← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း(၂၀၉)

ဇာတ်ညွှန်းခြောက်စောင်။ တစ်စောင်နဲ့တစ်စောင် မတူဘဲ ကွဲပြားခြားနားလှတဲ့ ဇာတ်လမ်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေ ကိုယ်စီပါဝင်နေပြီး ဒါတွေကို ရွေးချယ်ဖို့ ဆူယွန်း တစ်ယောက် တကယ်ကို အချိန်အများကြီး ပေးခဲ့ရပုံပဲ။ သူက ထင်ထားတာထက်တောင် အလုပ်လုပ်တာ တော်နေသေးတော့ မာရူး စိတ်ထဲမှာ သူ့အပေါ် သံသယဝင်နေမိတာတွေ ချက်ချင်းပဲ ပျောက်ကွယ်သွားရတယ်။

“ဘယ်ဟာကို သဘောကျလဲ” မာရူး က မေးလိုက်တယ်။

သူတို့ရဲ့ ရွေးချယ်မှုအပိုင်းမှာ ဝင်မရှုပ်ချင်ဘူးဆိုပြီး ဆူယွန်း က ခဏအပြင်ထွက်သွားတာလေ။

“ဒါကတော့ ကျွန်မစိတ်ထဲမှာ အစွဲအထင်ဆုံးဖြစ်ခဲ့တဲ့ အပိုင်းပဲ”

နံပါတ် ‘၄’ လို့ ရေးထားတဲ့ ဇာတ်ညွှန်းကို လှမ်းပေးရင်း အာရမ် က ပြောလိုက်တယ်။ ဒိုဝူး ကလည်း တခြားဟာတွေ လိုက်ရွေးရမှာ ပျင်းလို့ဆိုပြီး အဲဒီတစ်ခုကိုပဲ ရွေးလိုက်တယ်။

“ဒါဆို ငါတို့အားလုံး စိတ်ကူးချင်း တူနေကြတယ်။ ငါလည်း အဲဒါကို သဘောကျတယ်”

ဒေးမြောင် တောင် ဝင်ပြောလာတယ်။ စတုတ္ထမြောက်ဇာတ်ညွှန်းကတော့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ကြတဲ့ စုံတွဲတစ်တွဲအကြောင်း ရေးဖွဲ့ထားတဲ့ အချစ်ဇာတ်လမ်းလေးပဲ။ နှစ်နာရီခြားတစ်ခါပဲ လာတတ်တဲ့ ရထားကို နှစ်ယောက်စလုံး လွတ်သွားခဲ့ပြီး ရထားဘူတာရုံထဲမှာ အမှတ်မထင် စကားစမြည် ပြောဖြစ်သွားကြတဲ့ ဇာတ်အိမ်မျိုးပေါ့။

သူတို့ဟာ ဘူတာရုံပတ်ပတ်လည်မှာ ခရီးတိုလေးတစ်ခု အတူတူထွက်ခဲ့ကြပြီး နောက်ဆုံး ရထားဆိုက်လာတဲ့အခါမှာတော့ လမ်းခွဲခဲ့ကြတယ်။ ဇာတ်လမ်းအဆုံးမှာ ဒီနှစ်ယောက် ပြန်ဆုံစည်းသလား၊ မဆုံစည်းဘူးလားဆိုတာကို ရှင်းရှင်းလင်းလင်း ပြမသွားပေမဲ့ ကောင်းကောင်းလေး ပုံဖော်နိုင်ရင်တော့ ကြည့်ရှုသူတွေရဲ့ ရင်ထဲမှာ ကြည်နူးမှု အပြည့်ကျန်ခဲ့မယ့် ဇာတ်လမ်းမျိုးပဲ။

“အချစ်ကတော့ အဓိကနေရာမှာ ရှိနေတာပေါ့”

ဘန်ဂျူး က လက်ထောင်ပြီး ပြောတယ်။

“ဟုတ်လို့လား”

ပါဝင်မယ့် ဇာတ်ကောင်က ငါးယောက်ပဲ ရှိတယ်။ ဇာတ်စင်ကလည်း ရထားဘူတာရုံ ပလက်ဖောင်းဆိုတော့ ပြဇာတ်သုံးပစ္စည်းတွေ အများကြီး မလိုသလို ဝတ်စုံအတွက်လည်း ပူစရာမလိုဘူး။ ဒါက တကယ့်ကို အားသာချက်တွေ အများကြီးရှိနေတာမို့ မာရူး ကိုယ်တိုင်လည်း သဘောကျမိတာ အမှန်ပဲ။ အထူးသဖြင့် ဇာတ်လမ်းကလည်း တော်တော်လေး ကောင်းမွန်နေတာကြောင့် ဒီဇာတ်လမ်းကို မယူရမယ့် အကြောင်းပြချက် မရှိဘူး၊ သို့ပေမဲ့လည်း…

“မင်းကော ဘယ်လိုထင်လဲ ဂျီယွန်း”

သူ့ရဲ့ စိတ်ကူးကို ထုတ်မပြောရသေးတဲ့ လူတစ်ယောက် ကျန်နေသေးတော့ ဂျီယွန်း က လက်ချောင်းလေးတွေကို ဟိုဟိုဒီဒီ ပွတ်သပ်ရင်း ကြမ်းပြင်ဆီ ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်တယ်။

“ကျွန်မ… ကျွန်မလည်း အဲဒါကိုပဲ သဘောကျပါတယ်”

သူမက ဒီလောက်တင် ပြောပြီး နှုတ်ခမ်းပိတ်သွားတယ်။

မာရူး က အဲဒီကောင်မလေးကို အသေအချာ စိုက်ကြည့်နေမိတယ်။ အချို့သော လူတွေက ထင်ပေါ်ကျော်ကြားရတာကို မနှစ်သက်ကြဘူး၊ တောင်ကိုရီးယားလို နိုင်ငံမျိုးမှာဆိုရင် အဲဒီလို အလေ့အထက ပိုပြီးတော့တောင် ဆိုးရွားသေးတယ်။ အခုတင် ပြသလိုက်တဲ့ ဂျီယွန်း ရဲ့ တုံ့ပြန်မှုက ကုမ္ပဏီလို နေရာမျိုးမှာဆိုရင် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်နိုင်ပေမဲ့ ကလပ်အသင်းထဲမှာတော့ ဒါက တကယ်ကို မဟုတ်သေးဘူး။

သူတို့ ရှိနေတာက ကျောင်းမှာလေ၊ ကျောင်းဆိုတာ လူတွေ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို အကုန်ထုတ်ဖော်ပြောဆိုဖို့ အားပေးတဲ့ တစ်ခုတည်းသော နေရာပဲ။ ပထမနှစ်တုန်းက ဒေးမြောင် ရဲ့ ပုံစံနဲ့ ထပ်တူ တူလွန်းနေတာကြောင့် မာရူး က ဂျီယွန်း ကို ကြည့်ပြီး စိတ်တိုနေမိတယ်။ သူမအနေနဲ့ မတတ်နိုင်လို့ ဆိုတာကို သိနေပေမဲ့လည်း ကြည့်ရတာ စိတ်အနှောင့်အယှက် ဖြစ်ရတာတော့ အမှန်ပဲ။ သူက နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။

“တကယ်လား၊ မင်း ဒါကို တကယ်ပဲ သဘောကျတာလား”

သူမကသာ ဒီနေရာမှာ ဟုတ်ကဲ့လို့ ပြောရင် သူကတော့ ရှေ့ဆက်တိုးမှာပဲ။ ကြောက်တတ်တာ၊ အားနာတတ်တာက ကိစ္စမရှိဘူးလို့ သူမကို တစ်ကြိမ် ပြောဖူးပြီးသားလေ။ ကြောက်တတ်တယ်ဆိုတာ စိတ်ခံစားမှု ထိခိုက်လွယ်တာကို ပြနေပြီး စိတ်ထိခိုက်လွယ်တဲ့သူက စိတ်ခံစားချက်တွေကို ပိုပြီး ကောင်းကောင်း ပုံဖော်နိုင်တယ်။ ဒါပေမဲ့ ကြောက်တတ်တယ်ဆိုတာက ကိုယ့်ရဲ့ လိုချင်တက်မက်မှုကို ဖျောက်ဖျက်ထားရမယ်လို့ မဆိုလိုဘူး။ ကိုယ့်ရဲ့ လိုချင်တက်မက်မှုကို လုံးဝ ထုတ်မပြနိုင်တဲ့ သူတစ်ယောက်ကို အမြဲတမ်း လိုက်ပြီး ပံ့ပိုးပေးနေဖို့ မာရူး မှာ အစီအစဉ် မရှိဘူး။

