင်ဗျားလို သူတောင်းစားက မြို့ထဲရောက်နေပြီကို အပြင်ကို ပြန်ထွက်လာပါ့မလား။”
ဖန်ကျန်းရီ၏ ခေါင်းထဲတွင် အူသွားခဲ့၏။
ရွီတင်းမြို့။ အရှေ့ဘက်ကို သွားတဲ့မြို့ မဟုတ်ဘူးလား။ ဝူမင်းသားက ရွီတင်းမြို့ကို အခြေပြုပြီး သင်္ဘောတွေကို တိတ်တဆိတ် တည်ဆောက်နေခဲ့တာလေ။
ဒါဆိုရင် ဒီနေရာက အရာရှိတွေနဲ့ ဝူမင်းသားနဲ့ အဆက်အသွယ် ရှိလောက်တယ်။ အစိုးရရုံးကို သွားလို့ မဖြစ်တော့ဘူး။ ပြဿနာတစ်ခုခု ဖြစ်လာရင် တစ်ကိုယ်တည်းဖြစ်နေတဲ့ သူ့အတွက် အသက်အန္တရာယ်တောင် ရှိနိုင်တယ်။
တခြားလူတွေ သူ့ကို လာရှာတာကိုပဲ စောင့်ရတော့မယ်။
ကိုယ်ပေါ်မှာလည်း ခရီးသွားခွင့်လက်မှတ် မရှိဘူး။ အပြင်ထွက်ရင် ဘယ်သွားသွား ခရီးသွားခွင့်လက်မှတ် လိုတယ်။
သာမန် ပြည်သူက ခရီးသွားခွင့်လက်မှတ် မပါရင် ခြေတစ်လှမ်းတောင် ရွှေ့လို့ မရဘူး။
ခရီးသွားခွင့်လက်မှတ် မရှိတဲ့အပြင် မှတ်ပုံတင်လည်း မရှိဘူး။ လုံးဝ တရားမဝင် ဝင်ရောက်လာသူပဲ။ ငါ့မှာ ဘာမှ မရှိဘူး။
ဖန်ကျန်းရီသည် ကိုယ်ပေါ်တွင် အလျင်အမြန် စမ်းကြည့်လိုက်၏။ ပိုက်ဆံလည်း မရှိချေ။
ချီးပဲ။ အရင်က ကိုယ်ပေါ်မှာ ငွေတွေ ပါပါတယ်။ အစောင့်ရဲ့ အဝတ်အစားနဲ့ လဲဝတ်တုန်းက ထုတ်မယူခဲ့မိဘူး။
နောက်ဆုံး မတတ်သာသည့်အဆုံး မြို့တံခါးစောင့်ကို ရှက်ပြုံးပြကာ ပြောလိုက်သည်။ “တပ်မှုး ... စစ် ... စစ်ဘေးရှောင်လာတာပါ။ ထမင်းတစ်လုတ်လောက် ကျွေးပါ။”
“စစ်ဘေးရှောင် ... ဘယ်ကနေ လာတာလဲ။”
“ထျဲ့လင် ကပါ။”
“ထျဲ့လင် ... မကြားဖူးဘူး။ မြန်မြန် သွားစမ်း။”
ဖန်ကျန်းရီသည် မျက်နှာပြောင်တိုက်ကာ ဆက်ပြောလိုက်၏။ “နေရာသေးသေးလေးဆိုတော့ တပ်မှုး မကြားဖူးတာ ပုံမှန်ပါပဲ။ ကျုပ်က သူတောင်းစား မဟုတ်ပါဘူး။ ပညာတတ်တစ်ယောက်ပါ။ တကယ် စစ်ဘေးရှောင်လာတာပါ။ မယုံရင် စာတစ်လုံး ရေးပြမယ်လေ။”
မြို့တံခါးစောင့်သည် ရယ်ချင်သွားပြီး ဘေးဘယ်ညာကို အော်ပြောလိုက်သည်။ “ဟေ့ ... ညီအစ်ကိုတို့ ... ဒီမှာ သူတောင်းစား တစ်ယောက်က ပညာတတ်တဲ့။ စာတောင် ရေးတတ်သေးတယ်တဲ့။”
နောက်ထပ် မြို့တံခါးစောင့် နှစ်ယောက် ရောက်လာပြီး ဖန်ကျန်းရီကို လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်လိုက်ကြ၏။
“ရေးပြစမ်း … ကြည့်ရအောင်။”
ဖန်ကျန်းရီသည် တုတ်ကောက်ကို ကိုင်ကာ မြေကြီးပေါ်တွင် စာသုံးလုံး ရေးလိုက်သည်။
[တပ်မှုးများ မင်္ဂလာပါ။]
