← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း(၁၉၃)

"တကယ်ကို အံ့ဩဖို့ကောင်းတဲ့ လက်ဆောင်ပဲ"

"သူ့ရဲ့ ပေးကမ်းနိုင်စွမ်းကလည်း သူ့ရဲ့ချမ်းသာကြွယ်ဝမှုလိုပဲ ကြီးကျယ်ခမ်းနားတာပေါ့"

ကွန်တိန်နာကြီးကို ကြည့်ပြီး မာရူး တစ်ယောက် ပြုံးမိသွားတယ်။ နှစ်ရက်တည်းနဲ့ ဒီလို ကွန်တိန်နာအကြီးကြီးတစ်လုံး တကယ်ရလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ဘူးလေ။ မာရူး က ကွန်တိန်နာကြီးကိုကြည့်ပြီး တစ်ယောက်တည်း သဘောကျမဆုံး ဖြစ်နေတဲ့ တေးဆစ် ကို ထားခဲ့ပြီး ကလပ်အခန်းဆီကိုပဲ ထွက်လာခဲ့လိုက်တယ်။

"အကိုကြီး"

"မင်္ဂလာပါ"

ကလပ်အခန်းဘေးမှာ ဂျီယွန်း နဲ့ ဘန်ဂျူး တို့ ရောက်ပြီး စောင့်နေကြတာ။

"နေ့လယ်စာစားရမယ့်အချိန်ကြီး အပြင်ထွက်ခိုင်းလိုက်ရလို့ အားနာပါတယ်ကွာ"

"ရပါတယ် အကိုကြီးရဲ့"

ဘန်ဂျူး ရဲ့ တက်ကြွလွန်းတဲ့ တုံ့ပြန်သံကြောင့် ဂျီယွန်း တစ်ယောက် နည်းနည်း လန့်ဖျပ်သွားသလို ဖြစ်သွားတယ်။ ဒီနှစ်ယောက်က တကယ့်ကို ဆန့်ကျင်ဘက်တွေပဲ။ အတူတူ တွဲလုပ်ရင်ကော အဆင်ပြေပါ့မလား။

"ကဲ... အားလုံးပဲ၊ ငါတို့ အရင်ဆုံး ကွန်တိန်နာကြီးကို သန့်ရှင်းရေးလုပ်ကြမယ်။ အဲဒါက ငါတို့ရဲ့ ကလပ်အခန်းအသစ် ဖြစ်လာမှာဆိုတော့ သေသေချာချာလေး ဂရုစိုက်ပြီး လုပ်ကြရအောင်"

"ဟုတ်ကဲ့ပါ"

ဒေးမြောင် က သန့်ရှင်းရေးပစ္စည်းတွေအပြည့်နဲ့ ရောက်လာတယ်။ လောလောဆယ်တော့ ကြမ်းတိုက်ဆေးနဲ့ ကြမ်းတိုက်ဖတ်တွေ ပြင်ဆင်ထားကြတယ်။

"ဒါတွေကို အောက်ယူသွားလိုက်ဦး။ ဆရာတေးဆစ် အောက်မှာ စောင့်နေတယ်"

"ဟုတ်ကဲ့ ရပါတယ်"

ဒေးမြောင် က ပထမနှစ်ကျောင်းသားတွေနဲ့အတူ အောက်ကို ဆင်းသွားတဲ့အချိန်မှာ မာရူး ကတော့ ကလပ်အခန်းထဲက ပေတံကိုယူပြီး ခပ်ကြီးကြီး ကျားကွက်ပစ္စည်းတွေကို တိုင်းထွာနေလိုက်တယ်။

"ဒါတွေအကုန်လုံး အထဲမှာ ကွက်တိဝင်ဆံ့မှာပဲ"

သူက အလယ်လှေကားအတိုင်း အောက်ကို ဆင်းလာတုန်း သူငယ်ချင်းတစ်အုပ်နဲ့အတူ အပေါ်တက်လာတဲ့ ဂွန်ဆော့ နဲ့ လမ်းမှာ ပက်ပင်းတိုးမိပါလေရော။

"ကြည့်ရတာ အလုပ်ရှုပ်နေကြတာပဲ။ ကူညီပေးဖို့ လိုမလား"

မာရူး က အဲဒီကောင်လေးကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်တော့ သူက သူ့ကို ကြည့်ပြီး သွားတွေပေါ်အောင် ပြုံးပြနေတာ။ ဒါ ဘာဖြစ်တာလဲ။ မာရူး က ဝေခွဲမရသလိုနဲ့ မျက်မှောင်ကြုတ်လိုက်တဲ့အခါ ဂွန်ဆော့ ရဲ့ အပြုံးက ပိုပြီးတော့တောင် ကျယ်ပြန့်လာတယ်။ သူ့သူငယ်ချင်းတွေကတော့ စိုးရိမ်တကြီးနဲ့ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိုးတိုး ပြောနေကြပြီ။

"သူက ဟို ပြဇာတ်ကလပ်က ကောင်လား"

"အေး ဟုတ်မယ် ထင်တယ်"

ဂွန်ဆော့ ရဲ့ သူငယ်ချင်းတွေက မာရူး ကို ရန်လိုတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတယ်။ မာရူး ခဏလောက် စဉ်းစားကြည့်လိုက်မိတယ်။ သူ ဒီလူတွေနဲ့ ရန်ငြိုးရန်စ ဖြစ်ဖူးလို့လား။ လုံးဝ မရှိခဲ့ပါဘူး။ သူတို့နဲ့ စကားတောင် တစ်ခါမှ မပြောဖူးပါဘူး။ ဒါဆို ဒါက ဘာသဘောလဲ။

"မင်း ကူညီချင်တယ်ဆိုရင်လည်း ရတယ်။ ငါတို့ လူလိုနေတာနဲ့ အတော်ပဲ"

"ဒါဆို ခဏနေရင် ငါ လာခဲ့မယ်လေ"

ဂွန်ဆော့ ဘေးမှာ ရပ်နေတဲ့ ကောင်မလေးတစ်ယောက်က စိတ်ပျက်လက်ပျက် ပုံစံနဲ့ သူ့ကို လှမ်းတို့လိုက်တယ်။

"ဟဲ့... နင် တကယ်ကြီး သွားမလုပ်နဲ့လေ"

သူမက တိုးတိုးလေး ကပ်ပြောတာဆိုပေမဲ့ မာရူး ကတော့ အကုန်ကြားလိုက်ရတယ်။ ဒါ တကယ် ထူးဆန်းနေပြီ။ မာရူး က ဂွန်ဆော့ ရဲ့ မျက်လုံးတွေကို သေသေချာချာ စိုက်ကြည့်လိုက်မိတယ်။

[[ဝေခွဲမရဖြစ်နေတယ် မဟုတ်လား မာရူး။ ငါသာ နည်းနည်းလောက် ကြိုးစားလိုက်ရင် မင်းကို အရှင်လတ်လတ် မြေမြှုပ်ပစ်လို့ရတယ်]]

သူ့ခေါင်းပေါ်က စကားပြောတဲ့ ပူဖောင်းလေးက ပန်းရောင်တောက်တောက်လေး ဆိုပေမဲ့ အထဲက စာသားတွေကတော့ တကယ့်ကို ရွံရှာစရာ ကောင်းလှတယ်။

"သူက ငါ့သူငယ်ချင်းပဲဟာ၊ ကူညီရမှာပေါ့။ ငါ အခု ပြဇာတ်ကလပ်မှာ မရှိတော့ဘူးဆိုပေမဲ့ သူက ငါ့သူငယ်ချင်း ဖြစ်နေတုန်းပဲလေ"

ဒါကို ကြားလိုက်ရတဲ့အခါ မာရူး ကတော့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရတယ်။ အပြင်လောကမှာကို ပြဇာတ်ကပြနေသလိုမျိုး လာလုပ်ပြနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဂွန်ဆော့ က သူ့ကို နည်းနည်း ထူးဆန်းသလို ပြန်ကြည့်လာတယ်။

"မဟုတ်ဘူး... စိတ်မပူပါနဲ့။ ငါ ဘယ်လိုပြောရမလဲ... တော်တော် ကြိုးစားနေတာပဲလို့ ပြောရမလား၊ ဒါမှမဟုတ် ရင့်ကျက်မှု မရှိသေးတာပဲလား။ အင်း... ကြည့်လို့တော့ ကောင်းပါတယ်။ အခုလည်း ရောက်နေပြီပဲဥစ္စာ၊ အဲဒီဇာတ်ကောင်အတိုင်းပဲ နောက်ထပ် နည်းနည်းလောက် ထပ်ပြီး တွန်းလုပ်ကြည့်ပါဦးလား"

"မင်း ဘာတွေပြောနေတာလဲ မာရူး"

"ဟေ့လူ... မင်း ငါ့ကို လာပြီး ခင်မင်ပြနေတာကြီးက တကယ်ကို ကြည့်ရဆိုးပြီး ထူးဆန်းလွန်းတယ်။ အဲဒါထက် ပိုတာကတော့ မင်းက တကယ် ရယ်ရတာပဲ။ ဘုရားရေ... တကယ့် ပြဇာတ်ကြီးပါပဲလား"

မာရူး က သူ့ကို မျက်ထောင့်နီကြီးတွေနဲ့ စိုက်ကြည့်နေတဲ့ ဂွန်ဆော့ နဲ့ သူ့သူငယ်ချင်းတွေဆီ လျှောက်သွားလိုက်ပြီး ပြုံးပြုံးလေးနဲ့ ဂွန်ဆော့ ရဲ့ ပုခုံးကို လှမ်းဖက်လိုက်တယ်။

"ဒါပေမဲ့ မင်း ပွဲစတာကြီးက ဒီလိုပုံစံမျိုးတော့ မဟုတ်ရဘူးလေ"

