← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း(၁၅၀) ငရဲမင်းနှင့် တိုးသည်က ချူးရှန့်နှင့် တွေ့သည်ထက် သာလိမ့်မည်

ဖုန်း၏တစ်ဖက်မှ ဝမ်ထျဲ့ကျွင်း၏ အသံက အမြီးကို အနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ စူးရှလှပြီး ကမ္ဘာပျက်ကပ် ဆိုက်ရောက်တော့မည့်အလား မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေတော့သည်။

ချူးရှန့်သည် မိမိ၏ဖုန်းကို နားမှ အနည်းငယ် ဝေးရာသို့ ခွာလိုက်ပြီး ထိုငိုကြွေးမြည်တမ်းသံများ အနည်းငယ် ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းနေ၏။

သူသည် မျက်မှောင်ကြုတ်လိုက်ပြီး သွားကို ကြိတ်ကာ စကားသုံးခွန်းကိုသာ မဆိုစလောက် ပြောလိုက်သည်။

"သိပြီ..."

"မင်းက ဘာကိုသိတာလဲ... ဘာမှမသိဘဲနဲ့..."

ဝမ်ထျဲ့ကျွင်း၏ အသံသည် တစ်ခဏချင်းအတွင်း အသံဗာရီ ရှစ်ဆင့်မျှ မြင့်တက်သွားတော့သည်။

"အဲဒါ ယူရိုသန်းပေါင်းများစွာ တန်တာဟ... ဗီယက်နမ်ငွေ သန်းပေါင်းများစွာ မဟုတ်ဘူးကံ... ငါတို့ နန့်ချန်ရဲစခန်းခွဲတစ်ခုလုံးကို ရောင်းလိုက်ရင်တောင် ကားဘီးတစ်ဘီးစာ ဖိုးပဲ တတ်နိုင်လိမ့်မယ်..."

"ဒီအစီရင်ခံစာကို မင်း ဘယ်လိုရေးမှာလဲ... အမှန်အတိုင်း ရေးမှာလား... မင်းက သူခိုးတစ်ယောက်ကို ဖမ်းဖို့အတွက် ကမ္ဘာ့ထိပ်တန်း စူပါကားကြီးကို ဘမ်ပါကားတစ်စီးလို မောင်းနှင်ခဲ့ပြီး ကျိုးပျက်နေတဲ့ တံတားကိုတောင် ပျံသန်းကျော်ဖြတ်ခဲ့တယ်လို့ ရေးမှာလား... အဲဒါကို ရေးရင် မြို့တော်ဗျူရိုက မနက်ဖြန် မင်းကို စိတ်ကျန်းမာရေး စစ်ဆေးတဲ့အဖွဲ့ လွှတ်ပြီး အကုန်စစ်လိမ့်မယ်လို့ မင်း ယုံသလား..."

ချူးရှန့်က နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားရ၏။

ဝမ်ထျဲ့ကျွင်းပြောသောစကားများက အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားလိုက်ရသည်။

အစီရင်ခံစာများ ရေးသားရခြင်းက အလွန်စိတ်ရှုပ်စရာ ကောင်းလှပေသည်။

ထို့ကြောင့် သူသည် အခြေအနေမှန်ကို အရိုးရှင်းဆုံး နည်းလမ်းဖြင့်သာ ပြောပြလိုက်တော့သည်။

"ကားပိုင်ရှင်က လျော်ကြေးပေးဖို့ မလိုဘူးလို့ ပြောတယ်..."

ဖုန်းခေါ်ဆိုမှုသည် ရုတ်တရက် ပြတ်တောက်သွားသကဲ့သို့ ရှိသွား၏။

သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြင်းပင် ဖြစ်သည်။

ချူးရှန့်သည် ဝမ်ထျဲ့ကျွင်း၏ ပြင်းထန်သော အသက်ရှူသံများကိုပင် ကြားနေရပြီး သူသည် အသက်ရှူမဝဘဲ မည်သည့်အချိန်တွင်မဆို သတိလစ်မေ့မြောသွားနိုင်သည့် အနေအထားကဲ့သို့ ဖြစ်နေတော့သည်။

"ဟင်……"

