← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း (၄၁)

ရေရှာဖွေခြင်း

ပူပြင်းလှသော အပူရှိန်က လျိုရှီးရွာတစ်ရွာလုံးကို လွှမ်းခြုံထားလျှက်ရှိလေ၏။

တစ်လတိတိ ကောင်းကင်ယံမှ မိုးတစ်ပေါက်မျှပင် ကျဆင်းလာခဲ့ခြင်း မရှိခဲ့ချေ။

လျိုရှီးရွာရှိ မျိုးဆက်ပေါင်းများစွာကို ပြုစုပျိုးထောင်ပေးခဲ့သော ရွာထိပ်ရှိ မြစ်ငယ်လေးမှာလည်း လုံးဝ ခန်း ခြောက်သွားခဲ့လေပြီ ဖြစ်သည်။

ကျယ်ပြန့်သော မြစ်ကြမ်းပြင်ကြီးမှာ ပေါ်လွင်နေပြီး နေပူရှိန်ကြောင့် ခြောက်လက်မခန့် နက်သော အက်ကွဲ ကြောင်းများက မျှော်လင့်ချက်မဲ့နေသော ပါးစပ်ပေါက်ကြီးများကဲ့သို့ ဟဟကြီး ဖြစ်နေလေ၏။

ရွာထဲရှိ တစ်ခုတည်းသော ရေတွင်းဟောင်းမှာလည်း ခန်းခြောက်လုနီးပါး ဖြစ်နေချေပြီ ဖြစ်၏။

နေ့စဉ် မိုးမလင်းမီကပင် ရေတွင်းနံဘေး၌ လူများစွာက ဝန်းရံလျက် ရှိနေကြလေသည်။

နောက်ကျိနေသော တွင်းရေကို ရေပုံးချကာ အချိန်ကြာမြင့်စွာ ခပ်ယူမှသာလျှင် ရေတစ်ဝက်ခန့်ကို မနည်း ဆယ်ယူနိုင်ပေသည်။

အစပိုင်းတွင် အစီအစဉ်တကျ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဤအသက်ကယ်ရေအတွက် ရွာသားများ အကြား ရှိ သံယောဇဉ်များမှာ နေပူရှိန်အောက်တွင် ခန်းခြောက်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်လေ၏။

"ကျက်သရေမရှိတဲ့မိန်းမ...၊ ဖယ်စမ်း...။ ဒီနေရာက ငါ အရင်ဦးထားတာ...။"

"သောက်ရူး...၊ ငါက မိုးမလင်းခင်ကတည်းက ရောက်နေတာလေ...။ နင်က ဘာအခွင့်အရေးနဲ့ ဝင်လုရတာလဲ...။”

ရေတွင်းနံဘေးတွင် ငြင်းခုံသံများ၊ ကျိန်ဆဲသံများနှင့် ရိုက်နှက်သံများပင် နေ့စဉ်နှင့်အမျှ ထွက်ပေါ်နေလျှက်ရှိ လေသည်။ လူတို့၏ စိတ်နှလုံးမှာ ခြောက်သွေ့နေသော မြေကမ္ဘာထက်ပင် ပို၍ ခေါင်းပါးနေချေပြီဖြစ်၏။

ထိုနေ့က မုဆိုး မာပေါ်ကော့သည် ယုန်တစ်ကောင်မျှပင် မဖမ်းမိဘဲ တောင်ပေါ်မှ ပြန်လာခဲ့လေ၏။ တောင်ပေါ်ရှိ တိရစ္ဆာန်ငယ်လေးများ အားလုံး ပုန်းအောင်းနေကြသည့်အလား ပင် ဖြစ်လေသည်။

သူသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ဖြင့် အိမ်တံခါးဝသို့ ရောက်ရှိချိန်တွင် အိမ်ထဲမှ နှလုံးကွဲကြေမတတ် ငိုကြွေးသံတစ်ခုကို ကြားလိုက်ရလေ၏။

