အခန်း ၄၁
Vol. 5 Ch. 41
အခန်း (၄၁) တပ်ဖွဲ့ခေါင်းဆောင်ရှန်း၊ မင်းက ခွေးတူဝက်တူသား ကျင်းပေါင်းများစွာကို သတ်ခဲ့တာလား
"အစ်မပိုင်ကျဲ့ အစ်မ ချက်ထားတဲ့ ခွေးတူဝက်တူသားစွပ်ပြုတ်က အရမ်းမွှေးတာပဲ..."
ပိုင်ကျဲ့သည် ဟင်းချက်အလွန်ကောင်းမွန်ပြီး အချိန်တိုအတွင်းမှာပင် ဟင်းလေးခွက်ကို စားပွဲပေါ်သို့ ချလိုက်လေသည်။
ပြောင်းဖူးမှုန့်ဖြင့် ပြုလုပ်ထားသော ပြောင်းဖူးပေါင်မုန့်၊ ကန်စွန်းဥဖုတ်များနှင့် ပြုတ်ထားသော တောရိုင်းဥများ ဖြစ်ကြသည်။
နောက်ဆုံး အကောင်းဆုံးဟင်းလျာမှာ ခွေးတူဝက်တူသားစွပ်ပြုတ်ပင် ဖြစ်သည်။
ခွေးတူဝက်တူသားကို ငရုတ်သီးခြောက်၊ ပဲငံပြာရည်၊ ဆားနှင့် ရေအနည်းငယ်တို့ဖြင့် ရောနှောကာ ချက်ပြုတ်ထားခြင်း ဖြစ်သည်။ အသားကို နူးညံ့အိစက်သွားသည်အထိ ချက်ပြုတ်ထားသောကြောင့် တစ်လုတ်စားလိုက်သည်နှင့် အလွန်တရာ အရသာရှိလှပေသည်။
ပိုင်ကျဲ့သည် ပြုံးလိုက်သော်လည်း မည်သည့်စကားမှ မဆိုခဲ့ပေ။ စားပွဲပေါ်ရှိ အသားများနှင့် ဟင်းသီးဟင်းရွက်များကို ကြည့်ရင်း သူမ၏ နှလုံးသားက လှုပ်ရှားနေခဲ့သည်။
မီးဖိုချောင်အတွင်းရှိ ကြမ်းပြင်တစ်ခုလုံးတွင် ပြန့်ကျဲနေသော သားကောင်များ၏ အလောင်းများကို မြင်တွေ့လိုက်ရသောအခါ သူမသည် လုံးဝ အံ့အားသင့်သွားခဲ့ရသည်။
တောယုန်များ၊ ခွေးတူဝက်တူများ၊ တောရိုင်းဥများနှင့် အေးခဲမှိုများပင် ဖြစ်သည်။
ထိုတောယုန်များမှာ တစ်ကောင်ထက်တစ်ကောင် ပို၍ ဆူဖြိုးနေကြပြီး အကြီးဆုံးအကောင်မှာ အနည်းဆုံး ခုနစ်ကျင်း သို့မဟုတ် ရှစ်ကျင်းခန့် အလေးချိန်ရှိလေသည်။
ယနေ့ရရှိသော ခွေးတူဝက်တူသား ကျင်းခြောက်ဆယ်ကျော်အပြင် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း၌ လီလန်သည် တစ်ကိုယ်တော်တည်းဖြင့် အသား ကျင်းတစ်ရာခန့်ကို စုဆောင်းနိုင်ခဲ့လေသည်။
"အစ်မပိုင်ကျဲ့၊ ဘာရပ်လုပ်နေတာလဲ... စားလေ စား..."
ပိုင်ကျဲ့တစ်ယောက် ငေးမောနေသည်ကို မြင်သောအခါ လီလန်သည် ခွေးတူဝက်တူသားတစ်တုံးကို သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"ကောင်းပြီ စားကြစို့..."
