အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း(၂၀၇)
ဂန်ဟွမ်ဟာ အပေါ်ကနေ ထိုးချနေတဲ့ မီးရောင်အောက်က စင်မြင့်ထက်မှာ မတ်တတ်ရပ်နေတယ်။ ဇာတ်ရုံအသေးလေးထဲမှာ သူ မကပြဖြစ်တာ တော်တော်တောင် ကြာသွားပြီပဲ၊ ဒါပေမဲ့လည်း သူတို့ပြဇာတ်က မနက်ဖြန်ဆို စတင်ကပြတော့မှာပါ။ ဇာတ်တိုက်တာကတော့ မကြာခင်ကတည်းက ပြီးသွားခဲ့ပေမဲ့ ဇာတ်ရုံကို တခြားတစ်ယောက်ယောက်က ရုတ်တရက်ကြီး လာငှားသွားတာကြောင့် သူတို့ အချိန်ဇယားက နည်းနည်းလေး နောက်ဆုတ်သွားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ငွေကြေးက အမြဲတမ်း ပထမပဲမဟုတ်လား။
“အမလေး... မင်းသားကြီး ယန် ရေ၊ မီးရောင်အောက်မှာ ကြည့်ကောင်းနေလိုက်တာ” လို့ မီဆိုက ပြုံးပြုံးလေး ပြောလိုက်တယ်။
“သိတာပေါ့၊ သိတာပေါ့”
“ဒီဘက်လာပြီး ကော်ဖီသောက်ဦး”
ဂန်ဟွမ်ဟာ မီဆိုဆီကနေ စက္ကူခွက်ကလေးကို လှမ်းယူလိုက်တယ်၊ နာမည်ကြီး တံဆိပ်တစ်ခုက ကော်ဖီပဲ။ သူက ကော်ဖီခွက်ကို ငေးကြည့်ရင်း မေးခွန်းတစ်ခု မေးလိုက်တယ်။
“ဒါတွေက ဘယ်လောက်ပေးရတာလဲ”
“ငါးထောင်”
“ဒါဆို ငါတို့ဇာတ်ရုံရဲ့ လျှော့စျေးနဲ့ လက်မှတ်ခကကော ဘယ်လောက်လဲ”
“ငါးထောင်”
“ငါထင်တဲ့အတိုင်းပဲ”
“ဘာလဲ၊ ကော်ဖီက သိပ်စျေးကြီးနေလို့လား”
“မဟုတ်ပါဘူး၊ ငါတို့ ပိုပြီး ကြိုးစားရဦးမယ်လို့ ခံစားလိုက်ရလို့ပါ။ ဒီကော်ဖီတစ်ခွက်ရဲ့ တန်ဖိုးက တစ်နာရီခွဲကြာတဲ့ ပြဇာတ်တစ်ပုဒ်ရဲ့ တန်ဖိုးနဲ့ အတူတူပဲဆိုတာက ပြဇာတ်တွေ ဘယ်လောက်တောင် လူကြိုက်နည်းနေလဲဆိုတာကို အထင်အရှား ပြနေတာပဲ။ စိတ်မကောင်းစရာ သိပ်ကောင်းတာပဲနော်”
“ဘာလို့ ဒီလောက်တောင် စိတ်ဓာတ်ကျနေရတာလဲ၊ နင်နဲ့လည်း မတူလိုက်တာ”
“ငါလည်း မသိဘူး၊ ပိုက်ဆံကိစ္စကို စိုးရိမ်နေမိရုံပါ။ ငါ အိမ်ထောင်ပြုရဦးမယ်၊ အိမ်တစ်လုံး ဝယ်ရဦးမယ်၊ ပြီးတော့ ကလေးတစ်ယောက်လည်း ယူရဦးမယ်လေ။ အခု ငါရှာနေတဲ့ ပိုက်ဆံက မိသားစုတစ်စုကို ထောက်ပံ့ဖို့ လိုအပ်မယ့် ပမာဏနားတောင် မကပ်နိုင်ဘူး၊ ပိုက်ဆံစုဖို့ကို ပိုပြီး စဉ်းစားရတော့မယ်”
“ဒါတွေအားလုံး မလုပ်ခင် အရင်ဆုံး ရည်းစားတစ်ယောက် အရင်ရှာပါလား။ ပြီးတော့ နင်လုပ်နေတဲ့ ထူးထူးဆန်းဆန်း အလုပ်တွေကိုလည်း လျှော့ဦး။ ရူးသွပ်တာက သရုပ်ဆောင်တဲ့နေရာမှာ ကောင်းနိုင်ပေမဲ့ နင့်ရဲ့ အချစ်ရေးအတွက်တော့ ဘာမှ အထောက်အကူမပြုဘူး”
“ဟား... ငါ့လိုလူကို ပြုစုစောင့်ရှောက်ပေးမယ့် မိန်းမမျိုးကော ရှိပါဦးမလား”
“နင်က ကလေးလား”
“ဟေ့... ယောက်ျားတွေဆိုတာ ဘယ်တော့မှ တကယ်ကြီးမားမလာဘူးဆိုတာ မင်းမသိဘူးလား”
“ဘယ်သူက စိတ်ဝင်စားလို့လဲ”
မီဆိုက ဂန်ဟွမ်ရဲ့ခေါင်းကို သူမရဲ့ လက်ညှိုးလေးနဲ့ တွန်းလိုက်တယ်။ ဂန်ဟွမ်ဟာ စင်မြင့်ကို ငေးကြည့်နေမိတယ်၊ သူက ဒီဘဝကို မနှစ်သက်တာတော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက သရုပ်ဆောင်ရတာကို ဝါသနာပါလွန်းလို့ အရာအားလုံးကို စွန့်လွှတ်ခဲ့တာ။ အမျိုးသားပြဇာတ်အဖွဲ့ကြီးမှာ အလုပ်လုပ်ရတာက ပျင်းစရာကောင်းလွန်းတယ်လို့ သူမြင်မိတာကြောင့် အဖွဲ့ကနေထွက်ပြီး အဖွဲ့အစည်းအသေးလေးတစ်ခုဆီ ကူးပြောင်းခဲ့တယ်။
အဲဒီမှာ သူ နာမည်တစ်လုံး တည်ဆောက်ပြီး ဆိုးလ်က နာမည်ကြီးပြဇာတ်အဖွဲ့တစ်ခုထဲကို ဝင်ခဲ့ပြန်တယ်။ ပြဿနာက ဂန်ဟွမ်ဟာ အုပ်စုလိုက် စုပေါင်းလုပ်ရတဲ့ အလုပ်မျိုးကို သိပ်သဘောမကျတာပဲ။ အဲဒီမှာ အလုပ်လုပ်ရတာက အရင်ကထက်စာရင် လွတ်လပ်မှု ပိုရှိပေမဲ့ သူ့အတွက် ကိုယ်ပိုင်အချိန်ကတော့ သိပ်မရှိသလောက်ပဲ။ ပိုဆိုးတာက သူကပြရမယ့် ပြဇာတ်တွေအပေါ်မှာ သူက ဆုံးဖြတ်ပိုင်ခွင့် မရှိတာပါ။
ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ လခကို လစဉ်ပုံမှန်ရပြီး မိမိဆီ သတ်မှတ်ပေးလာတဲ့ ဘယ်ပြဇာတ်မှာမဆို သရုပ်ဆောင်ရတယ်။ တစ်ခါတလေကျရင် မိမိ မနှစ်သက်တဲ့အရာ ဖြစ်နေပါစေဦးတော့ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံအောင် လုပ်ပြဖို့ လိုအပ်တတ်ပြီး ဂန်ဟွမ်ကတော့ အဲဒီလိုမျိုး လုပ်ရတာကို အင်မတန် မုန်းတီးပါတယ်။
ပိုက်ဆံက အရေးမကြီးဘူးလို့ ပြောတာမဟုတ်ပါဘူး၊ သူက ပိုက်ဆံရှာဖို့ လုပ်နေတဲ့ အလုပ်တစ်ခုကို ပျော်ပျော်ရွှင်ရွှင်ပဲ လုပ်ချင်ရုံကလေးပါ။ ဒါကြောင့် သူက ပြဇာတ်အဖွဲ့ကနေ ထွက်ခဲ့တယ်။ သူ့သူငယ်ချင်း တော်တော်များများကတော့ သူ့ကို ရူးနေတာပဲလို့ ပြောကြတယ်၊ အစိုးရက ဦးစီးတဲ့ ပြဇာတ်အဖွဲ့ကနေ ထွက်ခဲ့ပြီးပြီ၊ အခုလည်း ဆိုးလ်က နာမည်ကြီးပြဇာတ်အဖွဲ့ကနေ ထပ်ထွက်ပြန်ပြီဆိုတော့။ သူတို့က သူ ဘာတွေ ကြံစည်နေတာလဲလို့ မေးကြတဲ့အခါ ဂန်ဟွမ်က “သရုပ်ဆောင်ဖို့ပေါ့” လို့ပဲ ပြန်ဖြေခဲ့တယ်။
