← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း(၂၀၃)

“စီနီယာ... ကျွန်မ ဘာလို့ ယုံကြည်မှု မရှိရမှာလဲ၊ စီနီယာ... စီနီယာလို့...”

ဂျီယွန်းဟာ မျက်နှာတစ်ခုလုံး ရဲရဲနီနေရင်းနဲ့ တတွတ်တွတ် ရေရွတ်နေရှာတယ်။ ဘီယာ ငါးခွက်တောင်လေ...။ ပထမဆုံးအကြိမ် သောက်ဖူးတဲ့ မိန်းကလေးတစ်ယောက် အခုလို မူးသွားတာ မဆန်းပါဘူး။

“အခုလည်း မင်းမှာ ယုံကြည်မှုတွေ အလွန်ပိုနေပါတယ်၊ ဒါကြောင့် တိတ်တိတ်လေး နေပေးပါနော်၊ လမ်းကိုလည်း တည့်တည့်လျှောက်ဦး”

မာရူးဟာ မူးနေတဲ့ မိန်းကလေးရဲ့ ပုခုံးကို ပုတ်ပေးရင်း နားဖို့အတွက် အခန်းအသေးလေးထဲ တွဲခေါ်လာခဲ့တယ်၊ ပြီးတော့ ကုတင်ပေါ်မှာ နေရာချပေးပြီးတဲ့နောက် ဧည့်ခန်းထဲမှာ အိပ်ပျော်နေတဲ့ အာရမ်ကို သွားနှိုးတယ်။ မိန်းကလေးဟာ နှစ်ချက်၊ သုံးချက်လောက် လှုပ်နှိုးလိုက်တော့မှ အိပ်ရေးနိုးလာခဲ့တယ်။

“ဝိုး... မြေကြီးတွေ လှုပ်နေတယ်”

“လှုပ်နေတာ မင်း မျက်လုံးတွေပါ၊ မြေကြီး မဟုတ်ဘူး”

အာရမ်ကိုလည်း အခန်းအသေးလေးထဲ ပစ်ထည့်လိုက်တဲ့အချိန်မှာ မာရူးတစ်ယောက် ကောလိပ်တုန်းက ပါတီပွဲတွေကို ပြန်သတိရသွားမိတယ်။ အဲဒီတုန်းက သူကပဲ အဆုံးအထိ မမူးဘဲ ကျန်ခဲ့ပြီး အကုန်လုံး ပစ်လှဲနေတဲ့ လူသေကောင်တွေကို လိုက်သိမ်းပေးခဲ့ရတာလေ၊ အခုအချိန်အထိ ဘာမှ ပြောင်းလဲမသွားတာ တကယ့်ကို ထူးဆန်းစရာပဲ။

“ဟေ့ ဟေ့... အန်တာလည်း လျှော့ဦး၊ အိမ်သာပိုက်တွေ ပိတ်ကုန်ဦးမယ်”

ဆိုဂျူနဲ့ ဘီယာ ကော့တေးတွေ စပ်သောက်ပြီး အားရပါးရ အန်နေကြတဲ့ ယောက်ျားသုံးယောက်ရှိရာ အိမ်သာဘက်ကို ဆူယွန်းက လှမ်းအော်လိုက်တယ်။ အဲဒီလူတွေဟာ နေလို့မကောင်းဖြစ်နေတာတောင် ဆူယွန်း တိုက်သမျှ အကုန် ကုန်အောင် သောက်ခဲ့ကြတာ ဖြစ်ရမယ်။ အားလုံးက သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ ယောက်ျားမာနကြောင့်ပေါ့၊ ဒါပေမဲ့ အဲဒီထဲမှာ ဒေးမြောင် ပါနေတာကို မြင်တော့ မာရူး နည်းနည်း အံ့ဩသွားမိတယ်။

မာရူးဟာ အဲဒီသုံးယောက်ကို အခန်းအကြီးထဲ ပို့ပေးပြီးတဲ့နောက် အိမ်သာထဲကို ရှင်းလင်းရေး နည်းနည်းလုပ်လိုက်တယ်။

“ငါ ရှင်းလိုက်လည်း ရတာကို”

ဆူယွန်းက ဘီယာခွက်ကို ကိုင်ရင်း ပြုံးပြီး ပြောတယ်။ အိမ်သာ ရှင်းပြီးတဲ့နောက် မာရူးဟာ ကလေးတွေ အဆင်ပြေရဲ့လားဆိုတာ သိရအောင် အခန်းအသေးနဲ့ အခန်းအကြီးဘက်ကို တစ်ချက် လှည့်ပတ်စစ်ဆေးလိုက်တယ်။ တော်သေးတာပေါ့၊ ဘယ်သူမှတော့ အလွန်အကျွံ မဖြစ်ကြဘူး။

“မင်းက ဒါမျိုးတွေနဲ့ အတော်လေး အသားကျနေပုံပဲ”

“မူးနေတဲ့လူတွေကို ပြုစုရတာလား၊ အဲဒါကတော့ ဟုတ်ပါတယ်”

မာရူးဟာ ကျန်နေတဲ့ မုန့်အကြွင်းအကျန်တွေကို စုစည်းပြီး ဆူယွန်းရဲ့ ရှေ့မှာ ဝင်ထိုင်လိုက်တယ်၊ အလုပ်တွေ အများကြီး လုပ်လိုက်ရလို့ သူ ဗိုက်ဆာနေပြီလေ။ နာရီက ည ၁၁ နာရီနီးနေပြီဖြစ်ပြီး ဘေးက တီဗီမှာတော့ တရုတ်သိုင်းကားတစ်ကား ပြသနေတယ်။

“တစ်ခွက်လောက် သောက်မလား”

ဆူယွန်းက သူမရဲ့ ဖန်ခွက်ကို နည်းနည်း လှုပ်ပြတယ်။ မာရူးက သောက်လက်စ ဆိုဂျူပုလင်းကို လိုက်ရှာပြီး သုံးပုံတစ်ပုံလောက် ငှဲ့လိုက်တယ်။

“ထပ်သောက်ချင်သေးလို့လား”

“တိုက်မယ်ဆိုရင်တော့ သောက်တာပေါ့”

ဆူယွန်းက ဖန်ခွက်ကို ရှေ့တိုးပေးလာတာမို့ မာရူးလည်း ပုလင်းထဲမှာ ကျန်သမျှကို သူမခွက်ထဲ အကုန်လောင်းထည့်ပေးလိုက်တယ်။

“ဘီယာတွေ အကုန်ကုန်သွားပြီလား”

“ရေခဲသေတ္တာထဲမှာ လေး၊ ငါးပုလင်းလောက် ကျန်ဦးမှာပါ”

မာရူးက တံခါးနှစ်ဖက်ဖွင့် ရေခဲသေတ္တာကို ဖွင့်ပြီး ဘီယာတစ်ပုလင်း ယူလိုက်တယ်။ ရေခဲသေတ္တာထဲက ထင်မှတ်မထားလောက်အောင် သန့်ရှင်းသပ်ရပ်နေတာကို သူ သတိထားမိတယ်။ အထဲမှာ ဟင်းရံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ အများကြီး ရှိနေတယ်။

“သူများ ရေခဲသေတ္တာထဲကို ဘာလို့ အဲလောက်တောင် အသေအချာ လိုက်ကြည့်နေရတာလဲ”

“လူတစ်ယောက်ရဲ့ ထမင်းစားပွဲ၊ ရေခဲသေတ္တာနဲ့ အိမ်သာကို ကြည့်ရင် အဲဒီလူ့အကြောင်း အများကြီး သိနိုင်တယ်လေ၊ အထူးသဖြင့် အရာအားလုံးက ထူးထူးဆန်းဆန်း သန့်ရှင်းနေတဲ့အခါမျိုးမှာပေါ့”

“ထူးထူးဆန်းဆန်း ဟုတ်လား၊ မင်း နည်းနည်း ရိုင်းပြနေတာ မဟုတ်ဘူးလား”

“ပုလင်းဖွင့်တဲ့ဟာ ရှိလား”

“ရေခဲသေတ္တာဘေးမှာ ရှိတယ် မဟုတ်လား”

ကံမကောင်းစွာပဲ မာရူး ဘာမှ ရှာမတွေ့ဘူး။ ဒါကြောင့် ဇွန်းတစ်ဇွန်းနဲ့ပဲ ပုလင်းကို အသာလေး လှန်ဖွင့်လိုက်တယ်။

“မင်းက တကယ်တော့ ဘယ်သူလဲ၊ စောစောက လုပ်သွားတာ သဘာဝကျလွန်းတယ်”

“အခုခေတ် အထက်တန်းကျောင်းသားတွေ အကုန်လုံး ဒါမျိုး လုပ်တတ်ကြပါတယ်”

“လူလိမ်လေး”

မာရူးက လက်မနဲ့ ပုလင်းဝကို ပိတ်ပြီး နည်းနည်း လှုပ်လိုက်ပြီးတော့ မြှုပ်တွေ ထလာတဲ့ ဘီယာတွေကို တစ်ယောက်တစ်ခွက်စီ ငှဲ့ပေးလိုက်တယ်။ သူ့ရဲ့ အတိတ်က အမှတ်တရတွေ အများစု ပျောက်ဆုံးနေခဲ့ရင်တောင် အကောင်းဆုံး ဆိုဂျူကော့တေး စပ်နည်းကိုတော့ သူ့ခန္ဓာကိုယ်က မှတ်မိနေတုန်းပဲ။ သူတို့ရဲ့ ဖန်ခွက်တွေထဲမှာ အမြှုပ်ဖြူဖြူတွေ ချက်ချင်း ပြည့်လျှံသွားတယ်။

“မင်း ဒါမျိုးတွေ လုပ်တတ်တာ အံ့ဩဖို့ကောင်းတယ်”

ဆူယွန်းက သူမရဲ့ ဖန်ခွက်ကို တစ်ငုံ သောက်လိုက်တယ်။ သူမက ကလေးတွေနဲ့အတူ အများကြီး သောက်ခဲ့တာ ထင်ရှားပေမဲ့ မျက်နှာကတော့ ခါတိုင်းလိုပဲ ဘာမှ မပြောင်းလဲဘူး။ မာရူးလည်း တစ်ငုံ သောက်ကြည့်တယ်၊ အရသာက ချိုမြိန်နေတယ်။