ပိုင်ကျဲ့သည် လီလန်၏ မျက်နှာကို မကြည့်ရဲပေ။ သူမသည် ခေါင်းငုံ့ကာ အသားတစ်လုတ်ကို စားလိုက်သည်။ သူမသည် အဝတ်လျှော်ခြင်း၊ ဟင်းချက်ခြင်း၊ တံမြက်လှည်းခြင်းနှင့် ရေခပ်ခြင်းစသည့် အိမ်မှုကိစ္စများကို လီလန်အတွက် ပိုမိုလုပ်ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။ ညစ်ပတ်ပြီး ပင်ပန်းသော မည်သည့်အလုပ်ကိုမဆို သူမ လုပ်ဆောင်နိုင်ပေသည်။
လီလန်က သူမကို နှင်ထုတ်ရန် ကြိုးစားလျှင်ပင် သူမသည် ခေါင်းမာစွာဖြင့် ထွက်သွားမည် မဟုတ်ပေ။
သူမသည် သူမ၏ လုပ်အားဖြင့် လီလန်ထံမှ အသားများကို လဲလှယ်ယူမည် ဖြစ်သည်။ ဤဆောင်းရာသီကို ဖြတ်ကျော်နိုင်သရွေ့ နွေဦးပေါက်လာသောအခါ တောင်ပေါ်မှ ထွက်ကုန်များကို ရှာဖွေရောင်းချပြီး ငွေရှာနိုင်မည်ဖြစ်ရာ သူမနှင့် သူမ၏ ဖခင်ဖြစ်သူတို့ အသက်ရှင်ရပ်တည်နိုင်မည် ဖြစ်သည်။
"အော် ဒါနဲ့ ရှောင်လန် ငါ လီရွှယ်တို့အတွက် ခွေးတူဝက်တူအဆီ နည်းနည်းလုပ်ပြီး ဗီဒိုထဲမှာ ထည့်ထားတယ်... နင် နောက်မှ သူတို့ကို လိမ်းပေးလိုက်ဦး..."
လီရွှယ်၏ လက်များမှာ နှင်းကိုက်နာများဖြင့် ဖုံးလွှမ်းနေပြီး ယားယံကာ နီရဲနေလေသည်။ ပိုင်ကျဲ့သည် သူမအတွက် စိတ်မကောင်းဖြစ်ရသဖြင့် ဟင်းချက်နေစဉ်အတွင်း ခွေးတူဝက်တူအဆီတစ်ပန်းကန်ကို ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
လီလန်က ခေါင်းညိတ်ပြလိုက်သည်။ ခွေးတူဝက်တူအဆီသည် နှင်းကိုက်နာများကို ကုသပေးနိုင်စွမ်း ရှိသည်။ ညီမလေးအနေဖြင့် နေ့စဉ် အနည်းငယ် လိမ်းပေးပါက ဆောင်းရာသီကုန်ဆုံးပြီးနောက် နှင်းကိုက်နာများ ပျောက်ကင်းသွားမည် ဖြစ်သည်။
"အသားတွေနဲ့ ဥတွေကို စားရမယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး..."
ပိုင်ကျဲ့သည် အသားများကို တစ်လုတ်ချင်းဖြည်းညင်းစွာ ဝါးစားနေပြီး အနည်းငယ် မယုံနိုင်စရာကောင်းကာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
သူမနှင့် ဖခင်ဖြစ်သူတို့သည် တောရိုင်းဟင်းရွက်များကိုသာ စားသောက်နေခဲ့ရသည်မှာ တစ်လခန့် ရှိပြီဖြစ်ပြီး ယနေ့တွင် လီလန်၏ ကျေးဇူးကြောင့် အသားများကို နောက်ဆုံးတွင် စားရလေပြီ ဖြစ်သည်။
"ရှောင်ကျဲ့ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်အောင် များများစားပါ..."
"မင်းအဖေအတွက်ပါ ငါတို့ ဖယ်ထားပေးပါတယ်... စားပြီးရင် ပြန်ယူသွားဖို့ မမေ့နဲ့အုံး..."
