← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း (၂၅၇) လုပ်ကြံသူစခန်းကို ရှာတွေ့ခြင်း

ကျူရှန်းလုံ၏ မြေအောက်ခန်း။

ဝမ့်ရှန်းလုံ၏ လုပ်ငန်းများကို တာဝန်ယူထားသော အဘိုးကြီးက သီးသန့်အခန်းထဲရှိ လမ်းမြှောင်ကို ဖွင့်ကာ မြေအောက်ခန်းထဲသို့ ဝင်သွား၏။

ဗလာကျင်းနေသော နေရာကို မြင်လိုက်ရသောအခါ အဘိုးကြီးမှာ ချက်ချင်းပင် မှင်တက်သွားလေသည်။

"ဘယ်သူလဲ..."

"ငါတို့ ဝမ့်ရှန်းလုံရဲ့ မှတ်တမ်းတွေနဲ့ ငွေစက္ကူတွေကို ဘယ်သူကများ ခိုးရဲတာလဲ..."

အဘိုးကြီးက ဟိန်းဟောက်လိုက်၏။

ထိုသို့ ဟိန်းဟောက်လိုက်ပြီးနောက် ကျူရှန်းလုံ၏ ခေါင်မိုးပေါ်တွင် လှဲလျောင်းနေသော အစောင့်ဖြစ်သူမှာ ချက်ချင်း ပျံသန်းဆင်းသက်လာကာ မြေအောက်ခန်းထဲသို့ ပြေးဝင်လာလေသည်။

"အဘိုးလျို ကျွန်တောိ..."

"သူခိုးကို သတိမထားမိတဲ့အတွက် ကျွန်တော် တာဝန်ပျက်ကွက်ခဲ့ပါတယ် အဘိုးလျို ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ..."

အစောင့်ဖြစ်သူက ကြောက်ရွံ့စွာဖြင့် ခါးညွှတ်လိုက်၏။

မှတ်တမ်းများအားလုံး ပျောက်ဆုံးသွားခြင်းက ဝမ့်ရှန်းလုံ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့၏ လုပ်ကြံသည့် နည်းလမ်းများနှင့် လည်ပတ်ပုံ လုပ်ငန်းစဉ်များကို ပြင်ပလူများထံသို့ ပေါက်ကြားသွားစေသည်။

ဤစခန်းသည် လုပ်ကြံသတ်ဖြတ်ခြင်းအတွက် ရရှိသော ဆုကြေးငွေများအားလုံးကို ခုနစ်ရက်တစ်ကြိမ် အထက်လူကြီးများထံ ပေးအပ်ရမည် ဖြစ်သောကြောင့် ငွေစက္ကူများ ပျောက်ဆုံးသွားခြင်းက အရေးမကြီးပေ။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ရရှိထားသော လုပ်ကြံသတ်ဖြတ်ခြင်း ဆုကြေးငွေများမှာ ခန့်မှန်းခြေအားဖြင့် ငွေပြားသိန်းဂဏန်းအနည်းငယ်ခန့်သာ ရှိမည်ဖြစ်ရာ ကြီးမားလှသော ဝမ့်ရှန်းလုံအတွက်တော့ မပြောပလောက်သည့် ပမာဏသာ ဖြစ်သည်။

"အခုက မင်းကို အပြစ်ပေးရမယ့် အချိန်မဟုတ်ဘူး ဒီမှာ လမ်းမြှောင်တစ်ခုရှိတယ် အဲ့ဒီသူခိုးတွေကို ခြေရာခံဖို့ အခုချက်ချင်း ငါနဲ့လိုက်ခဲ့..."

