အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈) နှစ်ကောင်ဆက်တိုက် သတ်ဖြတ်ခြင်း၊ မုဆိုးဘုရင်လား... ကံကောင်းခြင်းဘုရင်လား...
အမွေးဝါကောင်လေးမှာ တင်းဝေါဖြစ်သွားလေပြီ။
တင်းဝေါဆိုသည်မှာ ရွှမ်းရွှေရွာတွင် သုံးလေ့ရှိသော ဗန်းစကားတစ်ခု ဖြစ်သည်။
တောင်ပေါ်ရှိ သားကောင်များမှာ အမဲလိုက်ခွေးများကြောင့် လုံးဝ အားကုန်ခမ်းသွားပြီး ဆက်မပြေးနိုင်တော့ဘဲ ခုခံရန် ခွန်အားလည်း မကျန်တော့သည့် အခြေအနေကို ဆိုလိုသည်။ ထိုကဲ့သို့ အမဲလိုက်ခံရသည့် နေရာတွင်ပင် ရပ်တန့်သွားခြင်းကို တင်းဝေါဟု ခေါ်ဆိုခြင်း ဖြစ်၏။
"လျူဇီ... ငါတို့အလှည့် ရောက်ပြီ..."
လီလန်က ဓားကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
အမွေးဝါကောင်မှာ လမ်းပိတ်သွားခဲ့ပြီဖြစ်ပြီး ၎င်း၏ ခံနိုင်ရည်နှင့် ခွန်အားများလည်း လုံးဝ ကုန်ခမ်းသွားလေပြီ။ ယခုအချိန်သည် ၎င်းကို သတ်ဖြတ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်တော့သည်။
"ဒီမှာ အစ်ကိုလန်..."
ထိုအချိန်တွင် လျူဇီသည် ထိပ်ပိုင်းကို သပ်ရပ်စွာ ဖြတ်တောက်ထားသော သစ်သားတုတ်တစ်ချောင်းကို ထုတ်ပေးလိုက်၏။
လျူဇီသည် ပုံမှန်အားဖြင့် သစ်သားအရုပ်ငယ်လေးများ ထုလုပ်ရသည်ကို နှစ်သက်ပြီး လက်သမားအလုပ်တွင် တော်သဖြင့် လီလန်က သူ့ကို သစ်သားဖြင့် လှံရိုးတစ်ချောင်း ပြုလုပ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။
လီလန်သည် ထိုသစ်သားတုတ်ကို ဓားမကြီး၏ အခေါင်းပေါက်ထဲသို့ ထည့်သွင်းလိုက်ပြီး ကျောက်တုံးနှင့် အကြိမ်အနည်းငယ် ရိုက်ထည့်လိုက်လေသည်။
ဓားမကြီးမှာ တစ်မီတာကျော် ရှည်လျားသော လှံတစ်လက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤလှံသည် တောဝက်ကို သတ်ဖြတ်မည့် လက်နက် ဖြစ်လာပေမည်။
"သွားမယ်..."
လီလန်သည် လှံကို ကိုင်ဆောင်လျက် ချုံပုတ်များထဲမှ ခုန်ထွက်သွားလေသည်။
လျူဇီသည်လည်း သူ၏ အမဲလိုက်သေနတ်ကို ဆုပ်ကိုင်ကာ နောက်မှ ကပ်လျက် လိုက်ပါသွား၏။
ဟေးလုံအပါအဝင် အမဲလိုက်ခွေး သုံးကောင်သည် သခင်ဖြစ်သူ ရောက်လာသည်ကို မြင်သောအခါ တိုက်ခိုက်မည့်နေရာကို ဖယ်ပေးသည့်အနေဖြင့် ချက်ချင်း ဘေးသို့ ရှောင်ထွက်ပေးကြသည်။
သားကောင်ပိတ်မိနေသော နေရာရှိ ကျင်းနှစ်ရာကျော် အလေးချိန်ရှိသော အမွေးဝါကောင်မှာ အမဲလိုက်ခွေးများကြောင့် လုံးဝ အားကုန်ခမ်းနေလေပြီ။ မုဆိုးများ လာနေသည်ကို မြင်သောအခါ ၎င်း၏ ဝက်မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး အော်ဟစ်ကာ ထပြေးရန် ရုန်းကန်နေတော့သည်။
သို့သော်လည်း ၎င်း၏ နောက်ခြေထောက်များမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး ကျင်းနှစ်ရာနီးပါး လေးလံသော ၎င်း၏ ဧရာမကိုယ်လုံးကြီးကို မထောက်ပံ့နိုင်တော့ပေ။
တောဝက်သည် အော်ဟစ်ကာ နှင်းများပေါ်တွင် ၎င်း၏ နောက်ခြေထောက်များဖြင့် ရူးသွပ်စွာ ကန်ကျောက်နေလေသည်။
၎င်း၏ အခြေအနေကို မြင်သောအခါ တောဝက်မှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ကြောင်း လီလန် သိလိုက်သဖြင့် အလွန် ဝမ်းသာသွားတော့သည်။
"လျူဇီ... ခပ်ခွာခွာနေပြီး သေနတ်ထဲ ကျည်ဆန်ထည့်ကာ ချိန်ထားလိုက်..."
