← Chapters

အခန်း ၄၇၅

Vol. 26 Ch. 475

အခန်း ၄၇၅

Vol. 26 Ch. 475

အပိုင်း (၄၇၅) တောင်းစားခြင်းဘုရင်၏ ပညာပေး မိန့်ကြားချက်။

“ဟေ့... ထစမ်း၊ မင်း ငါ့နေရာကို လုထားတယ်”

ဖန်ကျန်းရီသည် ခါးကို နှစ်ချက် အကန်ခံရသလို ခံစားလိုက်ရသဖြင့် ဝေဝေဝါးဝါးဖြင့် နိုးလာခဲ့၏။ မျက်လုံးကို ဖွင့်လိုက်ချိန်တွင် နေရောင်ခြည်မှာ အနည်းငယ် စူးရှနေသည်။

ဤတစ်ရေးမှာတော့ မွန်းလွဲပိုင်းမှသည် နောက်တစ်နေ့ မွန်းတည့်ချိန်အထိ တောက်လျှောက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်၏။

သတိ ကောင်းကောင်း ဝင်လာသည်နှင့် ဖန်ကျန်းရီသည် ပထမဆုံးအနေဖြင့် ထထိုင်ကာ အရှေ့ကို ကြည့်လိုက်မိသည်။

ထိုသို့ ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ဆွံ့အသွားခဲ့ရ၏။ အရှေ့တွင် ဘာတစ်ခုမှ မရှိတော့ဘဲ ဗလာကျင်းနေချေ၏။

သူ့ကို ခုနက ကန်လိုက်သည့် လူကို မော့ကြည့်လိုက်သည်။

အသက် သိပ်မကြီးသေးသည့် သူတောင်းစားလေး တစ်ယောက် ဖြစ်ပြီး မျက်နှာတွင် ညစ်ပတ်ပေရေနေကာ သူ့ကို စိုက်ကြည့်နေ၏။

ဖန်ကျန်းရီ၏ မျက်လုံးများထဲတွင် လူသတ်ငွေ့များ ချက်ချင်း ထွက်ပေါ်လာကာ ပြောလိုက်သည်။ “ငါ့ခွက်ကော”

“ခွက်... ဘာခွက်လဲ၊ ဘယ်က ခွက်ရှိမှာလဲ။ မင်း ငါ့နေရာကို လာလုထားတာ” သူတောင်းစားလေးက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။

တောက်... ခွက် ပျောက်သွားပြီ။ နောက်ထပ် တစ်ခါ အဆင့်နိမ့် အမှားကို ကျူးလွန်မိပြန်ပြီ။

ဘယ်လို ဖြစ်ပြီး မအောင့်နိုင်ဘဲ အိပ်ပျော်သွားရတာလဲ။ ငါ့ဘဝက သူတောင်းစား ခွက်ပျောက်ပါလား။

ဖန်ကျန်းရီသည် တဖြည်းဖြည်းချင်း ထရပ်ကာ နံရံကို မှီပြီး ရှုပ်ပွနေသော ဆံပင်များကို စိတ်ပျက်လက်ပျက်ဖြင့် ကုတ်ဖဲ့နေမိသည်။

“မင်း သွားမှာလား မသွားဘူးလား၊ မသွားရင် လူခေါ်လိုက်ရမလား” သူတောင်းစားလေးသည် သူ ထွက်သွားမည့် ပုံမပြသဖြင့် မချိတင်ကဲ ခြိမ်းခြောက်လိုက်၏။

ဖန်ကျန်းရီသည် သူ့ကို မော့ကြည့်လိုက်သည်။

တစ်ဖက်လူ ခွက်ကို ကိုင်ထားသည်ကို မြင်သဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ “စားစရာ ရှိလား၊ ငါ့ကို တစ်လုတ်လောက် ကျွေးစမ်းပါ၊ ငါ ငတ်လို့ သေတော့မယ်”

သူတောင်းစားလေးသည် ရယ်လည်းရယ်ချင် စိတ်လည်းဆိုးသွား၏။ သူတောင်းစား အချင်းချင်း ပြန်တောင်းစားနေသည့်အပြင် စကားပြောပုံကလည်း ရဲတင်းလွန်းလှသည်။ ဤကဲ့သို့သောလူမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