အဘိုးလျိုက အေးစက်စွာ ပြောလိုက်၏။

ထို့နောက် သူတို့နှစ်ဦးသည် လမ်းမြှောင်အတွင်းမှနေ၍ သူခိုးနောက်သို့ လိုက်သွားကြပြီး မကြာမီမှာပင် လမ်းကြားထဲမှ ထွက်လာခဲ့ကြသည်။

"သူတို့က ဒီကနေ ကျူရှန်းလုံဆီကို တိုက်ရိုက်ရောက်တဲ့ လမ်းမြှောင်တစ်ခုကို တကယ်တူးခဲ့တာပဲ..."

"သူတို့က ဒီလမ်းရဲ့ အနေအထားကို သိပ်ရင်းနှီးနေတာကို ကြည့်ရင် သူခိုးတွေက ဒီနေရာကို အစောကြီးကတည်းက ကင်းထောက်ပြီး ကြိုတင်စီစဉ်ထားတာ သေချာတယ်..."

"မြေကြွက် မင်း စခန်းကို အခုချက်ချင်းသွားပြီး လုပ်ကြံသူတွေ အားလုံးကို ဆင့်ခေါ်လိုက် ဒီည လျန်ရှီးခရိုင်ထဲက ကြီးမားတဲ့ အင်အားစုတွေရော သေးငယ်တဲ့ အင်အားစုတွေ အားလုံးကိုပါ စုံစမ်းစစ်ဆေးပြီး သူခိုးအဖွဲ့ကို အမြစ်ပြတ် ချေမှုန်းရမယ်..."

အဘိုးလျိုက အခြေအနေကို လျင်မြန်စွာ အကဲဖြတ်ပြီးနောက် တန်ပြန်တိုက်ခိုက်မည့် နည်းလမ်းကို ဖန်တီးလိုက်လေသည်။

အစောင့်ဖြစ်သူ မြေကြွက်သည်လည်း ကျောက်စိမ်းနယ်ပယ်၏ စွမ်းအားရှိသော အဆင့်တစ်လုပ်ကြံသူတစ်ဦး ဖြစ်သည်။ ယခုအခါတွင် သူသည် သူ၏အပြစ်များကို ဆပ်ရန်သာ ဆန္ဒရှိနေ၏။

"ဟုတ်ကဲ့ပါ အမိန့်အတိုင်း နာခံပါ့မယ်..."

မြေကြွက်က လက်ကိုယှက်ကာ အရိုအသေပေးလိုက်ပြီးနောက် ချက်ချင်းပင် လေပေါ်သို့ ပျံသန်းသွားကာ လျန်ရှီးခရိုင်၏ ဆင်ခြေဖုံးရပ်ကွက်ဆီသို့ ဦးတည်သွားလေသည်။

ထိုအချိန်တွင် ကျောက်လင်သည် သူ၏ ကျန်းနန်စံအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

"စုစုပေါင်း ငွေပြားနှစ်သိန်းတန် ငွေစက္ကူတွေကို တွေ့ခဲ့ရတယ်..."

"ဝမ့်ရှန်းလုံရဲ့ ကင်းစခန်း အသီးသီးက ငွေစက္ကူတွေကို အထက်လူကြီးတွေဆီ ပုံမှန် ပေးအပ်ပုံရပြီး အချိန်အကြာကြီး သိမ်းဆည်းမထားဘူးထင်တယ်..."

"ဒါပေမဲ့ ဒီငွေပြားနှစ်သိန်းတန် ငွေစက္ကူတွေကလည်း ငါ့အတွက်တော့ အရမ်းအသုံးဝင်ပါတယ်လေ…”

ကျောက်လင်က အနည်းငယ် ပြုံးလိုက်၏။

ထိုအချိန်အတောအတွင်း ကျောက်လင်၏ အသိစိတ်သည် ကံကြမ္မာနတ်ဘုရားအဆင့်စာရင်း နှင့် ဆက်သွယ်ထားဆဲဖြစ်သည်။ ကြွက်လေး၏ မြင်ကွင်းမှတစ်ဆင့် ကျူရှန်းလုံကို စောင့်ကြပ်နေသည့် လုပ်ကြံသူ မြေကြွက်သည် လုပ်ကြံသူစခန်းသို့ ပျံသန်းသွားကြောင်း သူ သိလိုက်ရသည်။

