အခန်း ၄၇၆
Vol. 26 Ch. 476
အပိုင်း (၄၇၆) လက်တွဲ၍ တောင်းစားနည်း သင်ကြားပေးခြင်း။
နှစ်နာရီခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
ဖန်ကျန်းရီသည် ဝဝလင်လင် အိပ်စက်ပြီးနောက် မျက်နှာပေါ်ရှိ အနံ့ဆိုးနံနေသော အဝတ်စုတ်ကို ဖယ်ရှားကာ ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။
သူ့မျက်စိထဲတွင် မြင်လိုက်ရသည်မှာ ခါးကို ကိုင်းလျက် ပိုက်ဆံ ပေးတော့မည့် လမ်းသွားလမ်းလာ တစ်ယောက် ဖြစ်၏။
ထိုလမ်းသွားလမ်းလာသည် သူ့ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရင်း တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ “အ... အလောင်းကောင် ပြန်ထလာတာလား”
“ပိုက်ဆံ ပေးတာ နည်းလွန်းလို့ ယမမင်းက ကျုပ်ကို ပြန်လွှတ်လိုက်တာ၊ ခင်ဗျားလို ငြီးစီစီ ရုပ်မျိုးက ဘယ်လိုလဲဆိုတာ လာကြည့်ခိုင်းတာ”
ဖန်ကျန်းရီသည် ထိုသူ့လက်ထဲက ကြေးပြားတစ်ပြားကို ကြည့်ကာ မကျေမနပ် ပြောလိုက်၏။ ကြည့်ရသည်မှာ အိပ်ရာနိုးစ စိတ်ကောက်နေသည့် ပုံစံမျိုး ဖြစ်သည်။
ကြေးပြား တစ်ပြားတည်းလား။ သရဲကို လာနောက်နေတာလား။
လမ်းသွားလမ်းလာသည် အော်ဟစ်ကာ ပိုက်ဆံကို ယူ၍ ထွက်ပြေးသွားတော့၏။
သူတောင်းစားလေးက အပြစ်တင်စကား ပြောလိုက်သည်။ “မင်းက တောင်းစားတာတောင် အမူအရာက ဆိုးလှချေလား။ နည်းနည်းနောက်ကျမှ ထရင် မရဘူးလား။ ကြေးပြားတစ်ပြား လျော့သွားပြီ”
“ငါ ဗိုက်ဆာပြီ၊ မင်း သွားပြီး မုန့် သွားဝယ်ချေ” ဟု ဖန်ကျန်းရီက မျက်နှာသေဖြင့် ပြောလိုက်၏။
စားစရာ အနည်းငယ် စားပြီး ဝဝလင်လင် အိပ်လိုက်ရသဖြင့် ယခုအချိန်တွင် သူ့ရင်ထဲ၌ ဒေါသများနှင့် မချိတင်ကဲ ဖြစ်မှုများသာ ပြည့်နှက်နေသည်။
အဘယ့်ကြောင့် အကြောင်းမဲ့ သတ်သတ်ဖြင့် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သွားရသနည်း။
“ဟဲဟဲ... မင်းကို ကြည့်ရတာ သူတောင်းစားနဲ့ မတူဘူး၊ အဘိုးကြီးတစ်ယောက်နဲ့ တူတယ်။ ဘယ်က သူတောင်းစားက မင်းလိုမျိုး ပြောဆိုနေလို့လဲ”
