အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇)
သခင်မ၏ စိတ်လှုပ်ရှားမှု
နောက်တစ်နေ့ အရုဏ်ဦး၌ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စေလွှတ်လိုက်သော ရထားလုံးတစ်စီးသည် ဖန်းမိသားစု ခြံဝင်းရှေ့တွင် တည်ငြိမ်စွာ ရပ်တန့်သွားခဲ့လေသည်။
ဖန်းဟန်သည် သန့်ရှင်းသော အပြာရောင်အထည်ဖြင့် ချုပ်လုပ်ထားသည့် ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး သူ့အား လာရောက်ကြိုဆိုသည့် ရုံးစေနှင့် စကားအနည်းငယ် အပြန်အလှန်ပြောဆိုကာ ရထားလုံးပေါ်သို့ တက်လိုက်လေ ၏။
မြင်းဆွဲရထားလုံးသည် ခရိုင်မြို့တော်သို့ ဦးတည်မောင်းနှင်သွားခဲ့သည်။ လမ်းတစ်လျှောက်ရှိ ရှုခင်းများမှာ လျိုရှီးရွာထက်ပင် ပို၍ ဆိုးရွားစွာ ပျက်စီးနေလေ၏။ မြေပြင်များမှာ အနာတရဖြစ်နေသည့်အလား အက်ကွဲ ခြောက်သွေ့နေပြီး လမ်းဘေးတစ်လျှောက်တွင်လည်း ငတ်မွတ်ခေါင်းပါးနေသော ဒုက္ခသည် အစုအဝေးများကို တွေ့မြင်နေခဲ့ရပေသည်။
အရိုးပေါ်အရေတင်သာ ကျန်ရှိတော့သည့် သူတို့၏ မျက်လုံးများမှာ အသက်မဲ့နေပြီး လမ်းလျှောက်နေသော အလောင်းကောင်များအလား ထင်မှတ်ရပေသည်။
ရထားလုံးသည် ချင်းရှီးခရိုင်အတွင်းသို့ ရောက်ရှိသွားသောအခါ မြင်ကွင်းမှာ အနည်းငယ် ပိုမိုကောင်းမွန်လာ သော်လည်း လေထုအတွင်း လွှမ်းမိုးနေသော စိတ်ပျက်အားငယ်မှုများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။
ယခင်က စည်ကားခဲ့သော လမ်းမကြီးများမှာ ယခုအခါ လူသူကင်းမဲ့နေပြီး အိမ်တိုင်း၏ တံခါးနှင့် ပြတင်းပေါက် များကို တင်းကျပ်စွာ ပိတ်ထားကြလေသည်။ သူတို့သည် သေမင်းကဲ့သို့ ပူပြင်းလှသော အပူလှိုင်းများကို အိမ်အ ပြင်ဘက်တွင်သာ ရှိနေစေရန် ကြိုးပမ်းနေခြင်းပင် ဖြစ်ပေသည်။
ရထားလုံးသည် ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရပ်တန့်သွားခဲ့လေ၏။ ဖန်းဟန် အံ့အားသင့်ရသည်မှာ ခရိုင် အုပ်ချုပ်ရေးမှူး ရှန့်ကွမ်း ကိုယ်တိုင်ပင် ဖြစ်လေသည်။ သူသည် သူ၏ အကြံပေးပုဂ္ဂိုလ်ကို ခေါ်ဆောင်ကာ ယမန်နေ့က သူတို့ ရောက်ရှိလာသည့် ကျောက်လှေကားထစ်များအောက်တွင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