ရွှမ်ယွမ်မိသားစု၏ စံအိမ်တွင် မြေဝံပုလွေကို သတ်ဖြတ်ပြီးနောက် ကြွက်လေးသည် ကျူရှန်းလုံ၏ အနီးတစ်ဝိုက်သို့ ချက်ချင်း ပြေးသွားခဲ့ပြီး ဝမ့်ရှန်းလုံမှ လူများ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

အဘိုးလျိုနှင့် မြေကြွက်တို့ လမ်းကြားထဲမှ ပျံသန်းထွက်လာချိန်ရောက်မှသာ မြေကြွက်က လုပ်ကြံသူစခန်းသို့ အမြန်သွားရန် အမိန့်ရရှိခဲ့ခြင်း ဖြစ်၏။

ကျောက်လင်က လုပ်ကြံသူ မြေကြွက်နောက်သို့ လိုက်ရန် ကြွက်လေးကို ချက်ချင်း အကြောင်းကြားလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျောက်လင်သည်လည်း ကျန်းနန်စံအိမ်မှ ပျံသန်းထွက်ခွာသွားပြီး အမြင့်တစ်နေရာသို့ ရောက်ရှိပြီးနောက် စနစ်နေရာလွတ်ထဲမှ မောင်းသူမဲ့ယာဉ်ကို ထုတ်ယူလိုက်၏။

ကျောက်လင်သည် မြေပြင်အထက် အမြင့်တစ်နေရာ၌ တစ်နာရီလျှင် မိုင်တစ်ရာ့ရှစ်ဆယ်နှုန်းဖြင့် မောင်းသူမဲ့ယာဉ်ကို မောင်းနှင်နေလေသည်။

ကြွက်လေးနှင့် မျှဝေထားသော မြင်ကွင်းဖြင့် ကျောက်လင်သည် လေထဲရှိ လုပ်ကြံသူ မြေကြွက်နောက်သို့ လိုက်သွားကာ လျန်ရှီးခရိုင်ရှိ ဝမ့်ရှန်းလုံ၏ လုပ်ကြံသူစခန်းဆီသို့ ဦးတည်သွားလေသည်။

နာရီဝက်ခန့် ကြာပြီးနောက်။

မြေကြွက်သည် လှည့်ပတ်ပျံသန်းနေခဲ့ရာ နောက်ဆုံးတွင် တောင်တန်းတစ်ခုဆီသို့ ရောက်ရှိသွား၏။

ထိုနေရာတွင် သဘာဝချောက်ကမ်းပါးတစ်ခု ရှိသည်။ မြေကြွက်သည် ချောက်ကမ်းပါး၏ တစ်ဖက်ရှိ ဂူတစ်ခုထဲသို့ တိုးဝင်သွားပြီးနောက် တောင်တစ်ခုလုံးကို ဖြတ်သန်းကာ အခြားတစ်ဖက်ရှိ တောင်ကြားဆီသို့ ရောက်ရှိသွားလေသည်။

ညအချိန်ဖြစ်သော်လည်း တောင်ကြားထဲရှိ ထူထပ်သော သစ်တောကို မြင်တွေ့နေရဆဲဖြစ်ကာ ၎င်းမှာ ပုန်းအောင်းရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေသည်။

ဝမ့်ရှန်းလုံမှ လုပ်ကြံသူစခန်းကို ဤနေရာတွင် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းက တကယ့်ကို အလွန်ကောင်းမွန်သော အကြံအစည်ပင် ဖြစ်၏။

ဤအခိုက်အတန့်တွင် ကြွက်လေးသည် မောင်းသူမဲ့ယာဉ်ထဲသို့ ပျံသန်းဝင်ရောက်လာပြီး ကျောက်လင်၏ ပခုံးပေါ်တွင် ထိုင်လိုက်လေသည်။

"ဖက်တီး မင်းလုပ်တာ အရမ်းကောင်းတယ်..."

