အခန်း ၂၆၀
Vol. 26 Ch. 260
အခန်း (၂၆၀) ကျေးရွာသို့ ပြန်ရောက်လာခြင်းနှင့် လျှပ်စစ်ပုစဉ်းယာဉ်၏ ဩဇာလွှမ်းမိုးမှု
အရုဏ်တက်ချိန်၌။
ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ဖြင့် ထင်းရှူးနက်ကျေးရွာသို့ ပြန်ရောက်လာခဲ့၏။
လေထဲမှ ကြည့်လိုက်လျှင် ထင်းရှူးနက်တောင်ရှိ လူတစ်ထောင်ကျော်မှာ နိုးထနေကြပြီဖြစ်ကာ ၎င်းတို့၏ ကျောက်ဂူအခန်းများထဲမှ ထွက်လာပြီး မျက်နှာသစ်နေကြသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
အာကာသတဲထဲတွင်မူ မိုချန်းချွမ်းနှင့် သူ၏မြေးဖြစ်သူ မိုဟုန်လျန်တို့သည် ယနေ့တွင် အရေးကြီးသည့် လုပ်စရာကိစ္စများ ရှိနေသောကြောင့်လားမသိ အစောကြီး နိုးနေကြ၏။
ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိပေ။ သူက အာကာသတဲ ပလက်ဖောင်းပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်၏။
"အဲ့တာက ဘာကြီးလဲ..."
အဂ္ဂိရတ်ပညာရှင် မိုချန်းချွမ်းသည် ကောင်းကင်မှ ဆင်းသက်လာသော မောင်းသူမဲ့ယာဉ်ကို ပထမဆုံး မြင်လိုက်ရသောအခါ မှင်တက်သွားခဲ့သည်။
"အဲ့တာ ဘာကြီးလဲ... တကယ်ကြီး ပျံသန်းနိုင်တာပဲ..."
အဂ္ဂိရတ်ပညာ ပါရမီရှင် မိုဟုန်လျန်သည်လည်း အလွန်တရာ အံ့ဩသွားခဲ့၏။
သူတို့နှစ်ဦးစလုံးသည် အဂ္ဂိရတ်ပျံသန်းရေးယာဉ်ဖြစ်သည့် နဂါးပျံသင်္ဘော အကြောင်းကို သိထားကြသော်လည်း ဤမောင်းသူမဲ့ယာဉ်ကဲ့သို့ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့်အရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
ထိုသူနှစ်ဦးသည် မောင်းသူမဲ့ယာဉ်၌ ဝိညာဉ်စွမ်းအင် အတက်အကျများကို မခံစားရသဖြင့် ၎င်းသည် ဝိညာဉ်စွမ်းအင်ဖြင့် မောင်းနှင်ခြင်းမဟုတ်ကြောင်း သိလိုက်ကြသည်။ ထို့ကြောင့် မောင်းသူမဲ့ယာဉ်၏ စွမ်းအင်က မည်သည့်နေရာမှ လာသနည်းဆိုသည်ကို ပို၍ပင် သိချင်သွားကြ၏။
ကျောက်လင်က တံခါးကို တွန်းဖွင့်ကာ မောင်းသူမဲ့ယာဉ်ထဲမှ ထွက်လာခဲ့သည်။
"အာ..."
"ကျောက်လင်..."
အဘိုးနှင့်မြေး နှစ်ယောက်မှာ ကျောက်လင် ပေါ်လာသည်ကို မြင်သောအခါ ပို၍ပင် အံ့ဩသွားကြ၏။
ထို့ကြောင့် သူတို့နှစ်ဦးက အပြေးအလွှား သွားလိုက်ကြသည်။
"ဆရာမို... ဆပ်ပြာအလုပ်ရုံနဲ့ ဆပ်ပြာထုတ်လုပ်ရေးကို သေချာသုတေသန လုပ်ပြီးပြီလား..."
