အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အခန်း(၁၉၇)
ဒီနေ့က ကျောင်းတည်ထောင်တဲ့ အထိမ်းအမှတ် ကျောင်းပိတ်ရက် ဖြစ်သလို စနေနေ့လည်း ဖြစ်နေတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့ ချိန်းထားခဲ့ပေမဲ့ ဒီနေ့တော့ အိမ်ထဲမှာပဲ အောင်းနေလိုက်ရတယ်။
“ခေါင်းကို ကိုက်နေတာပဲ”
မနေ့ကဆိုရင် ရေတံခွန်လိုမျိုး ချွေးတွေ တရွှဲရွှဲထွက်တဲ့အထိ ဖျားခဲ့တာ။ တော်သေးတာက မနေ့က သောက်လိုက်တဲ့ဆေးနဲ့ အိပ်ရေးဝဝ အိပ်လိုက်လို့ ဒီနေ့တော့ တော်တော်လေး သက်သာသွားတယ်။ လေကောင်းလေသန့်ရအောင် ကုတင်ပေါ်ကနေ ခုန်ဆင်းချင်ပေမဲ့ စိတ်ကသာရှိတယ်၊ ကိုယ်ခန္ဓာကတော့ ကုတင်ပေါ်ကနေ ခြေတစ်လှမ်းမှ မလှမ်းချင်ဘူး ဖြစ်နေတယ်။
“အဖျား ဘယ်လိုလဲ”
အမေက အခန်းထဲ ဝင်လာပြီး သူ့နဖူးကို လက်နဲ့ စမ်းတယ်။ အမေ စိတ်အေးသွားအောင် သူက ဘာမှမဖြစ်တော့ဘူးလို့ ပြောလိုက်တယ်။
“ကိုယ်ခန္ဓာကို နွေးနွေးထွေးထွေး ထားဦး။ အထူးတလည် စားချင်တာ ရှိလဲ ပြောလေ”
“မရှိပါဘူး အမေရဲ့။ အမေပဲ နားလိုက်ပါ၊ သိပ်ပြီး ပြင်းပြင်းထန်ထန် ဖျားတာလည်း မဟုတ်ဘဲနဲ့”
“စကတည်းက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမှာ။ ဆေးကော သောက်ပြီးပြီလား”
“သောက်ပြီးပြီ”
အဖေ ဆုံးပါးသွားပြီးကတည်းက အမေ့ရှေ့မှာ နာကျင်တာ၊ နေမကောင်းတာတွေကို မပြမိအောင် သူ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ နေမကောင်းဖြစ်တာနဲ့ အမေက ဘာကိုမှ စဉ်းစားမရတော့ဘဲ သောင်းပြောင်းထွေလာ လျှောက်စိုးရိမ်တတ်လို့ပဲ။ အမေ အဲဒီလို ဖြစ်နေတာကို ကြည့်ရတာက သူ့အတွက် ဘာထက်မဆို ပိုပြီး စိတ်နာကျင်ရလို့ အမေ့ကို အဖေ့အကြောင်းတွေ ပြန်တွေးပြီး ဝမ်းနည်းမယ့် အခွင့်အရေးမျိုး ထပ်မပေးချင်တော့ဘူး။
“ဆန်ပြုတ် သောက်မလား”
“အမေ”
“ဟင်”
“အလုပ်သွားတော့လေ။ ဒီနေ့က အမေ့အလုပ် အပြီးသတ်ရမယ့်ရက် မဟုတ်လား။ သမီးထက် ကျွန်မတို့ အိမ်စရိတ်အတွက်ပဲ ပိုစိတ်ပူပေးပါတော့”
သူက အမေ့ကို အသာလေး တွန်းလွှတ်လိုက်တော့မှ အမေက ပြုံးပြီး အခန်းပြင်ကို ထွက်သွားတယ်။ အခန်းထဲမှာ ပြန်ပြီး တိတ်ဆိတ်သွားတော့မှ သူလည်း မျက်နှာပေါ်က အပြုံးကို ဖျောက်ပြီး ကုတင်ပေါ် ပြန်လှဲချလိုက်တယ်။ ခေါင်းက တော်တော်လေး မူးနေတုန်းဆိုတော့ ဒီနေ့တစ်နေ့လုံး လှဲနေတာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်။
အိပ်ပျော်အောင် အတင်းကြိုးစားနေတုန်း ဖုန်းမြည်သံ ကြားရလို့ အနားမှာရှိတဲ့ ဖုန်းကို ကောက်ကိုင်ပြီး ဖွင့်ကြည့်လိုက်တယ်။
“နေကောင်းရဲ့လား”
နမ်ဆန် က သူငယ်ချင်းတွေဆီက လာတဲ့ မက်ဆေ့ခ်ျ ဖြစ်နေတယ်။ သူငယ်ချင်းတွေနဲ့ အတူတူ မရှိနိုင်တာကို စိတ်မကောင်းဖြစ်ရင်း မက်ဆေ့ခ်ျ ပြန်ရိုက်လိုက်တယ်။ တော်သေးတာက သူတို့က သူ့ကို သတိရပေးကြသေးတယ်။
“သေချင်တာပဲ။ ငါ ဒီမှာ ဒုက္ခရောက်နေတုန်း နင်တို့တွေ ပျော်ပါးမနေကြနဲ့ဦးနော်”
သူ ပြုံးပြီး မက်ဆေ့ခ်ျ ပို့လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ‘ငါတို့ကို ကျိန်စာတိုက်ဖို့ပဲ ကြံမနေနဲ့ ကောင်မ’ ဆိုတဲ့ ပုံစံမျိုး သူငယ်ချင်းတွေဆီက မက်ဆေ့ခ်ျတွေ အများကြီး ပြန်ရောက်လာတယ်။ စာသားတွေပဲ မြင်ရတာ ဆိုပေမဲ့ သူတို့ ပြောနေတဲ့ အသံတွေကိုပါ နားထဲ ကြားယောင်လာသလိုပဲ။ ဖုန်းကို ပိတ်ပြီး မျက်နှာကြက်ကို ငေးကြည့်နေမိတယ်၊ ငယ်ငယ်တုန်းက အဖေနဲ့အတူတူ ကပ်ထားခဲ့တဲ့ အမှောင်ထဲမှာ လင်းတဲ့ စတစ်ကာလေးတွေက လင်းနေကြတယ်။
‘ပျံလွင့်နေရသလိုပဲ’
သူငယ်ချင်းတွေနဲ့ မက်ဆေ့ခ်ျ ပို့နေတုန်းက ပြုံးနိုင်ခဲ့ပေမဲ့ ချက်ချင်းဆိုသလို ဝင်လာတဲ့ အထီးကျန်စိတ်ကြောင့် စိတ်အခြေအနေက ပြန်ပျက်သွားတယ်။ ဒါက နေမကောင်းလို့ ဖြစ်ရတဲ့ လက္ခဏာတစ်ခုပါလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောရင်း ပြုံးဖို့ ကြိုးစားပေမဲ့ သက်ပြင်းချမိတာကိုတော့ တားလို့မရဘူး။ အမှန်တော့ ပိုပြီးတောင် နေမကောင်းသလို ခံစားလာရတယ်။ အိပ်ပျော်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ မျက်လုံးက ပိုပြီး ပွင့်လာတယ်။ စိတ်ထဲကနေ သိုးတွေကို ရေတွက်ကြည့်ပေမဲ့ နောက်ဆုံးကျတော့ အဲဒီသိုးတွေက ဂျွမ်းပြန်ပြတာတွေ၊ သံပြိုင် သီချင်းဆိုတာတွေအထိ လျှောက်လုပ်လာကြတယ်
‘ဘယ်သူကများ သိုးရေတွက်တဲ့ အကြံကို စပြီး ထုတ်ခဲ့တာပါလိမ့်’