"ငါ မင်းကို လင်းလုံသစ်သီး ဆယ်လုံး ပေးခဲ့တယ် အခု မင်းက ပဉ္စမအဆင့် ဝိညာဉ်သားရဲရဲ့ အမြင့်ဆုံးအဆင့်ကို ချိုးဖောက်နိုင်သွားပြီမလား..."

ကျောက်လင်က ပြုံး၍ မေးလိုက်၏။

ကြွက်လေးက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလေသည်။

ကြွက်လေးသည် ကျောက်လင်နှင့် စတင်တွေ့ဆုံချိန်က တတိယအဆင့် ဝိညာဉ်သားရဲ တစ်ကောင်သာဖြစ်သည်။ ပုံမှန် ဆင့်ကဲပြောင်းလဲမှု အမြန်နှုန်းအရဆိုလျှင် စတုတ္ထအဆင့်သို့ ချိုးဖောက်နိုင်ရန် ဆယ်နှစ်ကြာမည်ဖြစ်ပြီး ပဉ္စမအဆင့်သို့ ချိုးဖောက်နိုင်ရန် နောက်ထပ် အနှစ်နှစ်ဆယ် ကြာမြင့်မည် ဖြစ်သည်။

ကျောက်လင်နောက်သို့ လိုက်လာပြီး တစ်လပင် မပြည့်သေးချိန်၌ ကြွက်လေးသည် ပဉ္စမအဆင့်၏ အမြင့်ဆုံးအဆင့်သို့ ချိုးဖောက်နိုင်ခဲ့ပြီ ဖြစ်၏။

ကံကြမ္မာနတ်ဘုရားအဆင့်စာရင်း မရှိလျှင်ပင် ကြွက်လေးသည် ကျောက်လင်အပေါ် အလွန်ကျေးဇူးတင်နေမည်ဖြစ်ပြီး သူ့နောက်သို့ တစ်သဝေမတိမ်း လိုက်ပါမည်ဟု ဆိုနိုင်ပေသည်။

"ကောင်းပြီ အခုတော့ လုပ်ကြံသူတွေရဲ့ စခန်းကို ငါတို့ ရှာတွေ့သွားပြီ..."

"ဒီမှာ ပေါင်းစည်းခြင်းနယ်ပယ်က ဆဋ္ဌမအဆင့် လုပ်ကြံသူတွေ အနည်းဆုံး ရှိနေမယ်လို့ ငါ ခန့်မှန်းရတယ်..."

"ငါတို့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ဆိုရင်တော့ ပေါင်းစည်းခြင်းနယ်ပယ်က လုပ်ကြံသူကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး..."

"ဒါပေမဲ့ ပေါင်းစည်းခြင်းနယ်ပယ်က ဆရာသခင်ကို သေချာပေါက် သတ်နိုင်တဲ့ အစီအရင်တစ်ခု ငါ့ဆီမှာရှိတယ်..."

"အခု ဒီအစီအရင်ရဲ့ အစီအရင်ပြား ခြောက်ခုကို မင်းကို ငါပေးမယ် မင်းရဲ့ အမြန်နှုန်းနဲ့ဆိုရင် ပေါင်းစည်းခြင်းနယ်ပယ်က လုပ်ကြံသူတစ်ယောက် မင်းကို ရှာတွေ့သွားရင်တောင်မှ မင်းကို တိုက်ခိုက်ဖို့က ခက်ခဲလိမ့်မယ်..."