သူတောင်းစားလေးက မကျေမနပ် ပြောလိုက်သည်။ “မင်းက ငါ့ကို မင်းရဲ့ အစေခံလို့ မှတ်နေတာလား”
ဖန်ကျန်းရီသည် အသက်ကို ပြင်းပြင်း ရှူလိုက်ရာ ရင်ထဲက ပူလောင်မှုများ တော်တော်လေး လျော့ပါးသွားခဲ့၏။
ထိုအခါမှ သူတောင်းစားလေးကို သေသေချာချာ ကြည့်ကာ မေးလိုက်သည်။ “ငါ မင်းကို မေးအုံးမယ်၊ မင်း သူတောင်းစား လုပ်လာတာ ဘယ်လောက် ကြာပြီလဲ”
“ကျုပ် မွေးတည်းက သူတောင်းစားပဲ။ တစ်ဆယ့်ခုနစ်နှစ် ရှိပြီ”
တစ်ဆယ့်ခုနစ်နှစ်... သက်တမ်းအရဆိုလျှင် သူ့ထက် အများကြီး ပိုကြာချေသည်။
ဖန်ကျန်းရီသည် နံရံကို မှီထိုင်ကာ သူ့ကို စောင်းငဲ့ကြည့်ရင်း အထင်သေးသည့် ပုံစံဖြင့် ပြောလိုက်၏။ “တစ်ဆယ့်ခုနစ်နှစ် ရှိပြီ၊ အခုထိ လမ်းပေါ်မှာ တောင်းစားနေတုန်းပဲလား။ မင်းက ဘာတွေကို တောင်းစားနေတာလဲ။ ညီလေး... ငါ စကားကို အမှန်အတိုင်း ပြောရရင် မင်းလို သူတောင်းစားမျိုးက သူတောင်းစား လောကရဲ့ အမှိုက်ပဲ”
“မင်းကများ...” သူတောင်းစားလေးသည် ဒေါသထွက်လွန်းသဖြင့် မျက်ခုံးများ ပင့်တက်သွားကာ ခွက်စုတ်ကို ယူ၍ ပစ်ပေါက်ရန် ပြင်လိုက်သည်။
ဖန်ကျန်းရီသည် လက်ကို မြှောက်ကာ တားဆီးလိုက်ပြီး ဆက်ပြောလိုက်၏။ “ငါသာ မင်းနေရာမှာဆိုရင် တစ်ဆယ့်ခုနစ်နှစ်အတွင်း အိမ်ရာ အနည်းငယ် မရဘူးဆိုရင် ခွေးပဲ ဖြစ်ရမယ်”
သူတောင်းစားလေးသည် ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။ “လေလုံးထွားမနေနဲ့။ မင်းရဲ့ အိမ်ရာတွေကော ဘယ်မှာလဲ။ အခုတော့ ငါ့လိုပဲ တောင်းစားနေရတာ မဟုတ်ဘူးလား။ ပြီးတော့ ငါ့ဆီမှာ လာတောင်းစားနေသေးတယ်။ သောက်ရှက်ကော ရှိသေးရဲ့လား”
ဖန်ကျန်းရီသည် လက်ကို ဝှေ့ယမ်းကာ တည်ငြိမ်အေးဆေးသည့် ပုံစံဖြင့် ပြောလိုက်၏။ “အစ်ကိုက ဒီက လူမဟုတ်ဘူး၊ တစ်ယောက်ယောက်ရဲ့ လုပ်ကြံမှုကို ခံရလို့ ထွက်ပြေးတိမ်းရှောင်လာရတာ။ အိမ်ရာလား။ အိမ်ရာတွေက မြို့တော်မှာ ရှိတာကွ”
“ဂျပိုးက လေကြီးပစ်နေတာပဲ”
“လေကြီးပစ်တာ ဟုတ်မဟုတ်... လာလာလာ၊ ဒီနေ့ မင်း ကံကောင်းတယ်လို့ မှတ်လိုက်။ အစ်ကိုက မင်းကို ဘယ်လို စနစ်တကျ တောင်းစားရမလဲဆိုတာ သင်ပေးမယ်။”
...