ကျောက်လင်က ပြုံး၍ မေးလိုက်၏။
ယွီချီတောင်ထွတ်သို့ မသွားမီကပင် ထိုအဘိုးနှင့်မြေးသည် ဆပ်ပြာကို ကိုယ်တိုင် ပြုလုပ်ခဲ့ပြီး ၎င်း၏ အကျိုးသက်ရောက်မှုကို အတည်ပြုခဲ့ပြီး ဖြစ်သည်။
သဘာဝကျစွာပင် ကျောက်လင်သည် အပြင်ထွက်ကာ ကမ္ဘာကြီးထဲတွင် သူ၏လမ်းကို ဖောက်ထွက်ခဲ့သော်လည်း ထိုအဘိုးနှင့်မြေးမှာ ထင်းရှူးနက်ကျေးရွာတွင် နေထိုင်ရန် အလွန်စိတ်ဝင်စားနေကြပြီး ယခုရက်ပိုင်းအတွင်း ဆပ်ပြာအလုပ်ရုံ တည်ဆောက်ရေးကို ကြီးကြပ်နေခဲ့ကြ၏။
ဆပ်ပြာပြုလုပ်ရာတွင် စွန့်ပစ်ရေများစွာ ထွက်ရှိသောကြောင့် ဆပ်ပြာအလုပ်ရုံများကို ပရိဘောဂအလုပ်ရုံများ၊ ရေမွှေးအလုပ်ရုံများနှင့် တိရစ္ဆာန်မွေးမြူရေးခြံများရှိရာ တောင်တန်းဒေသတွင် မဟုတ်ဘဲ ရေချိုးခန်း၏ အောက်ဘက်ရှိ မြစ်ကမ်းပါးတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
"ဆပ်ပြာအလုပ်ရုံက လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ... မင်း စိတ်ပူစရာ မလိုပါဘူး..."
"ကဲ ကျောက်လင်... ဒါက ဘာကြီးလဲဆိုတာ ငါ့ကို ပြောပြပါဦး... အဲ့တာက ဘယ်လို ပျံသန်းတာလဲ..."
မိုချန်းချွမ်းက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ခါယမ်းလိုက်ရင်း မျက်လုံးများက မောင်းသူမဲ့ယာဉ်အပေါ် စိုက်ကြည့်နေကာ ၎င်းအပေါ် ပြင်းပြသော စိတ်ဝင်စားမှု ဖြစ်ပေါ်နေခဲ့၏။
နဂါးပျံသင်္ဘောများသည် လူအများအပြားကို တင်ဆောင်နိုင်သော်လည်း မောင်းသူမဲ့ယာဉ်များမှာမူ တစ်ဦးတည်း သယ်ယူပို့ဆောင်ရေးနှင့် ပျံသန်းရန်အတွက် ဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များမှာ ကွဲပြားပေသည်။
အထူးသဖြင့် မောင်းသူမဲ့ယာဉ်များသည် ဝိညာဉ်စွမ်းအင် ထည့်သွင်းရန်မလိုဘဲ ပျံသန်းနိုင်ခြင်းကြောင့် ၎င်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်နိုင်ပြီး သာမန်လူများပင် မောင်းနှင်နိုင်သည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ဤဈေးကွက် အလားအလာသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။
အဂ္ဂိရတ်ပညာရှင်တစ်ဦးအနေဖြင့် မိုချန်းချွမ်းတွင် အမြဲတမ်း သူ၏ကိုယ်ပိုင် အိပ်မက်တစ်ခု ရှိခဲ့သည်။ ၎င်းမှာ ကမ္ဘာပေါ်ရှိ လူအားလုံးကြား ဆက်သွယ်ရေးကို လွယ်ကူချောမွေ့စေမည့် ကိရိယာတစ်ခု ဖန်တီးရန် ဖြစ်၏။
နဂါးပျံသင်္ဘောသည် ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအင် ထည့်သွင်းမှုကို လွယ်ကူချောမွေ့စေရန်အတွက် မှော်အက္ခရာ အများအပြား ရေးထွင်းရန် လိုအပ်သောကြောင့် သင်္ဘောကို အလွန် ကြီးမားစွာ တည်ဆောက်ရပေသည်။
သေချာပေါက်ပင် နဂါးပျံသင်္ဘော၏ ကုန်ကျစရိတ်သည် အလွန် မြင့်မားပြီး အင်အားကြီးမားသော အဖွဲ့အစည်းများသာ ဝယ်ယူ အသုံးပြုနိုင်သောကြောင့် အများပြည်သူအတွက် မရရှိနိုင်ပေ။
အဂ္ဂိရတ်ပညာရှင်များသည် ပျံသန်းသည့်ယာဉ်များကို သေးငယ်အောင် ပြုလုပ်ရန် အမြဲ ကြိုးပမ်းခဲ့ကြသည်။
မောင်းသူမဲ့ယာဉ်များ ပေါ်ပေါက်လာခြင်းက မိုချန်းချွမ်း၏ မျက်လုံးကို ချက်ချင်း ဖမ်းစားနိုင်ခဲ့ပြီး သူ၏ အိပ်မက် အကောင်အထည် ပေါ်လာနိုင်ကြောင်းကို သဘောပေါက်သွားခဲ့၏။
"ဒီဟာက... အဲ့တာကို လျှပ်စစ်ပုစဉ်းယာဉ်လို့ ခေါ်တယ်..."
