← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂) လူနှစ်ယောက်ပါဝင်သော အမဲလိုက်အဖွဲ့ ဖွဲ့စည်းခြင်း

လီရှန်းဟွာသည် လီလန်၏ အိမ်ဝိုင်းတံခါးဝတွင် ရပ်နေရင်း ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်က လီလန့်အိမ်သို့ ပြဿနာလာရှာသည်ကို စောင့်ကြည့်နေလေသည်။

လီလန်တစ်ယောက် တပ်ဖွဲ့ခေါင်းဆောင်၏ အပြစ်ပေးခြင်းကို ခံရတော့မည်ဟူသော အတွေးကြောင့် လီရှန်းဟွာ၏ ရင်ထဲတွင် တိတ်တဆိတ် ကျေနပ်ပီတိဖြစ်နေတော့သည်။ သူမသည် ခြံဝင်းအတွင်းရှိ အရပ်ရှည်ရှည် လူရိပ်ကို စူးစိုက်ကြည့်ရင်း ကျိန်ဆဲလိုက်၏။

"ဟွန့်... လီလန် နင်တော့ တွေ့ပြီပေါ့..."

"နင် ငါ့ကို စေ့စပ်ထားတာ ဖျက်ရဲတယ်ပေါ့... နင် ငါ့ကို အထင်သေးရဲတယ်ပေါ့..."

လီရှန်းဟွာသည် စိတ်ထဲမှ ကြိမ်းဝါးနေပြီး သူမ၏ မျက်လုံးများမှာလည်း တပ်ဖွဲ့ခေါင်းဆောင်က လီလန့်ကို ပါးဖြတ်ရိုက်မည့် မြင်ကွင်းကို မြင်တွေ့ရတော့မည့်အလား အရောင်လက်နေတော့သည်။

"ရှန်းဝူ... အခုချက်ချင်းလာပြီး လီလန့်ကို တောင်းပန်လိုက်စမ်း..."

သို့သော် တပ်ဖွဲ့ခေါင်းဆောင်၏ ဟိန်းဟောက်သံကြောင့် လီရှန်းဟွာတစ်ယောက် မှင်သက်သွားရလေသည်။

"တောင်းပန်ရမယ်..."

"တပ်ဖွဲ့ခေါင်းဆောင်ရှန်း... မဟုတ်သေးပါဘူး... ကျွန်မတို့က လီလန့်ကို ပြဿနာလာရှင်းတာ မဟုတ်ဘူးလား..."

လီရှန်းဟွာ၏ ခေါင်းထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ အူဝေသွားပြီး ကျောက်ရုပ်တစ်ရုပ်ပမာ အေးခဲသွားတော့သည်။

"ဘာ... ကျွန်တော်က ဒီကောင်လေးကို တောင်းပန်ရမယ်ဟလား... ဘာဖြစ်လို့လဲ..."

ရှန်းဝူက မကျေမချမ်းဖြင့် ပြောလိုက်သည်။

“သူက ကျွန်တော့်ကို ဒဏ်ရာရအောင်လုပ်ပြီး အမဲလိုက်သေနတ်ကိုလည်း လုသွားသေးတယ်... ကျွန်တော်က သူ့ကို တောင်းပန်ရဦးမယ်ပေါ့…”

"အဖေ..."

ရှန်းဝူက အနည်းငယ် နာကြည်းနေသော အသံဖြင့် ကန့်ကွက်လိုက်၏။

“အဖေ ဘာဖြစ်သွားတာလဲ... ဘာလို့ သူစိမ်းဘက်ကို ပါနေရတာလဲ…”

“ကျွန်တော်က အဖေ့သားလေ…”

"လာခဲ့စမ်း..."

ရှန်းဖူကွေ့က သူ့သားကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

ရှန်းဝူလည်း မလွှဲသာမရှောင်သာဖြင့် လျှောက်သွားလိုက်ရလေသည်။

"လီလန်... ဒုတိယညီဆီကနေ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါကြားပြီးပြီ... ရှန်းဝူ မှားသွာပါးတယ်... သူ့ကို မင်းဆီ တောင်းပန်ခိုင်းလိုက်ပါ့မယ်..."