အဲဒီနောက်မှာတော့ သူဟာ ဂျွန်မင်းနဲ့ ဆုံတွေ့ခဲ့ပြီး အလွတ်တန်း သရုပ်ဆောင်တစ်ယောက်လို စပြီး လုပ်ကိုင်ခဲ့ပါတယ်။ သူ လိုချင်တဲ့ ဇာတ်ကောင်နေရာ ရှိလာတဲ့အခါ အဲဒါကို ရရှိဖို့အတွက် သူ့ရဲ့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ သူ လုပ်ချင်တဲ့ ပြဇာတ်တစ်ခုကို တွေ့ရင်လည်း အဲဒါကို ထုတ်လုပ်ဖို့ သူ့ရဲ့ ပိုက်ဆံအားလုံးကို ရင်းနှီးမြှုပ်နှံခဲ့တယ်။
ဒီလိုပုံစံနဲ့ ရှင်သန်နေထိုင်ရတာက သူ့အတွက် ဘာပြဿနာမှမရှိပေမဲ့ နောက်ပိုင်းမှာတော့ သူ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် နာမည်ကြီး သရုပ်ဆောင်တွေတောင်မှ မီးမောင်းထိုးပြသတဲ့ နေရာကနေ အချိန်အကြာကြီး ပျောက်ကွယ်သွားရင် လူတွေရဲ့ စိတ်ထဲကနေ အလွယ်တကူ မေ့လျော့သွားတတ်ကြတာပဲမဟုတ်လား။
“ငါ လိုချင်တဲ့အရာတွေကိုပဲ လုပ်ပြီး အသက်မွေးဖို့ဆိုတာ ခက်ခဲလိမ့်မယ်၊ ဟုတ်တယ်မလား”
ဂန်ဟွမ်ဟာ စင်မြင့်ကြမ်းပြင်ပေါ်ကို လက်တစ်ဖက် ထောက်လိုက်တယ်။ သူက အသက် ၃၂ နှစ် ရှိပြီ။ အရာသစ်တစ်ခုကို စတင်ဖို့အတွက် အများကြီး နောက်မကျသေးသလို သိပ်လည်း မစောတော့ပါဘူး။ အခုခေတ်မှာ လူတိုင်းက မိမိတို့ရဲ့ အတွေးတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ သိပ်ကို မြန်ဆန်ကြတယ်။ အဆိုတော်တွေတောင်မှ အခုခေတ်မှာ သရုပ်ဆောင်လာကြတာကို သူ လွန်ခဲ့တဲ့ခေတ္တကတည်းက သတိထားမိခဲ့တာပဲ။ သရုပ်ဆောင်ဆိုတဲ့ စကားလုံးက သရုပ်ဆောင်ကောင်းတဲ့လူ ဆိုတာထက် သရုပ်ဆောင်နေတဲ့လူ ဆိုတဲ့ အဓိပ္ပာယ်မျိုး ပိုဖြစ်လာခဲ့ပြီ။
ဒါပေမဲ့လည်း အဆိုတော်တွေက အခုထက်ထိတော့ ဇာတ်ရုံအသေးလေးတွေအပေါ်မှာ ဩဇာသက်ရောက်မှု သိပ်မရှိသေးပါဘူး။ သူတို့ကို များသောအားဖြင့် ဂီတအော်ပရာတွေ၊ အကြီးစား ပြဇာတ်ကြီးတွေ ဒါမှမဟုတ် ဇာတ်လမ်းတွဲတွေထဲမှာပဲ ထည့်သွင်းလေ့ရှိကြတယ်။ သူတို့ တကယ်တောက်ပနိုင်မယ့် နေရာမျိုးတွေပေါ့။
သူ့ရဲ့ အိပ်မက်တွေကို ဘယ်တော့မှ လက်မလျှော့ခဲ့တဲ့ ဂန်ဟွမ်ရဲ့ စီနီယာတစ်ယောက်ဟာ လတ်တလောမှာတင် အဆိုတော်တစ်ယောက်ကြောင့် သူ့ရဲ့ ဇာတ်ကောင်နေရာကို ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း အိပ်မက်တွေကို လက်လျှော့သွားခဲ့တယ်။ အဲဒီစီနီယာက အဲဒီကိစ္စအပေါ်မှာ သိပ်ပြီး စိတ်မကောင်းဖြစ်မနေဘဲ ဒါက လောကသဘာဝပဲလို့ပဲ ပြောခဲ့ပါတယ်။ သူက ရေစီးကြောင်းကို ဆန့်ကျင်ပြီး မတိုက်ခိုက်နိုင်တာကြောင့် ရေစီးကြောင်းအတိုင်းပဲ မျောလိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဂီတအော်ပရာလောကထဲကို ဝင်လာကြတဲ့ အဆိုတော်တွေဟာ သိပ်ကို ဆိုးဝါးတဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး အင်တာနက်တစ်ခွင်မှာလည်း ဆဲဆိုဝေဖန်တာ ခံခဲ့ကြရတယ်။ အဲဒါကို ကြည့်ရင်း ဂန်ဟွမ်ဟာ ဒီလုပ်ငန်းခွင်ကြီးက အဆိုတော်တွေဘက်ကို တကယ်ပဲ ယိမ်းပိုင်စီးဆင်းနေပြီလို့ပဲ ခံစားမိခဲ့တယ်။ အဆိုတော်တွေက ဝေဖန်စရာ အငြင်းပွားမှုတွေကို ဖန်တီးပေးတယ်၊ အငြင်းပွားမှုတွေက ပိုက်ဆံရစေပြီး သရုပ်ဆောင်လောကကလည်း ပိုက်ဆံကို သိပ်ကို လိုအပ်နေတာပါ။ အဆိုတော်တစ်ယောက်တည်းကနေ သူတို့ဆီ ယူဆောင်လာပေးနိုင်တဲ့ ငွေကြေးပမာဏက မယုံနိုင်စရာပဲ။
သူတို့ရဲ့ ဆိုးဝါးလှတဲ့ သရုပ်ဆောင်မှုတွေ ရှိနေပါစေဦးတော့၊ အဆိုတော်တွေ ပါဝင်တဲ့ ဂီတအော်ပရာတွေဟာ အမြဲတမ်း လက်မှတ်တွေ အကုန်အစင် ရောင်းထွက်ကုန်ကြတာပဲ။ လောကကြီးက ဘာတွေ ဖြစ်ပျက်နေတာပါလိမ့်။ လူတွေ ပြောတာသာ မှန်မယ်ဆိုရင်တော့ အဲဒီဂီတအော်ပရာတွေဟာ လုံးဝဥဿုံ ကျရှုံးမှုကြီးနဲ့ပဲ အဆုံးသတ်ရမှာပါ။ ဒါပေမဲ့ ခြုံငုံပြီး ကြည့်လိုက်ရင်တော့ အဲဒါက ထင်ရှားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်နေခဲ့တယ်။
အိပ်မက်တွေကို လက်လျှော့ခဲ့တဲ့ စီနီယာကတော့ ဒီအကြောင်းကို ကြားပြီးနောက် ခါးခါးသီးသီး ပြုံးလိုက်တယ်။ “သရုပ်ဆောင်တွေဆိုတာ စင်ပေါ်ကို ဘယ်နှစ်ကြိမ် တက်ခဲ့ဖူးလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကြီးထွားလာကြတာပါ။ သူတို့ဆီ ပေးအပ်လာတဲ့ အခွင့်အရေး အရေအတွက်ကသာ သူတို့ကို ပျိုးထောင်ပေးတာ။ စောင့်ကြည့်နေလိုက်။ အဲဒီအဆိုတော်တွေဟာ မကြာခင်မှာ ငါ့ထက်တောင် သရုပ်ဆောင် ပိုကောင်းလာကြလိမ့်မယ်” တဲ့။
အဲဒီလူ ပြောတာ မှန်ပါတယ်။ ဖျတ်ခနဲဆိုသလိုပဲ အဲဒီအဆိုတော်တွေဟာ ကျွမ်းကျင်သူတွေလို သရုပ်ဆောင်နိုင်လောက်တဲ့အထိ တော်လာခဲ့ကြတယ်။ သူတို့ဆီ ဦးတည်နေတဲ့ ဝေဖန်မှုတွေ ပျောက်ကွယ်သွားခဲ့တာဟာ အဲဒီအဆိုတော်တွေက တကယ်ပဲ အနာဂတ်အသစ် ဖြစ်နေပြီဆိုတဲ့ ခိုင်မာတဲ့ သက်သေပဲပေါ့။
