← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 28 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 28 Ch. 325-326

အခန်း(၃၂၅)

ကြယ်လေးပွင့်မန္တန်ဖြစ်တဲ့ မိုးကြိုးဖောက်ထွင်းခြင်းက ဓားမြှောင်ထဲကနေ ပေါက်ကွဲထွက်လာပြီး ဝါကျင်ကျင် လျှပ်စီးကြောင်းတွေဟာ ဓားသွားတစ်ခုလုံးကို ရစ်ပတ်သွားတော့တယ်။ မိုးကြိုးအရှိန်အဟုန်နဲ့အတူ အဲဒီဓားမြှောင်ဟာ မီလီစက္ကန့်ပိုင်းအတွင်းမှာပဲ ဂျာကူရဲ့ ဘေးနားဆီကို ရောက်ရှိသွားခဲ့တယ်။

ဒါပေမဲ့ ဂျာကူရဲ့ တံတောင်ဆစ်အောက်ဘက်ကနေ ပေါ်ထွက်လာတဲ့ ဓားတစ်စောင်က ဓားမြှောင်ကို ပယ်ဖျက်လိုက်တာကြောင့် ဓားသွားဟာ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်သွားရတယ်။ ဘယ်ကနေ ဘယ်လို ဓားတစ်စောင်ကို ရုတ်တရက် ဆွဲထုတ်လိုက်မှန်းမသိတဲ့ ဂျာကူကို ကြည့်ပြီး ဓားပြရဲ့ မျက်လုံးတွေက ပြူးကျယ်သွားရတယ်။ အစောပိုင်းကတည်းက ဂျာကူမှာ ဓားပါလာတာကို အဲဒီဓားပြက လုံးဝ သတိမထားမိခဲ့ပါဘူး။

ဒါတင်မကသေးဘူးနော်။ အကွာအဝေးကလည်း သိပ်ကို နီးကပ်လွန်းတာကြောင့် သူ့ရဲ့ဓားမြှောင်ဟာ လူတစ်ပိုင်းသတ္တဝါရဲ့ အကြေးခွံတွေကို သေချာပေါက် ထိုးဖောက်သွားလိမ့်မယ်လို့ ဓားပြက ထင်နေခဲ့တာ။ အဆိုးဆုံးကတော့ ဂျာကူက အနောက်ကိုတောင် လှည့်မကြည့်ရသေးတာပဲ။ သူက လက်ထဲက ကြက်သားကို နောက်ဆုံးတစ်ကိုက် ကိုက်လို့ကောင်းတုန်းရှိသေးပြီး ဓားကိုတော့ သူ့တံတောင်ဆစ်နားက ဘေးဘက်မှာပဲ အနေအထား အသင့် ပြင်ထားခဲ့တာ။

"တောက်။ အထင်ကြီးစရာပဲ။ ဒါပေမဲ့ ဒီတစ်ချက်တည်းနဲ့တင် မင်းက ကြယ်သုံးပွင့် ဓားသမားအဆင့်ပဲ ရှိသေးတယ်ဆိုတာ ငါသိလိုက်ပြီ။ ဒါကတော့ မလုံလောက်သေးဘူးဟေ့"

ခေါင်းစည်းပုဝါနဲ့ ဓားပြဟာ သူ့ရဲ့ လျှပ်စီးဓားမြှောင်ကို ပြန်ရုပ်သိမ်းလိုက်တယ်။ ပြီးတော့ သူ့ရဲ့ ခြေထောက်တွေနဲ့ လက်မောင်းတွေဆီကနေပါ လျှပ်စီးတွေ စတင် ထွက်ပေါ်လာပြီး အရှိန်ရော တန်ခိုးစွမ်းအားပါ ပိုမို မြင့်တက်လာခဲ့တယ်။

