အခန်း ၄၃
Vol. 5 Ch. 43
အခန်း (၄၃) အမှိုက်ကောက်သူ - ခီတန်အမဲလိုက်ခွေး၊ ဟေးလုံ
"မင်းက မုဆိုးအဖွဲ့ ဖွဲ့ချင်တာလား..."
"ဟုတ်တယ်၊ ဒါပေမဲ့ အကြီးကြီးတော့ မဟုတ်ပါဘူး ကျွန်တော်နဲ့ လျူဇီပဲ ပါမှာပါ..."
တပ်ဖွဲ့ခေါင်းဆောင်ရှန်းနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်တွင် လီလန်က မုဆိုးအဖွဲ့တစ်ခုဖွဲ့ရန်နှင့် လျူဇီကို ခေါ်ယူကာ အတူတကွ အမဲလိုက်ရန် ဆုံးဖြတ်ခဲ့လေသည်။
"လစဉ် သားကောင် ကျင်းနှစ်ဆယ် အပ်ရမယ်၊ ပြီးခဲ့တဲ့လက အကြွေးတွေ ဆပ်ပြီးသွားရင် ဒီသေနတ်က ကျွန်တော့်ဟာဖြစ်ပြီနော်..."
လီလန်သည် တပ်ဖွဲ့ခေါင်းဆောင်ရှန်းက သူ၏ဘေးနားရှိ လူတစ်ယောက်မှတစ်ဆင့် ပေးပို့လိုက်သော ကျည်ဆန်တစ်ရာပါဝင်သည့် ကျားခေါင်းတံဆိပ် ပြောင်းနှစ်လုံးထိုး အမဲလိုက်သေနတ်ကို ပွတ်သပ်လိုက်သည်။
သုံးလအတွင်း ပေးသွင်းရမည့် သားကောင်အလေးချိန် ကျင်းနှစ်ဆယ်ဆိုသည်မှာ စုစုပေါင်း ကျင်းခြောက်ဆယ်ရှိမည်ဖြစ်ပြီး အလုပ်မှတ်များအပြင် သေနတ်နှစ်လက်နှင့် ကျည်ဆန်တစ်ရာတို့ဖြင့်ပါ လဲလှယ်နိုင်မည်ဖြစ်ရာ ဤသည်မှာ အလွန်တန်သော အပေးအယူတစ်ခုပင် ဖြစ်လေသည်။
လီလန်အတွက်မူ နေ့စဉ်လျှို့ဝှက်သေတ္တာဖွင့်စနစ် ရှိနေသောကြောင့် ကံကောင်းလျှင် တစ်နေ့တည်းဖြင့် သားကောင်အလေးချိန် ကျင်းခြောက်ဆယ်ကို ဖမ်းမိနိုင်မည် ဖြစ်သည်။
သုံးလစာ ရည်မှန်းချက်များကို တစ်နေ့တည်းဖြင့် ပြီးမြောက်နိုင်စွမ်း ရှိပေသည်။
လူနှစ်ယောက်ပါဝင်သော မုဆိုးအဖွဲ့ ဖွဲ့စည်းခြင်းမှာ လီလန်အတွက် အပြည့်အဝ အကျိုးရှိစေမည် ဖြစ်သည်။
လျူဇီကို တောင်ပေါ်သို့ အမဲလိုက်ခေါ်သွားမည် သားကောင်ရလာလျှင် အိမ်တွင် အသားစားရမည်ဖြစ်ပြီး လျူဇီနှင့် ခွဲဝေစားသောက်ခြင်းဖြင့် သူ၏ နှစ်သက်ခြင်းအမှတ်များကိုပါ ရရှိနိုင်မည်ဖြစ်ကာ ထိုအမှတ်များဖြင့် နောက်တစ်နေ့တွင် လျှို့ဝှက်သေတ္တာနှင့် လဲလှယ်နိုင်ဦးမည် ဖြစ်သည်။
ဤသည်မှာ ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင်ကို ပစ်ချလိုက်ခြင်းပင် ဖြစ်လေသည်။
"အဖေ ကျွန်တော် လျူဇီနဲ့ သွားတိုင်ပင်လိုက်ဦးမယ်..."