သို့သော် လီလန်သည် ပေါ့ပေါ့ဆဆ မနေရဲပေ။ ကျင်းနှစ်ရာကျော်ရှိသော အမွေးဝါကောင် မတ်တပ်မရပ်နိုင်လျှင်တောင်မှ လီလန်က ပေါ့ပေါ့ဆဆ မနေရဲပေ။
၎င်းတို့သည် တောင်ပေါ်မှ တောရိုင်းတိရစ္ဆာန်များဖြစ်ကြသည်။ ယုန်တစ်ကောင်ပင်လျှင် အကြပ်ရိုက်လာပါက ကိုက်တတ်ပြီး အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တောဝက်တစ်ကောင်မှာ မိမိအား အလွယ်တကူ ပြန်လည်တိုက်ခိုက်လာနိုင်လေသည်။
အတိတ်က ရွှမ်းရွှေရွာရှိ အတွေ့အကြုံရင့် မုဆိုးများစွာသည် သားကောင်များကို အထင်သေးကာ အဆုံးသတ်ရန် မေ့လျော့ခဲ့ကြသဖြင့် သားရဲတိရစ္ဆာန်များ၏ တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရဖူးလေသည်။
လီလန်သည် စိတ်လှုပ်ရှားနေသော်လည်း ပေါ့ပေါ့ဆဆ မလုပ်ရဲပေ။ ထို့ကြောင့် လုံခြုံရေးနှင့် အရန်အစီအစဉ်အတွက် လျူဇီကို သေနတ်ထဲ ကျည်ထည့်ကာ ချိန်ရွယ်ထားရန် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
လျူဇီသည် ကျည်ဆန်များကို ထည့်သွင်းလိုက်ပြီး အမွေးဝါကောင်၏ နှလုံးသားဆီသို့ ချိန်ရွယ်ကာ ခလုတ်ဆွဲရန် ပြင်ဆင်လိုက်၏။
"ကျည်ဆန်တွေက တန်ဖိုးရှိတယ်... နည်းနည်း ချွေတာရအောင်..."
လီလန်က ခေါင်းခါပြကာ လျူဇီကို တားဆီးလိုက်သည်။
လျူဇီ၏ လက်ထဲရှိ သေနတ်မှာ သံလုံးငယ်များစွာ ထည့်သွင်းထားသော အမဲလိုက်သေနတ် ဖြစ်သည်။ အနီးကပ် ပစ်ခတ်လိုက်ပါက တောဝက်သားများကို အလွယ်တကူ စုတ်ပြတ်သွားစေနိုင်ပြီး အသားများကို လတ်ဆတ်မှုမရှိတော့ဘဲ မြန်မြန်ဆွေးမြည့်သွားစေနိုင်လေသည်။
"ဟေးလုံ... မင်းတို့ကောင်တွေ သွားလိုက်စမ်း..."
