အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း(၁၉၉)
ဒိုဝူးတို့အိမ်က ဘယ်တုန်းကတည်းကလဲမသိဘူး အမြဲတမ်း ဆီနံ့လေး ထွက်နေတတ်တာ။ မှတ်မှတ်ရရ ရှိခဲ့တဲ့ အချိန်ကတည်းက အဲဒီအနံ့က သူတို့နဲ့အတူ ရှိနေခဲ့တာလေ။ တကယ်လို့ တစ်နေ့နေ့မှာ အဲဒီအနံ့ကြီး ရုတ်တရက် ပျောက်သွားရင်တောင် ဒိုဝူးတစ်ယောက် တော်တော်လေး ဝမ်းနည်းမိမှာ သေချာတယ်။ ဒိုဝူး ဒုတိယထပ်ကနေ ဆင်းလာတော့ သူ့အဖေက စာကြည့်ခန်းထဲမှာ သတင်းစာဖတ်နေတာကို တွေ့လိုက်ရတယ်။
“အဖေ မနက်စာ စားပြီးပြီလား”
“စားပြီးပြီလေ။ ဆန်းဒဝစ်ချ် မီးကင်ထားတာရှိတယ်။ ပြန်နွေးပေးရမလား”
“ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်။ အဖေကော ကော်ဖီသောက်ဦးမလား”
“သောက်တာပေါ့”
အဖေက ဂုဏ်ယူသလိုမျိုး ပြုံးပြတော့ ဒိုဝူးက ခေါင်းငြိမ့်ပြပြီး မီးဖိုချောင်ထဲ ဝင်လာခဲ့တယ်။ အဲဒီမှာ သူ့အမေ လုပ်ပေးသွားတဲ့ ဆန်းဒဝစ်ချ် နှစ်ခု ရှိနေတာ။ အမေကတော့ မနက်စောစောကတည်းက အလုပ်သွားရလို့ ထွက်သွားပြီ ထင်ပါရဲ့။ သူ ရေနွေးအိုး တည်လိုက်ပြီး ကော်ဖီမစ် နှစ်ထုပ်ကို ခွက်ထဲ ဖောက်ထည့်လိုက်တယ်။
“အဖေ၊ ကော်ဖီကြမ်းက ကျန်းမာရေးအတွက် ပိုကောင်းတယ်လို့ ပြောကြတယ်နော်”
“နောက်မှပဲ သောက်ကြည့်တော့မယ်ကွာ”
ဒိုဝူး ခေါင်းခါမိသွားတယ်၊ သူ့အဖေဆီက ဒီစကား ကြားရတာ ဒါနဲ့ဆို ခဏခဏပဲ ရှိလှပြီ။ သူ ရေနွေးထည့်ပြီး ကော်ဖီ ဖျော်လိုက်တယ်။ ပြီးတော့ အဖေ့ဆီ ကော်ဖီသွားပို့ပြီး မီးဖိုချောင်ထဲပြန်ဝင်ကာ ခွက်နှစ်ခွက် ပြန်ထုတ်လိုက်တယ်။ တစ်ခွက်က အစင်းကြောင်း လက်ကိုင်နဲ့ အဖြူရောင်ခွက်၊ နောက်တစ်ခွက်ကတော့ ချစ်စရာကြောင်ကလေးပုံ ပါတဲ့ ခွက်။ သူ နှစ်ခွက်လုံးထဲကို နွားနို့ ထည့်လိုက်တယ်။ ပြီးတော့ တစ်ဖက်က ကြောင်ရုပ်ခွက်ကို ကိုင်၊ နောက်တစ်ဖက်က ဆန်းဒဝစ်ချ်ပန်းကန်ကို ကိုင်လိုက်တယ်။ ဧည့်ခန်းကို ဖြတ်၊ စာအုပ်စင်တွေရှိတဲ့ စင်္ကြံလမ်းအတိုင်း လျှောက်လာပြီးတဲ့နောက် တံခါးလက်ကိုင်မှာ အရုပ်လေး ချိတ်ဆွဲပြီး အလှဆင်ထားတဲ့ အခန်းတစ်ခန်းရှေ့ကို ရောက်လာခဲ့တယ်။
ဒိုဝူး အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်မိတယ်။ အခုဆို ဒါကို ကျင့်သားရနေပြီလို့ ထင်ထားပေမဲ့ ဒီတံခါးရှေ့ရောက်ရင်တော့ စိတ်လှုပ်ရှားနေတုန်းပဲ။ ဒီနေရာကို ရောက်တိုင်း ရှုပ်ထွေးတဲ့ ခံစားချက်တွေ အများကြီး ရောပြွန်းလာတာမို့ ဒိုဝူးက ခါးခါးသီးသီး ပြုံးလိုက်ရင်း တံခါးကို ခြေထောက်နဲ့ ခေါက်လိုက်တယ်။
“မနက်စာ လာစားဦး”
မနက် ၇ နာရီ။ ဒီနေ့က အဖေ ဓာတ်ဆီဆိုင်အလုပ်ကနေ နားတဲ့ရက်လေ။ ဒီတံခါးနောက်က စိမ်းသက်နေတဲ့ မိသားစုဝင် ကလည်း အမြဲတမ်း အိမ်မှာပဲ ရှိနေတတ်တာ။ သူက ဘာအလုပ်လုပ်လဲဆိုတာ ဒိုဝူး လုံးဝ မသိတာပဲ ရှိတာ။ ခေတ္တမျှ စောင့်ဆိုင်းပြီးတဲ့နောက် တံခါးက ဂျိမ်းခနဲ ပွင့်လာပြီး သူ့အစ်မ ထွက်လာတယ်။
“မောင်လေး လာပို့ပေးတာလား။ ကျေးဇူးပဲနော်”
သူ့အစ်မရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာကို ဒိုဝူး ဘယ်လိုမှ ကျင့်သားမရနိုင်သေးဘူး။
“အစ်မ ကျေးဇူးတင်ရမယ့်အရာတွေ အများကြီး ရှိပါတယ်”
ဒိုဝူးက ဖျော်ရည်နဲ့ ဆန်းဒဝစ်ချ်ကို ကမ်းပေးလိုက်တော့ သူက အမြတ်တနိုးနဲ့ သေသေချာချာ လှမ်းယူတယ်။ ဟစိပွင့်နေတဲ့ တံခါးကြားကနေ အခန်းထဲမှာ အရုပ်တွေ အများကြီး စုပုံနေတာကို သူ လှမ်းမြင်လိုက်ရတယ်။ သူ့အစ်မက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အိမ်ကို ပြန်ပြောင်းလာဖို့ ဆုံးဖြတ်ခဲ့တာလေ။ မိသားစုနဲ့ ဆက်ဆံရေး ပြန်အဆင်ပြေလာတဲ့အချိန်ကျမှ အဖေက သူ့ကို ပြန်လာစေချင်တယ်လို့ ပြောခဲ့တာ။ ဒိုဝူးကတော့ အဖေ သဘောအတိုင်းပဲ လုပ်ပါလို့ ပြောလိုက်တယ်။ အဲဒါကပဲ သူ့ရဲ့ သဘောတူညီချက် ဖြစ်သွားပြီး သူ့အစ်မက နောက်တစ်ရက်မှာတင် ချက်ချင်း အိမ်ကို ပြန်ပြောင်းလာခဲ့တယ်။ အပြီးအပိုင်တော့ မဟုတ်ဘူးပေါ့လေ။ အိမ်ဟောင်းနဲ့ အိမ်အသစ်ကို ဟိုဘက်ဒီဘက် ကူးချည်သန်းချည် လုပ်နေတာပဲ။
သူ့အစ်မက တကယ်တော့ သူထင်ထားတာထက် အများကြီး ပိုချမ်းသာတာ။ သူ့အလုပ်ကြောင့် အိမ်ကနေ ခွဲထွက်ပြီး သီးသန့် နေနိုင်ခဲ့တာကိုး။ ပြောရရင် သူ အရင်က နေခဲ့တဲ့ အိမ်ကလည်း သူ့ကိုယ်ပိုင်အိမ်လေ။ အသက်သုံးဆယ်ကျော်စ အမျိုးသမီးတစ်ယောက်အတွက်တော့ ဒါက တကယ့်ကို အထင်ကြီးစရာပဲ၊ အထူးသဖြင့် အဲဒီအိမ်က ဆိုးလ်မြို့ရဲ့ အချက်အချာကျတဲ့ အလယ်ခေါင်မှာ ရှိနေတာမို့လို့ပေါ့။
