← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း(၂၀၁)

မနက် ၆ နာရီ။ ခေါင်းနားလေးတင်မှာ မြည်နေတဲ့ အချက်ပေးသံကို ပိတ်ရင်း ဘန်ဂျူး တစ်ယောက် မျက်လုံးပွင့်လာတယ်။ နေမထွက်ခင် မိုးသောက်ယံ အချိန်ပေါ့။ ဘန်ဂျူး ဟာ စောင်တွေကို သေသေချာချာ ခေါက်၊ ပြီးတော့ လေ့ကျင့်ခန်းလုပ်ဖို့ ပြေးတဲ့အခါ ဝတ်မယ့် အဝတ်အစားတွေကို လဲလိုက်တယ်။

“မနက်ခင်း အဆင်ပြေရဲ့လား"

“ပြန်ပြေးမလို့လား"

“ပြေးရမှာပေါ့"

မနက်တိုင်း ဘုရားရှိခိုးဖို့ အပြင်ထွက်တတ်တဲ့ အိမ်နီးနားချင်း အဘွားအိုကို နှုတ်ဆက်ရတာဟာ သူ့အတွက်တော့ နေ့စဉ်လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုလို ဖြစ်နေပြီလေ။ ဘန်ဂျူး တစ်ယောက် ခန္ဓာကိုယ်အကြောအဆန့်လေး နည်းနည်းပါးပါး လုပ်ပြီးတာနဲ့ စပြေးတော့တာပဲ။

ပါးပြင်ကို ဖြတ်တိုက်သွားတဲ့ စူးရှပြီး အေးစိမ့်လှတဲ့ လေညင်းကြောင့် ငိုက်မြည်းချင်စိတ်တွေလည်း လွင့်စင်သွားရတယ်။ သူ့အိမ်နောက်ဘက် တည့်တည့်က ပန်းခြံဆီ သူ ကွေ့ဝင်လိုက်ပြီး အနီးအနားက တောင်ကုန်းလေးကို တစ်ပတ်ပတ်ပြီးမှ အိမ်ပြန်ခဲ့တယ်။

အချိန်ကတော့ တိတိကျကျ မိနစ် ၄၀ ကြာသွားတယ်။ အရင်က ဒီလမ်းကြောင်းကို ပြေးရင် မိနစ် ၈၀ လောက် အချိန်ပေးခဲ့ရတာနဲ့ ယှဉ်ရင်တော့ တော်တော်လေး တိုးတက်လာတယ်လို့ ပြောရမယ်။ ဒီထက် ပိုပြီး မြန်မြန်မပြေးနိုင်တာကတော့ အနည်းငယ် စိတ်ပျက်စရာ ကောင်းနေပေမဲ့ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်သွားရလောက်အောင်အထိတော့ သူ အားအင်တွေ ထပ်ပြီး မကုန်ခမ်းချင်တော့ဘူး။

ရေချိုးပြီးတာနဲ့ မနေ့ညက ချက်ထားတဲ့ စွပ်ပြုတ်အိုးကို မီးဖိုပေါ် တင်လိုက်တယ်။ ထမင်းပေါင်းအိုးထဲက ထမင်းအချို့ကို ခတ်၊ ပြီးတော့ သူ့အစ်မလုပ်ပေးထားတဲ့ ဟင်းရံအချို့ရယ်၊ စွပ်ပြုတ်ရယ်နဲ့တင် သူ့အတွက်တော့ အင်မတန် ကောင်းမွန်လှတဲ့ မနက်စာ တစ်နပ် ဖြစ်သွားတယ်။ ထမင်းစားလို့ ပြီးသွားတဲ့အချိန်မှာတော့ မနက် ၇ နာရီခွဲ ရှိနေပြီ။ ပန်းကန်ခွက်ယောက်တွေကို အမြန် ဆေးကြောပြီးတာနဲ့ အပြင်ကို ထွက်ခဲ့တော့တယ်။

ကျောင်းကို ရောက်ဖို့ မိနစ် ၄၀ လောက် ကြာတတ်တာမို့ ဘန်ဂျူး က နားကြပ်ကို နားမှာ တပ်၊ ပြီးတော့ လမ်းခရီး စတင်ဖို့အတွက် ဒေသတွင်း ရေဒီယိုအစီအစဉ်ကို ဖွင့်လိုက်တယ်။ မနက် ၈ နာရီ ထိုးပြီမို့ ရေဒီယိုအစီအစဉ်ကလည်း အခုတင်ပဲ စတင်နေပြီလေ။

“မနက်စောစော ထလေ့ရှိသူတွေဟာ အောင်မြင်မှုရဲ့ ပြယုဂ်ပဲလို့ ပြောကြပါတယ်။ ဒါကြောင့်မို့ သင်ဟာ ကျောင်းသားတစ်ယောက်ပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တစ်ယောက်ပဲဖြစ်ဖြစ် နေ့တိုင်း နေ့တိုင်း စောစောထရပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုခေတ်ကြီးထဲမှာ တကယ် စိတ်ချမ်းသာရတဲ့သူတွေက ညဉ့်နက်မှ အိပ်တတ်တဲ့သူတွေ ဖြစ်နေမလား။ ကျွန်တော်ကတော့ ညဉ့်နက်မှ အိပ်တတ်တဲ့သူတွေကို ထောက်ခံတဲ့အုပ်စုထဲကပါ။ မနက်ခင်း အဆင်ပြေကြရဲ့လား ခင်ဗျာ။ ကျွန်တော်ကတော့...

“လိမ်လိုက်တာလည်း အစွမ်းကုန်ပဲ"

ဘန်ဂျူး က ခေါင်းကို ခါယမ်းရင်း ခြေလှမ်းကို ပိုမြှင့်လိုက်တယ်။

* * * * * * * * *

“ဟို... အဘွား၊ ကျွန်မ ကူညီပါရစေ"

လီဂျီယွန်းဟာ လက်ပတ်နာရီကို ကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်ရင်း ဘေးနားက အဘွားအိုတစ်ဦးနား တိုးသွားလိုက်တယ်။ သူမက ဘတ်စ်ကား လွတ်သွားလို့ ကျောင်းကို လမ်းလျှောက်သွားနေရတာပါ။ အဲဒီအချိန်မှာပဲ လူကူးခုံးတံတားပေါ်မှာ အထုပ်အပိုးတွေကို အနိုင်နိုင် သယ်ပိုးနေရတဲ့ အဘွားအိုတစ်ဦးကို တွေ့လိုက်ရတယ်။

“သမီး ကျောင်းသွားရမှာ မဟုတ်ဘူးလား"

“ရ-ရပါတယ် အဘွား"

နာရီကို ကြည့်ပြီး စိတ်ထဲမှာ နည်းနည်း လောနေမိပေမဲ့ အဘွားအိုကို တစ်ယောက်တည်း ပစ်မထားခဲ့ချင်ဘူး။ သူမက အဘွားအိုရဲ့ အထုပ်အပိုးတွေကို လှမ်းဆွဲကိုင်လိုက်ပြီး ခုံးတံတားပေါ် တက်ခဲ့တယ်။ ကျောင်းနဲ့ကတော့ တဖြည်းဖြည်း ဝေးရာကို ရောက်သွားနေရတယ်။ ဒါပေမဲ့လည်း တစ်စုံတစ်ယောက်ကို ကူညီခွင့်ရလို့ သူမ စိတ်ထဲမှာ ပျော်နေမိတယ်။

ဟိုဘက်အဆင်းကို ရောက်တော့ အထုပ်အပိုးတွေကို အဘွားအိုလက်ထဲ ပြန်ထည့်ပေးတဲ့အခါ အဘွားအိုက အထပ်ထပ် အခါခါ ကျေးဇူးတင်စကား ဆိုပြီး ရှေ့ကို ဆက်လျှောက်သွားတယ်။ တစ်ယောက်တည်း လျှောက်သွားနေတဲ့ အဘွားအိုရဲ့ ပုံစံက ကြည့်ရတာ အတော်လေး အန္တရာယ်များလှတာမို့ လီဂျီယွန်းက ဘတ်စ်ကားမှတ်တိုင်အထိ တစ်ခါတည်း လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ မထင်မှတ်ဘဲ အထုပ်တွေက လေးလွန်းလို့ လမ်းလျှောက်ရတာ သူမအတွက်တော့ တော်တော်လေး ခက်ခဲနေခဲ့တယ်။

‘ငါ ဘယ်လိုလုပ်ရပါ့'

ကွက်တိပဲ၊ အဲဒီအချိန်မှာ နောက်ကျောဘက်ကနေ တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်တယ်။

“လီဂျီယွန်း”

ဘန်ဂျူး ဖြစ်နေတာပဲ။ သူမအနေနဲ့ ဒီကောင်လေးနဲ့ သိပ်ပြီး မရင်းနှီးလှပေမဲ့ ကလပ်တစ်ခုတည်း အတူတူ ဖြစ်နေတာကြောင့် ရင်းနှီးဖို့ကတော့ အချိန်တစ်ခုပဲ လိုတော့တာပါ။ လီဂျီယွန်းတစ်ယောက် အဲဒီကောင်လေးကို မြင်လိုက်ရတော့ အတိုင်းထက်အလွန် ဝမ်းသာသွားရတယ်။

“ဒီ-ဒီအထုပ်တွေကို ကူသယ်ပေးလို့ ရမလား"

“ဒါလား"