သူက အဲဒီစကားကို ပြောပြီး လှေကားအတိုင်း အောက်ကို ဆက်ဆင်းလာခဲ့တယ်။ အဲဒီကောင်လေးက သူ့အကြောင်း သတင်းအမှားတွေ လျှောက်ဖြန့်ဖို့ ကြိုးစားနေပုံရတယ်၊ စိတ်ကူးကတော့ ဆန်းသစ်ပါရဲ့ ဒါပေမဲ့ လုပ်ရပ်ကတော့ တကယ်ကို အောက်တန်းကျလွန်းတယ်။

"ဂွန်ဆော့... မင်းက တကယ့် လူစွမ်းကောင်းပဲ။ တော်တယ်ကွာ"

မာရူး က အောက်ကို ထပ်မဆင်းခင် ဂွန်ဆော့ ကို လက်မထောင်ပြဖို့လည်း မမေ့ခဲ့ဘူး။ ကောင်လေးရဲ့ မျက်နှာပေါ်က ရှိသမျှ အပြုံးလေးတွေ အကုန်လုံး တစ်စစီ ကြေမွပျက်စီးသွားတော့တယ်။ သူ့သူငယ်ချင်းတွေကလည်း သူ့ကို ထူးဆန်းသလိုမျိုး ကြည့်နေကြပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့။

"ဘာ... ဘာကြီးလဲကွာ၊ တကယ် စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

"သူ ဘာတွေပြောနေတာလဲ"

မာရူး က အဲဒီလူအုပ်ကြီးကို လျစ်လျူရှုပြီး အောက်ကို ဆင်းလာခဲ့တယ်၊ ပြီးတော့ မျက်နှာတစ်ခုလုံး အပြုံးတွေ ဝေဆာနေရင်း ကွန်တိန်နာထဲကို လှမ်းဝင်လိုက်တယ်။

"ဘာတွေ သဘောကျပြီး ပြုံးနေတာလဲ" ဒေးမြောင် က လှမ်းမေးတယ်။

"ဂွန်ဆော့ က ချစ်စရာကောင်းအောင် လုပ်ပြနေလို့လေ"

"ဘာကြီး"

"ငါက သူ့ကို တော်တော် ဥာဏ်ကောင်းတယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ ကြည့်ရတာတော့ မဟုတ်သေးပါဘူး"

ဒေးမြောင် က ဝေခွဲမရ ဖြစ်နေပေမဲ့လည်း နောက်ထပ် ထပ်မမေးတော့ဘူး၊ သူက ဒီအကြောင်းတွေကို လုံးဝ ဆက်မကြားချင်တော့တာ သိသာနေတာပဲ။

"အထဲက အခြေအနေ ဘယ်လိုလဲ"

"တော်တော် သန့်ရှင်းပါတယ်"

သူတို့ ကွန်တိန်နာရဲ့ တစ်ဖက်ခြမ်းကို လှည့်ကြည့်လိုက်တော့ ဆရာတေးဆစ် က ပထမနှစ်ကျောင်းသား နှစ်ယောက်နဲ့အတူ အထဲကို လှမ်းကြည့်နေတယ်။ ဒေးမြောင် ပြောသလိုပဲ ကွန်တိန်နာက တော်တော်လေး သန့်ရှင်းပြီး သံချေးတောင် သိပ်မတက်သေးဘူး။

"အခြေအနေ တော်တော်ကောင်းတာပဲ။ သုံးလို့ရတယ်။ ဒါပေမဲ့ ပစ္စည်းတွေအကုန်လုံး အထဲမှာ ဆံ့ပါ့မလား..." ဆရာတေးဆစ် က မေးတယ်။

"ဆံ့မှာပါ။ လူတွေ လျှောက်သွားလို့ရအောင် အလယ်မှာ လမ်းချန်ပြီး ဘေးတစ်ဖက်တစ်ချက်မှာ စီထည့်လိုက်ရင် ရပြီ။ အကျယ်က အောက်ခြေ ပေနှစ်ဆယ် ရှိတာဆိုတော့ နေရာက လုံလုံလောက်လောက် ရှိပါတယ်"

ဒေးမြောင် က မျက်နှာကို ဝေခွဲမရတဲ့ ပုံစံမျိုး လုပ်လိုက်ပြီး -

"မင်းက အဲဒါကို ဘယ်လိုသိတာလဲ။ ပြီးတော့ အောက်ခြေပေ ဆိုတာက ဘာကြီးလဲ"

"ကလေးတွေ သိစရာမလိုပါဘူးကွာ"

မာရူး ရဲ့ ခေါင်းထဲမှာ ကုန်သွယ်ရေးကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တုန်းက အသိပညာတွေ ကျန်နေသေးတာကိုး၊ ကွန်တိန်နာတွေနဲ့ ထိတွေ့ပြီး အလုပ်လုပ်ခဲ့ရတဲ့ အချိန်တွေ များပြားခဲ့တာကြောင့် အဲဒီတုန်းက အမှတ်တရတွေက သူ့ခေါင်းထဲမှာ တော်တော်လေး ထင်ထင်ရှားရှား ရှိနေတုန်းပဲ။ မာရူး က အခုတစ်ခါ အပြင်ဘက်ကနေပြီး ကွန်တိန်နာကြီးကို လှမ်းကြည့်လိုက်တယ်။

"ဘေးဘောင်တွေကတော့ အဆင်ပြေပါတယ်။ အပေါ်ခေါင်မိုးကိုပဲ ထပ်စစ်ဖို့ လိုမယ်"

"အပေါ်ခေါင်မိုး ဟုတ်လား"

"အပေါ်ဆုံးအမိုးပေါ့"

မာရူး က အပေါ်က အပေါက်လေးကို တွန်းဖွင့်ပြီး အပေါ်ကို တွားတက်လိုက်တယ်၊ အောက်ကနေ ဂျီယွန်း တစ်ယောက် ဝေခွဲမရဖြစ်ပြီး တိုးတိုးလေး အော်လိုက်တဲ့အသံကို ကြားလိုက်ရတယ်။

"ကြည့်ရတာ အဆင်ပြေသားပဲ"

တစ်ပတ်ရစ် ကွန်တိန်နာတစ်လုံးအတွက်တော့ တော်တော်လေး အထိန်းအသိမ်းကောင်းတယ်လို့ ပြောရမယ်။

"ငါတို့ ရေစိုခံဆေးအသစ် တစ်ထပ်လောက် ထပ်သုတ်ပြီး သန့်ရှင်းရေးလုပ်လိုက်ရင် ရပြီ။ အထဲမှာ လျှပ်စစ်မီးကြိုးတွေ သွယ်တန်းနေဖို့ မလိုတော့ တံမြက်စည်းလှည်းလိုက်ရုံနဲ့တင် သန့်ရှင်းရေးက ပြီးသလောက် ဖြစ်သွားမှာပါ"

"မင်းက ဒါတွေကို တော်တော် နားလည်တာပဲ။ ငါက လာပြီး နည်းနည်း ကူညီပေးမလို့ စဉ်းစားထားတာ၊ ဒါပေမဲ့ ကြည့်ရတာ မင်းက ဒါတွေကို ငါ့ထက် ပိုသိနေပုံပဲ"

"ဆရာ ကူညီပေးခဲ့တာတင် တော်တော်လေး လုံလောက်နေပါပြီ။ ဒါနဲ့ ဒါက အခု ကျောင်းပိုင်ပစ္စည်း ဖြစ်သွားပြီ မဟုတ်လားခင်ဗျာ။ ဒါကို ပြင်ဆင်ဖို့အတွက် ကျောင်းရဲ့ ဘတ်ဂျက်ထဲကနေ နည်းနည်းလောက် ထုတ်ပေးဖို့ တောင်းဆိုလို့ ရမလား"

"အဲဒါတော့ ငါလည်း သေချာမပြောတတ်ဘူးကွာ"

"ကဲ... ထားပါတော့လေ။ ဒါဆိုရင်လည်း ဆေးကို ငါ့ပိုက်ဆံနဲ့ငါပဲ ဝယ်လိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် ဈေးမကြီးပါဘူး"

ကွန်တိန်နာက အတိုင်းအတာ ကွက်တိဖြစ်နေတာကြောင့် လုပ်စရာ အများကြီး မရှိလှဘူး။ အကုန်လုံး သန့်ရှင်းရေးလုပ်ပြီး ပစ္စည်းတွေ ရွှေ့လိုက်ရုံပဲ။

"ဆရာ အရင်ပြန်နှင့်လိုက်ပါတော့။ ကျန်တာတွေကို ငါတို့ပဲ အစအဆုံး တာဝန်ယူလိုက်ပါ့မယ်"

ဆရာတေးဆစ် က သူတို့အတွက် အအေးအချို့ ဝယ်ပေးပြီးမှ အပြင်ကို ထွက်သွားခဲ့တယ်။

"ကဲ... သန့်ရှင်းရေး စကြစို့"

"ဟုတ်ကဲ့ပါ အကိုကြီး"

ဂျီယွန်း နဲ့ ဘန်ဂျူး နှစ်ယောက်လုံး လက်ထဲမှာ ကြမ်းတိုက်ဖတ်တွေ ကိုင်ပြီး တက်တက်ကြွကြွနဲ့ ပြိုင်တူ ပြန်ထူးလိုက်ကြတယ်။

* * * * * * * * *

‘တကယ့် ခွေးမသားပဲ’