ဒိုဝူးက အရင်တုန်းကတော့ သူ့အစ်မ အသက်မွေးဝမ်းကျောင်းအတွက် ဘာလုပ်လဲဆိုတာကို လုံးဝ စိတ်မဝင်စားခဲ့ပေမဲ့ အခုတော့ နည်းနည်း စိတ်ဝင်စားလာမိပြီ။ ဘာပဲဖြစ်ဖြစ် အတူတူ နေနေကြတာပဲဥစ္စာ။ အရုပ်တွေ လျှောက်ရောင်းတာများလား။ သူ အဲဒီထက် ပိုကောင်းတဲ့ အတွေးမျိုး မတွေးတတ်တော့ဘူး။
“ဘာလို့ မေးတာလဲဟင်” လို့ သူ့အစ်မက သိချင်စိတ်နဲ့ မေးလာတယ်။
“ဘာမှမဟုတ်ပါဘူး”
သူ့အစ်မအပေါ် စိတ်ခုတာတွေ မုန်းတာတွေ ပျောက်သွားတာ ကြာပြီဆိုပေမဲ့ စကားပြောရတာတော့ အခုထိ သိပ်မလွယ်သေးဘူး။ မနှစ်သက်လို့ ဘာလို့ မဟုတ်ပါဘူး၊ စိတ်ဝင်စားတဲ့အရာချင်း မတူကြလို့လေ။ ထမင်းစားချိန်ဆိုရင်တော့ စကားနည်းနည်းပါးပါး ပြောဖြစ်ကြတာ မှန်ပါတယ်။ ဒါပေမဲ့ ထမင်းစားချိန် မဟုတ်ရင်တော့ ချက်ချင်းပဲ အနေရခက်ပြီး စကားစပြတ်သွားတတ်ကြတယ်။ သူ့အစ်မက ခေတ္တမျှ ဝေခွဲမရသလို ရပ်နေပြီးမှ လှည့်ထွက်သွားတယ်။ သူတို့ တဖြည်းဖြည်း ရင်းနှီးလာကြတာတော့ သေချာပါတယ်၊ ဒါပေမဲ့ မြန်မြန်ဆန်ဆန်ကြီးတော့ မဟုတ်ဘူးပေါ့လေ။
“ဟိုလေ၊ ဒိုဝူး”
သူ မီးဖိုချောင်ထဲ ပြန်မဝင်ခင်မှာတင် သူ့အစ်မက လှမ်းခေါ်လိုက်ပြီး အခန်းထဲကို တစ်ခုခု ရှာဖို့ ချက်ချင်း ပြန်ပြေးဝင်သွားတယ်။ သူလည်း သိချင်စိတ်နဲ့ အခန်းထဲကို လှမ်းကြည့်လိုက်မိတယ်။ အစ်မဖြစ်သူက စုပုံနေတဲ့ အရုပ်ပုံကြီးထဲမှာ ဟိုမွှေသည်မွှေ လုပ်နေတာလေ။ ဝက်ဝံရုပ်ကြီးကို ထောင့်တစ်နေရာကို တွန်းပို့လိုက်၊ ယုန်မျက်နှာဖုံးကို တစ်နေရာရာကို လွှင့်ပစ်လိုက်နဲ့ အရုပ်အနည်းငယ်ကို ထပ်မွှေပြီးတဲ့နောက်မှာတော့ ပြုံးပြုံးလေးနဲ့ တစ်ခုခုကို ဆွဲထုတ်လိုက်နိုင်တယ်။ အဲဒါက လက်ဝါးစောင်းလောက်ပဲရှိတဲ့ ကြောင်ရုပ်ကလေး၊ အဲဒါကို ဒိုဝူးဆီ သေသေချာချာလေး လာကမ်းပေးတယ်။
“ရော့၊ ဒါ လက်ဆောင်”
ဒိုဝူးက အရုပ်ကို ငုံ့ကြည့်လိုက်တယ်၊ အမြီးဘက်ကို ဖိညှစ်လိုက်တဲ့အခါ ဗိုက်ကလေးက မီးလင်းလာတာပေါ့။
“ညဘက် စက်ဘီးစီးရင် အန္တရာယ်များတယ်လေ”
“ဒီအရုပ်ကို လက်တစ်ဖက်က ကိုင်ပြီး စက်ဘီးစီးတာက ပိုအန္တရာယ်များမယ် ထင်တာပဲ”
“ . . . ”
ဒိုဝူး ပခုံးတွန့်ပြပြီး လှည့်ထွက်လာခဲ့တယ်။ ကျေးဇူးတင်စကား ပြောချင်ပေမဲ့ အနေရခက်လွန်းလို့ မပြောဖြစ်ခဲ့ဘူး။ မီးဖိုချောင်ထဲ ပြန်ရောက်တော့ ကြောင်ရုပ်ကလေးရဲ့ မဲ့ရွဲ့နေတဲ့ မျက်နှာလေးကို ကြည့်ရင်း မနက်စာ စားနေမိတယ်၊ အဲဒီမျက်နှာလေးကို သူ တော်တော် သဘောကျသွားတာ။
“အဖေ၊ ကျွန်တော် မနက်ဖြန်ကစပြီး အိမ်ပြန်နောက်ကျမယ် ထင်တယ်”
“ဘာလို့လဲ”
“ကလပ်လှုပ်ရှားမှုတွေ ရှိလို့ပါ”
“ကလပ်.. စက်ဘီးစီးကလပ်လား”
“မဟုတ်ဘူး၊ ပြဇာတ်ကလပ်”
“ပြဇာတ်”
အဲဒီအချိန်မှာတင် သူ့အစ်မက စင်္ကြံလမ်းကနေ ခေါင်းပြူထွက်လာပြီး လှမ်းမေးတော့တာပဲ။
“မောင်လေးက ပြဇာတ်လုပ်မလို့လား”
“ဟုတ်တယ်၊ စမ်းလုပ်ကြည့်မလို့”
“တကယ်လား”
သူ့အစ်မက အရမ်းကို ပျော်ရွှင်သွားတဲ့ မျက်နှာကြီးနဲ့ ကြည့်နေတာလေ။ ဒိုဝူးကတော့ စိတ်မသက်မသာနဲ့ပဲ ငုံ့ကြည့်ပြီး ဆန်းဒဝစ်ချ်ကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်တယ်။ သူ ကလပ်ထဲ ဝင်ရတဲ့အကြောင်းရင်းက မာရူးအပေါ် တင်နေတဲ့ အကြွေးကို ဆပ်ချင်လို့တင်ပါ။ အရင်တုန်းက အဲဒီကောင်လေးကို အကြွေးပြန်ဆပ်ဖို့ အခွင့်အရေး မရခဲ့ဘူးလေ။ ပြဇာတ်ကလပ်မှာ အဖွဲ့ဝင်တွေ လိုအပ်နေတယ်လို့ ကြားရတဲ့အခါ သူ ချက်ချင်းပဲ အခွင့်အရေးကို အရယူလိုက်တာ။ သူ ကလပ်ဝင်မယ့်အကြောင်း သွားပြောတုန်းက မာရူး လုပ်လိုက်တဲ့ မျက်နှာကြီးကို အခုထိ မှတ်မိနေတုန်းပဲ၊ သရဲ မြင်လိုက်ရတဲ့ မျက်နှာကြီးအတိုင်းပဲ။
ဒိုဝူးက ပြဇာတ်ကို စိတ်ဝင်စားလွန်းလို့တော့ မဟုတ်ပါဘူး။ တစ်ခါမှလည်း မကြည့်ဖူးသလို၊ မလုပ်လည်း မလုပ်ဖူးဘူး။ ပြီးခဲ့တဲ့ အခေါက်က ကလပ်အဖွဲ့က အမျိုးသားအဆင့် ပြိုင်ပွဲအထိ သွားတုန်းက ကျောင်းကနေ အားပေးမြှင့်တင်ပေးခဲ့ပေမဲ့ သူကတော့ စိတ်မဝင်စားခဲ့ဘူး။ စင်ပေါ်တက်ဖို့ကို လုံးဝ စိတ်မပါတာ၊ သူတို့ အဖွဲ့ဝင်လိုနေတယ်ဆိုလို့ ကူညီပေးချင်ရုံသက်သက်ပါပဲ။ သူက ကိရိယာတန်ဆာပလာတွေ သုံးရတာ ကျွမ်းကျင်တော့ အဲဒီမှာရှိနေစဉ်အတွင်း ပြဇာတ်သုံး ပစ္စည်းအချို့ လုပ်ပေးလို့ ရတယ်။