စတုတ္ထမြောက်ဇာတ်ညွှန်းထဲမှာ အဓိကဇာတ်ကောင် နှစ်ယောက်ပဲ ပါဝင်ပြီး အဲဒါကတော့ ဟိုစုံတွဲပဲပေါ့။ ခဏတဖြုတ် ပေါ်လာမယ့် တခြား အမျိုးသမီးဇာတ်ကောင် တစ်ယောက် ရှိသေးပေမဲ့ သူမကတော့ ဖြတ်သွားဖြတ်လာ ဘေးလူတစ်ယောက်ထက် မပိုပါဘူး။ ပြဇာတ်ရဲ့ အဓိက အမျိုးသမီးဇာတ်ကောင်ကတော့ အာရမ် လိုမျိုး တက်ကြွပြီး အကောင်းမြင်တတ်တဲ့သူ ဖြစ်နေတယ်။ အဲဒီတော့ ဂျီယွန်း က သဘာဝကျကျပဲ ဘေးလူရဲ့ အခန်းကဏ္ဍကို ယူရမယ့် သဘော ရှိနေတယ်။

‘ကျွန်မ ဇာတ်စင်ပေါ်မှာ ရှိနေချင်တယ်။ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တယ်’

ဂျီယွန်း က အရင်တုန်းက သူ့ရဲ့ လိုချင်တက်မက်မှုကို ထုတ်ပြဖူးတယ်၊ လိုချင်စိတ်ဆိုတာ ငြိမ်သက်နေတဲ့ လူသားတစ်ယောက်ဆီမှာတော့ ပေါ်မလာတတ်ဘူး။ ဂျီယွန်း က တကယ်ပဲ ဘေးလူတစ်ယောက် ဖြစ်ရုံနဲ့ တင် အားရကျေနပ်နေတာလား။ မာရူး ရဲ့ မျက်လုံးတွေက ဂျီယွန်း ရဲ့ မျက်လုံးတွေနဲ့ ဆုံသွားတဲ့အခါ အဲဒီကောင်မလေးက လန့်ဖျပ်ပြီး ချက်ချင်းပဲ မျက်လုံးချင်းလွှဲကာ ငုံ့ကြည့်သွားတယ်။ သူမရဲ့ စိတ်ထဲမှာ တခြား အရာတစ်ခုခု ရှိနေတာ ထင်ရှားလှပေမဲ့ နှုတ်ကိုတော့ ဖွင့်ဟမှာ မဟုတ်ဘူး။

“ကဲ၊ ဒါဆို ဒါနဲ့ပဲ သွားကြတာပေါ့”

မာရူး အနေနဲ့ ကောင်မလေး အလိုရှိနေတဲ့အရာကို လိုက်ပြီး ဖြည့်ဆည်းပေးဖို့ စိတ်ကူးမရှိဘူး၊ သူက အခွင့်အရေး ပေးခဲ့ပြီးသားဖြစ်ပေမဲ့ သူမကတော့ အမိအရ မဆုပ်ကိုင်နိုင်ခဲ့ဘူး။ အခုတော့ ဇာတ်ကောင်နေရာတွေကိုပဲ ခွဲဝေဖို့ တွေးရတော့မယ်။ ဒါပေမဲ့ တခြားဇာတ်ညွှန်းတွေကို ဘေးကို ဖယ်မလိုက်ခင်မှာတင် ဒေးမြောင် က နှုတ်ကနေ ဖွင့်ဟပြောဆိုလာတယ်။

“ဟို… ဂျီယွန်း”

“ရှင်”

“ဒီနေရာက မင်းအတွက် နည်းနည်း စိမ်းနေသေးတယ် မဟုတ်လား။ ကျွန်တော်တို့နဲ့ အသားကျဖို့ ခက်ခဲနေမှာပေါ့”

“မ… မဟုတ်ပါဘူး၊ အဲလိုမဟုတ်ပါဘူး”

“တကယ်လား။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ခက်ခဲခဲ့တာပဲ။ မင်းက ကျွန်တော့်ထက် အများကြီး ပိုတော်ပါတယ်”

ဒေးမြောင် က သဘောကျစွာနဲ့ ပြုံးပြလိုက်တဲ့အခါ မာရူး က နှုတ်ပိတ်ပြီး အသာလေး နောက်ဆုတ်ပေးလိုက်တယ်။ အဲဒီကောင်လေး တစ်ခုခု လုပ်ဖို့ ကြိုးစားနေတာမို့ သူလည်း ဝင်မရှုပ်ဘဲ စောင့်ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“ကျွန်တော်က တော်တော်လေး ကြောက်တတ်တဲ့သူပါ။ လူဖျင်းတစ်ယောက်လည်း ဟုတ်တယ်။ ဒီလိုပုံစံကြောင့်ပဲ အနိုင်ကျင့်တာလည်း အမြဲခံခဲ့ရတာ။ ကျွန်တော့် ရုပ်ရည်ကလည်း ဒီလိုဖြစ်နေတော့ အနိုင်ကျင့်ခံရဖို့က သေချာသလောက် ရှိနေတာပေါ့”

ဒေးမြောင် က ရှက်ကိုးရှက်ကန်း ရယ်မောရင်း သူ့ဒူးတွေကို ပွတ်သပ်နေမိပြီး ကလပ်အသင်းသားတွေကလည်း သူ့ဆီ လှည့်ကြည့်လာကြတယ်။

“ကျွန်တော်လည်း ပထမနှစ်တုန်းက ကိုယ့်စိတ်ထဲရှိတာကို ထုတ်မပြောရဲခဲ့ဘူး။ လူတွေရဲ့ အာရုံစိုက်မှုကို ခံရမှာကို သေလုမတတ် မုန်းခဲ့တယ်၊ အခုထိလည်း အဲလိုပါပဲ။ မင်းတို့နဲ့ စကားပြောရတာ တကယ်ကို ခက်ခဲပါတယ်”

ဒေးမြောင် ရဲ့ ပါးပြင်တွေက ရှက်သွေးဖြန်းပြီး နီမြန်းလာတယ်။

“ဒါပေမဲ့လေ၊ မင်းသာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားပြီး တခြားသူတွေရဲ့ ဖိအားပေးမှုကိုပဲ လက်ခံနေမယ်ဆိုရင်… အခုလောလောဆယ်တော့ အဆင်ပြေနိုင်ကောင်းရဲ့၊ ဒါပေမဲ့ မင်းရဲ့ အဲဒီအလေ့အထက ရေရှည်မှာ ဆက်ပြီး ပါလာလိမ့်မယ်။ မင်းသာ ဒီလိုမျိုး ဆက်ပြီး နှုတ်ပိတ်နေမယ်ဆိုရင် နောင်အနာဂတ်မှာ ဘယ်လောက်ပဲ နာကျင်ရပါစေ၊ စကားတစ်လုံးတောင် ထုတ်ပြောနိုင်မှာ မဟုတ်တော့ဘူး”

ဒေးမြောင် က သူ့လက်ဖနောင့်တွေကို လက်သီးဆုပ်သလို တင်းတင်းဆုပ်လိုက်တယ်။

“အမှန်တော့၊ မင်း အခု ကိုယ့်စိတ်ကူးကို ထုတ်ပြောလိုက်ရုံနဲ့ အရာအားလုံး အကြီးအကျယ် ပြောင်းလဲသွားမှာ မဟုတ်ပေမဲ့ မင်းရဲ့ ရင်ထဲမှာတော့ အများကြီး ပေါ့ပါးသွားလိမ့်မယ်။ ရင်ဖွင့်ဖို့ ခက်ခဲတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလို ဖြတ်သန်းခဲ့ရလို့ပဲ။ ဒါကြောင့်မို့ ကိုယ့်ရဲ့ စိတ်ကူးတွေကို စကားလုံးတွေအဖြစ် ပြောင်းလဲပြီး ထုတ်ဖော်ပြောဆိုဖို့က တကယ်ကို အရေးကြီးတယ်လို့ ပြောချင်တာပါ”

ကလပ်အသင်းသားတစ်ဦးမကျန် သူ့ကို စိုက်ကြည့်နေတာကို သတိပြုမိသွားတဲ့အခါမှာတော့ ဒေးမြောင် တစ်ယောက် ချက်ချင်းပဲ တည်ငြိမ်မှု ပျက်ပြားသွားတယ်။