"အစီအရင်ပြားကို သွားချထားလိုက် ဝမ့်ရှန်းလုံက လုပ်ကြံသူတွေကို အစီအရင်ထဲ ဝင်လာအောင် မျှားခေါ်ဖို့ ငါ တာဝန်ယူမယ် ပြီးရင်တော့ မင်းက အစီအရင်ကို ဖွင့်လိုက်ပေါ့..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ယခုအခါ ဝမ့်ရှန်းလုံက ရွှမ်ယွမ်ဇီကို သတ်ဖြတ်မည့် တာဝန်ကို လက်ခံထားသောကြောင့် ကျောက်လင်အနေဖြင့် ဤလုပ်ကြံသူစခန်းကို လွှတ်ထား၍ မရနိုင်ပေ။

ကျောက်လင်တွင် ရွှမ်ယွမ်ဇီကို အချိန်ပြည့် ကာကွယ်ပေးရန် အချိန်မရှိသောကြောင့် လုပ်ကြံသူများကို ၎င်းတို့၏ ရင်းမြစ်မှနေ၍ ဖြေရှင်းရခြင်းဖြစ်သည်။

ဝမ့်ရှန်းလုံသည် လုပ်ကြံသတ်ဖြတ်ရေး တာဝန်တစ်ခုကို လက်ခံပြီးသည်နှင့် ပစ်မှတ်ကို သတ်ဖြတ်ရန် လုပ်ကြံသူအဖွဲ့ သုံးဖွဲ့ကို စေလွှတ်လေ့ရှိ၏။

မြေဝံပုလွေသည် သေဆုံးသွားပြီဖြစ်ရာ ဝမ့်ရှန်းလုံသည် ရွှမ်ယွမ်ဇီကို သတ်ရန် ပိုမိုအားကောင်းသော လုပ်ကြံသူများကို သေချာပေါက် စေလွှတ်မည် ဖြစ်သည်။ ကျောက်လင်က ထင်းရှူးနက်ကျေးရွာသို့ ပြန်ချင်နေပြီး ကြွက်လေးကို ရွှမ်ယွမ်ဇီ၏ ဘေးတွင် ထာဝရ နေစေချင်မည်မဟုတ်ပေ။

သူ၏ အနာဂတ်ဇနီးလောင်း သေဆုံးမည့်အရေးမှ ကာကွယ်ရန်အတွက် ကျောက်လင်သည် ထိုလုပ်ကြံသူစခန်းကို ဖျက်ဆီးပစ်ချင်နေ၏။

ထို့ကြောင့် ဝမ့်ရှန်းလုံအနေဖြင့် လျန်ရှီးခရိုင်ရှိ လုပ်ကြံသူစခန်းကို ပြန်လည်တည်ဆောက်ရန် အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ထိုအချိန်တွင် ကျောက်လင်၏ စွမ်းအားမှာလည်း စိတ်ကူးမယဉ်နိုင်လောက်သော အဆင့်တစ်ခုသို့ သေချာပေါက် ရောက်ရှိနေပြီ ဖြစ်မည်။

ဤအခိုက်အတန့်တွင် ကျောက်လင်၏ အသိစိတ်က စနစ်ဈေးဆိုင် မျက်နှာပြင်ဆီသို့ ချိတ်ဆက်သွားလေသည်။

[ဓားသွားတစ်သောင်း အစီအရင် - အမှတ် ၂၀,၀၀၀,၀၀၀]

တစ်စုံ ဝယ်ယူမည်။

[ဝိညာဉ်သလင်းကျောက် - အမှတ် ၁၀၀,၀၀၀,၀၀၀]

တစ်ခု ဝယ်ယူမည်။

စနစ်အမှတ် - ၂၀,၉၁၃,၀၉၈,၀၀၀

စနစ်အမှတ် ဘီလီယံနှစ်ဆယ်ကျော်ဖြင့် ကျောက်လင်သည် ယခုအခါတွင် အလွန်ချမ်းသာနေပြီဖြစ်ကာ ငွေကို ရေလိုသုံးနိုင်နေပြီ ဖြစ်သည်။