ကိုက်နေတဲ့ ခေါင်းကို လက်နဲ့အုပ်ပြီး ကုတင်ပေါ်မှာ တစ်ဖက်ကို စောင်းလှည့်လိုက်ပေမဲ့ ဘာမှ ထူးမလာဘူး။ စာပွဲပေါ်က နာရီကတော့ မနက် ၁၁ နာရီ ၁၄ မိနစ်ကို ပြနေတယ်၊ အဲဒီ ၁၁ နာရီ ၁၄ မိနစ်ဆိုတာကြီး ကုန်လွန်သွားတာ နာရီပေါင်းများစွာ ကြာပြီလို့ ခံစားရပေမဲ့ပေါ့။ သူ သက်ပြင်းချပြီး အိပ်မရတာနဲ့ ထထိုင်လိုက်တယ်။ လောလောဆယ် ခေါင်းကိုက်တာက သိပ်မပြင်းထန်သေးတာမို့ တီဗီပဲ ထိုင်ကြည့်နေရင် ကောင်းမလားလို့ တွေးမိတယ်။ အခန်းပြင်ကို ခြေတစ်လှမ်း လှမ်းလိုက်ရုံ ရှိသေးတယ်၊ ကုတင်ပေါ်ကနေ အသံတစ်ခု ထွက်လာတယ်။ ဖုန်းလာတယ်။ သူငယ်ချင်းတွေများလား။ ဧည့်ခန်းထဲမှာ အလုပ်လုပ်နေတဲ့ အမေ့ကို တစ်ချက် ပြုံးပြပြီး အခန်းထဲ ပြန်ဝင်ခဲ့တယ်။
“ဟယ်လို”
“အသံက ဘာလို့ ဒီလောက် နုံးခွေနေရတာလဲ။ အခုမှ နိုးတာလား”
“အော်... မာရူး ပါလား”
သူ ကုတင်ပေါ် ပြန်ထိုင်လိုက်တယ်။ လမ်းလျှောက်နိုင်တယ်လို့ ထင်ခဲ့ပေမဲ့ လုံးဝ မှားသွားတာပဲ။ ခုနက လှမ်းလိုက်တဲ့ ခြေလှမ်းအနည်းငယ်ကြောင့် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်အောင် မူးနောက်သွားတယ်။
“နေမကောင်းဘူး မဟုတ်လား”
“မဟုတ်ပါဘူး၊ နေကောင်းပါတယ်”
“မင်း အသံကို ကြားရုံနဲ့ သိသာနေတာကို”
“တကယ် နေမကောင်းတာ မဟုတ်ပါဘူးဆို။ တကယ်ပါ”
“အင်းလေ... အကျင့်ကတော့ ခါတိုင်းအတိုင်းပဲ”
“ဘာလဲ၊ ဘာအကျင့်လဲ”
“ထားလိုက်ပါတော့။ ဘယ်နားက နာလို့လဲ။ အမေကော အိမ်မှာ ရှိလား။ ဆေးရော သောက်ပြီးပြီလား”
“ဘာလို့ ငါ့စကားကို မယုံရတာလဲ။ နေမကောင်းဘူး မဟုတ်ပါဘူးဆို”
သူ ရုတ်တရက် စိတ်တိုသွားတယ်။ ပြီးခဲ့တဲ့ အပတ်က သူတို့ ချိန်းတွေ့ဖို့ လုပ်ထားပြီးမှ ဘာအကြောင်းပြချက်မှ မရှိဘဲ မာရူးက ရုတ်တရက်ကြီး ချိန်းချက်မှုကို ဖျက်ပစ်ခဲ့တာကို သွားသတိရမိလို့ပဲ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဘာမှမဖြစ်ခဲ့ပေမဲ့ အခုကျမှ ဘာလို့ ဒီလောက် စိတ်တိုနေရတာလဲ။ သူ့ကို သဘောကျပါတယ်ဆိုတဲ့ လူတစ်ယောက်က ဒီလိုမျိုး ရုတ်တရက်ကြီး ချိန်းထားတာကို ဘယ်လိုဖြစ်ပြီး ဖျက်ပစ်နိုင်ရတာလဲ။ စိတ်တိုစိတ်တွေက လည်ချောင်းဝအထိ တက်လာပြီး အခုသာ ပါးစပ်ဟလိုက်ရင် စိတ်ထဲက မကျေနပ်ချက်တွေ အကုန်လုံး အန်ချမိတော့မယ့်အတိုင်း ခံစားနေရတယ်။
“... ငါ အဆင်ပြေပါတယ်”
ဒါပေမဲ့ နောက်ဆုံးတော့ တစ်ဖက်လူ စိတ်အေးသွားအောင်ပဲ ပြောလိုက်မိတယ်။ တခြားလူတွေကို စိုးရိမ်ပူပန်မှု မပေးချင်တဲ့ အကျင့်က သူ့မှာ စွဲနေပြီလေ၊ တခြားလူတွေ သူ့အတွက် စိတ်ပူနေတာကို သူ မကြိုက်ဘူး။ သူ ဖုန်းထဲကနေ ဟန်ဆောင်ပြီး ရယ်ပြလိုက်တယ်။
“ငါ အိပ်တော့မယ်၊ နောက်မှပဲ ဖုန်းပြန်ဆက်လိုက်။ သိတယ်မလား”
“နေဦးလေ”
“ဒါပဲနော်”
ဖုန်းချပြီးတဲ့နောက် ခေါင်းကိုက်တာက ပိုဆိုးလာတယ်၊ မာရူးအပေါ် စိတ်တိုနေရမယ့် အကြောင်းပြချက် မရှိပါဘူး။ ဒါပေမဲ့ စိတ်ကို ထိန်းလို့မရဘူး ဖြစ်နေတယ်။ သူ ငယ်သေးလို့ပဲလား။ ဒီနေ့တစ်နေ့တင် ဒီရောဂါဝေဒနာတွေနဲ့အတူ အမြန်ဆုံး ကုန်ဆုံးသွားရင် သိပ်ကောင်းမှာပဲ။ သူ ပြန်လှဲချလိုက်ပြီး စောင်ကို ခေါင်းမြီးခြုံလိုက်တယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းကမှ လျှော်ထားတာမို့ စောင်က မွှေးနေတာပဲ။ ဒီအနံ့ကို သူက နေရောင်ခြည်အနံ့ လို့ ခေါ်တယ်၊ အဖေက အဲဒီလို ခေါ်ခဲ့တာလေ။ နေပါဦး... အမေက ခေါ်ခဲ့တာများလား။ ဘာပဲဖြစ်ဖြစ် ဒီအနံ့ကို ရှူလိုက်ရတော့ စိတ်ထဲ တော်တော်လေး သက်သာသွားတယ်။ စိတ်တိုတာတွေ၊ ဝမ်းနည်းတာတွေ အကုန်လုံး ခေါင်းထဲကနေ ပျောက်ကွယ်သွားတယ်၊ စကတည်းက ဒီလို လုပ်ခဲ့ရမှာ။
အဲဒီလိုနဲ့ပဲ သူ အိပ်ပျော်သွားတော့တယ်။
* * * * * * * * *
အပြင်ဘက်က စကားပြောသံတွေကြောင့် သူ နိုးလာတယ်၊ အမေက အပြင်မှာ အသံခပ်ကျယ်ကျယ်နဲ့ စကားပြောနေတယ်။ စာအုပ်ထုတ်ဝေသူနဲ့ ထပ်ပြီး စကားပြောနေတာလား။ ဒါမှမဟုတ် အမေ သိပ်မကြိုက်တဲ့ သူငယ်ချင်းတစ်ယောက်ယောက်နဲ့လား။
‘နည်းနည်းတော့ သက်သာသွားပြီ’
နာရီကို လှည့်ကြည့်လိုက်တော့ ညနေ ၅ နာရီ ထိုးနေပြီဆိုတော့ ခြောက်နာရီနီးပါးလောက် ကလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တာပဲ။ တစ်ကိုယ်လုံး ညောင်းညာနေပေမဲ့ အဲဒီလို ဆိုးဆိုးဝါးဝါး ခေါင်းကိုက်တာမျိုးတော့ မရှိတော့ဘူး။ ဒါ့အပြင် ဗိုက်လည်း ဆာလာတယ်။ ချွေးနံ့နံနေတဲ့ အင်္ကျီကို လက်နဲ့ တဖျတ်ဖျတ် ခါလိုက်တယ်။ ထွက်လာတဲ့ လေကြောင့် ချွေးတွေ ခြောက်သွားပြီး ခါတိုင်းထက် ပိုပြီး နေလို့ထိုင်လို့ ကောင်းသွားတယ်။ ထထိုင်လိုက်တာနဲ့ အိပ်ခါနီးတုန်းက တွေးခဲ့တာတွေကို ပြန်သတိရလာတယ်။