ယမန်နေ့က အာဏာရှိသူတစ်ဦးကဲ့သို့ ဝင့်ကြွားနေခဲ့သော ခရိုင်အုပ်ချုပ်ရေးမှူးမှာ ယခုမူ သူ၏မျက်နှာတွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကိုသာ ကပ်ထားခဲ့လေသည်။
ဖန်းဟန်ကို မြင်သည်နှင့် သူက အလျင်အမြန် လျှောက်လာကာ ရိုသေစွာဖြင့် လက်ယှက်၍ ဂါရဝပြုလိုက် လေ၏။
"သခင်လေးဖန်း...၊ နောက်ဆုံးတော့လည်း ရောက်လာပါပြီလား...။ ကျွန်တော် ဒီမှာ စောင့်နေတာ ကြာလှပါ ပြီ...။”
ဤအမူအရာမှာ သာမန်ရွာသားတစ်ဦးကို ဆက်ဆံသည့် အမူအရာမျိုး လုံးဝ မဟုတ်ဘဲ မြို့တော်မှ ဧကရာဇ်၏ ကိုယ်စားလှယ်တော်ကို ကြိုဆိုနေသည့်အလား ဖြစ်နေပေသည်။ ဖန်းဟန်သည် ထိုနှုတ်ဆက်မှုကို တည်ငြိမ်စွာ လက်ခံလိုက်ပြီး သူ၏ အကြည့်များမှာ ရှန့်ကွမ်းဘေးရှိ လှပသော ပုံရိပ်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့လေသည်။
ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ နန်ကုန်းယွင်ရှူးမှာလည်း ယနေ့တွင် ဘေး၌ ရပ်နေ၏။ သူမသည် ယမန်နေ့က ဝတ်ဆင်ထားသော ဇာပုဝါကို ဖယ်ရှားထားပြီး လမင်းကဲ့သို့ ဖြူစင်သော အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင် ထားလေသည်။
ဝတ်ရုံ၏ စကတ်အောက်ပိုင်းတွင် အပြာနုရောင် ပိုးချည်မျှင်များဖြင့် သပ်ရပ်လှပသော သစ်ခွ ပန်းပုံစံများကို စိတ်ကူးယဉ်ဆန်စွာ ထိုးချုပ်ထားလေ၏။ ယမန်နေ့က ခမ်းနားထည်ဝါမှုနှင့် ကွာခြားစွာ ယနေ့တွင် မူ သူမမှာ..၊
ချဉ်းကပ်၍မရနိုင်လောက်သည့်အထိ ဝေးကွာနေသော ခံစားချက်များ လျော့နည်းသွားပြီး ရှင်းလင်းသော ရေပြင် မှ ပေါ်ထွက်လာသည့် ကြာပန်းတစ်ပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိသော ဆွဲဆောင်မှုမျိုး ပိုမိုရရှိနေခဲ့ လေသည်။ ထိုသို့ဖြစ်သော်လည်း သူမ၏ တည်ရှိနေပုံမှာမူ ကြက်အုပ်ထဲမှ ချိုးတစ်ကောင်ကဲ့သို့ ထူးခြားနေဆဲပင် ဖြစ်ချေ၏။
အပြစ်အနာအဆာကင်းသော ဘဲဥပုံ မျက်နှာပေါက်၊ ခရင်မ်ကဲ့သို့ ချောမွေ့ပြီး ထိလိုက်လျှင်ပင် ပြတ်တောက် သွားနိုင်လောက်အောင် နူးညံ့သော အသားအရေကို ပိုင်ဆိုင်ထားလေသည်။ အဝေးမှ တောင်တန်းများကဲ့သို့ နက်မှောင်သော မျက်ခုံးတန်းများအောက်တွင် တောက်ပပြီး ဆွဲဆောင်မှုရှိသော ဖီးနစ်မျက်ဝန်းတစ်စုံမှာ သူမ၏ လှုပ်ရှားမှုတိုင်းတွင် ဆောင်းဦးရာသီ၏ ရေပြင်အလား နက်ရှိုင်းလှပေသည်။