သူက ဂျာကူရဲ့ ပခုံးဆီကို ဓားမြှောင်နဲ့ ထိုးစိုက်လိုက်ပေမဲ့ ဒရာဂွန်ဘွန်းကတော့ နောက်ဆုံးမှာ ကိုယ်ကို လှည့်လိုက်ပြီး သူ့ရဲ့ ဓားပြားမျက်နှာပြင်နဲ့ ဓားမြှောင်ကို ပုတ်ထုတ်လိုက်ပါတယ်။ လျှပ်စီးဓားမြှောင်ဟာ လျှောကျသွားပြီး သစ်သားစားပွဲခုံထဲကို စိုက်ဝင်သွားတော့တာပဲ။ ဓားမြှောင်ဆီကနေ လျှပ်စီးတွေ စီးဆင်းသွားတာကြောင့် စားပွဲခုံတစ်ခုလုံးဟာ မီးကျွမ်းနေတဲ့ အစအနပေါင်း မြောက်မြားစွာအဖြစ် လွင့်စင်ပေါက်ကွဲသွားရတယ်။

ဂျာကူက နေရာကနေ ထရပ်ပြီး ခေါင်းစည်းပုဝါနဲ့ ဓားပြကို ရင်ဆိုင်လိုက်တယ်။ ဓားပြကတော့ ပြုံးစိစိနဲ့ ဓားမြှောင်ကို လေထဲမှာ တစ်ပတ်လှည့်ပြနေတယ်။

မျက်နှာကြက်ကနေ သစ်သားစင်တစ်ခု ပြုတ်ကျပြီး ကြမ်းပြင်ပေါ် ရိုက်မိသွားတဲ့အချိန်မှာပဲ ဓားပြက သွေးဆာနေတဲ့ မျက်လုံးတွေနဲ့ ဂျာကူဆီကို ပြေးဝင်သွားပါတော့တယ်။

သူက ဂျာကူရဲ့ ဗိုက်ကို ဓားမြှောင်နဲ့ ထိုးလိုက်ပေမဲ့ ဒရာဂွန်ဘွန်းက ဓားကို အပေါ်ပင့်ယမ်းပြီး ကာကွယ်လိုက်တယ်။ ဓားပြက အနီးကပ် တိုက်ပွဲအသာစီးရအောင် ပိုပြီး တိုးကပ်လာခဲ့တယ်။ သူ့ရဲ့ ဓားမြှောင်က ကိုင်တွယ်ရ သိပ်သွက်တာကြောင့် ရက်ရက်စက်စက် ဆက်တိုက် ထိုးနှက်ချက်တွေကို ဖန်တီးနိုင်နေတာ။

ထိုးချက်တိုင်းကို ဂျာကူက ပယ်ဖျက်နိုင်ခဲ့ပြီး သူတို့ရဲ့ ဓားသွားချင်း ရိုက်ခတ်မှုကြောင့် ထွက်ပေါ်လာတဲ့ မီးပွားတွေဟာ စားသောက်ဆိုင်တစ်ခုလုံး လွင့်စင်ပျံနှံ့သွားခဲ့ရတယ်။

ဓားပြရဲ့ မဆုတ်မနစ် ဆက်တိုက် တိုက်ခိုက်မှုတွေကြောင့် ဂျာကူမှာ နောက်ဆုတ်ပေးခဲ့ရတယ်။ ဓားပြရဲ့ ထိုးချက်တိုင်းက သူ့ကို ဂျာကူဆီ တစ်လှမ်းချင်း ပိုတိုးကပ်သွားစေပြီး နောက်ဆုံးမှာတော့ ဒရာဂွန်ဘွန်းဟာ အပြစ်မဲ့တဲ့ ဘေးလူတွေ ထိုင်နေတဲ့ စားပွဲခုံအနောက်ကို ရောက်သွားရတော့တယ်။

သူက အနားတိုးလာပြီး ဂျာကူရဲ့ လည်ပင်းကို ဓားမြှောင်နဲ့ ထိုးသွင်းလိုက်ရာ ဂျာကူက ဓားကို အောက်စိုက်ပြီးပဲ ကာကွယ်လိုက်နိုင်တယ်။ ဓားပြက ဂျာကူရဲ့ ဘယ်ဘက်နံရိုးကို ထိမှန်ဖို့ ရည်ရွယ်ချက်နဲ့ ထပ်မံ ပြေးဝင်လာပြန်တယ်။