“အဲဒါကြောင့်… ဟို… ဘာမှ အများကြီး မတွေးဘဲနဲ့ ကိုယ့်စိတ်ထဲ ရှိတာကိုသာ အကျယ်ကြီး အော်ပြောလိုက်စမ်းပါ။ ဘယ်လောက်ပဲ ထူးဆန်းနေပါစေ ဘယ်သူမှ လှောင်ရယ်မှာ မဟုတ်ဘူး။ အာ… ဟုတ်တာပေါ့၊ ကျွန်တော်တို့ အားလုံး အပါအဝင်ပေါ့လေ… ဖြစ်နိုင်ရင်တော့…”

ဒေးမြောင် က မောပန်းနွမ်းနယ်စွာနဲ့ သက်ပြင်းချလိုက်တယ်။ အဲဒီကောင်လေးက ဇာတ်စင်ပေါ်မှာဆိုရင် သဘာဝကျကျ သရုပ်ဆောင်နိုင်ပေမဲ့ ဇာတ်စင်အောက်မှာတော့ လူတွေရဲ့ အာရုံစိုက်မှုကို ခံရတာကို သေလုမတတ် မုန်းရှာတယ်။ ဒါက သူ့အတွက် ဘယ်လောက်တောင် ပင်ပန်းလိမ့်မလဲဆိုတာ မာရူး ကောင်းကောင်း သိတယ်။

ဘာပဲဖြစ်ဖြစ် သူက ဘေးကနေ ကူညီပေးရတာကို သဘောကျတဲ့ လူစားမျိုးပဲလေ။ လူတွေအကုန်လုံးရဲ့ ရှေ့မှာ အဲဒီလို ထုတ်ပြောနိုင်ဖို့ဆိုတာ တကယ့်ကို ကြီးမားတဲ့ သတ္တိတွေကို စုဆောင်းခဲ့ရမှာ အသေအချာပဲ။ ဒေးမြောင် ဟာ ဂျီယွန်း ရဲ့ ပုံစံထဲမှာ သူ့ရဲ့ အတိတ်က အရိပ်အယောင်တွေကို မြင်နေမိပုံရတယ်၊ အစည်းအဝေး အလယ်ခေါင်မှာတောင် ဝင်ပြီး အကြံပေးရလောက်တဲ့အထိပဲ။

စာသင်ခန်းထဲမှာ တိတ်ဆိတ်မှုတွေ လွှမ်းမိုးသွားခဲ့ပေမဲ့ အဲဒီတိတ်ဆိတ်မှုက နွေးထွေးမှုတွေ ရှိနေတုန်းပဲ။ မာရူး က ကလပ်အသင်းသားတွေကို တစ်ယောက်ချင်းစီ လိုက်ကြည့်မိတော့ သူတို့အားလုံးက ဂျီယွန်း ကို ဖိအားမဖြစ်စေချင်တာမို့ တတ်နိုင်သမျှ မျက်လုံးချင်းလွှဲပြီး တခြားဆီကို ကြည့်နေပေးကြတယ်။

မာရူး က ဒေးမြောင် ဆီ လှည့်ကြည့်လိုက်မိတယ်၊ သူကိုယ်တိုင်ဆိုရင်တော့ ဒီလိုမျိုး နူးညံ့တဲ့ အကြံဉာဏ်မျိုး ပေးနိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက အရွယ်ရင့်နေပြီဖြစ်လို့ လူတွေကို တည့်တိုးပြောဖို့ပဲ သိတာ။ လှပတဲ့ မုသာဝါဒတွေနဲ့ လူတစ်ယောက်ကို မြှောက်ပေးလို့ရပေမဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အပေါ်မှာတော့ အဲဒီလို မလုပ်ချင်ဘူး။ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့အတွက် မုသာဝါဒတွေကို သုံးပြီး မကြိုးစားချင်တာလည်း ပါတယ်။

သူနဲ့မတူဘဲ ဒေးမြောင် ကတော့ နူးညံ့တယ်။ ရင်ထဲကလာတဲ့ နွေးထွေးတဲ့ စကားလုံးတွေကို သုံးပြီး လူတစ်ယောက်ကို ဖျောင်းဖျနားချနိုင်တဲ့သူမျိုးပဲ။ တကယ်တော့ ဒေးမြောင် က ကလပ်ရဲ့ ဥက္ကဋ္ဌနေရာနဲ့ ပိုပြီး သင့်တော်ပါတယ်။ မဟုတ်ဘူး၊ သူက ဥက္ကဋ္ဌကို ဖြစ်ရမှာ။

မာရူး က ဂျီယွန်း ဆီ ပြန်လှည့်ကြည့်လိုက်တယ်၊ ဒေးမြောင် ကတော့ သူမအတွက် လမ်းခင်းပေးခဲ့ပြီ။ စကားပြောဖို့က သူမအတွက် မလွယ်ကူလှပေမဲ့ ဒီနေရာမှာပါ ဆက်ပြီး နှုတ်ပိတ်နေဦးမယ်ဆိုရင်တော့… သူမ ဘယ်တော့မှ ပြောင်းလဲနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီကောင်မလေးအနေနဲ့ ဒေးမြောင် ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ဖို့ပဲ သူ မျှော်လင့်နိုင်တော့တယ်။

“ကျွန်မ… ကျွန်မ ဒါကို သဘောကျတယ်။ တောင်းပန်ပါတယ်”

ဂျီယွန်း က သူမရဲ့ နှုတ်ခမ်းကို ကိုက်ရင်း ပြောလိုက်တယ်။ “တောင်းပန်ပါတယ်” ဆိုတဲ့ စကားလုံးက သူမရဲ့ လျှာဖျားမှာ စွဲကပ်နေပြီး အဲဒီအကျင့်က ပျောက်မသွားသေးတဲ့ပုံပဲ။ ဒေးမြောင် က မာရူး ဆီ အသာလေး လှမ်းကြည့်လာတယ်၊ သူမကို မဆူပါနဲ့လို့ မာရူး ကို တောင်းပန် တိုးလျှိုးနေတဲ့ မျက်နှာပေးမျိုးနဲ့ပဲ။ မာရူး က ပုခုံးနှစ်ဖက်ကို အသာလေး တွန့်ပြလိုက်ပြီးမှ စကားစလိုက်တယ်။

“ဘာလို့ သဘောကျရတာလဲ ပြောပြပါဦး။ ကိုယ့်ရဲ့ ထင်မြင်ချက်လေးတင်ပဲ ဖြစ်ဖြစ် ရပါတယ်”

ဂျီယွန်း က ဆုံးဖြတ်ချက်တစ်ခု ချလိုက်တဲ့ပုံစံနဲ့ ခေါင်းငြိမ့်ပြတယ်။ မာရူး အနေနဲ့ အဲဒီကောင်မလေး မတရားမှုကို တော်လှန်ခဲ့တာကို နှစ်ကြိမ်လောက် မြင်ဖူးခဲ့ပြီးပြီ။ နှစ်ကြိမ်စလုံးကလည်း ဂွန်ဆော့ နဲ့ ပတ်သက်နေတာချည်းပဲ။ ဘာပဲဖြစ်ဖြစ် ကောင်မလေးရဲ့ ရင်ထဲမှာ သတ္တိဆိုတာ ရှိနေတာတော့ အမှန်ပဲ။ သူမက အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ စကားကို ဆက်ပြောတယ်။

“ကျွန်မက ဒီပြဇာတ်ထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်စုံလင်မှုကို သဘောကျတာ။ ပြီးတော့ သူတို့အားလုံးရဲ့ ပါဝင်ခွင့်ရမယ့် အခန်းကဏ္ဍကလည်း တူညီတဲ့ ပမာဏလောက် ရှိနေတယ်။ လူတိုင်းက ကိုယ်ရတဲ့ ဇာတ်ကောင်နေရာအပေါ်မှာ ကျေနပ်ကြလိမ့်မယ်လို့ ထင်မိလို့ပါ။ ဇာတ်အိမ်က ခေတ်သစ်ပုံစံမျိုးဆိုတော့ ပြဇာတ်သုံးပစ္စည်းတွေအတွက်လည်း အဆင်ပြေတယ်။ အဲဒါကြောင့်မို့…”

ဂျီယွန်း ရဲ့ အသံက တဖြည်းဖြည်း တိုးဝင်သွားပြန်တယ်။

“ဟေး ဟေး၊ ငါတို့က ကိုက်စားမယ့်သူတွေ မဟုတ်ပါဘူး၊ ဆက်ပြောစမ်းပါ” အာရမ် က ဂျီယွန်း ရဲ့ ပုခုံးကို အသာလေး ပုတ်ရင်း ဝင်ပြောလိုက်တယ်။