“ပြဇာတ်ကစားရတာ တကယ် ပျော်စရာကောင်းတယ်နော်”
“မသိဘူးလေ။ ကျွန်တော်ကတော့ အသုံးအဆောင်ပစ္စည်းတွေ လုပ်ပေးဖို့ ကူညီပေးရုံသက်သက် ဝင်တာပါ”
“အခွင့်အရေးရရင် စမ်းလုပ်ကြည့်ပါလား”
“ကြည့်ရတာပေါ့”
သူ့အစ်မက သူ့ဆီ ဖြည်းဖြည်းချင်း တိုးလာတာမို့ ဒိုဝူးက စိတ်လှုပ်ရှားပြီး ဆန်းဒဝစ်ချ်ကို မြန်မြန် ဝါးပစ်လိုက်တယ်။ သူ့အစ်မက တစ်ခါတလေကျရင် တက်ကြွလွန်းလို့ သူ အမီမလိုက်နိုင်ဘူးလေ။ သူ အိမ်ကနေ ထွက်ဖို့ ဆန်းဒဝစ်ချ် လက်ကျန်ကို ပါးစပ်ထဲ အကုန် သွတ်ထည့်လိုက်ပေမဲ့ သူ့အစ်မက ပိုမြန်သွားတယ်။
“တကယ်လို့ သရုပ်ဆောင်ဖြစ်ရင် အစ်မကို ပြောနော်။ အစ်...အစ်မ ကူညီပေးဖို့ ကြိုးစားပါ့မယ်”
သူ့အစ်မက မိမိကိုယ်ကို အစ်မလို့ ပြန်သုံးနှုန်းခဲ့တာ ဘယ်တုန်းက နောက်ဆုံးလဲဆိုတာ ဒိုဝူးတောင် မမှတ်မိတော့ဘူး၊ သူက ကြောင်တောင်တောင်လေး ကြည့်နေပြီးမှ ခေါင်းငြိမ့်ပြလိုက်တယ်။ သူတို့တစ်ယောက်နဲ့တစ်ယောက် အခုထိ အနေရခက်နေတုန်းပဲ ဆိုပေမဲ့ ဖြည်းဖြည်းချင်းနဲ့ သေချာပေါက် ရင်းနှီးလာနေကြပြီလေ။
“တကယ်လို့ လုပ်ဖြစ်ရင်ပေါ့လေ”
“အင်းပါ”
သူ့အစ်မက စိတ်အေးသွားတဲ့ပုံစံနဲ့ ပြုံးလိုက်တယ်။
* * * * * * * * *
“ကျွန်တော်က ဒုတိယနှစ်က ကန်ဒိုဝူး ပါ။ စက်ဘီးစီးရတာနဲ့ တစ်ယောက်တည်း နေရတာကို သဘောကျတယ်”
ဒိုဝူးက ပျင်းရိငြီးငွေ့တဲ့ မျက်နှာပေးနဲ့ ထိုင်လိုက်တယ်။ မာရူးက မျက်ခုံးကို ကုတ်ရင်း တစ်ဖက်မှာရှိတဲ့ ဘန်ဂျူးနဲ့ လီဂျီယွန်းတို့ကို လှမ်းကြည့်လိုက်တယ်။ ဘန်ဂျူးကတော့ ကလပ်အဖွဲ့ဝင်အသစ် ရောက်လာလို့ ပျော်ရွှင်ပြီး ရယ်မောနေပေမဲ့ ဂျီယွန်းကတော့ ရေစိုနေတဲ့ ခွေးပေါက်လေးလို တုန်တုန်ရီရီ ဖြစ်နေရှာတယ်။
“ကျွန်မက ပထမနှစ်က အာရမ် ပါ။ ကိုယ်ခံပညာနဲ့ အပြေး ဝါသနာပါတယ်၊ သိုးမွေးထိုးရတာလည်း ကြိုက်တယ်။ ဂျီယွန်းကို အနိုင်ကျင့်တဲ့ကောင်တွေကို အကုန် သွားတွယ်ပြီးမှ ဒီကို လာခဲ့တာ၊ ဒါပါပဲ”
ဒီတစ်ယောက်ကတော့ ဒိုဝူးထက်တောင် ပိုပြီး ပြဿနာရှာမယ့်ပုံပဲ။ အဖွဲ့ဝင်သစ် နှစ်ယောက် ရလိုက်တာက ကောင်းပါတယ်၊ ဒါပေမဲ့ နှစ်ယောက်လုံးက ပင်ကိုယ်စရိုက်တွေ ပြင်းထန်လွန်းကြတယ်။
“သူတို့နှစ်ယောက်ကို ဒီအတိုင်း လွှတ်ထားလိုက်ရင် ချက်ချင်း ချကြမယ့်ပုံပဲနော်” လို့ ဒေးမြောင်က တိုးတိုးလေး ပြောလာတယ်။
ဒိုဝူးက ပြီးခဲ့တဲ့နှစ်အတွင်း အများကြီး ပြောင်းလဲတိုးတက်လာခဲ့တာ မှန်ပေမဲ့ သူ့ရဲ့ ဒေါသစရိုက်ကတော့ ရှိနေတုန်းပဲ။ အာရမ် ကလည်း သူ မနှစ်သက်တာတစ်ခုခု မြင်လိုက်တာနဲ့ ချက်ချင်း ရန်ပွဲစချင်တဲ့ အမျိုးအစားလေ။ ဂွန်ဆော့တို့တုန်းကလို သူ့ထက် လူကောင်ကြီးတဲ့သူကိုတောင် ဖိနပ်နဲ့ လှမ်းပေါက်ဝံ့တဲ့အထိ သတ္တိရှိတဲ့သူကိုး။
“ကဲ၊ ကဲ၊ ဒါဆိုလည်း အတူတူ အဆင်ပြေအောင် လုပ်ကြတာပေါ့”
“စီနီယာဒေးမြောင်”
အာရမ် က လက်ထောင်လိုက်တယ်။
“ဟင်”
“ကျွန်မတို့ ပါတီမလုပ်ကြဘူးလား”
အာရမ် က ဖြဲရွှင်နေတဲ့ မျက်နှာကြီးနဲ့ ကိုယ်ကိုလှည့်ပြီး မေးတော့၊ ဂျီယွန်းက စိတ်ပျက်လက်ပျက် မျက်နှာလေးနဲ့ လှမ်းတားဖို့ ကြိုးစားရှာတယ်။ ဒါပေမဲ့ ဘယ်ရမလဲ၊ မအောင်မြင်ပါဘူး။
“လုပ်ရမှာပေါ့” လို့ မာရူးက ပြုံးပြီး ပြောလိုက်တယ်။
နောက်ဆုံးတော့ ပြဇာတ်ကလပ်ဟာ အဖွဲ့ဝင် ခြောက်ယောက်ပြည့်အောင် စုဆောင်းနိုင်ခဲ့ပြီလေ။ ကလပ်အခန်းအဖြစ် သုံးဖို့ ကွန်တိန်နာတစ်လုံးလည်း ရထားတာဆိုတော့ ဒါက တကယ့်ကို ဂုဏ်ပြုဖို့ ထိုက်တန်တယ်။
“ဘီယာ သောက်ကြစို့”
“ဘာလဲ၊ ညည်းက သောက်ကြည့်ချင်လို့လား”
“ဟုတ်ပ”
ဂျီယွန်းကတော့ သူ့သူငယ်ချင်းကို တားချင်လွန်းလို့ ခေါင်းကို အပြင်းအထန် ခါပြနေရှာတယ်။
“ကဲပါ၊ လူတိုင်းက သောက်ချင်ကြတယ်ဆိုမှတော့လည်း သောက်ကြတာပေါ့”
စိတ်မကောင်းပါဘူး ဂျီယွန်းရယ်၊ ဒါပေမဲ့ ကလပ်ထဲက ကျန်တဲ့ ငါးယောက်လုံးက သောက်ချင်နေကြတာလေ။ နောက်ဆုံးတော့ ကလပ်အဖွဲ့သားတွေ အရက်သောက်ပါတီလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မာရူးကတော့ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်မှာ စိုးတာမို့ တစ်ယောက်ကို တစ်ဘူးထက် ပိုမသောက်ရဘူးလို့ ကန့်သတ်လိုက်တာပေါ့။
“ကျွန်...ကျွန်မ မသောက်တတ်ဘူး”
“ဒါဆိုလည်း ဖျော်ရည်ပဲ သောက်လေ”
“ရှင်…. မသောက်လည်း ရတာလား...”