ငါးစက္ကန့်ခန့် ကြာပြီးနောက်တွင်မှ ဝမ်ထျဲ့ကျွင်းသည် သူ၏လည်ချောင်းထဲမှ ခြောက်ကပ်ကပ် အသံတစ်သံကို အနိုင်နိုင် ညှစ်ထုတ်နိုင်ခဲ့သည်။

ချူးရှန့်သည် စိတ်ရှည်စွာဖြင့် စကားတစ်ခွန်းကို ထပ်မံဖြည့်စွက်ပေးလိုက်၏။

"သူမက လူတိုင်း ဘာမှမဖြစ်တာပဲ ကောင်းပါတယ်တဲ့..."

"ကားဆိုတာ အသုံးအဆောင် ပစ္စည်းတစ်ခုပဲလေတဲ့..."

ထိုသို့ပြောပြီးနောက် ချူးရှန့်က ဝမ်ထျဲ့ကျွင်း ပြန်လည်တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် ဖုန်းကို ပြတ်သားစွာ ချလိုက်တော့သည်။

နောက်ဆုံးတော့ ငြိမ်သက်သွားချေပြီ။

သူသည် ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး ခန်းမထဲသို့ ပြန်လည်လှမ်းဝင်ကာ မူးယစ်နေသော အဘိုးကြီးဝမ်ကို အိမ်သို့ ပြန်ပို့ရန် ပြင်ဆင်လိုက်တော့သည်။

တစ်လောက်ကြာပြီးနောက်…

ကျန်းချန်မြို့နှင့် ကပ်လျက်ရှိသော လင်အန်းမြို့။

မြို့ပြကျေးရွာတစ်ခု၏ အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်ထားသော မြေအောက်လောင်းကစားရုံတစ်ခုသည် ဆေးလိပ်ငွေ့များဖြင့် ဖုံးလွှမ်းနေပြီး အသံဗလံများဖြင့် ဆူညံလျက် ရှိနေ၏။

အင်္ကျီချွတ်ထားပြီး သူ၏ဘယ်ဘက်မျက်လုံးအထက်တွင် ထင်ရှားလှသော အမာရွတ်ကြီးတစ်ခု ရှိနေသည့် အလယ်အလတ်အရွယ် လူတစ်ယောက်ကို လူငယ်တစ်စုက ဝိုင်းအုံနေကြပြီး သူ့ကို ကြယ်ပွင့်တစ်ဦးကဲ့သို့ ဆက်ဆံနေကြသည်။

သူသည် ကျန်းနန်ဒေသတွင် ကျော်ကြားလှသော သူခိုးဘုရင် အမာရွတ်မျက်နှာလီဖြစ်ပြီး အမှားတစ်ခုကြောင့် ထောင်ဒဏ် တစ်ဆယ်နှစ် ကျခံခဲ့ရကာ လွန်ခဲ့သော နှစ်ရက်ကမှ ပြန်လည်လွတ်မြောက်လာသူဖြစ်၏။

"ဟိုတုန်းက မင်းတို့ အစ်ကိုလီက တစ်ကိုယ်တော်ပဲ... ကာကွယ်ရေးအရာရှိ ရာကျော်ရှိနေတဲ့ ပွဲတော်တစ်ခုမှာ ဟောင်ကောင်သူဌေးကြီးရဲ့ လည်ပင်းက စိန်ဆွဲကြိုးကို မျက်စိရှေ့တင် ခိုးယူခဲ့တာ..."

"အဲဒီပစ္စည်းကို သမုဒ္ဒရာနှလုံးသားလို့ ခေါ်တယ်... တန်ဖိုးဖြတ်လို့မရဘူး..."