ဂွန်ဆော့ က သွားတွေကို ကြိတ်ထားမိတယ်၊ သူ ဖြစ်ချင်တဲ့ တုံ့ပြန်မှုမျိုးကို မရခဲ့ဘူးလေ။ သူက မာရူး ကို ဝေခွဲမရဖြစ်ပြီး ဒေါသထွက်နေတဲ့ ပုံစံမျိုးပဲ မြင်ချင်ခဲ့တာ၊ အခုလို သူ့ကို ပြန်ပြုံးပြနေတာမျိုးကို မဟုတ်ဘူး။ ကြင်နာတဲ့ စကားလုံးတွေနဲ့ မာရူး ကို နှိပ်ကွပ်ပစ်မယ်ဆိုတဲ့ သူ့ရဲ့ မူလအစီအစဉ်က ပျက်စီးသွားခဲ့ရပြီ။

"ဂွန်ဆော့... မင်း ကလပ်အဖွဲ့ဝင်တွေ လိုနေတယ်လို့ ဆရာတွေဆီက ကြားတယ်။ ဒီအပတ်မကုန်ခင် လူဆယ်ယောက် ရရမယ်၊ ပြီးတော့ မင်းရဲ့ အကြံပေးဆရာဆီက လက်မှတ်လည်း လိုလိမ့်မယ်"

ဒုဥက္ကဋ္ဌ က သူ့ကို စာရွက်တစ်ရွက် လှမ်းပေးတယ်။ ဒါဆိုရင်တော့ ဂွန်ဆော့ အနေနဲ့ ပြိုင်ဘက် ပြဇာတ်ကလပ်အသစ်တစ်ခုကို တည်ထောင်နိုင်တော့မှာပေါ့။

‘ကောင်းပြီ’

သူ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်နေရပေမဲ့ အခြေအနေတွေကတော့ ကောင်းကောင်းမွန်မွန် လည်ပတ်နေပါတယ်။ ဂွန်ဆော့ က အရင်ဆုံး သူ့အတန်းထဲက လူအချို့ကို စည်းရုံးဖို့ ဆုံးဖြတ်လိုက်တယ်။

"ပြဇာတ်လား... ငါ ကလပ်တစ်ခုထဲ ရောက်နေပြီလေ"

"အဲဒါက အချိန်တွေ အများကြီး ပေးရတယ်လို့ ကြားဖူးတယ်"

"ငါ စာကျက်ရမယ်"

သူ့ကို အံ့ဩစေတာကတော့ တစ်ယောက်တည်းကမှ ပါဝင်ဖို့ သဘောမတူခဲ့ကြတာပဲ။ ဒါပေမဲ့ ဂွန်ဆော့ က စိတ်ကို ချက်ချင်း ပြန်တည်ငြိမ်အောင် ထိန်းလိုက်ပြီး စဉ်းစားလိုက်တယ်။

‘ငါ ပထမနှစ်တွေဆီပဲ ထပ်သွားရမယ်။ အလုပ်တွေ အများကြီး လုပ်စရာ မလိုပါဘူးဆိုတာကိုပဲ အဓိကထားပြီး ပြောရမယ်’

ဂွန်ဆော့ က အောက်ကို ဆင်းလာရင်း စိုးရိမ်စိတ်တွေ တဖွားဖွား ပေါ်လာမိတယ်၊ ကလပ်အသစ်တစ်ခု ထောင်ဖို့ သူ့ကို အကြံပေးခဲ့တာက လီဂျွန်မင်း ပဲလေ။ ပြင်ဆင်မှုတွေအကုန်လုံးက ပြီးနေပြီဆိုပေမဲ့ သူ တကယ်ကော ကလပ်တစ်ခု ထောင်နိုင်ပါ့မလား။

သူ စက်မှုအင်ဂျင်နီယာအတန်းထဲကို အရင်ဆုံး ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျောင်းဆင်းခါနီး အချိန်ဖြစ်နေတာကြောင့် ကျောင်းသားအများစုက အခန်းထဲမှာ အိပ်ငိုက်နေကြတာ။ သူက စိတ်ကို တင်းတင်းမတ်မတ်ထားပြီး အတန်းရဲ့ အရှေ့ဆုံးအထိ လျှောက်သွားလိုက်တယ်။

"ဟို...အားလုံးပဲ၊ အားနာပါတယ်ဗျာ၊ ခဏလောက် စကားပြောလို့ ရမလား"

ကလေးအချို့က ခေါင်းမော့ကြည့်လာကြတယ်၊ ဂွန်ဆော့ က ကလပ်အသစ်အကြောင်းကို အမြန်ပဲ စကားစလိုက်တယ်။ မူလကလပ်မှာ ပြဿနာတစ်ခုခု ဖြစ်ခဲ့လို့ သူက ကလပ်အသစ်တစ်ခု ထပ်ထောင်ဖို့ ကြိုးစားနေတာဖြစ်ကြောင်းပေါ့။ ကလပ်အသစ်ကတော့ တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ပိုပြီး အလေးထားမှာ ဖြစ်တယ်လို့ ဂွန်ဆော့ က သူ့ရဲ့ စကားပြောတာကို အဆုံးသတ်ရင်း ပထမနှစ်ကျောင်းသားတွေကို လှမ်းကြည့်လိုက်တယ်။ အချို့က သူ့ကို စိတ်ပျက်လက်ပျက် ပုံစံမျိုးနဲ့ ကြည့်နေကြပြီး အများစုကတော့ အိပ်ပျော်နေကြတုန်းပဲ။ ဂွန်ဆော့ နှုတ်ခမ်းကို ကိုက်လိုက်မိတယ်။ အိပ်နေကြတာလား... အကိုကြီးတစ်ယောက်ရဲ့ အရှေ့မှာကိုလား။

"အားလုံးပဲ.. ငါပြောတာကို နားထောင်ကြဦးလေ"

သူက သူ့အရှေ့က စာသင်ခုံကို လက်သီးနဲ့ ထိုးချလိုက်တဲ့အခါ မျက်လုံးတွေအကုန်လုံး သူ့ဆီကို ချက်ချင်း ရောက်လာတော့တယ်။ သူတို့အားလုံးက စိတ်ပျက်နေတဲ့ ပုံစံမျိုးတွေဖြစ်နေလို့ ဂွန်ဆော့ နည်းနည်းလေး တုန်လှုပ်သွားမိတယ်။ ဒီကျောင်းက လူမိုက်တွေအပြည့်ရှိတဲ့ ကျောင်းဆိုတာကို သူ ခဏမေ့သွားတာကိုး။ ဂွန်ဆော့ က ဒီလို အကြည့်မျိုးတွေကို သဘောမကျဘူး၊ သူက အကြမ်းဖက်တာကို ကြောက်တယ်၊ အရိုက်ခံရမှာကို ကြောက်တယ်။

"ဟို... အကိုကြီး"

အဲဒီအချိန်မှာပဲ ပထမနှစ်ကျောင်းသားတစ်ယောက်က အသံကျယ်ကြီးနဲ့ လှမ်းပြောလိုက်တယ်။ ကောင်လေးက ဆံပင် တိုတိုလေးနဲ့၊ ဒီကောင်လေးကို သူ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ...

"ငါက ပြဇာတ်ကလပ်ကလေ။ ငါ့မှတ်ဉာဏ်သာ မမှားဘူးဆိုရင် အကိုကြီးက ကိုယ့်သဘောနဲ့ကိုယ် ကလပ်ကနေ ထွက်သွားတာ မဟုတ်လား။ အကိုကြီး မာရူး က ပြောတယ်... အကိုကြီးက ပြဇာတ်ကပြရတာ ပျင်းသွားလို့ ထွက်သွားတာဆို"

"ဘာ... ဘာကြီး"

"အဲဒါ မဟုတ်ဘူးလား။ အားနာပါတယ်ဗျာ... ငါက နည်းနည်း အူကြောင်ကြောင် ဖြစ်နေလို့ပါ"

အခန်းထဲက ကလေးတွေက ကောင်လေးရဲ့ အော်သံကြောင့် နိုးလာပြီး တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိုးတိုး ပြောနေကြပြီ။

"ဘန်ဂျူး... နည်းနည်းလောက် တိုးတိုးပြောစမ်းပါ"

"ဆူညံလိုက်တာကွာ"

အတန်းထဲက လူတွေကတော့ ပြဇာတ်ကလပ်ကို လုံးဝ စိတ်မဝင်စားကြတာ သိသာနေတာပဲ၊ ဂွန်ဆော့ ကတော့ ပထမနှစ် အတန်းထဲကနေ ထွက်ပြေးလုနီးပါး ဖြစ်သွားရတော့တယ်။

* * * * * * * * *

"ဒါက တကယ်ကို မျှော်လင့်မထားတဲ့ လက်ဆောင်ပဲ။ ခင်ဗျား ဒီလောက်ကြီးတဲ့ အရာတစ်ခုကို ဒီအတိုင်း လွှတ်ပေးလိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

“ငါ့ဆီမှာ အပိုတစ်ခု ရှိနေလို့ ပါကွာ”

"ဆရာ့ဆီမှာ နောက်ထပ် ရှိသေးလား။ ရှိရင် ကျွန်တော့ကို ထပ်ပေးပါဦး"

“တော်တော် ရယ်ရတာပဲ။ အာ... မင်းက ငါ့ကို ကျေးဇူးတင်စကားပြောဖို့သက်သက်ပဲ ဖုန်းဆက်တာလား”

"အဲဒါလည်း အကြောင်းရင်းတစ်ခုပေါ့"

“တစ်ခု ဟုတ်လား”

မာရူး က နံရံကို ကျောမှီလိုက်ရင်း -

"ဂွန်ဆော့ က သူ့ဘာသာသူ ပြဇာတ်ကလပ်အသစ်တစ်ခု ထောင်ဖို့ ကြိုးစားနေတယ်လို့ ကြားတယ်"

“ဟုတ်လား”