လီလန်က အမိန့်ကို ဆက်လက်ပေးလိုက်သည်။
သခင်ဖြစ်သူ၏ အမိန့်ကို ရရှိပြီးနောက် ဟေးလုံသည် လျန်ရှန်ခွေးနှစ်ကောင်နှင့်အတူ တိုက်ပွဲထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
လီလန် စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဟေးလုံသည် နှစ်ကြိမ်ခန့် ဟောင်လိုက်ပြီး အမွေးဝါကောင်ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားလေသည်။
ဤဉာဏ်ကောင်းသော အမဲလိုက်ခွေးသည် နောက်ဆုံးတိုက်ခိုက်ရန် အမိန့်ပေးသံကို ကြားလိုက်ရသကဲ့သို့ပင်။
လျူဇီတို့မိသားစုမှ အမဲလိုက်ခွေး နှစ်ကောင်သည်လည်း ဟေးလုံ၏ အနောက်မှ ကပ်လျက် လိုက်ပါလာပြီး တောဝက်ဆီသို့ ပြေးဝင်သွားကြ၏။
ခွေးသုံးကောင်သည် အထက်မှ တစ်ကောင်၊ ဘယ်ဘက်မှ တစ်ကောင်၊ ညာဘက်မှ တစ်ကောင် ပြေးဝင်သွားကြပြီး တောဝက်၏ နားရွက်နှစ်ဖက်နှင့် အမြီးတို့ကို အသီးသီး ကိုက်ဆွဲထားလိုက်ကြသည်။
ရွှမ်းရွှေရွာ၏ ဗန်းစကားအရ ဤအရာကို ညှပ်ဆွဲခြင်းဟုလည်း ခေါ်ဆိုကြလေသည်။
၎င်းတို့ထဲမှ တစ်ကောင်သည် တောဝက်၏ ဥကြီးများကိုပင် ပြင်းထန်စွာ ကိုက်ချလိုက်သဖြင့် တောဝက်မှာ ဆက်တိုက် အော်ဟစ်နေတော့သည်။( ༎ຶ‿༎ຶ)
လီလန်မှာ ထိတ်လန့်တကြား ကြည့်ရင်း ပြောလိုက်သည်။
"လျူဇီ... မင်းရဲ့ အမဲလိုက်ခွေးက တကယ် ကောက်ကျစ်တာပဲ... အောက်ပိုင်းကို အထူးပစ်မှတ်ထားပြီး ကိုက်တာ..."
လျူဇီက သူ၏ခေါင်းကို ရှက်ကိုးရှက်ကန်း ကုတ်လိုက်ရင်း ရှင်းပြလေသည်။
"အဲဒါတွေအကုန်လုံး ကျွန်တော့်အဘိုးက သင်ပေးထားတာ... တောရိုင်းတိရစ္ဆာန်တွေရဲ့ လိင်အင်္ဂါတွေက သူတို့ခန္ဓာကိုယ်မှာ အနူးညံ့ဆုံး အစိတ်အပိုင်းဖြစ်ပြီး အဲဒီနေရာကို တစ်ချက်ကိုက်လိုက်ရုံနဲ့ သေချာပေါက် ထိရောက်တယ်လို့ သူက ပြောဖူးတယ်..."
လီလန်မှာ ဆွံ့အသွားတော့သည်။ ပုံမှန်အားဖြင့် အလွန် ဖြောင့်မတ်ပုံရသော အဘိုးအိုတွင် ဤကဲ့သို့ ထူးဆန်းသော အမဲလိုက်ခြင်းနှင့် ခွေးလေ့ကျင့်ရေးနည်းလမ်းမျိုး ရှိနေမည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သို့သော် သေချာစဉ်းစားကြည့်မည်ဆိုလျှင်လည်း ယုတ္တိရှိပေသည်။ ထိုအဘိုးအိုသည် ယာ့လူမြစ်ကို ဖြတ်ကူးကာ ကိုရီးယားစစ်ပွဲတွင် တိုက်ပွဲဝင်ခဲ့ပြီး တောခွေးဒါဇင်ပေါင်းများစွာကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့သူ ဖြစ်သည်။
ထိုအရေခွံဖြူ တောခွေးများနှင့် ကျားများကို ရင်ဆိုင်ရာတွင် သေနတ်များအပြင် အချို့သော ကောက်ကျစ်သည့် နည်းဗျူဟာများသည်လည်း ထိရောက်မှု ရှိလေသည်။
အဘိုးအိုသည် သူ၏ ဗဟုသုတများကို အကျိုးရှိရှိ အသုံးချကာ အမဲလိုက်ရာတွင် အသုံးပြုခဲ့သဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ခြင်းပင် ဖြစ်သည်။
"လျူဇီ... လမ်းဖယ်လိုက်... ဒီသားရဲရဲ့ လည်ပင်းနဲ့ နှလုံးကို ငါ လှံနဲ့ ထိုးတော့မယ်... သူ ရူးသွပ်ပြီး ပြေးဝင်လာရင် မင်း သေနတ်နဲ့ပစ်..."