သူမ၏ နှာတံမှာ နူးညံ့ဖြောင့်စင်းပြီး ချယ်ရီရောင် နှုတ်ခမ်းဖူးများမှာလည်း သဘာဝအတိုင်း နီရဲကာ မှည့်ဝင်း နေသော မက်မွန်သီးကဲ့သို့ ဆွဲဆောင်မှုရှိသော အရောင်အသွေးဖြင့် ပြည့်စုံနေလေ၏။ သူမသည် ပန်းချီဆရာ တစ်ဦးက ရေးဆွဲထားသည့် လက်ရာမြောက် ပန်းချီကားတစ်ချပ်အလား တိတ်ဆိတ်စွာ ရပ်နေခဲ့လေသည်။
ဖန်းဟန် ကြည့်လိုက်သည့်အခါ ထိုမြင့်မြတ်လှသော ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီးမှာ ကြောက်လန့်နေသည့် သမင် ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့လေ၏။ သူမ၏ ငှက်မွေးကဲ့သို့သော မျက်တောင်များမှာ အနည်းငယ် တုန်ယင်သွားပြီး အသိစိတ်ဖြင့် မျက်လုံးများကို အောက်သို့ ချလိုက်မိလေသည်။
သူမ၏ နူးညံ့သော ပါးပြင်ပေါ်တွင် မသိမသာလေး နီရဲလာသော အသွေးအရောင်တစ်ခု ပေါ်လာခဲ့လေ၏။ ဤ အသွင်အပြင်မှာ သူမ၏ ရင့်ကျက်သော ဆွဲဆောင်မှုကို ပိုမိုတိုးပွားစေပြီး ငယ်ရွယ်သော မိန်းကလေးတစ်ဦး၏ ရှက်ရွံ့မှုမျိုးကိုပါ ပေါင်းစပ်ပေးလိုက်သဖြင့် ပိုမို၍ပင် ဆွဲဆောင်မှု ရှိလာခဲ့လေသည်။
ဖန်းဟန်သည် စိတ်ထဲမှ တိုးတိုးလေး ရယ်မောလိုက်မိ၏။ ဤအမျိုးသမီးမှာ သူနှင့်ပတ်သက်ပြီး အတော်လေး စပ်စုနေပုံရပေသည်။
"အရှင်အုပ်ချုပ်ရေးမှူး...၊ အခမ်းအနားတွေ လိုမနေပါဘူး...။”
ဖန်းဟန်သည် သူ၏ အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ရှန့်ကွမ်းကို တည်ငြိမ်စွာ ပြုံးပြလိုက်လေသည်။
"သခင်လေး...၊ ကျေးဇူးပြုပြီး ဝင်ပါဦး...။ နောက်ခန်းမှာ လက်ဖက်ရည်နဲ့ မြေပုံကို ပြင်ဆင်ထားပြီးပါပြီ...။ သခင်လေးရဲ့ စွမ်းရည်တွေကို ပြသဖို့အတွက်ပဲ စောင့်မျှော်နေတာပါ...။”
ရှန့်ကွမ်းသည် တစ်ဖက်သို့ ရှောင်ပေးကာ ကိုယ်တိုင်လမ်းပြပေးလိုက်လေသည်။ သူ၏ ရိုသေလေးစားသော အမူအရာကြောင့် ဘေးရှိ ရုံးစေမှာ မျက်လုံးများပင် ပြူးကျယ်သွားခဲ့ကြလေသည်။
အဖွဲ့လိုက်သည် နောက်ခန်းသို့ ရောက်ရှိသွားခဲ့ကြလေသည်။ ဧရာမ သစ်သားစားပွဲကြီးပေါ်တွင် ချင်းရှီးခရိုင်၏ အသေးစိတ်မြေပုံကို ဖြန့်ထားပြီး ဖြစ်လေသည်။ ရှန့်ကွမ်းနှင့် သူ၏ အကြံပေးပုဂ္ဂိုလ်တို့မှာ ဖန်းဟန်ကို မျှော်လင့် ချက်များဖြင့် စောင့်ကြည့်နေကြပြီး အသက်ကိုပင် မဝံ့မရဲပင် ရှူနေကြ၏။