မြို့တံခါးစောင့် သုံးယောက်သည် နီးနီးကပ်ကပ် ကြည့်လိုက်ကြပြီးနောက် ရယ်မောလိုက်ကြ၏။ “ဒါ ဘာတွေ ရေးထားတာလဲ။ မသိပါဘူးကွာ။ ငါလည်း စာမှမတတ်တာ။ ရေးထားတာကတော့ စာနဲ့တူတယ်။ ဟားဟား ... စာ ဟုတ်၊ မဟုတ်တော့ မသိဘူး ... တကယ်ကို အရုပ်ဆိုးတာပဲ။ ခွေးယက်ထားသလိုပဲ။”
မြို့တံခါးစောင့် သုံးယောက် သူ၏ စာကို ဝေဖန်နေကြသည်ကို ကြားသောအခါ ဖန်ကျန်းရီ၏ မျက်နှာသည် ပူထူသွားခဲ့၏။
ခင်ဗျားတို့ အမေတွေကိုပဲ ….. ။ စာရေးတာ အရုပ်ဆိုးတယ်လို့ ပြောတဲ့သူ အခုမှပဲ ကြုံဖူးတော့တယ်။ ခရိုင်ထဲက လူတိုင်းက ငါ့လက်ရေး လှတယ်လို့ ချီးကျူးနေကြတာကို။ စာမတတ်တဲ့ ခွေးကောင်တွေ။
သုံးယောက်သား လှောင်ပြောင်ပြီးနောက် မြို့တံခါးစောင့်က မြေကြီးပေါ်ရှိ စာကို ခြေထောက်ဖြင့် ပွတ်ဖျက်လိုက်ပြီး ဖန်ကျန်းရီကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ရပြီ … ခင်ဗျား စာရေးတတ်မှန်း သိပြီ။ ထွက်သွားတော့။ တောင်းစားချင်ရင် မြို့တံခါးနဲ့ ဝေးဝေးမှာ တောင်းစား။”
“ .......”
ဖန်ကျန်းရီသည် တိတ်ဆိတ်စွာ နောက်လှည့်ကာ မြို့တံခါးနှင့် မလှမ်းမကမ်းသို့ သွား၍ မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး ကိုယ်ပေါ်ရှိ ပစ္စည်းများကို စတင် စစ်ဆေးတော့၏။
အခြေအနေက အနည်းငယ် အရေးပေါ်နေပြီဖြစ်သည်။
သူ့ပါးစပ်က မည်မျှ အသုံးဝင်ဝင် ဤအဝတ်အစားများနှင့် ဆိုလျှင် မည်သူ့ကိုမှ သိမ်းသွင်းနိုင်မည် မဟုတ်ပေ။ တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုခု ရှိမှ အထဲသို့ ဝင်၍ရပေမည်။ နောက်နှစ်ရက်လောက် အချိန်ထပ်ဆွဲ ထားပါက ငတ်၍ သေသွားနိုင်၏။
ဖန်ကျန်းရီသည် ကိုယ်ပေါ်တွင် အဆက်မပြတ် ရှာဖွေနေခဲ့သည်။ သေနတ်တိုတစ်လက်၊ ဓားမြှောင်တစ်လက်၊ မီးရှူးမီးပန်း ... ပျော့ပျောင်းတဲ့ သစ်ရွက်အချို့ ... ။
ရုတ်တရက် ခါးပတ်ကို စမ်းမိသောအခါ ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။
ခါးပတ် ... သူ့ခါးပတ်က ကျောက်စိမ်းစီထားတာလေ။ အလယ်တည့်တည့်မှာ လက်ဖဝါးတစ်ဝက်လောက်ရှိတဲ့ ကျောက်စိမ်းတုံးကြီး တစ်တုံး ရှိတယ်။ ကြည့်လိုက်တာနဲ့တင် တန်ဖိုးကြီးမှန်း သိသာတယ်။
ထိုအရာကို မြင်သောအခါ ဖန်ကျန်းရီသည် အလျင်အမြန် ကုန်းကွကာ ဓားမြှောင်ကို ယူ၍ လမ်းဘေးတွင် ကျောက်စိမ်းကို ခွာယူတော့၏။
ခဏအကြာတွင် ကျောက်စိမ်းကို အောင်မြင်စွာ ခွာယူနိုင်ခဲ့သည်။ လက်ဖဝါးတစ်ဝက်ခန့်ရှိသော ကျောက်စိမ်း လှလှလေးဖြစ်ပြီး ကံကောင်းစေသော သတ္တဝါလေးများ၏ ပုံစံများကိုပင် ရေးဆွဲထားသေးသည်။