ဂျီယွန်း က ဇာတ်ညွှန်းကို သူမရဲ့ လက်မောင်းကြားထဲ ညှပ်ထားရင်း ဆက်ပြောတယ်။

“အမျိုးသမီးဇာတ်ကောင် နှစ်ယောက်နဲ့ အမျိုးသားဇာတ်ကောင် လေးယောက် ပါဝင်တာဆိုတော့ ထိန်းကျောင်းရတာ ပိုပြီး လွယ်ကူလိမ့်မယ်လို့ ထင်တယ်။ ဇာတ်အိမ်ကလည်း ထောင်အခန်းကျဉ်းထဲမှာ အခြေခံထားတာဆိုတော့ ပြဇာတ်သုံးပစ္စည်းတွေ အများကြီး မလိုဘူး။ တခြားဟာတွေကလည်း စိတ်ဝင်စားစရာကောင်းပုံရပေမဲ့ ပြဇာတ်သုံးပစ္စည်းတွေ အများကြီး လိုအပ်နေတာ ဒါမှမဟုတ် ဇာတ်ကောင်နေရာတွေ များလွန်းနေတာမျိုး ဖြစ်နေလို့ပါ”

“ဒါပေမဲ့ ငါတို့ အစောပိုင်းက ပြောခဲ့တဲ့ ပထမဆုံးပြဇာတ်ကလည်း ပြဇာတ်သုံးပစ္စည်း အများကြီး မလိုပါဘူး” မာရူး က ဝေဖန်ထောက်ပြလိုက်တယ်။

ဒေးမြောင် က တားမြစ်တဲ့အနေနဲ့ လက်ဟန်ခြေဟန် ပြလိုက်ပေမဲ့ သူကတော့ ဂရုမစိုက်ဘဲ ကျော်ဖြတ်လိုက်တယ်။ ဂျီယွန်း က စိတ်လှုပ်ရှားစွာနဲ့ ငုံ့ကြည့်သွားပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှုတ်ပိတ်မသွားခဲ့ဘူး။

“…ပထမဆုံးပြဇာတ်က အဓိကဇာတ်ကောင်တွေအတွက်ပဲ စကားပြောခန်းတွေ အများကြီး ပါဝင်နေတာပါ။ အဲဒါက မကောင်းဘူးလို့ မဆိုလိုပေမဲ့… ကျွန်မတို့ရဲ့ ပထမဆုံး အတူတူကပြမယ့် ပြဇာတ်ကိုတော့ အားလုံး ဟန်ချက်ညီညီနဲ့ ဖြစ်စေချင်တယ်။ အဲဒါက ပိုပြီး ပျော်စရာကောင်းလိမ့်မယ်လို့ ထင်လို့ပါ။ မဟုတ်ဘူး၊ ပျော်စရာကောင်းမှာ သေချာပါတယ်”

ဂျီယွန်း ရဲ့ အသံက အဆုံးသတ်မှာတော့ အကြွင်းမဲ့ ယုံကြည်မှုတွေ ပြည့်နှက်နေခဲ့တယ်။ မာရူး ပြုံးလိုက်မိတယ်၊ ကောင်မလေးက တော်တော်လေးကို ဆွဲဆောင်မှုရှိရှိ ပြောနိုင်တာပဲ။ အကယ်၍ သူမရဲ့ အကြောင်းပြချက်တွေကသာ ဖရိုဖရဲဖြစ်နေရင် သူ စိတ်ပြောင်းမှာ မဟုတ်ပေမဲ့ သူမရဲ့ နောက်ဆုံးစကားလုံးကတော့…

“ငါလည်း ဒီဇာတ်ညွှန်းကို သဘောကျတယ်။ ဒါဆို လေးမဲ နှစ်မဲပေါ့”

မာရူး က တတိယမြောက်ဇာတ်ညွှန်းကိုပဲ မဲပေးလိုက်တယ်။ သူကိုယ်တိုင်လည်း ထောင်အခန်းကျဉ်းထဲမှာ အခြေခံထားပြီး ဇာတ်ကောင်တွေက ကိုယ့်ရဲ့အတိတ်ကို နောင်တတွေနဲ့ ပြန်ပြောင်းတွေးတောရမယ့် ဇာတ်အိမ်မျိုးကို သဘောကျတာလည်း ပါတယ်။ ဒါတင်မကသေးဘူး၊ သူ သရုပ်ဆောင်ချင်တဲ့ ဇာတ်ကောင်တစ်ယောက်လည်း အဲဒီထဲမှာ ရှိနေတယ်။ သူကိုယ်တိုင် သရုပ်ဆောင်ဖို့ တကယ်ကို လိုအပ်နေသလို ခံစားရတဲ့ ဇာတ်ကောင်မျိုးပေါ့။

“အင်း၊ ကျွန်မလည်း ဒါကို ပိုပြီး သဘောကျသွားပြီထင်တယ်” အာရမ် က ပြောတယ်။

ကောင်မလေးက သူမရဲ့ သူငယ်ချင်းအတွက် ဝင်ပြီး အားပေးကူညီနေတာ ထင်ရှားလှပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့။

“ဘာပဲဖြစ်ဖြစ် ရွေးလိုက်ကြပါ၊ ငါကတော့ ဂရုမစိုက်ဘူး” ဒိုဝူး က ကြမ်းပြင်ပေါ်မှာ လှဲအိပ်ရင်း ပြောလိုက်တယ်။

ဒီအချိန်မှာတော့ ဘန်ဂျူး နဲ့ ဒေးမြောင် နှစ်ယောက်ပဲ ကျန်တော့တယ်။

“ပြန်တွေးကြည့်တော့၊ စတုတ္ထမြောက်ဇာတ်လမ်းထဲမှာဆိုရင် ငါ့မှာ စကားပြောခန်း တစ်လုံးမှ ပါမှာမဟုတ်ဘူး၊ ဒါကြောင့် ငါလည်း နံပါတ်သုံးကိုပဲ ရွေးမယ်”

ဘန်ဂျူး က လက်ထောင်လိုက်တဲ့အခါ ဒေးမြောင် ကလည်း သူတော်စင်လို ပြုံးရင်း “ဒါဆို နံပါတ်သုံးနဲ့ပဲ သွားကြတာပေါ့” လို့ ပြောလာတယ်။

“ကောင်းပြီ၊ ဒါဆို နံပါတ်သုံးပေါ့”

မာရူး နေရာကနေ ထရပ်လိုက်တယ်၊ အခုက ဆူယွန်း ကို ပြန်ခေါ်ရမယ့် အချိန်ပဲ။ တံခါးကိုဖွင့်ပြီး ဝဲယာကို လှည့်ပတ်ကြည့်လိုက်တဲ့အခါ စင်္ကြံလမ်းရဲ့ အဆုံးတစ်ဖက်မှာ ရပ်နေတဲ့ သူမကို မြင်လိုက်ရတယ်။ သို့ပေမဲ့ သူမ တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူး၊ တကယ်ကို ရင်းနှီးကျွမ်းဝင်လှတဲ့ လူတစ်ယောက်က သူမနဲ့ စကားပြောနေတာပဲ။

‘နည်းပြ မီဆို က ဘာလို့ ဒီကို…’

မာရူး မျက်မှောင်အနည်းငယ် ကြုတ်ရင်း အဲဒီနှစ်ယောက်ဆီကို လျှောက်လှမ်းသွားလိုက်မိတယ်။

* * * * * * * * *

အခန်း(၂၁၀)

“ရှင် ကိုယ်တိုင်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ လက်ဖက်ရည် သောက်မလား”

မီဆို က ဆူယွန်း ကို ကြည့်ပြီး ပြုံးလိုက်တယ်။

“ဒီမှာပဲ စကားပြောကြရအောင်လေ၊ နင်လည်း တော်တော် အလုပ်ရှုပ်နေမှာပဲဟာ။ ပြီးတော့ ငါတို့က လက်ဖက်ရည် အတူတူသောက်ရလောက်အောင်လည်း မရင်းနှီးကြသေးဘူး မဟုတ်လား”

“အော်... အဲလိုလား။ ငါကတော့ နင်နဲ့ တော်တော်လေး ရင်းနှီးသွားပြီလို့ ထင်နေတာ”