‘ငါက ဘာလို့ ငိုချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေခဲ့ရတာပါလိမ့်’
သူ တွေးခဲ့တဲ့ အရာတွေက အထူးအဆန်းတွေလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်အထိ ဝမ်းနည်းနေခဲ့ရတာလဲ။
“နေဦးရော့”
ကင်မရာက အနားကို ကပ်လာတာနဲ့ ကုတင်ပေါ်မှာ တင် ငိုချပစ်လိုက်တဲ့ သရုပ်ဆောင်တွေကို သွားသတိရမိတယ်။ အဲဒီလို အခန်းတွေက သမိုင်းဝင် အထောက်အထားတွေ အများကြီးကို စုစည်းထားလို့ ဖြစ်လာတာများလား။ အဲဒီလို တွေးလိုက်မိတော့ စိတ်ထဲ တော်တော်လေး နေလို့ကောင်းသွားပြီး သရုပ်ဆောင်ခြင်းအတတ်ပညာရဲ့ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး ခံစားလိုက်ရတယ်။ ဟင်း။
‘ရေခဲမုန့် တောင်းစားရမယ်’
နေမကောင်းဖြစ်နေတုန်း ရေခဲမုန့် တောင်းစားရင်တော့ သေချာပေါက် အဆူခံရမှာ ဖြစ်ပေမဲ့ စတော်ဘယ်ရီ ရေခဲမုန့် စားချင်တဲ့စိတ်ကိုတော့ တားလို့မရဘူး။ သေသေချာချာ မမှတ်မိတော့ပေမဲ့ အရင်တုန်းက လည်ချောင်းတွေ အကြီးအကျယ် ရောင်ကိုင်းနေတုန်းက အဖေက သူ့ကို စတော်ဘယ်ရီ ရေခဲမုန့် ဝယ်ကျွေးခဲ့ဖူးတယ်။ အဲဒါကြောင့်ပဲ နေမကောင်းဖြစ်တိုင်း ဒါကိုပဲ အမြဲ စားချင်နေတာ ထင်တယ်။ စဉ်းစားကြည့်တော့ အဖေက စတော်ဘယ်ရီကို ကြိုက်ခဲ့တာပဲ။ စတော်ဘယ်ရီ နို့အေး၊ စတော်ဘယ်ရီ ရေခဲမုန့်။ ဒါပေမဲ့ အဖေက အဲဒီအသီးကိုတော့ တကယ်တမ်း ဝယ်မစားခဲ့ဖူးဘူး။
“တကယ်ပဲ အဲဒီလို ထင်လို့လား”
အပြင်ဘက်က အသံကို ကြားရတယ်၊ အမေက စကားပြောနေတုန်းပဲ ထင်တယ်။ အပြင်ဘက်ကနေ ခပ်တိုးတိုး ယောကျ်ားလေး အသံတစ်သံကိုလည်း ကြားနေရတယ်။ မီးဖိုချောင်ထဲမှာ ရှိနေကြတဲ့ ပုံပဲ။ အမေ့ဆီ လာတဲ့ ဧည့်သည်များလား။ သူ့အဝတ်အစားတွေကို ငုံ့ကြည့်လိုက်တယ်။ ကြည့်ရတာ အဆင်ပြေတာကို သေချာမှ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး ဧည့်ခန်းဘက်ကို ထွက်ခဲ့တယ်။ မီးဖိုချောင် ကောင်တာကို မှီပြီး ရပ်နေတဲ့ အမေ့ကို လှမ်းမြင်ရတယ်။ အသံကျယ်ကျယ်နဲ့ ပြောနေပေမဲ့ အမေက ပြုံးနေတာပဲ။ စိတ်တိုလို့ အသံကျယ်နေတာ မဟုတ်ဘဲ ပျော်လွန်းလို့ အသံကျယ်နေတာ ထင်တယ်။
“အမေ... ဧည့်သည် လာလို့လား”
သူက အမေ့ကို တိုးတိုးလေး လှမ်းခေါ်လိုက်တော့ အမေက သူ့ဘက်လှည့်ပြီး ကလူကလန် ပုံစံမျိုးနဲ့ ပြုံးပြတယ်။
“အင်း”
“သမီး နှုတ်ဆက်ရမလား”
အမေက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြတယ်၊ အိမ်ကို အလုပ်ကိစ္စနဲ့ ယောကျ်ားလေး ဧည့်သည်တွေ ရံဖန်ရံခါ လာတတ်ကြပါတယ်။ အားလုံးက စာအုပ်ထုတ်ဝေရေးနဲ့ ပတ်သက်တဲ့လူတွေချည်းပဲ၊ အမေက ဒီလို အလုပ်မျိုးတွေမှာ တော်တော်လေး နာမည်ကြီးတာလေ။ သူ အခန်းထဲက ထွက်လာပြီး တံခါးကို ပိတ်လိုက်တုန်း မီးဖိုချောင်ထဲက ရေခဲသေတ္တာ ပွင့်နေတာကို သတိထားမိတယ်။ အဲဒီအချိန်မှာပဲ လက်တစ်ဖက် ပေါ်လာပြီး ရေခဲသေတ္တာတံခါးကို ပိတ်ပစ်လိုက်တယ်။
“အမေ... ဒါရဲ့ အပေါ့အငန်ကို နည်းနည်းလောက် မြည်းပေးပါဦး”
‘... အမေ တဲ့လား’
ကျောပြင်တစ်ခုလုံး စိမ့်ခနဲ ဖြစ်သွားတယ်။ မဖြစ်နိုင်တာ။ နေပါဦး... ဒါက သူ သေချာပေါက် လုပ်မယ့် အလုပ်မျိုးပဲ။ သူ မီးဖိုချောင်ထဲကို အမြန် လျှောက်သွားလိုက်တော့ သူ့နောက်ကျောဘက်ကနေ အမေ ရယ်နေတဲ့ အသံကို ကြားရတယ်။ သူ သေချာပေါက် ဖြစ်ရမယ်။
“အော်... နိုးပြီလား”
မာရူး က မီးဖိုဘေးမှာ ဘာမှမဖြစ်သလို ပုံစံနဲ့ ရပ်နေတယ်။ အမေ့ကို တစ်ချက်ကြည့်ပြီး မာရူးကို ပြန်ကြည့်လိုက်တယ်။ နှစ်ယောက်စလုံးက ပြုံးနေကြတာ၊ သူ အံ့ဩရမယ့် အဆင့်တောင် ကျော်သွားပြီ၊ ခံစားချက်တွေက အဲဒီထက်မက ဆိုးဝါးနေပြီလေ။ တကယ်တမ်း ပြောရရင် စိတ်တိုဖို့တောင် စလာပြီ။
“နင် ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ”
“ကားစီးလာတာလေ”
“ငါ မေးတာ အဲဒါ မဟုတ်ဘူး”
“ဆောရီး... ငါ ပြောတာ မရှင်းလို့လား။ နင့်အတွက် ပစ္စည်းတွေ ဝယ်ပြီးတော့ ၆၆ နံပါတ် ကားကို စီးလာတာ။ ဂိတ်ကို ရောက်တာနဲ့ ကားက အဆင်သင့် ရှိနေတာပဲ။ ကံကောင်းလိုက်တာ။ ကားကို ၅၃ မိနစ် အတိအကျ စီးလာပြီးတော့ ဒီကို ရောက်လာတာပဲ”
“... ... ...”
သူ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မာရူးရဲ့ နားရွက်ကို လိမ်ဆွဲပစ်လိုက်တယ်။ မာရူးက နာလို့ အော်လိုက်ရင် စိတ်ထဲ နည်းနည်း သက်သာသွားဦးမှာ ဖြစ်ပေမဲ့...
