အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈)
တစ္ဆေချောက်ကမ်းပါးရှိ လျှို့ဝှက်ချက်
ခရိုင်မြို့၏ အနောက်ဘက်ပြင်ပရှိ သင်္ချိုင်းကုန်းသည် ချင်းရှီးခရိုင်တွင် အမင်္ဂလာအရှိဆုံးနေရာတစ်ခု ဖြစ်ပြီး အတင့်ရ်သော လမ်းဘေးခွေးများပင် ဝင်ရောက်ရန် ဝန်လေးကြသည့်နေရာ ဖြစ်ပေ၏။
ယခုအခါ ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်ကြောင့် ထိုနေရာတွင် လူသူအရိပ်အယောင်ပင် မရှိတော့ဘဲ လယ်ကွင်းပြင်ရှိ တောရိုင်းမြက်ပင်များမှာပင် ညှိုးနွမ်းခြောက်သွေ့ကာ မွဲခြောက်ခြောက် အရောင်သို့ ပြောင်းလဲ နေပြီ ဖြစ်သည်။ လေပြင်းတစ်ချက် တိုက်ခတ်လိုက်တိုင်း ဖုန်မှုန့်များအစား ပြာမှုန့်များနှင့် စက္ကူငွေစများ လွင့်ပျံလာသည်မှာ ထိုနေရာ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ပိုမိုအားဖြည့်ပေးနေသကဲ့သို့ ရှိပေ၏။
ရှန့်ကွမ်းသည် ဖန်းဟန်ညွှန်ပြခဲ့သည့် ထိုမြေနေရာလွတ်ကို ရုံးအမှုထမ်းများဖြင့် အလွှာလိုက် ဝိုင်းရံထားစေခဲ့ လေသည်။ တုတ်ရှည်များကို ကိုင်ဆောင်ထားကြသော ရုံးစေမှာ တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် မထိုးဖောက်နိုင်သည့် လူသားစည်းရိုးကို တည်ဆောက်ထားကြပေသည်။ သူတို့၏ မျက်ဝန်းများသည် စစ်ရေး ဆိုင်ရာ အရေးကြီးလျှို့ဝှက်ချက်ကို စောင့်ရှောက်နေသည့်အလား ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စူးစမ်း ကြည့်ရှုနေကြလေ၏။
သို့သော် သူတို့၏ စိတ်ထဲတွင်မူ သံသယများဖြင့် ပြည့်နှက်နေကြပေသည်။ ဤသည်မှာ နတ်ဘုရားများပင် စွန့်ပစ်ထားသည့် နေရာဖြစ်ပြီး ရေတစ်စက်မျှပင် မရှိသည့်အပြင် ကြွက်တွင်းတစ်တွင်းမျှပင် မတွေ့ရပေ။ ခရိုင်ဝန်သည် ထိုလူငယ်၏ စကားကို ယုံကြည်ပြီး အလိမ်ခံလိုက်ရခြင်း ဖြစ်မည်လော။
ဖန်းဟန်မှာမူ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘဲ လူသားစည်းရိုးအတွင်းသို့ တစ်ဦးတည်း လျှောက်လှမ်းဝင် ရောက်သွားခဲ့လေသည်။ သူသည် မိမိ၏ အိတ်ကပ်ထဲမှ အဝါရောင် ရှာဖွေရေးကိရိယာတစ်ခုကို ဖြည်းညင်းစွာ ထုတ်ယူလိုက်၏။