ဝက်တစ်ကောင်ကို သတ်ရန် ဝက်သတ်ဓားကို အသုံးပြု၍ သွေးဖောက်ရလေသည်။
လီလန်တွင် သားသတ်ဓား မရှိသဖြင့် ဓားမကြီးဖြင့် ပြုလုပ်ထားသော လှံကို အသုံးပြု၍ ဝက်ကို သွေးဖောက်ရန် ပြင်လိုက်သည်။
ကျင်းနှစ်ရာကျော်ရှိသော အမွေးဝါကောင်မှာ ပြင်းထန်စွာ အသက်ရှူနေပြီး ဆက်တိုက် အော်ဟစ်နေလေသည်။
တောက်ပနေသော လှံကိုကိုင်ကာ ချဉ်းကပ်လာသည့် လီလန်ကို မြင်သောအခါ ၎င်းသည် နောက်ခြေထောက်များကို ကန်ကျောက်ရင်း ရူးသွပ်စွာ ရုန်းကန်နေတော့သည်။
၎င်း၏ အသက်မှာ ဤတောင်ကုန်းပေါ်တွင် အဆုံးသတ်တော့မည်ကို ၎င်း သဘောပေါက်သွားပုံရလေသည်။
လီလန်သည် ကွပ်မျက်သူတစ်ဦးကဲ့သို့ ရက်စက်စွာဖြင့် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေပေ။
သူသည် လှံကို မြှောက်လိုက်ပြီး ထက်မြက်သော လှံသွားကို အမွေးဝါကောင်၏ နှလုံးသားဆီသို့ ချိန်ရွယ်လိုက်သည်။
သူ၏ ခွန်အားအားလုံးကို စုစည်းကာ အောက်သို့ အစွမ်းကုန် ထိုးချလိုက်တော့သည်။
နားစည်ကွဲမတတ် ကျယ်လောင်လှသော ဝက်အော်သံကြီး ထွက်ပေါ်လာပြီး တောဝက်တောင်ကြော တစ်လျှောက် အချိန်အတော်ကြာ ပဲ့တင်ထပ်သွားလေသည်။
လှံကို ဆွဲထုတ်လိုက်သည်နှင့် တောဝက်၏ နှလုံးသားရှိ အပေါက်မှာ ဆုတ်ဖြဲခံလိုက်ရပြီး တောက်ပသော သွေးနီရဲရဲကြီးများမှာ စမ်းရေပေါက်ကဲ့သို့ ပန်းထွက်လာတော့သည်။
၎င်း၏ ခန္ဓာကိုယ်မှ သွေးများ ထွက်သွားသည်နှင့်အမျှ တောဝက်၏ အော်ဟစ်သံများမှာ တဖြည်းဖြည်း အားနည်းလာပြီး ၎င်း၏ အသက်ရှူသံများလည်း တိုးတိတ်သွားလေသည်။
အချိန်တိုအတွင်းမှာပင် မည်သည့်အသံမျှ မထွက်ပေါ်လာတော့ပေ။
ကျင်းနှစ်ရာကျော်ရှိသော တောဝက်ကြီးမှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
"ဟူး... ပြီးသွားပြီ..."
လီလန်သည် သူ၏နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ကျင်းနှစ်ရာကျော်ရှိသော တောဝက်တစ်ကောင်ကို သူ ပထမဆုံးအကြိမ် အမဲလိုက်ဖူးခြင်းဖြစ်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေခြင်းမှာ ပုံမှန်ပင် ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် အမဲလိုက်ခြင်းမှာ အလွန် ချောမွေ့သွားခဲ့လေသည်။
အမွေးဝါကောင်များကို လီလန် အမဲလိုက်ခြင်းမှာ လူသစ်ကံကောင်းခြင်း ပါဝင်နေသည်ဟု ယူဆနိုင်လေသည်။
ပထမအချက်မှာ တောဝက်သည် ဒဏ်ရာရထားပြီးသားဖြစ်ကာ ၎င်း၏ နောက်ပိုင်းရှိ ထောင်ချောက်ကြောင့် အဝေးသို့ မပြေးနိုင်သဖြင့် လီလန်အား ချိန်ရွယ်ရန်နှင့် နောက်ယောင်ခံလိုက်ရန် အဆင်ပြေသော အခွင့်အရေးကို ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် လီလန်သည် ရွာ၏ အကောင်းဆုံး ခွေးစစ်သူကြီး ဟေးလုံကို အမှတ်မထင် တွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။
ဤတောဝက်ကို အမဲလိုက်ရာတွင် ဟေးလုံက များစွာအထောက်အကူ ပြုခဲ့သည်။ ၎င်းသည် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော အမဲလိုက်နိုင်စွမ်း ရှိလေသည်။ ၎င်းက တောဝက်၏ ခွန်အားနှင့် ခံနိုင်ရည်ကို အားလျော့စေခဲ့သည်။ သို့မဟုတ်ပါက ကျင်းနှစ်ရာကျော်ရှိသော ဤတောဝက်ကို လှံတစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် လီလန်တွင် အခွင့်အရေး ရရှိခဲ့မည် မဟုတ်ပေ။
အရေးအကြီးဆုံးမှာ လျှို့ဝှက်သေတ္တာက အချိန်ကိုက် ပေါ်လာပြီး သူ့အား အံ့မခန်း သေနတ်ပစ်စွမ်းရည်ကို ပေးစွမ်းခဲ့ခြင်းပင် ဖြစ်သည်။
"ဟေး... အစ်ကိုရှောင်လန်... ကျွန်တော် အိပ်မက်မက်နေတာလား..."