ဒါကို ဒရာဂွန်ဘွန်းက ရှောင်လိုက်မယ်ဆိုရင် ဓားမြှောင်က သူ့ကို ကျော်သွားပြီး သူ့အနောက်က စားပွဲမှာ ထိုင်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို သွားထိမှန်မှာ ဖြစ်နေတယ်။

ဒါကြောင့် ဂျာကူက ရှောင်မယ့်အစား သူ့ဓားရဲ့ အပြားမျက်နှာပြင်ကို သုံးပြီး ဓားမြှောင်ကို လုံးဝ ရပ်တန့်သွားအောင် တားဆီးလိုက်ရာ တိုက်ပွဲက ခေတ္တမျှ ရပ်တန့်သွားခဲ့ရတယ်။

ဂျာကူအနေနဲ့ သူ့ဓားကို အနေအထား ပြန်မပြင်နိုင်ခင်မှာပဲ ဓားပြက ဒီအခွင့်အရေးကို သုံးပြီး ဂျာကူရဲ့ တံတောင်ဆစ်ကို ဖြတ်တောက်ဖို့ ဓားမြှောင်ကို အမြန် ထိုးသွင်းလိုက်ပြန်တယ်။

ဒါပေမဲ့ နောက်ဆုံးစက္ကန့်ပိုင်းလေးမှာပဲ ဂျာကူရဲ့ ဓားဆီကနေ အပြာရောင် လျှပ်စီးတွေ ပေါက်ကွဲထွက်လာပြီး ဂျာကူရဲ့ ရှေ့မှာ ဓားနှစ်စောင် ပေါ်လာသလိုမျိုး မျက်လှည့်ပြလိုက်ကာ ဓားမြှောင် သူ့ကို မထိမှန်ခင်မှာပဲ ကာကွယ်ပုတ်ထုတ်လိုက်နိုင်တယ်။

ဓားပြတွေရဲ့ မျက်လုံးတွေ ပြူးကျယ်ကုန်ကြတော့တယ်။ အခုဆိုရင် ဂျာကူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အပြာရောင် လျှပ်စီးတွေက ဝန်းရံထားပြီး ဒါက ခေါင်းစည်းပုဝါနဲ့ ဓားပြရဲ့ ခန္ဓာကိုယ် အရည်အသွေးမြှင့်တင်တဲ့ မန္တန်မျိုးနဲ့ ဆင်တူနေတာ။

ချက်ချင်းဆိုသလိုပဲ ဓားပြရဲ့ မျက်စိရှေ့မှာ အရိပ်တစ်ခု ဖြတ်ကနဲ လက်သွားခဲ့တာကြောင့် သူက မသိစိတ်အရ ဓားမြှောင်ကို မြှောက်ပြီး ကာကွယ်လိုက်ရတယ်။ ဂျာကူရဲ့ ဓားခုတ်ချက်ကို မဆိုစလောက် လမ်းလွဲသွားအောင် လုပ်နိုင်ခဲ့လို့သာ သူ့ရင်ဘတ်မှာ ပိုပြီး နက်ရှိုင်းတဲ့ ဒဏ်ရာရမယ့် ဘေးကနေ သီသီလေး လွတ်မြောက်သွားခဲ့တယ်။

အပေါ်ယံ ဒဏ်ရာကနေ ထွက်လာတဲ့ သွေးတွေဟာ ဓားပြရဲ့ အပြင်ဝတ်ရုံမှာ စွန်းထင်သွားခဲ့တယ်။ ဓားပြက သူ့ရဲ့ ရင်ဘတ်အကာချပ်ပြားကို ငုံ့ကြည့်လိုက်တဲ့အခါ သတ္တုပြားအလယ်မှာ သေးငယ်တဲ့ ဓားရာတစ်ခုကို တွေ့လိုက်ရတယ်။ ဒါသာ မပါရင် သူက ပိုပြီး ပြင်းထန်တဲ့ ဒဏ်ရာကို ရရှိသွားမှာ အမှန်ပဲ။