လီတာ့ဟိုင်သည် ပိုင်ကျဲ့၏ အခြေအနေကို မြင်ပြီး ရိက္ခာပြတ်လပ်မှုကြောင့် မိသားစုမှာ လနှင့်ချီ၍ တောရိုင်းဟင်းရွက်များကိုသာ စားနေရကြောင်း သိထားသဖြင့် သူမအတွက် စိတ်မကောင်း ဖြစ်နေမိသည်။
"ကျေးဇူးတင်ပါတယ် ဦးလေးတာ့ဟိုင်..."
အစာစားပြီးနောက် ပိုင်ကျဲ့သည် လီလန်၏ အိမ်မှ မထွက်ခွာမီ ပန်းကန်များကို ဆေးကြောကာ အိမ်ကို သန့်ရှင်းရေး လုပ်ခဲ့လေသည်။
"အစ်မပိုင်ကျဲ့ အစ်မအတွက် ခွေးတူဝက်တူအသားတွေကို ကျွန်တော် စီစဉ်ထားပြီး မှောင်သွားရင် လာပို့ပေးမယ်..."
"ကောင်းပြီ..."
ပိုင်ကျဲ့က ခေါင်းညိတ်ပြလိုက်သည်။
ပိုင်ကျဲ့ ခြံဝင်းအတွင်းမှ ထွက်သွားသည်ကို ကြည့်ရင်း လီလန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ လူမြင်ကွင်းတွင် သွားလာနေပါက တစ်စုံတစ်ယောက် မြင်သွားမည်ကို စိုးရိမ်သဖြင့် ပိုင်ကျဲ့ကို ခွေးတူဝက်တူအသား ကျင်းနှစ်ဆယ်ခန့်အား တစ်ယောက်တည်း ယူဆောင်သွားခွင့် မပြုခဲ့ပေ။
အိမ်တွင် အိုမင်းနေသော ဖခင်တစ်ဦးသာရှိသည့် လှပသော မုဆိုးမတစ်ဦးက အသားများစွာကို အိမ်သို့ ဆွဲယူသွားမည် ဖြစ်သည်။ ဤလုပ်ရပ်ကို တစ်စုံတစ်ယောက် မြင်တွေ့သွားပါက သေချာပေါက် မကောင်းကြံကြမည်ပင် ဖြစ်သည်။
ယခုခေတ်ကာလ၌ ရွာထဲတွင် အခြေအနေများမှာ သိပ်မအေးချမ်းလှပေ။ အစ်မပိုင်ကျဲ့မှာ မြို့မှ ပြန်လာခါစ မုဆိုးမတစ်ဦး ဖြစ်သည်။ သူမသည် လှပပြီး ကိုယ်လုံးကိုယ်ပေါက်လည်း ကောင်းမွန်သဖြင့် လူဆိုးများစွာက သူမ၏ မိသားစုကို မျက်စိကျနေကြလေသည်။
လုံခြုံစိတ်ချရစေရန်အတွက် ဂုန်နီအိတ်ထဲတွင် ထည့်ကာ မိုးမလင်းမီအချိန်၌ သွားပို့ခြင်းက ပိုကောင်းပေမည်။
ပိုင်ကျဲ့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လီလန်သည် ပုဆိန်တစ်လက်နှင့် အရိုးခုတ်ဓားတစ်ချောင်းကို ယူကာ ခွေးတူဝက်တူလေးကောင်မှ အသားများကို ခြံဝင်းအတွင်းသို့ ရွှေ့ပြောင်းပြီး ကျင်းခြောက်ဆယ်ခန့်ရှိသော အသားများကို စတင် ကိုင်တွယ်ခုတ်ထစ်လေတော့သည်။
ခွေးတူဝက်တူများက ခေါင်းမှခြေအဆုံး တန်ဖိုးရှိလှသည်။ ၎င်းတို့၏ အသားကို စားသုံးနိုင်ပြီး အမွေးများကို အဝတ်အစားပြုလုပ်ရန် အသုံးပြုနိုင်ကာ အဆီများကိုလည်း ဆီအဖြစ် ကျိုချက်နိုင်လေသည်။
လီလန်သည် ခြံဝင်းအတွင်း ခွေးတူဝက်တူ၏ အမွေးများကို နုတ်ကာ အသားများကို ခုတ်ထစ်နေစဉ်မှာပင် ဖိတ်ခေါ်မထားသော ဧည့်သည်အချို့ သူ၏ အိမ်ပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။
"လီလန် အပြင်ထွက်ခဲ့စမ်း..."