ဘန်ဂျူးက အနားတိုးလာပြီး ဘာမှမဟုတ်သလိုမျိုး အထုပ်အပိုးတွေအားလုံးကို မတင်လိုက်တယ်၊ ဒီကောင်လေးက အရပ်အမောင်းနဲ့မလိုက်အောင် အင်မတန် အားသန်လှတာပဲ။ ယောက်ျားလေးမို့လို့ပဲ ဖြစ်နေမလား။ လီဂျီယွန်းနဲ့ အဘွားအိုကတော့ ဘန်ဂျူးရဲ့ နောက်ကနေ ကပ်ပြီး လိုက်လာခဲ့ကြတယ်။

“အဘွား ဒီလောက်ဆို ရပြီလား"

သူ့အသံကတော့ တကယ်ကို ကျယ်လောင်လှတာ သေချာတယ်။ အဘွားအိုကလည်း ဘန်ဂျူးကို ကြည့်ပြီး စစ်ဗိုလ်ချုပ်တစ်ဦးရဲ့ အသံမျိုး ရှိတယ်ဆိုပြီး ချီးမွမ်းခန်းဖွင့်လို့နေတယ်။

“ရော့၊ ဒါလေးတွေ စားကြဦး"

အဘွားအိုက သူတို့နှစ်ယောက်လုံးကို ပါးစပ်ထဲ အပြည့်အသိပ် ဖြစ်သွားစေမယ့် သကြားလုံးအကြီးကြီးတွေ ပေးတယ်၊ လီဂျီယွန်းကတော့ အရိုအသေပေးပြီး သကြားလုံးကို လက်ခံလိုက်တယ်။

“ကျေးဇူးအများကြီးတင်ပါတယ် အဘွား"

သကြားလုံးကို လက်ခံလိုက်တဲ့ အချိန်မှာပဲ ဘတ်စ်ကားမှတ်တိုင်က နာရီကို ချက်ချင်း မျက်စိထဲ မြင်လိုက်ရတယ်၊ မနက် ၈ နာရီ ၁၀ မိနစ်။ ကျောင်းကို မနက် ၈ နာရီခွဲအရောက် သွားရမယ်ဆိုတာကို သတိရသွားပြီး မျက်နှာတည်ကြီးနဲ့ ကြောက်စရာကောင်းတဲ့ စည်းကမ်းထိန်းသိမ်းရေး ဆရာ့မျက်နှာကြီးက ခေါင်းထဲမှာ ဖျတ်ခနဲ ပေါ်လာတော့တာပဲ။

“ငါတို့ နောက်ကျတော့မယ် ထင်တယ်။ ဘယ်လိုလုပ်ကြမလဲ"

“ပြေးရုံပေါ့"

“ငါ မပြေးနိုင်ဘူး"

“ငါ ကျောပိုးပေးရမလား"

လီဂျီယွန်းက ခေါင်းကို အမြန် ခါယမ်းလိုက်တယ်၊ မနက်စောစောစီးစီး ကောင်လေးတစ်ယောက်ရဲ့ ကျောပေါ်မှာ ပိုးခံရတာကိုသာ သူငယ်ချင်းတွေ မြင်သွားရင်တော့... တွေးတောင် မတွေးရဲစရာပဲ၊ တစ်လလုံးလုံး အလှောင်ခံရမှာ သေချာတယ်။

“ဒါဆိုရင်တော့ အသေအလဲ ပြေးရတော့မှာပေါ့"

ဘန်ဂျူးကတော့ ထူးထူးဆန်းဆန်း တက်ကြွနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်၊ လီဂျီယွန်းကတော့ သက်ပြင်းတစ်ချက်ချပြီး ဘန်ဂျူးရဲ့ နောက်ကနေ အမီလိုက်ပြေးရတော့တယ်။

* * * * * * * * *

သမ်းဝေရင်း စက်ဘီးစီးလာတဲ့ ချွဲအာရမ်ဟာ မမျှော်လင့်ဘဲ စက်ဘီးကို ရပ်လိုက်ပြီး သူမရဲ့ MP3 ပလေယာကို ထုတ်လိုက်တယ်။ အဲဒါက ရေဒီယို လုပ်ဆောင်ချက် ပါတာမို့ သူမ အကြိုက်ဆုံး အစီအစဉ်လိုင်းကို လှည့်လိုက်ပြီး အချိန်ကို စစ်ကြည့်လိုက်တယ်၊ မနက် ၈ နာရီ ၁၆ မိနစ်။ အစီအစဉ် စတင်ခဲ့တာ ၁၆ မိနစ် တောင် ရှိသွားပြီပေါ့။

“အလို၊ နောက်ကျနေပြီ"

သူမက နားကြပ်ကို နားမှာ တပ်ပြီး နားထောင်လိုက်တော့တယ်။

“ကဲ၊ အခုတော့ ထုံးစံအတိုင်း အစီအစဉ်လေးဆီ ပြန်သွားကြရအောင်။ ကျွန်မတို့ဆီ ပေးပို့ထားတဲ့ မက်ဆေ့ခ်ျတွေ အများကြီး ရှိနေတာမို့ အချို့ကိုပဲ ရွေးပြီး ဖတ်ကြည့်လိုက်ရအောင်နော်”

ဒါက သူမ အကြိုက်ဆုံး မင်းသမီး တင်ဆက်တဲ့ ရေဒီယိုအစီအစဉ် ဖြစ်နေတာကြောင့် အာရမ်အနေနဲ့ အပိုင်းတိုင်းကို အမြဲတမ်း နားထောင်လေ့ ရှိတာပါ။ သူမကိုယ်တိုင်လည်း မက်ဆေ့ခ်ျတွေ အများကြီး ပို့ဖူးပေမဲ့ အခုထက်ထိတော့ တစ်စောင်မှ ရွေးချယ်ခံရခြင်း မရှိသေးဘူးပေါ့။ အာရမ်က စက်ဘီးပေါ်မှာ ရပ်နေရင်း ဖုန်းကနေတစ်ဆင့် မက်ဆေ့ခ်ျတစ်စောင် အမြန် ပို့လိုက်တယ်။

“ကျွန်မက ဆိုးလ်မှာ အလုပ်လုပ်နေတဲ့ ရုံးဝန်ထမ်းတစ်ယောက်ပါ။ အလုပ်သွားတဲ့ လမ်းမှာ ကားတွေ အတော်လေး ပိတ်ဆို့နေပါတယ်။ အင်း... အလုပ်သွားရတာ တကယ်ပဲ စိတ်ညစ်စရာ ကောင်းလှပါတယ်။ ဒါပေမဲ့ အလုပ်ရှိနေတာကိုကပဲ ပျော်စရာ ကောင်းတယ်လို့ ပြောရမှာပေါ့။ အနည်းဆုံးတော့ အလုပ်လက်မဲ့တွေနဲ့ ယှဉ်ရင်ပေါ့လေ”

အာ... အဲဒီလို ခနဲ့တဲ့တဲ့ တုံ့ပြန်မှုမျိုး။ အာရမ်က ဒီလိုအရာမျိုးတွေကြောင့်ပဲ စောင့်မျှော်နားထောင်နေရတာပါ၊ ဒီမင်းသမီးရဲ့ ပွင့်လင်းလွန်းတဲ့ ပုံစံကို သူမ သဘောကျမိတာကိုး။ အွန်လိုင်းပေါ်မှာတော့ ဒီမင်းသမီးဟာ ရိုင်းစိုင်းလွန်းတယ်ဆိုပြီး ဝေဖန်နေကြသူတွေ ရှိပေမဲ့ ချွဲအာရမ်အတွက်တော့ ဒါဟာ ဆွဲဆောင်မှုတစ်ခုပဲလေ။

“ကျွန်မက ကျောင်းသူတစ်ယောက်ပါ။ သင်္ချာကြောင့်မို့ မနက်စောစော စာကျက်နေရပါတယ်။ ဒါကြောင့် တခြားသူတွေထက် တစ်နာရီလောက် စောပြီး ကျောင်းကို ရောက်နေရတယ်။ ဟူး... သင်္ချာ။ အဲဒါကို ဘာလို့ သင်နေရတာလဲ မသိဘူး။ အဲဒါကို မကြိုက်ဘူးဆိုရင်တော့ လက်လျှော့လိုက်ရုံပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ သတ္တိကော ရှိရဲ့လား။ ရှိရင်တော့ စာပဲ ကြိုးစားပြီး ဖတ်လိုက်ပါ။ အခုချက်ချင်း ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာနိုင်မယ့် လမ်းစ မမြင်သေးဘူးဆိုရင်တော့ ပါးစပ်ပိတ်ပြီး စာပဲ ဖတ်နေလိုက်စမ်းပါ။ လူ့ဘဝဆိုတာ သင်ထင်သလောက် လွယ်ကူလှတာ မဟုတ်ဘူးလေ”

“အလို... မိုက်လိုက်တာ"

ချွဲအာရမ်က စက်ဘီးနင်းရင်း နောက်ထပ် မက်ဆေ့ခ်ျကို နားထောင်ဖို့ ပြင်လိုက်တယ်။

“ဒါကလည်း ကျောင်းသူတစ်ယောက်ဆီက ပို့ထားတာပဲ။ ဒီအစီအစဉ်က ကျောင်းသားတွေအတွက် သိပ်ပြီး အဆင်မပြေလှဘူးဆိုတာ သိကြတယ်မဟုတ်လား။ ကဲ... ထားပါတော့။ အခု စက်ဘီးစီးပြီး ကျောင်းသွားနေတာပါ။ အစ်မရဲ့ အစီအစဉ်ကို နေ့တိုင်း နားထောင်ပါတယ်။ ချစ်တယ် အစ်မကြီး လို့ ရေးထားတာပဲ။ ဟင်း... ဒီလို မက်ဆေ့ခ်ျမျိုးကို ကောင်လေးတစ်ယောက်ဆီက ရရင် ပိုကောင်းဦးမှာ၊ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ ဘဝရဲ့ မျိုးဆက်သစ် ညီမလေးတစ်ယောက်က ကျွန်မကို ဒီလောက်အထိ လေးစားပေးတာကိုပဲ ဝမ်းသာရပါတယ်။ ဒါကြောင့် ဒီနားထောင်သူလေးကို လက်ဆောင်တစ်ခု ပေးပါရစေ။ ခေတ္တနေရင် ဖုန်းဆက်လိုက်မယ်နော် ညီမလေး၊ ဖုန်းလက်ခံဖို့ ပြင်ထားလိုက်ဦး”