"ငါတို့... ငါတို့ တကယ်ပဲ တောဝက်တစ်ကောင်ကို ပစ်သတ်နိုင်ခဲ့တာလား..."
လျူဇီသည် အလွန်အမင်း စိတ်လှုပ်ရှားနေကာ တောဝက်၏ ဧရာမကိုယ်လုံးကြီးကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း သူ၏ လက်တံခြေတံများကို ဝှေ့ယမ်းကာ ဝမ်းသာအားရ ဖြစ်နေတော့သည်။
"မင်းကိုယ်မင်း ပါးရိုက်ကြည့်လိုက်... မင်း အိပ်မက်မက်နေလားဆိုတာ သိလိမ့်မယ်..."
ဖြန်း…
လျူဇီသည် အမှန်တကယ်ပင် သူ့ကိုယ်သူ ပါးရိုက်လိုက်ပြီး တော်တော်လေး ပြင်းထန်လေသည်။
"နာတယ်..."
"အိပ်မက် မဟုတ်ဘူး... အိပ်မက် မဟုတ်ဘူး... တကယ်ကြီးပဲ..."
"ငါတို့ တောဝက်ကြီးတစ်ကောင်ကို တကယ် ပစ်ချနိုင်ခဲ့ပြီ..."
လီလန် "..." ဒီကောင်လေးက တကယ်ကို တမူထူးခြားတာပဲ။
"ကဲပါ... အုတ်အော်သောင်းနင်း မလုပ်နဲ့တော့... ဒါက တောဝက်တောင်ကြောလေ... တောင်ပေါ်မှာ ကျားတွေ၊ ကျားသစ်တွေ ရှိတယ်... အသားတွေကို မြန်မြန် ဆက်လုပ်ဖို့ လိုတယ်... မဟုတ်ရင် သွေးနံ့ခံပြီး သူတို့ ရောက်လာလိမ့်မယ်... အဲဒီလိုဆိုရင်တော့ သွားပြီပဲ..."
လီလန်က သူ့ကို သတိပေးလိုက်သည်။
တောဝက်များအပြင် တောဝက်တောင်ကြောသည် ဆိုက်ဘေးရီးယန်းကျားများ၊ အရှေ့ဖျားကျားသစ်များနှင့် ဝက်ဝံများ၏ နေရပ်လည်း ဖြစ်ပေသည်။
ဤသားရဲတိရစ္ဆာန်များအားလုံးမှာ သွေးသောက်ပြီး အသားစားသော ဘီလူးများသာဖြစ်ကြ၏။
လီလန်သည် ဓားမှ သစ်သားတုတ်ကို ဆွဲထုတ်လိုက်ပြီး အသားခုတ်ရန် ပြင်ဆင်ရင်း လက်ကိုင်ပုဆိန်ကို ထုတ်ယူလိုက်သည်။
ထိုအချိန်တွင် ဟေးလုံက အသံကြားလိုက်ရသဖြင့် ၎င်း၏ခေါင်းကို တစ်နေရာဆီသို့ လှည့်ကြည့်လိုက်လေသည်။
"ဝုတ်... ဝုတ်... ဝုတ်..."
"ဝုတ်... ဝုတ်... ဝုတ်..."
ဟေးလုံသည် အကြိမ်အနည်းငယ် ဟိန်းဟောင်လိုက်ပြီး ထိုအရပ်ဆီသို့ ပြေးဝင်သွားတော့သည်။
"အစ်ကိုရှောင်လန်... ဟေးလုံ ဘာကို တွေ့သွားတာလဲ..."
လျူဇီက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။
အသားခုတ်နေသော လီလန်က သူလုပ်နေသည်များကို ရပ်တန့်လိုက်၏။
သူသည် မတ်တပ်ရပ်ကာ ဟေးလုံ ထွက်သွားသည့် အရပ်ဆီသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် ချစ်စရာကောင်းပြီး အရူးတစ်ကောင်ကဲ့သို့ အသွင်အပြင်ရှိသော သမင်နှင့်လည်းတူ သိုးနှင့်လည်းတူသည့် တောရိုင်းတိရစ္ဆာန်တစ်ကောင် ရပ်နေလေသည်။
"ဆားဖောင်ဇီလား…”