“ကျန်းမာတဲ့လူတွေက ဒီလိုမျိုး လုပ်တာကို တုံ့တောင် မတုံ့ပြန်ဘူးဆိုတာ အမှန်ပဲ ထင်တယ်။ အမေ... ကျွန်တော် တော်တော်လေး ကျန်းမာတာပဲ နေမှာ”
ဘုရားရေ... ခေါင်းပြန်ကိုက်ချင်လာပြီ။ သူ သတိမထားမိခင်မှာပဲ အမေက ရှေ့ကို တိုးလာပြီး မီးဖိုပေါ်က ဆူပွက်နေတဲ့ ဟင်းရည်ကို ဇွန်းနဲ့ တစ်ဇွန်း ခပ်ယူလိုက်တယ်။ ဟင်းရည်က အမည်းရောင်နဲ့ အဖြူရောင် ရောနေတာပဲ။ အဖြူရောင်က ကြက်ဥအကာဆိုတာ သိပေမဲ့ အမည်းရောင်ကြီးက ဘာလဲဆိုတာတော့ သူ လုံးဝ စဉ်းစားမရဘူး။
“ကောင်းသားပဲ”
“တော်သေးတယ်။ အမေ အဆင်ပြေတယ်ဆိုရင် အောင်မှတ်ရပြီပေါ့”
“ငါ့သမီးက အစားအသောက် ဂျီကျတတ်တဲ့ လျှာမျိုး မဟုတ်တော့ အဆင်ပြေမှာပါ”
သူတို့ နှစ်ယောက်က ဘာမှမဖြစ်သလို စကားတွေ စမြည်ပြောနေကြတယ်။ သူတို့တွေ ဘယ်တုန်းကတည်းက ဒီလောက်အထိ ရင်းနှီးသွားကြတာလဲ။ သူ ကြားထဲကနေ ဖြတ်ပြောလိုက်တယ်။
“အမေ... သူက ဘာလို့ ဒီရောက်နေတာလဲ”
“သူ ဒီကို လာလို့ပေါ့”
“သမီး ဆိုလိုတာက အဲဒီလို မဟုတ်ဘူးလေ”
“ငါတို့က အိမ်ထဲမှာ ရောက်နေတာလေ”
နောက်ဆုံးစကားက မာရူးဆီက လာတယ်။ ဘုရားရေ... ဒီလူနှစ်ယောက်က နှစ်ပေါင်းများစွာ ဒီလို တွဲလုပ်လာခဲ့ကြတဲ့အတိုင်းပဲ။ အဲဒီပြက်လုံးကြောင့် သူ အားအင်တွေ အကုန် ကုန်ခမ်းသွားသလို ခံစားရပြီး စိတ်တိုနေရတာကိုက အဓိပ္ပာယ်မရှိသလို ဖြစ်သွားတယ်။ အခန်းထဲ ပြန်ဝင်ပြီး ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲချလိုက်တယ်။ ပြန်အိပ်လိုက်တာကပဲ ပိုကောင်းဦးမယ်... ဒါပေမဲ့လည်း...
“ဟင်း...”
* * * * * * * * *
အခန်း(၁၉၈)
သူမဟာ ကုတင်ပေါ်မှာ လှဲနေရင်းနဲ့ မိမိဝတ်ထားတဲ့ အင်္ကျီနဲ့ ဘောင်းဘီကို ငုံ့ကြည့်မိတယ်။ ဧည့်သည်ရှေ့မှာ ဝတ်ဖို့ တော်တော်လေး သင့်တော်တယ်လို့ တွေးထားခဲ့ပေမဲ့ အခုကျမှပဲ တစ်မျိုးကြီး ဖြစ်နေသလို ခံစားရတယ်။ သူမဟာ အဝတ်ဘီရိုဆီကို ခြေဖွဖွကလေး လျှောက်သွားလိုက်တယ်။ ဘီရိုထဲမှာ လောလောလတ်လတ် ဝယ်ထားတဲ့ အင်္ကျီတစ်ထည် ရှိနေတယ်လေ။ ရေစက်ပုံစံ အစက်အပြောက်ကလေးတွေပါတဲ့ အင်္ကျီအဖြူရောင်လေးမို့ သိပ်တွေးမနေတော့ဘဲ အဲဒီအင်္ကျီကို လှမ်းဆွဲလိုက်တယ်။
‘နေပါဦး’
အင်္ကျီကို ဘီရိုထဲကနေ တစ်ဝက်လောက် ဆွဲထုတ်ပြီးမှ သူမ လက်တန့်သွားတယ်။ အခုအချိန်မှ အင်္ကျီသွားလဲလိုက်ရင် တစ်ခုခုကို ရှုံးနိမ့်သွားသလို ခံစားရလို့ပဲ။ အင်္ကျီလဲလိုက်ရင် မာရူးက သူမကို ကြည့်ပြီး လှတယ်လို့ သေချာပေါက် ပြုံးပြောမှာပေါ့။ အဲဒါကတော့ ဟုတ်ပါတယ်။ အဆင်ပြေတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက သူ့ရှေ့မှာ လှချင်လို့ သက်သက်မဲ့ အင်္ကျီလဲလိုက်သလို ဖြစ်သွားမှာမို့လို့ အဆင်မပြေဘူးလေ။
‘ကဲ... ထားလိုက်ပါတော့။ ဘယ်သူဂရုစိုက်မှာလဲ’
သူမဟာ အင်္ကျီကို ဘီရိုထဲ ပြန်ထည့်လိုက်တယ်။ မာရူးက ကြိုတင်အကြောင်းမကြားဘဲ အလည်လာတဲ့သူပဲဟာ။ သူမအနေနဲ့ ယဉ်ကျေးပြနေဖို့ ဒါမှမဟုတ် အသားကုန် ပြင်ဆင်နေဖို့ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ အပြင်ကို လှမ်းထွက်ခါနီးမှာပဲ မှန်ထဲက မိမိကိုယ်ကိုယ် မြင်သွားမိပြန်တယ်။
“...အင်း၊ ဒီအင်္ကျီက ခါတိုင်းလည်း ဒီလောက်ကြီး ဖားလျားကျနေတာပဲလား။ အား... ဒီဘောင်းဘီကလည်း တော်တော်ကြီး ဟောင်းနေပြီပဲ။ ကြည့်ရတာ နှစ်နဲ့ချီပြီး ဝတ်ထားတဲ့အတိုင်းပဲ"
သူမဟာ မိမိအဝတ်အစားတွေကို သေချာဆန်းစစ်ကြည့်ရင်း မျက်လုံးအဝိုင်းသား ဖြစ်သွားတယ်။ တော်တော်လေးကို နွမ်းဖတ်နေတာပဲလေ။ ဆံပင်ကလည်း ရှုပ်ပွနေပြီး မျက်ချေးတွေတောင် ထွက်နေသေးတယ်။ ပိုဆိုးတာက ဘယ်ဘက်ပါးပြင်ပေါ်မှာ အနီရောင်အစင်းကြောင်းကြီး ထင်နေတာပဲ။ သူမဟာ လန့်ဖျပ်ပြီး ကုတင်ဆီ ပြန်ကြည့်လိုက်တော့ ခေါင်းအုံးပေါ်မှာ အဖုအထစ်အစင်းကြောင်းအထူကြီး တစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်။
“သွားပြီ"
ပါးစပ်ထဲ လေမှုတ်သွင်းပြီး ပါးဖောင်းအောင် လုပ်ကြည့်ပေမဲ့လည်း အစင်းကြောင်းက ပျောက်မသွားဘူး။ အတင်းပွတ်သပ်ကြည့်ပြီးတဲ့နောက်မှာလည်း သိသိသာသာကြီး ထင်ကျန်နေတုန်းပဲ။
‘သူ မြင်သွားလောက်တယ် မဟုတ်လား။ သေချာပေါက် မြင်သွားတာပဲ။’
“အားးး...”