"ငါ့မျက်နှာ...၊ ငါ အသက်မရှင်ချင်တော့ဘူး...၊ ဟို ကျက်သရေမရှိတဲ့ အဘွားကြီးကျန်းက ငါ့မျက်နှာကို ကုတ်ရဲ တယ်...။ အို ဘုရားသခင်...၊ ငါ အသက်ဆက်မရှင်ချင်တော့ပါဘူး...။"

မာပေါ်ကော့သည် အိမ်ထဲသို့ အပြေးအလွှား ဝင်သွားလိုက်ရာ ကြေးမုံပြင်ကို မျက်နှာမူနေသော သူ၏ဇနီး လီတာကျောင်ကို တွေ့လိုက်ရလေသည်။

သူမသည် မျက်ရည်များ စီးကျကာ အော်ဟစ်ငိုကြွေးနေခဲ့ခြင်းဖြစ်လေ၏။ ပုံမှန်အားဖြင့် ချောမွေ့နေတတ်သော သူမ၏ မျက်နှာပေါ်တွင် သွေးစက်များ စိမ့်ထွက်နေသည့် ထင်ရှားသော သွေးစွန်းရာများ ရှိနေခဲ့လေသည်။

"ရေ သွားလုပြန်ပြီလား...။”

မာပေါ်ကော့၏ အသံမှာ အက်ကွဲနေလေ၏။

"မလုဘဲနဲ့ ဘာလုပ်ရမှာလဲ...။"

လီတာကျောင်သည် ရုတ်တရက် လှည့်ကြည့်လာရာ သူမ၏ မျက်လုံးများမှာ နီရဲနေခဲ့လေ၏။

"အိမ်က ရေစည်ထဲမှာ ရေမရှိတော့ဘူးလေ...။ လယ်ထဲက ပြောင်းဖူးတွေလည်း ခြောက်လုနီးပါး ဖြစ်နေပြီ...၊ ငါတို့ ရေမရရင် ဒီနှစ်တော့ ငတ်သေရတော့မှာပဲ...။"

သူမက အော်ဟစ်ငိုကြွေးရင်း စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်ကာ အရှေ့ဘက်စွန်းရှိ ခမ်းနား ထည်ဝါသော ခြံဝင်းကြီးဆီသို့ ဒေါသတကြီး လက်ညှိုးထိုးပြလိုက်လေသည်။

"ဖန်းဟန်ကို ကြည့်စမ်း...၊ ဘာလို့လဲ...၊ ဘာလို့ ငါတို့က အပူဒဏ်ကြောင့် သေလုမြောပါး ဖြစ်နေချိန်မှာ သူ့ မိသားစုထဲက တစ်ယောက်မှ အပူဒဏ်ကို မညည်းညူကြတာလဲ...။ ဟိုနေ့က သူ့အိမ်ကနေ ဖရဲသီးနံ့တောင် ရလိုက်သေးတယ်...။ ဘုရားသခင်က မျက်စိကန်းနေတာပဲ...။"

မာပေါ်ကော့သည် သူမ လက်ညှိုးထိုးပြရာဘက်သို့ ကြည့်လိုက်လေ၏။

ပူပြင်းလှသော နေရောင်အောက်တွင် မြင့်မားသော အပြာရောင် အုတ်နံရံကြီးများက အခြားကမ္ဘာတစ်ခုကို ပိုင်း ခြားထားသည့်အလား ထင်မှတ်ရလေသည်။

သူသည် တစ်ချက်တည်းဖြင့် ခေါင်းပွင့်သွားခဲ့သော ကျားကြီးနှင့် ဖန်းမိသားစုဝင် လူငယ်လေး၏ မျက်လုံးထဲမှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေသည့် အကြည့်များကို ပြန်လည်သတိရသွားခဲ့လေ၏။

ထို့နောက် သူသည် ပြတင်းပေါက်အပြင်ဘက်ရှိ ခြောက်သွေ့လုနီးပါး ဖြစ်နေသော လယ်ယာမြေအချို့ကို ကြည့် လိုက်လေသည်။