အာရမ်တစ်ယောက် စက်ဘီးစီးရင်း အော်ဟစ်ပြီး ဝမ်းသာသွားမိတော့တယ်။ ဒါဟာ ပထမဆုံးအကြိမ် ရွေးချယ်ခံရတာပဲလေ။ ဒါတင်မကသေးဘူး၊ လက်ဆောင်ပါ ရဦးမှာလား။ ဒီနေ့တော့ တကယ့်ကို နေ့ကောင်းရက်သာပဲ ဖြစ်ရမယ်။ အဲဒီအချိန်မှာပဲ အဝေးဆီကနေ မောမောပန်းပန်းနဲ့ လျှောက်လာနေတဲ့ ရင်းနှီးတဲ့ မိန်းကလေးတစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်။

“အင် ဒါ လီဂျီယွန်း မဟုတ်လား"

ချွဲအာရမ်က အဲဒီမိန်းကလေးဆီ ချက်ချင်းပဲ စက်ဘီးကို လှည့်လိုက်တယ်၊ လီဂျီယွန်းရဲ့ ဘေးနားမှာ ဘန်ဂျူးလည်း ရှိနေတာကို သတိထားမိလိုက်တယ်။

“နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ"

“ဟူး... ဟူး... ချွဲအာရမ်...”

ဂျီယွန်းကတော့ ချွေးတွေ ရွှဲရွှဲစိုလို့၊ ဘန်ဂျူးကတော့ စိတ်ပူပန်နေတဲ့ မျက်လုံးတွေနဲ့ အဲဒီမိန်းကလေးကို ကြည့်နေခဲ့တယ်။

“သွား... သွားတော့... နင် နောက်ကျလိမ့်မယ်...”

သနားစရာ မိန်းကလေးရဲ့ ပုံစံက ကြည့်ရတာ တကယ့်ကို သနားကရုဏာ သက်စရာပဲ။ ချွဲအာရမ်က ဖုန်းကို ကြည့်လိုက်တော့ မနက် ၈ နာရီ ၂၃ မိနစ် ရှိနေပြီ။ စက်ဘီးကို အသေအလဲ နင်းရင်တော့ အချိန်မီရုံလေး တော်ရုံပဲ ရောက်နိုင်လိမ့်မယ်။

“တက်”

“အင်”

“တက်လို့"

သူမက စက်ဘီးနောက်ခုံကို လက်နဲ့ ပုတ်ပြလိုက်တယ်။ ဂျီယွန်းက ဖြူဖျော့နေတဲ့ မျက်နှာကြီးနဲ့ ခေါင်းခါပြတယ်၊ အဲဒီမိန်းကလေး ငြင်းလိမ့်မယ်ဆိုတာ သူမ သိပြီးသားပါ။

“နင် နောက်ကျရင်တော့ အဲဒီခွေးရိုင်းကြီးရဲ့ အကိုက်ခံရမှာ သေချာတယ်နော်"

စည်းကမ်းထိန်းသိမ်းရေး ဆရာက အင်မတန် ဇွဲကောင်းလှတာမို့ သူမက အဲဒီဆရာ့ကို ခွေးရိုင်းကြီးလို့ ခေါ်တာပါ။ မူလကတော့ ခွေးရူးကြီးလို့ ခေါ်မလို့ပဲ၊ ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်က ကျောင်းသားတစ်ယောက်အနေနဲ့ အဲဒီလို ခေါ်တာက ရိုင်းလွန်းတယ်လို့ ပြောခဲ့တာကြောင့် စိတ်ပြောင်းသွားခဲ့တယ်။

“ငါ-ငါ မလုပ်ရဲဘူး"

“ငါ့ကို ယုံစမ်းပါ"

“ငါ နောက်ကျတာပဲ ခံ-ခံလိုက်ပါ့မယ်"

“ဟေ့လူ”

ချွဲအာရမ်က ဘန်ဂျူးကို လှမ်းကြည့်လိုက်တယ်၊ ဒီကောင်လေးက အခြေအနေကို ရိပ်မိပြီး အဲဒီမိန်းကလေးကို စက်ဘီးပေါ် တင်ပေးလိမ့်မယ်လို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ ကောင်လေးကတော့ မျက်တောင်ခတ်ခတ်နဲ့ ဒီအတိုင်းပဲ ရပ်ကြည့်နေခဲ့တယ်။ အင်း... သူ့မှာ ဘာအရိပ်အခြည်မှ မသိတတ်ဘူး ထင်ပါရဲ့။

“တက်စမ်းပါ”

အဲဒီတော့မှ ဂျီယွန်းက ကြောက်ဒူးတုန်နေတဲ့ မျက်နှာနဲ့ တက်လာခဲ့တော့တယ်၊ အာရမ်က မိန်းကလေးရဲ့ လက်မောင်းတွေ သူမရဲ့ ခါးဘေးမှာ သိုင်းဖက်လာတာကို ခံစားမိတာနဲ့ ချက်ချင်းပဲ စက်ဘီးကို စနင်းတော့တာပဲ။

“နင်ကတော့ ပြေးခဲ့တော့”

ဘန်ဂျူး နောက်ကျလို့ အပြစ်ပေးခံရတာကတော့ ကိစ္စမရှိပေမဲ့ ဂျီယွန်းသာ အပြစ်ပေးခံရရင်တော့ လဲကျသွားနိုင်တယ်လေ။ ချွဲအာရမ်က အဲဒီလို တွေးရင်း စက်ဘီးကို အပြင်းအထန် နင်းခဲ့တယ်။ အဲဒီအချိန်မှာပဲ ဘေးနားကနေ တစ်စုံတစ်ခု ဖြတ်ကျော်သွားတာကို ခံစားလိုက်ရတယ်။ ဘန်ဂျူး ဖြစ်နေတာပဲ။ ဒီကောင်လေး ကိုယ်ခံပညာ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တယ်လို့ ပြောတာကတော့ လိမ်တာ မဟုတ်ဘူးဆိုတာ ထင်ရှားလှတယ်။

“ငါ အရှုံးမပေးနိုင်ဘူး"

သူမ စိတ်ထဲမှာ ပြိုင်ဆိုင်လိုစိတ်တွေ ပြင်းထန်လာရတယ်။ ဒါကတော့ အရှုံးပေးလို့ မရတဲ့ ကိစ္စမျိုးပဲလေ။ ဂျူဒိုကစားတာမှာတောင် ရှုံးနိမ့်ခဲ့ရင် အိပ်လို့မပျော်နိုင်အောင် ဖြစ်ရတာမျိုး။ ပြန်ပြီး ကလဲ့စားချေနိုင်မှသာ စိတ်အေးလက်အေး အိပ်ပျော်နိုင်တာမျိုးပေါ့။ လီဂျီယွန်းရဲ့ အော်ဟစ်သံကို နောက်ကျောဘက်ကနေ ကြားနေရပေမဲ့ ဒီနေရာမှာတော့ သူမ ရပ်လို့ မရတော့ဘူး။ ဘန်ဂျူးကို အမီလိုက်နိုင်မှ ဖြစ်မယ်

* * * * * * * * *

တစ်လမ်းလုံး စက်ဘီးကို ဖြည်းဖြည်းကလေး နင်းလာတဲ့ ဒိုဝူးဟာ ကောင်လေးတစ်ယောက်ရယ်၊ စက်ဘီးတစ်စီးရယ်က သူ့ဘေးကနေ ဝူးခနဲ ဖြတ်ကျော်သွားတာကို မြင်လိုက်ရတဲ့ အချိန်မှာပဲ အရှိန်ကို မြှင့်လိုက်တော့တယ်။ စက်ဘီးစီးရင်း သူ့ကို ဖြတ်ကျော်သွားတာကိုတော့ သူ ဘယ်တော့မှ မခံနိုင်တဲ့ လူစားမျိုးလေ။

“ချွဲအာရမ်”

စက်ဘီးပေါ်မှာ အော်ဟစ်လာတဲ့ မိန်းကလေးဟာ ကလပ်အဖွဲ့ဝင်တစ်ယောက် ဖြစ်နေမှန်း သူ ရိပ်မိလိုက်ပေမဲ့ ဒိုဝူးကတော့ ဂရုမစိုက်အားပါဘူး။ စက်ဘီးနင်းနေတဲ့သူကို ကြည့်ပြီး အရှိန်ကို ပိုမြှင့်လိုက်တယ်။ သူမက တော်တော်လေး ကောင်းမွန်လှပေမဲ့ နောက်မှာ လူပိုပါနေတာကြောင့် အရှိန်ကို အများကြီး မမြှင့်နိုင်ရှာဘူး။ ဒိုဝူးကတော့ အလွယ်တကူပဲ အမီလိုက်နိုင်ပြီး ဘေးကနေ ဖြတ်ကျော်သွားတော့တယ်။ အဲဒီအချိန်မှာပဲ သူ့နောက်ကျောဘက်ကနေ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သံကို ကြားလိုက်ရတယ်။

“ဂျီယွန်း နင် သေသေချာချာ မြဲမြဲကိုင်ထားနော်”