ဖခင်ဖြစ်သူ ဘေးတွင်ရှိနေသဖြင့် ရှန်းဝူက ရမ်းကားစွာ မပြုမူရဲဘဲ သူ၏ မောက်မာမှုများလည်း အတော်လေး လျော့ကျသွားခဲ့သည်။
ထိုသူမှာ မည်သူဖြစ်မည်နည်း။
အသားခုတ်နေသော လီလန်သည် ခေါင်းလှည့်ကြည့်လိုက်ရာ ရှန်းဝူနှင့် သူ့နောက်မှ လိုက်ပါလာသော ရှန်းဖူကွေ့တို့ကို မြင်လိုက်ရလေသည်။
ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရှန်းဖူကွေ့လော။
လီလန်သည် ရှန်းဝူ၏ နောက်မှ လိုက်ပါလာသော ပိန်ပိန်ပါးပါး အမျိုးသားကို မှတ်မိလိုက်သည်။
ထိုသူမှာ ရွှမ်းရွှေရွာ၏ ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရှန်းဖူကွေ့ပင် ဖြစ်သည်။
*အိုး... ဒါဆို မင်းတို့က ရှင်းလင်းချက်လာတောင်းတာပေါ့…*
ထိုနေ့အစောပိုင်းက တောင်ပေါ်တွင် ရှန်းဝူ၏ လက်မောင်းကို ချိုးပစ်ခဲ့ပြီး သူ၏ အမဲလိုက်သေနတ်ကိုပါ သိမ်းဆည်းခဲ့သည်ကို လီလန်က သတိရသွားလေသည်။
သူသည် ရှန်းဝူကို သိပ်၍ အမှတ်မရလှပေ။ ထိုကောင်မှာ ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဖခင်ကောင်းတစ်ဦး ရှိနေရုံမျှဖြင့် မောက်မာကာ အနိုင်ကျင့်တတ်ပြီး ရမ်းကားစွာ ပြုမူတတ်သူ ဖြစ်သည်။ သူသည် လူယုတ်မာတစ်ဦးထက်ပင် လူမိုက်တစ်ဦးနှင့် ပိုတူနေလေသည်။
ရှန်းဖူကွေ့ ဝင်လာသည်နှင့် တစ်ပြိုင်နက် လီလန်၏ ရှေ့တွင်ရှိနေသော ခွေးတူဝက်တူလေးကောင်ကို မြင်လိုက်ရသည်။
ဤခွေးတူဝက်တူများမှာ အလေးချိန် ကျင်းနှစ်ဆယ်ခန့်မှ အနည်းဆုံး ဆယ်ကျင်းခန့်အထိ ရှိကြလေသည်။
ဤအရာများအားလုံးမှာ လီလန် အမဲလိုက်ခဲ့သော သားကောင်များလော။ ရှန်းဖူကွေ့၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ရသည်။
သားဖြစ်သူ ရှန်းဝူကမူ လီလန် လုယူသွားသော သားကောင်မှာ တောကြောင်ရိုင်းတစ်ကောင် ဖြစ်သည်ဟု ပြောခဲ့ခြင်းဖြစ်သည်။
ယခု သူ၏ ရှေ့တွင်ရှိနေသော ခွေးတူဝက်တူအသား ကျင်းခြောက်ဆယ်ကျော်မှာ လီလန်ကိုယ်တိုင် အမဲလိုက်ထားခြင်း ဖြစ်ရမည်ပင်။
"အဖေ သားကောင်တွေ အများကြီးပဲ... သူက သူ့ဘာသာသူ တစ်ယောက်တည်း အမဲလိုက်လာတာလား..."