“မဟုတ်ဘူးလေ ညီအစ်ကိုရာ၊ နှစ်သစ်ကူးပြီးခါစပဲ ရှိသေးတာ ငတ်နေစရာ မလိုပါဘူး။ မင်း အမူအရာကို နည်းနည်း ယဉ်ကျေးအောင် လုပ်ပါအုံး။”

“မင်း ငါ့ဘောင်းဘီကို ကြည့်လိုက်အုံး … ဘယ်လိုလဲ။ ဒါနဲ့ လဲမလား”

သူတောင်းစားလေးသည် ဖန်ကျန်းရီ၏ ဘောင်းဘီကို နှစ်ချက်လောက် ကြည့်ပြီးနောက် ဝါးတာတာ သွားလေးများကို ပေါ်အောင် ရယ်ပြလိုက်၏။

“အယ်... ရတယ်လေ။ ငါ့ဆီမှာ ဆန်ပြုတ် တစ်ခွက် ရှိတယ်”

ပြောပြောဆိုဆိုဖြင့် လက်ထဲက ခွက်ကို လှမ်းပေးလိုက်သည်။

ဖန်ကျန်းရီသည် ခွက်ကို လှမ်းယူကာ ခွက်ထဲက ဆန်ပြုတ်ရည်ကို ပါးစပ်ထဲသို့ အငမ်းမရ မော့ချလိုက်၏။

ပါးစပ်ထဲ ရောက်သည်နှင့် ချက်ချင်း နောင်တရသွားခဲ့သည်။ ဤခွက်အစုတ်ထဲတွင် ဘာတွေ ထည့်ထားခဲ့မှန်း မသိသဖြင့် အတွင်းထဲတွင် ညှီစို့စို့ အနံ့ဆိုးကြီး ထွက်နေသည်။

ထို နောက်ကျိနေသော ဆန်ပြုတ်ရည်မှာတော့ ပြောမနေနှင့်တော့။ ညှီစော်လည်းနံကာ သိုးလည်းသိုးနေ၏။

ပါးစပ်ထဲ ဝင်သွားသည်နှင့် ဖန်ကျန်းရီသည် ဦးခေါင်းနောက်စေ့ကို တုတ်နှင့် အရိုက်ခံလိုက်ရသလို အုံးခနဲ ခံစားလိုက်ရသည်။

သို့ပေမည့် ရက်အနည်းငယ်ကြာ ငတ်မွတ်နေခဲ့ရသဖြင့် ရွေးချယ်စရာ မရှိတော့ချေ။ ဤအရာက ဘယ်လောက်ပဲ သောက်ရဆိုးပါစေ ပိုးကောင်များကို စားရသည်ထက်စာလျှင် တော်သေးသည်ဟု ဆိုရမည်။

သူ တစ်ငုံတည်းဖြင့် ဆန်ပြုတ်ရည်ကို အကုန်မော့ချလိုက်သည်ကို မြင်သဖြင့် သူတောင်းစားလေးသည် အံ့အားသင့် တုန်လှုပ်စွာ ပြောလိုက်၏။ “အမလေး... တကယ်ကို ငတ်နေတာပဲ။ ဒီအရာကို ငါတောင် မသောက်နိုင်လို့ သွန်ပစ်ဖို့ လုပ်နေတာ”

မင်း အမေကို...။

ဖန်ကျန်းရီသည် ပါးစပ်ကို သုတ်လိုက်ရာ နဖူးတွင် အကြောကြီးများပင် ထွက်ပေါ်လာခဲ့သည်။

မသောက်ခင်ကထက် သောက်ပြီးနောက် ဝမ်းဗိုက်ထဲတွင် ပို၍ မအီမသာ ဖြစ်လာသဖြင့် အဖတ် တစ်ခုခု စားရန် လိုအပ်လာ၏။

သူသည် သူတောင်းစားလေးကို မော့ကြည့်ကာ ထပ်မံ မေးလိုက်သည်။ “စားစရာ ကျန်သေးလား။ ဖိနပ်နဲ့ လဲမယ်”