နေမင်းကြီး ထွက်ပေါ်လာပြီး အပြင်ဘက်ရှိ နှင်းများ အရည်ပျော်စပြုလာကာ အရိုးခိုက်မတတ် ချမ်းစိမ့်လှသော လေပြင်းများက တဝူးဝူး တိုက်ခတ်နေလေသည်။
လီလန်သည် သူ၏ သားမွေးကုတ်အင်္ကျီကို လုံခြုံအောင် ပတ်ခြုံလိုက်ပြီး လျူဇီ၏ အိမ်ဆီသို့ ထွက်လာခဲ့သည်။
"ဟေ့ လျူဇီ ထွက်ခဲ့ဦး..."
လီလန်က ခြံဝင်းထဲသို့ အသံကုန်ဟစ်၍ အော်ခေါ်လိုက်သည်။
"ဟင်…အစ်ကိုလန်လား လာပြီ လာပြီ..."
လျူဇီသည် အိမ်ထဲမှ ကမန်းကတန်း ထွက်လာပြီး ခြံဝင်းတံခါးကို ဖွင့်ပေးလိုက်လေသည်။
လီလန် ရောက်လာသည်ကို ကြားသည်နှင့် သူသည် ကုတ်အင်္ကျီပင် မဝတ်နိုင်တော့ဘဲ ကန်းပေါ်မှ ခုန်ဆင်းလာခဲ့ခြင်း ဖြစ်သည်။
"မင်း ရူးနေတာလား ဘာလို့ အင်္ကျီမဝတ်လာတာလဲ..."
"အစ်ကို ရောက်နေတယ်ဆိုတော့လည်း တံခါးလာဖွင့်ပေးဖို့ အမြန်ပြေးလာရတာပေါ့..."
လျူဇီက ရှက်ကိုးရှက်ကန်းဖြင့် သူ၏ခေါင်းကို ကုတ်လိုက်သည်။
"လာပါ အစ်ကိုလန် အိမ်ထဲဝင်ပြီးမှ စကားပြောကြတာပေါ့..."
လျူဇီသည် လီလန်ကို နွေးထွေးစွာ နှုတ်ဆက်၍ အိမ်ထဲသို့ ဖိတ်ခေါ်လိုက်လေသည်။
လီလန်သည် လျူဇီ၏ နောက်မှလိုက်ကာ အိမ်ထဲသို့ ဝင်သွားသည်။ ခြံဝင်းထဲသို့ ဝင်ဝင်ချင်းမှာပင် ခြံထဲရှိ အမဲလိုက်ခွေးနှစ်ကောင်မှာ ကျယ်လောင်စွာ ဟောင်ကြတော့သည်။
"အစ်ကိုရှောင်လန်က ငါတို့လူပဲ ဘာလို့ ဟောင်နေကြတာလဲ..."
လျူဇီက အော်ငေါက်လိုက်သောအခါ အမဲလိုက်ခွေးနှစ်ကောင်မှာ သခင်ဖြစ်သူ၏ အဆူအပူခံရသဖြင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားကြလေသည်။
အကယ်၍ ကြိုးချည်မထားပါက ထိုခွေးများ သူ၏အပေါ်သို့ ခုန်အုပ်လာမည်မှာ သေချာပေါက်ဖြစ်ကြောင်း လီလန် တွေးလိုက်မိသည်။
လီလန်သည် ၎င်းတို့ကို သေချာစွာ အကဲခတ်လိုက်ရာ အမဲလိုက်ခွေးနှစ်ကောင်မှာ တုတ်ခိုင်သော ခြေလက်များနှင့် ကြွက်သားအပြည့်ရှိပြီး ဧရာမကိုယ်လုံးကြီးများကို ပိုင်ဆိုင်ကာ သူတို့၏ အမွေးများမှာ အမည်းနှင့် အဝါရောင် ရောနှောနေသည်ကို တွေ့လိုက်ရ၏။
ဤသည်မှာ မည်သည့်ခွေးအမျိုးအစားဖြစ်သည်ကို သူ စဉ်းစားလိုက်သည်။
"ဒါက ကျွန်တော့်အဘိုးရဲ့ စီချွမ်က စစ်ဘက်ရဲဘော်တွေ ပေးထားတဲ့ လက်ဆောင်လေ လျန်ရှန်ခွေးလို့ ခေါ်တယ်..."
လျူဇီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။
ဤအမဲလိုက်ခွေးနှစ်ကောင်ကို သူ၏အဘိုးက ငယ်စဉ်ကတည်းက ပြောင်းဖူးနှင့် အသားများကိုသာ ကျွေးမွေးကာ ပြုစုပျိုးထောင်ထားခြင်းဖြစ်ပြီး တောယုန်ဖမ်းခြင်းနှင့် တောဝက်များကို လိုက်လံဖမ်းဆီးရာတွင် အထူးကျွမ်းကျင်ကြသည်။
ထိုစကားကို ကြားသောအခါ လီလန်သည် ခေါင်းညိတ်လိုက်သည်။ အမဲလိုက်ခွေးနှစ်ကောင်မှာ ပြည့်ဖြိုးတုတ်ခိုင်ကာ ချောမွေ့သော အမွေးအမျှင်များရှိပြီး ကောင်းစွာ ကျွေးမွေးထားကြောင်း သိသာထင်ရှားနေလေသည်။
အကယ်၍ ဤအမဲလိုက်ခွေးနှစ်ကောင်ကိုသာ အတူခေါ်သွားနိုင်ပါက တောင်ပေါ်တွင် အမဲလိုက်ရသည်မှာ များစွာ ပိုမိုသက်သောင့်သက်သာ ရှိလာမည် ဖြစ်သည်။
လီလန်၏ အိမ်မွေး တောကြောင်ရိုင်းလေးမှာ သုံးလသာ ရှိသေးပြီး အရွယ်မရောက်သေးသည့်အတွက် သေးငယ်သော တောယုန်များနှင့် ရစ်ငှက်များကိုသာ ဖမ်းဆီးနိုင်စွမ်း ရှိပေသည်။
အကယ်၍ တောင်ပေါ်တွင် အမြောက်ဆန်ခွံကဲ့သို့ ကြီးမားသည့် သားကောင်မျိုးနှင့် တွေ့ဆုံပါက မည်သို့မျှ အသုံးဝင်မည် မဟုတ်ချေ။
ဧရာမအမြောက်ဆန်ခွံကြီးဆိုသည်မှာ အလွန်ထူထဲသော အရေခွံနှင့် အသားများရှိသည့် တောဝက်ထီးကြီးဖြစ်ပြီး တစ်ကောင်လျှင် ကျင်းခြောက်ရာ၊ ခုနစ်ရာ သို့မဟုတ် ရှစ်ရာကျော်အထိ အလေးချိန်ရှိတတ်လေသည်။
"အစ်ကိုလန် ကျွန်တော့်ကို ဘာကိစ္စနဲ့ လာတွေ့တာလဲဆိုတာ မပြောရသေးဘူးနော်..."
"ထူးထူးခြားခြားတော့ မရှိပါဘူး၊ ငါ မင်းကို အမဲလိုက်ခေါ်သွားမလို့ပါ သားကောင်ရလာရင် ငါတို့ တစ်ဝက်စီ ခွဲကြမယ်လေ..."
"တကယ်လား..."
လျူဇီသည် လီလန်၏ အမဲလိုက်စွမ်းရည်များကို အပြည့်အဝ ယုံကြည်ထားပြီး သူ့ကို အလွန်လေးစားအားကျနေခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူနှင့် သူ၏အဘိုးတို့သည် ဝက်ဝံနက်တောင်တစ်ခွင်တွင် နေ့တစ်ဝက်ခန့် လှည့်လည်သွားလာခဲ့သော်လည်း တောယုန်တစ်ကောင်မျှပင် မဖမ်းမိခဲ့ပေ၊ သို့သော် တောင်ပေါ်မှ ဆင်းလာသည်နှင့် ခါးတွင် မိုးပျံနဂါးနှစ်ကောင် ချိတ်ဆွဲထားသော လီလန်ကို တွေ့လိုက်ရလေသည်။
အစ်ကိုလန်၏ အမဲလိုက်စွမ်းရည်များမှာ အထွတ်အထိပ်တွင် ရှိနေလေသည်။
သူ့နောက်သို့ လိုက်ပါက ထိုက်တန်သော အကျိုးကျေးဇူးများကို ရရှိမည်မှာ သေချာလှသည်။
"ငါ မုဆိုးအဖွဲ့တစ်ခု စဖွဲ့မလို့ ငါတို့ နှစ်ယောက်တည်းပဲလေ မင်း ဝင်ချင်လား..."