* * * * * * * * *

ဟန်မာရူးဟာ နောက်တစ်ကြိမ် ထပ်မံကြည့်ရှုဖို့အတွက် မျက်လုံးတွေကို ခဏလောက် ပွတ်သပ်လိုက်ရတယ်။ ကမ္ဘာပေါ်မှာ သူ ဘာတွေကို မြင်လိုက်ရတာလဲ။ ဒိုဝူးက အပြင်းအထန် စက်ဘီးနင်းသွားတာကို မြင်လိုက်ရပြီး သူ့နောက်တည့်တည့်မှာတော့ ဘန်ဂျူးက ဖြဲစပ်စပ် မျက်နှာကြီးနဲ့ ပြေးလိုက်လို့၊ ပြီးတော့ သူ့နောက်မှာတော့ ချွဲအာရမ်က မျက်မှောင်ကြီး ကုတ်ပြီး စက်ဘီးစီးလို့။ သနားစရာ လီဂျီယွန်းကတော့ ချွဲအာရမ်ရဲ့ စက်ဘီးနောက်မှာ သရဲရဲ တစ္ဆေရဲလို ဖြူဖျော့လို့နေရှာတယ်။ သူတို့ လေးယောက်လုံးဟာ အဲဒီအတိုင်းပဲ အစီအစဉ်လိုက် ကျောင်းထဲကို အတင်း ဝင်ရောက်သွားကြတော့တာပဲ။ တစ်ချိန်တည်းမှာပဲ တစ်စုံတစ်ယောက်က ဒေါသတကြီးနဲ့ အော်ဟစ်ဟိန်းဟောက်လိုက်သံကို ကြားလိုက်ရတယ်။

“ဘယ်ကောင်က စက်ဘီးနဲ့ အတင်းဝင်လာတာလဲ ပြီးတော့ မင်း ကျောင်းလာတဲ့အခါ မပြေးရဘူးလို့ ငါ ပြောထားတယ် မဟုတ်လား”

စည်းကမ်းထိန်းသိမ်းရေး ဆရာ ဖြစ်နေတာပဲ၊ ဟန်မာရူးဟာ ကျောင်းတံခါးဝဆီ လမ်းမလျှောက်ခင် စိတ်ကို ခဏလောက် တည်ငြိမ်အောင် ထိန်းလိုက်ရတယ်။ ကျောင်းသားလေးယောက်လုံးဟာ စက်ဘီးရှေ့မှာ တန်းစီပြီး ဒူးထောက်နေကြတာကို မြင်လိုက်ရတယ်။ ဟန်မာရူးက ဘေးက ဖြတ်သွားရင်း သူတို့နဲ့ မျက်လုံးချင်း ဆုံမိတဲ့အခါ ဖြဲပြလိုက်ပြီး ချက်ချင်းပဲ အရေးမစိုက်သလို ကျော်သွားလိုက်တယ်။ သူ ဖြတ်သွားတဲ့ အချိန်မှာပဲ “ဟေ့” တို့ “စီနီယာ” တို့ ခေါ်သံတွေကို ကြားလိုက်ရပေမဲ့ သူ့ကို ခေါ်တာ မဟုတ်မှန်း သူ သိနေခဲ့တယ်။ ခေါ်မှာ မဟုတ်တာလည်း သေချာပါတယ်၊ ဟန်မာရူးဟာ နောင်ခါ လေ့ကျင့်ရမယ့် အလုပ်တွေ ဘယ်လောက်အထိ ခက်ခဲလိမ့်မယ်ဆိုတာကို တွေးရင်း ဖိနပ်ကို လဲလိုက်တော့တယ်။

* * * * * * * * *

ဆူယွန်းဟာ အတော်ကြာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။ အချိန်ကတော့ ညနေ ၄ နာရီ ရှိနေပြီ။ ဗီလာမှာ တုန်းက စုဆောင်းမိခဲ့တဲ့ စိတ်ဖိစီးမှုတွေဟာ အိပ်စက်ခြင်းနဲ့အတူ လွင့်စင်သွားခဲ့ပြီ ထင်ပါရဲ့။

“ခေါင်းကိုက်လိုက်တာ"

အမူးလွန်တဲ့ ခံစားချက်မျိုး ခံစားနေရတာမို့ ကိုက်ခဲနေတဲ့ ဦးခေါင်းကို လက်နဲ့ အုပ်ရင်း ရေအေးအချို့ကို ကမန်းကတန်း သောက်လိုက်ရတယ်။ ကျန်တဲ့ အချိန်တွေကိုတော့ အလုပ်လက်မဲ့တစ်ယောက်လို ဘာမှမလုပ်ဘဲ ကုန်လွန်စေချင်ပေမဲ့ လီဂျွန်မင်း ပြောခဲ့တဲ့ စကားကို သတိရသွားမိတယ်။

‘ဒီနေ့စမှာ’

“ဟူး...”

ဆူယွန်းက ဗီရိုထဲကနေ လေ့ကျင့်ခန်းလုပ်တဲ့ အဝတ်အစားတွေကို ထုတ်၊ ပြီးတော့ မျက်မှန်အမည်းကို တပ်လိုက်တယ်၊ သူမကို ဘယ်သူမှ မမှတ်မိစေချင်ဘူးလေ။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ကြည့်ဖို့ တွေးမိသေးပေမဲ့ မလိုအပ်ပါဘူးလို့ပဲ သတ်မှတ်လိုက်တယ်၊ ကျောင်းသားတွေနဲ့ သွားတွေ့မှာပဲ ဥစ္စာ။ သူမက အဲဒီဝတ်စုံနဲ့တင် ကျောင်းဆီ တိုက်ရိုက် မောင်းထွက်ခဲ့တယ်၊ ဆူဝမ်ကို ရောက်တဲ့အချိန်မှာတော့ ငါးနာရီ ကျော်နေပြီ။ မိတ်ကပ်တောင် မပြင်ထားပေမဲ့ မိတ်ကပ်မပါဘဲနဲ့လည်း သူမဟာ အင်မတန် လှပတင့်တယ်နေဆဲပဲဆိုတာကိုတော့ ယုံကြည်မှု အပြည့် ရှိနေတယ်။ ကျောင်းဝင်းထဲမှာတင် ကားရပ်လို့ရရင် ကောင်းမှာပဲ၊ ဒါပေမဲ့ ကိစ္စတွေ ရှုပ်ကုန်မှာ စိုးတာကြောင့် အနီးအနားမှာပဲ ရပ်ထားလိုက်တယ်။

အဆောက်အအုံဆီ လမ်းလျှောက်သွားတဲ့ လမ်းမှာ ကျောင်းသားအချို့နဲ့ ဆုံမိတယ်။ ဆူယွန်းက သက်ပြင်းတစ်ချက်ချလိုက်မိတယ်၊ သူတို့တွေ သူမရဲ့ လက်မှတ်ကို တောင်းကြမှာ သေချာတယ်လေ။

“ကွန်ပျူတာဂိမ်းဆိုင်ဖိုး ဘယ်သူရှင်းမလဲဆိုတာ လောင်းကြမလား"

“သွားကြစို့"

ကောင်လေးတစ်စုက အဲဒီလို ပြောရင်း သူမရဲ့ ဘေးကနေ ဖြတ်သွားကြတယ်။ ဆူယွန်းက ပြုံးစစနဲ့ မျက်မှန်အမည်းကို ချွတ်လိုက်တယ်၊ အခုဆိုရင်တော့ သူတို့တွေ သူမကို မှတ်မိကြတော့မှာပေါ့။

“ဘီလီယံ သွားကစားကြရအောင်။ ငါ ဆိုင်ရှင်နဲ့ သိတယ်၊ ငါတို့အတွက် စားစရာတွေ မှာပေးလိမ့်မယ်"

“အလို... မိုက်တယ်"

နောက်ထပ် ကောင်လေးတစ်စုကတော့ သူမကို လှည့်တောင်မကြည့်ဘဲ ဖြတ်သွားကြပြန်တယ်။ ဆူယွန်းကတော့ အပြုံးမပျက်ဘဲ ကျောင်းထဲကို တည့်တည့် လျှောက်ဝင်ခဲ့တယ်၊ ကျောင်းသားတစ်ယောက်မှ သူမကို မမှတ်မိကြဘူး။

‘ဒါကတော့ နည်းနည်း စိတ်ပျက်စရာ ကောင်းလှချည်ရဲ့'

တစ်ချိန်တည်းမှာပဲ သူမအနေနဲ့ နာမည်ကြီးဖို့ဆိုတာ ဘယ်လောက်အထိ လိုအပ်နေသေးလဲဆိုတာကို သိလိုက်ရတယ်။ အလုပ်တွေကို ပိုပြီး လက်ခံရမယ် ထင်ပါရဲ့။ ပေါ့ဆနေလို့တော့ မဖြစ်ဘူး၊ နောက်ထပ် လူတွေ့စစ်ဆေးမှု မတိုင်ခင် ဒီစာသင်တဲ့ အလုပ်ကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ရမယ်။

သူမက ငါးလွှာဆီ အေးအေးဆေးဆေး တက်ခဲ့တယ်၊ ငါးလွှာက စာသင်ခန်းတစ်ခုမှာ တွေ့ဖို့ ချိန်းထားတာကိုး။ ငါးလွှာ စင်္ကြံလမ်းဆီ ကွေ့လိုက်တဲ့ အချိန်မှာပဲ မာရူးနဲ့ တိုးတော့တာပဲ။

“အလန့်တကြား ဖြစ်သွားလား"