မလှမ်းမကမ်းရှိ သစ်ပင်အိုကြီးတစ်ခု၏ အောက်တွင် ပိုးထည်တောက်ပသော အဝတ်အစားများ ဝတ်ဆင်ထား သည့် ဝဖြိုးဖြိုး ရွာသူကြီးများနှင့် မြေပိုင်ရှင်များက ထိုနေရာသို့ အကဲခတ်နေကြသည်။ ဦးဆောင်သူများမှာ ချင်းရှီးခရိုင်မှ ဒေသခံလူမိုက်များ ဖြစ်ကြသည့် လီသခင်နှင့် ဝမ်သခင်တို့ပင် ဖြစ်ကြ၏။
ရှန့်ကွမ်း ရာထူးတက်လာပြီးနောက်ပိုင်း မြေယာပိုင်ဆိုင်မှုများကို စုံစမ်းခြင်းနှင့် အခွန်ရှောင်သူများကို နှိမ်နင်းခြင်း များ ပြုလုပ်ခဲ့ရာ ဤသူတို့၏ အမြတ်ငွေများကို ထိခိုက်စေခဲ့လေသည်။ သူတို့သည် ဤကျေးဇူးကန်းသော ခရိုင်ဝန် ပြိုလဲသွားမည့်နေ့ကိုသာ စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်သည်။
"ဟွန်း...၊ သေလုမြောပါး ဖြစ်နေတဲ့လူက ကောက်ရိုးတစ်မျှင်ကိုပဲ အားကိုးနေရတာပေါ့...။”
လီသခင်သည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း မထီမဲ့မြင်ပြုသည့် မျက်နှာထားဖြင့် ဆိုလိုက်၏။
"ဒီလောက် အသက်ငယ်ငယ်နဲ့ ကောင်စုတ်လေးရဲ့ ရူးကြောင်ကြောင် စကားကို ယုံပြီး ရေရှာဖို့ ဒီသင်္ချိုင်းကုန်းကို ရောက်လာရတာ၊ သူ ရူးသွားပြီ ထင်တယ်...။”
"လီသခင် ပြောတာ မှန်လိုက်တာ...။”
ဝမ်သခင်က သူ၏ ယပ်တောင်ဖြင့် ယပ်ခတ်ရင်း အေးစက်သော မျက်လုံးများဖြင့် ဆိုလိုက်၏။
"ရေတစ်စက်မှ မထွက်လာရင် သူ ဘယ်လိုမျက်နှာနဲ့ ခရိုင်ဝန်ဆက်လုပ်မလဲ ကြည့်ရသေးတာပေါ့။ အဲဒီအချိန်ကျ ရင် ငါတို့အားလုံး ပူးပေါင်းပြီး သူက အများပြည်သူပိုင်ငွေကို အလဟဿဖြုန်းတီးပြီး ပြည်သူကို လှည့်ဖြားတယ် လို့ ဧကရာဇ်ထံ စာတင်ကြမယ်...။”
သူတို့ဘေးတွင် မျက်မှန်အမည်းတပ်ထားသော နှုတ်ခမ်းမွှေး ရှည်ရှည်နှင့် လူတစ်ယောက် ရှိနေခဲ့လေသည်။ သူကား ခရိုင်မြို့တွင် ရှာဖွေခေါ်ယူထားသော လျိုဟူကန်း ဖြစ်ပြီး သေလူနှင့် ရှင်လူတို့အား ဆက်သွယ်နိုင်ကာ ဖုန်းရွှေပညာကို ကျွမ်းကျင်သည်ဟု ဆိုသူ ဖြစ်၏။
လျိုဟူကန်းသည် လက်ချောင်းများကို ရေတွက်ဟန်ပြုပြီးနောက် နားကို မြေကြီးပေါ်တွင် အသာကပ်၍ နား ထောင်လိုက်လေသည်။ ထို့နောက် သူက နားမလည်နိုင်သည့်အလား ခေါင်းကို ခါယမ်းလိုက်သည်။
"သခင်တို့...၊ ကျွန်ုပ် မျက်စိနဲ့ တပ်အပ်ပြောရဲပါတယ်...။”
သူသည် သူ၏ မျက်မှန်ကို ထောက်ပြရင်း ဆိုလိုက်၏။