ဒုတိယညီဆိုသည်မှာ လီလန်သည် အလွယ်တကူ အနိုင်ကျင့်၍မရသူဖြစ်ကြောင်းကို ပထမဆုံး သိရှိသွားသည့် အသက်ကြီးကြီး မုဆိုးတစ်ဦး ဖြစ်သည်။

လီလန်က ရှန်းဝူကို တကယ်သတ်ပစ်မည်ကို စိုးရိမ်သဖြင့် ထိုမုဆိုးသည် တောင်ပေါ်မှ ပြေးဆင်းလာပြီး ရှန်းဖူကွေ့ကို အမြန်အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှန်းဝူမှာ လက်မောင်းအဆစ်လွဲသွားပြီး သေနတ်ပါသွားသည်မှလွဲ၍ အသက်အန္တရာယ်ကင်းစွာဖြင့် အိမ်ပြန်ရောက်လာခြင်း ဖြစ်၏။

ထိုမုဆိုးထံမှတစ်ဆင့် ရှန်းဖူကွေ့သည် ပြဿနာ၏ အကြောင်းရင်းနှင့် အကျိုးဆက်ကို သိရှိခဲ့ရလေသည်။

သေနတ်ဖြင့် ခေါင်းကို ချိန်ခံထားရသည့်တိုင် လီလန်သည် အကြောက်တရားကင်းမဲ့စွာ တည်ငြိမ်နေခဲ့ပြီး အမဲလိုက်သေနတ်ကို လုယူကာ ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်ခဲ့သည်။ သူ၏ စွမ်းရည်မှာ တကယ့်ကို အထင်ကြီးလောက်စရာပင် ဖြစ်တော့သည်။

"အဖေ... ကျွန်တော် မတောင်းပန်နိုင်ဘူး..."

"သူက ကျွန်တော့်ကို ဒဏ်ရာရအောင်လုပ်ပြီး သေနတ်ကိုပါ လုသွားတာ..."

"ဖြန်း..."

ခြံဝင်းအတွင်း၌ ရုတ်တရက် ကျယ်လောင်ပြတ်သားသော ပါးရိုက်သံတစ်ခု ထွက်ပေါ်လာ၏။

"လီလန့်ကို တောင်းပန်လိုက်စမ်း..."

ရှန်းဖူကွေ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အသုံးမကျတဲ့ကောင်... လီလန်သာ ငါ့မျက်နှာကို မထောက်ရင် မင်း ဒီတောင်ပေါ်မှာတင် အသက်ပျောက်နေလောက်ပြီ..."

ဤပါးရိုက်ခံရမှုကြောင့် ရှန်းဝူတစ်ယောက် ကြောင်အမ်းသွားတော့သည်။

လီလန်ကလည်း ရှန်းဖူကွေ့ကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် အံ့အားသင့်သွား၏။

ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဖြစ်လာသူတိုင်းမှာ ရိုးရှင်းသည့်လူများ မဟုတ်ကြပေ။

တပ်ဖွဲ့ခေါင်းဆောင်ရှန်းသည် မူဝါဒရှိသူဖြစ်ပြီး အမှားအမှန်ကို ရှင်းလင်းစွာ သိမြင်ကာ သူ၏ တစ်ဦးတည်းသောသားကို မျက်နှာသာမပေးဘဲ ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူ းဖြစ်သည်။

လီလန် သိချင်နေသည်မှာ တပ်ဖွဲ့ခေါင်းဆောင်ရှန်းသည် သူ၏ မည်သည့်အရာကို မြင်တွေ့သွားသနည်း ဆိုသည်ကိုပင်။

"ငါ့ရဲ့ အမဲလိုက်စွမ်းရည်များလား..."

လီလန်သည် အောက်ဘက်ရှိ ခွေးတူဝက်တူ လေးကောင်ကို ငုံ့ကြည့်လိုက်ပြီး အကြောင်းရင်းကို လျင်မြန်စွာ ခန့်မှန်းမိသွားလေသည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့... တောင်းပန်ပါတယ်..."

ရှန်းဝူ၏ အသံမှာ ငိုသံပါနေပြီး တုန်ယင်နေ၏။

သူသည် လီလန့်ကို လက်စားချေရန်နှင့် ပြဿနာရှင်းရန် ရည်ရွယ်ချက်ဖြင့် သူ၏အဖေနှင့်အတူ လီလန့်အိမ်သို့ ပျော်ရွှင်စွာ လိုက်လာခဲ့ခြင်း ဖြစ်သည်။

ယခုမူ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပြီး အဖေဖြစ်သူ၏ ဖိအားပေးမှုကြောင့် လီလန့်ကို တောင်းပန်နေရပြီ ဖြစ်သည်။

*လီလန်က ဘာစွမ်းရည်တွေများ ရှိနေလို့လဲ... ဘာအခွင့်အရေးတွေ ရှိနေလို့လဲ…*

"ကျယ်ကျယ်ပြောစမ်း... အဲဒီလောက် တိုးတိုးလေးပြောနေတာ ဘယ်သူက ကြားမှာလဲ..."

တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ရှန်းဝူ၏ တင်ပါးကို ကန်လိုက်ရင်း ဆူပူလိုက်သည်။

"ဟုတ်ကဲ့... တောင်းပန်ပါတယ်..."

"လီလန်... တောင်းပန်ပါတယ်... ငါ့အမှားပါ... ငါ မင်းကို ပြဿနာမရှာသင့်ဘူး..."

"ရပါတယ်... နောက်တစ်ခါဆို ပိုပြီး ဆင်ခြင်ပါ... လူယုတ်မာတွေရဲ့ ကုန်းတိုက်တဲ့စကားတွေကို နားမယောင်ပါနဲ့..."

လီလန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ရှန်းဝူသည် လီရှန်းဟွာကို သဘောကျနေကြောင်းနှင့် ဤမိန်းမယုတ်၏ လှည့်စားခြင်းကို ခံလိုက်ရကြောင်းကို သူ သိထားလေသည်။

လီလန့်စကားကို ကြားလိုက်ရသောအခါ ရှန်းဝူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တံခါးပေါက်ဘက်သို့ အမြန်လှမ်းကြည့်လိုက်ရာ ခြံဝင်းတံခါးအပြင်ဘက်တွင် ပုန်းနေသော လီရှန်းဟွာမှာ အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။

"အိမ်ပြန်တော့... အသုံးမကျတဲ့ကောင်..."

မူဝါဒနှင့် ပတ်သက်လာလျှင် တပ်ဖွဲ့ခေါင်းဆောင်ရှန်းသည် မည်သူ့ကိုမျှ မျက်နှာသာမပေးတတ်ပေ။

မကြာသေးမီက ရွာထဲရှိ လူအများအပြားမှာ ငတ်မွတ်နေကြပြီး အစားအစာ လုံလောက်စွာ မစားရပေ။ အချို့သော သက်ကြီးရွယ်အိုများမှာ တောင့်မခံနိုင်တော့ဘဲ ငတ်မွတ်၍ သေဆုံးသွားကြလေသည်။

ထို့ကြောင့် မြို့နယ်မှ အထူးအမဲလိုက်ရေး တာဝန်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ကွန်မြူနစ်အဖွဲ့တစ်ခုစီအတွက် တာဝန်ပမာဏ တိုးလာကာ သားကောင်ရှာဖွေရမည့် ပမာဏမှာလည်း နှစ်ဆဖြစ်လာတော့သည်။

ဤကိစ္စကြောင့် ရှန်းဖူကွေ့၏ ထုတ်လုပ်ရေးတပ်ဖွဲ့မှာ ပုရွက်ဆိတ်တစ်ကောင်ပမာ ပြာယာခတ်နေပြီး သူ၏ အသုံးမကျသော သားအတွက် လီလန့်ကို ပြဿနာသွားရှာရန် အချိန်မရှိပေ။

ရှန်းဝူကမူ ငိုယိုကာ ပြေးထွက်သွားတော့သည်။

ထွက်ခွာသွားသော ရှန်းဝူကိုကြည့်ရင်း လီလန်က ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။

တပ်ဖွဲ့ခေါင်းဆောင်ရှန်းက သူ့ကို အသုံးမကျဘူးဟု ပြောသည်မှာလည်း အံ့သြစရာမရှိပေ။ သူသည် တကယ့်ကို အသုံးမကျသူ ဖြစ်သည်။ အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်ဖြစ်ပါလျက် အရိုက်ခံရပြီးနောက် ငိုယိုနေသည်မှာ လုံးဝကို ကျောရိုးမရှိသူပင် ဖြစ်တော့သည်။

"လီလန်... ဒီကိစ္စမှာ ရှန်းဝူ မှားသွားတယ်... သူ့ကိုယ်စား ငါကပဲ မင်းကို တောင်းပန်ပါတယ်..."

"ရပါတယ်... သူ မှတ်လောက်သားလောက်ဖြစ်သွားအောင် ကျွန်တော်လည်း ပညာပေးလိုက်ပါတယ်..."