"ဒါပေမဲ့ ကျွန်တော် ဘယ်လောက်ပဲ စဉ်းစားစဉ်းစား၊ သူက ဒီလိုမျိုး လုပ်မယ့်လူစားမျိုး မဟုတ်ဘူး။ သူက အရာအားလုံးကို သူ့ဘာသာသူ အစပြုပြီး လုပ်တတ်တဲ့ လူမျိုး မဟုတ်ဘူးလေ။ အဲဒါကို စဉ်းစားကြည့်တော့ ဆရာပဲ သူ့ကို တွန်းအားပေးလိုက်တာ ထင်တယ်"

“အေး ဟုတ်တယ်၊ ငါ သူ့ကို လှုံ့ဆော်မှု နည်းနည်း ပေးလိုက်တာ”

"ဘာဖြစ်လို့လဲဆိုတာ သိခွင့်ရှိမလား"

“သူက လက်လွှတ်လိုက်ဖို့ တော်တော် နှမြောဖို့ကောင်းတဲ့ ဖဲချပ်တစ်ခုမို့လို့လေ။ ငါ သူ့အပေါ်မှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရှိနေပြီပဲ၊ ပြီးတော့ ဆူယွန်း ကလည်း တော်တော်လေး ဈေးကြီးတဲ့ နည်းပြတစ်ယောက် မဟုတ်လား”

"အာ... ဒါဆို သူမက သူ့ရဲ့ နည်းပြပေါ့။ ဘာပဲဖြစ်ဖြစ် ဆရာ ဘာလို့ သူ့ကို တခြားနည်းလမ်းမျိုး မပေးခဲ့တာလဲ။ သူ ဘယ်လိုမှ ကလပ်အသစ်တစ်ခု ထောင်နိုင်မှာ မဟုတ်ဘူးလေ"

“ဘာဖြစ်လို့ မရရမှာလဲ”

"ကျွန်တော်တို့က ကျောင်းတစ်ကျောင်းလုံးကို ပတ်ပြီး စည်းရုံးပြီးသွားပြီ။ အခုအချိန်မှာ ကျွန်တော်တို့ကလပ်ကို ဝင်ချင်တဲ့လူ နောက်ထပ် မရှိတော့ဘူး"

“အင်း... ဟုတ်နိုင်ပါတယ်”

"ဆရာ့လို အလုပ်ရှုပ်နေတဲ့ လူတစ်ယောက်က ဘာလို့ ဂွန်ဆော့ ကို ဒီလိုမျိုး လုပ်ခိုင်းရတာလဲဆိုတာ ကျွန်တော် သိချင်ရုံသက်သက်ပါ။ အထူးသဖြင့် ဆရာက တကယ် အလုပ်များတဲ့လူ မဟုတ်လား"

“ငါက သူ့ရဲ့ တုံ့ပြန်မှုကို ကြည့်ချင်လို့လေ”

"တုံ့ပြန်မှု ဟုတ်လား"

“ငါ အချက်နှစ်ချက်ကို စဉ်းစားထားတာ။ ပြဇာတ်ကလပ် နှစ်ခု ရှိနေလို့ရအောင် ငါ ကျောင်းနဲ့ စကားပြောထားပြီးသား။ ဂွန်ဆော့ မှာ တကယ် အရည်အချင်းရှိရင် သူက ကျောင်းထဲမှာ ကောင်းမွန်တဲ့ ပြိုင်ဘက်ကလပ်တစ်ခုကို ထောင်နိုင်လိမ့်မယ်”

"ဆရာကလည်း လွန်လှချည်လား၊ ကျွန်တော်တို့မှာ အခုတင် လူမလောက်လို့ ဒုက္ခရောက်နေတာကို" မာရူး က ပြုံးပြီး ပြန်ပြောလိုက်တယ်။ ဖုန်းထဲကနေ တစ်ဖက်လူရဲ့ ရယ်သံကို ကြားလိုက်ရတယ်။

“ကလပ်တစ်ခု တကယ် ထောင်နိုင်ခဲ့ရင် ပျော်စရာကောင်းမှာပေါ့။ ကဲ... အဲဒါ မဖြစ်နိုင်ဘူးဆိုရင်တော့ ငါ့အနေနဲ့ ဒုတိယ တုံ့ပြန်မှုကိုပဲ စောင့်ကြည့်ဖို့ပဲ ရှိတော့တယ်”

"တုံ့ပြန်မှု ဟုတ်လား"

“သူ့ရဲ့ မာနတွေ ကျိုးပျက်သွားတာကိုလေ”

"အာဟ... ဆရာ့ရည်ရွယ်တာက အဲဒါကိုး"

“အင်း... ငါကတော့ ဒီအတိုင်း ထိုင်ကြည့်နေဖို့ပဲ စဉ်းစားထားတာ။ မင်းရဲ့ စကားတွေက ငါ့ကို တော်တော် စိတ်ရှုပ်စရာ ကောင်းအောင် လုပ်နေပြီ”

“ကျွန်တော်လည်း ပြဿနာတွေ ကြုံရမှာကို မုန်းတယ်။ ကျွန်တော်အခုကတည်းက ကြိုပြောထားလိုက်မယ်။ ဂွန်ဆော့ ဘာပဲလုပ်လုပ်၊ ကျွန်တော်သူ့ကို ကလပ်ထဲ ပြန်ခေါ်မှာ မဟုတ်ဘူး"

“မင်းပြောပုံက ကလပ်က မင်းပိုင်တဲ့အတိုင်းပဲလား”

"လောလောဆယ် ကျွန်တော်က ကလပ်ကိုယ်စားလှယ်ပဲလေ၊ အဲဒါကြောင့် ဟုတ်တယ်လို့ ပြောရမှာပေါ့"

“ငါက မင်းကို အတင်းအကျပ် ခိုင်းရင်ကော”

"ဆရာ အဲလိုမျိုး လုပ်မယ်လို့ ကျွန်တော် မထင်ဘူး"

“ဘာဖြစ်လို့လဲ”

"ဘာဖြစ်လို့လဲဆိုတော့ ဆရာက ကျွန်တော့်အပေါ် မျှော်လင့်ချက်တွေ ရှိနေလို့လေ။ အဲဒီအကြောင်းပြချက်ကတင် လုံလောက်မနေဘူးလား"

မာရူး က သူ့ကို စိုက်ကြည့်နေကြတဲ့ ဒိုဝူး၊ ဒိုဂျင် နဲ့ ဒေးမြောင် တို့ သုံးယောက်ကို နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြပြီး တိုးတိုးနေဖို့ အချက်ပြလိုက်တယ်။

“ငါ ဒီလို ဉာဏ်ကောင်းတဲ့လူတွေကို အဲဒါကြောင့် မုန်းတာ။ သူတို့က ကိုယ်ဖြစ်ချင်တာကိုပဲ ဇွတ်လုပ်တတ်ကြလို့လေ”

"ဆရာက အဲလိုလူမျိုးတွေကို တကယ် သဘောကျတာ မဟုတ်ဘူးလား။ အကိုကြီး ဂွန်ဆူ၊ နည်းပြ ဂန်ဟွမ်၊ ဆရာမ မီဆို၊ ပြီးတော့ ဆူယွန်း အပါအဝင်... အို ဘုရားရေ၊ ဆရာ့မှာ ရှိနေတဲ့ လူစာရင်းက တကယ့်ကို အလန်းစားကြီးပဲဥစ္စာ"

“ဟားဟား... မင်းပြောတာ မှန်ပါတယ်။ ငါက ခိုင်းသမျှကိုပဲ နာခံတတ်တဲ့ လူတွေကို မုန်းတာ။ အဲဒါကြောင့်ပဲ ဂွန်ဆော့ ကို ဒါမျိုး လုပ်ခိုင်းလိုက်တာပေါ့၊ ငါက အဲဒီကောင်လေးကို သူ့ရဲ့ မာနအတ္တတွေထဲကနေ ရုန်းထွက်စေချင်တာ။ သူက အရည်အချင်းရှိတယ်။ ဉာဏ်လည်းကောင်းတယ်။ ပြီးတော့ တော်တော်လည်း ခေါင်းမာတယ်၊ ဒါပေမဲ့ သူ့မှာ တွန်းအားမရှိဘူး။ သူ ဘာလုပ်ရမလဲဆိုတာ မသိဘူးလေ။ ငါ တစ်ခုခု ခိုင်းလိုက်ရင်တော့ သူ ကောင်းကောင်း လုပ်နိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ အဲဒါထက် ပိုပြီးတော့ သူ ဘာမှ မလုပ်တတ်ဘူး။ ငါက ဒီမှာ ကျွန်တွေကို ရှာနေတာ မဟုတ်ဘူးလေ”

"သူက ကျွန်တော့အရှေ့မှာ တစ်ခုခု လာလုပ်ဖို့ ကြိုးစားနေတာ။ ကျွန်တော်ဘာလုပ်ရမလဲ။ဆရာ့ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ခြင်တွေကို ကိုယ့်သဘောနဲ့ကိုယ် လာပြီး အနှောင့်အယှက်ပေးခွင့်ပြုဖို့အထိတော့ သဘောမကျဘူး"

“မင်း ဖြစ်ချင်သလိုသာ လုပ်ပါ။ ငါ ဂွန်ဆော့ ကို ရွေးချယ်ခွင့် ပေးခဲ့ပြီးသားပဲ။ သူက ကိုယ့်လမ်းကိုယ် ဖောက်မလား၊ ဒါမှမဟုတ် သူ့ရဲ့ မာနတွေကိုပဲ မြိုသိပ်တတ်အောင် သင်ယူမလားဆိုတယ်။ မာနဆိုတာ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိဘူးလဲဆိုတာကို သူ သင်ယူနိုင်ခဲ့ရင် သူက စိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်။ အဲလိုမှ မဟုတ်ရင်တော့... အင်း... အဲဒါက သူ့ရဲ့ အပြစ်ပဲပေါ့”