‘အဲဒီတုန်းက စိတ်ပျက်စရာကောင်းတဲ့ ဌာနမှူး မစ္စတာဂို ကြောင့် ငါ အများကြီး သောက်ခဲ့ရတာ၊ ဒါမှမဟုတ် လီ လားမသိဘူး’

သူ့ရဲ့ အထက်လူကြီးနဲ့အတူ နေ့တိုင်းနီးပါး သောက်ခဲ့ရတာကို သူ ပြန်မှတ်မိနေတယ်။ အဲဒီအချိန်တုန်းကတော့ သိပ်ကို အရှက်ရစရာကောင်းပြီး ဒေါသထွက်စရာ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ချိုမြိန်တဲ့ အမှတ်တရတွေလို ခံစားရတယ်။ အဲဒီအချိန်တွေကိုတောင် နည်းနည်း လွမ်းမိသလိုပဲ၊ စစ်တပ်ထဲက ပျော်စရာကောင်းတာတွေကိုပဲ မှတ်မိနေတတ်တဲ့ သဘောမျိုး ဖြစ်မှာပါ။

သူတို့နှစ်ယောက်စလုံး ဘာစကားမှမပြောဘဲ ဖန်ခွက်တွေကို အကုန်မော့ချလိုက်ကြတယ်။ ပြောစရာ စကားလည်း မရှိသလို၊ စကားစရှာဖို့လည်း မကြိုးစားချင်ကြဘူး။ ဒီလိုနဲ့ပဲ ခဏလေးအတွင်းမှာ ဆိုဂျူကော့တေး သုံးခွက်လောက် ကုန်သွားတယ်၊ ဒါပေမဲ့ မာရူးဆီမှာ အယ်လ်ကိုဟောရဲ့ အာနိသင် ဘာမှမပြသေးဘူး။ အတိတ်ကို ပြန်ရောက်လာလို့ ခန္ဓာကိုယ်က ပိုပြီး သန်မာသွားတာကြောင့်များလား။

‘ဝင်စားတာမျိုးနဲ့ ပိုတူလိမ့်မယ်’

အမှန်အတိုင်းပြောရရင် ဒီလိုသန်မာတဲ့ ခန္ဓာကိုယ်ရှိနေလို့ အရာအားလုံး ဆုံးရှုံးသွားရင်တောင် သူ အဆင်ပြေနိုင်ပါတယ်။ သရုပ်ဆောင်လမ်းကြောင်းကိုပဲ ဆက်လျှောက်ချင်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ မနက်ဖြန်ကျရင် အရာအားလုံး ပျက်စီးသွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။ အဲဒီလိုဖြစ်လာခဲ့ရင် သူ အားကိုးလို့ရမှာဆိုလို့ ဒီခန္ဓာကိုယ်တစ်ခုပဲ ရှိတော့မယ်။ မာရူးဟာ လက်ထဲက ဖန်ခွက်ကို အကုန်သောက်ပြီး ဆိုဂျူနဲ့ ဘီယာပုလင်းတွေကို ဘေးဖယ်ထားလိုက်တယ်။ အခုအချိန်မှာ ဆက်သောက်နေဖို့ အကြောင်းပြချက် မရှိတာကြောင့် ဒီတင်ပဲ ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

“မင်း မူးနေပြီလား”

“ဟုတ်တယ်၊ မူးနေပြီ”

“လူလိမ်၊ မျက်နှာက နည်းနည်းလေးတောင် မပြောင်းလဲဘဲနဲ့”

“တကယ် မူးတဲ့အထိ သောက်ဖို့ မလိုပါဘူး၊ အငွေ့အသက်လေး ရရင် ရပါပြီ၊ ပြီးတော့... ကျန်းမာရေးကိုလည်း ဂရုစိုက်ရဦးမယ်”

“အွန်း... မင်းအရွယ်နဲ့ ကျန်းမာရေးအကြောင်း တွေးနေတာလား”

ဆူယွန်းက မကျေမနပ် ရေရွတ်ရင်း ဖန်ခွက်အသစ်တစ်ခုထဲ ထပ်ငှဲ့လိုက်တယ်။

“ဘီယာမှာ ကယ်လိုရီတွေ အများကြီး ပါတယ်ဆိုတာ သိတယ် မဟုတ်လား၊ တကယ်ပဲ ထပ်သောက်ဦးမလို့လား”

ဆူယွန်း တုန်ခနဲ ဖြစ်သွားတယ်၊ သူမရဲ့ ဖန်ခွက်ကို ခဏလောက် ငေးကြည့်နေပြီးမှ မာရူးဘက်ကို တွန်းပေးလာတယ်။

“သောက်လိုက်”

“မသောက်ချင်ပါဘူး”

“မင်းက ငါ့ကို မသောက်ချင်အောင် လုပ်တာ၊ တာဝန်ယူလိုက်”

သူမရဲ့ အသံက ခါတိုင်းထက် ပိုပြီး မြင့်နေတာကို ကြည့်ရင် နည်းနည်းတော့ မူးနေပြီ ဖြစ်ရမယ်။ မူးနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ရန်မဖြစ်ချင်တာကြောင့် မာရူးပဲ ဖန်ခွက်ကို ယူလိုက်တယ်။

“မူးနေရင် သွားအိပ်သင့်တယ်၊ ဒါတွေကို ကျွန်တော်ပဲ သိမ်းလိုက်မယ်”

“ငါ မမူးပါဘူး၊ ဒီလောက် အရက်ပမာဏလေးနဲ့ မူးသွားရင် ငါ ကင်ဆူယွန်း မဟုတ်တော့ဘူး”

မိန်းကလေးဟာ နှာမှုတ်သံတစ်ချက် ထွက်လာပြီးမှ သူမရှေ့က ဝက်ရိုးမျှစ်ချဉ်ဟင်းထဲက အာလူးတွေကို လိုက်ကောက်စားနေတယ်။ စဉ်းစားကြည့်ရင် ဒီမိန်းကလေးကလည်း အတော်လေး စရိုက်ရှိတဲ့သူပဲ။ လွတ်လွတ်လပ်လပ် နေသင့်တဲ့အချိန်မှာ နေတတ်သလို၊ ချစ်စရာကောင်းအောင်လည်း ပြုမူတတ်တယ်။ လူတစ်ယောက်ကို အလွယ်တကူ ဆွဲဆောင်နိုင်တဲ့ ညှို့ဓာတ်ပြင်းတဲ့ မိန်းမတစ်ယောက်လည်း အလွယ်တကူ ဖြစ်သွားနိုင်တာပဲ။

“သော့ခလောက်အားလုံးကို ဖွင့်နိုင်တဲ့ သော့ကိုကျတော့ မာစတာသော့ ဆိုပြီး ချီးကျူးကြတယ်။ သော့အားလုံးနဲ့ ပွင့်သွားတဲ့ သော့ခလောက်ကျတော့ အသုံးမကျဘူးဆိုပြီး ကျိန်ဆဲကြတယ်။ ဒါဆို ဘာလို့ ယောက်ျားတွေက သော့နေရာကနေ ပါဝင်ပြီး မိန်းမတွေက သော့ခလောက် နေရာက ဖြစ်နေရတာလဲ။ မိန်းမတွေလည်း သော့ ဖြစ်လာနိုင်တာပဲ။ ငါတို့မှာ လိင်တံ မရှိလို့လား”

ဆူယွန်းက ဒါဟာ သာမန် စကားစမြည် ပြောရမယ့် အကြောင်းအရာတစ်ခုလိုမျိုး သဘာဝကျကျကြီး ပြောချင်ရာ ပြောနေတယ်။ မာရူးက မုန့်ပြားလေးတစ်ချပ်ကို ကောက်ယူရင်း သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်၊ သူမ မပြုံးတော့ဘူး။ ဘာခံစားချက်မှ မရှိတဲ့ မျက်နှာမျိုး ဖြစ်နေတယ်၊ မာရူးအနေနဲ့ ဒါဟာ အခုအချိန်အထိ သူမ သူ့အပေါ် အရိုးသားဆုံး ဖြစ်ခဲ့တဲ့ အခိုက်အတန့်လို့ မခံစားရဘဲ မနေနိုင်ခဲ့ဘူး။

“ကဲ... အပြင်ပန်း ပုံသဏ္ဌာန်အရ ကြည့်ရင်တော့ ယောက်ျားတွေက သော့နဲ့ ပိုတူတာ မဟုတ်ဘူးလား”

“ဟင်း... မင်းလည်း ယောက်ျားဝါဒ အယူအဆတွေ ရှိနေတာပဲ”

“အစ်မရဲ့ ပြက်လုံးကို ကျွန်တော်က လိုက်ရယ်ပေးတာပါ”

“အဲလိုလား၊ ဒါဆိုရင် နောက်ထပ် နည်းနည်းလောက် ထပ်ပြီး လိုက်လျောပေးဦးလေ”

ဆူယွန်းက ယိမ်းထိုးရင်း နေရာကနေ ထရပ်လိုက်ပြီး မာရူး မှီထားတဲ့ ဆိုဖာပေါ်မှာ လာလှဲချလိုက်တယ်။ သူမ အသက်ရှူထုတ်လိုက်တိုင်းမှာ ပြင်းထန်တဲ့ အရက်နံ့ကို မာရူး ရနေတယ်။ သူမ တကယ် မူးနေပြီပေါ့။

“အိပ်ချင်ရင် အထဲမှာ သွားအိပ်ပါလား”

“ဒါ ငါ့အိမ်ပဲ၊ ငါ ကြိုက်တာ ငါလုပ်မယ်”

“အအေးမိရင်တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့နော်”

“ပူစရာမလိုပါဘူး၊ ငါ အပူပေးစက်ကို အပြည့် ဖွင့်ထားမှာ၊ ငါ ဘာအတွက် ပိုက်ဆံရှာနေတယ်လို့ ထင်လို့လဲ၊ ဒါမျိုးတွေအတွက် သုံးဖို့ ရှာနေတာပေါ့”

“ကောင်းတာပေါ့”

“ကောင်းတာပေါ့ ဟုတ်တယ်၊ ငါ ပိုက်ဆံလိုချင်လို့ အခုလို ကြိုးစားပမ်းစား အလုပ်လုပ်နေတာ”

“အစ်မပြောတာကို တကယ် သဘောတူမိတာ ဒါ ပထမဆုံးပဲ”

“အော်... အဲဒါ ကောင်းတာပေါ့”