ရှန်းဝူသည်လည်း အံ့အားသင့်သွားပြီး သားအဖနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး စိုက်ကြည့်နေမိကြသည်။
လီလန်သည် တကယ်ပဲ ထိုမျှအထိ စွမ်းဆောင်နိုင်သလော။
အမဲလိုက်အဖွဲ့သို့ မဝင်ဘဲ တစ်ကိုယ်တော်တည်းဖြင့် သားကောင်များစွာကို မည်သို့လျှင် အမဲလိုက်နိုင်မည်နည်း။
"မင်း အခုချက်ချင်း ပါးစပ်ပိတ်ထားစမ်း၊ အသံမထွက်နဲ့ မဟုတ်ရင် အိမ်ပြန်ရောက်တဲ့အခါ မင်းရဲ့ ခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်..."
ရှန်းဖူကွေ့က ရှန်းဝူကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ရှန်းဝူမှာ အလွန်အံ့အားသင့်သွားခဲ့သည်။
"အဖေ ဒီနေ့ လီလန်ကို သင်ခန်းစာပေးဖို့ သားကို ကူညီပေးမလို့ လာခဲ့တာ မဟုတ်ဘူးလား..."
"ဘာသင်ခန်းစာကို ပေးရမှာလဲ..."
"မင်း ဝူအိုက်ရုံရဲ့ သမီးကို သဘောကျနေတာ ငါ မသိဘူးလို့ မထင်နဲ့... တောင်ပေါ်မှာ လီလန်နဲ့ ဆုံတဲ့အခါ မင်းက သူ့ကို အရင်စပြီး ပြဿနာရှာတာဖြစ်ရမယ်... မင်း သူ့ကို မနိုင်တော့ မင်းရဲ့ လက်ချိုးခံရပြီး အမဲလိုက်သေနတ်ပါ အလုခံခဲ့ရတာပဲ..."
ရှန်းဝူသည် ဖခင်ဖြစ်သူမှ အကဲခတ်မိသွားသဖြင့် အပြစ်ရှိသလို ခံစားလိုက်ရပြီး သူ၏ နှာခေါင်းကိုသာ ပွတ်သပ်နေလိုက်သည်။
"ဒါဆို အဖေက အဖေ့သားကို သူ အနိုင်ကျင့်နေတာကို အခုလိုမျိုး ကြည့်နေတော့မလို့လား..."
"ကျားခေါင်းတံဆိပ် ပြောင်းနှစ်လုံးထိုး အမဲလိုက်သေနတ်ကို သုံးတာ လဝက်ပဲ ရှိသေးတယ် ပြန်ရအောင် အဖေ ကူညီပေးရမယ်..."
"ထွက်သွားစမ်း အခုကိစ္စကို ငါ့ဘာသာငါ ဆုံးဖြတ်မယ်..."
"မင်း ဘာရပ်လုပ်နေတာလဲ... အပြင်ထွက်သွား ခြံဝင်းထဲကို ပြန်မဝင်လာနဲ့..."
ရှန်းဖူကွေ့က ရှန်းဝူကို မောင်းထုတ်လိုက်လေသည်။
"အဖေ..."
"ထွက်သွားစမ်း..."
"ငါ မခေါ်မချင်း ပြန်မလာနဲ့..."