သူမဟာ ရုတ်တရက်ကြီး အပြင်မထွက်ချင်တော့ဘူး။ တစ်ချိန်တည်းမှာပဲ မာရူးကို ပိုပြီး စိတ်တိုလာမိတယ်။ လာမယ်ဆိုရင် လာမယ့်အကြောင်း ပြောရမှာပေါ့။ ဒါဆိုရင် အနည်းဆုံးတော့ မျက်နှာသစ်၊ ခေါင်းလျှော်၊ အဝတ်အစားလဲပြီး လက်သည်းတွေတောင် ဆိုးထားလို့ ရတယ်။
သူမဟာ ပြန်အိပ်ပျော်သွားမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကုတင်ပေါ် ပြန်လှဲချလိုက်တယ်။ ဒါပေမဲ့လည်း ခြောက်နာရီလောက် အိပ်ရေးဝထားတာမို့လို့ မျက်လုံးက အကောင်းတိုင်း ပွင့်နေတုန်းပဲ။ ကုတင်ပေါ်မှာ သက်ပြင်းချနေတုန်း တံခါးခေါက်သံ ထွက်လာတယ်။
“အထဲမှာ ဘာလုပ်နေတာလဲ"
မာရူးပဲပေါ့။ သူ့ရဲ့ ကြင်နာတတ်တဲ့အသံက အခုအချိန်မှာတော့ တော်တော်လေး နားမခံသာစရာ ဖြစ်နေတယ်။ သူမဟာ မျက်မှောင်ကုပ်ထားပြီး ဘာမှ ပြန်မပြောဘဲ နေလိုက်တယ်။
“ထမင်းပြင်ပြီးပြီ။ မဆာဘူးလား"
ဟွန်း... နင် ဘာပဲလုပ်လုပ် ငါကတော့ ပြန်ထူးမှာမဟုတ်ဘူးလို့ သူမ တွေးနေလိုက်တယ်။ မိန်းကလေးတစ်ယောက်ရဲ့အိမ်ကို ကြိုတင်အကြောင်းမကြားဘဲ လာတတ်တဲ့ ယောက်ျားလေးက ဘယ်လိုလူမျိုးလဲ။ တကယ်တော့ သူမအမေက ပိုဆိုးပါတယ်။ ဘာလို့များ သိပ်တွေးမနေဘဲ သူ့ကို အိမ်ထဲ ခေါ်သွင်းလိုက်ရတာလဲ။ မီးဖိုချောင်ထဲက လှုပ်ရှားသံတွေကို ကြည့်ရရင် သူ ရောက်နေတာ အခုလေးတင် မဟုတ်တာတော့ သေချာတယ်။ အမေ့မှာ သူမကို ပြောပြဖို့ အချိန်အလုံအလောက် ရှိပါရက်နဲ့ မပြောပြခဲ့ဘူးလေ။
“ကြက်သားတုံးကြော်လည်း လုပ်ထားတယ်နော်။ မင်း ကြိုက်မှန်း ကိုယ်သိတယ်လေ"
ဒါနဲ့ သူက အဲဒါကို ဘယ်လိုသိနေတာပါလိမ့်။ သူမဟာ အခန်းတံခါးဝဆီကို လှမ်းကြည့်လိုက်မိတယ်။ တံခါးအပြင်ဘက်မှာ မာရူး မတ်တတ်ရပ်နေမယ့်ပုံစံကို တွေးမိပြီး နည်းနည်းတော့ ရယ်ချင်သွားတယ်။ သူ ရောက်နေလို့ ရုတ်တရက် လန့်သွားတဲ့စိတ်ကလေး ပျောက်သွားတဲ့အခါမှာတော့ သူမအတွက်နဲ့ အခုလို ရောက်လာပေးတာကို ကျေးဇူးတင်စိတ် ဝင်လာမိပြန်တယ်။ သူမ နေမကောင်းတာကို သူ ဘယ်လိုသိသွားတာပါလိမ့်။
“စတော်ဘယ်ရီ ရေခဲမုန့်လည်း ဝယ်လာတယ်နော်"
အဲဒီစကား ကြားလိုက်ရတဲ့အခါမှာတော့ သူမ နားစွင့်သွားမိတယ်။ ဘာပဲဖြစ်ဖြစ် နိုးလာကတည်းက အဲဒါကို သောက်ချင်နေတာဆိုတော့ ဒီစကားလုံးတွေကို မတွန်းလှန်နိုင်တော့ဘူးလေ။ ပါးစပ်ထဲမှာ တံတွေးတွေ တရွှတ်ရွှတ် ထွက်လာပြီး တံခါးကြားကနေ ဆီကြော်နံ့ကလည်း ပိုပြီး မွှေးကြိုင်လာတယ်။ ကြက်သားတုံးလေးတွေ... ကြက်သားတုံးလေးတွေပေါ့။ ထမင်းတစ်ဇွန်းပေါ်မှာ ကြက်သားတုံးတစ်တုံး တင်စားရတာကို သူမ သိပ်ကြိုက်တာ။
“...အဲဒါ ကန်တော့နဲ့ရေခဲမုန့်လား"
“မဟုတ်ဘူး၊ ဘူးလိုက်ကြီး"
“အများကြီး ဝယ်လာတာလား"
“သေချာအောင် နှစ်ဘူးတောင် ဝယ်လာတာလေ"
“ဒါဆို ဟင်းရည်ကကော"
“ရေညှိဟင်းရည်"
“ရေညှိဟင်းရည်က ဘာကြီးလဲ"
“ကိုယ့်ရဲ့ လျှို့ဝှက်ချက် လက်ရာပေါ့"
“အို... ဟုတ်ပါပြီ"
“ဘာပဲဖြစ်ဖြစ် အပြင်ထွက်ခဲ့တော့လေ။ အမေလည်း စောင့်ရတာ တော်တော်ကြာနေပြီ"
“ဆောရီးပဲနော်၊ အဲဒါ ငါ့အမေပါ၊ နင့်အမေမဟုတ်ဘူး"
“မင်းက မူလတန်းကလေးကျနေတာပဲ။ ကလေးဆန်လိုက်တာ"
“အေးပေါ့။ ကလေးဆန်တော့ ဘာဖြစ်လဲ"
ဒီလိုမျိုး အခန်းထဲမှာပဲ အောင့်အည်းနေတာက အလကားပဲဆိုတာ သူမ သဘောပေါက်လိုက်တယ်။ အနှေးနဲ့အမြန်တော့ သူ့ကို အပြင်ထွက်တွေ့ရမှာပဲလေ။ သူမကို တွေ့ဖို့ တကူးတက လာပေးတဲ့သူ့အပေါ် စိတ်တိုနေဖို့က မဖြစ်နိုင်ဘူးမဟုတ်လား။ ဒါပေမဲ့လည်း... ပြင်ဆင်ဖို့ အချိန်မရလိုက်တာကိုပဲ နည်းနည်း နောင်တရမိတယ်။
မျက်နှာပေါ်က အနီရောင်အစင်းကြောင်းက ရှိနေတုန်းပဲဆိုတော့ နောက်ထပ် နာရီအနည်းငယ်လောက်အထိ ရှိနေဦးမှာ သေချာတယ်။ နောက်ဆုံးတော့ သူမဟာ အဝတ်အစားလဲဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဘီရိုထဲက အဲဒီအင်္ကျီလေးကို လဲဝတ်လိုက်တယ်။ မာရူးရဲ့ရှေ့မှာ ဒီလောက်ကြီး ဖရိုဖရဲ ဖြစ်မနေချင်တာမို့လို့ ပိုပြီးချစ်စရာကောင်းတဲ့ အိပ်ယာဝင် ဘောင်းဘီအရှည်လေးကိုပါ တွဲဝတ်လိုက်တယ်။
သူမဟာ တံခါးကို အသာကလေး ဖွင့်လိုက်တယ်။ မာရူးက တံခါးရှေ့မှာ မရှိတော့ပါဘူး။ ဘာမှမဖြစ်ခဲ့သလိုမျိုး မီးဖိုချောင်ဆီကို လျှောက်သွားလိုက်တဲ့အခါမှာတော့ အမေက သူမကို တစ်မျိုးကြီး စိုက်ကြည့်နေတယ်။
“...ထမင်းကျွေးတော့"