“ရတာပေါ့၊ ဘာမှမဖြစ်ပါဘူး။ စမ်းသောက်ကြည့်ချင်တဲ့သူတွေပဲ နည်းနည်းပါးပါး သောက်ကြတယ်။ ဒါနဲ့ ဘယ်နေရာ သွားကြမလဲ...”
သွားမယ့်နေရာကို သူ ချက်ချင်း စဉ်းစားမရဖြစ်နေတယ်။ စတိုးဆိုင်တစ်ဆိုင်ရှေ့မှာပဲ ထိုင်ပြီး ထီးရိပ်အောက်မှာ အနားယူချင်တာ၊ ဒါပေမဲ့ သူ့အသက်အရွယ်နဲ့ဆိုရင်တော့ ဆရာတစ်ယောက်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး စိတ်ဝင်စားစရာကောင်းတဲ့ စစ်ဆေးမေးမြန်းခြင်း ခံရမှာ သေချာတယ်။ သူတို့တွေ အေးအေးဆေးဆေး သောက်ရင်း စကားပြောလို့ရမယ့်နေရာမျိုး သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အိမ်ကို သွားတာက အကောင်းဆုံးဖြစ်မှာပေမဲ့ အထက်တန်းကျောင်းသားတစ်ယောက်က အဲဒီလို နေဖို့ဆိုတာ ဘယ်လိုမှ…
“ကျွန်တော့်အိမ် သွားကြမလား စီနီယာဒေးမြောင်” လို့ ဘန်ဂျူးက လှမ်းပြောတယ်။
“မင်းအိမ် ဟုတ်လား”
“ဟုတ်ကဲ့။ ကျွန်တော် တစ်ယောက်တည်း နေတာလေ”
“မင်း မိဘတွေကကော”
“နှစ်ယောက်လုံး ဂျယ်ဂျူကျွန်းမှာ နေကြတာ။ တစ်ခါတလေမှပဲ ဒီဘက်ကို ပြန်တက်လာတတ်ကြတာပါ”
“နေပါဦး၊ မင်းက တကယ်ပဲ တစ်ယောက်တည်း နေတာလား။ အိမ်မှုကိစ္စတွေကကော ဘယ်လိုလုပ်လဲ”
“ကျွန်တော်ပဲ လုပ်တယ်။ ဟို... တစ်ခါတလေတော့လည်း အစ်မ လာကူပေးတတ်ပါတယ်”
အထက်တန်း ပထမနှစ်ကတည်းက တစ်ယောက်တည်း ခွဲနေတာတဲ့လား။ မိဘတွေက အနီးအနားမှာ နေတယ်ဆိုရင်တော့ မာရူး နားလည်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ဂျယ်ဂျူကျွန်းမှာတဲ့လား။ ဘန်ဂျူးရဲ့ မိဘတွေကလည်း တကယ့်ကို သတ္တိကောင်းလွန်းတာပဲ။ တစ်ယောက်တည်း နေထိုင်ရတာက ခက်ခဲတဲ့အလုပ်လေ၊ အထူးသဖြင့် ကျောင်းသားတစ်ယောက်အတွက်ပေါ့။
‘သူက လိမ္မာတဲ့ကလေးမို့လို့ မိဘတွေက ယုံကြည် စိတ်ချပုံရတယ်’
ဘန်ဂျူးက မာရူး အစောပိုင်းက ထင်ထားတာထက်တောင် ပိုပြီး ကောင်းတဲ့လူ ဖြစ်နေတာ နေမှာပါ။ ကလပ်ထဲမှာ ဒီလိုလူမျိုး ရှိနေတာက တကယ့်ကို ကံကောင်းတာပဲ။
“ကောင်းပြီ၊ ဒါဆို ဘန်ဂျူးအိမ်ပဲ သွားကြတာပေါ့”
“စီနီယာ ဘီယာကကော ဘယ်လိုလုပ်မလဲ”
“ငါပဲ စီစဉ်လိုက်ပါ့မယ်”
“အွန်း”
အာရမ် ကတော့ ဝမ်းသာအားရနဲ့ လက်တွေပါ မြှောက်လို့ပေါ့။
* * * * * * * * *
“ဘယ်လိုလဲ။ အချိန်ရမယ် ထင်လား”
တေးဆစ်က ဖုန်းကို နားကနေ ခေတ္တမျှ ခွာလိုက်တယ်၊ အခြားတစ်ဖက်ကနေ လူတစ်ယောက်ရဲ့ အော်ဟစ်သံတွေကို ကြားနေရတာကိုး။
“ဟင်… ဘာပြောလိုက်တာလဲ ပြန်ပြောပါဦး”
“သူတို့အတွက် နည်းပြ ပြန်လုပ်ပေးနိုင်မလားလို့”
“အာ…”
မီဆိုက ဒီမေးခွန်းကို ကြားပြီးနောက် အတော်ကြာအောင် တိတ်ဆိတ်သွားတယ်၊ တေးဆစ်ကတော့ စောင့်ရင်း လက်ထဲက ဖောင်တိန်ကို လှည့်ကစားနေမိတယ်။ သူကတော့ ငြင်းမှာပဲလို့ ထင်ထားတာ၊ အဖြေကို ကြိုသိနေရဲ့သားနဲ့ လှမ်းမေးမိတဲ့အတွက်လည်း အားနာမိသား။
“ဆောရီးပဲနော်။ ကျွန်မ တကယ် အချိန်မရလို့ပါ။ ဒါပေမဲ့ တစ်ခါတလေတော့လည်း လာကြည့်ပေးလို့ ရပါတယ်”
“ရပါတယ်၊ မေးမိတာ အားနာပါတယ်။ မင်းလည်း အလုပ်ရှုပ်နေမှန်း သိသားပဲ”
ပြီးခဲ့တဲ့ သုံးပတ်လောက်တုန်းက မီဆိုက ဂန်ဟွမ်ဆိုတဲ့ လူတစ်ယောက်နဲ့အတူ ပြဇာတ်တစ်ခု ကတော့မယ်လို့ သူ့ကို ပြောခဲ့တာလေ။ အဲဒီပြဇာတ်က တော်တော်လေး ကြာအောင် ကပြရမှာဖြစ်လို့ ကလပ်ဘက်ကို လုံးဝ မကူညီနိုင်တော့ဘူးလို့ ပြောထားတာ။
“ဒါနဲ့၊ သရုပ်ဆောင်ရတာ ဘယ်လိုလဲ”
“အရမ်းပျော်ဖို့ကောင်းတယ်။ သင်ပြပေးရတာကိုလည်း သဘောကျပါတယ်၊ ဒါပေမဲ့... ဒါက ပိုပြီး အသက်ဝင်တယ်လို့ ပြောရမလား”
“ဝမ်းသာပါတယ်ကွာ။ ဒါပေမဲ့ လူကိုတော့ သိပ်အပင်ပန်းမခံနဲ့ဦးနော်”
“ဟေး ဟေး၊ ဆရာတေးဆစ်။ ကျွန်မက ဆရာ့ကျောင်းသူ မဟုတ်တော့ဘူးလေ သိရဲ့လား။ စိတ်မပူပါနဲ့။ ကျွန်မ ခန္ဓာကိုယ်အကြောင်း ကျွန်မ အသိဆုံးပါ။ ဒါနဲ့နေပါဦး၊ ဆရာလည်း တကယ် လေ့ကျင့်ခန်းလုပ်ဖို့ လိုနေပြီနော်။ ဘီယာဗိုက်ကြီးက ထွက်နေပြီ”
“ဒါက ဒီအလုပ်ရဲ့ သဘာဝပဲလေ၊ ဘယ်တတ်နိုင်ပါ့မလဲ။ ကဲ၊ ဒါဆိုရင် ဖုန်းချလိုက်တော့မယ်နော်”
“ချစ်တယ်နော်”
“အင်း၊ ဟီးဟီး၊ ကိုယ်လည်း ချစ်ပါတယ်”
သူ သက်ပြင်းလေးချရင်း ဖုန်းချလိုက်တယ်။ အနားကနေ ဖြတ်သွားတဲ့ ကာယဆရာက တေးဆစ်ရဲ့ ပခုံးကို ပုတ်ပေးသွားတယ်။ တေးဆစ်က ပြက္ခဒိန်ကို ကြည့်ပြီး သက်ပြင်းချမိတယ်၊ ဧပြီလ ရောက်နေပြီကိုး။ တကယ့် လက်တွေ့ လေ့ကျင့်ရမယ့်အချိန် ရောက်လာပြီလေ။ သူတို့က ကလေးကောင်းလေးတွေ ဖြစ်ကြပေမဲ့ တကယ့် နည်းပြကောင်းတစ်ယောက်တော့ လိုအပ်နေတုန်းပဲ။ မီဆို မရှိတော့ တေးဆစ်အနေနဲ့ ဘယ်သူ့ကို သွားရှာရမလဲဆိုတာ တော်တော်လေး စိတ်ညစ်နေရပြီလေ။