လုပ်ငန်းခွင်ကလည်း ဒီအချက်ကို လက်လွှတ်မခံခဲ့တာကတော့ အမှန်ပါပဲ။ သူတို့က စင်ပေါ်မှာ တင်ဆက်ဖို့အတွက် ချောမောလှပတဲ့ အဆိုတော်တွေကို ပိုပြီး စည်းရုံးသိမ်းသွင်းလာကြတယ်။ သရုပ်ဆောင်တွေက အကြီးအကျယ် ကန့်ကွက်ကြပေမဲ့ ဘယ်သူက ဂရုစိုက်မှာလဲ။ အဆိုတော်တွေရှိတဲ့နေရာမှာ ပိုက်ဆံရှိတာပဲလေ။ နာမည်ကြီး သရုပ်ဆောင်ကြီးတွေကတော့ သူတို့နဲ့အတူ တွဲဖက်လုပ်ကိုင်မယ့်သူတွေကို ရွေးချယ်နိုင်သေးပေမဲ့ သရုပ်ဆောင် တော်တော်များများကတော့ ဂီတအော်ပရာထဲကို အလွယ်တကူ ဝင်ရောက်လာကြတဲ့ အဆိုတော်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ကြရတယ်။
“ငါလည်း သီချင်းဆိုရရင် ကောင်းမလားမသိဘူး”
“နင်က အဲဒါကို လွယ်တယ်လို့ ထင်နေတာလား”
“အသက်သုံးဆယ်အရွယ် အဆိုတော်တစ်ယောက်ပေါ့။ မင်း ဘယ်လိုထင်လဲ”
“ဘာတွေလဲဟ။ ဂန်ဟွမ်... စိတ်ပြန်စုစည်းစမ်း။ နင် ပြောနေတာတွေက အဓိပ္ပာယ်ကို မရှိတော့ဘူး”
“ငါက လူထူးဆန်းတစ်ယောက်အနေနဲ့ လူသိများတယ်လို့ ငါထင်ထားတာ”
“ဒါပေမဲ့ နင်က ရယ်စရာမကောင်းဘူးလေ။ ထူးထူးဆန်းဆန်းဟာသ ပြောတာနဲ့၊ စိတ်ပျက်စရာကောင်းတဲ့ အူကြောင်ကြောင်တွေ လျှောက်ပြောနေတာနဲ့က ဘယ်လိုမှမတူဘူး”
မီဆိုက စင်မြင့်ပေါ်မှာ သူ့ဘေးနား ဝင်ထိုင်လိုက်တယ်။ သူမက သူနဲ့အတူ သရုပ်ဆောင်ဖို့ ချက်ချင်း သဘောတူခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သူက ပိုက်ဆံအများကြီး မပေးနိုင်ဘူးလို့ ပြောခဲ့စဉ်တုန်းက သူမက သူ့ကို လက်သီးနဲ့ ထိုးခဲ့ပေမဲ့လည်း အခုထက်ထိတော့ ပါဝင်ကူညီပေးနေတုန်းပဲ။
“ကဲပါ... ပေါတောတော လုပ်နေတာတွေကို ရပ်ပြီး မနက်ဖြန် ပြဇာတ်အကြောင်းပဲ စဉ်းစားစမ်းပါ။ အဲဒါမှ နင်နဲ့ တူမှာ”
“ဟေ့... လုပ်ပါဦး။ ငါ အသက်သုံးဆယ် ရှိပြီလေ။ ငါ အခုအချိန်မှာ လက်တွေ့ဘဝအကြောင်း စတင်စဉ်းစားလို့ မရဘူးလား။ မင်းမှာ ရည်းစားလည်းရှိ၊ ပိုက်ဆံလည်းရှိနေလို့ ငါ့ကို နှိမ်ဖို့ ကြိုးစားနေတာလား”
“အေးပေါ့။ နင် အမျိုးသားပြဇာတ်အဖွဲ့ကနေ ထွက်ခဲ့တုန်းက ငါက စက်ရုံမှာ အလုပ်လုပ်ခဲ့ရတာ။ နင် ဆိုးလ်က နာမည်ကြီးပြဇာတ်အဖွဲ့မှာ အလုပ်လုပ်နေတုန်းကလည်း ငါက ရသမျှ စင်မြင့်တိုင်းပေါ်မှာ တက်ပြီး ကခဲ့ရတာ။ ဒါတွေအားလုံး လုပ်ပြီးတာတောင် ငါ့မှာ မင်းထက် ပိုက်ဆံနည်းနေသေးရင် ငါ စိတ်မကောင်းဖြစ်ရမှာပေါ့”
“ရပါပြီ... မီဆို ရေ။ မင်းအတွက် ဝမ်းသာပါတယ်။ ငါ မနာလိုဖြစ်ရလွန်းလို့၊ သိပ်ကို မနာလိုဖြစ်ရလွန်းလို့”
ဂန်ဟွမ်ဟာ သူ့လက်ထဲက စက္ကူခွက်ကလေးကို ဆုပ်ချေလိုက်တယ်။ ဒီနေ့တော့ သူ ကလေးဆန်တဲ့ ခံစားချက်မျိုး ဖြစ်နေမိတယ်၊ ဒါက လွန်ခဲ့တဲ့ မနေ့ကတင် သူ့စီနီယာနဲ့ တွေ့ခဲ့ရလို့ နေမှာပါ။ အဲဒီလူက နှစ်အနည်းငယ်ကြာမှ သူ့ကို အရက်သောက်ဖို့ ခေါ်ခဲ့ပြီး ဂဟေဆော်တဲ့အလုပ်က ပိုက်ဆံ တော်တော်လေးရတယ်လို့ ပြောခဲ့တယ်။ ဆိုဂျူ တစ်ပုလင်း၊ နှစ်ပုလင်း သောက်ပြီးတဲ့နောက် စီနီယာက စားပွဲပေါ် မှောက်ချရင်း ခပ်တိုးတိုး ရေရွတ်ခဲ့သေးတယ်။
“ဘဝက ဘာလို့ ဒီလောက်တောင် ပျင်းစရာကောင်းနေရတာလဲ။ ငါ့ဘဝက တည်ငြိမ်နေပေမဲ့ ထူးခြားတာ ဘာမှမရှိတော့ဘူး။ ဒီဘက်ကို ဘယ်တော့မှ မလာနဲ့၊ ဂန်ဟွမ်။ မင်း သေရမယ်ဆိုရင်တောင် အဲဒီမှာပဲ သေလိုက်စမ်း။ ငါ့လိုလူမျိုးတော့ မဖြစ်စေနဲ့”
လူတွေက သူတို့ရဲ့ အိပ်မက်တွေကို တကယ်ကြီး လက်လျှော့နိုင်ကြလိမ့်မယ်လို့ ဂန်ဟွမ်ကတော့ မယုံကြည်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အိပ်မက်တွေဆိုတာ အမြဲတမ်း မိမိတို့ရဲ့ မျက်စိရှေ့မှောက်မှာ ပျံဝဲနေပြီး မိမိကို လာဖမ်းယူဖို့ ပြက်ရယ်ပြု စိန်ခေါ်နေတတ်ကြလို့ပဲ။
လူတွေက လက်လျှော့လိုက်ပြီလို့ ပြောကြရင် အဲဒါက သူတို့ မျက်စိမှိတ်ထားလိုက်ကြတာကိုပဲ ဆိုလိုတာပါ။ သူတို့က အိပ်မက်တွေကို မိမိတို့ရဲ့ အစွမ်းကုန် လျစ်လျူရှုထားကြရုံသက်သက်ပါ၊ ဘာလို့လဲဆိုတော့ မျက်လုံး ပြန်ဖွင့်လိုက်တာနဲ့ အဲဒီအိပ်မက်တွေနောက်ကို ပြန်ပြီး လိုက်လံဖမ်းဆီးနေမိကြလိမ့်မယ်ဆိုတာ သူတို့ သိနေကြလို့ပဲ။
“မင်း Cats ကို ကြည့်ခဲ့လား” လို့ ဂန်ဟွမ်က မေးလိုက်တယ်။
မီဆိုက ခေါင်းညိတ်ပြတယ်။
“ဘယ်လိုလဲ။ သူ တော်ရဲ့လား”
“ဘယ်သူလဲ။ Getit လား ဘာလားဆိုတဲ့ အဆိုတော်လား”
“အေး”
“အင်း... အေးပါ၊ သူ တော်ပါတယ်။ သူက တွဲဖက်သရုပ်ဆောင်တာကနေ သူ ထွက်လာတဲ့အချိန်တိုင်း ပရိသတ်တွေက အုန်းအုန်းထကြတာပဲ။ ငါတော့ ဖျော်ဖြေပွဲတစ်ခုကို ရောက်နေသလိုတောင် ခံစားရတယ်၊ မီးချောင်းလေး လွှဲယမ်းနေတဲ့ လူတစ်ယောက်ကိုတောင် တွေ့ခဲ့သေးတယ်။ ဝန်ထမ်းတွေက ချက်ချင်းပဲ လာသိမ်းသွားကြပေမဲ့လည်း... မင်းသိလား၊ ငါ အံ့ဩမိတယ်။ လူငယ်တွေ အများကြီးက ဒီလိုမျိုး ပြင်းပြတဲ့ စိတ်အားထက်သန်မှုတွေနဲ့ ပြဇာတ်ကို ကြည့်နေကြတာ... တစ်မျိုးတော့ စိတ်မကောင်းဖြစ်မိသား”