မာရူးက ချက်ချင်းပဲ ထမင်းတစ်ပန်းကန် ခတ်ပေးတယ်။ တစ်မျိုးကြီးပဲနော်။ ယောက်ျားလေးတစ်ယောက်ကလား။ သူမကို ထမင်းခတ်ပေးနေတာ။ အဲဒါကလည်း သူမရဲ့အိမ်မှာလေ။
“ရေ အရင်သောက်လိုက်ဦး"
“ငါ့ဘာသာငါ သောက်ပါ့မယ်"
သူမဟာ မာရူး ကမ်းပေးတဲ့ ရေခွက်ကို လှမ်းယူလိုက်တယ်။ ရေက နွေးနေတာမို့လို့ ရင်ထဲမှာ တော်တော်လေး နေလို့ထိုင်လို့ ကောင်းသွားစေတယ်။ သူမဟာ မာရူးကို မော့ကြည့်လိုက်မိတယ်။ သူက ရေခွက်ကို စိုက်ကြည့်နေပြီး သူမ ရေသောက်မှာကို သေချာပေါက် စောင့်နေတယ်။
“အလို... နင်ကတော့ ကံကောင်းတာပဲ။ နင့်ကို ဒီလောက် ဂရုစိုက်တဲ့ ရည်းစားရထားတာပဲ"
သူမဟာ ရေသောက်နေရင်းနဲ့ တော်တော်နဲ့ ပြန်ထွေးထုတ်မိမတတ် ဖြစ်သွားပြီး ရေခွက်ကို ချကာ အမေ့ကို စိုက်ကြည့်လိုက်တယ်။ အမေကတော့ ပါးစပ်ကြီး နားရွက်ချိတ်မတတ် ပြုံးနေတယ်။
“သူလာမယ်ဆိုတာ သိရက်သားနဲ့ သမီးကို ဘာလို့ နှိုးမပေးတာလဲ"
“ဘယ်လိုလုပ် နှိုးရမှာလဲ။ သမီးက တော်တော်လေး အိပ်ပျော်နေတာကို။ နင် အမေဖြစ်လာတဲ့အခါကျရင် နေမကောင်းဖြစ်နေတဲ့ သမီးကို နှိုးကြည့်လိုက်လေ။ နင်လည်း နှိုးနိုင်မှာ မဟုတ်ပါဘူး"
သူမဟာ ပြန်ငြင်းချင်ပေမဲ့လည်း ငြင်းလို့မရတာနဲ့ မာရူးဆီကိုပဲ ပစ်မှတ်ပြောင်းလိုက်တယ်။
“နင့်မှာလည်း အပြစ်ရှိတယ်။ လာမယ်ဆိုရင် ဖုန်းဆက်ရမှာပေါ့"
“ဆက်သားပဲ"
“အမေ့ဆီ မဟုတ်ဘူး၊ ငါ့ဆီ"
“သေချာပေါက် ဆက်တယ်။ နောက်မှ ဖုန်းကို ပြန်စစ်ကြည့်လိုက်ဦး"
“... ... ...”
သူတို့နှစ်ယောက်လုံးမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေကြတယ်။ ဘာကြီးလဲဟ။ သူတို့တွေ တစ်ခါလောက်ပဲဖြစ်ဖြစ် အရှုံးပေးလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။ သူမဟာ စိတ်တိုတိုနဲ့ ကြက်သားတုံးကို ခက်ရင်းနဲ့ထိုးပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။ ကြွပ်ကြွပ်ရွရွနဲ့ အရည်ရွှမ်းနေတဲ့ ကြက်သားတုံးလေးကြောင့် စိတ်က ချက်ချင်းပဲ နည်းနည်း ပြန်ကောင်းသွားရတယ်။
“မာရူး" လို့ အမေက လှမ်းခေါ်လိုက်တယ်။
“ဟုတ်ကဲ့၊ အမေ"
“ဒီလောက်ကြီး စိတ်လှုပ်ရှားမနေပါနဲ့။ ကြည့်ရတာနဲ့တင် အမေပါ စိတ်ပူလာပြီ"
“... ဟာ၊ ဟား…ဟား"
စိတ်လှုပ်ရှားနေတာ ဟုတ်လား။ သူက ဘယ်လိုဖြစ်လို့ စိတ်လှုပ်ရှားနေရမှာလဲ။ သူက သူမနဲ့ စကားပြောသလိုမျိုးပဲ သဘာဝကျကျ ပြောနေတာပဲဟာ။ နောက်မှ သေချာပြန်စဉ်းစားပြီး မာရူးကို သေချာစိုက်ကြည့်လိုက်မိတယ်။ အခုမှ သေချာကြည့်မိတော့ သူက ခါတိုင်းထက် ပိုပြီး တောင့်တောင့်ကြီး ဖြစ်နေသလိုပဲ။ စကားပြောတာကလည်း နည်းနည်း မြန်နေပြီး အပြုံးကလည်း တော်တော်လေး မသဘာဝကျဘူး ဖြစ်နေတယ်။ လက်နှစ်ဖက်ကို ပေါင်ပေါ်မှာ ကပ်ထားပြီး ကျောကလည်း သံမဏိတောင့်ကြီးအတိုင်း မတ်နေတာပဲ။ ဒီလိုပုံစံနဲ့ ကြည့်ရတာ တော်တော်လေး ရယ်ရတယ်။
“ဟွန်း... ဒါဆို နင်က စိတ်လှုပ်ရှားနေတာပေါ့လေ"
နောက်ဆုံးတော့ သူမ စနောက်လို့ရမယ့် အကွက်တစ်ခု ရပြီပေါ့။ သူ့ရဲ့ စိတ်လှုပ်ရှားနေတဲ့ ပုံစံကို ကြည့်ရတာ တော်တော်လေး ပျော်ဖို့ကောင်းတယ်။ အမေ့ရဲ့ စကားတစ်ခွန်းတည်းနဲ့တင် သူ ဒီလောက်ကြီး တုန်လှုပ်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ... ဒါနဲ့ အမေက ဘာလို့ ဒီလောက်ကြီး ကြောက်ဖို့ကောင်းနေရတာပါလိမ့်။
“အမေက သူ့ကို ခြိမ်းခြောက်ထားတာလား"
“နင်က အမေ့ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ အမေက သူ့အပေါ် တော်တော်လေး ကောင်းပေးထားတာပါ။ မာရူး၊ အမေက သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဖူးလို့လား"
မာရူးက အမေ့ဘက်ကို ချက်ချင်း လှည့်လိုက်တယ်။
“လုံးဝမရှိပါဘူး။ အမေက ကျွန်တော့်အပေါ် တော်တော်လေး ကောင်းပါတယ်။ ဖုန်းဆက်တုန်းကလည်း အိမ်ကို လာခွင့်ပြုခဲ့တာပဲလေ။ အဲဒါအတွက် တော်တော်လေး ကျေးဇူးတင်ပါတယ်။ ကျွန်တော် ရုတ်တရက်ကြီး လာမယ်လို့ ပြောလိုက်တုန်းက နည်းနည်းတော့ လန့်သွားမှာပဲ။ မဟုတ်ဘူး၊ တော်တော်လေး လန့်သွားမှာ သေချာပါတယ်"
မာရူးက ခါတိုင်းလို စကားပြောနေတာ မဟုတ်တာတော့ သေချာတယ်။ သူ ဘာပြောချင်နေမှန်း မသိဘဲနဲ့ တတွတ်တွတ် ပြောနေတာပဲလေ။ သူမဟာ မသိမသာလေး ရယ်မိသွားသလို အမေလည်း လိုက်ရယ်တယ်။
“နင်က ငါ့အမေနဲ့ အတူရှိနေရတာ တော်တော်လေး နေရခက်နေပုံပဲနော်"
“အင်။ မဟုတ်ပါဘူး၊ အဲလိုမဟုတ်ပါဘူး"