“ဘယ်လိုလုပ်ရပါ့မလဲ”
သူ စဉ်းစားနေတုန်းမှာပဲ သူ့ဖုန်းထဲကို စာတိုလေးတစ်စောင် ဝင်လာခဲ့တယ်။
* * * * * * * * *
အခန်း(၂၀၀)
"ဒါကို မင်းဆီပဲ အပ်လိုက်တော့မယ်"
ကိုရီးယားစာပေဆရာ ပေးလိုက်တဲ့ ဖိုင်တွဲကို တေးဆစ် လှမ်းယူလိုက်ပြီး သူ့ဖုန်းကို ပြန်ကြည့်လိုက်တော့ စာတိုတစ်စောင် ဝင်နေတာ တွေ့ရတယ်။
“ဖုန်းဆက်ဖို့ အချိန်ရမလားခင်ဗျာ။ ကျွန်တော် လီဂျွန်မင်း ပါ။”
လီဂျွန်မင်း ဆိုတဲ့နာမည်ကို တေးဆစ် မကြာခဏ ကြားဖူးနေတာ ကြာပြီ။ ဂွန်ဆူ နဲ့ မီဆို တို့ကို စောင့်ရှောက်ပေးထားတဲ့သူ ဖြစ်သလို သရုပ်ဆောင်လောကမှာလည်း ဩဇာအာဏာ အင်မတန်ကြီးတဲ့သူပေါ့။ ဒီလို လူကုံထံကြီးက ဘာကိစ္စရှိလို့ သူ့ဆီ ရုတ်တရက်ကြီး ဆက်သွယ်လာရတာလဲ။
‘ဒါနဲ့ သူက ငါ့ဖုန်းနံပါတ်ကို ဘယ်လိုသိသွားတာပါလိမ့်’
အဲဒီအချိန်မှာပဲ ဖုန်းတစ်ကော ဝင်လာတယ်။
“စီနီယာ ဂျွန်မင်း ဆီက စာရလား”
“အခုလေးတင်ပဲ။ ဒါဆို မင်းပဲ သူ့ကို ငါ့နံပါတ် ပေးလိုက်တာပေါ့ ဟုတ်လား”
“ဟုတ်တယ်။ အဆင်ပြေရင် သူ့ဆီ ဖုန်းပြန်ဆက်လိုက်ဦး။ နည်းပြ ကိစ္စနဲ့ပတ်သက်လို့ မင်းနဲ့ တိုင်ပင်ချင်နေတာ”
“နည်းပြ ဟုတ်လား”
ဇဝေဇဝါ ဖြစ်နေပေမဲ့လည်း ဂျွန်မင်း ဆီကို သူ ဖုန်းဆက်လိုက်တယ်။ နည်းပြကိစ္စက တကယ်လည်း အခက်အခဲ ဖြစ်နေတာမို့ ဘယ်လိုအကူအညီမျိုးပဲဖြစ်ဖြစ် ဝမ်းမြောက်ဝမ်းသာ လက်ခံရမှာပဲလေ။
“ဟယ်လို၊ လီဂျွန်မင်း လားခင်ဗျာ”
“အာ၊ ဒီလောက်မြန်မြန် ဖုန်းပြန်ဆက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဟုတ်ပါတယ်၊ ကျွန်တော် လီဂျွန်မင်းပါ။ မီဆို ဆီကနေ မင်းအကြောင်းတွေ အများကြီး ကြားဖူးပါတယ်။ ခင်ဗျားနဲ့ စကားပြောကြည့်ချင်နေတာ ကြာပြီ။ အခုလို ကိစ္စမျိုးနဲ့မှ ပထမဆုံး စကားပြောဖြစ်ကြမယ်လို့ မမျှော်လင့်ထားမိဘူး”
“မီဆို က ကျွန်တော့်အကြောင်း ဘာတွေပြောလဲဆိုတာ စိတ်ဝင်စားပေမဲ့ အရင်ဆုံး ဘာကိစ္စနဲ့ ဖုန်းဆက်လာတာလဲဆိုတာ သိပါရစေ”
“နည်းပြ ရှာရခက်လို့ အခက်တွေ့နေရတယ်လို့ အခုလေးတင်ပဲ ကြားလိုက်ရလို့လေ။ ကျွန်တော့်ဘက်က တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရင် အဆင်ပြေမလားလို့ စဉ်းစားမိလို့ပါ”
“ကျွန်တော့်ကို နည်းပြနဲ့ မိတ်ဆက်ပေးမလို့လား”
“ဟုတ်ပါတယ်”
“ကမ်းလှမ်းပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့…”
တေးဆစ် ဝမ်းသာအားရ ပြုံးမိတော့မလို့ ဖြစ်သွားပြီးမှ အရေးကြီးတဲ့ အချက်တစ်ခုကို သတိရသွားတယ်။ အခုရှိတဲ့ ဘတ်ဂျက်နဲ့ အကြံပေးဆရာတစ်ယောက်ကို ငှားနိုင်ပါ့မလား။ အသင်းဝင်ဦးရေ လျော့နည်းသွားလို့ ဒီနှစ် ကလပ်အသင်း ဘတ်ဂျက်က တစ်ဝက်လောက် အဖြတ်ခံထားရတာ။ လွန်ခဲ့တဲ့နှစ်က ရခဲ့တဲ့ ဆုတွေကို အကြောင်းပြပြီး ဘတ်ဂျက် တိုးတောင်းဖို့ ကြိုးစားခဲ့တာလည်း အရာမထင်ခဲ့ဘူးလေ။
“ကျွန်တော်တို့မှာ ဘတ်ဂျက် အများကြီးမရှိဘူးဗျ။ အဆင်ပြေဖို့ ခက်လိမ့်မယ် ထင်တယ်”
“အဲဒီလို ကိစ္စမျိုးကို စိတ်ပူစရာမလိုပါဘူး။ ကုန်ကျစရိတ်အားလုံးကို ကျွန်တော် တာဝန်ယူပါ့မယ်။ ကလပ်အသင်းနဲ့ ပတ်သက်တဲ့ တခြား ကုန်ကျစရိတ်တွေ အားလုံးကိုလည်း စိုက်ထုတ်ပေးမယ်”
“အားလုံးကိုလား”
“ဟုတ်ပါတယ်”
တကယ့်ကို ဝမ်းသာစရာ ကမ်းလှမ်းချက်ကြီးပါပဲ။ ဒါပေမဲ့ တေးဆစ် စဉ်းစားစရာ ဖြစ်လာတယ်။ ဒီလူက သူ့ဆီက ဘာကို လိုချင်နေတာလဲ။ ဘယ်သူမှ အကြောင်းပြချက်မရှိဘဲ ပိုက်ဆံတွေကို ဒီတိုင်း အလဟဿ အကုန်အကျခံမှာ မဟုတ်ဘူး၊ အလှူငွေတွေမှာတောင် ကန့်သတ်ချက်တွေ ရှိတတ်တာပဲ။ အနုပညာလောကမှာ ဒီလောက် နာမည်ကြီးတဲ့သူက ဘာလို့ ဒီကလပ်အသင်းအပေါ် အထူးတလည် စိတ်ဝင်စားနေရတာလဲ။
“ရိုင်းတယ်လို့ ထင်ရင် ခွင့်လွှတ်ပါ၊ ဘာကြောင့်လဲဆိုတာ သိပါရစေ။ ကမ်းလှမ်းချက်က ဝမ်းမြောက်စရာ ဖြစ်ပေမဲ့ လက်မခံခင် အကြောင်းအရင်းကိုတော့ သိချင်လို့ပါ”
“ကျွန်တော့်အဖြေအပေါ် မူတည်ပြီး ငြင်းမယ့်ပုံပဲနော်”
“ထပ်ပြောရရင် ကမ်းလှမ်းချက်အတွက် အထူးပဲ ကျေးဇူးတင်သလို ဝမ်းလည်းဝမ်းသာပါတယ်။ ဒါပေမဲ့ အကြောင်းပြချက်မရှိဘဲနဲ့တော့ ပိုက်ဆံကို လက်မခံနိုင်လို့ပါ။ စိတ်မရှိပါနဲ့ဗျာ”