အိမ်သာ။
အများသုံး အိမ်သာ။
အများသုံး အိမ်သာနှင့် မလှမ်းမကမ်း နေရာတစ်ခု။
မသင်္ကာဖွယ်ရာ လူရိပ်နှစ်ခုသည် လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်နေကြ၏။
၎င်းတို့ထဲမှ တစ်ယောက်က မေးလိုက်သည်။ “အစ်ကိုကြီး... ဒီလိုမျိုး လုပ်ရင် တကယ်ပဲ ပိုက်ဆံရမှာ သေချာလို့လား”
နောက်တစ်ယောက်က ပြန်ဖြေလိုက်၏။ “မမှားစေရဘူး၊ တကယ်လို့ ပိုက်ဆံ မရရင် ငါ မင်းအရှေ့မှာတင် အိမ်သာကျင်းထဲက အရည်တွေ အကုန် သောက်ပြလိုက်မယ်”
“အစ်ကိုကြီးက ဆရာပဲ”
တစ်နာရီခန့် ပညာသင်ကြားပေးပြီးသည့်နောက်တွင်တော့ သူတောင်းစားလေးသည် လုံးဝ ဥဿုံ အညံ့ခံသွားခဲ့ရပြီ ဖြစ်သည်။
သိသာထင်ရှားလှသည်မှာ ဖန်ကျန်းရီသည် အတိတ်ဘဝက ဆန်းသစ်သော နည်းလမ်းများကို ထုတ်ဖော်ပြသခဲ့သဖြင့် သူတောင်းစားလေးအတွက် လောကသစ်တံခါးကြီး ပွင့်သွားသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
သူတောင်းစားလေးသည် သူ့ကို ကြည့်ရင်း တောင်းစားခြင်းလောက၏ ကြယ်ပွင့်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ မျက်လုံးများ တောက်ပနေခဲ့၏။
ကောင်းကင်ကြီးက ဖန်ကျန်းရီကို မမွေးဖွားခဲ့လျှင် တောင်းစားခြင်းလမ်းစဉ်သည် မှောင်မိုက်နေပေလိမ့်မည်။
ဖန်ကျန်းရီသည် လက်တွေ့သမားတစ်ယောက် ဖြစ်သဖြင့် စကားပြောပြီးသည်နှင့် တပည့်ဖြစ်သူကို ခေါ်ကာ လက်တွေ့ ကွင်းဆင်းရန် ပြင်ဆင်တော့သည်။
လူနှစ်ယောက်သည် အိမ်သာတစ်ခုကို ရှာကာ စောင့်ကြည့်နေကြ၏။
မျက်စိရှေ့တွင် လူငါးယောက်ခန့် ဝင်သွားခဲ့ပြီ ဖြစ်သော်လည်း ဖန်ကျန်းရီသည် မည်သည့် လှုပ်ရှားမှုမှ မပြသဖြင့် သူတောင်းစားလေး၏ စိတ်ထဲတွင် စိုးရိမ်လာခဲ့သည်။
“အစ်ကိုကြီး... နောက်တစ်ယောက် ဝင်သွားပြန်ပြီ၊ ကျုပ်တို့ ဘာလို့ သွားမတောင်းသေးတာလဲ”
ဖန်ကျန်းရီသည် သူတောင်းစားလေး ဝယ်ပေးထားသည့် မုန့်ကို ကိုက်စားရင်း စိတ်မရှည်စွာ ပြောလိုက်၏။ “မင်းက ဘာတွေ လောနေတာလဲ။ ဒါတွေက အကုန် နည်းစနစ် ရှိတယ်ကွ။ ငါ့ရဲ့ နည်းလမ်းက သင်ပြီးတာနဲ့ ချက်ချင်းကြီး သုံးလို့ရမယ်ဆိုရင် လူတိုင်း ချမ်းသာကုန်မှာပေါ့။ ငါ့ရဲ့ ဒီလှည့်ကွက်က ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ မျက်စိလျင်ဖို့ အရမ်း လိုအပ်တယ်။ အဲလောက် မလွယ်ကူဘူး။