ဤပစ္စည်း၏ တန်ဖိုးမည်မျှရှိသည်ကို သူ မသိပေ။ ရှောင်ထောင်က ဝယ်ယူပေးထားခြင်း ဖြစ်သည်။ သူ ဝတ်ဆင်မည့် အသုံးအဆောင်များကို ပုံမှန်အားဖြင့် ရှောင်ထောင်ကပဲ စီစဉ်ပေးလေ့ရှိ၏။ သို့ရာတွင် တန်ဖိုး နည်းမည် မဟုတ်ချေ။
မြို့တံခါးစောင့်များကို ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ခေါင်းဆောင်ဖြစ်သူကို သတိထားမိသွားကာ ဖန်ကျန်းရီ သည် ထပ်မံ၍ အနားသို့ ကပ်သွားခဲ့၏။
သူတောင်းစား ပြန်ရောက်လာသည်ကို မြင်သောအခါ မြို့တံခါးစောင့်က မျက်မှောင်ကုတ်လျက် ပြောလိုက်သည်။ “ခင်ဗျား မပြီးနိုင်သေးဘူးလား။ ကျုပ်ပြောလိုက်မယ် ... ဒီနေ့ ခရီးသွားခွင့်လက်မှတ် မပါရင် နတ်မင်းကြီး လာရင်တောင် မြို့ထဲပေးမဝင်ဘူး။”
ဖန်ကျန်းရီ၏ လက်များ လှုပ်ရှားသွားပြီး မြို့တံခါးစောင့်သည် နူးညံ့အေးစက်သော အရာတစ်ခုကို ရုတ်တရက် စမ်းမိသွား၏။ နှစ်ချက်ခန့် ပွတ်သပ်ကြည့်ပြီးနောက် မျက်လုံးကို မှေးကာ ဖန်ကျန်းရီကို ကြည့်လိုက်သည်။
ဖန်ကျန်းရီက အလျင်အမြန် ပြောလိုက်၏။ “တပ်မှုး ... ဒါက ကျုပ်တို့ မိသားစု အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ကျောက်စိမ်းလေးပါ ... တပ်မှုးကို လက်ဆောင်ပေးပါတယ်။”
“ဟင် ... ခင်ဗျား ကျုပ်ကို လာဘ်ထိုးနေတာလား။” မြို့တံခါးစောင့်သည် ပြုံးစိစိဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ကျောက်စိမ်းကို တိတ်တဆိတ် ကြည့်လိုက်ရာ မျက်လုံးထဲတွင် အံ့ဩသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
ဖန်ကျန်းရီသည် ဘေးဘယ်ညာကို ကြည့်လိုက်ရာ သူတို့နှစ်ယောက် စကားပြောနေသည်ကို မည်သူမှ သတိမထားမိကြောင်း မြင်သောအခါ တိုးတိုးလေး ပြောလိုက်၏။ “တပ်မှုးကလည်း ဘယ်လို စကားတွေ ပြောနေတာလဲ။ ကျုပ်က ဒီလောက်အထိ ဒုက္ခရောက်နေတာတောင် ခင်ဗျားကို ဘယ်လိုလုပ် လာဘ်ထိုးနိုင်မှာလဲ။
ကျုပ် ဘာလို့ ရွီတင်းမြို့ကို စစ်ဘေးရှောင်လာရတာလဲဆိုတော့ ဒီကျောက်စိမ်းက သူပိုင်ရှင်ကို သူလာရှာလို့လေ။ ကျောက်မျက်ရတနာဆိုတာ သူရဲကောင်းနဲ့ပဲ ထိုက်တန်တာ ... ဒါက ခင်ဗျားပစ္စည်း ဖြစ်ရမှာ။”
မြို့တံခါးစောင့်သည် မျက်တောင်ခတ်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ခင်ဗျားလိုလူက ... တကယ် အာလူးဖုတ်နိုင်တာပဲ။ ကျုပ်ကြည့်ရတာ ခင်ဗျားက အခု သူတောင်းစားနဲ့ မတူတော့ဘူး။”
ဖန်ကျန်းရီက တဟားဟား ရယ်လိုက်သည်။ “ဒါဆို ... ကျုပ် အိမ်ပြန်လို့ ရပြီလား။”