"မင်း... မင်းက ငါ့ထက် ပိုမြန်နေတာလား။ ငါက မင်းထက် ကြယ်တစ်ပွင့်အဆင့် ပိုမြင့်တာလေ" ခေါင်းစည်းပုဝါနဲ့ ဓားပြက မယုံနိုင်ဘဲ အော်ဟစ်လိုက်တယ်။ "မင်းက ဘယ်သူလဲ"

"မင်းတို့က ငါတို့ကို လာတိုက်ခိုက်ပြီးတော့ ဘယ်သူနဲ့ တိုက်နေလဲဆိုတာတောင် မသိဘူးလား။ ငါက ပျင်းတတ်တယ်ဆိုပေမဲ့ မင်းတို့က ပိုပြီးတော့တောင် ပျင်းဖို့ကောင်းသေးတယ်" ဂျာကူက ဓားကို သူ့ပခုံးပေါ် တင်လိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ခါယမ်းလိုက်တယ်။

ဓားပြက ကောလာဟလတွေကို နောက်ဆုံးမှာ မှတ်မိသွားတာကြောင့် မျက်လုံးတွေ ပြူးကျယ်သွားရပြန်တယ်။ စတုန်းကိုးလ် ဆစ်ခ်စ်ကို အနိုင်ယူခဲ့တဲ့သူတွေ၊ ရီနေးတားကုမ္ပဏီရဲ့ နာမည်ကြီး တိုက်ခိုက်ရေးသမားတွေဖြစ်တဲ့ ဒရာဂွန်ဘွန်းတွေအကြောင်း ပြောသံဆိုသံတွေကို သူ ကြားဖူးထားတာကိုး။

"မင်း... မင်းက ဒရာဂွန်ဘွန်းလား"

ခေါင်းစည်းပုဝါနဲ့ ဓားပြက သွားကြိတ်လိုက်ပြီး သူ့ဓားမြှောင်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တယ်။ "ငါတို့ဘက်မှာ ဆယ်ယောက်ရှိနေတဲ့အချိန်မှာ မင်း ဘယ်သူပဲဖြစ်ဖြစ် ဂရုစိုက်နေစရာမလိုဘူးဟေ့"

ဓားပြငါးယောက်က ဂျာကူရဲ့ အနောက်ဘက်ကနေ သူတို့ရဲ့ ဓားတွေကို ထိုးသွင်းလိုက်ကြတယ်။

ဒရာဂွန်ဘွန်းရဲ့ ခန္ဓာကိုယ်ကနေ အပြာရောင် လျှပ်စီးတွေ ပေါက်ကွဲထွက်လာပြီး သူ့ရဲ့ အရှိန်အဟုန်ကို ပိုမို မြန်ဆန်တဲ့ အကန့်အသတ်ဆီ ရောက်ရှိသွားစေခဲ့တယ်။ ဓားပြတွေရဲ့ အမြင်မှာတော့ သူက မျက်စိရှေ့တင် ပျောက်ကွယ်သွားသလိုမျိုး ဖြစ်သွားပြီး ဓားပြတွေကတော့ တစ်ယောက်နဲ့တစ်ယောက် တိုက်မိကုန်ကြတော့တယ်။

ဓားပြတွေက သူတို့ရဲ့ ခေါင်းတွေကို ပွတ်သပ်ရင်း မော့ကြည့်ကာ ဂျာကူကို လိုက်ရှာကြတယ်။ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါမှာတော့ စားသောက်ဆိုင်ရဲ့ အခြားတစ်ဖက်မှာ ရှိနေတဲ့ သူ့ကို နောက်ဆုံးမှာ တွေ့လိုက်ရတော့တယ်။