ခုနက ဝင်သွားတဲ့ လူဆင်းရဲတွေကို တောင်းလို့ ဘာထူးမှာလဲ။ တောင်းမယ်ဆိုရင် ပိုက်ဆံရှိတဲ့လူကိုပဲ ရှာတောင်းရမယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ရုံးတော်ကို သွားတိုင်ပြီး ငါတို့ကို ပိုက်ဆံလုတယ်လို့ စွပ်စွဲရင် ရုံးတော်က လာဖမ်းမှာကို မင်း မကြောက်ဘူးလား။ ပိုက်ဆံရှိတဲ့လူကျတော့ မတူဘူးလေ၊ သူတို့က သိက္ခာကို ငဲ့ကြတယ်”
ဖန်ကျန်းရီသည် စိုက်ကြည့်ရလွန်းသဖြင့် မျက်စိ ညောင်းလာကာ သူတောင်းစားလေးကို လှည့်ကြည့်၍ မေးလိုက်သည်။ “ခဏနေလို့ ပိုက်ဆံရရင် အစ်ကို မင်းကို စားကောင်းသောက်ဖွယ်တွေ ကျွေးမယ်၊ ပြီးတော့ ကောင်းကောင်းမွန်မွန် ရေချိုးကြမယ်။ မင်း ဘာစားချင်လဲ၊ အစ်ကို့ကို ပြော”
“ရေချိုးမလို့လား။ အစ်ကိုကြီး... ကျုပ် မနှစ်က ရေချိုးပြီးပြီလေ၊ ကျုပ်တို့ နွေရာသီအထိ စောင့်လိုက်ရင် မကောင်းဘူးလား။ ပိုက်ဆံကုန်ခံပြီး ရေချိုးရတာ မတန်ပါဘူး။ မြို့စောင့်စစ်သားတွေက ကျုပ်ကို သိကြတယ်၊ ကျုပ်တို့ မြစ်ဆိပ်ကို သွားပြီး ချိုးလို့ရတာပဲ”
“စကားများမနေနဲ့၊ ငါချိုးဆို ချိုးရမယ်။ မြို့ထဲမှာ ရေချိုးခန်း ရှိလား”
ရေချိုးခြင်းအကြောင်း ပြောလိုက်သည်နှင့် ဖန်ကျန်းရီသည် တစ်ကိုယ်လုံးတွင် ပုရွက်ဆိတ်များ တက်နေသကဲ့သို့ ယားယံလာခဲ့၏။
တောထဲတွင် နေခဲ့ရစဉ်က တကယ်ကို ဒုက္ခရောက်ခဲ့ရပြီး သစ်ရွက်များဖြင့်သာ ကိစ္စရှင်းခဲ့ရသည် မဟုတ်ပါလား။
“ရှိတယ် .. အပေါစားဆိုရင် ကြေးပြားငါးပြားနဲ့ တစ်ကြိမ် ချိုးလို့ရတယ်၊ ဒါပေမဲ့ ရေအေးပဲ ရှိတာ။ အကောင်းစားဆိုရင်တော့ ကြေးပြား အရေအတွက် အများကြီး ပေးရမယ် ထင်တယ်၊ ကျုပ်လည်း သေချာ မသိဘူး။ ဘယ်သူက အဲဒီလို ငတုံး အဖြစ်ခံမှာလဲ”
“ချိုးမယ်... အကောင်းစားကို ချိုးမယ်။ ငါ အကုန်အကျခံမယ်၊ မင်း ပိုက်ဆံအတွက် နှမြောမနေနဲ့။ ဘာစားချင်လဲသာ ပြော။ ငါတို့ အရင်ဆုံး ထမင်းစားမယ်။ စားပြီးရင် သေသေချာချာ ရေချိုးမယ်။ ချိုးပြီးရင် နောက်တစ်နပ် ထပ်စားမယ်”
သူတောင်းစားလေးသည် ခေတ္တမျှ စဉ်းစားပြီးနောက် သွားရည်ကျမတတ် ဖြစ်နေသော နှုတ်ခမ်းကို သပ်ရင်း ပြောလိုက်သည်။ “လမ်းပေါ်မှာ လူတွေ ဟော့ပေါ့စားနေတာ ကျုပ် မြင်ဖူးတယ်၊ ကျုပ်လည်း စားချင်တယ်၊ ရမလား အစ်ကိုကြီး”
“ရတာပေါ့။ ဟော့ပေါ့ပဲဟာ … ဘာမှ မဟုတ်ပါဘူး” ဖန်ကျန်းရီက ရင်ဘတ်ကို တဖြောင်းဖြောင်း ပုတ်ကာ ပြောလိုက်၏။
သူတောင်းစားလေးသည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ပြန်သည်။ “အစ်ကိုကြီး... မြို့တော်မှာ အိမ်ရာ အများကြီး ရှိတာ တကယ်ပဲလား။ မြို့တော်က အထက်တန်းစား လူတွေက စားစရာတွေကို အကောင်းစားတွေပဲ စားကြမှာနော်”