"ဘယ်လို ပျံသန်းလဲဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး..."
"ဒီလျှပ်စစ်ပုစဉ်းယာဉ်ကို ကျွန်တော့်ရဲ့ အဂ္ဂိရတ်ပညာရှင် သူငယ်ချင်းက တီထွင်ခဲ့တာပါ... သူက ကျွန်တော့်ကို သုံးဖို့ပေးထားပြီး အဲ့ဒီအပေါ်က အတွေ့အကြုံတွေကို မျှဝေခိုင်းတာပါ... သူက လျှပ်စစ်ပုစဉ်းယာဉ်ကိုလည်း ပိုကောင်းအောင် လုပ်ချင်နေတယ်လေ..."
ကျောက်လင်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်၏။
ဤကမ္ဘာတွင် ကားများပင် မရှိပေ။ ထို့ကြောင့် လျှပ်စစ်ကားများ သို့မဟုတ် ပိုမို အဆင့်မြင့်သော မောင်းသူမဲ့ယာဉ်များအကြောင်းဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
ထို့ကြောင့် ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ကို ပုံဖော်ကြည့်ကာ ၎င်းအား လျှပ်စစ်ပုစဉ်းယာဉ် ဟု ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။
"လျှပ်စစ်ပုစဉ်းယာဉ်..."
၎င်းကို အဘယ်ကြောင့် လျှပ်စစ်ဟူသော စကားလုံးဖြင့် အမည်တပ်ထားရသနည်း။
"ဒီလျှပ်စစ်ပုစဉ်းယာဉ်က မိုးကြိုးစွမ်းအားတွေ ပါဝင်နေတာများလား..."
အဂ္ဂိရတ်ပညာရှင်ပီပီ နာမည်ကို ကြားလိုက်ရုံဖြင့် ၎င်းတို့၏ စွမ်းအင်အရင်းအမြစ်ကို ချက်ချင်း ခွဲခြားသိမြင်နိုင်ပေသည်။
"ပုစဉ်းယာဉ်... သူ့ရဲ့ ပုံစံကတော့ အဲ့တာနဲ့ တူတယ်..."
မိုဟုန်လျန်က သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
"ဆရာမို... ကျွန်တော့် သူငယ်ချင်းက ဒီလျှပ်စစ်ပုစဉ်းယာဉ်က တကယ့်ကို မိုးကြိုးစွမ်းအားနဲ့ မောင်းနှင်တာလို့ ပြောတယ်..."
"အော်... ဒီနေရောင်ခြည်စွမ်းအင်သုံးပြားက နေရောင်ခြည်ကို စုပ်ယူပြီး စွမ်းအင်တွေ ထုတ်ပေးတယ်... အဲ့တာကို လျှပ်စစ်ပုစဉ်းယာဉ်အတွက် အားသွင်းဖို့ သုံးလို့ရတယ်..."