ဆူယွန်းက ‘ဒါဟာ ငါတို့နှစ်ယောက် ပထမဆုံးအကြိမ် အမြင်ချင်း တူညီသွားတဲ့အတွက်’ ဆိုပြီး မာရူးရဲ့ ပုခုံးကို အသာလေး ရိုက်တယ်။ အခု သန်းခေါင်ယံ ၁၂ နာရီ ရှိပြီ။ တီဗီက ရုပ်ရှင်လိုင်းမှာတော့ ယောက်ျားတစ်ယောက်အတွက် အသက်ပေးသွားတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ရေးဖွဲ့ထားတဲ့ အချစ်ဇာတ်လမ်းတွဲ ဇာတ်ကားတစ်ကား ပြသနေတယ်။

“ရိုးသားတဲ့ မိန်းကလေး၊ ငြိမ်သက်တဲ့ မိန်းကလေး၊ ဇနီးကောင်း တစ်ယောက်၊ ဘာလို့ ဒီတိုင်းပြည်က မိန်းမတွေကို အမြဲတမ်း အညံ့ခံရမယ့် ပုံစံခွက်ထဲပဲ ရိုက်သွင်းချင်နေရတာလဲ”

“ဘာလို့လဲဆိုတော့ သူတို့ ကြောက်လို့ပေါ့”

“ကြောက်လို့ ဟုတ်လား”

မာရူးက သူ့ရှေ့က ဖန်ခွက်ကို လှမ်းယူလိုက်တယ်၊ ဒါမျိုးတွေအကြောင်း ဆက်ပြောဖို့ဆိုရင် အရက် ထပ်လိုလိမ့်မယ်။

“ဒီအကြောင်းကို အကျယ်မပြောခင် ကမ္ဘာပေါ်က ယောက်ျားအားလုံး ဒီလိုမျိုး မတွေးဘူးဆိုတာကိုတော့ အရင် ရှင်းပြချင်တယ်”

မာရူးက ဆိုဂျူတစ်ခွက် သောက်လိုက်ပြီးမှ စကားကို ဆက်တယ်။

“အချို့ယောက်ျားတွေဟာ မိန်းမတွေ သူတို့ထက် သာလွန်သွားမှာကို အသေအလဲ မုန်းကြတယ်။ ‘ဒီမိန်းမကများ ဘယ်လိုတောင် သတ္တိရှိလို့လဲ’ ဆိုတဲ့ စကားစုက အလကား ဖြစ်လာတာ မဟုတ်ဘူးလေ။ အားလုံးက ကြောက်လို့ပေါ့၊ အရည်အချင်းရှိတဲ့ မိန်းမတွေရဲ့ လွှမ်းမိုးခြင်းကို ခံရမှာ ကြောက်နေကြတာ။ အဲဒါကြောင့်ပဲ ‘မိန်းမကောင်းဆိုတာ ငြိမ်ငြိမ်နေရတယ်’ ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ အစကတည်းက နှိပ်ကွပ်ထားဖို့ ကြိုးစားကြတာပေါ့”

ဒီအကြောင်းကို ပြောရင်း မာရူး စိတ်ထဲမှာ ‘သူမ’ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခုကို သတိရသွားလို့ ဒေါသ နည်းနည်း ထွက်လာမိတယ်။ အဲဒီတုန်းက သူတို့ လက်ထပ်ပြီးတဲ့နောက်မှာ သူမက သရုပ်ဆောင်လောကကနေ ထွက်ပြီး ကုမ္ပဏီတစ်ခုမှာ အတွင်းရေးမှူးအဖြစ် အလုပ်ဝင်ခဲ့တယ်။ အဲဒီကုမ္ပဏီက ယောက်ျားတစ်ယောက်နဲ့ ပြဿနာဖြစ်ခဲ့ပြီး အဲဒီအကြောင်းရင်းကို ကြားရတဲ့အခါ မာရူး တကယ့်ကို ဒေါသပေါက်ကွဲခဲ့ရတာကို မှတ်မိနေတယ်။

အဲဒီလူက သူမ သူ့ကို မျက်လုံးချင်း စိုက်ကြည့်ဝံ့လို့ဆိုပြီး ပြဿနာရှာခဲ့တာလေ။ အမှန်တော့ အဲဒီအခြေအနေရဲ့ မှတ်ဉာဏ်အများစု ပျောက်ဆုံးနေခဲ့ရင်တောင် မာရူး စိတ်ထဲမှာတော့ ပြင်းထန်တဲ့ ဒေါသကို ခံစားနေရတုန်းပဲ။ အဲဒီအချိန်တုန်းက သူ့ကို ပိုပြီး ဒေါသထွက်စေခဲ့တာက သူမက ဘာမှမဟုတ်သလိုမျိုး ရယ်ပြီး ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တာပဲ။

“အဲဒီ ယောကျာ်းဝါဒကြီးစိုးတဲ့ အတွေးအခေါ်က လူတွေအများကြီးကို ဖျက်ဆီးခဲ့တာ။ သူတို့ရဲ့ ပေါင်ကြားထဲမှာ အချောင်းတစ်ခု ပါလာရုံနဲ့တင် သူတို့ကိုယ်သူတို့ သာလွန်တယ်လို့ ထင်နေတဲ့ လူအူကြောင်ကြောင်တွေ အများကြီး ရှိတယ်။ သိလား... ကျွန်တော် အနာဂတ်မှာ သမီးလေး ရလာခဲ့ရင် သူ့ကို ကိုယ်ခံပညာ သေချာပေါက် သင်ပေးမှာ။ ပြီးတော့ နောက်နောင် အဲဒီလို လူအူကြောင်ကြောင်တွေကို တွေ့ရင် သူ့ရဲ့ ကပ်ပယ်အိတ်ကိုသာ တည့်တည့် ကန်ပစ်ဖို့ ပြောထားမှာ”

“အော်... အဲဒါ သိပ်ကောင်းတာပဲ”

ဆူယွန်းက အဲဒီအတွေးကို သဘောကျတဲ့ပုံစံနဲ့ ရယ်မောနေရှာတယ်၊ သူမ တော်တော်ကြာအောင် ရယ်ပြီးမှ သက်ပြင်း သဲ့သဲ့ချလိုက်တယ်။ ပြီးတော့ ပိုပြီး တည်ငြိမ်တဲ့ အသံနဲ့ စကားကို ဆက်ပြောတယ်။

“ငါ တွဲခဲ့တဲ့ ယောက်ျားတစ်ယောက်ရဲ့ မတရားကျင့်တာကို ခံခဲ့ရတယ်လို့ သူများကို ပြောပြရင် လူတွေက ရယ်ကြမှာပဲ ဟုတ်တယ်မလား”

“အဲဒီလိုမျိုး ဖြစ်ခဲ့တာလား”

“ငါ့အမြင်အရတော့ အဲဒါ မတရားကျင့်တာပဲ။ ငါက အရုပ်တစ်ရုပ်လို ဖြစ်နေပြီး သူကတော့ ရူးသွပ်နေတဲ့ ခွေးတစ်ကောင်လိုပဲ။ ကောင်စုတ်”

“ဒါတွေကို ငါ့ကို ပြောပြဖို့ တကယ် အဆင်ပြေရဲ့လား၊ ကျွန်တော်က အစ်မကို သိပ်သဘောကျတာ မဟုတ်ဘူးနော် နည်းပြ”

“ငါ သိပါတယ်၊ ငါလည်း မင်းကို သဘောမကျပါဘူး။ မင်းကို လိုချင်ခဲ့ပေမဲ့ မင်းက ရဖို့ သိပ်ခက်ခဲလွန်းတဲ့ ပုံစံမျိုး ဖမ်းနေလို့ လက်လျှော့လိုက်တာ”

“ဒါဆို ဘာလို့...”

“ဘာလို့လဲဆိုတော့ တခြား ဘယ်သူမှ မရှိလို့ပေါ့။ ဒါတွေကို ပြောပြဖို့ တခြားလူ မရှိတော့ဘူး။ မင်းက... မင်းက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမဲ့ လူဆိုးတစ်ယောက်တော့ မဟုတ်ဘူးလို့ ငါ ထင်တယ်။ မင်းအရွယ်နဲ့ လူကြီးတစ်ယောက်လို ပြုမူနေတာက စိတ်ပျက်စရာကောင်းတယ်။ မင်း စကားပြောပုံကို ငါ မကြိုက်ဘူး။ ပတ်သက်မှုတွေကြားထဲမှာ စည်းခြားထားတတ်တာကလည်း မခံမရပ်နိုင်နိုင်အောင်ပဲ။ မင်းရဲ့ အရာအားလုံးကို ငါ မုန်းတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ မင်းက အဲဒီကောင်တွေလိုမျိုး ငါ့ကို အသေအလဲ လာပြီး မပိုးပန်းဘူးလေ”

“အဲဒါကတော့ ကျွန်တော် အစ်မကို သဘောမကျလို့ သက်သက်ပဲပေါ့”

“နည်းနည်းလောက် အလိုက်သိပေးလို့ မရဘူးလား၊ တကယ်ပဲ”

ဆူယွန်းက ဆိုဖာပေါ်ကနေ ထလိုက်ပြီး မာရူးကို နောက်ကနေ သိုင်းဖက်လိုက်တယ်။

“ဘယ်လိုလဲ၊ ရင်ခုန်သွားပြီလား”

“အစ်မဆီက အရက်နံ့တွေ နံဟောင်နေတာပဲ၊ မူးနေရင်လည်း သွားအိပ်ပါလား။ အစ်မရဲ့ အကြောင်းတွေကို ကျွန်တော်တစ်နေ့လုံး နားထောင်ပေးနိုင်ပေမဲ့ အစ်မရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြုမူမှုတွေကိုတော့ လိုက်ပြီး မထိန်းချင်ဘူး”

“အော်... ရက်စက်လိုက်တာ”