ဘယ်သူလာမယ်ဆိုတာ သူ သိမှာ မဟုတ်တာကြောင့် ဒီပြဿနာရှာတတ်တဲ့ ကောင်လေးကို စနောက်ဖို့ အခွင့်ကောင်းပဲလေ။ မာရူးက အံ့ဩသွားတဲ့ ပုံစံနဲ့ ကြောင်ကြည့်နေပြီးမှ ပြုံးလိုက်တယ်။

“တကယ်ပဲ နည်းနည်းတော့ အံ့ဩသွားမိတာ အမှန်ပဲ"

သူမ စကားပြောနေရင်း သူမရဲ့ နဖူးဆီ လက်ညှိုးထိုးပြတာမို့ ဆူယွန်းက ဇဝေဇဝါနဲ့ နဖူးကို လက်နဲ့ စမ်းကြည့်လိုက်တယ်။ အဲဒီအချိန်မှာပဲ ခေါင်းပေါ်ကနေ တစ်စုံတစ်ခု ပြုတ်ကျလာတယ်၊ လုံးဝ ပြားချပ်သွားတဲ့ ပန်းရောင် ဆံပင်လိပ်တုံးလေး ဖြစ်နေတော့တာပဲ။

* * * * * * * * *

အခန်း(၂၀၂)

သူတို့ ပထမဆုံး တွေ့ဆုံမှုက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းခဲ့တယ်။ ဆူယွန်းရဲ့ ပုံစံကို မြင်လိုက်ရတဲ့ အခါမှာတော့ တေးဆစ် အပါအဝင် လူတိုင်း အံ့ဩမှင်တက် သွားကြရတယ်။

“နောက်ဆုံးကျတော့လည်း မိတ်ကပ်သွားလိမ်းဖို့ ပျောက်ချက်သားကောင်းနေမှာကို၊ အစကတည်းက တစ်ခါတည်း လိမ်းခဲ့လိုက်ပါတော့လား”

တေးဆစ် ရောက်လာတော့မယ် ဆိုတဲ့ သတင်းကို ကြားပြီးနောက် ဆူယွန်းတစ်ယောက် ဆယ်မိနစ်အတွင်းမှာတင် ဆံပင်ရော အသားအရေကိုပါ မျက်စိတစ်မှိတ်အတွင်း အပြစ်ပြောစရာမရှိအောင် ပြင်ဆင်ပြီးသွားခဲ့တာလေ။

“ငါက ဘာမှတောင် မလိမ်းရသေးပါဘူး၊ ဒါ ငါ့ရဲ့ ပင်ကိုယ်မျက်နှာ အစစ်ပဲ ဟုတ်ပြီလား”

ဆူယွန်းက မြေခွေးတစ်ကောင်လို ပြုံးလိုက်ပြီး ကလပ်ထဲက လူတိုင်းကို ချက်ချင်း မိတ်ဆက် စကားဆိုပြီးတဲ့နောက် မာရူးနဲ့ သီးသန့် စကားပြောဖို့ အပြင်ကို ထွက်လာခဲ့တယ်။

“အစ်မက ဘာဖြစ်လို့ ပြဇာတ်ကလပ်မှာ လာသင်ပေးဖို့ ဆုံးဖြတ်လိုက်တာလဲ”

“မမေးပါနဲ့၊ ငါလည်း ဒါကို တောင်းဆိုခဲ့တာ မဟုတ်ဘူး။ ဆရာ ဂျွန်မင်းက ခိုင်းလို့သာ တခြားရွေးချယ်စရာမရှိဘဲ လာခဲ့ရတာ”

ဆူယွန်းက မျက်မှောင်လေး အနည်းငယ် ကုပ်ရင်း ပျင်းရိပျင်းတွဲ သမ်းဝေလိုက်တယ်။

“အစ်မ တကယ် လုပ်နိုင်ပါ့မလား”

“မသိဘူးလေ၊ ဒါပေမဲ့ သိပ်တော့ ခက်မယ် မထင်ပါဘူး”

“အရာတစ်ခုကို ကိုယ်တိုင် လုပ်တတ်တာနဲ့ သူများကို ပြန်သင်ပေးတတ်တာက လုံးဝ ခြားနားတယ်နော်”

“ဘယ်အရာမဆို စလုပ်တဲ့ အချိန်ဆိုတာ ရှိတာပဲလေ၊ အစကတည်းက ဆရာဖြစ်လာတဲ့သူ ဘယ်သူမှ မရှိဘူး”

“အဲဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကလပ်မှာ အသစ်ကနေ ပြန်သင်ရမယ့်သူတွေ ထပ်မလိုတော့ဘူး။ ကျွန်တော်တို့လိုနေတာက နည်းပြတစ်ယောက်ပဲ။ အစ်မ တကယ် လုပ်ချင်တယ် ဆိုရင်တော့ မတားပါဘူး၊ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားပေးစေချင်တယ်”

“အဲဒီစကားက ငါက နင့်ကို ပြန်ပြောရမှာ မဟုတ်ဘူးလား၊ စင်ပေါ်တက်ရမှာက နင်လေ၊ နင် အရည်အချင်း မရှိတာကို ကြည့်ပြီး ငါက အရင် စိတ်ပျက်သွားဦးမယ်၊ ငါလည်း လူတွေကို သင်ပေးခဲ့တဲ့ အတွေ့အကြုံ ရှိပါတယ်ဟ”

သူမ ပြောနေတာ ဂွန်ဆော့ အကြောင်းကိုများလား။ ဂျွန်မင်းက ဒီမိန်းမကို ဘာဖြစ်လို့ လွှတ်လိုက်တာလဲ ဆိုတာ မာရူး အခုထိ အဓိပ္ပာယ် ဖွင့်လို့မရသေးပေမဲ့ အခုအချိန်မှာ အဲဒါကို တွေးပြီး ပူပန်နေလည်း အပိုပါပဲ။

“ဒါဆိုရင်တော့ နောက်ပိုင်း အားကိုးပါရစေဦး၊ သရုပ်ဆောင်တစ်ယောက် အနေနဲ့ရော နည်းပြတစ်ယောက် အနေနဲ့ပါ အများကြီး သင်ပေးပါဦးနော်”

မာရူးက နှုတ်ဆက်တဲ့ အနေနဲ့ ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်တယ်။

“ငါ ခုနကတည်းက တွေးနေတာ၊ နင်က တကယ်ပဲ ကြောက်ဖို့ကောင်းတဲ့သူပဲ”

“ဘယ်လိုမျိုးလဲ”

“နင်က လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ပေါင်းသင်းတတ်တယ်၊ အလုပ်နဲ့ ပုဂ္ဂိုလ်ရေးကို အတိအကျ စည်းခြားထားတာပဲ၊ လူတွေက အမြဲတမ်း ပေါင်းသင်းဆက်ဆံရေးကို အကျိုးအကြောင်းနဲ့ စတင်တတ်ကြပေမဲ့ လမ်းခွဲတဲ့အခါကျရင် စိတ်ခံစားမှုနဲ့ အဆုံးသတ်တတ်ကြတယ်၊ ငါ တွေ့ခဲ့ဖူးတဲ့ ယောက်ျားတွေ အများကြီးလိုပေါ့၊ ဒါပေမဲ့ နင်ကတော့ အဲဒီလို ပုံစံမျိုး မဟုတ်ဘူးထင်တယ်”

“သူတို့လည်း အဆုံးထိ အကျိုးအကြောင်းနဲ့ပဲ ပြီးသွားကြတာလို့ ကျွန်တော် ထင်တာပဲ”

“တကယ်လား”

“ကောလာဟလတွေသာ အမှန်ဆိုရင် အဲဒီယောက်ျားတွေ အကုန်လုံးက သူတို့ အစကတည်းက လိုချင်တဲ့အရာကို ရပြီးမှ ထွက်သွားကြတာပဲလေ၊ ဟုတ်တယ်လေ၊ သူတို့ဘက်က နည်းနည်း နစ်နာခဲ့ရင် တောင်မှ နှစ်ဦးနှစ်ဖက်လုံး တစ်ခုခု ရသွားကြတာပဲဆိုတော့ အကျိုးအကြောင်း ရှိတယ်လို့ပဲ ပြောရမှာပေါ့”

‘ကောလာဟလ’ ဆိုတဲ့ စကားလုံးကြောင့် ဆူယွန်းရဲ့ အပြုံးက ပိုပြီး ကျယ်ပြန့်သွားတယ်။

“ဘာ ကောလာဟလလဲ”

“အစ်မ အခု တွေးနေတဲ့ အရာအတိုင်းပဲပေါ့”

“ငါက ဘာမှ မတွေးမိပါဘူး”

“အင်းလေ၊ ဒါဆိုရင်တော့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေပဲ ဖြစ်မှာပါ”

“နင်က လူတွေကို လှည့်စားရတာ ဝါသနာပါတာပဲ ဟုတ်လား”

“ကျွန်တော်က အစ်မကို လှည့်စားခဲ့တာလား၊ ဒါမှမဟုတ် အစ်မဘက်ကပဲ လှည့်စားခံလိုက်ရတယ်လို့ ခံစားနေရတာလား၊ ကိုယ်တိုင်ကတော့ အစ်မကို လှည့်စားဖို့ ရည်ရွယ်ချက် မရှိပါဘူး”

“ဝိုး... အပြောအဆို အမူအရာကတော့ ရှယ်ပဲ ၊ မိန်းကလေးတွေကို ဇဝေဇဝါဖြစ်အောင် လုပ်တဲ့ ယောက်ျားလေးတွေက လူကြိုက်မများဘူးနော်”