“ဒါပေါ့” ဖန်ကျန်းရီသည် မုန့်စားပြီးနောက် မြက်ခြောက်တစ်ပင်ကို ပါးစပ်တွင် ကိုက်ရင်း စည်းစိမ်ရှိလှစွာ ပြောလိုက်၏။
ထိုမြက်ခြောက်ကို ဝါးနေရင်း ရှောင်ထောင် ချက်ပြုတ်ပေးသော ဟင်းလျာများ၏ အရသာကို ပြန်လည် အမှတ်ရနေသကဲ့သို့ မျက်ခုံးများ ပင့်လျက် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“အိမ်ရာကတော့ အသေအချာ ရှိတာပေါ့၊ စားစရာတွေကလည်း တကယ်ကို ကောင်းတယ်။ တစ်ခြားဟာတွေ မပြောနဲ့အုံး … ငါတို့ ပဲငပိခေါက်ဆွဲ စားတာတောင် နည်းစနစ် ရှိတယ်ကွ။ အရန်ဟင်း ရှစ်မျိုးလုံး တစ်မျိုးမှ မကျန်ရဘူး၊ အသားဆော့စ်ကို သုံးကြိမ်တိုင်တိုင် ကြော်ရတယ်၊ ပြီးတော့ ဆီနဲ့ ဆော့စ် သီးသန့် ကွဲထွက်နေဖို့လည်း လိုအပ်သေးတယ်။ ခေါက်ဆွဲကို နယ်လိုက်ရင် အနီရောင်ဖျော့ဖျော့ တောက်ပနေရမယ်။ တစ်လုပ် စားလိုက်တာနဲ့ တကယ့်ကို စစ်မှန်တဲ့ အရသာပဲ။ အရမ်းကို ကောင်းတယ်။ အမေ ချက်ကျွေးတဲ့ လက်ရာအတိုင်းပဲ”
သူတောင်းစားလေး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သွားရည်များပင် ကျလုနီးပါး ဖြစ်နေခဲ့၏။
“အစ်ကိုကြီး... ကျုပ်မှာ အမေ မရှိဘူး။ အမေ ချက်ကျွေးတဲ့ လက်ရာက ဘယ်လိုမျိုးလဲ”
ဖန်ကျန်းရီ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။ သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူတောင်းစားလေး၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ဘယ်တော့မှ စားလို့ မငြီးငွေ့တဲ့ အရသာမျိုးပေါ့ကွာ။”
“မုန့်လုံး အရသာမျိုးလား”
“ဘာမုန့်လုံး အရသာလဲ။ မင်းကလည်း .. ငါမင်းကို အသား သွားကျွေးမယ်”
“မဖြစ်ဘူး、 အသားစားရင် ဝမ်းလျှောတတ်တယ်”
“အဆန်းတွေ လျှောက်တွေးမနေနဲ့၊ အသားအလတ်စားက ဝမ်းမလျှောပါဘူး”
မလှမ်းမကမ်းရှိ အိမ်သာကို ကြည့်ရင်း ဖန်ကျန်းရီ၏ မျက်လုံးများထဲတွင် စိုးရိမ်စိတ်များ ပိုမိုလာခဲ့သည်။
မဖြစ်နိုင်တာ၊ ဒီနေ့ ကံတရားက ဒီလောက်တောင် ဆိုးရွားနေတာလား၊ အခုထိ သင့်တော်တဲ့ ပစ်မှတ်တစ်ခုမှ ပေါ်မလာသေးဘူး။ ငါ ဒီနေ့ လေလုံးတွေ အကြီးအကျယ် ထွားထားတာ၊ ဘာပဲဖြစ်ဖြစ် ဒီသူတောင်းစားလေးကို တစ်နပ်တော့ အဝကျွေးရမယ်။ မဟုတ်ရင် နောင်ကျ လောကအလယ်မှာ ဘယ်လို မျက်နှာပြရတော့မလဲ။
“အစ်ကိုကြီး... ကျုပ် အခုထိ အစ်ကို့နာမည်ကို မသိသေးဘူး”
“ဪ... ငါ့နာမည်က ဖန်ထန်ကျင့်၊ မင်းကော”