ဆူယွန်းက မာရူးရဲ့ ပုခုံးပေါ်မှာ ခေါင်းမှီထားလိုက်တယ်။

“သိလား... ငါက ခံစားချက်တွေက ထာဝရ တည်တံ့မယ်လို့ ထင်ခဲ့တာ။ အချစ်က ထာဝရ ဖြစ်မယ်လို့ ထင်ခဲ့တယ်။ ငါ ချစ်သလောက် အချစ်တွေ ပြန်ရလိမ့်မယ်လို့ တွေးခဲ့မိတာ။ ဒါပေမဲ့ တကယ်တမ်းတော့ အဲလို မဟုတ်ခဲ့ဘူး။ ခံစားချက်တွေဆိုတာ ခဏလေးနဲ့ ကုန်ခမ်းသွားတတ်တဲ့ အသုံးမဝင်တဲ့ အရာတွေပဲ။ အချစ်ဆိုတာလည်း အတူတူပါပဲ၊ အပြင်ပန်းကို လှအောင် ထုပ်ပိုးထားရုံသက်သက်ပဲ။ သူတို့က ငါ့ကို လိုချင်ကြတယ်၊ ပြီးတော့ ငါ့ရဲ့ အရာအားလုံးကို ပေးလိုက်ပြီးတဲ့အခါမှာတော့ သူတို့က ငါ့ကို ပစ်ပယ်သွားကြတာပဲ”

“အစ်မ ဘာလုပ်ခဲ့လို့လဲ”

“ဘာလုပ်ခဲ့မယ် ထင်လို့လဲ၊ ငါ ကုန်သည်တစ်ယောက် ဖြစ်လာခဲ့တယ်။ ရတယ်၊ မင်းတို့ လိုချင်တာ ငါ ပေးမယ်၊ ဒါပေမဲ့ အလကားတော့ မရဘူး။ ငါ့ကို သုံးချင်ရင်တော့ တန်ဖိုး ကြီးကြီးပေးရမယ်။ အဲဒီတုန်းကတော့ ငါက အချစ်ကို ကိုးကွယ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ အခုတော့ ငါက အချစ်မပါတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ရိုးအီနေတဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီ။ သတင်းတွေလား... ငါ့ကို ဖာသည်မလို့ ပြောကြတာလား။ ငါ့ခန္ဓာကိုယ်ကို ရောင်းစားတယ်လို့ ပြောကြတာလား။ ဘာပဲဖြစ်ဖြစ်လေ... ဒါက လွတ်လပ်တဲ့ ဈေးကွက်ထဲက တခြားအရာတွေလိုပဲ အရောင်းအဝယ် လုပ်တာသက်သက်ပါပဲ”

သူ့နားနားကနေ ဖြတ်သွားတဲ့ သူမရဲ့ ထွက်သက်တွေက ပူလောင်နေတယ်၊ သူသာ ဘာမှ မသိခဲ့ရင် ရွံရှာမိတာမျိုးတောင် ဖြစ်နိုင်တယ်။ သူမက မစင်ကြယ်ဘူး၊ ညစ်ပတ်တယ်လို့ တွေးမိမှာပေါ့။ ဒါပေမဲ့ အခု သူ ခံစားရတာကတော့ ခန္ဓာကိုယ်ထဲက အယ်လ်ကိုဟောတွေနဲ့ အဲဒါနဲ့ ဆင်တူတဲ့ ခါးသီးမှုမျိုးပဲ ဖြစ်နေတယ်။

“ဒါဆို အစ်မ စိတ်ကျေနပ်ရဲ့လား”

“စိတ်ကျေနပ်ရဲ့လား ဟုတ်လား၊ ဟုတ်ပါတယ်။ ငါ ဘာမှ မနာကျင်တော့ဘူး။ အခုအချိန်မှာ ငါက ခံစားချက်တွေ ခန်းခြောက်နေတဲ့ သစ်ကိုင်းခြောက်တစ်ခုလို ဖြစ်နေပြီ”

“ကဲ... အစ်မ စိတ်ကျေနပ်ရင်လည်း ပြီးတာပါပဲ၊ ဒါနဲ့... ခံစားချက်မရှိတဲ့ လူတစ်ယောက်က သရုပ်ဆောင်ကော လုပ်နိုင်ပါ့မလား”

“ငါက အဲဒါရဲ့ သက်ရှိသက်သေပဲ မဟုတ်ဘူးလား။ သရုပ်ဆောင်တာဆိုတာ ဘာပဲဖြစ်ဖြစ် လိမ်ညာမှုတွေချည်းပါပဲ”

ဆူယွန်းက သူမရဲ့ လက်တစ်ဖက်ကို ကောင်းကင်ဘက် မြှောက်လိုက်တယ်။

“ငြိမ်းစမ်း၊ ငြိမ်းစမ်း၊ ခဏတာ ဖယောင်းတိုင်လေး။ ဘဝဆိုတာ လျှောက်လှမ်းနေတဲ့ အရိပ်တစ်ခုသက်သက်ပါပဲ၊ စင်မြင့်ထက်မှာ ခဏတာ လှုပ်ရှားရုန်းကန်ပြီးရင် ဘာသံမှ ထပ်မကြားရတော့တဲ့ သနားစရာ သရုပ်ဆောင်တစ်ယောက်လိုပေါ့”

ဆူယွန်းက ပြောနေရင်း တကယ့်ကို မျှော်လင့်ချက်မဲ့ပြီး အားအင်ကုန်ခမ်းနေတဲ့ ပုံစံ ပေါက်နေတယ်။ သူမက မျက်နှာကျက်က မီးလုံးတွေကို ငေးငိုင်ပြီး ကြည့်နေရှာတယ်၊ ပြီးတော့မှ ပြန်ပြုံးပြပြီး မာရူးရဲ့ ပုခုံးထဲ မျက်နှာအပ်လိုက်ပြန်တယ်။

“ငါ မက်ဘက်တ်ကို စိတ်ပျက်နေပြီ”

“အဲဒါ မက်ဘက်တ် က စာသားလား”

“မင်း မက်ဘက်တ်ကိုတောင် မသိဘူးလား၊ ငါက မင်းကို သရုပ်ဆောင်တစ်ယောက်လို့ ထင်နေတာ”

“ကွန်တော်က ဒါ ပထမဆုံးနှစ် ရှိသေးတာမို့လို့ပါ”

“အာာ...”

ဆူယွန်းက ခဏလောက် ဘာမှန်းမသိတာတွေ ရေရွတ်နေပြီးမှ စကားကို ဆက်တယ်။

“ဘာပဲဖြစ်ဖြစ်၊ ငါက တကယ့်ကို တော်တဲ့ လူလိမ်တစ်ယောက်ပဲ။ ဘယ်သူသိမှာလဲ... အခု ငါ ပြောနေတဲ့ စကားတွေကလည်း လိမ်ညာမှုတွေ ဖြစ်နေနိုင်တာပဲလေ”

သူမက အခုလေးတင် ပြောလိုက်တဲ့ စကားကို သဘောကျနေတဲ့ပုံစံနဲ့ တိုးတိုးလေး ရယ်နေတယ်။ မာရူးက ပုခုံးတွန့်လိုက်တယ်။

“အစ်မ လိမ်တာ၊ မလိမ်တာ ကျွန်တော့်အတွက် အရေးမပါဘူး”

“ဘာလို့ အရေးမပါတာလဲ”

“မပါဘူးလေ၊ အစ်မဘာလုပ်လုပ် ကျွန်တော်စိတ်မဝင်စားဘူး။ ဥပဒေကိုပဲ မချိုးဖောက်ဖို့ လိုတယ်”

“ငါ အိမ်ထောင်ရှိတဲ့ ယောက်ျားတွေကို မထိဘူး၊ အဲဒါကတော့ အသေခအချာပဲ။ ရည်းစားရှိတဲ့ လူတွေကိုလည်း ငါ မပတ်သက်ဘူး”

“ဒါဆိုရင် ရတာပေါ့၊ မဟုတ်ဘူးလား။ ကျွန်တော်ကို ဒါမျိုးတွေ လာပြောနေဖို့ မလိုပါဘူး”

“ဒါကို မင်းက ညစ်ပတ်တယ်လို့ မထင်ဘူးလား”

“ဘာလို့လဲ၊ အချစ်ဆိုတာ ညစ်ပတ်တဲ့အရာလို့ ဘယ်သူမှ ပြောတာ မကြားဖူးပါဘူး”

“မင်းက အချစ်ကို ကိုးကွယ်တဲ့သူလား၊ ဒါမှမဟုတ် အဆိုးမြင်ဝါဒီလားဆိုတာ ငါ ခွဲမရတော့ဘူး”

“ကျွန်တာ်က ကျွန်တော့်မိန်းမအပေါ်မှာပဲ အချစ်ကို ကိုးကွယ်တဲ့သူပါ၊ တခြားလူတွေအပေါ်မှာတော့ အဲလို စိတ်ဝင်စားမှုမျိုး မရှိဘူး။ ဒါနဲ့... အစ်မ အခု ထတော့မလား၊ လေးနေပြီ”

“မင်း မိန်းကလေးတစ်ယောက်ကို တကယ့်ကို ရိုင်းပြတဲ့ စကားတွေ ပြောနေတာပဲ။ အဲဒါ သိရဲ့လား”

“ကံမကောင်းစွာပဲ ကမ္ဘာမြေဆွဲအားကတော့ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘူးလေ”

ဆူယွန်းက ပြုံးပြီးမှ ပြန်ထလိုက်တယ်။ ပြန်ကြည့်လိုက်တော့ သူမရဲ့ မျက်လုံးတွေထဲမှာ တက်ကြွတဲ့ အရိပ်အယောင်တွေ ရှိနေတုန်းပဲ။ ဒါတွေကို ပြောပြဖို့ မူးချင်ယောင် ဆောင်နေခဲ့တာ ဖြစ်ရမယ်။

“ထူးဆန်းတယ်၊ ငါ့ရဲ့ ဒီတိုက်ကွက်က သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်လို့ ထင်ထားတာ။ မင်းမှာ လိင်တံကော ရှိရဲ့လား”

“ပြစေချင်လို့လား”

“အိုခေ... သတ္တိရှိလှချည်လား”

“သန်းခေါင်ကျော်နေပြီ၊ သွားအိပ်တော့”

“မအိပ်ချင်ပါဘူး၊ စကား ဆက်ပြောချင်သေးတယ်”

“ကဲ... ကျွန်တော်ကတော့ အိပ်တော့မယ်”

“ဘာလို့လဲ၊ နေဦးလေ၊ ပျင်းလို့ပါ”

ဆူယွန်းက သူ့ကို တောင်းပန်နေရှာတယ်။ ဒီမိန်းမ တကယ် မူးနေလား၊ မမူးဘူးလားဆိုတာ ခွဲရခက်နေတာ အမှန်ပဲ၊ သူ ထွက်သွားပြီး အိပ်ရင်တောင် သူမ နောက်က လိုက်လာဦးမှာ သေချာတယ်။ မာရူးက သက်ပြင်းချရင်း သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်လိုက်တယ်။