အတိအကျပြောရရင် တေးဆစ် က ဂျွန်မင်း ကို မသိဘူး။ အသိမိတ်ဆွေတွေဆီကနေပဲ အဲဒီလူအကြောင်း ကြားဖူးတာမို့ မသိတဲ့သူဆီကနေ ပိုက်ဆံကို ဒီအတိုင်း လက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပိုက်ဆံရှိတာ မကောင်းတာ မဟုတ်ပေမဲ့ အဲဒီပိုက်ဆံရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က အမြဲတမ်း အရေးကြီးတယ်လေ။ ပိုက်ဆံ ဘယ်ကလာမှန်း မသိဘဲနဲ့ ကလေးတွေကို စာသင်ပေးဖို့ တေးဆစ် ခွင့်မပြုနိုင်ဘူး။
“ဒီတစ်ကြိမ်ပဲ… မသိချင်ယောင်ဆောင်ပေးလို့ မရဘူးလား”
“စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော် မလုပ်နိုင်ဘူး”
တစ်ဖက်က ကမ်းလှမ်းလာတဲ့ အရာတွေနဲ့ ယှဉ်ရင် အခုလို ပြန်ပြောလိုက်ရတာ သူ တကယ်ပဲ စိတ်မကောင်းဘူး။ ဒါတင်မကဘဲ ဒီကိစ္စပြီးရင် မီဆို ကိုလည်း ဘယ်လို မျက်နှာပြရမှန်း မသိတော့ဘူး။
စက္ကန့်အနည်းငယ်လောက် ကြာသွားပြီးမှ ဂျွန်မင်း က ပြန်ပြောလာတယ်။
“ဂွန်ဆူ နဲ့ မီဆို တို့ကို ကြည့်ပြီး ကျွန်တော် တစ်ခါတလေ တွေးမိတယ်။ ဒီလောက် အရိုင်းအစိုင်းဆန်တဲ့သူတွေကို ဘယ်သူကများ ယဉ်ပါးအောင် ဆုံးမပေးခဲ့ပါလိမ့်လို့။ လူတစ်ယောက်ကို ပထမဆုံးအမြင်နဲ့တင် အကဲမဖြတ်နိုင်ပေမဲ့ ခင်ဗျားက ဘယ်လိုလူစားလဲဆိုတာကိုတော့ တော်တော်လေး နားလည်သွားပြီလို့ ထင်ပါတယ်”
အဲဒီအသံရဲ့ နောက်ကွယ်မှာ စိတ်အားထက်သန်မှု အချို့ကို တေးဆစ် ခံစားမိလိုက်တယ်။ ဒါကြောင့် စကားကို ဆက်နားထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။
“ပိုက်ဆံ အကုန်အကျခံရတဲ့ အကြောင်းအရင်းက ရိုးရိုးလေးပါ။ မာရူး နဲ့ ဒေးမြောင် က ကျွန်တော့်လက်အောက်မှာ ရှိနေလို့ပဲ။ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လာရင် ပိုက်ဆံကို တွန့်တိုမနေတတ်ဘူး။ သူတို့မှာ အရည်အချင်းရှိနေသရွေ့ သူတို့ကို ကူညီဖို့ ကျွန်တော် ရှိနေမှာပါ”
“မာရူး နဲ့ ဒေးမြောင် ဟုတ်လား”
“ဟုတ်ပါတယ်။ နည်းပြအဖြစ် စေလွှတ်ဖို့ စဉ်းစားထားတဲ့လူကလည်း ကျွန်တော့်လူတစ်ယောက်ပါပဲ။ သူ့ရဲ့ စာရိတ္တပိုင်းနဲ့ ပတ်သက်လို့ မပြောတတ်ပေမဲ့... အနည်းဆုံးတော့ ပါရမီပါတဲ့ သူက သရုပ်ဆောင်တစ်ယောက်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး”
သူ့ရဲ့ စာရိတ္တကို မပြောတတ်ဘူး ဟုတ်လား။ ထူးဆန်းတဲ့ မှတ်ချက်မျိုး ဖြစ်ပေမဲ့ တေးဆစ် လောလောဆယ်တော့ ဒီအတိုင်းပဲ လွှတ်ထားလိုက်တယ်။
“ပြိုင်ပွဲတွေနဲ့ ပတ်သက်လာရင် နည်းပြရဲ့ စွမ်းဆောင်ရည်ထက် ပါဝင်ပတ်သက်သူတွေရဲ့ စိတ်အားထက်သန်မှုက ပိုပြီးအရေးကြီးတယ်ဆိုတာ မင်း ကောင်းကောင်းသိမှာပါ။ မိုးပြာရောင် ကလပ် စတင်တည်ထောင်ခါစတုန်းက နည်းပြမရှိဘဲနဲ့တောင် အမျိုးသားအဆင့်ပြိုင်ပွဲမှာ ပထမဆု ရခဲ့တယ်လို့ ကြားတယ်။ ဟုတ်ပါသလား”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါက ဟောင်းနေတဲ့ ပုံပြင်တစ်ပုဒ်ပါ”
“တော်သေးတယ်။ ကျွန်တော် မိတ်ဆက်ပေးမယ့်လူကလည်း အရင်တုန်းက ဘယ်သူ့ကိုမှ စာမသင်ဖူးသေးဘူး”
“ဒါဆိုရင် နည်းနည်း အခက်တွေ့ရမလား။ အခုခေတ် အမျိုးသားအဆင့်ပြိုင်ပွဲက အရင်တုန်းကနဲ့ အများကြီး ကွာခြားသွားပြီလေ”
“အခက်တွေ့လိမ့်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကို ကိုယ်တိုင် ကျော်ဖြတ်နိုင်တဲ့သူတွေဆီမှာပဲ ကျွန်တော် ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ယုံကြည်တယ်။ ကျွန်တော် လွှတ်လိုက်မယ့် နည်းပြက ကလေးတွေကြားထဲမှာ ပြဿနာတချို့ ဖြစ်အောင် လှုံ့ဆော်လိမ့်မယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက်အတွက် ကောင်းမွန်တဲ့ ခြေနင်းတုံးတွေ ဖြစ်လာကြလိမ့်မယ်”
“တစ်ယောက်ကိုတစ်ယောက် တွန်းအားပေးဖြစ်လိမ့်မယ်လို့ ဆိုလိုတာလား”
“အတိအကျပဲ။ ပတ်ဝန်းကျင်တစ်ခုတည်းမှာပဲ ကြီးပြင်းလာရတဲ့ ပန်းတွေက ပွင့်လာရင် အကုန်လုံး အတူတူပဲ ဖြစ်နေလိမ့်မယ်။ ကြီးထွားဖို့အတွက် အပြောင်းအလဲတစ်ခု လိုအပ်တယ်လို့ ထင်တယ်”
“ကလေးတွေကို ထိခိုက်စေမလား…”
“ကျွန်တော်ကတော့ အဆိုးဆုံးရလဒ်ကို အမြဲတမ်း တွေးပြီးမှ လုပ်ဆောင်တတ်တယ်။ အခုကိစ္စမှာတော့ အဲဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ နည်းပြက ဘာပဲလုပ်လုပ် ဖိအားတွေကို ဘယ်တော့မှ အရှုံးမပေးမယ့် ကျောင်းသားတစ်ယောက် ရှိနေလို့ပဲ။ သူက ဒီကိစ္စကို ဖြေရှင်းနိုင်လိမ့်မယ်”
“ကြည့်ရတာ မာရူး ကို တော်တော်လေး ယုံကြည်နေတဲ့ ပုံပဲ”