ဆူယွန်း က ဘာမှပူပန်စရာမရှိတဲ့ ယုံကြည်ချက်အပြည့်နဲ့ ပြုံးပြလိုက်တယ်။ မီဆို ကတော့ အရှုံးမပေးချင်တဲ့ စိတ်ကြောင့်လားမသိ၊ ပိုပြီးတော့တောင် ဖြဲပြုံး ပြုံးလိုက်သေးတယ်။

“ဒါဆိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ နင် ဘာလို့ ဒီကလပ်ကို တာဝန်ယူနေတာလဲ။ ဒါက နင့်အတွက် ဘာမှ အကျိုးအမြတ်ရှိမှာမဟုတ်ဘူးလို့ ငါ ထင်တယ်”

“ငါတို့လောကရဲ့ အနာဂတ်မျိုးဆက်သစ်တွေကို ပျိူးထောင်ပေးတာက ဘာလို့ ငါ့အတွက် အကျိုးမရှိရမှာလဲ။ အော်... နေပါဦး၊ နင်က အခုလို အောင်မြင်ကျော်ကြားနေတဲ့သူဆိုတော့ ဒီလိုအလုပ်မျိုးကို နှာခေါင်းရှုံ့တာလည်း သဘာဝကျပါတယ်လေ”

“နင်ကတော့ သူများပြောတဲ့စကားကို လွဲမှားအောင် ကောက်ချက်ချတဲ့နေရာမှာ တကယ့်ကို ပါရမီပါတာပဲနော်။ နင့်စိတ်ထဲက မကောင်းတဲ့အတွေးရှိမနေဘူးဆိုရင်တော့ နင့်နားပဲ ပြဿနာရှိနေလို့ ဖြစ်ရမယ်။ နင် လိုချင်ရင် ငါ့မှာ မိတ်ဆွေ ဆရာဝန်တစ်ယောက်ရှိတယ်၊ မိတ်ဆက်ပေးရမလား”

“ရပါတယ်၊ ငါက ငယ်သေးတော့ ဘာမှ မဖြစ်သေးဘူး။ အာ... ဒါပေမဲ့ အသက်သုံးဆယ်ကျော်နေတဲ့ နင်ကတော့ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ရမှာပေါ့နော်”

မီဆို တစ်ယောက် ပြန်ပက်ဖို့ စကားလုံးတွေ အများကြီး ပြင်ဆင်လာခဲ့ပေမဲ့ အသက်သုံးဆယ် ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အချိန်မှာပဲ အကုန်လုံး ခေါင်းထဲကနေ လွင့်စင်ပျောက်ကွယ်သွားတော့တာပဲ။ ဆူယွန်း ကို ဒီနေရာမှာတင် ဆွဲဆောင့်ပြီး ကြမ်းပြင်ပေါ် ရိုက်ချပစ်ချင်စိတ် ပေါက်သွားပေမဲ့ အဲဒီမိန်းမက ‘နောက်တာပါ’ ဆိုပြီး အေးအေးဆေးဆေး ကျော်ဖြတ်သွားတော့ အံကြိတ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒီမိန်းမကတော့ လူကို ဒေါသထွက်အောင် လုပ်တဲ့နေရာမှာ ပါရမီထူးလွန်းတာကြောင့် မီဆို လည်း လောလောဆယ် ငြင်းခုံနေတာကို လက်လျှော့လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ရတယ်။

“ကဲ... မူရင်းအကြောင်းအရာဆီ ပြန်သွားရအောင်။ နင် ဘာလို့ ကလပ်မှာ သင်ကြားပေးနေတာလဲ။ နင်က ဒီလိုအရာမျိုးကို စိတ်ဝင်စားမယ့်သူ မဟုတ်ဘူးလို့ ငါ ထင်ထားတာ”

“ငါ ဘာလုပ်ဖို့ ဆုံးဖြတ် ဆုံးဖြတ်၊ နင်က ဘာလို့ ဝင်ပါနေတာလဲ။ အဲဒါထက်၊ ငါ့အကြောင်း ဘာမှလည်း သေသေချာချာမသိဘဲနဲ့ ဘယ်လို သတ္တိနဲ့ ငါ့ကို လာပြီး ဝေဖန်စော်ကားနေရတာလဲ။ သိပ်မရင်းနှီးတဲ့သူဆီကနေ ဒီလိုစကားမျိုး ကြားရတာ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်”

ဆူယွန်း ရဲ့ မျက်နှာပေါ်မှာ အရိပ်မည်းတစ်ခု ဖြတ်ပြေးသွားတာကို မီဆို တစ်စက္ကန့်လောက် စိုက်ကြည့်နေပြီးမှ သက်ပြင်းချလိုက်တယ်။

“ဆောရီးပါ၊ အဲဒါ ငါ့အမှားပါ"

အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကိုပဲ ယုံပြီး ဆူယွန်း ကို အပုပ်ချမိလိုက်တဲ့အတွက် မီဆို ကိုယ့်ကိုယ်ကိုယ် ရှက်သွားမိတယ်။ သူမရဲ့ စိတ်လိုက်မာန်ပါ ဖြစ်တတ်တဲ့ အကျင့်က အမြဲတမ်း ပြဿနာပဲ။ သေသေချာချာ ဆင်ခြင်တုံတရားနဲ့သာ စက္ကန့်ပိုင်းလောက် စဉ်းစားခဲ့ရင် အခုလို ဒီနေရာကို ရောက်လာမိမှာတောင် မဟုတ်ဘူး။

‘ဒါပေမဲ့ ငါ အေးဆေး မနေနိုင်ခဲ့ဘူးလေ'

ဒါက မိုးပြာရောင် ကလပ်လေ။ သူမရဲ့ အိပ်မက်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အရည်အချင်းတွေကို သွေးခဲ့တဲ့နေရာ။ သူမရဲ့ နှလုံးသားနဲ့ အနီးကပ်ဆုံးနေရာပဲ။ အသစ်ရောက်လာတဲ့ နည်းပြက ငွေမက်လို့ဖြစ်ဖြစ်၊ တခြား မရိုးသားတဲ့ ရည်ရွယ်ချက်တစ်ခုခုကြောင့်ဖြစ်ဖြစ် ရောက်လာတာဆိုရင် သူမ တကယ် ဒေါသထွက်မိမှာပဲ။

“ဒါပေမဲ့လည်း ငါ သိချင်သေးတယ်။ နင် ဘာလို့ ဒီအလုပ်ကို လက်ခံလိုက်တာလဲ”

ဆူယွန်း က လက်ပိုက်ပြီး နံရံကို ကျောမှီလိုက်ရင်း ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပါးစပ်ဟလာတယ်။

“ဒါက ဆရာဂျွန်မင်းရဲ့ တောင်းဆိုချက်မို့လို့ပဲ။ ဆရာက အကြောင်းပြချက်မရှိဘဲ ဘယ်အလုပ်ကိုမှ မခိုင်းတတ်ဘူးဆိုတာ နင်လည်း ငါ့လိုပဲ သိတာပဲ မဟုတ်လား”

“သိတာပေါ့၊ သိတယ်။ ဒါပေမဲ့ နင်က အဲဒီအကြောင်းပြချက်တစ်ခုတည်းနဲ့ပဲ ဒီအလုပ်ကို လက်ခံလိုက်တာလား။ မဖြစ်နိုင်တာ...”