သူတောင်းစားလေးသည် အားကျသည့် ပုံစံဖြင့် ပြောလိုက်၏။ “နာမည်က နားထောင်လို့ ကောင်းလိုက်တာ၊ ကျုပ် နာမည်ကတော့ လိုင်ကော်အာ”
ဖန်ကျန်းရီသည် မျက်မှောင်ကုတ်သွားကာ မေးလိုက်သည်။ “ဘာ နာမည်အစုတ်လဲ။ ဘယ်သူ ပေးထားတာလဲ”
“ကျုပ်ကို မွေးစားတဲ့ သူတောင်းစားအိုကြီး ပေးခဲ့တာ၊ သူက နာမည်အညံ့စားပေးမှ အသက်ရှည်တတ်တယ်လို့ ပြောတယ်”
“ဒါဆို အဲဒီလူကော ဘယ်မှာလဲ”
“လွန်ခဲ့တဲ့ နှစ်အတော်ကြာတည်းက သေသွားပြီ။ ဖျားပြီး သေတာ”
ထိုစကားများကို ပြောနေချိန်တွင် လိုင်ကော်အာသည် အိမ်သာကိုသာ အာရုံစိုက် စိုက်ကြည့်နေပြီး ထိုအကြောင်းအရာများသည် သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။
ဖန်ကျန်းရီသည် ကြည့်ရင်း ရင်ထဲတွင် တော်တော်လေး မကောင်း ဖြစ်သွားမိ၏။ လိုင်ကော်အာ ဟူသော ကလေးသည် စိတ်သဘောထား မဆိုးလှကြောင်း သူ သိမြင်နိုင်သည်။
ထိုကလေးက ခံစားချက် ကင်းမဲ့နေတာလား။ လုံးဝ မဟုတ်ချေ၊ ဒုက္ခတွေကို အလူးအလဲ ခံစားခဲ့ရလွန်းသဖြင့် တစ်လွှာပြီး တစ်လွှာ ပိညှပ်ကာ ထုတ်ဖော်မပြောနိုင်တော့ဘဲ ထုံကျင်နေခြင်းသာ ဖြစ်၏။
ဤကဲ့သို့သော ကိစ္စရပ်များကို သူ ယခင်က အများကြီး မြင်တွေ့ဖူးခဲ့သည်။ သို့ပေမည့် ဘာမှမတတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးပေါ်ရှိ ဒုက္ခအားလုံးကို လိုက်လံ မကယ်တင်နိုင်သောကြောင့် ဖြစ်၏။ တကယ့်ကို စုတ်ပြတ်သတ်နေတဲ့ လောကကြီးပင်။
“အစ်ကိုကြီး... အစ်ကိုက စာတတ်တယ်မလား၊ ကျုပ်ကို နာမည်အသစ်တစ်ခုလောက် ပြောင်းပေးပါအုံး။ ကျုပ်လည်း ဒီနာမည်ကို မကြိုက်ဘူး၊ အမြဲတမ်း အနှိမ်ခံရတယ်။ သူများတွေက ကျုပ်ကို ခွေးလေး ခွေးလေးနဲ့ ခေါ်ကြတာ စိတ်ထဲမှာ မအီမသာ ဖြစ်ရတယ်။ ငယ်ငယ်တုန်းက ဘာမှမသိသေးပေမဲ့ ဒီနှစ်ပိုင်းတွေမှာ အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်”
ဖန်ကျန်းရီသည် ခေါင်းကို စောင်းကာ စဉ်းစားလိုက်ပြီးနောက် ခေတ္တမျှ ကြာသည့်အခါ လက်ခုပ်တစ်ချက်တီးကာ ပြောလိုက်၏။
“လိုင်ရှီဟွီ (လူ့အဖွဲ့အစည်းကို အပြစ်တင်သူ)၊ လိုင်ကျောင်ထင် (မင်းနေပြည်တော်ကို အပြစ်တင်သူ)၊ လိုင်ကျူကျုံး (ဘိုးဘေးတွေကို အပြစ်တင်သူ)၊ မင်း ကြိုက်ရာတစ်ခု ရွေးလိုက်။ ဘယ်အကောင်က မင်းကို ထပ်ပြီး နောက်ပြောင်ခေါ်ရဲအုံးမလဲ ကြည့်ကြသေးတာပေါ့။”