နန်ကုန်းယွင်ရှူးမှာလည်း လက်ဖက်ရည် တည်ခင်းပေးမည်ဟူသော အကြောင်းပြချက်ဖြင့် ခန်းမထဲတွင်သာ ဆက်လက်နေ နေပြီး အနီးအနားတွင် ရပ်နေခဲ့လေသည်။ သူမ၏ လှပသော မျက်ဝန်းများမှာ ဖန်းဟန်ထံသို့သာ စူးစိုက်နေပြီး သိလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့၏။
ဖန်းဟန်သည် အချိန်ဆွဲမနေတော့ဘဲ စားပွဲဆီသို့ တန်း၍ သွားလိုက်လေသည်။ သူသည် အတန်ငယ် ဟန်လုပ်၍ ခေါင်းငုံ့ကာ မြေပုံပေါ်တွင် လက်ချောင်းဖြင့် ဖြည်းညင်းစွာ လှည့်လည်လိုက်လေသည်။ သူသည် တစ်ခါတစ်ရံ မျက်မှောင်ကျုတ်လိုက်၊ တစ်ခါတစ်ရံ ခေါင်းညိတ်လိုက်နှင့် မည်သူမျှ နားမလည်နိုင်သော စကားများကို တီးတိုးရွတ်ဆိုနေခဲ့လေသည်။
"အင်း... ဒီနေရာက တောင်တန်းတွေက ဝပ်နေတဲ့ နဂါးပုံစံနဲ့ တူပေမယ့် နဂါးရဲ့ စွမ်းအင်က ပိတ်ဆို့ခံထားရပြီး ရေလမ်းကြောင်းတွေကို မမြင်ရဘူး...။”
"ဒီနေရာက မြေပြင်အနေအထား ရှင်းလင်းပြန့်ပြူးပေမယ့် အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်စွမ်း မရှိဘူး...။”
သူ၏ နက်နဲသော ဗဟုသုတအရှိန်အဝါမှာ ရှန့်ကွမ်းနှင့် အကြံပေးပုဂ္ဂိုလ်တို့ကို လုံးဝ ကြောင်အသွားစေခဲ့ လေ သည်။ သို့သော် သူတို့မှာ အနှောင့်အယှက်ပေးရန် မဝံ့ရဲဘဲ စိုးရိမ်တကြီးဖြင့်သာ ရပ်စောင့်နေကြလေသည်။
နောက်ဆုံးတွင် ဖန်းဟန်သည် မြေပုံပေါ်ရှိ နေရာ (၃) ခုကို လက်ဖြင့် တင်းကျပ်စွာ ဖိလိုက်လေသည်။
ခရိုင်မြို့တော်၏ အနောက်ဘက်ရှိ သင်္ချိုင်း နေရာအနီး။
မြို့၏ တောင်ဘက်ရှိ စွန့်ပစ်ထားသော အိုးဖုတ်သည့်နေရာ။
နောက်တစ်ခုမှာ မြို့၏ မြောက်ဘက်ရှိ မြေနိမ့်ပိုင်းတစ်ခု။
"ဒီနေရာ (၃) ခုမှာ မြေအောက်ရေစီးကြောင်း နက်ရှိုင်းပြီး ရေလမ်းကြောင်းတွေ ပေါများတယ်...၊ ရေတွင်းတွေ တူးလိုက်ရင် ရေရနိုင်တယ်...။”
ဖန်းဟန်သည် ခေါင်းမော့လိုက်ပြီး သူ၏ လေသံမှာ တည်ငြိမ်သော်လည်း ငြင်းမရနိုင်သော ယုံကြည်မှုများ ပါဝင် နေခဲ့လေသည်။
"ကောင်းလိုက်တာ...။”
ဤစကားကို ကြားသောအခါ ရှန့်ကွမ်းမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်လေ၏။ သူသည် လှည့်၍ အကူအညီ ခေါ်ရန် ပြင်ဆင်နေစဉ်...၊
"အရှင်အုပ်ချုပ်ရေးမှူး...၊ ခဏလောက် စောင့်ပါဦး...။”