သူတောင်းစားလေးသည် ဖန်ကျန်းရီ၏ ဖိနပ်ကို ထပ်ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံ့သည့် အမူအရာဖြင့် ပြောလိုက်၏။ “မင်းဖိနပ်က အကောင်းစားပဲ၊ ဒါပေမဲ့ အောက်ခြေ ပေါက်နေပြီ၊ ငါ မလိုချင်ဘူး”

“ကဲ... ဒီနေ့ မင်း ကံကောင်းတယ်လို့ မှတ်လိုက် .. ငါနဲ့ တွေ့တာကိုး။ မနက်ပိုင်းက ချူအိမ်တော်က သခင်မလေးက မုန့်လုံးတွေ လာဝေလို့ ငါ ဗိုက်ဝသွားပြီ။ ဒီမှာ မနေ့က ကျန်တဲ့ မုန့်အစုတ် တစ်ဝက် ရှိသေးတယ်၊ မင်းပဲ စားလိုက်တော့” ပြောရင်း သူတောင်းစားလေးသည် မုန့်တစ်ဝက်ကို လှမ်းပေးလိုက်ပြန်သည်။

ဖန်ကျန်းရီသည် လက်ကို ဆန့်ကာ ဆွဲလုလိုက်ပြီးနောက် ပါးစပ်ထဲသို့ အလျင်အမြန် ထိုးထည့်ကာ နှစ်လုပ် သုံးလုပ်ဖြင့် မြိုချလိုက်တော့၏။

မုန့်တစ်ဝက် ဗိုက်ထဲ ရောက်သွားသည့်နောက်တွင်တော့ အစာအိမ်ထဲတွင် တော်တော်လေး သက်သာ သွားသော်လည်း တစ်ကိုယ်လုံး မောပန်းနွမ်းနယ်နေဆဲ ဖြစ်၏။ သူသည် ကိုယ်ကို စောင်းကာ လက်မောင်းကို ခေါင်းအုံးပြီး ဆက်လက် အိပ်စက်ရန် ပြင်လိုက်သည်။

သူတောင်းစားလေးသည် သူ ပြန်လဲလျောင်းသွားသည်ကို မြင်သဖြင့် အလျင်အမြန် ပြောလိုက်၏။ “ဘောင်းဘီ ချွတ်လေ။ မင်း ကတိဖျက်မလို့လား”

ဖန်ကျန်းရီသည် မျက်လုံးကို မှိတ်ထားလျက် အော်ဟစ်လိုက်၏။ “သူတောင်းစားစုတ်... သွားစမ်း”

သူတောင်းစားလေးသည် ထိုစကားကို ကြားသည်နှင့် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ သူ၏အင်္ကျီစကို ဆွဲကိုင်၍ အတင်း လှုပ်ရမ်းတော့၏။ လှုပ်ရမ်းရင်း ဒေါသတကြီး ပြောသေးသည်။ “တောက်... ဘာသဘောလဲ။ မင်းကကော သူတောင်းစားစုတ် မဟုတ်လို့လား။ ငါ့ကို လာလိမ်ရဲတယ်ပေါ့”

ဖန်ကျန်းရီသည် အလှုပ်ရမ်းခံရသဖြင့် စိတ်ပျက်လာကာ သူတောင်းစားလေး၏ လက်ကို အမြန် ပုတ်ထုတ်လိုက်ပြီး မတတ်သာဘဲ ပြောလိုက်၏။ “ရပြီ ရပြီ။ လူနှစ်ယောက် အတူတူ တောင်းစားရင် မရဘူးလား။ ပိုရတဲ့ ပိုက်ဆံတွေ အကုန်လုံးကို မင်းယူ၊ ညကျရင် ငါ့ကို မုန့်လုံးတစ်လုံး ဝယ်ကျွေးရင် ရပြီ။ မဟုတ်ဘူး... ငါ တော်ရုံပဲ စားမယ်”