“ဘုရားရေ... နင် တစ်ယောက်ယောက်ကို ကြောက်တတ်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး။ အမေ၊ သူ့ကို နည်းနည်းလောက် ထပ်ပြီး စနောက်ပေးပါဦး။ သူ့ဆီကနေ ဒီလိုပုံစံမျိုး မြင်ရဖို့က တော်တော်လေး ရှားတာ"
အမေကတော့ ဧည့်သည်အပေါ် ဒီလိုလုပ်တာ မရိုင်းပျလွန်းဘူးလားလို့ သူမကို ချက်ချင်း လှမ်းပြောတယ်။ အဲဒီလို ပြောလိုက်ပေမဲ့လည်း မာရူးကို သေချာ စိုက်ကြည့်နေပြန်တယ်။ အဲဒီကောင်လေးကတော့ စာမေးပွဲဖြေနေတုန်း ဆရာမရဲ့ အကြည့်အောက် ရောက်နေတဲ့ ကျောင်းသားတစ်ယောက်လို တုန်လှုပ်နေရှာတယ်။
“ကဲ... ကလေးတို့၊ စားကြဦးလေ။ ပြီးမှ စကားပြောကြတယ်"
မာရူးက ချက်ချင်းပဲ ဇွန်းကိုကောက်ကိုင်ပြီး စားတော့တာပဲ။ ကြည့်ရတာ သေချာလေ့ကျင့်ထားတဲ့ ခွေးလိမ္မာလေးတစ်ကောင်ကို ကြည့်နေရသလိုပဲ။
‘သူ ဘာဖြစ်နေတာပါလိမ့်။’
အခုလောလောဆယ်တော့ သူမလည်း တရုတ်နံနံကို ကောက်ကိုင်ပြီး လိုက်စားလိုက်တော့တယ်။
* * * * * * * * *
‘ဒါကတော့ တော်တော်ဆိုးတာပဲ။’
မာရူးက မလာခင်မှာ စိတ်ကို နည်းနည်း ပြင်ဆင်ထားခဲ့ပေမဲ့လည်း အမေကတော့ ခါတိုင်းလိုပဲ ကြောက်ဖို့ကောင်းနေတုန်းပဲ။ အရင်ဘဝတုန်းက သူမကို ပထမဆုံးအကြိမ် တွေ့ခဲ့ရစဉ်က အမှတ်တရတွေ ပြန်ပေါ်လာမိတယ်။ သူ ယူလာတဲ့ အမဲသားနှပ် လက်ဆောင်ကြီး အထဲမှာတင် ပုပ်သွားမလားလို့ စိုးရိမ်ရလောက်အောင်ကို စကားတွေ အကြာကြီး ပြောခဲ့ရတာလေ။ စစ်ဆေးမေးမြန်းခံနေရသလိုမျိုး၊ မဟုတ်ဘူး၊ အဲဒါထက် ပိုဆိုးပါတယ်။ သူ အပြစ်ပေးခံနေရသလိုပဲ။ မမှတ်မိတော့တဲ့ အဲဒီစကားဝိုင်းအကြောင်း တွေးမိရုံနဲ့တင် ချွေးစေးတွေ ပြန်လာတာကပဲ အထောက်အထားပေါ့။ အဲဒီမြင်ကွင်းကို ခေါင်းထဲမှာ ပုံဖော်ကြည့်လို့တောင် ရတယ်။ အမေက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စရာ မေးခွန်းတွေ အများကြီး မေးခဲ့မှာ သေချာသလို၊ သူကလည်း သင့်တော်တဲ့ အဖြေတစ်ခု ထွက်လာဖို့ တော်တော်လေး ရုန်းကန်ခဲ့ရမှာပေါ့။
“စိတ်လျှော့ပါ၊ သက်တောင့်သက်သာ နေပါ"
အမေက ပန်းကန်ဆေးရင်းနဲ့ လှမ်းပြောလိုက်တဲ့ အသံပဲဖြစ်ပါတယ်။ မာရူးက ထိုင်ခုံကနေ ချက်ချင်း ထရပ်ပြီး ကူဆေးပေးဖို့ ပြောရှာတယ်။ ကြည့်ရတာ စစ်တပ်ထဲက မျက်နှာသစ် စစ်သားတစ်ယောက်အတိုင်းပဲ။ အမေကတော့ သူ့ကို ကူညီခွင့် မပြုပါဘူး။ မာရူးက မျက်မှောင်ကုပ်ပြီး ပြန်ထိုင်လိုက်ရင်း စကားလုံးဝ မပြောတော့ဘဲ ငြိမ်နေလိုက်တော့တယ်။
“နင်က သေချာလေ့ကျင့်ထားတဲ့ ခွေးပေါက်လေးနဲ့ တူနေတာပဲ"
သူမက သူ့ကို ကြည့်ပြီး ပြုံးပြုံးကြီး ပြောလိုက်တယ်။ သူမက ချစ်စရာကောင်းပြီး လှပပေမဲ့လည်း ဒီနေ့မှာတော့ အပေါင်းအဖော်ထက် ရန်သူနဲ့ ပိုတူနေသလို ခံစားရတယ်။ စောစောက အိမ်ကို စရောက်တုန်းကတော့ သူကပဲ အသာစီး ရထားခဲ့တာပါပဲ။
“ဒါနဲ့ နင်တို့ နှစ်ယောက် ဒုတိယအကြိမ်မြောက် နမ်းခဲ့ကြတာ ဘယ်တုန်းကလဲ"
မီးဖိုချောင်ထဲကနေ ကြောက်စရာကောင်းတဲ့ မေးခွန်းတစ်ခု ထွက်လာတဲ့အခါမှာတော့ ရေခဲမုန့် စားနေတဲ့ သူမတောင် အေးခဲသွားရတယ်။ မာရူးက အဲဒါကို ကြည့်ပြီး နည်းနည်းတော့ ရယ်ချင်သွားပေမဲ့ ဒီမေးခွန်းက ဘယ်သူ့ဆီ ဦးတည်နေလဲဆိုတာ သဘောပေါက်သွားတဲ့အခါမှာတော့ ချက်ချင်းပဲ ကြောက်လန့်သွားရပြန်တယ်။
“ဘာမှ မငြင်းကြဘူးဆိုတော့... နင်တို့ တကယ် လုပ်ခဲ့ကြတာပဲပေါ့ ဟုတ်လား"
“အမေ...”
သူမဟာ မီးဖိုချောင်ထဲကို အတင်း ပြေးဝင်သွားတော့တယ်။ တော်တယ် ဇနီးလောင်းလေး။ ဒါပေမဲ့ သူမလည်း အမေ့ရဲ့ စကားလုံးတွေကို မယှဉ်နိုင်ပါဘူး။ သူမက မျက်နှာကြီး ခရမ်းချဉ်သီးလို ရဲတောက်ပြီး ပြန်ထွက်လာတယ်။ ထိုင်ခုံပေါ် ပြန်ထိုင်တဲ့အချိန်မှာ တော်တော်လေး စိတ်မကောင်းဖြစ်နေတဲ့ ပုံပဲ။ အထဲမှာ ဘာတွေ ပြောခဲ့ကြလို့ပါလိမ့်။
“ပြီးခဲ့တဲ့တစ်ခေါက်က ပေးတဲ့ သစ်သီးတွေကို တော်တော်လေးစားကောင်းတယ်။ ကျေးဇူးတင်စကား နောက်ကျသွားတဲ့အတွက် ဆောရီးပဲနော်"
“ရပါတယ် အမေ"
ဧည့်ခန်းထဲကို လျှောက်လာတဲ့ အမေ့လက်ထဲမှာ ပန်းကန်တစ်ခု ပါလာတယ်။ ပန်းသီးသုံးလုံးနဲ့ ကမ္ဗလာသီး ခြောက်လုံးပေါ့။ လူသုံးယောက်စာအတွက် သစ်သီးတွေက တော်တော်လေး များနေပေမဲ့ အမေကတော့ ပြုံးပြုံးကြီးနဲ့ ပန်းသီးတွေကို လှီးနေတုန်းပဲ။ အမေက အခွံခွာနေတာကို ကြည့်ပြီး မာရူး တံတွေးတစ်ချက် မျိုချလိုက်မိတယ်။ သူမကတော့ နှစ်တုံးလောက် စားပြီးရင် တော်လောက်ပြီ။ အမေလည်း တူတူပါပဲ။ ဒါဆို ကျန်တဲ့အသီးတွေက...