မီဆိုကလည်း သရုပ်ဆောင်တစ်ယောက်ပါပဲ။ သူမက များသောအားဖြင့် သင်တန်းဆရာမတစ်ယောက်အဖြစ် လုပ်ကိုင်ပေမဲ့ စင်ပေါ်တက်ဖို့အတွက်တော့ အမြဲတမ်း အသင့်ရှိနေတတ်သူပါ။ အဆိုတော်တွေအပေါ်မှာ သူမ ခါးသီးတဲ့ ခံစားချက်မျိုး ရှိနေတာကတော့ သဘာဝကျပါတယ်။ အထူးသဖြင့် အဲဒီဇာတ်ကောင်နေရာကို ရရှိဖို့အတွက် ကိုယ်တိုင် ကြိုးစားခဲ့ကြရမယ့် နာမည်မရှိတဲ့ သရုပ်ဆောင်တွေအားလုံးကို တွေးမိတဲ့အခါမျိုးမှာပေါ့။
မီဆိုက ကော်ဖီကို တစ်ငုံ သောက်လိုက်တယ်။
“ကော်ဖီတစ်ခွက်ကို ငါးထောင်။ မင်းပြောသလိုပဲ၊ လူတွေက ပြဇာတ်တွေက ဒီကော်ဖီတစ်ခွက်လောက်တောင် တန်ဖိုးမရှိဘူးလို့ ထင်ကြလို့ မလာကြည့်ကြတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါကတော့ အဲဒီလို တွေးတောပုံကို နားလည်ပါတယ်။ လုပ်ငန်းခွင်က ပြဇာတ်တွေကို မပြိုလဲအောင် အသည်းအသန် ထိန်းသိမ်းထားချင်ကြတာဖြစ်ပြီး အဆိုတော်တွေကို ခေါ်လာတာက အဲဒီလက်မှတ်တွေကို ရောင်းထွက်စေဖို့ ကူညီပေးတယ်။ အဲဒါက သူတို့ရဲ့ ဝန်ထမ်းတွေကို လခ အပြည့်အဝ ပေးနိုင်ပြီး နောက်ထပ်ပြဇာတ်တစ်ခုကိုလည်း ဆက်ပြီး စီစဉ်နိုင်စေတယ်လေ။ ငါသာ သူတို့နေရာမှာဆိုရင်လည်း... ငါလည်း အဆိုတော်တွေကိုပဲ ရွေးချယ်မိမှာပဲ၊ ဘာလို့လဲဆိုတော့ ဂုဏ်သိက္ခာက မင်းကို ထမင်းကျွေးနိုင်တာမှ မဟုတ်တာ”
မီဆိုက ဂန်ဟွမ်ရဲ့ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ပြီးနောက် သူ့ရဲ့ ဗိုက်ကို လက်သီးနဲ့ တည့်တည့် ထိုးလိုက်တယ်။
“ဒါပေမဲ့ နင့်လိုလူမျိုး စိတ်ဓာတ်ကျနေတာကိုတော့ ငါ ဆက်မမြင်ချင်ဘူး။ မင်းက မင်းလုပ်ချင်တာကို လုပ်နေရတဲ့အချိန်မှာ အရှိဆုံးမို့လို့ အဲဒါတွေကို ဘာမှ လျှောက်မတွေးနဲ့တော့။ ပိုပြီးသာ ကြိုးစားစမ်းပါ။ လူတွေက အဲဒီအဆိုတော်တွေကြောင့် မဟုတ်ဘဲ မင်းကြောင့်မို့လို့ ပြဇာတ်ကို လာကြည့်ကြတဲ့အထိ ပြင်းပြင်းထန်ထန် ကြိုးစားစမ်း။ အသိဝင်ပြီလား... မင်းသားကြီး ယန်”
ဂန်ဟွမ်ဟာ နာကျင်နေတဲ့ သူ့ဗိုက်ကို ပွတ်ရင်း ပြုံးလိုက်မိတယ်။ သူ့မှာ ဒီလိုသူငယ်ချင်းမျိုး ရှိနေတာကို သူ ဝမ်းသာပါတယ်။
“အေးပါ၊ ငါ ငါ့ရဲ့ အစွမ်းကုန်ပဲ ကြိုးစားရတော့မှာပေါ့”
ဂန်ဟွမ်ဟာ နေရာကနေ ထလိုက်တယ်။ သူက လွန်ခဲ့တဲ့ အတိတ်တုန်းက မိမိကိုယ်ကိုယ် ကတိတစ်ခု ပေးခဲ့ဖူးတယ်၊ သူ့ရဲ့ နာမည်တစ်ခုတည်းနဲ့တင် အမျိုးသားဇာတ်ရုံကြီးကို ပရိသတ်တွေနဲ့ ပြည့်လျှံသွားစေရမယ်လို့ပေါ့။ အဲဒါက သိပ်ပြီး ကြီးကျယ်ခမ်းနားလွန်းတဲ့ အိပ်မက်တစ်ခု မဟုတ်ခဲ့ပေမဲ့ သေးငယ်တဲ့ အိပ်မက်တစ်ခုတော့လည်း မဟုတ်ခဲ့တာ အမှန်ပဲ။ အချိန်အတော်ကြာပြီးနောက် သူ မေ့လျော့နေခဲ့တဲ့ အိပ်မက်တစ်ခုပေါ့။
“ရုတ်တရက်ကြီး ပျောက်မသွားနဲ့ဦး။ အဓိက ဇာတ်ကောင်ကြီး ပျောက်သွားရင် ဒုက္ခရောက်ကုန်မယ်” လို့ မီဆိုက ပြုံးပြုံးလေး ပြောလိုက်တယ်။
“ငါတို့ ပြဇာတ်ကပြဖို့ အချိန်ဇယား ရှိနေသေးသရွေ့တော့ ငါ ဘယ်မှ ပျောက်မသွားပါဘူး”
“အေးပါ၊ အေးပါ”
“အာ... ငါ့ဆီ စီနီယာဂျွန်မင်းဆီက ဖုန်းလာတယ်။ သူတို့ မကြာခင်မှာ ရိုက်ကူးရေး စတော့မယ်တဲ့”
“ငါလည်း အရည်အချင်းစစ်ပွဲအကြောင်း ကြားမိသား။ အခု အင်တာနက်ပေါ်မှာ အဲဒီအကြောင်းတွေ တင်နေကြပြီ ထင်တယ်”
“သတင်းတွေနဲ့တင် လူတွေ အများကြီး လာကြလိမ့်မယ်၊ အထူးသဖြင့် ဒါက အကြီးစား ရုပ်ရှင်တစ်ခု ဖြစ်လာတော့မှာဆိုတော့လေ”
“ငါထင်တာတော့ စီနီယာဂျွန်မင်းက အဲဒီသတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာ ဖြစ်လိမ့်မယ်။ ဒါ့အပြင် ဇာတ်ညွှန်းရရှိထားတဲ့ သရုပ်ဆောင် အများစုကလည်း ပါဝင်မယ်လို့ ပြောကြတယ်လို့ ငါ ကြားတယ်”
“စီနီယာကြီးမွန်ဂျောင်ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲပေါ့၊ ဟုတ်လား”
“ဒါမှမဟုတ် စီနီယာဂျွန်မင်းပေါ့။ သူက လူတွေနဲ့ပတ်သက်ရင် တော်တော်လေးကို ထူးခြားပြောင်မြောက်တဲ့သူပဲလေ”
“အဓိက က ကုန်ကျစရိတ် ဘတ်ဂျက်က အကြီးစားအဆင့် ဖြစ်နေတာ မဟုတ်ဘဲ... ပါဝင်မယ့် သရုပ်ဆောင်တွေက ဖြစ်နေတာ”
“တောက်... ဒါသာ မရှိရင် ငါလည်း သွားပြီး အရည်အချင်းစစ် ဝင်ပြိုင်မိမှာ” လို့ မီဆိုက ကြမ်းပြင်ကို ပုတ်ရင်း ပြောလိုက်တယ်။
“မင်းက ငါ ဒီမှာ ရှိနေလို့သာ အဲဒီလို ပြောနေတာ မဟုတ်လား”
“အေးပေါ့၊ အဲဒါကြောင့်ပေါ့”