ရှန်းဝူ၏ အဆစ်လွဲသွားသော လက်မောင်းမှာ နေရာပြန်ရောက်နေသည်ကို သူ သတိထားမိလိုက်ပြီး တပ်ဖွဲ့ခေါင်းဆောင်က ပြန်ဆက်ပေးလိုက်ခြင်း ဖြစ်နိုင်လေသည်။

"ကောင်းပါတယ်... အားလုံးက ရွာတစ်ရွာတည်းသားတွေပဲ... အသက်အရွယ်ကလည်း မတိမ်းမယိမ်းတွေဆိုတော့ အချင်းချင်း ရန်ဖြစ်နေစရာ မလိုပါဘူး..."

ရှန်းဖူကွေ့က ပြုံး၍ ပြောလိုက်သည်။

လီလန်သည် တိတ်ဆိတ်နေသော်လည်း စိတ်ထဲတွင်မူ လှောင်ပြောင်လိုက်၏။

*ခုနကတော့ ရှန်းဝူကို အတင်းတောင်းပန်ခိုင်းနေပြီး အခုတော့ ရှန်းဝူ့ဘက်ကို ပါသွားပြန်ပြီလား... ခင်ဗျားသားက သေနတ်နဲ့ ချိန်တာတောင် ရန်ဖြစ်စရာမလိုဘူးလို့ ပြောနေတာလား…*

လီလန်က အိမ်ထဲသို့ ပြန်ဝင်သွားပြီး သေနတ်လေးလက်ကို ယူလာခဲ့သည်။

"တပ်ဖွဲ့ခေါင်းဆောင်ရှန်း... ဒါတွေက ခင်ဗျားတို့ ကွန်မြူနစ်အဖွဲ့က အမဲလိုက်သေနတ်တွေပါ... အကုန် ဒီမှာ ရှိပါတယ်..."

ဤသေနတ်လေးလက်မှာ လီလန်က ရှန်းဝူနှင့် သူ၏ နောက်လိုက်များထံမှ ယူထားခြင်း ဖြစ်သည်။ ၎င်းတို့အနက် တစ်လက်မှာ ကျားခေါင်းတံဆိပ် ပြောင်းနှစ်လုံးထိုး အမဲလိုက်သေနတ် ဖြစ်လေသည်။

တပ်ဖွဲ့ခေါင်းဆောင်ရှန်းသည် သေနတ်လေးလက်ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကို အမြန်လွှဲဖယ်လိုက်၏။

သူသည် သေနတ်လေးလက်ကို ပြန်တွန်းပေးလိုက်သည်။

"လီလန်... ဒီသေနတ်က မင်းအတွက်ပဲ..."

"ကျွန်တော့်ကို ပေးတာလား..."

လီလန်က ဇဝေဇဝါဖြစ်သွားသည်။

"အင်း... ဒါပေမဲ့ ငါ့မှာ တောင်းဆိုစရာတစ်ခု ရှိတယ်..."

တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ယဉ်ကျေးစွာ ပြောလိုက်၏။

လီလန်သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

"ကျွန်တော့်ကို အမဲလိုက်အဖွဲ့ထဲ ဝင်ခိုင်းချင်တာလား..."

"မှန်တယ်..."

"အခု ရွာထဲမှာ အစားအစာ မလုံလောက်ဘူး... အမဲလိုက်ရမယ့် တာဝန်ကလည်းကြီးတယ်... ပြီးတော့ ဆောင်းတွင်းဆိုတော့ သက်ကြီးရွယ်အို အများအပြားမှာ စားစရာပြတ်လပ်ပြီး တောင့်မခံနိုင်ကြတော့ဘူး..."

ရှန်းဖူကွေ့က တုံ့ဆိုင်းသွား၏။ သို့သော် ဤကိစ္စမှာ လီလန်နှင့် မသက်ဆိုင်ဘဲ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ သူ့တာဝန်သာ ဖြစ်လေသည်။

သို့သော် ဤကွန်မြူနစ်အဖွဲ့ခေါင်းဆောင်သည် သူ၏ တာဝန်ပျက်ကွက်ကြောင်းကို သိရှိထားပြီး ရွာမှ သက်ကြီးရွယ်အိုများ ငတ်မွတ်သေဆုံးနေသည်ကို လက်ပိုက်ကြည့်နေရသော်လည်း ဆန်တစ်စေ့မျှပင် မထောက်ပံ့ပေးနိုင်ခဲ့ပေ။

"အဲဒီသားကောင် ဆယ်ကျင်းလောက်ကို မင်း သတ်ခဲ့တာ မဟုတ်လား..."

"ကျွန်တော် သတ်ခဲ့တာပါ..."

"မင်း ဘယ်လို သတ်ခဲ့တာလဲ..."

"ထောင်ချောက်ဆင်ပြီး ဖမ်းခဲ့တာပါ..."