စကားဖြင့် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုက သူ၏ ရင်ထဲတွင် ပြည့်လျှံလာခဲ့လေ၏။

အားကျမှုများ၊ မနာလိုမှုများ ရှိနေသော်လည်း အားလုံးထက် ပို၍ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်မှာ ကြောက်ရွံ့ မှုပင် ဖြစ်လေတော့သည်။

နောက်ဆုံးတွင် ခံစားချက်အားလုံးမှာ ရှည်လျားပြီး ကူကယ်ရာမဲ့သော သက်ပြင်းချသံတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့လေတော့သည်။

"နင် ဒီစကားကို မှတ်ထား...။"

မာပေါ်ကော့သည် ခေါင်းကို လှည့်လိုက်ရာ သူ၏ မျက်လုံးများမှာ ယခင်ကထက် ပို၍ လေးနက်နေလေ၏။

"အခုကစပြီး ရေငတ်သေရင်သေ၊ ငတ်သေရင်သေ...။ ဖန်းမိသားစုကို သွားပြီး ပြဿနာမရှာနဲ့...၊ ကြားလား...။"

လီတာကျောင်မှာ သူ၏ပုံစံကြောင့် လန့်ဖျပ်သွားခဲ့လေသည်။ သူမသည် ရှိုက်သံများကို အောင့်ထားလိုက်ပြီး တိုး ညှင်းသော ငိုသံလေးများသာ ကျန်ရစ်နေခဲ့တော့သည်။

ဖန်းမိသားစု၏ ခြံဝင်းကြီးမှာ အမှန်တကယ်ပင် အခြားကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေချေသည်။

ခြံဝင်းထဲရှိ ရေစည်ကြီးနှစ်ခုမှာ အမြဲတမ်း ပြည့်လျှံနေပြီး ကြည်လင်နေသော ရေပြင်က ပြာလဲ့နေသည့် ကောင်းကင်ပြာကို ရောင်ပြန်ဟပ်နေလေသည်။

ညစဉ်ညတိုင်း ဖန်းဟန်သည် အမျိုးသမီးသုံးဦး အိပ်ပျော်နေချိန်တွင် ခိုးထွက်လာကာ ခေတ်သစ်ကမ္ဘာမှ ဝယ်ယူ လာခဲ့သော ပလတ်စတစ်ပိုက်ကြီးကို အသုံးပြု၍ သယ်ဆောင်ရလွယ်ကူသော သိုလှောင်နေရာမှ ရေများကို စုပ်ယူကာ ရေစည်ထဲသို့ ဖြည့်တင်းလေ့ရှိလေသည်။

ဤရေများမှာ နေ့စဉ်သောက်သုံးရန် လုံလောက်ရုံသာမကဘဲ ရေချိုးရန်အတွက်ပင် ဇိမ်ကျကျ အသုံးပြု နိုင်ပေသည်။

ယခုအချိန်တွင် လျူရူမေသည် ရေချိုးပြီးခါစဖြစ်ပြီး ပါးလွှာသော အင်္ကျီလေးတစ်ထည်ကိုသာ ဝတ်ဆင်ထား ခဲ့လေသည်။

သူမသည် ခြံဝင်း၏ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်ကာ သူမကိုယ်တိုင် စိုက်ပျိုးထားသော နှင်းဆီ ချုံအနည်းငယ်ကို ကြည့်ရင်း မျက်နှာပေါ်တွင် နှလုံးနာကျင်ရသည့် အရိပ်အယောင်များ ပြည့်နှက်နေလေ၏။

တစ်ချိန်က လှိုင်လှိုင်ပွင့်ဖူးခဲ့သော ပန်းများမှာ ယခုအခါ ညှိုးနွမ်းနေပြီဖြစ်ကာ အရွက်များမှာလည်း လိပ်ဝင်နေ ကြခဲ့ချေပြီ။

သူမမှာ ညှိုးငယ်နေပုံပေါ်လေသည်။ မာကျောနေသော မြေကြီးကို သူမ၏ လက်ချောင်းလေးများဖြင့် ဂရုတစိုက် ထိတွေ့လိုက်လေ၏။