"သေချာပေါက် ဝင်မှာပေါ့ အခုကစပြီး အစ်ကိုရလန်ရဲ့ နောက်ကိုပဲ လိုက်တော့မယ်..."
"စိတ်မပူပါနဲ့ ငါ မင်းကို နစ်နာအောင် မလုပ်ပါဘူး..."
လီလန်သည် လျူဇီ၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။
သူတို့နှစ်ဦးမှာ တစ်ယောက်နောက် တစ်ယောက်လိုက်ကာ အိမ်ထဲသို့ ဝင်ရန် ပြင်လိုက်ကြသည်။
ဇလုံထဲမှ ပြောင်းဖူးယာဂုကို စားနေကြသော လျန်ရှန်ခွေးနှစ်ကောင်မှာ ရုတ်တရက် ခေါင်းမော့လာပြီး ဘယ်ဘက်ရှိ အိမ်နီးချင်း၏ ခြံဝင်းဆီသို့ ကြည့်ကာ ရူးသွပ်စွာ ဟောင်ကြတော့သည်။
ဤခွေးများ ဘာဖြစ်သွားသည်ကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။
လီလန်က မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် အိမ်နီးချင်းခြံဝင်းထဲမှ ခွေးဟောင်သံနှင့်အတူ အလွန်နာကျင်စွာ အူလိုက်သောအသံတစ်သံ ထွက်ပေါ်လာလေသည်။
အိမ်နီးချင်းခြံဝင်းထဲမှ ဒေါသတကြီး ဆဲဆိုသံများကိုပါ သဲ့သဲ့မျှ ကြားနေရသေးသည်။
"အို… တကယ့်ကို ဆိုးရွားတဲ့ကိစ္စပဲ..."
"အဘိုးကျောက် ဘာတွေဖြစ်နေတာလဲ..."
ချက်ချင်းဆိုသလိုပင် ကျောက်ထျဲ့ကျွင်းက သူတို့နှစ်ဦး၏ရှေ့သို့ ရောက်ရှိလာလေသည်။
"ဘေးအိမ်က အိမ်နီးချင်းတွေ စားစရာပြတ်လပ်နေလို့ သူတို့ခွေးကို သတ်ပြီး အသားစားဖို့ စီစဉ်နေကြတာလေ..."
အကယ်၍ သာမန် လမ်းဘေးခွေးတစ်ကောင်သာ ဖြစ်မည်ဆိုလျှင် ကျောက်ထျဲ့ကျွင်းသည် ဤကဲ့သို့ သက်ပြင်းချနေမည် မဟုတ်ပေ။
အဓိကအချက်မှာ ၎င်းသည် သာမန်ခွေးတစ်ကောင် မဟုတ်ဘဲ သခင်ဖြစ်သူနှင့်အတူ တောဝက်များကို လိုက်လံဖမ်းဆီးခြင်း၊ တောယုန်များကို ဖမ်းခြင်းတို့တွင် လိုက်ပါခဲ့သော ဂုဏ်ပြုခံ အမဲလိုက်ခွေးတစ်ကောင် ဖြစ်နေခြင်းပင် ဖြစ်သည်။
"နှစ်ပေါင်းများစွာ မွေးမြူလာတဲ့ အမဲလိုက်ခွေးကို ဒီလိုပဲ သတ်ပစ်လိုက်တယ်ဆိုတာ ဟူး…တကယ့်ကို အဖြစ်ဆိုးပါပဲလား..."
မုဆိုးများအတွက်မူ အမဲလိုက်ခွေးများဆိုသည်မှာ လုပ်ဖော်ကိုင်ဖက်များပင် ဖြစ်ကြလေသည်။
"မြစ်ကိုဖြတ်ပြီး တံတားကို ဖျက်ဆီးပစ်သလိုမျိုးပဲ အမဲလိုက်ခွေးကို အသားစားဖို့ သတ်ပစ်တယ်ဆိုတာ ဒီမိသားစုက အရမ်းကို သွေးအေးလွန်းတယ်..."