ဓားသွားတစ်သောင်း အစီအရင်သည် အဆင့်ခုနစ် အစီအရင်တစ်ခုဖြစ်၏။

ဤအစီအရင်ကို အသက်သွင်းရန်အတွက် ကျင့်ကြံသူသည် မိမိ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းရမည်ဖြစ်ပြီး သို့မဟုတ်ပါက ဝိညာဉ်သလင်းကျောက်များကို အသုံးပြုရမည် ဖြစ်သည်။

ကျောက်လင်သည် ကျောက်စိမ်းသွေးကြော နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ သူ၏ ဝိညာဉ်စွမ်းအင်မှာ ဤသတ္တမအဆင့် အစီအရင်ကို အသက်သွင်းရန်ပင် လုံလောက်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဝိညာဉ်စွမ်းအင် ထောက်ပံ့ပေးရန်အတွက် ဝိညာဉ်သလင်းကျောက်တစ်ခုကို ဝယ်ယူရန် အမှတ် သန်းတစ်ရာကိုသာ အသုံးပြုနိုင်တော့သည်။

ကျောက်လင်က ဓားသွားတစ်သောင်း အစီအရင်၏ အစီအရင်ပြား ခြောက်ခုကို ချက်ချင်း ထုတ်ယူလိုက်၏။

ကြွက်လေးက ပါးစပ်ကို ဟလိုက်ရာ မည်သည့်စွမ်းရည်ကို အသုံးပြုလိုက်မှန်း မသိရခင်မှာပင် အစီအရင်ပြား ခြောက်ခုသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ သိမ်းဆည်းခံလိုက်ရလေသည်။

"ဒီဝိညာဉ်သလင်းကျောက်က ဒီအစီအရင်ကို အသက်သွင်းဖို့ သုံးတာ မင်းပဲ သိမ်းထားလိုက်..."

ထို့နောက် ကျောက်လင်က ဝိညာဉ်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။

ကြွက်လေးက ပါးစပ်ကို ထပ်ဟလိုက်ပြီး ဝိညာဉ်သလင်းကျောက်ကို အထဲသို့ ထည့်လိုက်၏။

"ကောင်းပြီ အခု တောင်ကြားထဲကို သွားပြီး နေရာတစ်ခုရှာကာ အစီအရင်ပြား ခြောက်ခုကို ချထားလိုက်..."

ကျောက်လင်က အမိန့်ပေးလိုက်သည်။

"ကျွီ..."

ကြွက်လေးက အောင်နိုင်သူတစ်ဦးလို အသံပြုလိုက်ပြီးနောက် မောင်းသူမဲ့ယာဉ်ထဲမှ အမြန်ထွက်ခွာသွားကာ တောင်ကြားထဲသို့ ဆင်းသက်သွားလေသည်။

ထို့နောက် ကျောက်လင်က မောင်းသူမဲ့ယာဉ်ကို သိမ်းဆည်းလိုက်ပြီး တောင်ထိပ်တစ်ခုဆီသို့ ပျံသန်းဆင်းသက်သွား၏။

"ဝမ့်ရှန်းလုံက ရရှိတဲ့ ဆုကြေးငွေတွေကို ပုံမှန် လွှဲပြောင်းပေးရမယ်ဆိုရင် အဲ့ဒါတွေ အားလုံးကို ဒီလုပ်ကြံသူစခန်းဆီ ပို့ပေးလိမ့်မယ်လို့ ငါထင်တယ်..."

"ဒီတစ်ကြိမ် ဒီလုပ်ကြံသူစခန်းကို ဖျက်ဆီးပြီးရင် ငါရင်းနှီးမြှုပ်နှံထားတဲ့ ကုန်ကျစရိတ်တွေကို ပြန်ကာမိအောင် လုပ်ရမယ်..."

ကျောက်လင်က အနည်းငယ် ပြုံးလိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ချကာ ညာလက်ဖြင့် မြေကြီးကို ထိလိုက်လေသည်။

ထိုအခါ မြေတစ်ကုဗမီတာခန့် ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။

All Chapters