နုနယ်ပြီး သနားစရာကောင်းလှသော ထိုလှပသည့် မျက်နှာလေးပေါ်တွင် ကရုဏာသက်ဖွယ် ဝမ်းနည်းမှုများ ပြည့်နှက်နေလေတော့သည်။

ဖန်းဟန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့ရလေ၏။ သူ သည် လျူရူမေအနီးသို့ လျှောက်သွားကာ သူမ၏ စိတ်ဆင်းရဲနေသော မျက်နှာလေးကို ကြည့်ရင်း ပြုံးကာ ပြော လိုက်လေသည်။

"နှမြောနေတာလား...။"

လျူရူမေသည် ခေါင်းကို မော့ကြည့်လိုက်ရာ သူမ၏ ရီဝေနေသော ဆွဲဆောင်မှုရှိသည့် မျက်ဝန်းများထဲတွင် နာကြည်းမှုအရိပ်အယောင်လေးများ ပြည့်နှက်နေလေ၏။

"သခင်...၊ သူတို့ ရေငတ်ပြီး သေတော့မယ်...။"

ဖန်းဟန်သည် လက်ကိုဆန့်ထုတ်ကာ သူမ၏ နဖူးပေါ်မှ စိုစွတ်နေသော ဆံစလေးတစ်ခက်ကို ညင်သာစွာ ဖယ် ရှားပေးလိုက်ပြီး ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့...၊ ကိုယ့်မှာ နည်းလမ်းရှိပါတယ်...။"

ထိုစကားကို ကြားသောအခါ အိမ်ထဲမှ ထွက်လာခါစဖြစ်သော ပိုင်ကျီရိုနှင့် ပိုင်ရွှီကျန်းတို့မှာလည်း စူးစမ်းလို စိတ်ဖြင့် အနားသို့ ရောက်ရှိလာကြလေသည်။

"ခဲအို...၊ ဒီလောက် ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုကြီးမှာ ရှင်က ဘာလုပ်နိုင်မှာမို့လို့လဲ...။"

ပိုင်ရွှီကျန်းသည် သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေ၏။ ဤသဘာဝဘေး အန္တရာယ်နှင့် လူတို့ဖန်တီးသော ဘေးဒုက္ခကို မှော်ပညာများဖြင့် ဖြေရှင်း၍မရနိုင်ပေ။

ပိုင်ရွှီကျန်းသည် သူမကိုယ်တိုင် ဖန်းဟန်ထံသို့ ပေးအပ်ထားပြီးဖြစ်သည်ကို မေ့လျော့နေပုံရလေသည်။

သူမက သူ့ကို ခဲအို ဟု ခေါ်နေရဆဲပင် ဖြစ်သည်။ သို့သော်လည်း ဖန်းဟန်ကတော့ ဂရုမစိုက်ပေ။ သူ့ကို "ခဲအို" ဟု ခေါ်ဆိုခြင်းက ပို၍ အဓိပ္ပာယ်ရှိပုံပေါ်လေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုခိုးကြောင်ခိုးဝှက် ဆက်ဆံရသည့် ခံစားချက်မှာ ထို "ခဲအို" ဟူသော အခေါ်အဝေါ်လေး မှတစ်ဆင့် တည်ဆောက်ထားခြင်း ဖြစ်ပေသည်...။

ဖန်းဟန်သည် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် လည်ချောင်းဟန့်လိုက်ပြီး သူ၏ လက်များကို နောက်ကျောဘက်သို့ ပို့ကာ အထက်စီးဆန်သော ဟန်ပန်ဖြင့် ရပ်လိုက်လေ၏။

"မင်းတို့ မသိသေးလို့ပါ...။ ငါ့ရဲ့ ဖန်းမိသားစု ဘိုးဘေးတွေထဲမှာ ဖုန်းရွှေဆရာတစ်ယောက် ရှိခဲ့ပြီး သူက 'နဂါးရှာ ဖွေခြင်းနှင့် အကြောဖောက်ခြင်း' လို့ခေါ်တဲ့ ထူးခြားတဲ့ ပညာရပ်တစ်ခုကို လက်ဆင့်ကမ်းခဲ့တယ်လေ...။”