လီလန်က ခေါင်းခါမ်း၍ ပြောလိုက်သည်။
"ငါတို့လည်း ဘာမှမတတ်နိုင်ပါဘူး၊ အဘိုးကြီးဝူလည်း ငတ်ပြတ်ပြီး သေသွားရှာပြီ သူ့မိသားစုမှာ လူရှစ်ယောက်ရှိပြီး ကျွေးမွေးရမယ့် ပါးစပ်ရှစ်ပေါက် ရှိနေတာကိုး၊ သူတို့လည်း အချိန်မီ မစားရရင် ငတ်သေကြတော့မှာပဲ..."
ကျောက်ထျဲ့ကျွင်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်လေသည်။
အငတ်ဘေးကာလအတွင်း ငတ်မွတ်၍ သေဆုံးနေသော အလောင်းများမှာ နေရာအနှံ့အပြားတွင် ရှိနေခဲ့သည်။ သူက ကူညီချင်လျှင်ပင် တတ်နိုင်စွမ်း မရှိခဲ့ပေ။ သူကိုယ်တိုင်ပင် ခါးပတ်ကို တင်းတင်းကျပ်ကျပ် စည်းကာ မြေးဖြစ်သူကို ပြုစုပျိုးထောင်ရင်း ခဲယဉ်းစွာ အသက်ဆက်နေရခြင်း ဖြစ်သည်။
"အဲ့အမဲလိုက်ခွေးရဲ့က ဘာအမျိုးအစားလဲ..."
မည်သည့် ခွေးအမျိုးအစားဖြစ်သည်ကို သူ သိချင်သွားသည်။
"အဲဒါက ခီတန်အမဲလိုက်ခွေးလေ..."
"ခီတန်အမဲလိုက်ခွေး ဟုတ်လား..."
လီလန်က အံ့သြသွားတော့သည်။
မွန်ဂိုလီးယား အမဲလိုက်ခွေးဟုလည်း လူသိများသော ခီတန်အမဲလိုက်ခွေးမှာ ကြီးမားခိုင်ခံ့ပြီး သွယ်လျသော ခြေတံရှည်များရှိသည့် ခွေးမျိုးဖြစ်သည်။ ၎င်းသည် အလွန်မြန်ဆန်စွာ ပြေးလွှားနိုင်ပြီး ကြမ်းတမ်းသော စိတ်သဘာဝရှိကာ သခင်အပေါ် အလွန်သစ္စာရှိကြလေသည်။
ခီတန်အမဲလိုက်ခွေး သုံးကောင်ပေါင်းလိုက်ပါက ကျင်းငါးရာကျော် အလေးချိန်ရှိသော တောဝက်ကြီးကိုပင် မောင်းထုတ်နိုင်စွမ်း ရှိပေသည်။
လီလန်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ လျူဇီ၏ အိမ်မှထွက်ကာ အိမ်နီးချင်း၏ ခြံဝင်းဆီသို့ ထွက်လာခဲ့သည်။
"လျူဇီ ငါတို့လည်း သွားကြည့်ရအောင်..."
ကျောက်ထျဲ့ကျွင်းသည် လီလန်၏ အကြံအစည်ကို ခပ်ရေးရေး ရိပ်မိနေသဖြင့် ကျောက်လျူနှင့်အတူ နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။
လီလန်သည် ဘေးအိမ်မှ ခီတန်အမဲလိုက်ခွေးကို ကယ်တင်ရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။
အိမ်နီးချင်း၏ ခြံဝင်းထဲတွင် ဖြစ်သည်။
လီလန်သည် တံခါးကို တွန်းဖွင့်၍ ဝင်သွားရာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ဓားမကြီးတစ်လက်ကို သွေးကျောက်ဖြင့် သွေးနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို အသေအချာ တွေ့လိုက်ရလေသည်။
သူ၏ဘေးတွင်မူ အရပ်မြင့်မြင့်နှင့် အမည်းရောင် ခီတန်အမဲလိုက်ခွေးကြီးတစ်ကောင် လဲလျောင်းနေသည်။
ထိုအမဲလိုက်ခွေးမှာ မြေပြင်ပေါ်တွင် ကွေးကွေးလေး လှဲလျောင်းနေပြီး အမျိုးသား၏ လက်ထဲရှိ ထက်မြက်သော ဓားကို ကြောက်ရွံ့မှုအပြည့်ဖြင့် စိုက်ကြည့်နေတော့သည်။
"မင်းက ဘယ်သူလဲ ငါ့အိမ်ထဲမှာ ဘာလာလုပ်တာလဲ..."