“ဟုတ်တယ်၊ တခြား အကြောင်းပြချက် မရှိဘူး။ အဲဒီအချိန်တုန်းက ငါလည်း အားနေတာနဲ့ အတော်ဖြစ်သွားတာပေါ့”

“တကယ်ကြီးလား။ ဒါပဲလား။ သူများ ခိုင်းရုံသက်သက်နဲ့ လုပ်လိုက်တာပေါ့”

“ခိုင်းရုံသက်သက် ဟုတ်လား။ ဒါက ဆရာဂျွန်မင်း ပြောတာလေ။ ဆရာက တစ်ခုခု လုပ်ခိုင်းပြီဆိုရင် ငြင်းစရာမလိုဘဲ လုပ်လိုက်ရုံပဲ။ သူ့စကား နားထောင်လို့ ငါ ဘယ်တုန်းကမှ မရှုံးဖူးဘူး။ ရှုံးခဲ့ရင်တောင် သူက အမြဲတမ်း ပိုကောင်းတဲ့အရာနဲ့ ပြန်ပေးဆပ်တတ်တယ်။ အဲဒါကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ငါ ယုံကြည်တယ်။ ဒါက ထီပေါက်မယ့် ထီလက်မှတ်ကို အမြဲတမ်း ကိုင်ထားရသလိုပဲ”

ဆူယွန်း က လက်ပိုက်ထားတာကို ဖြုတ်လိုက်ရင်း ခဏ ရပ်လိုက်တယ်။

“ဒါပေမဲ့လည်း ငါက အချိန်ဖြုန်းဖို့သက်သက်နဲ့ ဒီအလုပ်ကို လက်ခံခဲ့တာတော့ မဟုတ်ဘူး။ အဲဒါကိုတော့ စိတ်မပူပါနဲ့။ ငါ ဒီမှာရှိနေသရွေ့ အကောင်းဆုံး ရလဒ် ထွက်လာအောင် လုပ်ပေးမှာပဲ။ နင် ဘယ်လို မျက်နှာပေးမျိုးနဲ့ ဒီကို ရောက်လာလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ ငါ့ကို လာပြီး နှောင့်ယှက်ဖို့ သက်သက်ဆိုရင်တော့... ပြန်လိုက်ဖို့ အကြံပြုချင်တယ်”

မီဆို က ဆံပင်တွေကို အနောက်ဘက် သပ်တင်လိုက်ပေမဲ့ ပြန်ပြောစရာ စကား သိပ်မရှိခဲ့ဘူး။ အကျိုးအကြောင်းအရ ကြည့်ရင် ဆူယွန်း ပြောတာ အမှန်ပဲ။ တခြားအလုပ်တွေကြောင့် ဒီအလုပ်ကို အရင်ဆုံး စွန့်လွှတ်ခဲ့တာက သူမကိုယ်တိုင်ဖြစ်သလို၊ ဂျွန်မင်း ဆီမှာ အကူအညီတောင်းခဲ့တာကလည်း သူမပဲလေ။ ခြုံငုံကြည့်လိုက်ရင် သူမရဲ့ ပြဿနာအားလုံး ပြေလည်သွားတာကို အထင်အရှား မြင်နိုင်ပါတယ်။

ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ဆူယွန်း က သူမရဲ့ ကိုယ်စား နည်းပြဖြစ်လာတာကို သူမ လုံးဝ မနှစ်သက်ဘူး။ ထိုမိန်းမက ယောကျာ်းတွေနဲ့ ပွေရှုပ်နေတာကို ကိုယ်တိုင် မမြင်ခဲ့ဖူးပေမဲ့ အကြောင်းစုံ သိရှိနိုင်လောက်အောင် ကောလာဟလတွေကို အလုံအလောက် ကြားဖူးထားပြီးသားပဲ။ ဆူယွန်းနဲ့ ပွေရှုပ်ခဲ့တဲ့သူတွေနဲ့လည်း ရင်းနှီးနေတာကြောင့် သူမကို မုန်းတီးတယ်လို့တောင် ပြောလို့ရတယ်။

ကိုယ်ခန္ဓာကို ရောင်းပြီး အကျိုးအမြတ်ရှာတဲ့ မိန်းမမျိုး။ မီဆို လည်း အတိတ်တုန်းက အဲလို ကမ်းလှမ်းမှုမျိုး ရဖူးတာပဲ။ ဒီလောကထဲမှာရှိတဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတိုင်းဟာ အဲလို ကမ်းလှမ်းမှုမျိုး ကြုံဖူးကြတာက အားလုံးသိတဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။ အာဏာရှိတဲ့သူတွေက ရိုးရိုး ထမင်းစားရုံကနေ လိင်ပိုင်းဆိုင်ရာအထိ တောင်းဆိုတတ်ကြပြီး မီဆို ကတော့ အဲဒီတောင်းဆိုမှုတွေကို အမြဲတမ်း ငြင်းပယ်ခဲ့တယ်။ သူမ ပိုက်ဆံလိုချင်ပေမဲ့ စက်ရုံမှာ အလုပ်လုပ်ပြီးပဲ ရှာခဲ့တယ်။ အခွင့်အရေးရှိရင် ကိုယ့်အရည်အချင်းနဲ့ကိုယ် ရုန်းကန်ခဲ့တာပဲ။ စိတ်ပျက်စရာ အခိုက်အတန့်တွေ အများကြီး ရှိခဲ့ပေမဲ့ နောက်ဆုံးတော့ သူမ ဖြစ်ချင်တဲ့ ပန်းတိုင်ကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ရောက်အောင် လျှောက်လှမ်းနိုင်ခဲ့တယ်။

အဲဒါကြောင့်ပဲ သူမ ဆူယွန်း ကို နားမလည်နိုင်တာ ဖြစ်ရမယ်။ ဆူယွန်း လို လူမျိုးတွေကြောင့် ဒီလောကထဲက လှပတဲ့ မိန်းကလေးတွေရဲ့ နာမည် ပျက်စီးရတာပဲ။ ဒီမိန်းမက မီဆို လက်ခံထားတဲ့ စံနှုန်းတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေလို့ တန်းတူတစ်ယောက်လိုတောင် အသိအမှတ်မပြုချင်တာ။

“နင့်ရဲ့ အဲဒီလို ကြည့်တဲ့ အကြည့်ကို ငါ တကယ် သဘောမကျဘူး။ ငါ နင့်အပေါ် ဘာအမှားမှ လုပ်ထားတာ မရှိဘူးလို့ ထင်တာပဲ”

ဆူယွန်း က မျက်ခုံးတစ်ဖက်ကို ပင့်ပြီး မေးလိုက်တဲ့အခါ မီဆို ရဲ့ စိတ်ထဲက တစ်စုံတစ်ခုက ချက်ချင်း ပေါက်ကွဲထွက်သွားမတတ် ခံစားလိုက်ရတယ်။

“နင် ငါ့အပေါ် တိုက်ရိုက် ဘာမှမလုပ်ခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ သိတဲ့သူတွေဆီကနေ နင့်အကြောင်း အသေးစိတ် တော်တော်များများ ကြားထားရလို့ ငါ့ဘက်ကလည်း ဒီလိုပဲ တုံ့ပြန်ဖို့ပဲ ရှိတော့တယ်။ ငါ ဘာကို ပြောနေလဲဆိုတာ နင် ကောင်းကောင်းကြီး သိပါတယ် ဟုတ်တယ်မလား”

ဆူယွန်း ရဲ့ မျက်လုံးတွေက လှောင်ပြုံးတစ်ခုနဲ့အတူ လှုပ်ခတ်သွားတယ်။

“နင်က ငါ့ကို လာပြီး ဆုံးမဩဝါဒ ပေးနေတာလား”

“ငါက ကလပ်အတွက် ကောင်းစေချင်ရုံ သက်သက်ပါ”

“အလိုလေး... ဒါဆို နင်က ဘာမို့လို့ ငါ့ကို အဲလိုမျိုး လာပြီး ဝေဖန်နေရတာလဲ”

ဆူယွန်း က လောလောဆယ်ပဲ ရိုက်နှက်တော့မယ့် ပုံစံမျိုးနဲ့ ရှေ့ကို တစ်လှမ်း တိုးလာခဲ့တယ်။ မီဆို ကလည်း အကြည့်ချင်း ဆိုင်ရင်း ရှေ့ကို တစ်လှမ်း တိုးလိုက်တယ်။ သူမက ဘယ်တုန်းကမှ ရန်ပွဲတွေမှာ မရှုံးဖူးတာကြောင့် ဒီပွဲမှာလည်း အနောက်ဆုတ်ပေးဖို့ အစီအစဉ် လုံးဝမရှိဘူး။

“နင်ကလည်း တကယ် မလွယ်တဲ့သူပဲနော်၊ မီဆို”

“နင့်ကိုလည်း ငါ အဲဒီအတိုင်းပဲ ပြန်ပြောချင်ပါတယ်၊ ဆူယွန်း”

မီဆို တစ်ယောက် ဒီလိုမိန်းမမျိုးဆီမှာ ကလပ်ကို လုံးဝ ပစ်ထားခဲ့လို့ မဖြစ်ဘူးလို့ တိကျစွာ တွေးလိုက်မိတယ်။

“ကလေးတွေတောင် အဲဒီလို ရန်မဖြစ်ကြဘူးဟ"

ရုတ်တရက် ထွက်လာတဲ့ အသံအသစ်ကြောင့် မီဆို က အံ့ဩပြီး ခေါင်းလှည့်ကြည့်လိုက်တော့ မာရူး က သူတို့နှစ်ယောက်လုံးကို အေးအေးဆေးဆေး စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ ဆူယွန်း ကလည်း အနောက်ကို တစ်လှမ်း ဆုတ်လိုက်တယ်။