“အများကြီး စားနော်"
“... ဟုတ်ကဲ့"
“ပန်းသီး ကြိုက်တယ် မဟုတ်လား"
“ဟုတ်.. ကြိုက်ပါတယ်"
“အို... ကောင်းတယ်။ ဒါဆို ပိုစားလို့ ရတယ်"
မာရူးဟာ မျက်ခုံးတွေ လှုပ်ခါသွားသလို ခံစားလိုက်ရတယ်။ ပန်းသီးသုံးလုံး၊ ကမ္ဗလာသီး ခြောက်လုံး။ အမေက အစားအစာတွေ ကျန်နေတာကို မကြိုက်ဘူးဆိုတာ သူ သိတယ်လေ။ မာရူးဟာ စိတ်ကို တင်းထားလိုက်ပြီး ရှေ့မှာရှိတဲ့ သစ်သီးတွေကို အပြတ်ရှင်းဖို့ ပြင်ဆင်လိုက်တော့တယ်။
* * * * * * * * *
“နင်က အဲဒါတွေကို အကုန်လုံး ဘယ်လိုဖြစ်လို့ စားနိုင်ရတာလဲ"
“တစ်ခါတလေကျရင် ကိုယ့်အသက်ရှင်သန်ရေးအတွက် စနစ်တကျ စွန့်လွှတ်အနစ်နာခံရတာတွေ ရှိတယ်လေ။ နင်က ငယ်သေးတော့ သိမှာမဟုတ်ပါဘူး"
“ဖြစ်ရလေ"
သူမဟာ ဘေးမှာ ထိုင်နေတဲ့ မာရူးကို ကြည့်ပြီး အံ့ဩနေမိတယ်။ သူက ထမင်းနှစ်ပန်းကန်တောင် စားထားတာလေ။ အခုကျတော့လည်း သစ်သီးတွေကို မတရားအများကြီး စားနေပြန်ပြီ။ အမေက ကမ်းပေးနေတာမို့လို့ သူကလည်း ဆက်တိုက်ဆိုသလို စားနေတယ်။ သူမဟာ မီးဖိုချောင်ထဲက ရေခဲသေတ္တာထဲကို ရှာဖွေကြည့်လိုက်တယ်။ အမေက မကြာခဏ ဗိုက်အောင့်တတ်တာမို့လို့ ရေခဲသေတ္တာထဲမှာ အစာကြေဆေးတွေ အမြဲရှိတတ်တယ်လေ။
“ရော့... ဒါ သောက်လိုက်ဦး"
“... ကျေးဇူးပါပဲ"
မာရူးရဲ့ ပါးစပ်ကနေ ပန်းသီးနံ့တွေ တထောင်းထောင်း ထွက်နေတယ်။ အဲဒီကောင်လေးက ဆေးပုလင်းအဖုံးကို ဖွင့်ပြီး တစ်ကျိုက်တည်းနဲ့ မော့ချလိုက်တော့တယ်။
“ဟူး... နေလို့ကောင်းသွားပြီ"
“ဒီဆေးက ချက်ချင်းကြီး သက်ရောက်တာမဟုတ်ဘူးဆိုတာ နင်သိတယ် မဟုတ်လား"
သူမဟာ လက်တစ်ဖက်နဲ့ မာရူးရဲ့ ကျောပြင်ကို အသာကလေး ပွတ်သပ်ပေးလိုက်တယ်။ သူမ နေမကောင်းဖြစ်တဲ့အချိန်မှာ အမေက ဒီလိုလုပ်ပေးရင် အမြဲပဲ နေလို့ကောင်းသွားတတ်လို့ပဲ။
“ခံစားလို့ ကောင်းသားပဲ" လို့ မာရူးက ပြုံးပြီး ပြောရှာတယ်။
သူမက သူ့ကျောကို အရှိန်နဲ့ ဖြောင်းခနဲ နေအောင် ရိုက်ချလိုက်တယ်။
“ကိုးနာရီတောင် ရှိနေပြီ"
“ကိုယ် အိမ်ပြန်ရတော့မယ်"
မာရူးက ထိုင်ခုံကနေ ဖြည်းဖြည်းချင်း ထလိုက်တယ်။ အမေကတော့ အနီးအနားက ကဖေးတစ်ခုဆီ အလုပ်ကိစ္စ ပြီးအောင်လုပ်ဖို့ သွားပြီလေ။
“ငါ လိုက်ပို့ရမလား"
“မင်းက နေမကောင်းတဲ့သူပဲဟာ။ အပြင်ထွက်ဖို့ လုံးဝမစဉ်းစားနဲ့။ သွားအိပ်တော့"
“အခုအချိန်မှာ နင်က ငါ့ထက် ပိုပြီး လူမမာနဲ့ တူနေတာကို သိရဲ့လား"
“အေးပါ၊ ကိုယ်သိပါတယ်၊ သိပါတယ်"
မာရူးက ဗိုက်ကို လက်နဲ့အုပ်ပြီး အိမ်ရှေ့တံခါးဆီကို လျှောက်သွားတယ်။ သူမက သူ့ကို တိတ်တိတ်ကလေး စိုက်ကြည့်နေရင်းနဲ့ မေးခွန်းတစ်ခုကို သတိရသွားတယ်။
“ဒါနဲ့ ငါ နေမကောင်းတာကို နင် ဘယ်လိုသိတာလဲ"
“မင်း နေမကောင်းဖြစ်ရင် အမြဲတမ်း လျှို့ဝှက်ထားတတ်တဲ့ အကျင့်ရှိမှန်း ကိုယ်သိတယ်လေ။ နာကျင်ရင် နာတယ်လို့ပဲ ပြောပါ။ မင်းတုန့်ပြန်ပြီး ကူညီပေးနိုင်မယ့်သူ ရှိနေပြီပဲဟာ"
“အဲဒါကို နင် ဘယ်လိုသိတာလဲ"
“ကိုယ်က မင်းရည်းစားပဲဥစ္စာ။ သေချာပေါက် သိတယ်"
မာရူးက စနောက်သလိုမျိုး လက်လှမ်းပြလိုက်ပေမဲ့ သူ့ရဲ့ အသံထဲမှာ စိုးရိမ်စိတ်တွေ ပါနေတာကို သတိထားမိသွားတဲ့အခါမှာတော့ သူမ နည်းနည်း စိတ်မကောင်းဖြစ်သွားရတယ်။
“အိမ်ကို ဂရုစိုက်ပြီး ပြန်ဦးနော်"
“အင်း။ မင်းလည်း သွားအိပ်တော့လေ။ အနွေးထည် သေချာဝတ်ထားဦး"
“ငါက ကလေးမဟုတ်ပါဘူးနော်"
မာရူးက ပြုံးရင်း လှည့်ထွက်သွားတယ်။ အိမ်ရှေ့တံခါး ပွင့်သွားတဲ့အခါ အပြင်က လေအေးတွေ အိမ်ထဲကို တစ်စက္ကန့်လောက် ဝင်လာတယ်။ သူမဟာ လက်ပိုက်ထားရင်း မာရူး အပြင်ထွက်သွားတာကို စိုက်ကြည့်နေမိတယ်။ တံခါးက ဖြည်းဖြည်းချင်း ပြန်ပိတ်သွားတယ်။ တံခါး လုံးဝမပိတ်ခင်လေးမှာပဲ တံခါးအပြင်ဘက်ကနေ အသံတစ်သံ ထွက်လာတယ်။
“မင်း အဲဒီအင်္ကျီလေးနဲ့ ကြည့်လို့ကောင်းပါတယ်"
အဲဒီနောက်မှာတော့... ဂျောက်ဆိုပြီး တံခါးပိတ်သွားတော့တယ်။
သူမရဲ့ နှုတ်ခမ်းအစုံကလည်း အလိုအလျောက် ပြုံးယောင်သန်းသွားရတော့တယ်။
* * * * * * *