မြို့တံခါးစောင့်သည် သူ့ကို အထက်အောက် တစ်ချက် အကဲခတ်လိုက်ပြီး ခေါင်းညိတ်လိုက်၏။ “အင်း ... ကောင်းပါပြီ။ နှစ်သစ်ကူးကာလကြီးမှာ ခင်ဗျား ကို အခက်မတွေ့စေတော့ပါဘူး။ ဝင်သွားရင် သိုသိုသိပ်သိပ် နေ။”
ထိုသို့ပြောပြီးနောက် မြို့ထဲသို့ လက်ကာပြကာ အမြန်ဝင်သွားရန် အချက်ပြလိုက်သည်။
“ဘာ … နှစ်သစ်ကူးသွားပြီလား။” ဖန်ကျန်းရီသည် နေရာမှာတင် ကြောင်အမ်းသွားခဲ့၏။
“ချီး … လွန်ခဲ့တဲ့ နှစ်ရက်တည်းက နှစ်သစ်ကူး ပြီးသွားပြီ။ မြန်မြန်သွားစမ်း ... ဒီမှာ အပိုတွေ လာပြောမနေနဲ့။ တခြားလူတွေ မြင်သွားရင် မကောင်းဘူး။” မြို့တံခါးစောင့်က အလောတကြီး လောဆော်လိုက်သည်။
ဖန်ကျန်းရီသည် စိတ်ဓာတ်ကျစွာဖြင့် မြို့ထဲသို့ ဝင်သွားခဲ့၏။
နှစ်သစ်ကူးသွားပြီ ... နှစ်သစ်ကူးတောင် ပြီးသွားပြီပဲ။ သူကတော့ တောင်ပေါ်မှာ ဖြတ်သန်းခဲ့ရတာကိုး။
နှစ်သစ်ကူးချိန်မှာ သူတောင်းစားစုတ်တစ်ယောက် ဖြစ်ခဲ့ရတယ်။
မြို့ထဲရှိ စည်ကားနေသော လူအုပ်ကြီးကို ကြည့်ကာ ဖန်ကျန်းရီ၏ လေးလံနေသော စိတ်များသည် အနည်းငယ် သက်သာရာရသွားခဲ့သည်။
ဒီနေရာရဲ့ အုပ်ချုပ်မှုက တကယ်ကို ကောင်းမွန်တာပဲ။
ပြည်သူတွေရဲ့ အခြေအနေက ကောင်းမွန်ပြီး စီးပွားရေးလည်း ဖွံ့ဖြိုးနေပုံရတယ်။ တကယ်ကို စည်ပင်ဝပြောတဲ့ မြင်ကွင်းပဲ။
ဖန်ကျန်းရီသည် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် သတိပြန်ဝင်လာခဲ့၏။
အခုက ဒါတွေကို စဉ်းစားရမယ့် အချိန်မဟုတ်ဘူး။ ငါက မှတ်ပုံတင်မဲ့ သူတောင်းစားတစ်ယောက် ဖြစ်နေပြီ။ ထမင်းစားဖို့က အရေးကြီးတယ်။
မြို့ထဲတွင် ဆက်လက် လျှောက်သွားနေရင်း အလွန် ပင်ပန်းလာခဲ့၏။
ဖန်ကျန်းရီသည် နံရံထောင့်တစ်ခုကို မှီချလိုက်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူတောင်းစား လုပ်ခြင်းသည် စီးပွားရေး လုပ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
စီးပွားရေးလုပ်ရန် ဆိုင်ခန်းနေရာရှာလျှင် လူအသွားအလာများသော နေရာကို ရှာရသကဲ့သို့ပင်။ လူအသွားအလာ များရုံသာမက မိမိ၏ ရည်ရွယ်ချက်နှင့် ဖောက်သည်များ၏ သုံးစွဲနိုင်စွမ်းကိုလည်း ကြည့်ရမည်။
သူတောင်းစားများလည်း ထိုနည်းတူပင်။ လူအသွားအလာများသော နေရာကို ရှာရမည်။ ချမ်းသာသောသူ များပြားသော နေရာကို ရှာရမည်။ ဘေးနားတွင် ဘုရားကျောင်းကဲ့သို့သော နေရာမျိုး ရှိနေလျှင် အကောင်းဆုံးပင်။