"လီလန်... မင်းက မွေးရာပါ မုဆိုးတစ်ယောက်ပဲ... မင်းရဲ့ စွမ်းရည်တွေကို အလဟဿမဖြစ်စေနဲ့..."

လီလန်သည် စဉ်းစားလိုက်သော်လည်း ငြင်းဆန်လိုက်ဆဲပင် ဖြစ်သည်။

"တပ်ဖွဲ့ခေါင်းဆောင်ရှန်း... ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ကျွန်တော်က ပျင်းရိပျင်းတွဲ နေတတ်လို့ အခြားလူတွေနဲ့ အတူတူ အလုပ်မလုပ်ချင်ဘူး..."

"ဟူး..."

လီလန် ငြင်းဆန်မည်ကို ကြိုတင်ခန့်မှန်းမိပြီးသားဖြစ်သည့်အလား ရှန်းဖူကွေ့သည် သက်ပြင်းချလိုက်လေသည်။

"ကောင်းပြီလေ... မင်းက ထုတ်လုပ်ရေးတပ်ဖွဲ့ထဲ မဝင်ချင်ဘူးဆိုတော့လည်း ငါ အတင်းအကျပ် မလုပ်တော့ပါဘူး... မင်းဘာသာမင်း အမဲလိုက်အဖွဲ့ သီးသန့်ဖွဲ့လို့ရတယ်... ဒီသေနတ်နှစ်လက်ကို မင်းကို ယာယီ ငှားထားပေးမယ်... ပြီးတော့ ကျည်ဆန် အတောင့်တစ်ရာပါ ထပ်ပေးမယ်..."

"လစဉ်တိုင်း သားကောင် အချိန်နှစ်ဆယ် လာပေးရမယ်... ပြီးတော့ အလုပ်မှတ်တွေနဲ့ လာလဲလှယ်ဖို့ ကွန်မြူနစ်အဖွဲ့ဆီကို လာခဲ့ပါ..."

"သုံးလတိတိ လာပေးနိုင်ရင် ဒီကျားခေါင်းတံဆိပ် ပြောင်းနှစ်လုံးထိုး အမဲလိုက်သေနတ်က မင်းအပိုင်ပဲ..."

"မင်း ဘယ်လိုသဘောရလဲ..."

"ကျွန်တော့်ဘာသာ အမဲလိုက်အဖွဲ့ သီးသန့်ဖွဲ့ရမယ်... တစ်လကို ကျင်းနှစ်ဆယ်... သေနတ်နှစ်လက်..."

လီလန်၏ စိတ်ထဲတွင် သင့်တော်မည့်လူတစ်ယောက်ကို ချက်ချင်း သတိရသွားလေသည်။ သူသည် အခြားသူမဟုတ်ဘဲ သူ၏ ညီအစ်ကိုကောင်း လျူဇီပင် ဖြစ်တော့သည်။

ရွှမ်းရွှေကွန်မြူနစ်အဖွဲ့ရှိ ကျေးရွာထုတ်လုပ်ရေးတပ်ဖွဲ့တွင် အမှန်တကယ်အားဖြင့် တပ်ဖွဲ့နှစ်ခု ပါဝင်လေသည်။ တစ်ခုမှာ မုဆိုးအဖွဲ့ဖြစ်ပြီး အခြားတစ်ခုမှာ တောင်တက်အဖွဲ့ ဖြစ်သည်။

မုဆိုးအဖွဲ့ကို မုဆိုးတပ်စုငယ်များအဖြစ် ထပ်မံခွဲခြားထားပြီး တပ်စုတစ်ခုစီသည် သတ်မှတ်ထားသော အမဲလိုက်ခြင်းတာဝန်ကို တာဝန်ယူရသည်။

တောင်တက်ခြင်းဆိုသည်မှာ တောင်ထွက်ပစ္စည်းများကို စုဆောင်းခြင်းနှင့် မှိုခူးခြင်းတို့ ပါဝင်သည်။

လီလန်သည် သူ၏ ကိုယ်ပိုင်မုဆိုးအဖွဲ့ကို တည်ထောင်လိုက်ခြင်းဖြစ်သောကြောင့် သူသည် အမှန်တကယ် ကန့်သတ်မခံရပေ။ သူသည် လစဉ်တိုင်း သားကောင် ကျင်းနှစ်ဆယ် လာပေးရန်သာ လိုအပ်လေသည်။

"ကောင်းပြီ... ကျွန်တော် သဘောတူတယ်..."

All Chapters