"ဒီနေရာက ယင်စွမ်းအင်တွေ စုဝေးနေပြီး မြေအောက်ရေလမ်းကြောင်းတွေလည်း ပြတ်တောက်နေတယ်။ ဒါ ဟာ 'ယင်ကိုးခု' တားမြစ်နယ်မြေပဲ။ ရေတွင်းတူးဖို့ဆိုတာ ဝေးရော။ ပေ (၃၀) လောက် အနက်အထိ တူးရင် တောင် ရေတစ်စက်မှ ရမှာ မဟုတ်ဘူး...။”
ထိုစကားကို ကြားလျှင် လီသခင်နှင့် ဝမ်သခင်တို့မှာ ဖန်းဟန်ကို လူပြက်တစ်ယောက်ကဲ့သို့ သဘောထားကာ ကျယ်လောင်စွာ ရယ်မောလိုက်ကြလေသည်။ သူတို့သည် လက်ပိုက်ရပ်ကြည့်ရင်း ရှန့်ကွမ်းနှင့် ထို 'သက်ရှိအင် မော်တယ်' တို့ မည်သို့ အရှက်တကွဲ ဖြစ်သွားမည်ကို စောင့်ကြည့်နေကြလေတော့၏။
လူသားစည်းရိုးအတွင်းတွင်မူ ဖန်းဟန်က ပတ်ဝန်းကျင်မှ ယင်ကောင်များကဲ့သို့ ဆူညံသံများကို ဂရုမစိုက်ဘဲ သတ္တုရှာဖွေရေးကိရိယာကို ကိုင်ကာ ဖြည်းညင်းစွာ လျှောက်လှမ်းနေခဲ့လေသည်။ 'နဂါးရှာဖွေရေး အိမ်မြှောင်' က တစ်ခါတစ်ရံ "ဘီး... ဘီး...။” ဟု အသံမြည်နေသည်။
ရှန့်ကွမ်းအတွက်မူ ဤလုပ်ရပ်မှာ နက်နဲသော မှော်ပညာတစ်ခုကဲ့သို့ ထင်မှတ်ရပြီး နန်ကုန်းယွင်ရှူး၏ လှပသော မျက်ဝန်းများထဲတွင်မူ အဖြေမရှိသော ပုစ္ဆာတစ်ခုကဲ့သို့ ရှိနေသည်။ သို့သော် လီသခင်တို့အဖွဲ့အတွက်မူ ဤသည် မှာ လှည့်ကွက်များသာ ဖြစ်ချေတော့သည်။
ရုတ်တရက် ဖန်းဟန် ခြေလှမ်းရပ်တန့်သွားသည်။ သူ၏လက်ထဲရှိ 'နဂါးရှာဖွေရေး အိမ်မြှောင်' မှ အသံမှာ ပိုမို မြန်ဆန်၍ စူးရှလာပြီး အပ်တံမှာလည်း ပြင်းထန်စွာ လည်ပတ်နေတော့၏။
*တွေ့ပြီ…။*
သူသည် ထိုင်ချလိုက်ပြီး ထိုနေရာတွင် သိသာမှုမရှိသည့် အမှတ်အသားတစ်ခု ပြုလုပ်လိုက်သည်။ ထို့နောက် ကရိယာကို အိတ်ထဲသို့ ပြန်ထည့်လိုက်လေ၏။ လူအများ အံ့အားသင့်သွားရသည်မှာ သူသည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်နေသည့်အလား မျက်လုံးများကို မှိတ်ပြီး ငြိမ်သက်စွာ ရပ်နေခြင်းပင်။ တကယ်တမ်းတွင် တော့ သူ၏ စိတ်မှာ သိုလှောင်နေရာအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။
နောက်တစ်စက္ကန့်တွင် အနက်ရောင်ရှိသော လျှပ်စစ်ဂေါ်ပြားတစ်ခုမှာ သူ၏လက်ထဲတွင် ပေါ်လာခဲ့လေသည်။ သူသည် ဂေါ်ပြား၏ ဦးခေါင်းကို အမှတ်အသား ပြုထားသောနေရာသို့ချိန်၍ ခလုတ်ကို နှိပ်လိုက်၏။ ကမ္ဘာကြီး တုန်ဟီးသွားမည့် အသံများ၊ ဖုန်မှုန့်များ ထွက်ပေါ်မလာဘဲ တိုးညင်းသည့် အသံသာ ထွက်ပေါ်လာခဲ့လေသည်။