ထို့အပြင် ယှဉ်ပြိုင်သူ သူတောင်းစားများ အလွန်များပြားနေသလား၊ သနားစရာကောင်းအောင် လုပ်ပြသည့် နည်းလမ်းများ မည်သို့ရှိသလဲ ဆိုသည်ကိုလည်း ကြည့်ရမည်။ သူတောင်းစား များနေလျှင် ပြိုင်ဆိုင်မှုက ပြင်းထန်ပေလိမ့်မည်။
ထို့ကြောင့် ဤအချိန်တွင် အခြားသူများ မရှိသောအရည်အသွေးကို မိမိက ပိုင်ဆိုင်ထားရမည်ဖြစ်ပြီး အခြားသူများ၌ ရှိနေလျှင်လည်း မိမိက ပို၍ ထူးချွန်နေရမည်ဖြစ်သည်။
ဖန်ကျန်းရီသည် သူတောင်းစား မလုပ်ရသည်မှာ နှစ်အတော်ကြာပြီဖြစ်သော်ငြား အမြင်ကတော့ စူးရှနေဆဲပင်။ သူ ရှာတွေ့ထားသည်မှာ အလွန်ကောင်းမွန်သော ရွှေရောင်နေရာ တစ်ခုဖြစ်သည်။
နေရာကောင်းတစ်ခု ရှာတွေ့ပြီးနောက် သူ၏ အမှတ်တံဆိပ် ဖန်တီးရမည်ဖြစ်ပြီး အခြား သူတောင်းစားများ ကြားမှ ထင်ပေါ်လာစေရန် ပြုလုပ်ရမည်
ဖန်ကျန်းရီသည် နံရံကို မှီကာ ခေတ္တမျှ အမောဖြေလိုက်ပြီးနောက် မြေကြီးပေါ်တွင် ပျော့ခွေစွာ ထိုင်ချလိုက်ပြီး အပေါ်ဝတ်ရုံကို ချွတ်ကာ သူ၏ရှေ့တွင် ပန်းကန်ပုံစံလေး လုပ်ထားလိုက်၏။
ပန်းကန်ဘေးတွင် ဗုဒ္ဓဘာသာ သင်္ကေတများ၊ ယင်ယန် သင်္ကေတများကို ရေးဆွဲလိုက်ပြီးနောက် မြေကြီးပေါ်တွင် စာကြောင်းတစ်ကြောင်းကို ရိုးရိုးရှင်းရှင်း ရေးထားလိုက်သည်။
[ဒီသူတောင်းစားကို စွန့်ကြဲပါ၊ မနက်ဖြန်တွင် သင် ကံကောင်းခြင်းများ ရရှိလိမ့်မည်။]
ရေးပြီးနောက် ဖန်ကျန်းရီသည် နံရံကို မှီကာ ငေးမောနေလိုက်၏။
ဟက် ... ကံကြမ္မာက တကယ်ကို ဆန်းကြယ်တာပဲ။ အမတ်မင်း ဖြစ်လာတာတောင် သူတောင်းစား ပြန်လုပ်ဖို့ အခွင့်အရေး ရလာသေးတယ်။
ကျိုးထျဲ့တို့ သူ့ကို လိုက်ရှာနေကြလောက်ပြီ ... ရှာတွေ့နိုင်ပါ့မလား မသိဘူး။
မြို့တော်မှာ လီယွမ်ကျောက်ကော ဘယ်လိုနေလဲ မသိဘူး။ ပြဿနာတွေ လျှောက်မရှာလောက်ပါဘူးလေ။
ရှောင်ထောင်၊ နင်ရှင်းတို့ကော အိမ်မှာ အဆင်ပြေကြရဲ့လား မသိဘူး။ ဝူမင်းသားက တောက်ယွမ်ခရိုင်ကို တိုက်ခိုက်ဖို့ လုပ်နေတာ ... ကျန်းပြောင် ရှိနေတော့ ပြဿနာ မရှိလောက်ပါဘူး။
ရွှေယီပိုင်က အခု ချန်တယ်ရှန်းနဲ့ ဟိုင်ယွမ်မြို့မှာ ရောက်နေတာ။ ကျိုးထျဲ့ လူလွှတ်ပြီး အခြေအနေကို အကြောင်းကြားလောက်ပါတယ်။
မင်းသမီးဘက်ကကော ... ဟက်ဟက် ... အရင်ကတောင် ပြန်ရောက်ရင် သူ့ကို လက်ထပ်မယ်လို့ ပြောခဲ့သေးတာ ... အခုတော့ ဒီလိုအခြေအနေမျိုး ရောက်နေပြီ။
တကယ်ပဲ ... ငါက နိမိတ်မကောင်းတာတွေ လျှောက်ပြောခဲ့မိလို့များလား။
တွေးရင်းတွေးရင်း ဖန်ကျန်းရီသည် ပင်ပန်းလာပြီး မျက်ခွံများ ပြင်းပြင်းထန်ထန် လေးလံလာကာ မေ့မြော သွားတော့၏ ... ။