"နဂါးရှာဖွေခြင်း...၊ဟုတ်လား…။"

အမျိုးသမီးသုံးဦးက တစ်ပြိုင်နက်တည်း မေးလိုက်ကြရာ သူတို့၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပြည့် နှက်လျှက်ရှိနေလေသည်။

"ဟုတ်တယ်...။"

ဖန်းဟန်က တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်လေသည်။

"တောင်တွေမှာ နဂါးကြောတွေရှိပြီး မြေကြီးမှာ ရေကြောတွေရှိတယ်...။ ဒီနဂါးကြောရှာဖွေခြင်းနဲ့ အကြော ဖောက်ခြင်း နည်းလမ်းကို ဘုရင်တွေ၊ စစ်သူကြီးတွေရဲ့ သင်္ချိုင်းတွေကို ရှာဖွေဖို့နဲ့ အနက်ရှိုင်းဆုံး ရေကန်တွေရဲ့ ရေကြောတွေကို စူးစမ်းဖို့ အသုံးပြုနိုင်တယ်...။ မြေအောက်မှာ ရေရှိနေသရွေ့ ငါ့မျက်စိအောက်က ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး...။"

ဤစကားများကို အလွန် ထူးဆန်းပြီး အံ့သြဖွယ်ကောင်းလောက်အောင် ပြောဆိုလိုက်သဖြင့် အမျိုးသမီးသုံးဦး မှာ လုံးဝ မှင်သက်သွားကြလေတော့သည်။

သူတို့သည် နဂါးကြောများ သို့မဟုတ် ရေကြောများကို နားမလည်ကြသော်လည်း ဖန်းဟန်ကိုမူ နားလည်ကြ ပေသည်။

ဤအမျိုးသားသည် လေထဲမှ မှန်များနှင့် ဆပ်ပြာများကို ဖန်တီးနိုင်ပြီး စိတ်နှလုံးကို အရည်ပျော်စေသော ချိုမြိန် သည့် သကြားလုံးများကို ထုတ်လုပ်နိုင်ကာ ကျားတစ်ကောင်ကိုပင် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သူ ဖြစ် ပေသည်။

သူ ရေရှာနိုင်သည်ဟု ပြောလျှင် အသေအချာကို ရှာနိုင်မည်ပင် ဖြစ်သည်။

ချက်ချင်းပင် လှပသော မျက်ဝန်းသုံးစုံမှာ ကြည်ညိုလေးစားမှုနှင့် မျှော်လင့်ချက် ပြင်းပြသော အလင်းရောင်များ ဖြင့် တစ်ပြိုင်နက်တည်း တောက်ပလာခဲ့လေ၏။

"ခင်ပွန်း...၊ ရှင်...၊ ရှင် တကယ်ပဲ ရေရှာနိုင်တာလား...။"

ပိုင်ကျီရို၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့လေ၏။

"ခဲအို...၊ ရှင်က အရမ်းတော်တာပဲ...။ နတ်ဘုရားတွေရဲ့ စွမ်းရည်တောင် ရှိနေသေးတယ်...။"

ပိုင်ရွှီကျန်းသည် ခုန်ပေါက်ကာ ဖန်းဟန်၏ လက်မောင်းကို ဆွဲကိုင်၍ ပြင်းထန်စွာ လှုပ်ရမ်းလိုက်လေသည်။

လျူရူမေကမူ စကားမပြောသော်လည်း သူမသည် အရာအားလုံးကို တတ်စွမ်းနိုင်သော နတ်ဘုရားတစ်ပါးကို ကြည့်နေသည့်အလား သူ့ကို စူးစိုက်ကြည့်နေခဲ့လေ၏။