“ငါတို့ လက်မှတ်တွေ အများကြီး ရောင်းရရင် မင်းကို ပိုက်ဆံ ပိုပေးပါ့မယ်၊ ဒါဆို ဖြစ်မလား”
“ဟမ်... ဒါပဲလား”
“ဒါပဲလားဆိုတာ ဘာကို ဆိုလိုတာလဲ။ ငါ အခုတင် လုံးဝ ပြာကျလုနီးပါး ဖြစ်နေတာကို”
“အမလေး... နင်ကတော့ တကယ့်လူပဲ”
“မင်းပဲ ငါ့ကို ဒီလိုပုံစံအတိုင်း ရှင်သန်ပါလို့ အခုတင် ပြောခဲ့တာလေ”
“ပြီးရော၊ ပြီးရော... နင် လုပ်ချင်တာသာ လုပ်တော့”
မီဆိုက ပခုံးတွန့်လိုက်တယ်။
“အာ... မင်း ကြားပြီးပြီလား။ မင်း အရင်က စာသင်ခဲ့ဖူးတဲ့ အဲဒီအထက်တန်းကျောင်းက အသစ်ရောက်လာတဲ့ သင်တန်းဆရာမက ဆူယွန်း တဲ့”
“...ဘာ”
မီဆိုရဲ့ မျက်နှာအမူအရာက ချက်ချင်းပဲ ဒေါသတကြီး ဖြစ်သွားခဲ့တယ်၊ သူ ဒီအကြောင်းကို ပါးစပ်ပိတ်ထားခဲ့သင့်တာ ထင်ပါရဲ့။
“မင်းတို့... ဆက်ဆံရေး မကောင်းကြဘူးလား”
“အဲဒီမိန်းမနဲ့ ဆက်ဆံရေးကောင်းမယ့်သူ ရှိရင် ငါ အံ့ဩမိလိမ့်မယ်။ ခဏလေး၊ ငါ အခုချက်ချင်း ဂျွန်မင်းဆီ ဖုန်းဆက်လိုက်ဦးမယ်”
မီဆိုက ဒေါသတကြီးနဲ့ အပြင်ကို ထွက်သွားခဲ့တယ်၊ ဂန်ဟွမ်ဟာ သူ့ခေါင်းကို ခေတ္တမျှ ကုတ်ရင်း ပြုံးလိုက်မိတယ်။
“ထားလိုက်ပါတော့။ သူပဲ ရှင်းလင်းသွားလိမ့်မယ်”
* * * * * * * * *
ဆူယွန်းဟာ မျက်မှောင်ကြုတ်ရင်း သူမရဲ့ ဖုန်းကို ကြည့်နေမိတယ်။ သူမရဲ့ မျက်နှာပြင်ပေါ်မှာ မမြင်ချင်တဲ့ နာမည်တစ်ခု ပေါ်နေခဲ့တာပါ။ ဒီမိန်းမက ဘာဖြစ်လို့ ဒီလောက်တောင် စောစောစီးစီး ဖုန်းဆက်လာရတာပါလိမ့်။ သူမက မျက်မှောင်ကြုတ်လျက်နဲ့ပဲ ဖုန်းကို ကိုင်လိုက်ပေမဲ့ သူမရဲ့ အသံကိုတော့ အတတ်နိုင်ဆုံး တောက်ပရွှင်လန်းနေအောင် လုပ်လိုက်တယ်။
“အို... ဆရာမ မီဆို ပါလား။ တစ်ခုခု လိုအပ်လို့လားဟင်”
“ငါ မင်းကို တစ်ခုပဲ မေးပါရစေ။ မင်း ဝူဆောင်းအထက်တန်းကျောင်းရဲ့ သရုပ်ဆောင်ကလပ်မှာ သင်ကြားပေးနေတာလား”
“ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲရှင့်”
“ငါ နားလည်ပြီ”
ဖုန်းက ကျသွားခဲ့တယ်။ ဆူယွန်းဟာ ပိုပြီး မျက်မှောင်ကြုတ်ရင်း ဖုန်းကို ပိတ်လိုက်မိတယ်၊ သူမကတော့ အဲဒီ မီဆိုဆိုတဲ့ မိန်းမကို တကယ်ကြီး သဘောမကျတာပဲ။
* * * * * * * * *
အခန်း(၂၀၈)
“ယိုစိမ့်တဲ့ပုံတော့ မပေါ်ပါဘူး"
ကျောင်းနောက်ဖေးက ကွန်တိန်နာအထဲကို မာရူး ဝင်စစ်လိုက်တယ်။ မနေ့ညက မိုး တော်တော်လေး ရွာထားတာလေ၊ နွေဦးရောက်တော့မယ်ဆိုတဲ့ အငွေ့အသက်ပေါ့။ ပုံမှန်ဆိုရင်တော့ သူလည်း ဘာပူပန်မှုမှမရှိဘဲ မိုးရွာတာကို သဘောကျမိမှာ ဖြစ်ပေမဲ့ အခုတော့ ဒီကွန်တိန်နာကိုပဲ စိတ်ပူနေရတယ်။ အထဲမှာ သစ်သားဇာတ်ဝင်ပစ္စည်းတွေ အများကြီးရှိနေတော့ စိုထိုင်းဆ နည်းနည်းလေး တက်ရုံနဲ့တင် အလွယ်တကူ မှိုတက်ဆွေးမြည့်သွားနိုင်တယ်လေ။ စိုးရိမ်စိတ်နဲ့ပဲ မာရူးတစ်ယောက် ကျောင်းကို စောစောရောက်လာပြီး လာစစ်နေတာပါ။
“အာ... စီနီယာ။ မင်္ဂလာပါဗျ"
အသေအချာ အကဲခတ်နေတုန်း သူ့နောက်ကနေ အသံကျယ်ကြီးတစ်ခု ထွက်လာတယ်။ လှည့်ကြည့်လိုက်တော့ ဘန်ဂျူး ဖြစ်နေတာပဲ။
“မင်းလည်း စိတ်ပူလို့ လာတာလား"
“ဟုတ်ကဲ့။ ဘယ်လိုလဲဗျ၊ ယိုနေတဲ့နေရာ ရှိလား"
“ဟင့်အင်း၊ အကုန်အဆင်ပြေတယ်။ ရေခံဆေးက အလုပ်လုပ်သားပဲ။ စိုထိုင်းဆကျအောင် အထဲမှာ ပန်ကာတစ်လုံးလောက် ဖွင့်ထားပေးရင် ရပြီ"
ဒီကွန်တိန်နာက ကိုယ်ပိုင်ပန်ကာ မပါလာတော့ အမြဲတမ်း ပုံမှန်လာစစ်ပေးဖို့ လိုတယ်။ မိုးရွာပြီးတိုင်း လေဝင်လေထွက်ကောင်းအောင် လုပ်ပေးရမှာပေါ့။ အင်း... အလှည့်ကျဇယားတစ်ခုတော့ ဆွဲရမယ် ထင်တယ်။
“ဒါနဲ့ စီနီယာက ထင်ထားတာထက် ပိုပြီး အသေးစိတ်တတ်တာပဲ"
ဘန်ဂျူးကို အပေါ်ယံကြည့်ရင်တော့ ဘာအစီအစဉ်မှမရှိဘဲ ကြုံလာတဲ့ပြဿနာကို အားအင်အပြည့်နဲ့ တိုးဝှေ့ဖြေရှင်းတတ်တဲ့ လူစားမျိုးလို့ ထင်ရတယ်။ ဒါပေမဲ့ အခုတော့ ဒေးမြောင်တောင် သတိမထားမိတဲ့ ပြဿနာကို ဘန်ဂျူးက အမိအရ ဖမ်းဆွဲပြလာနိုင်ခဲ့ပြီ။
“တစ်ယောက်တည်း စနေရကတည်းက ဒီလိုအရာတွေကို သတိထားမိလာတယ်။ ရေနွေးအိုး တည်ထားခဲ့မိလား၊ ဂတ်စ်အိုး ပိတ်ခဲ့ရဲ့လား ဆိုတာမျိုးတွေလေ။ မနေ့က မိုးရွာတော့ ဒါကို တန်းတွေးမိသွားတာ"
ဘန်ဂျူးက ပြုံးပြီး ပြောတယ်။
နေ့တိုင်း အပြင်စာတွေပဲ မှာစားနေတာထက်စာရင် တစ်ယောက်တည်း ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းဖို့ဆိုတာ ထင်သလောက် မလွယ်ကူလှပါဘူး။
“မင်း ဒီနှစ်မှ စပြီး တစ်ယောက်တည်း နေတာလို့ ပြောတယ်မလား"
“ဟင့်အင်း၊ အတိအကျပြောရရင် အလယ်တန်း ပထမနှစ်ကတည်းကပါ။ အဲဒီတုန်းက အဖွားကျန်းမာရေးက တဖြည်းဖြည်း ဆိုးလာလို့ မိဘတွေက အဖွားနဲ့အတူ ဂျယ်ဂျူဘက် ပြောင်းသွားကြတာ။ အဲဒီအချိန်တုန်းကတော့ အစ်မနဲ့ အတူနေဖြစ်သေးတယ်၊ ဒါပေမဲ့... အစ်မက အလုပ်မှာပဲ အချိန်ကုန်သလောက် ဖြစ်နေတာလေ"