အမာရွတ်မျက်နှာလီက စားပွဲကို လက်ဖြင့် ပုတ်ကာ သူ၏အတိတ်က ပြောင်မြောက်သော ရာဇဝင်များကို တံတွေးတဖြန်းဖြန်းဖြင့် ကြွားဝါနေပြီး ၎င်းက ဘေးပတ်ဝန်းကျင်ရှိ လူသစ်စုကို စိတ်လှုပ်ရှားစေကာ သူတို့၏မျက်လုံးများ တောက်ပနေစေတော့သည်။

ထိုစဉ် ဆံပင်အဝါရောင် ဆိုးထားသော လူငယ်တစ်ဦးက ကြည်ညိုလေးစားသော မျက်နှာထားဖြင့် အနားသို့ တိုးကပ်လာ၏။

"အစ်ကိုလီက အရမ်းလန်းတာပဲ... အခု အစ်ကိုလည်း ဒီလောကထဲ ပြန်ရောက်လာပြီဆိုတော့ ငါတို့ အကွက်ကြီးကြီးတစ်ကွက်လောက် ရွှေ့ပြီး အရင်က ဂုဏ်သိက္ခာကို ပြန်ယူသင့်တာပေါ့..."

ဆံပင်ဝါရောင်နှင့်လူက အသံကိုနှိမ့်ကာ လျှို့ဝှက်စွာ ပြောလိုက်သည်။

"ကျွန်တော် ကြားတာတော့ ကပ်လျက်က ကျန်းချန်မြို့မှာ အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုပွဲတော်ရှိနေလို့ တကယ့်ကို ပွပေါက်တိုးနေတာတဲ့... အဲဒီမှာ သူဌေးတွေ အများကြီးပဲ... ပြီးတော့ ရဲတွေရဲ့ အာရုံကလည်း တခြားဆီ ရောက်နေတာ... ငါတို့... "

သူ စကားကို ဆုံးအောင် မပြောရသေးချေ။

"ဖြန်း"

စူးရှလှသော ပါးရိုက်သံတစ်ခုသည် ဆူညံနေသော လောင်းကစားရုံတစ်ခုလုံးကို တစ်ခဏချင်းအတွင်း ငြိမ်သက်သွားစေတော့သည်။

လူတိုင်း ထိုမြင်ကွင်းကို အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေမိကြ၏။

လွန်ခဲ့သော ခဏကပင် တက်ကြွနေခဲ့သော အမာရွတ်မျက်နှာလီသည် ယခုအခါတွင်မူ ကမ္ဘာပေါ်တွင် အကြောက်ရွံ့ဆုံးအရာကို ကြားလိုက်ရသကဲ့သို့ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်နေတော့သည်။

သူသည် ဆံပင်ဝါရောင်နှင့်လူ၏ ကော်လံစကို ဆွဲကိုင်လိုက်ပြီး သူ၏မျက်လုံးတစ်ဖက်တွင် မကြုံစဖူး ကြောက်ရွံ့မှုနှင့် ဒေါသများ ပြည့်နှက်လျက် ရှိနေ၏။

"မင်း သေချင်ရင်လည်း တစ်ယောက်တည်း သေ... ငါ့ကို လာမဆွဲထည့်နဲ့..."

သူက အော်ဟစ်ဆဲဆိုလုမတတ် ဖြစ်နေတော့သည်။

"ကျန်းချန် ဟုတ်လား... မင်းက ကျန်းချန်အကြောင်းကို ပြောရဲသေးတယ်ပေါ့..."

ဆံပင်ဝါရောင်မှာ ပါးရိုက်ခံလိုက်ရသဖြင့် ဆွံ့အသွားပြီး သူ၏ပါးကို လက်ဖြင့်အုပ်ကာ မခံချင်စိတ်ဖြင့် ကြည့်နေမိ၏။

"အစ်ကိုလီ... ကျွန်တော်... ဘာမှားပြောလို့လဲ..."

အမာရွတ်မျက်နှာလီက အသက်ကို ပြင်းထန်စွာ ရှူနေရသည်။ သူက ဘေးပတ်ဝန်းကျင်ရှိ ဝေခွဲမရဖြစ်နေသော မျက်နှာများကို ဝေ့ကြည့်လိုက်ပြီး သူ၏လည်ချောင်းထဲမှ စကားလုံးများကို အားယူ၍ ညှစ်ထုတ်လိုက်သကဲ့သို့ ပြောလိုက်တော့သည်။

"မင်းတို့လို လူသစ်တွေက တကယ့်ကို သေမင်းကို မကြောက်ကြသေးတာပဲ..."