သူတောင်းစားလေးက ဒေါသတကြီး ပြောလိုက်သည်။ “မင်းက ဒီလောကထဲကို အခုမှ စဝင်တာမလား။ လူနှစ်ယောက် အတူတူ ပေါင်းနေရင် ပိုက်ဆံ ပိုရပါ့မလား။ ပြီးတော့ ငါ့ဆီမှာ လာပြီး ဟင်းပွဲ ရွေးချင်နေသေးတယ် ဟုတ်လား”

ဤစကားကို ကြားလျှင် ဖန်ကျန်းရီလည်း ဒေါသထွက်သွား၏။ အတိတ်က အမည်းစက် သမိုင်းကြောင်း များဖြစ်သော်လည်း သူ့သက်မွေးဝမ်းကျောင်းအလုပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် တစ်ပါးသူ၏ စော်ကားမှုကို လုံးဝ အမခံနိုင်ချေ။

“ငါက အခုမှ ဒီလောကထဲ ရောက်တာ ဟုတ်လား။ ငါ တောင်းစားနေတုန်းက မင်း ဘယ်နေရာ ရောက်နေမှန်းတောင် သိတာ မဟုတ်ဘူး။ ငါ အိပ်တာ ငါ့ဘာသာ အိပ်မယ်၊ မင်း တောင်းတာ မင်းဘာသာ တောင်း၊ ငါ့ကို လာပြီး စကားများမနေနဲ့။”

ပြောပြီးနောက် ဖန်ကျန်းရီသည် သူ့အတွက် နေရာအနည်းငယ် ဖယ်ပေးလိုက်ပြီး မြေကြီးပေါ်တွင် စာလုံးအချို့ကို ရေးခြစ်ကာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်လျက် နံရံခြေရင်းရှိ မြေကွက်လပ်ပေါ်တွင် သေဆုံးသွားသည့် လူတစ်ယောက်ကဲ့သို့ ငြိမ်သက်စွာ လဲလျောင်းလိုက်၏။

သူတောင်းစားလေးသည် ဆွံ့အသွားကာ မေးလိုက်သည်။ “မင်း... ဒါ ဘာလုပ်တာလဲ”

“အစ်ကိုဖြစ်သူကို သင်္ဂြိုဟ်ဖို့ ကိုယ်ကိုယ်ကိုယ် ရောင်းစားခြင်း”

“...”

“ငါ့ကို အဝတ်စ တစ်ထည်လောက် ရှာပေးအုံး … မျက်နှာကို ဖုံးထားရမယ်၊ နေရောင်က အရမ်း စူးတာပဲ”

“အယ်... တကယ်လို့ တစ်စုံတစ်ယောက်က ဝယ်သွားရင် ဘယ်လိုလုပ်မလဲ”

“ဘယ်သူက မင်းလို သူတောင်းစားစုတ်ကို ဝယ်မှာလဲ၊ စကားများမနေနဲ့တော့”

သူတောင်းစားလေးသည် ဖန်ကျန်းရီကို ဒေါသတကြီးဖြင့် နှစ်ချက်လောက် ကန်လိုက်သော်လည်း သူကတော့ ထိုနေရာတွင် အပြည့်အဝ သရုပ်ဆောင်နေသဖြင့် ဘာမှ မပြောနိုင်တော့ချေ။

မတတ်သာသည့်အဆုံး သူသည် နံရံခြေရင်းတွင် ဝင်ထိုင်ကာ ခွက်ကို ဖန်ကျန်းရီ၏ အရှေ့တွင် ချထားလိုက်ပြီး အဝတ်စတစ်ထည်ကို ရှာကာ မျက်နှာပေါ်သို့ ဖုံးအုပ်ပေးလိုက်သည်။

ထို့နောက် ချက်ချင်းပင် ငိုချင်းချတော့၏။ “အစ်ကိုကြီး... အား... အစ်ကို သေတာ တရက်စောလှချေရဲ့။ အစ်ကို မရှိရင် ကျုပ် ဘယ်လို အသက်ရှင်ရပါ့မလဲ”

လမ်းသွားလမ်းလာများသည် တအံ့တသြဖြင့် လှည့်ကြည့်ကြကုန်၏။

“အသံတိုးတိုးလုပ်စမ်း .. နားငြီးတယ်”

“ပါးစပ်ပိတ်ထားစမ်း”

All Chapters