“အစ်မဘာသာ အစ်မ စကားပြောနေလိုက်တော့၊ ကျွန်တော်ကတော့ စာဖတ်တော့မယ်”

“ဆည်းဆာအချိန် ရုန်းကန်မှုများ လား၊ လူရွေးပွဲအတွက် ပြင်ဆင်နေတာလား”

“ဒါပေါ့၊ အောင်ပါ့မလားတော့ မသိဘူး”

“မအောင်ရင် ငါ့ရင်ခွင်ထဲကို ပြေးဝင်လာခဲ့လို့ ရတယ်နော်။ ငါ့ရင်ခွင်က မင်းကို ကြိုဆိုဖို့ အကျယ်ကြီးပါ”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဖြစ်နိုင်ပါတယ်”

မာရူးက တီဗီကို ပိတ်ပြီး စာမျက်နှာတစ်ခုကို လှန်လိုက်တယ်၊ ဆူယွန်းလည်း တိတ်ကျသွားတယ်။ အဝေးက ရေခဲသေတ္တာဆီက မြည်သံ ထွက်ပေါ်နေပြီး ပြတင်းပေါက်တွေကို လာရိုက်ခတ်နေတဲ့ လေတိုက်သံကိုလည်း သူ ကြားနေရတယ်။ အခန်းထဲမှာ အသံသေးသေးလေးတွေ အများကြီး ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတယ်။ ခဏလေးအတွင်းမှာပဲ ဧည့်ခန်းထဲက စာကြည့်တိုက်တစ်ခုလို တိတ်ဆိတ်သွားခဲ့တယ်။ မာရူးက စာမျက်နှာတစ်ခု၊ ပြီးတော့ နောက်တစ်ခု၊ ပြီးတော့ နောက်ထပ်တစ်ခုကို လှန်လိုက်တယ်။ သူ စာမျက်နှာ နှစ်ဆယ်လောက် လှန်ပြီးတဲ့အချိန်မှာတော့ သူ့နောက်ကျောဘက်ကနေ အသံတစ်သံ ကြားလိုက်ရတယ်။

“...ငါ့ရဲ့ စင်ကြယ်မှုတွေကို ပြန်ရဖို့ ဘယ်သူ့ဆီ သွားရမှာလဲ”

ဆူယွန်းရဲ့ အသံပဲ။ သူမရဲ့ အသံက အခန်းထဲကနေ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတဲ့အခါ မာရူးက တီဗီကို ပြန်ဖွင့်လိုက်တယ်။ သူက ဆူညံနေတဲ့ ဖျော်ဖြေရေးအစီအစဉ်တစ်ခုဆီ ရောက်တဲ့အထိ လိုင်းတွေကို လှန်ပစ်လိုက်ပြီး အသံကိုလည်း မြှင့်လိုက်တယ်။ အသံက သူ့ရဲ့ အာရုံစူးစိုက်မှုကို နှောင့်ယှက်နိုင်လောက်တဲ့အထိ ကျယ်လောင်လာတဲ့အချိန်မှာတော့ သူ့နောက်ကျောဘက်ကနေ အသံတစ်ချက်ကို ကြားလိုက်ရပြန်တယ်။ မျက်ရည်တွေကို လည်ချောင်းထဲ အတင်း မျိုသိပ်ချနေတဲ့ လူတစ်ယောက်ရဲ့ ရှိုက်သံပဲ။

မာရူးက တီဗီကို ဖွင့်ထားလျက်နဲ့ပဲ စာကို ဆက်ဖတ်နေခဲ့တယ်။

* * * * * * * * *

အခန်း(၂၀၄)

စာအုပ်ဖတ်လို့ အတန်ကြာသွားပြီးတဲ့နောက်မှာတော့ ငိုရှိုက်သံတွေ စဲသွားပြီဆိုတာ မာရူး သတိထားမိလိုက်တယ်။ တီဗီကို မပိတ်ခင် အသံအရင်လျှော့လိုက်ဦးမှ။ ပြတင်းပေါက်အပြင်ဘက်က လမင်းကြီးဟာ ဒီနေ့မှ ထူးထူးဆန်းဆန်း သေးငယ်လွန်းနေသလိုပဲ။ ဖတ်လက်စစာအုပ်ကို ပိတ်ပြီး မာရူး နောက်လှည့်ကြည့်လိုက်တော့ ဆူယွန်းတစ်ယောက် ဆံပင်ကစုတ်ဖွားနဲ့ အိပ်ပျော်နေတာကို တွေ့ရတယ်။ တစ်ညလုံး စကားတွေပြော၊ အတွေးတွေလွန်ပြီး တော်တော်လေး ပင်ပန်းသွားတဲ့ပုံပဲ။

“အပြင်မှာ ဒီအတိုင်းအိပ်ရင် အအေးမိလိမ့်မယ်လို့ ပြောထားသားပဲကို"

မနက်အစောကြီး နှစ်နာရီရှိနေပြီဖြစ်ပေမဲ့ ခန္ဓာကိုယ်ထဲက အယ်လ်ကိုဟောရှိန်ကြောင့် သူ အိပ်လို့မပျော်သေးဘူး။ မာရူးလည်း သူ့ရှေ့က မုန့်အကျန်တွေနဲ့ ပန်းကန်ခွက်ယောက်တွေကို သိမ်းဆည်းလိုက်တော့ ပန်းကန်တွေ ထိခတ်မိတဲ့အသံကြောင့် ဆူယွန်းခမျာ တစ်ချက်တုန်သွားရှာတယ်။ ဧည့်ခန်းကို သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် မာရူးဟာ အခန်းငယ်လေးနဲ့ အခန်းကြီးဘက်ကို လှည့်ကြည့်လိုက်မိပြန်တယ်။ အခန်းငယ်လေးထဲက ကောင်မလေးတွေကတော့ ချမ်းလို့ထင်ပါရဲ့၊ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး အိပ်နေကြလေရဲ့။ ဒါနဲ့တင် သတိထားမိတာက အပူပေးစက် ဖွင့်မထားရသေးပါလား။ သူလည်း ထောင့်တစ်နေရာက ပုံထားတဲ့ စောင်ပုံထဲကနေ စောင်တစ်ထည်ယူပြီး အဲဒီနှစ်ယောက်ကို ခြုံပေးလိုက်တယ်။ ပြီးတော့ နောက်ထပ် စောင်တစ်ထည်ကို ထပ်ယူပြီး အပြင်ကို ထွက်ခဲ့လိုက်တယ်။

“ကိုယ့်အရွယ်နဲ့ကိုယ် လိုက်အောင် မနေတတ်ဘူးလားဗျာ"

အဲဒီအမျိုးသမီးအပေါ်ကို စောင် ခြုံပေးလိုက်မိတယ်။ တခြားဘယ်သူကပဲကြည့်ကြည့် ဒီလိုပုံစံနဲ့ဆို ချစ်စရာကောင်းတယ်၊ ကလေးလေးလိုပဲလို့ ထင်ချင်ထင်ကြလိမ့်မယ်။ ဒါပေမဲ့ မာရူးမျက်လုံးထဲမှာတော့ သူက သနားစရာကောင်းတဲ့ ပုံစံမျိုးပဲ ပေါက်နေတယ်။

လူတိုင်းမှာ ကိုယ်စီဇာတ်ကြောင်းတွေ ရှိကြတာပဲလေ၊ မွေးကတည်းက ကောင်းတဲ့သူ၊ ဆိုးတဲ့သူရယ်လို့ သီးသန့်ပါလာတာမှ မဟုတ်တာ။ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကသာ သူတို့ကို ကောင်းတဲ့လမ်း၊ ဆိုးတဲ့လမ်းဆီ တွန်းပို့ပေးသွားကြတာ။

ပိုရယ်ရတာက ကောင်းခြင်း၊ ဆိုးခြင်းရဲ့ စံနှုန်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူဘဲ စိတ်အလိုအလိုက် ဖြစ်နေတတ်တာပဲ။ ဒီအကြောင်းကို မာရူးက တခြားသူတွေထက် ပိုသိတယ်။ ကိုယ်က အထင်ကြီးအားကျရတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ဟာ တကယ်တော့ အခုလိုနေရာမျိုးရောက်အောင် တခြားသူတွေကို တက်နင်းလာတဲ့သူ လျှို့ဝှက်ချက်ရှိသူ ဖြစ်နေနိုင်သလို၊ တစ်ဖက်မှာလည်း သေဒဏ်ကျအကျဉ်းသားတစ်ယောက်က ကိုယ့်အတွက် တန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတစ်ခုခု ပေးနိုင်တဲ့သူ ဖြစ်နေပြန်ရော။

ဒါကြောင့်လည်း မာရူးဟာ လူတွေကို ဆုံးဖြတ်တဲ့အခါ သူတို့က ကိုယ့်အပေါ် ဘယ်လိုဆက်ဆံသလဲဆိုတာအပေါ်မှာပဲ အတတ်နိုင်ဆုံး အခြေခံပြီး ကြည့်လေ့ရှိတယ်။ ဒီလိုတွေးကြည့်ရင်တော့ ဆူယွန်းက လူကောင်းတစ်ယောက်ပါ။ သူတပါးနဲ့ ဆက်ဆံရေးမှာ အကျိုးအမြတ်အပေါ်မှာပဲ သီးသန့်အခြေခံတတ်တာ။ အဲဒီအတိုင်းပဲ သူ ဆက်သွားနေသရွေ့တော့ မာရူးအနေနဲ့ သူ့အပေါ် ဘာအာဃာတမှမရှိဘဲ ကြားနေပဲ နေသွားမှာပါ။ ဒါပေမဲ့ စကားတစ်ခွန်းတော့ ပြောပြချင်မိတယ်။

“အိပ်နေပြီလား"

ဘာတုံ့ပြန်သံမှ မကြားရဘူး။ အဲဒီအမျိုးသမီးဟာ ကလေးလေးတစ်ယောက်လို သာသာယာယာ ရှူထုတ်ရှူသွင်း အိပ်ပျော်နေရှာတယ်။