“အသံကို ဒီထက် ပိုမြှင့်လိုက်ရင် ကလပ်ထဲက လူတွေအကုန်လုံး ကြားကုန်တော့မယ်။ ကိုယ့်ရဲ့ သိက္ခာကို ငဲ့ကွက်တယ်ဆိုရင်တော့ အသံကို နည်းနည်းလောက် လျှော့ချလိုက်ဖို့ အကြံပြုချင်တယ်”

အာ... ဟုတ်သားပဲ။ ဒီမှာ ကလေးတွေ ရှိနေတာကို မီဆို မေ့သွားခဲ့တယ်။

“ဆောရီးပါ။ ဟိုဘက်က လူတစ်ယောက်ကြောင့် ငါ တကယ့်ကို ကလေးဆန်သွားမိတယ်” လို့ ဆူယွန်း က ပြုံးပြီး ပြောလိုက်တယ်။

မီဆို တစ်ယောက် ရင်ထဲမှာ ဒေါသတွေ တဖျတ်ဖျတ် ပြန်လည် တောက်လောင်လာပြန်တယ်။

“ရန်ဖြစ်ချင်ရင်တော့ ကျောင်းအနောက်ဘက်ကို သွားကြတာ ပိုကောင်းမယ် ထင်တယ်။ ငါ ဒိုင်လူကြီး လုပ်ပေးမယ်လေ။ ပထမဆုံး နှာခေါင်းသွေးယိုတဲ့သူက အရှုံးပေါ့၊ ဘယ်လိုလဲ... အခုပဲ သွားကြမလား”

မာရူး က စိတ်ပျက်လက်ပျက် မျက်နှာပေးနဲ့ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေတယ်။ အထက်တန်းကျောင်းသားတစ်ယောက်ဆီကနေ ဒီလို စကားမျိုး အပြောခံရရင် ပုံမှန်ဆို ဒေါသထွက်စရာ ဖြစ်ပေမဲ့ မီဆို ကတော့ အခုအချိန်မှာ လုံးဝ ဒေါသမထွက်မိဘူး။ ဒီကောင်လေးမှာ ဘေးကလူတွေကို နားဝင်အောင် ပြောနိုင်တဲ့ ထူးဆန်းတဲ့ စွမ်းရည်မျိုး ရှိနေလို့ပဲ။

“အေးပါ၊ ငါ သိပြီမို့လို့ စိတ်လျှော့ပါဦး” မီဆို က သက်ပြင်းချလိုက်တယ်။

ကလေးတစ်ယောက်ဆီကနေ အဆုံးမခံရတာထက် ပိုပြီး စိတ်ပျက်စရာကောင်းတာ မရှိတော့ဘူး။ ပိုဆိုးတာက သူမမှာ ဆင်ခြေပေးစရာ အကြောင်းပြချက် မရှိတာပဲ။

“နည်းပြအဟောင်းနဲ့ နည်းပြအသစ် ရန်ဖြစ်နေကြတာကတော့ တကယ် မသင့်တော်ဘူး။ အခုမှ လူအင်အား မလုံလောက်ဖြစ်နေတာကို ဒါက ဘာမှ အထောက်အကူ မပြုဘူးလေ။ စီမံခန့်ခွဲတဲ့သူတွေရဲ့ ခေါင်းဆောင်မှု ကောင်းမှပဲ လုပ်ငန်းတွေက ကောင်းကောင်း လည်ပတ်နိုင်မှာကို မသိကြဘူးလား”

“အေးပါ... အေးပါ။ အမလေး၊ နင် အကုန်သိတာပဲ ဟုတ်ပြီလား"

ဆူယွန်း တောင်မှပဲ အရှုံးပေးလိုက်ရတယ်။

“ဒီနေရာမှာတင် အပြန်အလှန် တောင်းပန်တဲ့အနေနဲ့ ဖက်လဲတကင်း လုပ်ပြီး ပွဲသိမ်းလိုက်ရင် ကောင်းမယ် ထင်တယ်။ ဘယ်လိုလဲ”

“နင် ရူးနေလား”

“သေချင်လို့လား”

တုံ့ပြန်မှု နှစ်ခုလုံးက တစ်ပြိုင်နက်တည်း ထွက်လာတာကြောင့် မာရူး က ပုခုံးတွန့်ပြလိုက်တယ်။

“ဆရာမတို့နှစ်ယောက်က တကယ်ကို အတွဲညီတာပဲ။ နောင်ကျရင်လည်း အဆင်ပြေပြေ နေသွားနိုင်မှာပါ။ အာ... နည်းပြ၊ ကျွန်တော်တို့ ပြဇာတ်ဇာတ်ညွှန်း ရွေးပြီးသွားပြီ။ အဲဒါ သူတို့နဲ့ သွားပြီး စကားပြောပေးလို့ ရမလား”

ဆူယွန်း က သူမကို နောက်ဆုံးတစ်ကြိမ် စိုက်ကြည့်ပြီး စာသင်ခန်းထဲကို ပြန်ဝင်သွားတာကို မီဆို စောင့်ကြည့်နေမိတယ်။ ဆူယွန်း က လမ်းတစ်ဝက်လောက်မှာ အနောက်ကို ပြန်လှည့်ကြည့်ပြီး

“ငါ့အကြောင်းကို ပြောချင်တယ်ဆိုရင်တော့၊ ငါ ဘယ်လိုလူမျိုးလဲဆိုတာကို အရင်ဆုံး သေသေချာချာ လေ့လာထားဖို့ အကြံပြုချင်တယ်” လို့ ပြောသွားသေးတယ်။

သူမက နောက်ဆုံးအချိန်အထိ ရန်စသွားတာကြောင့် မီဆို တစ်ခုခု ပြန်ပြောဖို့ ပြင်လိုက်ပေမဲ့ မာရူး က ခေါင်းခါပြတာကို မြင်ပြီး တားလိုက်ရတယ်။

“ဆရာမကတော့ အမြဲတမ်း စိတ်အားထက်သန်နေတုန်းပဲနော်"

“ငါ အဲဒီမိန်းမနဲ့ တစ်ချိန်ချိန်မှာ အပြတ်ရှင်းရဦးမယ်၊ ငါ့ကို လာမတားနဲ့”

“အပြတ်ရှင်းမယ် ဟုတ်လား”

မီဆို က မာရူး ကို ကြည့်လိုက်တယ်။

“ဟုတ်တယ်။ နင်လည်း သိတာပဲ မဟုတ်လား။ ဂန်ဟွမ် ဆီကနေ နင် သူမအကြောင်း ကြားဖူးမှာပေါ့”

“ကျွန်တော် တော်တော်များများ ရိပ်မိပါတယ်”

“အဲဒါကို နင်က အဆင်ပြေတယ်ပေါ့”

“ဘာကိုလဲ”

မီဆို က မာရူး ကို ကြောင်အမ်းအမ်း ကြည့်နေမိတယ်။ ဒီကောင်လေးက သူမရဲ့ မေးခွန်းကို တကယ်ပဲ နားမလည်တာလား။

“ငါ ဘာကို ပြောနေလဲ နင် မသိဘူးလား။ နင် ခုနတင်ပဲ သူမအကြောင်း သိတယ်လို့ ပြောခဲ့တာလေ”

“ဟုတ်တယ်လေ"

“...ဒါဆို ဒီမှာ ငါကပဲ ထူးဆန်းနေတာလား”

“ဟုတ်တယ်၊ တော်တော်လေးကို ထူးဆန်းနေတာ"

မာရူး က ခဏလောက် အနောက်ကို လှည့်ကြည့်လိုက်တော့ ဆူယွန်း က အခန်းထဲကို ရောက်သွားပြီ။

“ပထမအချက်က ကင်ဆူယွန်း က ကျွန်တော်တို့ရဲ့ လက်ရှိနည်းပြ ဖြစ်တယ်။ ဒုတိယအချက်က ယန်မီဆို က သူမရဲ့ အလုပ်များတဲ့ အချိန်ဇယားကြောင့် နည်းပြအလုပ်ကို စွန့်လွှတ်ခဲ့တယ်။ တတိယအချက်က ပြဇာတ်ကလပ်အတွက် နည်းပြတစ်ယောက် လိုအပ်နေတယ်။ ဒီအချက်တွေထဲက ဘယ်နေရာမှာ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ထည့်သွင်းလို့ ရမှာလဲ”

မာရူး က အလုပ်သဘောဆန်ဆန် စကားပြောလာတာကြောင့် မီဆို ရင်ထဲမှာ တစ်ခုခု တက်လာသလို ခံစားရပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ရတယ်။

“အဲဒီမိန်းမ ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အခုတော့ အတည်ပေါက် ပြောနေပေမဲ့ နောက်ကျရင် အဲလို ဖြစ်ချင်မှဖြစ်မှာ။ ဘာမှမပြောဘဲနဲ့ ရုတ်တရက်ကြီး ထွက်သွားရင်ကော”

“ဘာလို့ အဲလို ထင်ရတာလဲ”

“အဲဒါကတော့... ဘာလို့လဲဆိုတော့...”