သူသည် ဆံပင်ဝါရောင်နှင့်လူကို လွှတ်လိုက်ပြီး ထိုင်ခုံပေါ်သို့ ပြန်လည်ထိုင်ကာ ဝိုင်ခွက်ကို ကောက်ကိုင်၍ တစ်ငုံအပြင်း သောက်လိုက်၏။ သူ၏လက်များက အနည်းငယ် တုန်ယင်နေဆဲ ဖြစ်သည်။

လောင်းကစားရုံအတွင်းရှိ လူတိုင်း တိတ်ဆိတ်သွားကြပြီး ထိုလူဟောင်းကြီး၏ သတိပေးစကားကို နားစွင့်နေကြတော့သည်။

အမာရွတ်မျက်နှာလီက အသံကို နှိမ့်ချလိုက်၏။ သူ၏လေသံက တားမြစ်ထားသော ဒဏ္ဍာရီတစ်ခုကို ပြန်လည်ပြောပြနေသည့် မှော်ဆရာတစ်ဦးကဲ့သို့ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး... အနည်းငယ်မျှသော ရိုသေခန့်ညားမှုများလည်း ပါဝင်နေပုံရသည်။

"မင်းတို့ အသေအချာ မှတ်ထားကြ..."

"အခုလောကထဲမှာ စည်းကမ်းအသစ်တွေ ရှိနေပြီ..."

"ငရဲပြည်က မင်းကြီးဆယ်ပါးနဲ့ တွေ့ရင်တွေ့ပါစေ... ကျန်းချန်မြေကိုတော့ ခြေမချနဲ့..."

ဤစကားက အခန်းတွင်းရှိ လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတော့သည်။

လက်အောက်ငယ်သားတစ်ဦးက ဝေခွဲမရဖြစ်စွာ မေးလိုက်၏။

"ဘာလို့လဲ အစ်ကိုလီ... ကျန်းချန်က ရဲတွေက တကယ်ပဲ အဲဒီလောက်တောင် စွမ်းလို့လား..."

"ရဲဟုတ်လား..."

အမာရွတ်မျက်နှာလီက ခါးသီးမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော ရယ်သံဖြင့် ရယ်မောလိုက်သည်။

"ရဲတွေသာဆိုရင်တော့ တကယ့်ကို ကောင်းတာပေါ့..."

သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်တော့သည်။

"မင်းတို့ တောင်ပိုင်းက အရိပ်မဲ့လက်ဝါး အကြောင်း ကြားဖူးကြလား..."

လူစုသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အချို့က ခေါင်းငြိမ့်ပြကြ၏။

"အဲဒီလူက သူ့ရဲ့ လက်အရှိန်က ကျည်ဆန်ထက်တောင် မြန်တယ်လို့ ကျော်ကြားတာ... ငါတို့လောကရဲ့ ထိပ်တန်းပညာရှင်တစ်ယောက်ပေါ့... သူက အဲ့လိုအရာတွေကို မယုံကြည်ဘူး... ဒါကြောင့် လွန်ခဲ့တဲ့ တစ်လက သူ ကျန်းချန်ကို သွားခဲ့တယ်... အဲဒီမှာ ပိုက်ဆံအိတ်တစ်ခု ခိုးပြီး တစ်ညတွင်းချင်း နာမည်ကြီးလာဖို့နဲ့ အဲဒီက ဒဏ္ဍာရီကို စိန်ခေါ်ဖို့ မျှော်လင့်ခဲ့တာ..."

"ပြီးတော့ ဘာဖြစ်သွားလဲ..ရလဒ်ကရော."

ဆံပင်ဝါရောင်နှင့်လူက မမေးဘဲ မနေနိုင်တော့ချေ။

"ရလဒ်ဟုတ်လား..."

အမာရွတ်မျက်နှာလီ၏ မျက်လုံးများက မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ကစဉ့်ကလျား ဖြစ်သွားရ၏။ သူသည် ထိတ်လန့်စရာ ရုပ်ရှင်တစ်ခုခုကို ပြန်လည်အမှတ်ရနေပုံရသည်။

"အဲဒီအချိန်က အနားမှာ ရှိနေခဲ့တဲ့ လူတွေရဲ့ ပြောပြချက်အရ... သူက အဘိုးကြီးတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ကို ခိုးထုတ်လိုက်ရုံပဲ ရှိသေးတယ်... လက်ထဲမှာတောင် မနွေးသေးဘူး... အဲဒီပိုက်ဆံအိတ်က... အတောင်ပံတွေ ပေါက်လာသလိုမျိုး ဝုန်းခနဲ အဘိုးကြီးရဲ့ အိတ်ကပ်ထဲကို ပြန်ပျံဝင်သွားတာတဲ့..."