“ဟားဟား၊ မင်း ဒီလောက်မြန်မြန် သတိထားမိလိမ့်မယ်လို့ မထင်ထားဘူး။ သူ့အပေါ်မှာ ကျွန်တော်တို့ နှစ်ယောက်လုံး တူညီတဲ့ ကောက်ချက်မျိုး ချမိကြတယ်”
တေးဆစ် အနည်းငယ် ပြုံးလိုက်တယ်။ သေချာတာပေါ့၊ မာရူး ကတော့ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေကို ထိန်းချုပ်နိုင်မှာပါ။ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ မာရူး က တစ်ခါတလေ သူ့ထက်တောင် ပိုပြီးတော်သေးတယ်။
“ဒီလောက်ဆိုရင် လုံလုံလောက်လောက် ရှင်းပြပြီးပြီ ထင်ပါတယ်”
“ဟုတ်ပါတယ်”
“ဒါဆိုရင် ကျွန်တော့်အကူအညီကို လက်ခံပြီပေါ့”
“ထူးဆန်းနေသလို ဖြစ်ပေမဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ်”
“အချိန်ရရင် တွေ့ကြတယ်။ ကိုယ်သဘောကျတဲ့သူနဲ့ အတူတူ အစားအသောက်စားရတာက ကျွန်တော့်ရဲ့ ဝါသနာတစ်ခုပဲ”
တေးဆစ် ဖုန်းချလိုက်ပြီး ကလပ်အခန်းဆီကို လျှောက်လာခဲ့တယ်။ စတုတ္ထထပ်ကို ဖြည်းဖြည်းချင်း တက်လာပြီးမှ အံ့ဩသွားတဲ့ မျက်နှာပေး ဖြစ်သွားတယ်။ ကလပ်အသင်း ရှိခဲ့တဲ့ နေရာကို ကြည့်လိုက်တော့ ဘာမှမရှိဘဲ ဗလာဖြစ်နေတယ်။
‘ဒီနေ့ သူတို့ တွေ့ကြဖို့ ရှိတယ် ထင်တာပဲ’
တေးဆစ် မာရူး ဆီ ဖုန်းဆက်ဖို့ ကြိုးစားလိုက်တယ်။ ညနေ ၅ နာရီ ၄၅ မိနစ် ရှိပြီ။ မာရူး တစ်ယောက် ကျောင်းဝင်းထဲမှာပဲ ရှိနေဦးမယ့် အခွင့်အလမ်း အများကြီး ရှိတယ်။ ဖုန်းသံ အနည်းငယ် မြည်ပြီးနောက် မာရူး ဖုန်းကိုင်လိုက်တယ်။
“ဟုတ်ကဲ့၊ ဆရာ”
“မင်း ကျောင်းမှာပဲ ရှိသေးလား”
“မဟုတ်ဘူး၊ အခုတင်ပဲ ထွက်လာတာ။ တစ်ခုခု သွားစားမလို့”
“သြော်၊ အေးအေး”
“ဘာဖြစ်လို့လဲ ဆရာ…”
“အခုလေးတင်ပဲ မစ္စတာ ဂျွန်မင်း ငါ့ဆီ ဖုန်းဆက်တယ်”
“ဗျာ….”
“နည်းပြအသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ သူပြောတယ်”
“နည်းပြအသစ် ဟုတ်လား”
“ဟုတ်တယ်"
“ဒါဆို နည်းပြမီဆို က အလုပ်များနေလို့ပေါ့”
“ဟုတ်တယ်လေ။ ဒါပေမဲ့ အတွေ့အကြုံမရှိတဲ့သူကို လွှတ်မယ်လို့တော့ ပြောတာပဲ။ အဆင်ပြေပါ့မလား”
“သူသာဆိုရင်တော့ တစ်ခုခု အကြောင်းပြချက် ရှိလို့နေမှာပါ။ ကျွန်တော် စိတ်မပူပါဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်နေသဘောထားအရတော့ သိပ်ပြီး လွယ်ကူလိမ့်မယ် မထင်ဘူး”
“ဟားဟားဟား"
လျှော့တိလျှော့ရဲ ဖြစ်နေတဲ့ အသံကို နားထောင်ပြီး တေးဆစ် တကယ်ပဲ စိတ်ပူစရာ မလိုတော့ဘူး။
“ကဲပါ၊ ဒါနဲ့ပတ်သက်ပြီး နောက်မှ အသေးစိတ် ထပ်ပြောကြတယ်။ ကလေးသစ်တွေကော ဘယ်လိုလဲ။ ပထမနှစ် သုံးယောက်နဲ့ ဒုတိယနှစ် တစ်ယောက်လား”
“ဟုတ်… အကုန်လုံးက စိတ်ဝင်စားဖို့ကောင်းတဲ့ ပင်ကိုယ်စရိုက်တွေ ရှိကြတာမို့ သူတို့ကို ထိန်းကျောင်းရတာ ပျော်စရာကောင်းမှာပါ။ ဧပြီလကတော့ အလုပ်များမယ့် လတစ်လ ဖြစ်လာတော့မယ်”
“နွေရာသီ အမျိုးသားအဆင့်ပြိုင်ပွဲမှာ နိုင်ချင်ရင်တော့ အလုပ်များမှ ဖြစ်မှာပေါ့။ ပြီးတော့… မင်းလည်း စင်ပေါ်တက်ဖို့ လိုတယ်နော်”
ပြီးခဲ့တဲ့ အမျိုးသားအဆင့်ပြိုင်ပွဲတုန်းက မာရူး က ပရိသတ်အပြင်ဘက်ကနေပဲ ကြည့်နေခဲ့တာ။ တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ ကြည့်နေခဲ့ပေမဲ့ သူ့ရဲ့ ရင်ထဲမှာတော့ အဲဒီလိုမျိုး မဟုတ်မှန်း တေးဆစ် သိတယ်။
“ဟုတ်ပါတယ်။ ဒီတစ်ကြိမ်မှာ ပထမဆုရရင်တော့ ဈေးကြီးတဲ့ အမဲသားကင် သွားစားကြမယ်”
အဲဒီအချိန်မှာပဲ တေးဆစ် အနီးနားက ကလပ်အသင်းဝင်တွေရဲ့ အသံတွေကို ကြားလိုက်ရတယ်။
“စီနီယာ။ ကျွန်တော်လည်း အမဲသား ကြိုက်တယ်ဗျ”
“ကျွန်မအတွက်ကတော့ ဝက်သား”
ဆူညံနေတဲ့ အသံတွေကလည်း တစ်မျိုးဆန်းသစ်လို့။ နှစ်သစ်တစ်ခုကို တကယ်ပဲ ခံစားမိစေတယ်။ အခုအချိန်အထိ ဒုက္ခရောက်စရာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့ပေမဲ့ ဒါကတော့ အစပြုခြင်းအသစ်တစ်ခုပါပဲ။
“ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါဦး”
“ဟုတ်ကဲ့ပါ ဆရာ”
“အရက်တွေ အများကြီး မသောက်နဲ့ဦး”
” ဆရာကလည်း ကျွန်တော်တို့ကို ဘယ်လိုလူတွေလို့ ထင်နေတာလဲ။ နို့နဲ့ ဖျော်ရည် အနည်းငယ်ပဲ သောက်ကြမှာပါ၊ ဒါပါပဲ”
“အဲဒါကပဲ မင်းတို့ကို ပိုပြီး သတိထားဖို့ ပြောချင်စိတ် ပေါက်လာစေတယ်”
တေးဆစ် ဖုန်းကို နားကနေ ခွာလိုက်ရင်း ခပ်ဖွဖွလေး ပြုံးလိုက်မိတယ်။
* * * * * * * * *
“ကဲ၊ အခုတော့ ဆိုးလ် ကို ပြန်ကြစို့”
“နောက်ဆုံးတော့ ပြန်ရပြီပေါ့လား”