ဖန်းဟန်က သူ့ကို တားဆီးရန် လက်ကို မြှောက်လိုက်လေသည်။ ရှန့်ကွမ်းမှာ အံ့အားသင့်သွားပြီး ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်၏။
"သခင်လေး...၊ ဒီနေရာမှာ...၊ တစ်ခုခု မှားယွင်းနေလို့လား...။”
ဖန်းဟန်သည် လက်ဖက်ရည်ခွက်ကို အေးဆေးစွာ ကောက်ကိုင်လိုက်ပြီး ဖြည်း ညင်းစွာ မှုတ်လိုက်ကာ အေး သွားမှသာ ဖြည်းညင်းစွာသောက်ရင်း ပြောလိုက်လေသည်။
"ရေတွင်းတူးပြီး ရေလမ်းကြောင်း ရှာတယ်ဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို ခိုးယူရတဲ့ ကိစ္စ မျိုးပါ...၊ အချိန်၊ နေရာနဲ့ လူတွေ အဆင်သင့် ဖြစ်ဖို့ လိုပါတယ်...။”
သူသည် ကြောင်အစွာ နားထောင်နေကြသော ရှန့်ကွမ်းနှင့် အကြံပေးပုဂ္ဂိုလ်ကို ကြည့်လိုက်ပြီး ခဏတာ ရပ်တန့် လိုက်လေသည်။ ထို့နောက်တွင် တည်ငြိမ်သော မျက်နှာပေးဖြင့် ယုတ္တိမရှိသော စကားများကို ဆက်လက် ပြောဆိုလိုက်လေ၏။
"ရေတွင်းတူးတဲ့အခါ သာမန်လူတွေ ဒါမှမဟုတ် လောကီကိစ္စတွေရဲ့ အနှောင့်အယှက် မဖြစ်ရဘူး...၊ အပြင်လူ တွေ လာကြည့်တာမျိုးလည်း မဖြစ်ရဘူး...၊ မဟုတ်ရင် မြေအောက်ရေလမ်းကြောင်းရဲ့ ဝိညာဉ်စွမ်းအင်တွေ ယိုစိမ့်ကုန်မယ်...၊ ရေရဖို့နေနေသာသာ မြေကြီးကို ဘယ်လောက်ပဲ တူးတူး ခြောက်သွေ့တဲ့ မြေကြီးပုံပဲ တွေ့ရ လိမ့်မယ်...။”
ဤစကားများမှာ အလွန်ပင် နက်နဲလှသဖြင့် ရှန့်ကွမ်းနှင့် အကြံပေးပုဂ္ဂိုလ်မှာ တစ်ယောက်ကိုတစ်ယောက် ကြောင်အစွာ ကြည့်နေကြပြီး သူတို့၏ စိတ်ထဲတွင် လုံးဝ ဗလာဖြစ်သွားခဲ့ရလေသည်။
*ဝိညာဉ်စွမ်းအင်...၊ ယိုစိမ့်သွားတယ်...၊ ဟုတ်လား…။*
အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်ရသော်လည်း။
ဖန်းဟန်က လျိုရှီးရွာတွင် လေထဲမှ ရေတွင်းကို ဖန်တီးခဲ့သည့် မှော်ဆန်သော အဖြစ်အပျက်ကို ပြန်တွေးမိသော အခါ သူတို့မှာ မယုံကြည်ရန် မဝံ့ရဲတော့ပေ။
"ဒါဆိုရင်...၊ သခင်လေးအမြင်မှာ ဘာတွေ လုပ်ရမှာလဲ...။”
ရှန့်ကွမ်းက သတိကြီးစွာဖြင့် မေးလိုက်၏။
ဖန်းဟန်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လက်တစ်ချောင်းကို ထောင်ပြလိုက်လေသည်။
"ရိုးရှင်းပါတယ်...၊ အရှင်အုပ်ချုပ်ရေးမှူးအနေနဲ့ လူတစ်ယောက်ကို စေလွှတ်ပြီး ဒီနေရာ (၃) ခုကို အလှည့်ကျ လိုက်ပို့ပေးဖို့ပဲ လိုပါတယ်...၊ ပြီးရင် မီတာ (၁၀၀) ပတ်လည်မှာ ရှိတဲ့ မသက်ဆိုင်တဲ့ လူတွေကို ဖယ်ရှားပြီး ဘယ်သူ့ကိုမှ မချဉ်းကပ်ဖို့၊ မချောင်းကြည့်ဖို့ တားမြစ်ထားလိုက်ပါ...။”