"အရိပ်မဲ့လက်ဝါးက အဲဒီနေရာမှာတင် ထိတ်လန့်ပြီး ရူးသွားခဲ့တာ... မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ကန်တော့ရင်းနဲ့ သရဲ ရှိတယ်….ငါ့ကိုမသတ်ပါနဲ့ လို့ အော်ဟစ်နေခဲ့တာ... သူ အခုထိ လင်အန်း စိတ်ကျန်းမာရေးဆေးရုံမှာ နေ့တိုင်း နံရံကို စာလုံးတွေ ဝိုင်းဝိုင်းဆွဲပြီး နေနေရတုန်းပဲ..."

“ဟူး…”

လောင်းကစားရုံတစ်ခုလုံးတွင် အသက်ရှူသံများ ပြင်းထန်သွားကြ၏။

"ဒါ... ဒါက စုန်းကဝေအတတ် မဟုတ်ဘူးလား..."

"ဒါတင်မကသေးဘူး..."

အမာရွတ်မျက်နှာလီ၏ အသံက ပိုမိုနိမ့်ကျသွားတော့သည်။

"ပြီးတော့ မကြာခင်ကတင် နိုင်ငံတကာအထိ ဟိုးဟိုးကျော်သွားခဲ့တဲ့ တစ္ဆေလက်ဝါး သူခိုးဂိုဏ်း ရှိသေးတယ်... ထိပ်တန်း အေးဂျင့်တွေနဲ့ သူခိုး မာစတာတွေပဲ... တကယ့်ကို အစွမ်းထက်တယ် မဟုတ်လား... သူတို့ ကျန်းချန်မှာ ကြီးကျယ်တဲ့ အမှုတစ်ခုကို ကြံစည်ခဲ့ကြတယ်... ပြီးတော့ ဘာဖြစ်သွားလဲ..."

"အဲဒီအဖွဲ့အစည်းတစ်ခုလုံး... ခေါင်းဆောင်နဲ့ သူ့ရဲ့ လက်အိတ်ဖြူအပါအဝင် အကုန်လုံး အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရတာ... တစ်ဖွဲ့လုံး အသက်ရှင်ဖို့ မျှော်လင့်ချက် လုံးဝမရှိဘဲ ပျက်စီးသွားခဲ့တာ..."

"ဒါတွေအားလုံးက လူတစ်ယောက်တည်းကြောင့်ပဲ..."

လောင်းကစားရုံတစ်ခုလုံးတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

လူတိုင်း အသက်ရှူအောင့်လျက် နောက်ဆုံးအဖြေကို စောင့်ဆိုင်းနေကြ၏။

အမာရွတ်မျက်နှာလီက နတ်ဘုရားတစ်ပါး၏ အမည်ကို ရွတ်ဆိုနေသကဲ့သို့ ဖြည်းညင်းလေးနက်စွာဖြင့် ကျန်းနန်ဒေသတစ်ခုလုံး၏ မြေအောက်လောကတွင် ကျော်ကြားလှပြီး ကလေးငိုသည်ကိုပင် ရပ်တန့်စေနိုင်သော ထိုအမည်ကို ပြောလိုက်တော့သည်။

"ဘာလို့လဲဆိုတော့ အဲဒီမှာ..."

"ချူးရှန့် ရှိနေလို့ပဲ..."

ဤအချိန်မှစ၍ ချူးရှန့်၏ ကျော်ကြားမှုသည် မမြင်နိုင်သော ကွက်စိတ်တစ်ခုကဲ့သို့ ကျန်းနန်ဒေသတစ်ခုလုံး၏ မြေအောက်လောကကို လုံးဝ လွှမ်းမိုးချုပ်ကိုင်သွားတော့သည်။

All Chapters