“အံ့ဩဖို့ကောင်းလိုက်တာ။ ဒါဆို မင်း တစ်ယောက်တည်း နေလာတာ လေးနှစ်တောင် ရှိပြီပေါ့။ ဟင်းကော ချက်တတ်လား"
“ချက်တတ်တာပေါ့ဗျာ။ ပြီးခဲ့တဲ့တစ်ခေါက် အားလုံးကို ဖိတ်တုန်းက ကျွန်တော့်လက်ရာကို ကြွားမလို့ပဲ။ မချက်လိုက်ရလို့ တော်တော် နှမြောသွားတယ်"
ဘန်ဂျူးက တကယ့်ကို လူထူးလူဆန်းလေးပါပဲ။ အတတ်နိုင်ဆုံး ယဉ်ကျေးပျူငှာတတ်ပေမဲ့ မိမိကိုယ်ကို ဘယ်တော့မှ အောက်ကျို့မခံဘူး။ ဘယ်နေရာရောက်ရောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး အကြည့်တစ်ချက်တည်းနဲ့တင် လူတွေ သူ့ကို သဘောကျလာအောင် လုပ်နိုင်စွမ်း ရှိတယ်။ အဲဒီလို ပင်ကိုယ်စရိုက်မျိုးသာ စင်ပေါ်မှာ တောက်ပလာမယ်ဆိုရင် ဒီစင်မြင့်က သူ့အပိုင် ဖြစ်သွားမှာပဲ။
“ဒီအရွယ်နဲ့ တစ်ယောက်တည်း ပစ်ထားရဲတယ်ဆိုတော့ မင်းအစ်မက မင်းကို တော်တော်ယုံတာပဲ။ ငါသာ သူ့နေရာမှာဆိုရင်တော့ စိတ်ပူလို့ သေတော့မှာ"
“...ဘယ်... ဘယ်သူသိမှာလဲဗျာ။ ကျွန်တော့်အစ်မက တကယ့်ကို ပဟေဠိကြီးမို့ ကျွန်တော့်အပေါ် ဘယ်လိုသဘောထားလဲဆိုတာ လုံးဝ စဉ်းစားလို့မရဘူး"
တွေးကြည့်မှ ဘန်ဂျူးက သူ့အစ်မအကြောင်း ပြောရင် အမြဲတမ်း စကားထစ်ပြီး နေရခက်တဲ့ပုံစံ ဖြစ်သွားတတ်တယ်။ ဝိုင်းထဲမှာ သူ့အစ်မနာမည် ပါလာတိုင်းလည်း အမြဲ ငြိမ်ကျသွားတတ်တာပဲ။
“အစ်မနဲ့ အဆင်မပြေလို့လား။ အာ... ကိုယ်ရေးကိုယ်တာဆိုရင်တော့ မပြောလည်း ရပါတယ်နော်"
“အဲလိုမျိုးတော့ မဟုတ်ပါဘူး။ မဟုတ်ဘူး... ရန်ဖြစ်တာကတော့ အမြဲတမ်းပါပဲ၊ ဒါပေမဲ့ သူက ကျွန်တော့်ကို ဘယ်တော့မှ စိတ်မဆိုးဘူး။ ကျွန်တော်ကပဲ စိတ်ဆိုးလို့မရတာပေါ့၊ သူက တော်တော်ထူးဆန်းတာဗျ။ မိဘတွေတောင် သူ့ကို လက်လျှော့ထားကြတာ။ သူကလေ... အင်း... တကယ့်ကို မယုံနိုင်စရာ လူမျိုးပဲ"
“နားတော့မလည်ပေမဲ့ ထားပါတော့"
“သူ့ကို သာမန်လူတွေနဲ့ သွားနှိုင်းယှဉ်လို့မရဘူးဗျ။ ဘီလူးသရဲကြီးကျနေတာပဲ"
ဘန်ဂျူးက ဖျော်ရည်ခါးကြီး သောက်လိုက်ရသလိုမျိုး မျက်မှောင်ကြီးကုပ်ပြီး ပြောတယ်။ ဒါက မာရူးရဲ့ စူးစမ်းချင်စိတ်ကို ပိုပြီး ဆွပေးလိုက်သလို ဖြစ်သွားတယ်။ သူ ဘာတွေများ လုပ်ခဲ့လို့ပါလိမ့်။
“ဟယ်... မင်းတို့ ရောက်နေကြတာလား"
အတန်းမစခင်လေးတင်ပဲ ဒေးမြောင် ရောက်လာတယ်၊ တကယ့်ကို အချိန်တိကျတဲ့ ကောင်လေးပါပဲ။
“ဘာပြဿနာမှ မရှိဘူးမလား"
“အင်း၊ ပုံမှန်လေး လာစစ်ပေးရုံပဲ"
“ဟူး... တော်သေးတယ်။ မနေ့ညကတည်းက စိတ်ပူနေတာ။ မောနင်း ဘန်ဂျူး"
“မောနင်းပါ စီနီယာ"
ဘန်ဂျူးက ခါတိုင်းလိုပဲ အော်ဟစ်နှုတ်ဆက်လိုက်တယ်။
* * * * * * * * *
၅ နာရီ။ ပြဇာတ်အဖွဲ့ဝင်တွေအားလုံး ငါးထပ်မြောက်မှာ စုံကြတယ်။
“ဆရာမ ရောက်လာဖို့ မိနစ်သုံးဆယ်လောက် လိုသေးတယ်ဆိုတော့ ကိုယ်လက်လှုပ်ရှား အကြောလျှော့ထားကြမလား။ ကဲ... ဒေးမြောင် နောက်ကနေ လိုက်လုပ်ကြ"
ဒေးမြောင်က အေးအေးဆေးဆေး သင်ပြပေးတဲ့နေရာမှာ တော်ပါတယ်။ သင်ကြားပြသခြင်းဆိုတာကလည်း အရည်အချင်းတစ်ခုပဲလေ၊ ကိုယ့်ခေါင်းထဲက အတွေးတွေကို တခြားသူတွေ နားလည်လွယ်မယ့် စကားလုံးတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့လူက သိပ်များများစားစား မရှိဘူး။ ဒေးမြောင်က အရာရာကို နားလည်လွယ်သလို အကဲခတ်လည်း ကောင်းတယ်။ သူက ဆရာမ မရှိတဲ့အချိန်တွေမှာ အစားထိုးသင်ပေးတဲ့ လက်ထောက်ဆရာမလေးလို ဖြစ်နေတယ်။
“အရင်ဆုံး ဝမ်းဗိုက်အသက်ရှူနည်းကို လုပ်ကြမယ်။ အသက်ကို ပြင်းပြင်းရှူသွင်းပြီး အဆုတ်ထဲ လေပြည့်သွားပြီဆိုတာနဲ့ အောက်ကို တွန်းချလိုက်။ အဲဒါက မင်းတို့ရဲ့ ရင်ဝမ်းခြားကြွက်သားကို ဖိအားပေးပြီး အသက်ကို ပိုပြင်းပြင်း ရှူသွင်းနိုင်အောင် လုပ်ပေးတာ။ ပုခုံးတွေကို လျှော့ထားပြီး လည်ချောင်းအောက်ဘက် ရွေ့သွားတာကို ခံစားကြည့်"
အားလုံးက ဒေးမြောင်ရဲ့နောက်ကနေ လိုက်ပြီး အသက်ရှူကြတယ်။ မီဆိုနဲ့ ဆူယွန်းတို့ သင်ပေးခဲ့တဲ့ ပုံစံနဲ့လည်း ထူးမခြားနားပါပဲ၊ တစ်ခုပဲ ထူးခြားတာက မီဆိုက ခေါင်းတွေ မူးနောက်လာတဲ့အထိ အသက်ရှူခိုင်းတတ်တာ။ လေ့ကျင့်ခန်းပြီးတော့ အားလုံး အကြောဆန့်ကြတယ်။ ဒေးမြောင်က ဝဝတုတ်တုတ်လေး ဖြစ်နေတုန်းပေမဲ့ ကိုယ်ခန္ဓာကတော့ တော်တော်လေး ပျော့ပျောင်းပါတယ်။ တကယ်တော့ အရင်အဖွဲ့ဝင်ဟောင်း အများစုကလည်း ဒီလိုပါပဲ။ မီဆိုနဲ့အတူ တစ်နှစ်ပတ်လုံး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတဲ့ ရလဒ်ကြောင့် အခုအချိန်အထိလည်း နံရံမှာ ခြေထောက်တွေ ကပ်ပြီး အကြောဆန့်ခဲ့ရတာကို ရံဖန်ရံခါ ပြန်တွေးမိနေကြတုန်းပဲ။
“ကဲ... ခြေကျင်းဝတ်ပြီးရင်တော့...”