"တကယ် ရက်စက်တာပဲ"

“လူတွေကို အသုံးချပြီး အလုပ်လုပ်တယ်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူးလေ၊ အဲဒါကြောင့် ငါက ရက်စက်ရမှာပေါ့။ ငါက ရင်းနှီးမြှုပ်နှံသူတစ်ယောက်ပဲ။ ငါ ရင်းနှီးမြှုပ်နှံထားတဲ့အရာက ရလဒ်မပြဘူးဆိုရင် ငါက ပိုကောင်းတဲ့အရာတွေဆီပဲ ကူးပြောင်းရမှာပေါ့”

"ဆရာက ဘာဖြစ်လို့ လူသစ်တွေကိုပဲ အသည်းအသန် ရှာဖွေနေရတာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ ရမလား"

လီဂျွန်မင်း က ခဏလောက် တိတ်ဆိတ်သွားတယ်၊ မာရူး က အတန်းထဲက နာရီ တရွေ့ရွေ့ သွားနေတာကို စောင့်ကြည့်နေလိုက်တယ်။ ၁၅ စက္ကန့်လောက် ကြာပြီးတဲ့နောက်မှာတော့ လီဂျွန်မင်း က နောက်ဆုံးမှာ နှုတ်ခမ်းဖွင့်လိုက်တော့တယ်။

“ငါက ပြီးပြည့်စုံတဲ့ သရုပ်ဆောင်မှုကို မြင်ချင်ရုံသက်သက်ပဲ။ အဲဒါပါပဲ”

အဲဒီလူရဲ့ အသံထဲမှာတော့ အတိတ်ကို လွမ်းဆွတ်နေတဲ့ ခံစားမှုမျိုးတွေ အရောင်ဆိုးထားသလို ခံစားရတယ်။

"ကျွန်တော် နားလည်ပါပြီ။ ဒါဆိုရင်တော့ ကျွန်တော့်ဘက်ကနေပဲ အကုန်လုံးကို အစအဆုံး စီစဉ်လိုက်ပါ့မယ်"

“အေးပါကွာ။ မင်း သူ့ကို ကောင်းကောင်း လမ်းပြပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ ဒါပေမဲ့... မင်း အခု ဘာတွေ တွေးနေလဲဆိုတာ ငါ မြင်နေရပြီဆိုတော့ အများကြီးတော့ မျှော်လင့်မထားတော့ပါဘူး”

"အဲဒါက သူ ဘယ်လို ပြုမူမလဲဆိုတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်"

“အေးပါကွာ။ မင်း ဖြစ်ချင်သလိုသာ လုပ်ပါ”

လီဂျွန်မင်း က ဖုန်းချသွားခဲ့တယ်။

"အဲဒါ ဘာကြီးလဲ။ နားထောင်ရတာ တော်တော် ကြောက်ဖို့ကောင်းတာပဲ" ဒိုဂျင် က လှမ်းမေးတယ်။ ဒိုဝူး ကလည်း စူးစမ်းလိုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ။

"လမ်းပျောက်နေတဲ့ သိုးငယ်လေးတစ်ကောင်ကို ဘာလုပ်ရမလဲဆိုတာ ဆွေးနွေးနေကြတာလေ"

မာရူး က ပြုံးပြုံးလေးပဲ ပြန်ပြောလိုက်တယ်။

* * * * * * * * *

အခန်း(၁၉၄)

“ဟေ့ ဂွန်ဆော့... ငါတို့ အန်ယန်းသွားမလို့လေ၊ နင် လိုက်မလား”

ကောင်မလေးတွေက သူ့ကို အတူတူလျှောက်လည်ဖို့ ခေါ်နေကြတာ၊ အပြင်ပန်းကြည့်ရတာလည်း တော်တော်လေး ချစ်ဖို့ကောင်းကြတယ်လေ။ ဂွန်ဆော့တစ်ယောက် သူတို့နဲ့ပဲ တစ်နေကုန် အတူတူ လျှောက်လည်ပစ်လိုက်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေမိတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာပဲ၊ ဒီနေ့မှာ သူ အချိန်မအားဘူးဖြစ်နေတယ်။

“ဆောရီးပဲဟာ၊ နောက်တစ်ခေါက်မှပေါ့”

“ဘာလို့လဲလို့... လိုက်ခဲ့ပါဆို၊ သွားရအောင်နော်”

ကောင်မလေးတစ်ယောက်က သူ့လက်မောင်းကို ဆွဲကိုင်လှုပ်ယမ်းရင်း စကားသံကို အသံရှည်ဆွဲပြီး ပူဆာနေတော့တယ်၊ ကျန်တဲ့ကောင်မလေးတွေကလည်း လိုက်ခဲ့ဖို့ ဝိုင်းပြောနေကြတယ်။ ဂွန်ဆော့ခေါင်းထဲမှာ စိတ်မရှည်တဲ့ စိတ်အလိုမကျမှုတွေ တရိပ်ရိပ် တက်လာတယ်။ ဒီကလေးမတွေက ဘယ်အချိန်မှာ လက်လျှော့ရမယ်မှန်းကို မသိကြဘူး။ ဘယ်လိုမှ မောင်းထုတ်လို့မရတဲ့ ယင်ကောင်လေးတွေကျနေတာပဲ။ သူတို့ကို အော်ဟစ်ပစ်လိုက်ချင်ပေမယ့် စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး ဟန်မပျက်အောင် နေလိုက်ရတယ်။

“ငါ လုပ်စရာ အလုပ်လေးရှိလို့ပါ၊ နောက်တစ်ခေါက်ကျမှ အတူတူသွားကြတယ်။ အဲဒီကျရင် တကယ် အဝကစားပေးမယ်၊ ဟုတ်ပြီလား”

“အင်းလေ... ဒါဆိုလည်း ပြီးရော”

ကောင်မလေးက သူ့လက်ကို ချက်ချင်းပဲ လွှတ်လိုက်တော့တယ်၊ သူ့မျက်လုံးတွေထဲမှာ စိတ်ဝင်စားမှုတွေ အကုန်ပျောက်ဆုံးသွားတဲ့ ပုံစံမျိုးနဲ့ပေါ့။ ကျန်တဲ့ကောင်မလေးတွေရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတွေ မရှိတော့ဘူး။

“နှမြောစရာကြီး၊ သူသာ လိုက်လာရင် အားလုံး အလကားစားရမှာကို”

“ပြီးခဲ့တဲ့တစ်ခေါက်ကလည်း သူပဲ အကုန်ဝယ်ကျွေးတာ မဟုတ်လား”

“အေးလေ၊ ဟုတ်တယ်”

သူတို့တွေ တိုးတိုးတိတ်တိတ် ရယ်မောနေကြတာကို ဂွန်ဆော့ ကြားလိုက်ရတယ်၊ ဒါနဲ့ သူက ကောင်မလေးတွေကို စိုက်ကြည့်ပစ်လိုက်တယ်။ သူ့မျက်လုံးတွေနဲ့ တည့်တည့်တိုးသွားတာနဲ့ ကောင်မလေးတွေလည်း ချက်ချင်းပဲ ထွက်ပြေးသွားကြတော့တယ်။

'အပေါစားမတွေ'

သူ့ဒေါသက လည်ပင်းဝအထိ ဆောင့်တက်လာသလို ခံစားလိုက်ရတယ်၊ ဒါပေမဲ့ စိတ်ကို အတင်းပဲ ပြန်ငြိမ်အောင် လုပ်လိုက်ရတယ်။ မိန်းကလေးတွေဆိုတာ အကုန်လုံး ဒီလိုချည်းပါပဲလေ။ သူလည်း အောက်ထပ်က ပထမနှစ် အတန်းတွေဆီကို လျှောက်လာခဲ့တယ်၊ ဒီတစ်ခေါက် သွားမယ့်နေရာကတော့ ဒီဇိုင်းအတန်းပေါ့။ သူကိုယ်တိုင်လည်း ဒီဇိုင်းမေဂျာကဖြစ်နေတာကို အသုံးချရင် အမှတ်နည်းနည်း ရနိုင်ကောင်းရဲ့။

ဒါပေမဲ့ စိတ်မကောင်းစရာပဲ၊ ဘာမှဖြစ်မလာခဲ့ဘူး။ ပြဇာတ်အသင်းထဲ ဝင်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားတစ်ယောက်မှ ရှိမနေဘူးလေ။ ဒါက တော်တော်လေး ပြဿနာတက်မယ့် အနေအထားပဲ။ ဒီအတိုင်းဆို အသင်းတစ်ခုတောင် ဖွဲ့နိုင်မှာ မဟုတ်တော့ဘူး၊ စိတ်တိုလွန်းလို့ ဗိုက်ထဲကတောင် အောင့်လာသလိုပဲ။

အတိအကျ ပြောရရင် အဲဒီအချိန်မှာတင် သူ့ရှေ့က ပထမနှစ် ကောင်မလေးတစ်ယောက် တဟားဟား ရယ်နေတာကို သူ မြင်လိုက်ရတယ်။ သူ ပြောနေတာကို စိုးစဉ်းမျှတောင် နားမထောင်ဘဲ ဘေးနားက ကောင်မလေးနဲ့ပဲ စကားတွေ လှည့်ပြောနေတယ်။ ဂွန်ဆော့လည်း ဒါကို အခွင့်ကောင်းယူပြီး သူ့ရင်ထဲက မွန်းကျပ်မှုတွေကို ဖောက်ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ဟေ့... မင်းက ငါ့ကို ဟာသလုပ်နေတယ်လို့ ထင်နေတာလား”

“ရှင်...”