လိုင်ကော်အာ၏ နဖူးတွင် အမည်းစက် သုံးကြောင်း ထွက်ပေါ်လာသည်။ မျက်နှာကြီး စူပုပ်သွားပြီးနောက် ချက်ချင်း အပြစ်တင်လိုက်၏။ “အစ်ကိုကြီး... ကျုပ်က စာမတတ်ပေမဲ့ ငတုံးတော့ မဟုတ်ဘူးလေ”
နာမည်တွေက နာမည်ကောင်း တစ်ခုမှ မဟုတ်ချေ၊ အပြင်ထွက်ပြီး နာမည် သွားပြောလျှင် အရိုက်ခံရမှာ သေချာသည်။
ဖန်ကျန်းရီသည် အဓိပ္ပာယ်ပါပါ စိုက်ကြည့်ကာ ပြောလိုက်၏။
“ကော်အာရာ... အစ်ကိုက ဘယ်တော့မှ နောက်ပြောင်လေ့မရှိဘူး။ ဘဝဆိုတာ အရင်တည်းက ခါးသီးပြီးသားပဲ၊ လူ့ဘဝရဲ့ မပြည့်စုံမှုတွေကလည်း ဆယ်ပုံ၊ ကိုးပုံလောက် ရှိတာ။ အသက်ရှင်သန်ဖို့အတွက် တစ်ခုခုကို အပြစ်တင် (လိုင်) လိုက်မှသာ ပျော်ရွှင်စွာ အသက်ရှင်နိုင်မှာ။ မင်း မကြိုက်ဘူးဆိုရင်လည်း နောင်ကျရင် အစ်ကို မင်းကို စာသင်ကျောင်း ပို့ပေးမယ်၊ မင်းဘာသာ နာမည် ပြန်မှည့်တော့။”
“ဟီးဟီး... စာသင်ရမှာလား။ ကျုပ်... စာသင်ရမယ် ဟုတ်လား။ ထားလိုက်ပါတော့” လိုင်ကော်အာသည် မိမိကိုယ်ကိုယ် ညွှန်ပြကာ ရယ်မောရင်း ဆက်မပြောတော့ချေ။
သို့ပေမည့် သူ့မျက်လုံးထဲတွင် မျှော်လင့်တောင့်တမှုများ ရှိနေသည်ကို မြင်တွေ့နိုင်သည်။
ဖန်ကျန်းရီသည် ခေါင်းကိုခါယမ်းကာ ထပ်မံ စကားမဆိုတော့ဘဲ အိမ်သာကိုသာ အာရုံစိုက် ကြည့်နေလိုက်တော့၏။
မကြာမီ အချိန်အတွင်းမှာပဲ အဆင့်အတန်း မြင့်မားသော အဝတ်အထည်များကို ဝတ်ဆင်ထားသည့် လူလတ်တန်းစား အမျိုးသားတစ်ဦးသည် ဖန်ကျန်းရီ၏ အာရုံကို ဆွဲဆောင်သွားသည်။
ထိုသူသည် မျက်နှာတွင် အလျင်စလို ဖြစ်နေသည့် အမူအရာဖြင့် တင်ပါးကို ညှပ်ကာ အထုပ်တစ်ထုပ်ကို ပွေ့ပိုက်လျက် တစ်လှမ်းချင်းစီ အိမ်သာဆီသို့ တိုးကပ်လာ၏။
ပုံစံကို ကြည့်ရသည်မှာ ကုန်သည်ငယ်တစ်ဦးနှင့် တူသော်လည်း ဖန်ကျန်းရီ၏ ကျွမ်းကျင်သော မျက်စိအရဆိုလျှင် ဤသူ၏ ရုပ်သွင်၊ အမူအရာ၊ လှုပ်ရှားမှုများအရ သူဌေးကြီးအိမ်တော်မှ အိမ်ထိန်း တစ်ယောက် ဖြစ်ရန် ပို၍ နီးစပ်သည်။ ဤကဲ့သို့သော လူမျိုးသည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
“သားကောင် ပေါ်လာပြီ။ ပြင်ဆင်ထားတော့ .. ငါတို့ ပိုက်ဆံ သွားတောင်းမယ်”
လိုင်ကော်အာသည် အလျင်အမြန် ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “သွားကြစို့”
ဖန်ကျန်းရီသည် ခေါင်းတစ်ချက် ခေါက်လိုက်ပြီး ဆုံးမလိုက်သည်။ “ဘာလို့ လောနေတာလဲ။ ငါ မင်းကို ဘယ်လို သင်ထားလဲ။ သူ ကိစ္စရှင်းလို့ တစ်ဝက်လောက် ရောက်မှ သွားမယ်။ မင်း အရင်ဆုံး ငါ့အတွက် သစ်ရွက်အချို့နဲ့ တုတ်တစ်ချောင်း သွားရှာချေ”