အဲဒီအချိန်မှာပဲ ဆူယွန်း အခန်းထဲ ဝင်လာတယ်။ ဒီနေ့တော့ သူက ဆံပင်ကို မြင်းမြီးဆွဲ ပုံစံလေး စည်းထားတယ်။ နဖူးပေါ်မှာ နေကာမျက်မှန်လေး တင်ထားရင်းနဲ့ အားလုံးကို နှုတ်ဆက်လိုက်တယ်။
“ဝါး... လေ့ကျင့်နေကြတာလား"
“ဗျာ... အာ... ဟုတ်ကဲ့"
ဆူယွန်းက တားလိုက်လို့သာပေါ့၊ မဟုတ်ရင် ဒေးမြောင်တစ်ယောက် သူ့နေရာဟောင်းဆီ အမြန်ပြန်ပြေးတော့မလို့။
“အဆုံးအထိ ဆက်လုပ်လေ"
“ကျွန်တော်လား"
“မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ"
ဒေးမြောင်က ပျာပျာသလဲနဲ့ပဲ သူ့အလုပ်သူ ပြန်လုပ်ရတယ်၊ အဖွဲ့ဝင်တွေလည်း ဆူယွန်းဆီကနေ အကြည့်လွှဲပြီး ဒေးမြောင်ဆီပဲ ပြန်အာရုံစိုက်လိုက်ကြတယ်။
“ကျွန်တော်တို့ ကြမ်းပြင်ပေါ်ကနေ အကြွေစေ့တွေကို အတတ်နိုင်ဆုံး ဖြည်းဖြည်းချင်း ကောက်ကြမယ်။ ဝမ်တစ်ရာတန် အကြွေစေ့ ဆယ်စေ့ ကောက်မှာနော်"
ဒေးမြောင်က အနှေးပြကွက်အတိုင်း ဖြည်းဖြည်းချင်း ငုံ့ပြီး အကြွေစေ့တွေကို ကောက်ပြတယ်။
“တင်ပါးနဲ့ လက်မောင်းတွေကိုပဲ မလှုပ်ရှားစေနဲ့၊ တကယ် အကြွေစေ့ကောက်နေသလိုမျိုး ကိုယ့်ရဲ့ ကိုယ်အလေးချိန်ဗဟိုချက်ကိုပါ အရှေ့ဘက်ကို ဖြည်းဖြည်းချင်း ရွှေ့ပေးရမယ်။ ပထမတော့ တော်တော်လေး ခက်လိမ့်မယ်"
ဒေးမြောင်က ယာန်မီဆို သင်ပေးခဲ့တဲ့ လေ့ကျင့်ခန်းကို နည်းနည်းလေး ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဖြည်းဖြည်းချင်း လှုပ်ရှားဖို့က လွယ်ပေမဲ့ တိကျတဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ဖို့ကတော့ မလွယ်ကူလှဘူး။ လမ်းလျှောက်တာတောင်မှ ကြွက်သားအများကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲလေ၊ အဲဒါကို ဖြည်းဖြည်းချင်း လုပ်နိုင်ဖို့ဆိုတာ ပြီးပြည့်စုံတဲ့ ဟန်ချက်ညီမှုနဲ့ အာရုံစူးစိုက်မှု လိုအပ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ကိုယ်ခန္ဓာအကြောင်းကို ပိုပြီး အသေးစိတ် နားလည်လာစေတယ်။ ကိုယ့်ကြွက်သားတွေအကြောင်း နားလည်လာတာက သဘာဝကျတဲ့ လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေပြီး အဲဒါကနေတစ်ဆင့် သဘာဝကျတဲ့ သရုပ်ဆောင်မှုကို ဆောင်ကြဉ်းပေးနိုင်တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ကတင်ပဲ ပြဇာတ်အဖွဲ့ဝင်တွေက ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ တောင် မသိကြသေးဘူး။ မာရူးလည်း အတူတူပါပဲ။ သူတို့တွေ အမြန်ပဲ ကျွမ်းကျင်လာကြပေမဲ့ ဒါက အများကြီး လေ့ကျင့်ခဲ့ရလို့လေ။
“တော်တယ်” လို့ ဆူယွန်းက လက်ခုပ်တီးပြီး ပြောလိုက်တယ်။
ဒေးမြောင်ကတော့ ဟန်ချက် ပျက်မတတ် ဖြစ်သွားရတယ်။ ဟား... သူ တကယ့်ကို ရှက်သွားပုံပဲ။ မာရူးက ဆူယွန်းကို ကြည့်ပြီး ပြုံးမိတယ်၊ ဒီအမျိုးသမီးက သူတို့အားလုံးကို ချီးမွမ်းပေးနေတာကိုး။ မီဆိုကတော့ အရာရာ ပြီးပြည့်စုံမှ ကြိုက်တဲ့လူစားမျိုးဆိုတော့ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်က နေ့နဲ့ညလိုပါပဲ။ သူက မုန်တိုင်းလို ဝင်ချလာပြီး မကြိုက်ရင် “နောက်တစ်ခေါက်” လို့ ဟောက်တတ်တာ၊ ဆဲဆိုတာက ပုံမှန်လိုဖြစ်နေပြီး ချီးမွမ်းစကားဆိုတာ အတော်လေး ရှားပါတယ်။
ဒါပေမဲ့ သူက မကောင်းတဲ့လူတော့ မဟုတ်ပါဘူး။ အဲဒီလို လေ့ကျင့်ပေးခဲ့လို့ပဲ အဖွဲ့ရဲ့ စွမ်းဆောင်ရည်က မယုံနိုင်လောက်အောင် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာပေါ့၊ ချီးမွမ်းစကား ကြားရတာကလည်း တကယ့် အဖိုးတန်လက်ဆောင်ကြီး ရလိုက်သလိုမျိုး ခံစားရစေတယ်။ မီဆိုရဲ့ လေ့ကျင့်ခန်းတွေက ပြင်းထန်ပေမဲ့ လူတစ်ယောက်ကို တိုက်ရိုက် စော်ကားတာမျိုးတော့ မလုပ်ဘူး။ သူက ကြမ်းတမ်းရုံတင်ပါ။
“ကဲ... ငါလည်း စမ်းကြည့်ဦးမယ်"
အခြားတစ်ဖက်မှာတော့ ဆူယွန်းက နူးညံ့ပျော့ပျောင်းပါတယ်။ မီဆိုက ထင်ရှူးပင်ကြီးဆိုရင် ဆူယွန်းကတော့ ဓရံပင်လေးပေါ့။ အရာရာကို တိုက်ရိုက်လုပ်တတ်တဲ့ မီဆိုနဲ့မတူဘဲ ဆူယွန်းက သူလိုချင်တဲ့အရာကို ရတဲ့အထိ လူတစ်ယောက်ကို ဖြည်းဖြည်းချင်း သွေးဆောင်ခေါ်ယူသွားတတ်တာ။ သူတို့နှစ်ယောက် အဆင်မပြေကြတာကလည်း သဘာဝကျပါတယ်လေ။
“ဝါး...”