"ကျွန်တော် ဒီခွေးကို လိုချင်တယ်..."
လီလန်သည် အမဲလိုက်ခွေးအနီးသို့ လျှောက်သွားကာ ၎င်း၏ခေါင်းပေါ်သို့ လက်တင်၍ ချော့မြှူလိုက်သည်။
"စိတ်မပူပါနဲ့ မင်းကို ငါ့အိမ်ကို ခေါ်သွားမယ် ပြီးတော့ အခုကစပြီး ငါနဲ့အတူတူ အမဲလိုက်ထွက်ရမယ်..."
"မင်းက ဘယ်သူမို့လို့လဲ မင်းက ဒီအတိုင်း အလွယ်လေး ယူသွားလို့ရမယ် ထင်နေတာလား..."
အမျိုးသားသည် ထက်မြက်သော ဓားကိုကိုင်၍ အနီးသို့ ချဉ်းကပ်လာလေသည်။
ထိုအချိန်မှာပင် ကျောက်ထျဲ့ကျွင်းသည်လည်း လျူဇီကို ခေါ်ကာ ခြံဝင်းထဲသို့ ရောက်ရှိလာသည်။
"ရှောင်ဝူ..."
"ဦးလေးထျဲ့ကျွင်း ဒီမှာ ဘာတွေဖြစ်နေတာလဲ..."
"မင်းအဖေသာ သက်ရှိထင်ရှား ရှိနေသေးရင် မင်း ဒီခွေးကို သတ်တာသိလို့ကတော့ မင်းကို အရှင်လတ်လတ် ဗိုက်ခွဲပစ်မှာပဲ..."
ကျောက်ထျဲ့ကျွင်းသည် အေးစက်စွာ အော်ငေါက်လိုက်လေသည်။
"ဦးလေးထျဲ့ကျွင်း ကျွန်တော်လည်း မလုပ်ချင်ပါဘူး ကျွန်တော်က..."
"ကျွန်တော့်မိသားစုမှာ လူရှစ်ယောက်ရှိတယ် စားစရာလည်း ပြတ်နေပြီ တောရိုင်းဟင်းရွက်တွေတောင် ရှာလို့မရတော့ဘူးလေ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမှ မရှိတော့တာ..."
"ဟူး..."
ရှောင်ဝူက ဓားကို ပြန်သိမ်းလိုက်သည်။
သူသည် ကျေးဇူးရှိလှသော ဤအမဲလိုက်ခွေးကို မည်သည့်အခါမျှ မသတ်ချင်ခဲ့ပေ။ သို့သော် တိရစ္ဆာန်ဆိုသည်မှာ တိရစ္ဆာန်သာဖြစ်ပြီး လူ့အသက်နှင့် နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်ချေ။
သူ၏ကလေးများမှာ ငတ်မွတ်၍ သေရတော့မည် ဖြစ်သည်။ တစ်လုတ်စားရရေးနှင့် အသက်ရှင်သန်နိုင်ရေးအတွက်ဆိုလျှင် အမဲလိုက်ခွေးကို သတ်ရုံသာမက သူ၏ သွေးကိုပါ ရောင်းချရမည်ဆိုလျှင်ပင် ဆန္ဒရှိနေပေသည်။
"လျူဇီ ငါ့ဆီမှာ ခွေးတူဝက်တူအသား ကျင်းနှစ်ဆယ်နဲ့ ကန်စွန်းဥနှစ်ကျင်းရှိတယ်၊ သွားယူလိုက်ချေ..."
လီလန်သည် ခီတန်အမဲလိုက်ခွေးကို ချည်နှောင်ထားသော သံကြိုးကို ဖြုတ်ပေးလိုက်သည်။
"ကန်စွန်းဥနှစ်ကျင်း၊ အသားကျင်းနှစ်ဆယ်နဲ့ ဒီခွေးကို ငါ လဲမယ်..."