ကျောက်လင်က အပေါ်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ်ကို လက်ညိုးထိုးပြကာ ပြုံး၍ ရှင်းပြလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ မိုချန်းချွမ်းသည် ပို၍ စိတ်ဝင်စားသွား၏။
အဘယ်ကြောင့်ဆိုသော် မိုချန်းချွမ်းသည် အစောပိုင်းကတည်းက ထင်းရှူးနက်ကျေးရွာတွင် နေထိုင်လိုခဲ့သည့် အကြောင်းရင်းမှာ ဤနေရောင်ခြည်စွမ်းအင် သိုလှောင်ရေးစနစ်ကြောင့် ဖြစ်ပေသည်။
ယခုရက်ပိုင်းအတွင်း ညအချိန်ရောက်ပြီး အမှောင်ထု ကျဆင်းလာသည်နှင့်တပြိုင်နက် ဤဖန်လုံအိမ် အမိုးပေါ်ရှိ မီးလုံးများက ပလက်ဖောင်းတစ်ခုလုံးကို လင်းထိန်သွားစေပြီး လူတိုင်း၏ ညချမ်းများကို ဖျော်ဖြေမှုများစွာဖြင့် ပြည့်နှက်သွားစေခဲ့သည်။
မိုချန်းချွမ်းသည် နေရောင်ခြည်စွမ်းအင်သုံးပြားများကို မည်သို့ ဖန်တီးရမည်နှင့် လျှပ်စစ်စွမ်းအင်ကို မည်သို့ သိုလှောင်ရမည်ကို စဉ်းစားနေခဲ့သော်လည်း မည်သို့လုပ်ရမည်ကို အစအနမျှပင် မသိခဲ့ပေ။
ယခုအခါ အခြားလျှပ်စစ်ပုစဉ်းယာဉ်တစ်ခု ထပ်ရောက်လာပြီး လျှပ်စစ်ဓာတ်အား ထပ်မံ လိုအပ်လာပြန်သည်။
မိုချန်းချွမ်းသည် ယခုအခါ သူ၏စိတ်ကို ပိုင်းဖြတ်လိုက်ပြီ ဖြစ်သည်။ သူသည် ထင်းရှူးနက်ကျေးရွာတွင် နေထိုင်ကာ နေရောင်ခြည်စွမ်းအင်ကို သေချာစွာ သုတေသန ပြုလုပ်ရမည်ဖြစ်၏။ သူက ဤလျှပ်စစ်ဓာတ်အား ပုံစံကို အပြည့်အဝ နားလည်ချင်နေသည်။
လျှပ်စစ်ဓာတ်အားရှိလာပါက သူသည် နေရောင်ခြည်စွမ်းအင်ကို မြှင့်တင်နိုင်ပြီး လျှပ်စစ်ပုစဉ်းယာဉ်များကို ဖန်တီးနိုင်မည် ဖြစ်ပေသည်။
"ကျောက်လင်... ဒီလျှပ်စစ်ပုစဉ်းယာဉ်ထဲမှာ ငါ ထိုင်လို့ရမလား... အဲ့တာကို ဘယ်လို မောင်းရမလဲဆိုတာ သင်ပေးလို့ရမလား..."
မိုဟုန်လျန်တွင် မိုချန်းချွမ်း၏ ကြီးကျယ်ခမ်းနားသော အိပ်မက်မျိုး မရှိပေ။ သူက လျှပ်စစ်ပုစဉ်းယာဉ်ကိုသာ စိတ်ဝင်စားပြီး ကိုယ်တိုင် တွေ့ကြုံခံစားချင်နေခြင်း ဖြစ်၏။
မိုချန်းချွမ်းကလည်း ကျောက်လင်အား တောင့်တသော အကြည့်များဖြင့် ကြည့်လိုက်ရာ သူသည်လည်း အပေါ်သို့ တက်ကာ ထိုင်ချင်နေကြောင်း ရှင်းလင်းလှပေသည်။
"ရပါတယ်..."
"လာ... ခင်ဗျားတို့ အားလုံး အပေါ်တက်လာခဲ့..."