"ကျွန်တော် တစ်ယောက်တည်း နာရီဝက် လောက် ရှိနေရင် လုံလောက်ပါပြီ...။”
*လူတစ်ယောက်တည်း...၊ နာရီဝက်လောက် တစ်ယောက်တည်း...၊ ဟုတ်လား…။*
ရှန့်ကွမ်းနှင့် အကြံပေးပုဂ္ဂိုလ်မှာ လုံးဝ ကြောင်အသွားခဲ့ကြလေသည်။
*ရေတွင်းတူးတာက လူအင်အား အများ ကြီး လိုအပ်တဲ့ အလုပ်မျိုး မဟုတ်ဘူးလား။ တူးမယ့်လူလည်း မလိုဘူး၊ တူးဖော်ဖို့ ကိရိယာလည်း မလိုဘူး။ လူတစ်ယောက်က နာရီဝက်လောက် ရပ်နေရုံနဲ့ ရေတွေက သူ့ဘာသာ သူ ပန်းထွက်လာမှာလား…။*
သံသယအချို့ ရှိသော်လည်း။ သူတို့မှာ တစ်စုံတစ်ရာ ထပ်မပြောဝံ့တော့ပေ။
"ကောင်းပါပြီ... သခင်လေး ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်...။”
ရှန့်ကွမ်းက အနည်းငယ်မျှ မတွေဝေဘဲ ခေါင်းညိတ်လိုက်လေ၏။
"ကျွန်တော် ကိုယ်တိုင် လူတွေကို ခေါ်ပြီး ရှင်းလင်းပေးပါ့မယ်...။”
ဘေးတွင် ရပ်နေသော နန်ကုန်းယွင်ရှူးမှာ ဤအဖြစ်အပျက်အားလုံးကို မြင်တွေ့နေခဲ့လေသည်။ သူမ၏ လှပ သော ဖီးနစ်မျက်ဝန်းများမှာ ဖန်းဟန်ထံသို့ တိတ်ဆိတ်စွာ စူးစိုက်နေ၏။ သူသည် အဓိပ္ပာယ်မဲ့ပြီး ဝိုးတဝါးဆန် သော စကားလုံးအချို့ကို သုံးကာ သူ၏ ခင်ပွန်းဖြစ်သူကို လှည့်စားနေသည်ကို မြင်ရလေသည်။
သူတို့မှာ လုံးဝ ကြောင်အသွားကြလေ၏။
သူ၏ တည်ငြိမ်ပြီး အရာရာကို ထိန်းချုပ်ထားနိုင်သည့် အမူအရာကို ကြည့်ရင်း သူမ၏ သိလိုစိတ်များမှာ အမြှုပ် ထွက်လာသကဲ့သို့ ပိုမိုပြင်းထန်လာခဲ့လေသည်။ ဤအမျိုးသားကို ဝန်းရံထားသော လျှို့ဝှက်ချက်များမှာ အဆုံး မရှိသော ရေဝဲကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေ၏။
၎င်းက သူမကို ပိုမိုနီးကပ်စွာ စူးစမ်းချင်စိတ် ပေါ်ပေါက်လာစေခဲ့လေသည်။ သူမသည် နှစ်ပေါင်းများစွာ ကြွယ်ဝ ချမ်းသာသော အမျိုးသမီးတစ်ဦး၏ ဘဝမှာ မပြောင်းလဲဘဲ ပျင်းရိစရာ ကောင်းလှသည်ကို ရုတ်တရက် သတိပြု မိလိုက်လေသည်။
ယခုမူ... စိတ်ဝင်စားစရာကောင်းလာတော့မည့်အလား။
နန်ကုန်းယွင်ရှူး၏ နှလုံးသားမှာ ကြောင်ပေါက်လေးတစ်ကောင်က လက်သည်းဖြင့် ဖြည်းညင်းစွာ ကုတ်ခြစ် လိုက်သကဲ့သို့ ယားယံပြီး ထုံကျင်သွားသလို ခံစားလိုက်ရလေတော့သည်။