“ခုထိ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့တာပဲ ဖြစ်ဖြစ်၊ နောင်တရစရာတွေတော့ မထားခဲ့နဲ့ဗျာ။ ဒါပေမဲ့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ကိုယ့်ဆီ နာကျင်မှုအနေနဲ့ ပြန်ရောက်လာပြီဆိုရင်တော့ အဲဒီမှာတင် ရပ်လိုက်ဖို့ အချိန်တန်ပြီ။ အဲလိုမှမဟုတ်ရင်တော့ ခါတိုင်းလိုပဲ ဆက်နေပေါ့။ လူကောင်း ဖြစ်အောင်တော့ အတင်းမကြိုးစားပါနဲ့။ အဲဒါက ဘယ်လောက်တောင် မဖြစ်နိုင်မှန်း ခင်ဗျားက ကျွန်တော့်ထက် ပိုသိမှာပါ။ ဒါကြောင့် လောဘကြီးချင်လည်း ကြီးစမ်းပါ၊ ကိုယ်ဖြစ်ချင်တဲ့ ဘဝကိုပဲ ဖြစ်အောင် နေထိုင်သွားပါ၊ ဥပဒေဘောင်ထဲမှာ ရှိနေသရွေ့ပေါ့"

မာရူးလည်း အပူပေးစက်ကို ဖွင့်၊ မီးတွေကို ပိတ်လိုက်ပြီး ဧည့်ခန်းကော်ဇောပေါ်မှာ လှဲချလိုက်ရင်း စောင်ကို ခြုံလိုက်တယ်။ ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီမို့ သူလည်း အသက်ရှူနှုန်းကို မှန်အောင် ထိန်းလိုက်မိတယ်။ စိတ်အစဉ်ရဲ့ တဖက်ခြမ်းကနေ အိပ်စက်ခြင်းတွေ ဖြည်းဖြည်းချင်း ရောက်ရှိလာတာကို သူ ခံစားလိုက်ရတယ်လေ။

* * * * * * * * *

သူ မသိတဲ့ အမျိုးသမီးတစ်ယောက်နောက်ကို လိုက်လံဖမ်းဆီးနေရတဲ့ အိပ်မက် သူ မက်တယ်။ မဟုတ်သေးပါဘူး၊ စိမ်းနေတဲ့သူတော့ မဟုတ်ဘူး။ အဲဒီအမျိုးသမီးကို သူ တကယ်သိတာ သေချာတယ်။

မာရူး မျက်လုံးပွင့်လာပြီး မျက်နှာကျက်ကို ငေးငိုင်စွာ ကြည့်လိုက်တော့ မီးခိုးရောင် သန်းနေတာကို မြင်ရတယ်။ ဪ... ဟုတ်သားပဲ၊ ဒါ ဆူယွန်းရဲ့ အိမ်ပဲလေ။ ခြောက်သွေ့နေတဲ့ သူ့လည်ပင်းကို လက်တစ်ဖက်နဲ့ ပွတ်သပ်ရင်း ထထိုင်လိုက်မိတယ်၊ ခုနကမက်တဲ့ အိပ်မက်က စိတ်အစဉ်ရဲ့ နက်ရှိုင်းရာဆီကို ချက်ချင်းပဲ မှေးမှိန်ပျောက်ကွယ်သွားပြီ။

ကိုယ်သိပါတယ်လို့ ခံစားရတဲ့ အမျိုးသမီးတစ်ယောက်နောက်ကို လိုက်နေခဲ့တယ်ဆိုတာလောက်ပဲ မှတ်မိတော့တယ်။ အဲဒီအမျိုးသမီးက တစ်ခါတလေကျတော့လည်း ငယ်ငယ်လေး၊ တစ်ခါတလေကျတော့လည်း အသက်ကြီးကြီး၊ တခြားအချိန်တွေကျတော့လည်း လုံးဝတခြားလူတစ်ယောက် ဖြစ်နေပြန်ရော။

တကယ့်ကို ထူးဆန်းတဲ့ အိပ်မက်တစ်ခုပါပဲ၊ ဒါပေမဲ့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတာမို့ သူလည်း အားစိုက်ပြီး သိပ်မတွေးတော့ဘူး။ ဧည့်ခန်းထဲမှာတော့ နေရောင်ခြည်တွေ ဖြာကျနေပြီ၊ မနက် ကိုးနာရီ ရှိနေပြီပဲ။ တနင်္ဂနွေနေ့ရဲ့ လတ်ဆတ်တဲ့ လေထုကို ဝဝလင်လင် ရှူသွင်းလိုက်ပြီးနောက် မာရူး နေရာကနေ ထလိုက်တယ်။

“အာ၊ နိုးပြီလား"

ဆူယွန်းက မီးဖိုချောင်ဘေးမှာ ရပ်နေတာကို အံ့ဩစရာ တွေ့လိုက်ရတယ်။ မနေ့ညက မျက်ရည်တွေစိုရွှဲနေတဲ့ သူ့မျက်နှာက အစအနလေးတောင် မကျန်ဘဲ ပျောက်ကွယ်သွားပြီ။ အခုတော့ သူက သရုပ်ဆောင် ကင်ဆိုယွန်း ဖြစ်နေပြန်ပြီပေါ့။ ဒါဆို မနေ့ညက ဇာတ်ကြောင်းပြောပြတဲ့အချိန်ကတော့ ပြီးဆုံးသွားပြီပဲလို့ သတ်မှတ်ရမှာမို့ မာရူးလည်း နှုတ်ဆက်တဲ့အနေနဲ့ ခေါင်းတစ်ချက်ငြိမ့်ပြပြီး အထဲကို လျှောက်ဝင်သွားလိုက်တယ်။

“ရေသောက်မလား"

“သောက်မယ်"

ရေတစ်ခွက်ကို နှစ်ငုံတည်းနဲ့ ကုန်အောင် သောက်လိုက်တယ်။ ခန္ဓာကိုယ်ထဲက အိပ်ချင်မူးတူး ဖြစ်နေတာတွေ ချက်ချင်း စင်ကြယ်သွားသလို ခံစားလိုက်ရတယ်လေ။

“စောင်အတွက် ကျေးဇူးပဲနော်။ မင်းမှာ အနည်းဆုံးတော့ ယဉ်ကျေးမှုလေး ရှိသေးလို့ တော်သေးတယ်"

“ကျန်းမာသန်စွမ်းတဲ့ နည်းပြဆရာမတစ်ယောက်က ကျွန်တော်တို့ကို သင်ပေးတာကိုပဲ ပိုလိုချင်တာပါ"

“ဟင်း၊ မင်းကတော့ လုံးဝကို ချစ်စရာမကောင်းဘူး"

“ကျွန်တော့်အသက်အရွယ်နဲ့ ‘ချစ်စရာကောင်းတယ်’လို့ အပြောခံရရင် အဲဒါ ပြဿနာရှိနေလို့ပဲ"

“လူကြီးတစ်ယောက်လို စကားပြောတာပဲ"

“ရင့်ကျက်မှုမရှိတဲ့ လူကြီးတစ်ယောက် ဖြစ်နေတာထက်စာရင်တော့ ဒါက အများကြီး ပိုကောင်းတာပေါ့၊ မဟုတ်ဘူးလား။ ဒါနဲ့၊ ကလေးတွေကို သွားနှိုးရမလား။ ကျွန်တော်တို့ မကြာခင် အပြင်သွားရမယ် ထင်တယ်"

“နေပါစေဦး၊ အိပ်ပါစေဦး။ မနေ့ညက သူတို့ တော်တော်လေး ဖြစ်ပျက်သွားကြတာ။ သူတို့ကို နေ့လယ်စာစားချိန်ထိ အိပ်ခွင့်ပေးလိုက်ပြီးမှ ပထမဆုံး လေ့ကျင့်ခန်းကို စကြတယ်"

“လေ့ကျင့်ခန်း ဟုတ်လား"

“မင်းတို့ရဲ့ အသံအိုးအခြေအနေကို စစ်ဆေးချင်လို့။ အစ်မကြီးမီဆို ဘယ်လောက်အထိ ကောင်းကောင်းသင်ပေးထားသလဲဆိုတာ ကြည့်ရအောင်"

ဆူယွန်းက တိုစတာ မုန့်ကင်စက်ကို ထုတ်လိုက်တယ်။

“နေ့လယ်စာအတွက် ပေါင်မုန့်မီးကင်ပဲ စားလည်း အဆင်ပြေတယ်မလား"

“ထမင်း မရှိဘူးလားဗျာ"

“ပေးတာကိုပဲ ငြိမ်ငြိမ်စားစမ်းပါဦး။ ဒီလိုမျိုး ဂျဂျီဂဂျောင် လုပ်နေရင် မိန်းကလေးတွေကြားထဲ ရေပန်းစားမှာ မဟုတ်ဘူးနော်"

“ကျွန်တော် အရင်ကလည်း ပြောဖူးသားပဲ၊ ကျွန်တော့်ရည်းစားအပေါ်ကျရင် ကျွန်တော်က သိပ်ကြင်နာတတ်တာ။ ဒါကြောင့် အစ်မ စိတ်ပူစရာမလိုပါဘူး"

“မင်းမှာ ရည်းစားရှိတယ် ဟုတ်လား"

“အင်…. ရှိတယ်"

“ဟူး၊ မထင်မှတ်ထားလိုက်တာ။ မင်းက မိန်းကလေးတွေကို မုန်းနေတာလို့ ထင်နေတာ။ အထူးသဖြင့် ငါ့ကိုတောင် တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ဘူးဆိုတော့လေ"

“အစ်မက မနေ့ညက ပြောလက်စ စကားဝိုင်းကို ပြန်စချင်လောက်အောင်အထိ တကယ်ပဲ ပျင်းနေတာလား"

“တိတ်တိတ်ဆိတ်ဆိတ်နဲ့ အစားစားရတာကို ငါ အသည်းယားလို့ပါ၊ တောင်းပန်ပါတယ်"

“ဒါဆိုရင်လည်း ရည်းစားတစ်ယောက် ရှာလိုက်ပေါ့"

“ဘယ်လိုရှာရမှာလဲ။ မနေ့ညက မင်း ငါ့ကို ပြောခဲ့တဲ့ နည်းလမ်းအတိုင်းလား"

အာ... သူ နားထောင်နေခဲ့တာပဲ။ မာရူးလည်း ပေါင်မုန့်မီးကင်ပေါ်ကို ယိုတွေ သုတ်လိုက်ရင်းနဲ့ပဲ ပြန်ဖြေလိုက်တယ်။