အမျိုးသမီးသုံးဦး၏ တုန်လှုပ်ခြင်းမရှိသော ယုံကြည်မှုကို မြင်လိုက်ရသောအခါ ဖန်းဟန်သည် တိတ်တဆိတ် ကျေနပ်သွားခဲ့လေသည်။

သို့သော် သူသည် တည်ငြိမ်အေးဆေးသော ဟန်ပန်ကိုသာ ဆက်လက်ထိန်းသိမ်းထားလေ၏။

"ဒီည သန်းခေါင်ယံမှာ လအုပ်ချုပ်ရေးမှူး ကောင်းကင်ယံမှာ မြင့်တက်နေပြီး ယင်စွမ်းအင်တွေ အထွတ်အထိပ်ကို ရောက်နေချိန်က မျက်စိဖွင့်ပြီး သွေးကြောရှာဖို့ အကောင်းဆုံးအချိန်ပဲ...၊ စောင့်သာကြည့်နေကြ...။"

ညသည် နက်ရှိုင်းလာပြီး အရာအားလုံးမှာ တိတ်ဆိတ်နေခဲ့ချေပြီ။

အမျိုးသမီးသုံးဦး အိပ်ပျော်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ဖန်းဟန်သည် ခြံနောက်ဖေးသို့ တိတ် တဆိတ် သွားလိုက်လေသည်။

သူသည် ခြံဝင်း၏ အလယ်ဗဟိုတွင် ရပ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲတွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် "မှော်ပစ္စည်း" နှစ်ခုက လေထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေတော့သည်။

ပစ္စည်းများထဲမှ တစ်ခုမှာ အွန်လိုင်းမှ ဈေးကြီးပေး၍ ဝယ်ယူခဲ့သော LCD မျက်နှာပြင်နှင့် လက်ကိုင်ပါရှိသည့် အဝါရောင် ကိရိယာတစ်ခု ဖြစ်ပြီး ၎င်းမှာ တိကျမှုမြင့်မားသော မြေအောက်ရေနှင့် သတ္တုရှာဖွေရေးစက်ပင် ဖြစ်လေသည်။

အခြားတစ်ခုမှာမူ ဆက်စပ်၍ရသော သံချောင်းများကဲ့သို့ဖြစ်ပြီး ထိပ်တွင် ဝက်အူရစ် ဖောက်စက်ပါရှိသော အနက်ရောင်အစုံတစ်ခု ဖြစ်လေသည်။ ၎င်းမှာ "ရေတွင်းတူးဖော်ရေး အစွမ်းထက်လက်နက်" ဟု လူသိများသည့် အသံတိတ် လစ်သီယမ်ဘက်ထရီ အကြီးစား တပ်ဆင်ထားသော လျှပ်စစ် လော့ယန်ဂေါ်ပြားငယ်ပင် ဖြစ်ချေ တော့သည်။

ဖန်းဟန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ "စွမ်းရည်ပြသမှု" ကို စတင်လိုက်လေတော့သည်။

သူသည် လက်ထဲတွင် ရှာဖွေရေးစက်ကို ကိုင်ဆောင်ကာ ခြံဝင်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့လေ၏။

"တီ... တီတီ... တီတီတီ...။”

သူသည် ခြံနောက်ဖေးရှိ ကုက္ကိုလ်ပင်ကြီးအနီးသို့ ရောက်ရှိသွားချိန်တွင် သူ၏လက်ထဲရှိ ရှာဖွေရေးစက်မှာ ရုတ် တရက် လျင်မြန်သော အသံများ မြည်လာခဲ့ပြီး မျက်နှာပြင်ပေါ်ရှိ ညွှန်တံမှာလည်း သူ၏ ခြေအောက်ရှိ နေရာ ဆီသို့ တရစပ်ခါရမ်းကာ ညွှန်ပြနေလေ၏။

*တွေ့ပြီ...။*

ဖန်းဟန်၏ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။ သူသည် ရှာဖွေရေးစက်ကို ချထားလိုက်ပြီး လျှပ်စစ် လော့ယန်ဂေါ်ပြားကို ကောက်ကိုင်လိုက်လေ၏။