သူမရဲ့ အပြုံးက ပိုပြီး ကျယ်ပြန့်လာပေမဲ့ မျက်လုံးတွေကတော့ ပိုပြီး အေးစက်လာခဲ့တယ်။ ဆူယွန်းက ရိုးရိုး ကာမစိတ် အာသီသ ပြင်းပြတဲ့ မိန်းမစားမျိုး မဟုတ်ဘူးဆိုတာ မာရူး အသေအချာ သိလိုက်ရပြီ။ သူမက လိုအပ်ချက် မြင့်မားတဲ့ စီးပွားရေးသမားတစ်ဦး ဖြစ်သလို ရည်မှန်းချက်ကြီးတဲ့ မင်းသမီးတစ်ယောက်လည်း ဟုတ်တယ်။

မိတ်ဆွေတွေဆီကနေ တစ်ဆင့် ဘယ်လို တိုးတက်အောင် လုပ်ရမလဲဆိုတာ သိပြီး ကိုယ်လိုချင်တာကို ရဖို့အတွက် ကိုယ်ကျင့်တရားတွေကို အတားအဆီး အဖြစ် အလွတ်မပေးမယ့်သူမျိုး။ ဂန်ဟွမ်ဆီက ကြားခဲ့ရတဲ့ သူမအကြောင်း ကောလာဟလတွေသာ အမှန်ဆိုရင် သူမက တကယ်ကို အန္တရာယ်များတဲ့သူပဲ။

“မိန်းကလေးတစ်ယောက် မိတ်ကပ်လိမ်းရတဲ့ အကြောင်းရင်းက ဘာလဲ”

ဆူယွန်းက ရှေ့ကို တစ်လှမ်း တိုးရင်း မေးလိုက်တယ်။

“အဓိက အကြောင်းရင်းကတော့ ဘေးပတ်ဝန်းကျင်က လူတွေကို ပိုပြီး ကြွားချင်လို့ပေါ့”

“ဒါဆို မိန်းကလေးတစ်ယောက် မိတ်ကပ်မလိမ်းဘူး ဆိုရင်ကော ဘာအဓိပ္ပာယ်လဲ”

“သူတို့အတွက် ပိုပြီး ကြည့်ကောင်းအောင် လုပ်နေဖို့ မလိုတော့လို့ပေါ့”

“လွဲသွားပြီ”

ဆူယွန်းက ဟက်ခနဲ ရယ်လိုက်တယ်။

“ငါက မိတ်ကပ်မလိမ်းရင် ပိုပြီး ကြည့်ကောင်းလို့ဟ”

“ဆံပင်လိပ်စက်ကြီးပါအပါပေါ့ ဟုတ်လား”

“နင်က စကားကို ဘယ်လိုဖြစ်လို့ အဲဒီလို ပြန်ပြန်ပက်တတ်ရတာလဲ”

ဆူယွန်းက ဘာမှမဖြစ်ခဲ့သလိုမျိုး စာသင်ခန်းထဲကို ပြန်ဝင်သွားခဲ့တယ်။ မာရူးက သူမဆီကနေ အချက်အလက်အချို့ နှိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး၊ သူမ ဘေးနားက စကားပြောပူဖောင်းလေးတွေကတောင် သူမ ပြောတဲ့ စကားတွေအတိုင်း တစ်ထပ်တည်း ဖြစ်နေခဲ့တာလေ။

“ဟေး... အားလုံးပဲ။ တွေ့ရတာ ဝမ်းသာပါတယ်၊ ဒီနှစ်မှာ အတူတူ အတတ်နိုင်ဆုံး ကြိုးစားကြည့်ရအောင်၊ ငါက အတွေ့အကြုံ နည်းနည်း လိုအပ်နေသေးပေမဲ့ တို့တွေ အတူတူ ကြိုးစားမယ်ဆိုရင် စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်တွေ ရမှာ သေချာပါတယ်၊ တစ်ခုခု အခက်အခဲရှိရင် ဘယ်အချိန်မဆို လာမေးလို့ ရတယ်နော်၊ ငါ အတတ်နိုင်ဆုံး ဖြေပေးမယ်”

တက်ကြွတဲ့ အသံလေးက စာသင်ခန်းထဲကနေ လျှံထွက်လာတယ်၊ အဲဒီမိန်းမက မိမိကိုယ်ကိုယ် ခင်မင်စရာကောင်းအောင် လုပ်တဲ့နေရာမှာ တကယ်ကို တော်တာပဲ။ ဗီလာမှာတုန်းကတောင် ဂွတ်ဂျွန်ဘက်က ငြင်းဆန်တဲ့ အမူအရာတွေ အကြိမ်ကြိမ် ပြနေခဲ့တာတောင် ဆူယွန်းက သူ့ဆီကို အကြိမ်ကြိမ် ချဉ်းကပ်ခဲ့သေးတယ်။

လူအများစုဆိုရင်တော့ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် လက်လျှော့သွားကြမှာ ဖြစ်ပေမဲ့ ဆူယွန်းကတော့ အပျော်သဘော ကစားနေသလိုမျိုး အဲဒီလူနားကို ဆက်တိုက် ကပ်နေခဲ့တာ။ နောက်ဆုံးတော့ အပြုံးတစ်ခုတည်းနဲ့ အဲဒီလူနဲ့ ရင်းနှီးအောင် လုပ်လို့မရမှန်း သူမ သိသွားတဲ့အခါမှာတော့ ရန်သူဟောင်းတွေလိုမျိုး သူ့ကို ရန်စ စကားဆိုပြီး ချဉ်းကပ်ခဲ့ပြန်တယ်။

သူမက လူတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ပင်ကိုယ်ဗီဇအရ သိနေတဲ့ပုံပဲ။ နောက်ဆုံးတော့ ဂွတ်ဂျွန်က ဆူယွန်းကို သူ့ရဲ့ နာမည်အစစ်ကို ပြောပြခဲ့တယ်။ မာရူး ပြီးခဲ့တဲ့ အခေါက်က အဲဒီစာရေးဆရာဆီ ဖုန်းဆက်တုန်းက အဲဒီအကြောင်းကို သိခဲ့ရတာ။ အဲဒီတုန်းက ဂွတ်ဂျွန်က ဆူယွန်းကို လက်မှာပေနေတဲ့ ယို လို့ တင်စားပြောခဲ့ဖူးတယ်။ ဘာပဲဖြစ်ဖြစ် ဆူယွန်းကတော့ အဲဒီလူရဲ့ နှုတ်ကို ဖွင့်အောင် လုပ်နိုင်ခဲ့ပြီး သူ့ရဲ့ အမှတ်တရတွေထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူနိုင်ခဲ့တယ်။

ယောက်ျားအများစုကတော့ မိန်းကလေးတစ်ယောက်နဲ့ မျက်လုံးချင်း ဆုံမိရုံနဲ့ အဲဒီမိန်းကလေးက မိမိကို သဘောကျနေပြီလားဆိုပြီး တွေးတောရလောက်အောင် အူကြောင်ကြောင်နိုင်ကြတာ များပါတယ်။ ဆူယွန်းသာ ဂွတ်ဂျွန်ဆီမှာ သုံးခဲ့တဲ့ ကြိုးစားမှုရဲ့ တစ်ဝက်လောက်ကို သုံးမယ်ဆိုရင် ယောက်ျားအများစုနဲ့ သူငယ်ချင်း ဖြစ်နိုင်ပြီး ကောလာဟလတွေသာ အမှန်ဆိုရင် အဲဒီယောက်ျားတွေကို သူမရဲ့ ကျွန်တွေလိုတောင် လုပ်ပစ်နိုင်လောက်တယ်။

သူမက တကယ်ကို သရုပ်ဆောင်လုပ်ဖို့ မွေးဖွားလာခဲ့တာ ဖြစ်လိမ့်မယ်။ တခြားသူတွေနဲ့ သူငယ်ချင်း ဖြစ်ဖို့ဆိုတာ တစ်ဖက်လူက ကိုယ့်ဆီကနေ ဘာလိုချင်နေလဲဆိုတာကို နားလည်ဖို့ လိုအပ်တယ်လေ၊ အဲဒါက သရုပ်ဆောင်တွေအတွက် အလွန် အရေးကြီးတဲ့ အရည်အချင်းတစ်ခုပဲ။

“အထဲဝင်ခဲ့လေ၊ မာရူး”

ဆူယွန်းက လက်ကလေး ယမ်းပြီး ညင်သာစွာ ခေါ်လိုက်တာကြောင့် မာရူးလည်း သက်ပြင်း သဲ့သဲ့ချရင်း အထဲကို လှမ်းဝင်ခဲ့လိုက်တယ်။

“မရှက်ပါနဲ့ စီနီယာရဲ့”

“စီနီယာ။ တို့ ဆရာမရဲ့ အလှအပကြောင့်နဲ့ ရှက်နေရင်တော့ ခက်ရချည်ရဲ့”

အာရမ်နဲ့ ဘန်ဂျူးက နောက်ပြောင်တဲ့ မျက်နှာပေးတွေနဲ့ စနောက်နေကြတယ်၊ သူ အပြင်မှာ ရှိနေတုန်း ဆူယွန်းက တစ်ခုခု ပြောလိုက်တာ နေမှာပေါ့။ ဒီလို အခြေအနေမျိုးမှာ ဘယ်လိုမှ အနိုင်မရနိုင်ပါဘူး၊ စိတ်ဆိုးလိုက်ရင်လည်း အခြေအနေက အိုးတိုးအမ်းတမ်း ဖြစ်သွားမှာ ဖြစ်သလို၊ လက်ခံလိုက်ရင်လည်း နားငြီးစရာကောင်းတဲ့သူ ဖြစ်သွားလိမ့်မယ်၊ အေးအေးဆေးဆေး နေပြန်ရင်လည်း ပိုပြီး အစခံရမှာပဲလေ။ မာရူးက ဆူယွန်းဆီကို အကြည့်တစ်ချက် ပို့လိုက်တော့ ထိုမိန်းမက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြပြီး ကျီစယ်ပြန်တယ်။