စက်မှုလုပ်ငန်း၏ တီထွင်မှုဖြစ်သော ထိုဂေါ်ပြားမှာ အပူပေးထားသည့် ဓားဖြင့် ထောပတ်ကို လှီးဖြတ်လိုက် သကဲ့သို့ မာကျောသော မြေကြီးထဲသို့ လွယ်ကူစွာ ထိုးဖောက်ဝင်ရောက်သွားလေတော့၏။
ခြောက်သွေ့သောမြေ၊ ကျောက်စရစ်ခဲများ၊ ရွှံ့စေးလွှာများမှာ ထိုခေတ်သစ် နည်းပညာရှေ့တွင် စက္ကူကဲ့သို့ပင် အပါးလွှာလှပေသည်။ မြေသားများမှာ အပေါ်သို့ တဖြည်းဖြည်း တက်လာပြီး သူ၏ခြေရင်းတွင် တောင်ပို့ငယ် တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ဖန်းဟန်သည် အနည်းငယ်မျှပင် ပင်ပန်းဟန်မရှိဘဲ ဂေါ်ပြားတံကို ကိုင်၍ လမ်းကြောင်းကိုသာ ထိန်းကျောင်းပေး နေခဲ့လေသည်။ ဤလုပ်ငန်းစဉ်မှာ အလွန်ပင် တိတ်ဆိတ်လှ၏။
မလှမ်းမကမ်းမှကြည့်နေသော လီသခင်တို့အဖွဲ့မှာ ထိုလူငယ်သည် သစ်တုံးတစ်ခုကဲ့သို့ ငြိမ်သက်စွာ ရပ်နေသည် ကိုသာ မြင်ကြရလေသည်။
"လှည့်ကွက်တွေပဲ...။”
ဝမ်သခင်က တံတွေးထွေးရင်း ဆိုလိုက်၏။
အမွှေးတိုင် တစ်တိုင်စာမျှ မကြာမီပင်...၊
ဖန်းဟန် ချွေးတစ်စက်မျှပင် မထွက်ရှိဘဲ၊ ပန်းကန်လုံးအရွယ်အစားမျှသာ ရှိသော အလွန်နက်ရှိုင်းသည့် ရေတွင်း မှာ ပုံစံပေါ်လာခဲ့ပြီ ဖြစ်၏။ ဂေါ်ပြားသည် နောက်ဆုံး ရေခံလွှာ ကျောက်တုံးကို ထိုးဖောက်သွားသည့်အခါတွင်မူ အေးစိမ့်သော ရေငွေ့များနှင့်အတူ လေထုမှာ ပြောင်းလဲသွားလေတော့သည်။
*ရပြီ…။*
စိတ်ထဲတွင် တွေးလိုက်သည်နှင့် ဖန်းဟန်သည် လျှပ်စစ်ဂေါ်ပြားနှင့် မြေသားများကို ပြန်လည် သိမ်းဆည်း လိုက် ရာ မြေပြင်မှာ ဘာမျှမဖြစ်ခဲ့သကဲ့သို့ သန့်ရှင်းနေတော့သည်။ သူသည် လူတစ်ယောက်၏ အရွယ်အစားခန့်ရှိ သော ကျောက်တုံးတစ်ခုကို လှိမ့်ယူကာ ထိုတွင်းပေါက်ကို လုံခြုံစွာ ဖုံးအုပ်လိုက်လေသည်။ ထို့နောက် လက်ကို ခါယမ်းကာ တည်ငြိမ်စွာပင် လျှောက်လှမ်း၍ထွက်လာခဲ့လေ၏။
"သခင်လေးဖန်း...။”
ရှန့်ကွမ်းမှာ အရင်ဆုံး ပြေးလာပြီးနောက် နန်ကုန်းယွင်ရှူးနှင့် အကြံပေးပုဂ္ဂိုလ်တို့မှာလည်း နောက်ကလိုက်လာ ခဲ့ကြလေသည်။ အားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်မှုနှင့် မျှော်လင့်ချက်များ စိုးမိုးနေသည်။ ဖန်းဟန်က သူတို့အား ကြည့်၍ တည်ငြိမ်စွာ စကားနှစ်ခွန်း ဆိုလိုက်သည်။