ကောင်မလေးက ပြုံးစိစိနဲ့ ပြန်ထူးတယ်လေ။ ကြည့်ရတာ တော်တော်လေး ရွံဖို့ကောင်းတာပဲ။ ဂွန်ဆော့ကတော့ မျက်မှောင်ကြီးကုတ်ပြီး ဆက်ပြောလိုက်တယ်။

“ငါ့ကို ဟာသလုပ်နေတယ် ထင်လို့လား။ ငါ စကားပြောနေတာကို မကြားဘူးလား။ ငါက မင်းရှေ့တည့်တည့်မှာ ရှိနေတာကို ငါပြောတာတွေကို လျစ်လျူရှုရဲတယ်ပေါ့... ဟုတ်လား၊ ဟမ်…”

မျက်လုံးအဝိုင်းသားနဲ့ ကောင်မလေးက ချက်ချင်းပဲ ခေါင်းငုံ့သွားတယ်၊ စောစောက သူနဲ့ စကားပြောနေတဲ့ ဘေးက ကောင်မလေးလည်း အတူတူပဲ။ သူတို့ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ဂွန်ဆော့ ရင်ထဲမှာ ဟင်းခနဲ သက်ပြင်းချနိုင်သွားတယ်။ သူ့လို အသားစားသတ္တဝါမျိုးအတွက်တော့ ခေါင်းငုံ့သွားတာဟာ အားနည်းချက်ကို ပြသလိုက်တာပဲလေ။ ဒီလို အခြေအနေကို ထိန်းချုပ်လိုက်ရတာကို သူ သဘောကျမိတယ်၊ သူတို့တွေ သူ့စကားကို နားထောင်နေကြပြီ၊ ဒါဟာ ကောင်းမွန်တဲ့ အပြုအမူပဲ။ ကောင်မလေးတွေရဲ့ နောက်ကွယ်မှာရှိတဲ့ အကောင်ကြီးကြီးတွေကိုတော့ သူ သွားပြီး စကားမပြောရဲပေမယ့် ဒီလို အပင်စားသတ္တဝါလေးတွေကိုတော့ ဘယ်အချိန်မဆို နင်းခြေပစ်လို့ ရတယ်။

“နောက်ဆို သတိထားဦး၊ ကြားလား။ မင်းတို့မျက်နှာတွေကို ငါ မှတ်ထားမယ်။ နားလည်လား”

“...ဟုတ်ကဲ့ပါ”

“ကောင်းပြီ၊ နောက်ဆိုရင်လည်း စီနီယာတွေကို ဒီလိုပဲ ပြန်ပြောရမယ်။ မင်းတို့နှစ်ယောက် အခု ဘယ်အသင်းမှာလဲ”

“သမီး... သမီးတို့လား၊ ရုပ်ရှင်ကြည့်တဲ့အသင်းမှာပါ”

ကောင်မလေးက သူ့ကို ကြောက်ရွံ့နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေရှာတယ်။ ကြည့်ရတာ တော်တော်လေး ကျေနပ်ဖို့ကောင်းပေမယ့် စကားပြောဆို ဆက်ဆံတဲ့နေရာမှာ ဒါဟာ နည်းလမ်းမှန် မဟုတ်ဘူးဆိုတာကို ဂွန်ဆော့ ကောင်းကောင်းသိတယ်။ ကြာပွတ်တစ်ခုတည်းနဲ့တော့ အသင်းဝင်တွေ ရလာမှာ မဟုတ်ဘူးလေ။

“မင်းတို့က ဘာလို့ ကြောက်နေကြတာလဲ၊ ငါက နောက်လိုက်တာပါ။ ငါ တကယ် စိတ်ဆိုးသွားတယ်လို့ ထင်နေတာလား”

သူ့မျက်နှာပေါ်က တင်းမာမှုတွေကို ချက်ချင်းဖျောက်လိုက်ပြီး ကောင်မလေးနှစ်ယောက်ရဲ့ မျက်လုံးချင်း ဆုံနိုင်မယ့် အနေအထားအထိ ကိုယ်ကို အသာလေး နှိမ့်ပေးလိုက်တယ်။

“ဆောရီးပါဟာ။ ငါက မင်းတို့နဲ့ ရင်းနှီးသွားအောင် နည်းနည်း စနောက်လိုက်ရုံတင်ပါ။ ငါ့ရဲ့ သရုပ်ဆောင်မှုက နည်းနည်း လွန်သွားတယ် ထင်တယ်၊ တကယ် ကြောက်သွားတာလား”

“ရှင်... မ... မကြောက်ပါဘူး”

“ဟုတ်တယ်မလား၊ ငါက တကယ်တော့ အဲဒီလောက် ကြောက်စရာမကောင်းပါဘူး”

ကောင်မလေးတွေ စိတ်ပြန်မတည်ငြိမ်နိုင်ခင်မှာပဲ သူက စကားကို ချက်ချင်း ဆက်ပြောလိုက်တယ်လေ။ ဒီအရွယ် ကောင်မလေးတွေက နည်းနည်းလောက် ဖိအားပေးပြီး ပြောလိုက်ရင် ဘာမဆို သဘောတူတတ်ကြတာမျိုး မဟုတ်လား။

“မင်းတို့ သရုပ်ဆောင်တာကို စမ်းမကြည့်ချင်ဘူးလား”

“ရှင်...”

“ငါ့ဆီမှာ မင်းတို့လို ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေ လိုအပ်နေတာလေ။ ပြီးတော့ မင်းတို့က အသံထွက် ရှင်းလင်းပြတ်သားမှုလည်း သိပ်ကောင်းတာပဲ”

“သမီးကလား”

ကောင်မလေးက ဇဝေဇဝါဖြစ်နေတဲ့ ပုံစံနဲ့ ကြည့်တယ်၊ ဂွန်ဆော့ကတော့ စကားကို အဆက်မပြတ်ပဲ ဆက်ပြောနေတယ်။

“အေးပေါ့။ မင်းက မျက်လုံးအမူအရာလည်း သိပ်ကောင်းတာပဲ။ စင်ပေါ်ရောက်ရင် ချက်ချင်း အသက်ဝင်သွားမှာ သေချာတယ်။ ငါ့ဘာသာငါ ပြောရမှာတော့ နည်းနည်း ရှက်ဖို့ကောင်းပေမယ့် ငါက အမျိုးသားအဆင့် ပြိုင်ပွဲမှာ အကောင်းဆုံး သရုပ်ဆောင်ဆု ရခဲ့တာလေ။ ဆရာတွေကလည်း ငါ့ကို သရုပ်ဆောင်ကောင်းတွေကို ရွေးချယ်တတ်တဲ့ မျက်စိရှိတယ်လို့ ပြောကြတယ်။ မင်းတို့ သရုပ်ဆောင်ကို လုပ်ရမယ်။ တကယ်ပဲ မင်းတို့ရဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အထက်တန်းကျောင်းသားဘဝကို ရုပ်ရှင်ကြည့်ရုံသက်သက်နဲ့ပဲ ကုန်ဆုံးပစ်တော့မလို့လား။ ဒါက လျှို့ဝှက်ချက်နော်၊ ငါ အခု ဖွဲ့မယ့် ပြဇာတ်အသင်းက ဒီလောကထဲက တကယ့် နာမည်ကြီး ပုဂ္ဂိုလ်အချို့ရဲ့ ကျောထောက်နောက်ခံ ရှိနေတာ။ တစ်နည်းပြောရရင် ငါက မင်းတို့နှစ်ယောက်ကို အခွင့်အရေး ပေးနေတာပဲ။ ငါက လူတိုင်းကို ဒီလို အခွင့်အရေး မပေးဘူး”

“ဒါပေမဲ့ စောစောကတင် စီနီယာက လူတိုင်းကို လိုက်ပြောနေတာ...”

“အဲဒါက သူတို့ရဲ့ တုံ့ပြန်မှုကို သိချင်လို့ စမ်းကြည့်တာပါ။ ဒီအတန်းထဲမှာ ပါရမီရှိတဲ့လူ သိပ်မတွေ့မိပါဘူး၊ ဒါပေမဲ့ မင်းကတော့ ခြွင်းချက်ပေါ့။ မင်း ကင်ဆိုယွန်း ကို သိတယ်မလား။ SBC ဒရမ်မာထဲက မင်းသမီးလေ”

“သိတာပေါ့၊ မမက တကယ် လှတာပဲ”

“ငါက သူနဲ့ တော်တော်လေး ရင်းနှီးတာလေ”

“တကယ်ကြီးလား”

“ငါက လိမ်မပြောတတ်ပါဘူး။ ပြီးတော့ ငါက ထိပ်တန်းလူတွေချည်းပဲ စုစည်းထားတဲ့ ပြဇာတ်အသင်းကို ဖွဲ့ချင်တာ။ အခု ရှိနေတဲ့အသင်းကတော့ အမှိုက်တွေချည်းပဲ။ ငါက သူတပါးအတင်းကို မပြောချင်ပါဘူး၊ ဒါပေမဲ့ အခု အဲဒီမှာရှိတဲ့ လူတွေက ငါ သရုပ်ဆောင် သိပ်တော်လွန်းလို့ ဆိုပြီး ငါ့ကို မနာလိုလို့ အသင်းကနေ မောင်းထုတ်လိုက်ကြတာလေ။ အဲဒါကြောင့် အဲ့လောကထဲက လူကြီးတစ်ယောက်က ငါ့ကို သနားပြီး အပြည့်အဝ ပံ့ပိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဖြစ်နိုင်ရင်တော့ မင်းတို့နှစ်ယောက်နဲ့ပဲ ဒီအသင်းကို စတင်လိုက်ချင်တယ်။ မင်းတို့သာ ငါနဲ့ လိုက်ခဲ့ရင် သရုပ်ဆောင်တာဟာ ဝါသနာသက်သက်ပဲ ဖြစ်နေမှာ မဟုတ်တော့ဘူး။ မင်းတို့ကော ဧရာမ စင်မြင့်ကြီးထက်မှာ ရပ်တည်ချင်တဲ့ စိတ်ကူးမျိုး မရှိခဲ့ဘူးလား”