ဆူယွန်း က နေရာကနေ ထခုန်ရင်း မေးလိုက်တယ်။ ဒီဗီလာကို ပထမဆုံး ရောက်ကတည်းကဆိုရင် တစ်လပြည့်သွားပြီ။ ဒီက လူနေမှုဘဝကို သူမ ကျင့်သားရနေပြီ ဖြစ်ပေမဲ့ မြို့ပြဘဝကိုလည်း တော်တော်လေး လွမ်းနေမိတာ။ မွန်ဂျောင် က အချိန်ကိုက် ပြန်ဖို့ ပြောလာတာပဲ။
“ဒါနဲ့ပတ်သက်ပြီး အကြမ်းဖျင်းတော့ နားလည်သွားပြီ ထင်တယ်”
မွန်ဂျောင် က တစ်ခုခု လိုအပ်နေသေးသလိုမျိုး ပြောလိုက်တယ်။ ဆူယွန်း ကတော့ အံ့ဩမှင်တက်သွားရတယ်၊ သူ့ရဲ့ အခုလက်ရှိ အရည်အချင်းက သူမအတွက်တော့ လုံလောက်တာထက်ကို ပိုနေပြီလေ။
“ကျွန်တော့်ရဲ့ နောက်ထပ်လက်ရာအတွက် ယေဘုယျ ဇာတ်ကွက်ကိုလည်း ရသွားပြီမို့ အဆင်ပြေသွားပါပြီ”
“မင်းလည်း အပင်ပန်းခံခဲ့ရတာပဲ။ ကျွန်တော့်ကြောင့်နဲ့ ဒီအထိ အဝေးကြီး လာခဲ့ရလို့ နည်းနည်းတော့ ဒုက္ခရောက်သွားမှာပဲ”
“လုံးဝ မဟုတ်ပါဘူး။ ဆရာ့ကြောင့်မို့လို့ အများကြီး သင်ယူခဲ့ရပါတယ်။ ဒီမှာ စာရေးရတာလည်း တကယ့်ကို အချိန်ကောင်းလေးတွေပါပဲ”
မွန်ဂျောင် နဲ့ ဂွတ်ဂျွန် တို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြတာကို ဆူယွန်း နှုတ်ခမ်းဆူပြီး ကြည့်နေမိတယ်။
“ကျွန်မလည်း ကြိုးစားခဲ့တာပဲ ဆရာ့ရဲ့”
“သေချာတာပေါ့၊ သေချာတယ်။ မင်းလည်း ကြိုးစားခဲ့ပါတယ် ဆူယွန်း ရယ်”
“ဟီးဟီး"
ဂွတ်ဂျွန် အပေါ်ထပ်ကို တက်သွားတယ်၊ သူက ဆူယွန်း အပေါ်မှာ အဆုံးအထိ အေးစက်နေတုန်းပဲ။ အနည်းဆုံးတော့ သူ့ရဲ့ နာမည်အရင်းက ဂွတ်ဂျွန် ဆိုတာကို သိလိုက်ရတာကပဲ တိုးတက်မှုတစ်ခုလို့ ပြောရမလို။
“သူ့နာမည်အရင်းကို ဘာလို့ ဒီတိုင်း မပြောပြနိုင်ရတာလဲ။ တကယ့်ကို ကောက်ကျစ်တဲ့သူပဲ”
“သူက ယဉ်ကျေးတဲ့လူတစ်ယောက်လို့ ထင်ပါတယ်”
“ဆရာ့ရှေ့မှာပဲ မျက်နှာဖုံး စွပ်ထားတာပါ။ တကယ့်ကို မကောင်းတဲ့သူ၊ မကောင်းတဲ့သူကြီး”
မွန်ဂျောင် က သူမရဲ့ စကားတွေကို ရယ်မောပြီး ကျော်ဖြတ်လိုက်တယ်။ ဒီမှာ အများကြီး ဖြစ်ပျက်ခဲ့ပေမဲ့ သူမ လာခဲ့တာ တကယ်ပဲ ကောင်းပါတယ်။ ဒရမ်မာတစ်ခုမှာ လူကြိုက်မများခဲ့လို့ စိတ်ပျက်အားငယ်နေခဲ့သမျှ အခုတော့ စိတ်ချမ်းသာမှု အချို့ကို ပြန်လည်ရရှိခဲ့ပြီလေ။
မွန်ဂျောင် ကတစ်ဆင့် သရုပ်ဆောင်တစ်ယောက် ဖြစ်ရတာ ဘာလဲဆိုတာကို သူမ သင်ယူခဲ့ရပြီး ဂွတ်ဂျွန် နဲ့လည်း အသိပညာဆိုင်ရာ စကားဝိုင်းတွေ အတူတူ ဆွေးနွေးခွင့်ရခဲ့တယ်။ အကောင်းဆုံးအချက်ကတော့ ဒီကိစ္စကြောင့် ဂွန်ဆူ နဲ့ အများကြီး ပိုပြီး ရင်းနှီးသွားခဲ့တာပဲ။
“ဆူယွန်း”
ဂျွန်မင်း က အိမ်ထဲကို ဝင်လာရင်း သူမကို လှမ်းခေါ်လိုက်တာမို့ စူးစမ်းတဲ့ မျက်နှာပေးနဲ့ ထိုလူ့ဆီ လျှောက်သွားလိုက်တယ်။
“ရှင်”
“ကျွန်တော့်အတွက် ကလေးတချို့ကို စောင့်ရှောက်ပေးပါဦး”
“…ရှင်”
“မင်းရဲ့ အချိန်ဇယားက ဘယ်လိုရှိလဲ”
ရုတ်တရက်ကြီး မေးလိုက်တဲ့ မေးခွန်း ဖြစ်ပေမဲ့ ပြန်မဖြေနိုင်စရာတော့ မရှိပါဘူး။
“ဒီရုပ်ရှင် မရိုက်ကူးခင်အထိတော့ ဘာမှမရှိပါဘူး”
“မင်းက လူရွေးပွဲတောင် မဝင်ရသေးဘဲ စိတ်ပူနေတာလား။ တခြား ဇာတ်ကောင်နေရာတွေအတွက် ကမ်းလှမ်းချက် ရထားတာ ရှိသေးလား”
“အဲဒါကိုတော့ ရှင်က ကျွန်မထက် ပိုသိမှာပေါ့”
“အခုထိ ဘာမှမရှိသေးဘူး ဟုတ်လား။ အဆင်ပြေတယ်။ ဒါဆိုရင် ဒါကို လုပ်လိုက်”
“ရှင် ခိုင်းရုံနဲ့တင်ပဲ ကျွန်မက ကလေးတစ်သိုက်ကို သွားပြီး စောင့်ရှောက်ပေးမယ့်ပုံ ပေါက်နေလို့လား”
“တခြားတစ်ယောက်ယောက်ကို သွားခိုင်းလိုက်ရမလား”
“နေဦး၊ နေဦး၊ ကျွန်မ လုပ်ပါ့မယ်။ အမလေး၊ တကယ့်ကို အေးစက်လွန်းလိုက်တာ။ ကောင်းကောင်းမွန်မွန်လေး တောင်းဆိုလို့ မရဘူးလား”
“ကောင်းကောင်းမွန်မွန် တောင်းဆိုရမယ် ဟုတ်လား”
ဂျွန်မင်း က စူးစိုက်ကြည့်ရင်း သူမဘက်ကို ဖြည်းဖြည်းချင်း လှည့်လာတာမို့ ဆူယွန်း ချက်ချင်းပဲ အပြုံးကို ရုတ်သိမ်းလိုက်ရတယ်။
“နောက်တာပါ၊ နောက်တာ”
သူမက စကားပြောရင်း ဂျွန်မင်း ရဲ့ လက်မောင်းကို လှမ်းဖက်လိုက်တယ်။ သေချာတာပေါ့၊ ထိုလူက ချက်ချင်းပဲ ဖယ်ထုတ်လိုက်တာပဲ။
“ဆိုးလ် ကို ရောက်ရင်တော့ မင်း အလုပ်များလာလိမ့်မယ်။ အခုလို ကိစ္စမျိုးကို တစ်ခါမှ မလုပ်ဖူးသေးဘူး မဟုတ်လား”
“ကလေးတွေကို စောင့်ရှောက်ရုံတင်ပဲဟာ။ ဘယ်လောက်တောင် ခက်ခဲလို့လဲ”
“ကလေးတွေကို စာသင်ပေးရတာက သူတို့ကို စောင့်ရှောက်ရုံတင်ထက် အများကြီး ကွာခြားတယ်”
“ရှင်”
“ပြင်ဆင်ထားလိုက်တော့၊ သွားကြစို့”
* * * * * * * * *