“ဘာဖြစ်လို့ အိပ်ချင်ယောင်ဆောင်နေတာလဲ။ အခုတော့ ဘာမဟုတ်တာလေးနဲ့ ကျွန်တော်ပဲ အားနာစရာ ဖြစ်သွားရပြီ"

“ပျော်စရာကောင်းလို့လေ"

ဆူယွန်းက သူတို့နှစ်ယောက်လုံးအတွက် လိမ္မော်ရည်တစ်ခွက်စီ ငှဲ့ပေးလိုက်တယ်။

“ဒါနဲ့ မင်းရည်းစားက ဘယ်လိုလဲ။ ချစ်စရာကောင်းလား။ စိတ်နေသဘောထားကကော"

“အစ်မထက်တော့ နေရာစုံမှာ သာပါတယ်။ မျက်နှာကော၊ ကိုယ်လုံးကော၊ စိတ်နေသဘောထားကောပဲ"

“အို... သွားပါ၊ သူ့ကိုယ်လုံးက ငါ့ထက် ပိုလှစရာ အကြောင်းမရှိပါဘူး"

ဆူယွန်းက သူ့ရဲ့ ခြေတံရှည်ကြီးတွေကို ချိတ်လိုက်တယ်။ မာရူးအနေနဲ့ ပြင်ဆင်တွေးတောရမယ်ဆိုရင်တော့ လက်ရှိအချိန်မှာ ဆူယွန်းက ကိုယ်လုံးပိုလှတာကတော့ အမှန်ပါပဲ။

“အချိန်လေးတစ်ခုတော့ ပေးလိုက်ပါဦး"

“အဲဒီအချိန်ကျရင် သူက ပိုလှလာမယ်ဆိုတာ မင်းက ဘယ်လိုသိလဲ"

“ကျွန်တော့်မျက်လုံးက အကဲခတ် တော်လို့လေ"

“အီး... နှာဘူးကြီး"

“ယောက်ျားလေးဆိုတာ မွေးကတည်းက နှာဘူးတွေချည်းပါပဲဗျာ။ ကျွန်တော်တို့က ထိန်းချုပ်ထားကြတာ"

“အဲဒါ မင်းက နှာဘူးအကြီးစားကြီး ဖြစ်နေတယ်ဆိုတာ သက်သေပြလိုက်တာပဲ။ မရှက်ဘူးလား"

“မျက်ရည်တွေနဲ့ ဘဝဇာတ်ကြောင်းကို လျှောက်ပြောနေတဲ့သူလောက်တော့ မရှက်ပါဘူး။ ဒါနဲ့၊ ကျွန်တော် ဆေးရုံတက်တုန်းက လာလည်တော့ ကျွန်တော့်ရည်းစားနဲ့ မဆုံမိဘူးလား"

“ဆုံမိလား... ဆောရီးပဲ၊ ငါက ကိုယ်နဲ့မဆိုင်တဲ့သူတွေကို မှတ်မိနေတတ်တဲ့ လူစားမျိုး မဟုတ်လို့"

“မအံ့ဩပါဘူး"

ပါးစပ်ထဲက မုန့်ကင်က ဂျွတ်ခနဲ အသံမြည်သွားတယ်၊ စတော်ဘယ်ရီယိုက တော်တော်လေး အရသာရှိသားပဲ။ ဒါ ဘယ်ကလဲ။ ပုလင်းကို လှည့်ပြီး တံဆိပ်ကို ကြည့်လိုက်တော့ အင်္ဂလိပ်စာတွေချည်းမို့ ဖတ်ရတာ ခက်နေပြန်ရော။

“စားလို့ကောင်းတယ်မလား။ လက်ဆောင်ရထားတာလေ။ တစ်ပုလင်းကို တစ်သိန်းခွဲလောက် ပေးရတယ် ထင်တယ်"

“ဪ... ဒါကြောင့်မို့လို့ စားလို့ကောင်းနေတာကိုး"

“တစ်ပုလင်း ယူမလား"

“မယူပါရစေနဲ့။ အကြောင်းပြချက်မရှိဘဲ လက်ဆောင်တွေ လက်ခံရတာကို ကျွန်တော် သိပ်မကြိုက်လို့"

“နောက်နောင် ပတ်သက်ရမယ့် ဆက်ဆံရေးအတွက် လက်ဆောင်လို့ပဲ သဘောထားလိုက်ပေါ့။ ဒါပေမဲ့ ငါတို့က သူငယ်ချင်းတွေ ဖြစ်လာမယ့်ပုံတော့ မပေါက်ဘူးနော်"

“သဘောတူပါတယ်"

“မင်းက ဘာဖြစ်လို့ ငါ့ကို ဒီလောက်တောင် မုန်းနေရတာလဲ"

မာရူးက မုန့်ကို ဝါးရင်းနဲ့ပဲ ပြန်ဖြေလိုက်တယ်။

“အစ်မကို ဒီလောက်အထိ မမုန်းပါဘူးဗျာ။ အစ်မနဲ့ သူငယ်ချင်းဖြစ်ရမယ့် အကြောင်းပြချက် မရှိလို့ပါ။ အာ... ကျွန်တော် အစ်မကို ရှောင်နေသလို ဖြစ်နေရင်တော့ အဲဒါ အစ်မကို ကြောက်စရာကောင်းတဲ့သူလို့ သတ်မှတ်ထားလို့ပဲ။ ကျွန်တော်က ကြောက်စရာကောင်းတဲ့ မိန်းမတွေကို မကြိုက်ဘူး"

“ငါက ကြောက်စရာကောင်းတယ် ဟုတ်လား။ ဘာဖြစ်လို့လဲ။ ငါက ယောက်ျားတွေကို လှည့်စားတတ်လို့လား"

မာရူးက သူ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ရင်း ပြန်ပြောလိုက်တယ်။

“ကိုယ်လုပ်နေတဲ့ လုပ်ရပ်အပေါ် ဒီလောက်အထိ သတိပြုမိနေရင်တော့ ရပ်လိုက်တာ အကောင်းဆုံးပဲလို့ အကြံပေးချင်ပါတယ်။ အစ်မ ဘာလုပ်လုပ် ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး။ ဒါကို ကျွန်တော့်ကို တမင်သက်သက် လာပြောနေတာဆိုရင်တော့ ဘာဖြစ်လို့ ဒီလိုတွေ ဆက်လုပ်နေရတာလဲလို့ပဲ မေးချင်မိတယ်။ အစ်မ က ကြောက်စရာကောင်းတယ်လို့ ပြောတာက ကိုယ့်စိတ်ခံစားချက်ကို သွေးအေးအေးနဲ့ ထိန်းချုပ်နိုင်လွန်းလို့ပဲ။ ကျွန်တော်ကတော့ အားနည်းချက်လေးတွေရှိတဲ့ မိန်းကလေးတွေကိုပဲ သဘောကျတယ်"

ဆူယွန်းက မာရူးကို ကြည့်ရင်း “ဟွန်း” ဆိုပြီး အသံတစ်ချက် ပြုလိုက်တယ်။ သူ့ရဲ့ အပြုံးနဲ့ စွဲမက်စရာ မျက်ဝန်းတွေက ပြောင်းလဲမသွားပေမဲ့ သူ့မျက်လုံး အလှမ်းကျယ်ကျယ်ထဲမှာ တကယ်တော့ အေးစိမ့်နေတာကို မာရူး သတိထားမိလိုက်တယ်။

“မင်းက သိပ်ကို အေးစက်တာပဲ၊ ဒါပေမဲ့ တစ်ဖက်မှာလည်း ကြင်နာတတ်ပြန်ရော။ ကြောင်သူတော်လို စကားမျိုး ဖြစ်နေပေမဲ့ အဲဒါ အမှန်ပဲ။ မနေ့ညက ငါ့အကြောင်းတွေ အကုန်လုံးကို မင်းကို ဘာလို့ ပြောပြမိလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။ မင်းက ငါ့ကို နှစ်သိမ့်ပေးမယ့် လူစားမျိုး မဟုတ်ဘူး။ ဒါပေမဲ့ နားတော့ ထောင်ပေးတယ်။ ကိုယ်ချင်းစာပြဖို့ မကြိုးစားပေမဲ့ နားလည်ပေးတယ်။ မင်းဆီက ခွင့်လွှတ်မှုကို ငါ တောင်းခံလို့မရပေမဲ့ အနည်းဆုံးတော့ ဖွင့်ဟဝန်ခံလို့ ရခဲ့တယ်။ ပြီးတော့ ငါ အဆူခံဖို့ လိုအပ်နေတဲ့အချိန်မှာ မင်းက ဆူတောင် ဆူခဲ့သေးတယ်"

“ကလေးတစ်ယောက်ရဲ့ ဆူတာကို ခံရတာ စိတ်ချမ်းသာစရာ ဖြစ်သွားလို့လား"

“အင်း၊ သိပ်ကို စိတ်ချမ်းသာစရာ ကောင်းတယ်။ အခုတလော ငါ့စိတ်တွေ တော်တော်လေး ရှုပ်ထွေးနေခဲ့တာ၊ အခုတော့ အဲဒါတွေ အကုန်လုံး ပျောက်သွားပြီ။ လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ် ကိုက်ညီမယ့် ပုံစံမျိုးနဲ့ပဲ ရှင်သန်သွားရမှာ။ အတိတ်က ပုံစံအတိုင်း ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ငါ ဘာပဲလုပ်လုပ် ငါ့ရဲ့ ဒဏ်ရာအဟောင်းတွေကို ကုစားလို့ မရနိုင်တော့ဘူးလေ။ ဒါကြောင့် ဒီအတိုင်းပဲ ဆက်ရှင်သန်သွားတာကမှ ပိုကောင်းဦးမယ်"

ဆူယွန်းက လိမ္မော်ရည်ကို တစ်ငုံတည်းနဲ့ ကုန်အောင် သောက်လိုက်တယ်။

“လူတွေကို အဲဒီလိုမျိုး ဆက်ပြီး လှည့်စားဖို့ပဲ စိတ်ကူးနေဦးမယ်ဆိုရင်တော့ အသက်မပြည့်သေးတဲ့ ကလေးတွေကို သွားမပတ်သက်ပါနဲ့ဗျာ။ အထူးသဖြင့် ပြဇာတ်အဖွဲ့ထဲက ကောင်မလေးတွေကိုပေါ့"

“ငါ့မှာလည်း စံနှုန်းတွေ ရှိပါတယ်ဟ။ တော်တော်လေးလည်း မြင့်ပါတယ်။ မင်းထင်သလို ဘယ်သူ့ကိုမဆို လျှောက်လုပ်နေတယ် အောက်မေ့လို့လား"

“အင်း... အဲဒါက ချီးကျူးစကားလိုလို ဘာလိုလိုပဲနော်။ ကျေးဇူးတင်ပါတယ်"

“ဟား...”