“အဲဒါကတော့... ရှိတာပေါ့”

“သမီးလည်း တူတူပဲ”

ကောင်မလေးနှစ်ယောက်စလုံးက ပြိုင်တူ ခေါင်းငြိတ်ပြကြတယ်၊ ဒါဟာ သူ့အတွက် အခွင့်အရေးပဲလေ။ သူ့ရဲ့ ပထမဆုံး ပန်းတိုင်ကတော့ သူတို့တွေ ခေါင်းမူးသွားတဲ့အထိ မြှောက်ပင့်ပေးပြီး လျှောက်လွှာဖောင်ပေါ်မှာ လက်မှတ်ထိုးခိုင်းဖို့ပဲ။ အဲဒီနောက် ပါရမီရှိတဲ့သူတွေကို မြှင့်တင်ပေးပြီး ပါရမီမရှိတဲ့သူတွေကိုတော့ ပြဇာတ်နောက်ခံ ပစ္စည်းတွေ လုပ်ခိုင်းရုံပေါ့။ သူကတော့ နောက်ထပ် နှစ်နှစ်လောက်အထိ သူတို့တွေကို အသုံးချပြီး သူ့ကိုယ်သူ ပေါ်လွင်စေမယ့် ပြဇာတ်တစ်ခုကို ဖန်တီးမှာဖြစ်ပြီး သူ့အတွက် အကောင်းဆုံး သရုပ်ဆောင်ဆု ရဖို့ပဲ လိုတာလေ။ အသင်းလိုက်ဆု မရခဲ့ရင်တောင် အသင်းသားတွေ ညံ့လို့ဆိုပြီး အပြစ်ပုံချလိုက်လို့ ရတာပဲ မဟုတ်လား။

သူတို့တွေကို အသင်းထဲ ဆွဲသွင်းနိုင်ပြီဆိုတာနဲ့ အရာရာကို လှုပ်ရှားနိုင်တော့မယ်လို့ ဂွန်ဆော့ ယုံကြည်မှု အပြည့်ရှိနေတယ်၊ နောက်ဆုံးတော့ ပြဇာတ်ဆိုတာ ပါရမီရှိတဲ့ သရုပ်ဆောင်တစ်ယောက်တည်းနဲ့တင် ပင့်တင်ထားလို့ ရတာမျိုးလေ။ ကျန်တဲ့လူတွေကတော့ လမ်းကြုံလိုက်ရုံ သက်သက်ပဲ၊ ဒါက လက်တွေ့ပဲ မဟုတ်လား။ မင်း ဘယ်လောက်ပဲ တော်နေပါစေဦး၊ ခေါင်းဆောင်မင်းသား မဟုတ်ရင်တော့ ဘယ်သူမှ မှတ်မိနေမှာ မဟုတ်ဘူး။ မင်းသားပဲ ကြယ်ပွင့် ဖြစ်လာမှာလေ။

သူ့အောက်မှာ လူတွေ ရှိနေသရွေ့ သူက အဲဒီကြယ်ပွင့် ဖြစ်နေမှာပဲ။ သူတို့ စကားမနားထောင်ရင် ပြဇာတ်ဖြစ်မြောက်အောင် ရိုက်နှက်ပြီးတော့တောင် ခိုင်းဦးမှာပေါ့။ ကြယ်ပွင့်တစ်ပွင့်ဆိုတာ သူ့အောက်ကလူတွေကို နင်းခြေပြီးမှ ထွက်ပေါ်လာတတ်တာမျိုးလေ။ အခုအချိန်မှာ ဂွန်ဆော့အတွက် နင်းခြေဖို့ လူတွေ အသည်းအသန် လိုအပ်နေတာ။

“ဒါပေမဲ့...”

“ဒါက အခွင့်အရေးပဲလေ။ မင်းတို့မှာ ပါရမီရှိတယ်။ ရုပ်ရှင်ကြည့်ရုံသက်သက်နဲ့ပဲ အဲဒီပါရမီတွေကို စွန့်ပစ်လိုက်တော့မလို့လား။ ဒါက တကယ် နှမြောဖို့ကောင်းပါတယ်။ ဒီအတိုင်းဆို မင်းတို့ကိုယ် မင်းတို့ နစ်နာအောင် လုပ်နေသလိုပဲ။ မင်းတို့တွေ ဒီအတိုင်း အချိန်ဖြုန်းနေကြမှာကို ငါက ကြိုပြီး နှမြောနေမိလို့ပါ။ မင်းတို့သာ ငါ့ဆီ ဝင်လာရင် နောက်နှစ်ကျရင် ဘယ်လို ဖြစ်နေမလဲဆိုတာ ငါ ကောင်းကောင်း မြင်နေရတယ်။ ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်တာကတော့ အဆင်ပြေပါတယ်၊ ကောင်းမွန်တဲ့ အမှတ်တရတွေ ရနိုင်တယ်။ ဒါပေမဲ့ အကောင်းဆုံး အမှတ်တရတော့ ဖြစ်မလာနိုင်ဘူး။ နည်းနည်းတော့ ကြမ်းတမ်းပေမယ့် ဒါက အမှန်တရားဆိုတာ မင်းတို့ သိပါတယ်နော်။ ပုံမှန်အဆင့်ဆိုတာ နောက်ဆုံးတော့ အမှိုက်လိုပါပဲ။ တကယ့်ကို ထူးခြားဆန်းသစ်တာမှသာ တကယ့် အဖိုးတန်အရာ ဖြစ်တာလေ။ အဲဒီ နောက်က လူတွေကိုပဲ ကြည့်လိုက်ပါဦး”

ဂွန်ဆော့က အတန်းနောက်ဘက်မှာ တဟားဟား ရယ်မောနေကြတဲ့ အုပ်စုဆီကို မျက်ရိပ်ပြလိုက်တယ်၊ သူတို့တွေက လူမိုက်ကလေးတွေဆိုတာ သူ ချက်ချင်း သိလိုက်တယ်။

“မင်းတို့က သူတို့နဲ့ ရင်းနှီးလို့လား”

“မ... မဟုတ်ပါဘူး”

“ဟုတ်တယ်မလား။ သူတို့က လူမိုက်တွေလေ။ အင်ဂျင်နီယာကျောင်းမှာပဲ သူတို့ဘဝတွေကို အလဟဿ ဖြုန်းတီးပစ်ကြမယ့်သူတွေ။ မင်းတို့နှစ်ယောက်ကတော့ မတူဘူး၊ မင်းတို့က အကြောင်းပြချက်တစ်ခုခုကြောင့် ဒီကို ရောက်လာကြတာလေ။ နင်တို့မှာ တက္ကသိုလ်တက်ဖို့ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျောင်းပြီးရင် ချက်ချင်း အလုပ်ရဖို့ဖြစ်ဖြစ် မျှော်မှန်းချက် ရှိကြတယ်မလား။ ငါပြောတာ မှန်တယ်မလား။ နင်တို့က ဉာဏ်မရှိတဲ့ လူအတွေနဲ့ မတူဘူးလေ”

ကောင်မလေးနှစ်ယောက်က စိတ်မသက်မသာ အပြုံးလေးတွေနဲ့ ခေါင်းငြိတ်ပြကြတယ်၊ လူတိုင်းဟာ မြှောက်ပင့်စကားပြောတာကို သဘောကျကြတယ်ဆိုတာ ဂွန်ဆော့ နောက်တစ်ကြိမ် ထပ်သိလိုက်ရတယ်။

“ငါ သိတယ်။ ငါ မှားမှာ မဟုတ်ပါဘူး။ မင်းတို့နှစ်ယောက်က တခြားသူတွေနဲ့ မတူဘူး။ နင်တို့က ပုံမှန် အထက်တန်းကျောင်းသားဘဝနဲ့တင် တင်းတိမ်မယ့်သူတွေ မဟုတ်ဘူး၊ ဒီထက်မကတဲ့ အရာတွေကို ရနိုင်တဲ့သူတွေလေ။ နင်တို့သာ သဘောတူရင် ငါ ကူညီပေးမယ်။ ဒါက တောင်းဆိုတာပါ၊ ငါက ပါရမီမရှိတဲ့သူတွေကို စကားတောင် မပြောဘူး။ ငါ့နောက်ကွယ်မှာ လောကရဲ့ တကယ့် အကောင်ကြီးတစ်ယောက် ရှိနေတာ။ ငါက တကယ် ပါရမီရှိတဲ့သူတွေနဲ့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အရာတစ်ခုကို ဖန်တီးမှာပါ”

သူ ပြောနေတဲ့ စကားတွေထဲမှာ အပေါက်အပြဲတွေ အများကြီး ရှိနေတယ်ဆိုတာ သူ သိပါတယ်၊ ဒါပေမဲ့ ဒီကောင်မလေးနှစ်ယောက်က အဲဒါကို ရိပ်မိဖို့အတွက် တုံးအလွန်းတယ်ဆိုတာလည်း သူ သိနေတယ်။ သူတို့တွေ သွေးဆောင်တာကို ခံလိုက်ရလုနီးနီး ဖြစ်နေပြီ၊ သူ့နောက်မှာ အကောင်ကြီးတစ်ယောက် ရှိတယ်လို့ ပြောလိုက်ရုံနဲ့တင် သူတို့က ဒီအတိုင်း ယုံသွားကြတာပဲ။ ဘယ်လောက် တုံးလိုက်သလဲ။ လူတွေကို လှည့်စားရတာ တကယ် လွယ်ကူတာပဲ၊ ဒီအတိုင်းသာ ဆက်သွားရင် လူတွေကို ပိုပြီး စည်းရုံးနိုင်မှာ သေချာတယ်။