ထိုအဂ္ဂိရတ်ပညာရှင်နှစ်ဦးသည် မောင်းသူမဲ့ယာဉ်များအပေါ် အတော်လေး စိတ်ဝင်စားနေကြောင်း ကျောက်လင် သိနိုင်သောကြောင့် ၎င်းတို့၏ တောင်းဆိုမှုကို ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် အနာဂတ်တွင် သူ၏ အလုပ်ရုံ အများအပြားသည် ထိုအဂ္ဂိရတ်ပညာရှင်နှစ်ဦးကို နည်းပညာ အကြံပေးများ အဖြစ် လိုအပ်လာမည်ဖြစ်ပြီး ပြင်ပကမ္ဘာသို့ ရှင်းလင်းချက် ပေးရန်အတွက်လည်း ၎င်းတို့၏ နာမည်များကို အသုံးပြုရန် လိုအပ်မည် ဖြစ်ပေသည်။
မောင်းသူမဲ့ယာဉ်တွင် ထိုင်ခုံနှစ်တန်း ပါရှိပြီး အရှေ့တွင် တစ်တန်းနှင့် အနောက်တွင် တစ်တန်း ဖြစ်သည်။ မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့က အနောက်ဘက်တွင် ထိုင်လိုက်ကြပြီး ကျောက်လင်က အရှေ့ဘက်တွင် ထိုင်လိုက်၏။
"ဆရာတို့... လျှပ်စစ်ပုစဉ်းယာဉ်ကို ဘယ်လို မောင်းနှင်ရမလဲဆိုတာ ကျွန်တော် ကိုယ်တိုင် ပြသပေးပါမယ်... သေချာ ကြည့်ထားကြနော်..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့က အလျင်အမြန် ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် ကျောက်လင်သည် စက်နှိုးခလုတ်ကို မနှိပ်မီ မောင်းနှင်ခြင်း၏ အဓိက အချက်များ အားလုံးကို ကိုယ်တိုင် ရှင်းပြလိုက်သည်။
"လှုပ်သွားပြီ... တကယ်ကြီး လှုပ်သွားပြီ..."
"အဲ့တာက အရမ်းအံ့သြစရာကောင်းတာပဲ..."
မိုချန်းချွမ်းနှင့် သူ၏မြေးဖြစ်သူ မိုဟုန်လျန်တို့သည် မျက်နှာပြင် လင်းလာပြီး အပေါ်ရှိ ပန်ကာရွက်များ စတင် လည်ပတ်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားကြ၏။
ချက်ချင်းပင် ကျောက်လင်က မောင်းတံကို ဆွဲလိုက်ရာ မောင်းသူမဲ့ယာဉ်က ပျံတက်သွားခဲ့သည်။
"ဝိုး..."
"ပျံသွားပြီ... အဲ့တာ ပျံသွားပြီ..."
မြေးအဘိုးနှစ်ယောက်မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာ လက်ခုပ်တီးလိုက်ကြ၏။
ကျောက်လင်က ထိုလူနှစ်ယောက်ကို ခေါ်ဆောင်ကာ သူ ဝယ်ယူထားသည့် တောင်တန်းဒေသပေါ်တွင် အချိန်အတန်ကြာ ဝဲပျံလိုက်သည်။
ထိုသုံးယောက်စလုံးသည် အမြင့်မှနေ၍ ဆေးပင်ဥယျာဉ်၊ လက်ဝတ်ရတနာအလုပ်ရုံ၊ ရေမွှေးအလုပ်ရုံ၊ ပရိဘောဂအလုပ်ရုံနှင့် တိရစ္ဆာန်စားကျက်တို့ကို မြင်တွေ့နိုင်ပေသည်။
မြေးအဘိုးနှစ်ယောက်နှင့်အတူ လေထဲတွင် ဆယ်မိနစ်ကျော်ကြာ ပျံသန်းပြီးနောက် ကျောက်လင်က မျက်နှာပြင်ပေါ်ရှိ ဘက်ထရီပမာဏ သုည နီးပါး ဖြစ်နေသည်ကို မြင်သောအခါ မောင်းသူမဲ့ယာဉ်ကို အာကာသတဲပေါ်သို့ ဆင်းသက်လိုက်၏။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ..."
"ကျောက်လင်... ဒီလျှပ်စစ်ပုစဉ်းယာဉ်ကို ငါ့ကို ပေးကြည့်ရမယ်... ငါ ကိုယ်တိုင်လည်း အဲ့လိုတစ်ခု ဆောက်ရမယ်..."
မောင်းသူမဲ့ယာဉ် ဆင်းသက်ကာ ရပ်တန့်သွားသည်နှင့်တပြိုင်နက် မိုချန်းချွမ်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် ပြောဆိုတော့သည်။