“အလုပ်အပေါ် ထားတဲ့ စိတ်ဓာတ်နဲ့ လူတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ နေထိုင်မှုပုံစံက ဘာမှ မသက်ဆိုင်ဘူး။ နည်းပြက စိတ်လိုက်မာန်ပါ ဖြစ်တတ်တာကို ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ကို စိတ်ပူပေးတာကိုလည်း သိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒါက နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေပြီလို့ ခံစားရတယ်။ တကယ်လို့ နည်းပြ ဆူယွန်း ကို ဒီအလုပ်ကနေ လက်လျှော့သွားအောင် လုပ်လိုက်ရင်၊ ဆရာပဲ သူ့နေရာမှာ ဝင်လုပ်ပေးမှာလား”

မာရူး က မျက်မှောင်အနည်းငယ် ကြုတ်ပြီး မေးလိုက်တဲ့အခါ မီဆို ဘာမှ ပြန်မဖြေနိုင်ခဲ့ဘူး။

“ဆရာမ စေတနာနဲ့ လုပ်ပေးနေတာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ဘယ်တုန်းကမှ အကူအညီမတောင်းခဲ့ဘူးဆိုတာကိုတော့ နားလည်ပေးစေချင်တယ်။ နည်းပြ ဆူယွန်း ကို သဘောမကျဘူးဆိုရင်တော့ သီးသန့်နေရာတစ်ခုခုမှာ သွားပြီး စကားပြောဖို့ အကြံပြုချင်တယ်။ ရက်ပိုင်းပဲ ရှိသေးပေမဲ့ သူမက အခုထိတော့ တကယ့်ကို အလွန်ကောင်းမွန်အောင် သင်ကြားပေးနေတာ။ အသေးအဖွဲ ငြင်းခုံမှုတွေကြောင့်နဲ့တော့ သူ့ကို မဆုံးရှုံးချင်ဘူး”

“ဒါဆို နင်က အဲဒီမိန်းမ လုပ်ခဲ့တဲ့ အရာတွေကို ဂရုမစိုက်ဘူးပေါ့”

“အတိအကျ ပြောရရင်တော့ ဟုတ်တယ်။ သူက ရာဇဝတ်မှု ကျူးလွန်ခဲ့တာမှ မဟုတ်တာ၊ ဘဝကို ဖြတ်သန်းတဲ့ ပုံစံချင်းပဲ ကွာခြားတာလေ။ အဲဒါကို ကျွန်တော်က လိုက်ပြီး ဝေဖန်ဖို့ စိတ်ကူးမရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီအချက်က ကလပ်ကို မထိခိုက်သရွေ့ ကျွန်တော် ဘာမှ ဂရုမစိုက်ဘူး”

သူ့ရဲ့ ယုံကြည်ချက်အပြည့်နဲ့ မျက်လုံးတွေကို ကြည့်ပြီး သူမ ဘာပြန်ပြောရမှာလဲ။ မီဆို တစ်ယောက် ဆံပင်တွေကို ခဏလောက် ဆွဲဖွလိုက်ပြီးမှ သက်ပြင်းချလိုက်မိတော့တယ်။

“ငါက စိတ်ပူလို့ လာခဲ့တာပါ၊ ဒါပေမဲ့ ငါ တကယ့်ကို လူမိုက်ကြီး ဖြစ်သွားခဲ့ရတာပဲ"

“နောက်တစ်ခါ စိတ်ပူတယ်ဆိုရင်တော့ ကျွန်တော့်ဆီပဲ ဖုန်းဆက်လိုက်ပါ။ ဆရာမရဲ့ အလုပ်ရှုပ်နေတဲ့ ကြားထဲကနေ ဒီကို အကြောင်းမကြားဘဲ လာနေစရာ မလိုပါဘူး”

အာ... အဲလို ဖြစ်လာလိမ့်မယ်လို့ သူမ သိထားပြီးသားပါ။ ဒါပေမဲ့ သူနဲ့ စကားပြောပြီး အရှုံးပေးလိုက်ရတဲ့အခါမှာတော့ အံ့ဩမိတာပဲ။ ကိုယ်ကျင့်တရား ရှုထောင့်က ကြည့်ရင် သူမ မှန်ပေမဲ့... ကိုယ်ကျင့်တရားထက် အရင်ဦးစားပေးရမယ့် အရာတွေ ရှိနေသေးတယ်ဆိုတာကို သူမလည်း နားလည်တာကြောင့် ခေါင်းခါရုံပဲ တတ်နိုင်ခဲ့တယ်။

“ပြီးတော့၊ နောက်တစ်ခါလာရင် မုန့်လည်း ယူလာခဲ့ပေးဦးနော်။ ဆရာမရဲ့ ဂျူနီယာတွေက သူတို့ရဲ့ စီနီယာက လက်ဗလာနဲ့ လာတွေ့တာကို မြင်ရင် ဘာတွေးမလဲ စဉ်းစားကြည့်ဦးလေ”

မီဆို က ပြုံးရင်း အဲဒီကောင်လေးရဲ့ ဗိုက်ကို လက်သီးနဲ့ တစ်ချက် ထိုးလိုက်တယ်။ သူသာ အထိုးခံလိုက်ရင် စိတ်ထဲ နည်းနည်း နေလို့ကောင်းဦးမှာ ဖြစ်ပေမဲ့ သူက အသာလေး ကာကွယ်လိုက်ပြန်တယ်။

“ဟမ်... အဲ့လိုလား"

“ကျွန်တော်က အကြမ်းဖက်တာကို ဆန့်ကျင်တယ်၊ ဆောရီးပဲ"

“ငါကတော့ မဆန့်ကျင်ဘူး၊ အဲဒါကြောင့် ငါ့ဆီကနေ အမြန်လေး အထိုးခံလိုက်စမ်းပါ”

မီဆို က သူ့ခေါင်းကို အသာလေး တစ်ချက် ခေါက်လိုက်ပြီးမှပဲ ရပ်လိုက်တော့တယ်။

“နည်းပြ ဆူယွန်း ကို အရမ်းကြီး မုန်းမနေပါနဲ့ဦး၊” မာရူး က သူ့မျက်ခုံးကို ကုတ်ရင်း ပြောလာတယ်။

“ဘာလဲ၊ နင်က သူမကို သဘောကျသွားလို့လား”

“ဆရာမ ကလေးဆန်တာကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ အခုတော့ ပိုပြီးတောင် ဆိုးလာပြီနော်၊ မဟုတ်ဘူးလား”

မာရူး က အဲဒီစကားပဲ ပြောပြီး အခန်းထဲကို ပြန်ပြေးဝင်သွားတော့တယ်။ မီဆို က သူ့နောက်ကို လိုက်သွားဖို့ ခဏလောက် တွေးလိုက်သေးပေမဲ့ လှေကားထစ်တွေဘက်ကိုပဲ ခြေဦးလှည့်လိုက်တယ်။ မာရူး ခုနက ပြောခဲ့တဲ့ စကားကို သူမ ပြန်သတိရလိုက်မိတယ်လေ။

‘အေးပါ... နောက်ကျရင် မုန့်ဝယ်လာခဲ့ပါ့မယ်'

သူမကတော့ သူတို့ကို ဗီလိန်မိန်းမကြီးလက်ထဲကနေ လာကယ်တင်တာပါ၊ အခုတော့ သူမကိုယ်တိုင်ပဲ ဗီလိန်ကြီး ဖြစ်လုနီးပါး ဖြစ်သွားခဲ့ရတယ်။ မီဆို ကတော့ ခါးသက်သက် အပြုံးတစ်ခုနဲ့အတူ ပထမထပ်ဆီကို ခြေလှမ်းတွေ လှမ်းရင်း ဆင်းလာခဲ့တော့တယ်။

All Chapters