“...ရှင် ပြောတာတွေက မှားနေတယ်”

အတိအကျ ပြောရရင် အဲဒီအချိန်မှာတင် စူးစူးရှရှ အသံတစ်သံက သူတို့ စကားဝိုင်းထဲကို ဖြတ်ဝင်လာတယ်လေ။ ဒီအသံက ဘယ်သူ့ဆီကလဲဆိုတာ ဂွန်ဆော့ ချက်ချင်း သိလိုက်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က လျှောက်လွှာဖောင် လာပေးတဲ့ အူကြောင်ကြောင်မလေးပဲ။ လီဂျီယွန်း ဟုတ်တယ်မလား။

“စီနီယာ မာရူး က ပြောဖူးတယ်၊ ပြဇာတ်ဆိုတာ ပါရမီရှိတဲ့ လူတစ်ယောက်တည်းနဲ့ လုပ်ရတာ မဟုတ်ဘူးတဲ့။ အားလုံး အတူတူ ကြိုးစားမှပဲ အောင်မြင်နိုင်တာတဲ့။ ကြယ်ပွင့်တွေချည်းပဲ သီးသန့်ရှိနေရုံနဲ့ ပြဇာတ်တစ်ခုက မအောင်မြင်နိုင်ဘူးလေ”

သူ ကြောက်နေတဲ့ ကြားကပဲ သူ့ရင်ထဲက အမြင်ကို ထုတ်ပြောလာတာက ဂွန်ဆော့ကို အတိုင်းထက်အလွန် စိတ်အနှောင့်အယှက် ဖြစ်စေတယ်လေ။ ပြန်စဉ်းစားကြည့်ရင် သူက မာရူး နဲ့ ပြဿနာတက်ရတဲ့ အကြောင်းရင်းလည်း ဖြစ်နေတယ်။ သူ အဲဒီကောင်မလေးကို အော်ဟစ်ပစ်လိုက်ချင်ပေမယ့် စောစောက ကောင်မလေးနှစ်ယောက်ရှေ့မှာတော့ အထင်သေးခံရမယ့် အဖြစ်မျိုး မခံနိုင်ဘူးလေ။

“အဲဒီကောင် ပြောတာ လုံးဝ မှားနေတာပဲ”

“...မဟုတ်ဘူး၊ ရှင့်အပြောကမှ မှားနေတာ”

“မင်းက သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဘာသိလို့လဲ၊ ဟမ်”

“အဲ... အဲဒါက...”

“တွေ့လား၊ မင်း ဘာမှ ပြန်မပြောနိုင်ဘူး မဟုတ်လား။ ဂျီယွန်း ဟုတ်လား၊ ဒီလိုမျိုးတွေ လာမလုပ်ပါနဲ့ဦး။ အခြေအမြစ်မရှိတဲ့ ဆင်ခြေတွေနဲ့ လူတစ်ယောက်ကို တိုက်ခိုက်ဖို့ ကြိုးစားတာဟာ မကောင်းတဲ့ အပြုအမူပဲလေ”

ဂျီယွန်း စကား ဆက်မပြောတော့ဘဲ ပါးစပ်ပိတ်သွားတယ်၊ စကားစစ်ထိုးတဲ့နေရာမှာ သူ့စိတ်ထဲက အတွေးတွေကို စနစ်တကျ စီစဉ်ပြီး မပြောတတ်တဲ့ ပုံစံမျိုးပဲ။ ဒါပေမဲ့လည်း သူက ဒီလိုမျိုး စိုက်ကြည့်ပြီး ဖိအားပေးနေတာဆိုတော့ မပြောနိုင်တာလည်း မဆန်းပါဘူးလေ။

“ငါ ပြောသားပဲ မဟုတ်လား။ အခု ရှိနေတဲ့ ပြဇာတ်အသင်းက လူတွေကို ဒီလိုမျိုး တိုက်ခိုက်ဖို့ပဲ သိကြတာ။ အတန်းဖော်တစ်ယောက်ကို ဒီလို ပြောလိုက်ရတာတော့ အားနာပါတယ်၊ ဒါပေမဲ့ သူကတော့ ဒီအဆင့်မှာတင် ပြင်ရခက်သွားပြီ ထင်တယ်”

အဲဒီစကား ကြောင့် ကောင်မလေးနှစ်ယောက်က ဂျီယွန်း ဆီကို လှမ်းကြည့်လိုက်ကြတယ်၊ ဂျီယွန်း ကတော့ လန့်ဖျပ်ပြီး နောက်ကို တစ်လှမ်း ဆုတ်သွားရှာတယ်။ သူ နိုင်သွားပြီ။ မိန်းကလေးတွေက တကယ် လွယ်ပါတယ်၊ ဒါကို အခွင့်ကောင်းယူပြီး ကလဲ့စားပါ ချေပစ်လိုက်ဦးမယ်...

ချက်ချင်းပဲ၊ ညှပ်ဖိနပ်တစ်ဖက်က သူ့မျက်နှာတည့်တည့်ဆီ ပျံသန်းလာတော့တယ်။ သူ့ခေါင်းကို ထိမှန်ပြီး ကြမ်းပြင်ပေါ်ကို တုန်ခနဲ ကျသွားတယ်။ ဂွန်ဆော့လည်း ထုံကျင်သွားတဲ့ သူ့နဖူးကို လက်နဲ့အုပ်ရင်း မျက်မှောင်ကုတ်ပြီး စိုက်ကြည့်လိုက်တယ်။ အတန်းထဲက လူမိုက်ပုံစံ ကောင်မလေးတွေက သူ့ကို ရန်လိုတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတာလေ။

“ပြီးခဲ့တဲ့တစ်ခေါက်က စိတ်ရှုပ်ဖို့ကောင်းတဲ့ စီနီယာကြီးပဲ”

“သူ့ကို စီနီယာလို့တောင် ခေါ်ဖို့ မတန်ပါဘူး။ ဟေ့... နင်က ဘာဖြစ်ချင်နေတာလဲ”

“ငါတို့ အဖွဲ့က ကျောင်းသူက ဘာမှ အမှားမလုပ်ထားဘူးနော်”

ကောင်မလေးတွေ အကုန်လုံး သူ့ဆီကို လျှောက်လာကြတယ်။ ဂွန်ဆော့လည်း ကိုယ်ကို ပြန်မတ်လိုက်ပြီး ကောင်မလေးတွေဆီကတော့ အရိုက်မခံရနိုင်ပါဘူးလို့ တွေးလိုက်တယ်။ ဒါပေမဲ့ သူတို့ မျက်နှာတွေကို မြင်လိုက်ရတဲ့အခါမှာတော့ သူ တံတွေး တစ်ချက် မျိုချလိုက်ရတယ်၊ သူ သိတဲ့ သာမန်ကောင်မလေးတွေလို မဟုတ်ဘူးလေ။ သူတို့တွေက ဆူဆူပူပူ ပုံစံမျိုးတွေဖြစ်ပြီး အားကစားသမားတွေနဲ့ တူနေတာ။

ယောက်ျားလေးတွေပါ လှုပ်ရှားလာကြပြီ။ ဂွန်ဆော့ မျက်နှာ ပျက်သွားတယ်၊ သူ့ဆီကို လျှောက်လာတဲ့ အကောင်ကြီးကြီးတစ်ယောက်ကို ကြည့်ပြီးတော့ပေါ့၊ ဒီကောင်က သူ့ထက်တောင် ထွားသေးတယ်။

“ဟေ့ကောင်… ဘာဖြစ်ချင်တာလဲ”

ဂွန်ဆော့ ပတ်ဝန်းကျင်ကို ပြာပြာသလဲ ဝေ့ကြည့်လိုက်ပြီး စောစောက သူပြောတာတွေကို နားထောင်နေတဲ့ ကောင်မလေးကို လှမ်းကြည့်လိုက်တယ်။

“...ဘာမှ မဟုတ်ပါဘူး”

“ကြောက်သွားပြီလား”

ဂွန်ဆော့ အလောတကြီးပဲ အပြင်ကို ထွက်လာခဲ့တယ်၊ သူ့နောက်ကနေ အကောင်ကြီးတဲ့ ကောင်လေး လိုက်ထွက်လာတာကို သူ မြင်နေရတယ်။ သူ အလယ်လှေကားဆီကို ပြေးလာခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ အတွေ့ချင်ဆုံး မဟုတ်တဲ့ လူတစ်ယောက်နဲ့ တည့်တည့် တိုးမိပါလေရော။ မာရူး ပဲ၊ သူက လက်ထဲမှာ ဖုန်းတစ်လုံးကို ကိုင်ပြီး ပြုံးစိစိနဲ့ ကြည့်နေတာလေ။

“ကျန်တာတွေကိုတော့ ဂျီယွန်း ဆီကနေပဲ နားထောင်လိုက်တော့မယ်။ အဲဒါပြီးရင်တော့ နင်နဲ့ လာစကားပြောရမှာပေါ့”

မာရူး က သူ့ပုခုံးကို အသာလေး ပုတ်လိုက်တယ်၊ ဂွန်ဆော့တစ်ယောက် တစ်လက်မတောင် မလှုပ်ရှားရဲတော့ဘူး။ အခုအချိန်မှာ မာရူး ရဲ့ ပုံစံက သူ့အတွက်တော့ တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာ ကောင်းလွန်းနေတယ်လေ။

All Chapters