ဆူယွန်းက မုန့် နောက်တစ်ချပ်ကို တိုစတာထဲ ထည့်လိုက်ပြန်တယ်။

“နောက်တစ်ချပ် ထပ်စားဦးမလား"

* * * * * * * * *

ဂျီယွန်းတစ်ယောက် သူ့ရှေ့က တံခါးကို မဖွင့်ရဲဘဲ ဖြစ်နေရှာတယ်။ သူ နိုးတာ တော်တော်ကြာပြီဖြစ်ပေမဲ့ အပြင်ကို ခြေလှမ်းမထုတ်ရဲဘူး။ ဆူယွန်းနဲ့ မာရူးတို့ အပြင်မှာ စကားပြောနေကြတာလေ။ စကားသံတွေကို အသေးစိတ် မကြားရပေမဲ့ အခုအချိန်မှာ ထွက်သွားရင် အခြေအနေက ချက်ချင်းဆိုသလို အနေခက်စရာ ဖြစ်သွားမယ်ဆိုတာ သူ သိနေတယ်။

‘ငါ ဘယ်လိုလုပ်ရပါ့မလဲ’

အဆိုးဆုံးကတော့ မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို အကုန်အစင် မှတ်မိနေတာပဲ၊ မာရူးကို ဘာတွေလျှောက်ပြောမိလဲဆိုတာ ပြန်တွေးမိရုံနဲ့တင် မျက်နှာကြီး ရဲခနဲ ရဲခနဲ ဖြစ်လာရတယ်။ နောက်ဆို ဘယ်တော့မှ အရက် ထပ်မသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်မိတယ်။

“အိမ်သာ သွားမလို့"

“အမလေး... လန့်လိုက်တာအေ"

အာရမ်က အိပ်ချင်မူးတူး မျက်နှာကြီးနဲ့ တံခါးလက်ကိုင်ကို လာကိုင်နေတာမို့ ဂျီယွန်းလည်း အဲဒီကောင်မလေးကို လှမ်းတားလိုက်ရတယ်။

“အပြင်မှာ အခြေအနေမကောင်းဘူး"

“တကယ်ကြီးလား"

“အင်းလေ၊ စီနီယာနဲ့ နည်းပြဆရာမနဲ့...”

“တကယ်ကြီးလားးးး"

ဂျီယွန်းလည်း လန့်ဖျပ်သွားတဲ့ မျက်နှာနဲ့ ပါးစပ်ကို ပိတ်ထားလိုက်မိတယ်၊ အာရမ်ရဲ့ မျက်နှာကတော့ စနောက်ချင်တဲ့ ပုံစံမျိုးနဲ့ ပြုံးစိစိ ဖြစ်နေလေရဲ့။ ဟုတ်သားပဲ၊ ဒီကောင်မလေးက သူနဲ့မှ မတူတာ။ ပြဿနာတစ်ခုခုနဲ့ တိုးတော့မယ်ဆိုတာကို သိသိကြီးနဲ့ တံခါးကို ဆွဲဖွင့်လိုက်တာပဲ။ ဒါပေမဲ့ ကံမကောင်းချင်တော့ တံခါးဖွင့်လိုက်တာနဲ့ သူ့ရှေ့တည့်တည့်မှာ မာရူးက ရပ်နေတာကို ဆုံလိုက်ရတယ်။

“အာ၊ စီနီယာ။ အပြင်မှာ စိတ်ဝင်စားစရာတွေ ဖြစ်နေတယ်လို့ ကြားလို့"

“မရှိပါဘူး။ သွား၊ မျက်နှာသွားသစ်ချေ။ ရုပ်ကိုက စုတ်ပြတ်နေတာပဲ"

“တကယ်ကြီးလား"

အာရမ်က ဘာမှမဖြစ်ခဲ့သလိုမျိုး အိမ်သာဘက်ကို လျှောက်သွားတော့မှ ဂျီယွန်းလည်း မာရူးကို အနေခက်တဲ့ အပြုံးလေးနဲ့ လှမ်းကြည့်လိုက်တယ်။

“မင်း...”

“ဟု... ဟုတ်ကဲ့"

“ဘီယာ သုံးခွက်ထက် ပိုပြီး ဘယ်တော့မှ မသောက်နဲ့"

“... ဟုတ်ကဲ့ပါ"

အဲဒီအချိန်မှာပဲ ဧည့်ခန်းထဲကနေ သီချင်းသံအကျယ်ကြီး ထွက်လာတယ်။ ဆူယွန်းက ရီမုဒ်ကို နှိပ်လိုက်တိုင်း အသံက ပိုပိုပြီး ကျယ်လာလေရဲ့။

“ထကြတော့ ကလေးတို့ရေ။ နေ့လယ်စာ စားရမယ့် အချိန်ရောက်ပြီ"

* * * * * * * * *

ဒိုဝူးက သူ့လက်ထဲကို လေသာသာလေး မှုတ်ထုတ်ကြည့်လိုက်တော့ လေထဲမှာ ဆိုဂျူနံ့ သဲ့သဲ့လေး ကျန်နေသေးတယ်။ အထက်တန်းကျောင်း စတက်ခါစကတည်းက လူမိုက်ကလေးတွေဆီကနေ အရက်သောက်တာကို သင်ခဲ့ဖူးတာပေမဲ့ မနေ့ညကလို ဆိုဂျူဗုံးတွေ အများကြီး သောက်ခဲ့ရတာကတော့ ဒါ ပထမဆုံးအကြိမ်ပဲ။

အရင်က နည်းနည်းပါးပါး သောက်ဖူးရုံနဲ့ အရက်သောက်တာကို အထင်သေးခဲ့မိတာ နောင်တရမိတယ်။ တစ်ခွက်နှစ်ခွက် သောက်ပြီးတာနဲ့ စိတ်တွေ လွတ်သွားပြီး သတိရတဲ့အချိန်မှာတော့ အိမ်သာထဲ ရောက်နေခဲ့ပြီ။ နောက်တစ်ကြိမ် သတိပြန်ဝင်လာတော့ သူ့ဘေးမှာ သတိမေ့ပြီး လှဲနေတဲ့ ဒေးမြောင်ကို တွေ့ရတယ်၊ အဲဒီကောင်လေးက ဖြူဖျော့နေတဲ့ မျက်နှာကြီးနဲ့ အန်ချင်သလို ဖြစ်နေတိုင်း သူ့ကျောထဲမှာ စိမ့်ခနဲ စိမ့်ခနဲ ဖြစ်သွားရတယ်။ တော်သေးတာက ညဘက်မှာ ဒေးမြောင် အန်မချခဲ့လို့ပဲ။

“အဲဒီနည်းပြဆရာမကတော့ ထူးဆန်းတာပဲ"

သူတို့တွေ နေ့လယ်စာစားပြီးတဲ့နောက် အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်ကို တက်သွားပြီး အားရပါးရ အော်ဟစ်ခဲ့ကြတယ်။ သူက နောက်ကနေ ပံ့ပိုးပေးမယ့်အဖွဲ့ဝင်ပဲ လုပ်မှာပါလို့ ပြောတော့ ဆူယွန်းက သူ့ကို ရယ်ပဲရယ်နေခဲ့ပြီး ရလဒ်အနေနဲ့ကတော့ ကောင်းကင်ကြီးကို မော့ပြီး အသံကုန် အော်ခဲ့ရတယ်။ ဒါပေမဲ့ အဲလိုလုပ်ပြီးတဲ့နောက်မှာတော့ စိတ်ထဲ တော်တော်လေး ရှင်းလင်းသွားသလို ခံစားရတာမို့ ဒါက အမြတ်ပဲလို့ ပြောရမယ်။

အဲဒီနောက်မှာတော့ ဆူယွန်းက အဖွဲ့သားတွေကို ဗိုက်ပေါ် လက်တင်ပြီး အသံထုတ်ခိုင်းတယ်။ ပုံမှန်အတိုင်း စကားပြောတာကော၊ အော်တာကော လုပ်ခိုင်းပြီးတော့ ဝမ်းဗိုက်နဲ့ အသက်ရှူနည်းကိုပါ သင်ပေးခဲ့သေးတယ်။ ဒေးမြောင်က အသက်ရှူကျပ်သွားလိမ့်မယ်လို့ ဆူယွန်းက ပြောတုန်းက ရယ်နေခဲ့တာ၊ တကယ်တမ်း လုပ်ကြည့်ရတဲ့အခါကျမှ လန့်သွားရှာတယ်။

“ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြဦးစို့။ မနက်ဖြန်ကျမှ ပြဇာတ်တစ်ခု ရွေးပြီး ပိုပြီး လေ့ကျင့်ကြတယ်။ ငါက သင်ပေးရတာ သိပ်မကျွမ်းကျင်တော့ မင်းတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားကြဦး"

သူ့စကားက တာဝန်မဲ့သလို ကြားရပေမဲ့ သူ့ရဲ့ ပုံစံနဲ့တော့ ကွက်တိပါပဲ။ ဆူယွန်းက ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်ဆိုပေမဲ့ သင်ပြပေးတဲ့အချိန်ကျရင်တော့ သိပ်ကို တည်ကြည်တာ။ ယုံကြည်ရတာတော့ အမှန်ပဲ။

“ငါက ပစ္စည်းကိရိယာတွေပဲ လုပ်ရမှာကို"

ဒိုဝူးက ဘတ်စ်ကားပေါ် တက်ရင်းနဲ့ပဲ တောက်ခေါက်လိုက်မိတယ်။ သူက စိတ်ရှုပ်စရာ ကောင်းတာတွေကို သိပ်မုန်းတာ၊ အခုတော့ နောက်နောင်ကျရင် ပိုပြီး စိတ်ရှုပ်စရာတွေ ဖြစ်လာတော့မယ်ဆိုတဲ့ ခံစားချက်ကြီး ဝင်နေမိတော့တယ်။

All Chapters