"ပြီးပြီ...။”
"ဗျာ...။”
ရှန့်ကွမ်းမှာ အံ့အားသင့်၍ စကားမပြောနိုင် ဖြစ်သွားသည်။ စာရေးနှင့် ရုံးစေများမှာလည်း ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြတော့၏။
*ပြီးပြီ ဟုတ်လား။ ဒါပဲလား….။*
*မြေကြီးတူးတာကိုလည်း မမြင်ရ၊ ကိရိယာကိုလည်း မတွေ့ရ၊ ခဏလေး ရပ်နေရုံနဲ့တင် ပြီးသွားပြီလား…။ ဒါက မြန်လွန်းအားကြီးနေတာမဟုတ်ဘူးလား….။*
အဝေးမှ လီသခင်မှာ ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။
"ဟားဟားဟား...၊ ငါပြောသားပဲ သူက လိမ်နေတာ…။ ဝန်ကြီးရှန့်...၊ အခု ဘာပြောချင်သေးလဲ...။”
ရှန့်ကွမ်း၏ မျက်နှာမှာ နီရဲလာပြီးနောက် ဖန်းဟန်၏ အလွန်တရာ တည်ငြိမ်သော မျက်နှာကို ကြည့်ကာ ဖြူဖျော့ သွားခဲ့လေသည်။ သူသည် ထိုကျောက်တုံးကို ပြန်ကြည့်လိုက်ရာ စိတ်ထဲတွင် ပူပန်မှုများဖြင့် တုန်ယင်နေ၏။ သို့သော် သူ ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် အံကိုကြိတ်ကာ နောက်မှ အသန်မာဆုံး အစောင့်နှစ် ယောက်ကို လက်ဟန်ပြလိုက်လေသည်။
“ရွှေ့လိုက်ကြ…။”
အစောင့်နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သံသယရှိသော်လည်း ရှေ့သို့တိုးလာကာ ကျောက်တုံးကြီးကို အားကုန်သုံး၍ ဖယ်ရှားလိုက်ကြလေတော့သည်။ ကျောက်တုံး ရွေ့သွားသည့်အခိုက်...။
"ဝူး...။”
ဖော်ပြရန် ခက်ခဲသော အရိုးကို ဆွေးမြေ့စေသည့် အအေးဓာတ်မှာ ရေစိုစွတ်နေသော လေထုနှင့်အတူ မှောင် မိုက်နေသည့် တွင်းပေါက်ဝမှ ရုတ်တရက် ပန်းထွက်လာခဲ့လေသည်။ ထိုအအေးဓာတ်မှာ မမြင်နိုင်သော လက် တစ်စုံကဲ့သို့ လူတိုင်း၏ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့လိုက်သကဲ့သို့ပင် ဖြစ်ချေ၏။
အရှေ့ဆုံးတွင် ရပ်နေသည့် ရှန့်ကွမ်းနှင့် အစောင့်နှစ်ယောက်မှာ ထိုအအေးဓာတ်ကြောင့် တုန်ယင်သွားကြသည်။ သူတို့ခန္ဓာကိုယ်မှ အပူဓာတ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး အရေပြားရှိ ချွေးပေါက်တိုင်းမှာ သက်သာ ရာရသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုခံစားချက်မှာ နွေရာသီ၏ အပူဆုံးနေ့တွင် ရေခဲကန်ထဲသို့ ခုန်ဆင်း လိုက်ရသကဲ့သို့ပင်။
“အေးလိုက်တာ…။”