“မာရူး လန့်သွားတာ နေမှာပါ၊ ငါက စတာပါ ကလေးတို့ရာ”

ဆူယွန်းရဲ့ စကားကြောင့် လူတိုင်း ရယ်မောလိုက်ကြတယ်၊ ဆူယွန်းက အခြေအနေကို ပေါ့ပါးသွားအောင် စလိုက်တာလို့ပဲ အားလုံးက ထင်နေကြတယ်။ သူမက ကျောင်းတုန်းကလည်း တခြား မိန်းကလေး ကျောင်းသူတွေအတွက် တကယ့်ကို နားငြီးစရာကောင်းတဲ့သူ ဖြစ်ခဲ့မှာ သေချာတယ်၊ အထူးသဖြင့် သူမအကြောင်းကို မကောင်းပြောလို့မရအောင် အခြေအနေကို အမြဲတမ်း ပြောင်းလဲပစ်တတ်တဲ့ ပုံစံမျိုးမို့လို့ပေါ့

“ပထမဆုံးနေ့မှာ ဆရာမက ဘာလုပ်ဖို့ အစီအစဉ် ရှိလဲဟင်”

မာရူးက အဲဒီမိန်းမနဲ့ ပြဿနာဖြစ်ဖို့ ရည်ရွယ်ချက် မရှိတာကြောင့် စကားလမ်းကြောင်း လွှဲလိုက်တယ်။ ရန်ဖြစ်ဖို့ထက် သရုပ်ဆောင်တဲ့ အကြောင်းကိုပဲ သူ ပိုပြီး တွေးချင်တာလေ။

“အင်း... သိသာနေတာပဲ မဟုတ်ဘူးလား၊ အဲဒါ ဖြစ်ရမှာပေါ့”

“အဲဒါက ဘာလဲ”

“အိုရီယန်တေးရှင်းလေ”

“မိတ်ဆက်ပွဲ……”

* * * * * * * * *

“အိုရီယန်တေးရှင်း တဲ့”

မာရူးက ဝရန်တာကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်၊ သူတို့ရဲ့ အိုရီယန်တေးရှင်း လုပ်မယ့် နေရာက ဆူဝမ်ဘူတာရုံ အနီးက ဆူယွန်းရဲ့ အိမ်ပဲ ဖြစ်နေတာ။

“အဟဟ၊ အစ်မကလည်း တကယ် ဟာသလုပ်တတ်တာပဲ”

“သိတာပေါ့အေ၊ ငါက တကယ့် ဟာသသရုပ်ဆောင်ပဲ ဥစ္စာ”

မှန်တံခါးကို ပိတ်ထားခဲ့တာတောင် အထဲက အဖွဲ့တွေ ရယ်မောနေတဲ့ အသံကို မာရူး ကြားနေရတုန်းပဲ။ သူတို့ ဘယ်လောက်တောင် အကျယ်ကြီး ရယ်နေကြတာပါလိမ့်။ သူက လက်ထဲက မုန့်ကို တစ်ကိုက် ကိုက်လိုက်တယ်။ အမှန်တော့ အခုလိုမျိုး အတူတူ ဆုံရတဲ့ ပွဲကို သူက ကြိုဆိုပါတယ်၊ မာရူးလည်း ပထမဆုံးနေ့ကတည်းက အပြင်းအထန် လေ့ကျင့်တာမျိုး မလုပ်ချင်ဘူးလေ။

ဘူတာရုံရှေ့မှာ ရပ်ထားတဲ့ ကားတွေကို ကြည့်ရင်း စီးပွားရေးသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ အတိတ် အမှတ်တရတွေကို ပြန်လှန် တွေးတောမိတယ်။ ညရှုခင်းက လှပပါတယ်၊ ဒါပေမဲ့... အဲဒါက သူ့ကို စကားပုံတစ်ခု သွားသတိရစေတယ်၊ ‘ဆိုးလ်မြို့ရဲ့ လှပတဲ့ ညရှုခင်းဆိုတာ အလုပ်မပြီးနိုင်သေးတဲ့ စီးပွားရေးသမားတွေရဲ့ မရေမတွက်နိုင်တဲ့ မျက်ရည်တွေနဲ့ တည်ဆောက်ထားတာ’ ဆိုတာမျိုးပေါ့။

“... စီနီယာ၊ ဘာလုပ်နေတာလဲဟင်”

ဂျီယွန်း ဖြစ်နေတယ်၊ သူမက သူ့နောက်က တံခါးကို ဖွင့်ပြီး ထွက်လာတာ။

“တရားမှတ်နေတာ”

“ဘာ…ရှင်”

“လေကောင်းလေသန့် ရှူနေတာပါ၊ နင်ကော ဘာလို့ အပြင်ထွက်လာတာလဲ၊ အပြင်မှာ အေးတယ်လေ”

“ညီမလည်း လေကောင်းလေသန့် ရှူချင်လို့ပါ၊ အထဲမှာ အကျယ်ကြီး ရယ်ရလွန်းလို့ နည်းနည်း ပူအိုက်လာလို့”

ဂျီယွန်းက သူမရဲ့ နောက်ကျောဘက်မှာ လက်ကလေး နှစ်ဖက်ကို ဟိုဟိုဒီဒီ လုပ်နေတယ်၊ သူမရဲ့ လက်ထဲမှာ ဘီယာခွက်တစ်ခွက် ရှိနေတယ်။ မာရူးက ဧည့်ခန်းထဲကို လှမ်းကြည့်ရင်း မျက်မှောင်ကုပ်လိုက်တယ်၊ နောက်ဆုံးတော့ သူတို့တွေ သောက်ဖို့ ဆုံးဖြတ်လိုက်ကြတာကိုး။ ယောက်ျားလေးတွေ ကြားထဲမှာ ဘီယာပုလင်း အကြီးကြီးတစ်ပုလင်း ရှိနေတာကို သူ မြင်လိုက်ရတယ်။

“မသောက်ချင်ရင် မသောက်နဲ့လေ၊ ပြီးခဲ့တဲ့ အခေါက်ကလည်း နင် မသောက်ခဲ့ပါဘူး”

“အဲဒါကြောင့် ဒီနေ့ စမ်းကြည့်မလို့ပေါ့၊ ရော့... ဒါ စီနီယာ့အတွက်”

ဂျီယွန်းက သူ့ကို ခွက်တစ်ခွက် ကမ်းပေးတာကြောင့် သူလည်း တကယ်ပဲ ရေငတ်နေတာနဲ့ အလိုက်သင့်လေး တစ်ငုံ ငုံလိုက်တယ်။ ဂျီယွန်းက သူ့နားကို ပိုပြီး တိုးကပ်လာခဲ့တယ်။

“အု... ခါးလိုက်တာ”

“အဲဒါကြောင့် လူတွေက သောက်ကြတာပေါ့”

“တကယ်လား”

ဘယ်ဟုတ်လိမ့်မလဲ။ ကိုရီးယား ဘီယာဆိုတာ ကုမ္ပဏီ ညစာစားပွဲတွေမှာ အစားအသောက် အဝစားချင်တဲ့သူတွေရဲ့ ဗိုက်ကို ဖြည့်ဖို့အတွက်ပဲ ရှိတာ၊ အရသာကြောင့် သောက်ကြတာ မဟုတ်ဘူးလေ။

“အတင်းကြီး မသောက်ပါနဲ့၊ နင့်အတွက် ဘာမှ မကောင်းဘူး”

“ဒါပေမဲ့ လူမှုပတ်ဝန်းကျင်ထဲ ရောက်တဲ့အခါကျရင် အဆင်ပြေအောင် အခုကတည်းက လေ့လာထားရင် ကောင်းမယ်လို့ ပြောကြလို့...”

“အဲဒါ ဆရာမ ပြောတာလား”

ဂျီယွန်းက ခေါင်းညိတ်ပြတယ်၊ မာရူးကတော့ အဲဒီမိန်းမက ကောင်းတာတွေ လျှောက်သင်ပေးနေတယ်လို့ ခနဲ့တဲ့တဲ့ ပြောချင်ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သူကိုယ်တိုင်လည်း သဘောတူရမယ့် အချက် ဖြစ်နေလို့ သက်ပြင်းသာ ချလိုက်မိတော့တယ်။

သောက်တတ်အောင် သင်ထားတာက အရာရာမှာ အသုံးဝင်တာတော့ အမှန်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ လူမှုပတ်ဝန်းကျင်က အထက်လူကြီးတွေက သောက်ဖို့ ပြောလာရင် သောက်ရမယ်လို့ တောင်းဆိုနေတုန်းပဲ မို့လို့ပေါ့။ နင်က ငြင်းမလို့လား။ ကိုရီးယား စစ်တပ်ယဉ်ကျေးမှုအောက်မှာ ကြီးပြင်းလာတဲ့ အထက်လူကြီးတွေကတော့ နင့်ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး၊ ကျား၊ မ ခွဲခြားနေမှာလည်း မဟုတ်ဘူး။ အထက်လူကြီးရဲ့ အမိန့်ကို ငြင်းဆန်တာ ဒါမှမဟုတ် မသောက်နိုင်တာမျိုး ဖြစ်ခဲ့ရင်တော့ နင်က စကားမနားထောင်တဲ့ ဝန်ထမ်းအဖြစ် ချက်ချင်း နာမည်ပျက် စာရင်းသွင်းခံရမှာ သေချာတယ်။