ဂျီယွန်းဆီကနေ အံ့ဩသံ ထွက်လာတော့ အဖွဲ့တစ်ခုလုံး ခေါင်းလှည့်ကြည့်မိကြတယ်။ ဆူယွန်းက ဒေးမြောင်လိုပဲ မမြင်ရတဲ့ အကြွေစေ့ကို လိုက်ကောက်ပြနေတာ၊ ရပ်နေသလား ထင်ရအောင်ကို ဖြည်းဖြည်းချင်း လုပ်ပြနေတာ ဖြစ်ပါတယ်။ ဒေးမြောင်တုန်းကတော့ ဟန်ချက် နည်းနည်း ပျက်ချင်သလို ဖြစ်နေပေမဲ့ ဆူယွန်းကတော့ တကယ်ကို အကြွေစေ့တစ်စေ့ကို ဖြည်းဖြည်းချင်း၊ တကယ့်ကို ဖြည်းဖြည်းချင်း ကောက်နေတဲ့အတိုင်းပဲ။
ဘန်ဂျူးနဲ့ အာရမ်တို့လည်း အသိုက်အမြုံပြိုင်ချင်တဲ့ စိတ်နဲ့ လိုက်လုပ်ကြည့်ကြသေးတယ်၊ ဒါပေမဲ့ ဟန်ချက်တွေ အကြိမ်ကြိမ် ပျက်ပြီးတော့ ချက်ချင်းပဲ လက်လျှော့လိုက်ကြရတယ်။
‘ဒီလို ကိုယ်ခန္ဓာမျိုး ရဖို့က လူတိုင်း မလွယ်ဘူး'
သူ့မှာ ကတ္တီပါသားလို ချောမွေ့တဲ့ ကောက်ကြောင်းတွေ ရှိနေတာ။ ပိန်ရုံတင် ပိန်တာ မဟုတ်ဘဲ နေရာအနှံ့မှာ ကြွက်သားတွေ ရှိနေတယ်။ အသုံးဝင်မှုနဲ့ အလှအပကြားမှာ ပြီးပြည့်စုံတဲ့ ဟန်ချက်ညီမှုပဲ။ ဒီနေရာအထိ ရောက်လာဖို့ နိုင်ငံရေးတစ်ခုတည်းနဲ့ မလွယ်ကူဘူးလို့ သူ ပြောခဲ့တာကို မာရူး ပြန်တွေးမိသွားတယ်။ သူလည်း အခုလိုနေရာမျိုး ရောက်ဖို့ အများကြီး ပြင်ဆင်ခဲ့ရမှာ သေချာပါတယ်။
“ဒေးမြောင်က နောက်ပိုင်း အကြောလျှော့တဲ့ လေ့ကျင့်ခန်းတွေကို တာဝန်ယူပေးပေါ့။ ငါ ကူညီပေးမယ်၊ စမ်းကြည့်ရအောင်"
ဆူယွန်းက အားပေးတဲ့အနေနဲ့ ဒေးမြောင်ရဲ့ ပုခုံးကို ပုတ်ပေးလိုက်တော့ ဒေးမြောင်ရဲ့ မျက်နှာကြီးက ချက်ချင်း နီရဲသွားတော့တာပဲ။ အိုင်ယို... သူ့ကို သဘောကျမသွားဖို့ပဲ မျှော်လင့်ရတော့မယ်။
“မင်းက ကျောင်းသားတစ်ယောက်ဆိုတာ သိတယ်မလား"
“ဘာ... ဘာတွေ ပြောနေတာလဲဗျာ"
“ကိုယ့်အရွယ်နဲ့ကိုယ်ပဲ တွဲပါ။ အဲဒါ အကောင်းဆုံးပဲ"
မာရူးက ဒေးမြောင်ရဲ့ နားနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်၊ ဆူယွန်းက ဘယ်လိုလူစားမျိုးလဲဆိုတာကို အဖွဲ့သားတွေကို ဖွင့်ပြောဖို့တော့ စိတ်ကူးမရှိပါဘူး။ သူများတွေရဲ့ ပတ်သက်မှုကို လိုက်ဖျက်ဆီးဖို့ စိတ်မဝင်စားဘူးလေ။ ဆူယွန်းက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြနေတာကို မာရူး သတိထားမိလိုက်တယ်။ တကယ့် အမျိုးသမီးပါပဲ။ သူ အကြောင်းစုံ ပြောပြထားပြီးသားဆိုတာကို မေ့သွားတာလား မသိဘူး။
“ကဲ... အကြောလည်း သေချာလျှော့ပြီးပြီဆိုတော့ စလိုက်ကြရအောင် ဟုတ်ပြီလား"
ဆူယွန်းက သူ့အိတ်ထဲကနေ စာရွက်စာတမ်း အထပ်လိုက်ကြီးကို ထုတ်လိုက်တယ်၊ ဇာတ်ညွှန်းတွေ ဖြစ်မှာပေါ့။
“ကဲ... ငါတို့ ဘာလုပ်ချင်လဲဆိုတာ အရင်ကြည့်ရအောင်။ လေ့ကျင့်ဖို့ကတော့ ပြီးမှ ဆွေးနွေးကြတယ်။ ငါတို့ဆီမှာ အဖွဲ့ဝင် သိပ်မများတော့ ဇာတ်ကောင်နည်းမယ့် ဟာမျိုးကိုပဲ ရွေးထားပေးတယ်။ ဘယ်ဟာကို သဘောကျလဲ ကြည့်ကြဦး"
“ဆရာမကော ဘယ်ဟာကို လုပ်စေချင်လဲဗျ" အာရမ်က မေးတယ်။
“မှတ်ချက်မပေးပါရစေနဲ့။ ဒီပြဇာတ်ကို စင်ပေါ်မှာ ကပြရမှာက မင်းတို့ကိုယ်တိုင်လေ။ မင်းတို့ဘာသာ ရွေးချယ်တာကပဲ သဘာဝအကျဆုံး ဖြစ်လိမ့်မယ်"
“ကျွန်တော်တို့ တကယ်ပဲ ကြိုက်တာ ရွေးလို့ရတာလား" ဒိုဝူးက မေးတယ်၊ သူ့လေသံက ခါတိုင်းလိုပဲ နည်းနည်းလေး ရိုင်းစိုင်းချင်နေတုန်းပဲ။
“ကြိုက်တာလုပ်။ ငါက မင်းတို့နောက်ကနေ ပံ့ပိုးပေးဖို့ပဲ လာတာ"
ဆူယွန်းက ဇာတ်ညွှန်းတွေကို ဝေပေးတယ်၊ ခြောက်စောင်ထက်မက ရှိနေတာ။ သူ တော်တော်လေး ပြင်ဆင်လာပုံပဲ။ မာရူး ဇာတ်ညွှန်းကို ဖွင့်ကြည့်လိုက်တော့ ဘောပင်နဲ့ မျဉ်းတားထားတာတွေကို တွေ့ရတယ်။ ဆူယွန်း တားထားတာ ဖြစ်မှာပေါ့။ ခေါင်းစဉ်ကိုပဲ ကြည့်ပြီး ဖြစ်ကတတ်ဆန်း ရွေးလာတာ မဟုတ်ဘူးဆိုတာ သိရလို့ မာရူး ကျေးဇူးတင်မိတယ်။
“ဟို... မာရူး"
လမ်းဝက်လောက်ရောက်မှ ဇာတ်ညွှန်းအထပ်ကြီးက သူ့ရှေ့မှာပဲ ရှိနေသေးတာကို မာရူး သတိထားမိတယ်။ အဖွဲ့သားအားလုံးက သူ့ကို ဝိုင်းကြည့်နေကြတာ။
“ဘာလုပ်နေတာလဲ၊ မဖတ်ဘူးလား"
“မင်း အရင်ဖတ်ကြည့်ပြီး မင်းရဲ့ အမြင်ကို ပြောပြပေးနိုင်မလားလို့ စောင့်နေကြတာ"
ဒေးမြောင်ရဲ့ စကားကို အားလုံးက ထောက်ခံကြတော့ မာရူး သက်ပြင်းချမိတယ်။
“အပေါက်အလမ်းမတည့်တာတွေ ပြောမနေနဲ့၊ အမြန်ဖတ်ကြစမ်းပါ။ ဒီက ဇာတ်ညွှန်းတွေအကုန် ဖတ်ပြီးမှ မင်းတို့ရဲ့ အမြင်ကို ပြော။ ဇာတ်ကောင်အရေအတွက်တို့၊ ဇာတ်ဝင်ပစ္စည်းတို့အကြောင်း လျှောက်မတွေးနဲ့ဦး။ ဘယ်လောက်အထိ စိတ်ဝင်စားဖို့ကောင်းလဲ ဆိုတာကိုပဲ ကြည့်ပြီး ဆုံးဖြတ်"
မာရူးက ဇာတ်ညွှန်းတွေကို အဖွဲ့သားတွေဆီ ပြန်ကမ်းပေးလိုက်တယ်။ ဒေးမြောင်ကတော့ လက်ခံပေမဲ့ တခြားသူတွေကတော့ ဇာတ်ညွှန်းဖတ်ရတာ နည်းနည်း အခက်တွေ့နေပုံပဲ။
“မင်းလည်း တော်တော် ပင်ပန်းရတာပဲ" လို့ ဆူယွန်းက ပြောတယ်။
မာရူးကတော့ ပုခုံးပဲ တွန့်ပြလိုက်တော့တယ်။