ရှန်းဖူကွေ့သည် ခြံဝင်းအတွင်း ဝင်ရောက်လာပြီး လီလန် အမဲလိုက်ထားသော သားကောင် မည်မျှများပြားကြောင်းကို မြင်တွေ့လိုက်ရသောအခါ သားဖြစ်သူ၏ အမဲလိုက်သေနတ်ကို ပြန်လည်ရယူပေးရန် မူလက ရည်ရွယ်ထားခဲ့သော်လည်း သူ၏ စိတ်ကူးကို ပြောင်းလဲလိုက်လေသည်။
လီလန်သည် မွေးရာပါ မုဆိုးတစ်ဦးဖြစ်သည်။ သူသည် သေနတ်ပင် မသုံးဘဲ ကျင်းပေါင်းများစွာ အလေးချိန်ရှိသော ခွေးတူဝက်တူများကို သတ်နိုင်ခဲ့လေသည်။
ယခုအချိန်တွင် ကွန်မြူနစ်အဖွဲ့၌ အမဲလိုက်ခြင်းလုပ်ငန်းများစွာ ရှိနေပြီး ခွဲတမ်းမပြည့်ပါက မုဆိုးများစွာမှာ ငတ်မွတ်ခေါင်းပါးကာ ငိုကြွေးနေရမည် ဖြစ်သည်။ အိမ်တိုင်းတွင် စားစရာများ ပြတ်လပ်နေပြီဖြစ်ရာ တောရိုင်းဟင်းရွက်များကိုသာ စားသုံးရပြီး သစ်ခေါက်များကိုသာ ကိုက်ဝါးနေကြရလေသည်။
လီလန်ကမူ တစ်ကိုယ်တော်တည်းဖြင့် သားကောင်များစွာကို အမဲလိုက်နိုင်ခဲ့သည်။
အကယ်၍ သူသာ အမဲလိုက်အဖွဲ့သို့ ဝင်ရောက်လာပါက တစ်နေ့လျှင် အသား မည်မျှအထိ အမဲလိုက်နိုင်မည်နည်း။
"ကျိုးလျဲ့ရှန်က သူ့ကို ထိုမျှအထိ တန်ဖိုးထားတာ အံ့သြစရာတော့ မဟုတ်ဘူး..."
ရှန်းဖူကွေ့သည် သူ၏ စိတ်ကူးကို ပြောင်းလဲလိုက်ပြီး ရွှမ်းရွှေရွာ ထုတ်လုပ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ရန် လီလန်အား ဖိတ်ခေါ်ရန် ဆုံးဖြတ်လိုက်လေသည်။ (ချန်ဖူကွေ့ကို ရှန်းဖူကွေ့လို့ ပြန်ပြင်ပါမယ်နော်။)
"အဟမ်း..."
ရှန်းဖူကွေ့သည် သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုကို ဖော်ပြကာ လည်ချောင်းဟန့်လိုက်သည်။
"လီလန်..."
"ဒီလေးကောင်လုံးကို မင်း သတ်ခဲ့တာလား..."
လီလန်သည် မည်သည့်စကားမှ မဆိုဘဲ အရိုးခုတ်ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်၍ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
ရှန်းသားအဖနှစ်ဦးမှာ မကောင်းသော ရည်ရွယ်ချက်များဖြင့် ရောက်လာခြင်း ဖြစ်သည်။ သူတို့မှာ ပြဿနာရှာရန် သီးသန့် ရောက်လာကြခြင်း ဖြစ်လေသည်။
"တပ်ဖွဲ့ခေါင်းဆောင်ရှန်း ရှန်းဝူက ကျွန်တော့်ကို အရင် ရန်စခဲ့တာပါ... အကယ်လို့ ခင်ဗျားက ရှန်းဝူကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်နဲ့ ဖြေရှင်းဖို့ သီးသန့် လာခဲ့တာဆိုရင်တော့ ကျွန်တော်တို့ ပြောစရာ စကားမရှိတော့ဘူး..."
လီလန်က အေးစက်စွာ ပြောလိုက်သည်။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... လီလန်၊ မင်း အထင်လွဲနေပြီ..."
"ဒီနေ့ မင်းအိမ်ကို လာခဲ့တာက ရှန်းဝူနဲ့အတူ မင်းကို တောင်းပန်ဖို့ သီးသန့် လာခဲ့တာပါ..."
"ရှန်းဝူ ရှေ့ကိုထွက်လာပြီး လီလန်ကို တောင်းပန်လိုက်စမ်း..."