“ပထမဆုံးတော့ တစ်ခွက်ပဲ အရင် စမ်းကြည့်၊ တစ်ခါတည်း အများကြီး မသောက်နဲ့၊ ဖြည်းဖြည်းချင်းပဲ တစ်ငုံချင်း သောက်။ တစ်ငုံ သောက်တိုင်း အမြည်းတွေ အများကြီး စားပေး၊ စကားလည်း အများကြီး ပြော။ နောက်တစ်ခွက် ထပ်မသောက်ခင် ကိုယ့်ရဲ့ ခံစားချက်ကို သေချာ သတိထားကြည့်။ အလောတကြီး မဟုတ်ဘဲ ဖြည်းဖြည်းချင်းပဲ လုပ်။ အဲဒီလို လုပ်ရင်းနဲ့မှ ဖြည်းဖြည်းချင်း မူးလာတာကို ခံစားရလိမ့်မယ်”

“အဲဒီနောက်ပိုင်းကျရင်ကော”

“နောက်ထပ်တစ်ခွက်ကို လက်မခံခင် ကိုယ့်ရဲ့ ခံစားချက်ကို ထပ်ပြီး တိုင်းတာကြည့်ပေါ့။ အထဲကနေ တစ်မျိုးကြီး ဖြစ်လာပြီ ဆိုရင်တော့ အဲဒီတင် ရပ်လိုက်။ ကလေးတွေ အများစုက ပထမဆုံး သောက်တဲ့ အချိန်မှာ ခံနိုင်ရည် မရှိကြလို့ အန်တတ်ကြတယ်”

“အ... အန်တတ်တယ် ဟုတ်လား”

ဂျီယွန်းက လန့်သွားပြီး သူမရဲ့ ခွက်ကို ချက်ချင်း အောက်ချလိုက်တယ်။ ချစ်စရာကောင်းလိုက်တာ၊ သူမက ယောက်ျားလေးတွေ ကြားထဲမှာ ရေပန်းစားမယ့် ပုံစံမျိုးပဲ။ အပြစ်ကင်းစင်မှုဆိုတာ အဲဒီလို နေရာမျိုးမှာ တကယ်ကို အစွမ်းထက်တာလေ။

‘ဒီလို မိန်းကလေးမျိုးတွေက ရည်းစားဆိုးနဲ့ တွေ့ရင် အကြီးအကျယ် ဒုက္ခရောက်တတ်ကြတာ’

“ကိုယ့်ရဲ့ အကန့်အသတ်ကို မသိသေးခင်အထိ ဘယ်ယောက်ျားလေးနဲ့မှ အတူတူ မသောက်ပါနဲ့”

“ဘာဖြစ်လို့လဲဟင်”

“အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ အရက်သောက်နေတဲ့ မိန်းကလေးထက် အန္တရာယ်များတဲ့သူ မရှိလို့ပဲ၊ နည်းလမ်းမျိုးစုံနဲ့ပေါ့”

ဂျီယွန်းက ဇဝေဇဝါ ဖြစ်သွားတဲ့ ပုံစံမျိုးနဲ့ ကြည့်နေတယ်။ ဟူး... ဒါက တော်တော် ခက်တာပဲ။ မာရူး အနေနဲ့ ဆူယွန်းနဲ့ စကားပြောရတာက ပိုပြီး အဆင်ပြေဦးမယ်၊ ကလေးတွေနဲ့ စကားပြောရတာ တကယ် ခက်ပါတယ်။ နောက်ဆုံးတော့ သူလည်း အဲဒီမိန်းကလေးကို ဖြည်းဖြည်းချင်းပဲ လုပ်ဖို့ ပြောလိုက်ရတော့တယ်။

“ဟို... စီနီယာ”

“ဘာလဲ”

“ညီမ တကယ်ကော ကောင်းကောင်း လုပ်နိုင်ပါ့မလား”

“ဘာကိုလဲ”

“ပြဇာတ်ကလပ်လေ၊ ပျော်တော့ ပျော်စရာကောင်းပါတယ်၊ ဒါပေမဲ့ တော်တော်လေး စိတ်ပူမိတယ်၊ ညီမက သူများတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာလားဟင်”

“တို့တွေ ဘာမှတောင် မစရသေးဘူး၊ စိတ်ပူတာကို နောက်မှ ပူပါ၊ မဟုတ်ရင် ဘာမှ ပြီးမြောက်မှာ မဟုတ်ဘူး”

“စီနီယာက သရုပ်ဆောင်တာကို ဘယ်လိုဖြစ်လို့ ဒီလောက်တောင် တော်ရတာလဲ”

“ငါ သရုပ်ဆောင်တာ မတော်ပါဘူး”

“မဟုတ်တာ၊ တော်ပါတယ်၊ ညီမ မြင်ခဲ့တာပဲ။ ပြီးခဲ့တဲ့နှစ်က အန်ယန်းမှာ စီနီယာ သရုပ်ဆောင်တာကို ညီမ တွေ့ခဲ့တယ်။ အဲဒါကြောင့်ပဲ ညီမ ဒီကလပ်ကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တာ။ အဲဒီတုန်းက စီနီယာက တကယ်ကို တောက်ပနေခဲ့တာ၊ အရမ်း စတိုင်ကျတာပဲ”

ဂျီယွန်းက သူမရဲ့ လက်နှစ်ဖက်ကို ကောင်းကင်ပေါ် မြှောက်လိုက်ပြီး ပတ်ချာလည် လှည့်နေတယ်။ သူမက ပုံမှန် ပုံစံမျိုးနဲ့ လုံးဝ မတူတော့ဘူး။

“... နင် မူးနေတာလား”

“ရှင်”

“နင်က ပုံမှန်ထက် စကားတွေ ပိုပြီး ကောင်းကောင်း ပြောနေတယ်၊ ရှက်လည်း မရှက်တော့ဘူး”

“ညီမကလား”

ဂျီယွန်းက ပြုံးလိုက်တယ်။ ဟုတ်ပြီ၊ သူမ မူးနေတာ သေချာသွားပြီ။ လေအေးတွေ ကြောင့်များလား။

“နင် တကယ် မသောက်သင့်ဘူး၊ တစ်ခွက်သောက်ရုံနဲ့ မူးနေတယ် ဆိုရင်တော့ အရက်နဲ့ လုံးဝ အဝေးမှာပဲ နေသင့်တော့တယ်”

“ဒါ ငါ့ရဲ့ ပဉ္စမမြောက် ခွက်ပဲ ဟုတ်ပြီလား”

“ဘာ”

မာရူးက မျက်လုံးအပြူးသားနဲ့ ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်တယ်။ အာရမ်ရဲ့ ဘေးနားမှာ ဘီယာပုလင်း အလွတ် ငါးပုလင်းကို သူ မြင်လိုက်ရတာ။ ဒေးမြောင်၊ ဒိုဝူးနဲ့ ဘန်ဂျူးတို့ကိုလည်း မတွေ့တော့ဘူး။ သူတို့ ဘယ်ရောက်ကုန်ကြတာလဲ။

“စီနီယာ။ စီနီယာက အရမ်း စတိုင်ကျတာပဲ”

ဘုရားရေ၊ သူမက တကယ်ကို စကားများတဲ့ အမူးသမားပဲ။ မာရူးက ဂျီယွန်းကို အထဲကို ဆွဲခေါ်ခဲ့လိုက်တယ်။ အာရမ်နဲ့ ရယ်မောနေတဲ့ ဆူယွန်းက သူ့ဘက်ကို လှည့်ကြည့်လာတယ်။

“ယောက်ျားလေးတွေ ဘယ်မှာလဲ”

“အထဲမှာ အိပ်ပျော်နေကြပြီ ထင်တယ်”

ဆူယွန်းက ဆိုဂျူပုလင်းကို မြှောက်ရင်း ပြောလိုက်တယ်။ သူမက ဘယ်အချိန်ကတည်းက အဲဒါကို ခိုးထည့်လိုက်တာပါလိမ့်။ သူ မကြည့်မိတဲ့ အချိန်မှာ သူတို့ကို ဆိုဂျူဗုံး လုပ်တိုက်လိုက်တာ နေမှာပေါ့။ အဲဒီအချိန်မှာတင် အာရမ်က ကြမ်းပြင်ပေါ်ကို ပက်လက် လန်ကျသွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရေချိုးခန်းထဲကနေ တစ်ယောက်ယောက် အန်နေတဲ့ အသံ ထွက်လာတယ်။ အသံအရ ဆိုရင်တော့ ဒေးမြောင် ဖြစ်လိမ့်မယ်။

“မစိုးရိမ်ပါနဲ့၊ မိန်းကလေးတွေကိုတော့ ငါ မတိုက်ပါဘူး”

ဆူယွန်းက တည်ငြိမ်တဲ့ အသံနဲ့ ပြောတာကြောင့် မာရူးလည်း သက်ပြင်းချရင်း သူ့ရဲ့ မျက်ခုံးကို ကုတ်လိုက်မိတော့တယ်။

“စီနီယာ၊ ညီမ တကယ်ကော ကောင်းကောင်း လုပ်နိုင်ပါ့မလား၊ လုပ်နိုင်ပါ့မလား၊ စီနီယာကော ဘယ်လို ထင်လဲဟင်”

ဂျီယွန်းက သူ့နားကို ပိုပြီး တိုးကပ်လာခဲ့တယ်။ ဘုရားရေ... သူ အရင်ဆုံး ဒီတစ်ယောက်ကို အရင် ဂရုစိုက်ပေးရမယ် ထင်တယ်။

All Chapters