ဖောက်စက်၏ အပိုင်းများကို ဆက်စပ်ပြီးနောက် ရှာဖွေရေးစက်က ညွှန်ပြနေသော နေရာနှင့် ချိန်ရွယ်ကာ ခလုတ်ကို နှိပ်လိုက်လေသည်။

"ဝီ...။”

ထင်မှတ်ထားသကဲ့သို့ ဆူညံသောအသံကြီး ထွက်ပေါ်မလာဘဲ ခြင်တစ်ကောင်၏ အတောင်ပံခတ်သံကဲ့သို့ တိုးညှင်းသော အသံလေးသာ ထွက်ပေါ်လာခဲ့လေသည်။

အလွိုင်းဖြင့် ပြုလုပ်ထားသော ဝက်အူရစ် ဖောက်စက်မှာ တို့ဟူးကို လှီးဖြတ်နေသည့်အလား မာကျောသော မြေကြီးထဲသို့ တိတ်ဆိတ်စွာ တိုးဝင်သွားခဲ့လေ၏။

မြေကြီးများမှာ လျင်မြန်စွာ ထွက်ကျလာပြီး ဘေးနားတွင် မြေပုံငယ်လေးတစ်ခုအဖြစ် စုပုံလာခဲ့လေသည်။

ခေတ်သစ်စက်မှုလုပ်ငန်း၏ အမြင့်ဆုံးအောင်မြင်မှုမှာ ဤခေတ်ကာလတွင် အကြောင်းပြချက်မရှိ အံ့သြဖွယ် ကောင်းလောက်အောင်ပင် ဖြစ်ပေတော့သည်။

ဖန်းဟန်အနေဖြင့် ဖောက်စက်ကို ကိုင်ဆောင်ကာ ဦးတည်ရာကို ထိန်းချုပ်ပေးရန်သာ လိုအပ်ပြီး ကျန်သော အရာအားလုံးကို ဤအလွန်စွမ်းဆောင်ရည်ကောင်းမွန်သော စက်ကသာ တာဝန်ယူသွားခြင်း ဖြစ်လေသည်။

မြေကြီး၊ သဲ၊ ရွှံ့စေး... မြေပြင်ဖွဲ့စည်းပုံ အလွှာများစွာမှာ အလွယ်တကူပင် ဖောက်ထွင်းခံလိုက်ရလေ၏။

နာရီဝက်ခန့်အကြာတွင် သူ ချွေးတစ်ပေါက်မျှ မထွက်လိုက်ရဘဲ ပန်းကန်လုံးတစ်လုံးစာခန့် ကျယ်ဝန်းပြီး (၁၅) မီတာ သို့မဟုတ် (၁၆) မီတာခန့် နက်သော ရေတွင်းသေးသေးလေးတစ်ခုမှာ ပုံပေါ်လာခဲ့ပြီ ဖြစ်ချေသည်။

ဖောက်စက်သည် နောက်ဆုံး ရေခံမြေလွှာကို ဖောက်ထွင်းသွားချိန်တွင် ရေတွင်းဝမှ အေးမြပြီး စိုစွတ်သော ခံစား ချက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

*ပြီးသွားပြီ...။*

ဖန်းဟန်သည် လျှပ်စစ် လော့ယန်ဂေါ်ပြားနှင့် ရှာဖွေရေးစက်တို့ကို သယ်ဆောင်ရလွယ်ကူသော သိုလှောင်နေရာ သို့ တိတ်ဆိတ်စွာ ပြန်လည်သိမ်းဆည်းလိုက်လေသည်။

သူသည် ထူထဲသော အပြာရောင် ကျောက်ပြားတစ်ချပ်ကို ရှာဖွေကာ ရေတွင်းပေါက်ငယ်လေးကို ကွက်တိကျ အောင် ဖုံးအုပ်ထားလိုက်လေ၏။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူသည် လက်မှ ဖုန်များကို ခါထုတ်လိုက်လေတော့သည်။

All Chapters