အပြာရင့်ရောင် အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းဟာ ကောင်တာပေါ်ကနေ အသစ်စက်စက် ချက်ပြုတ်ထားတဲ့ ကြက်သားကို ယူလိုက်ပြီး အသားစကလေးတစ်ခုကို ဖဲ့ကာ ပါးစပ်ထဲ တစ်လုပ်တည်း ထည့်စားလိုက်တယ်။

ဓားပြတွေကတော့ ဒီလောက်အထိ ရဲတင်းလွန်းတာကို ကြည့်ပြီး မှင်တက်ကုန်ကြတယ်။

"ဒီကို ပြန်လာခဲ့စမ်း" ခေါင်းစည်းပုဝါနဲ့ ဓားပြက အော်ဟစ်လိုက်ပြီး သူ့ဓားမြှောင်ကို မိုးကြိုးစွမ်းအားတွေ သွတ်သွင်းလိုက်တယ်။ သူ့ခန္ဓာကိုယ်က အရိပ်တစ်ခုလို ဖြစ်သွားပြီး ဂျာကူဆီကို ပြေးဝင်သွားတော့တာပဲ။

ရိုက်ခတ်မိတဲ့ အချိန်မှာတော့ ဓားပြက ငြိမ်သက်သွားခဲ့ရတယ်။ သူက ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်တဲ့အခါ သူ့ဓားမြှောင်ရဲ့ ဓားသွားကို တွေ့လိုက်ရတယ်။

အဲဒါက ကြမ်းပြင်ပေါ်မှာ အပိုင်းအစပေါင်း မြောက်မြားစွာအဖြစ် ကြေမွပျက်စီးနေခဲ့ပြီ။

ဂျာကူက ဓားပြကို အခြေအနေပြန်မတ်ဖို့ အခွင့်အရေးမပေးတော့ဘဲ သူ့ဓားရဲ့ အပြားမျက်နှာပြင်နဲ့ ဓားပြရဲ့ ခေါင်းကို ရိုက်ချလိုက်တာကြောင့် ဓားပြလည်း လုံးဝ သတိလစ်သွားခဲ့ရတယ်။

ပြီးတော့ သူက အပြာရောင် လျှပ်စီးတန်းတစ်ခုအဖြစ် ထပ်မံ ပျောက်ကွယ်သွားပြန်ပြီး အဲဒီ ဓားပြငါးယောက်ရဲ့ ရှေ့တည့်တည့်မှာ ပြန်လည် ပေါ်ထွက်လာခဲ့တယ်။

ဓားပြတွေလည်း ပျာပျာသလဲ ဖြစ်သွားပြီး အရပ်မျက်နှာအသီးသီးကနေ တိုက်ခိုက်မှုတွေနဲ့ သူ့ကို ဖိအားပေးဖို့ ကြိုးစားကြတော့တယ်။

ခဏတာအတွင်းမှာပဲ ဂျာကူရဲ့ ခန္ဓာကိုယ်က ခန္ဓာကိုယ်ငါးခုအဖြစ် ဝေဝါးသွားပြီး တစ်ခုချင်းစီက ဓားပြတွေရဲ့ ဓားမြှောင်တွေကို ရိုက်ချကာ သူတို့ရဲ့ ဆက်တိုက် ထိုးနှက်ချက်တွေကို ပယ်ဖျက်လိုက်နိုင်တယ်။

ဖြည်းဖြည်းချင်းပဲ ဓားပြတွေဟာ ဂျာကူရဲ့ ဓားကို ရိုက်ခတ်မိတိုင်း သူတို့ရဲ့ ဓားမြှောင်တွေ ပဲ့ကြွေပြီး အက်ကွဲလာတာကို ခံစားလိုက်ရတယ်။

ဒီအခြေအနေမှာတော့ သူတို့က ဖြည်းဖြည်းချင်း နောက်ဆုတ်သွားပြီး သူ့ကို ဆက်မတိုက်ရဲတော့ပါဘူး။ ဒါပေမဲ့ အားလုံးက နောက်ကျသွားခဲ့ပြီ။ သူတို့ရဲ့ ဓားမြှောင်တွေက အသုံးမကျတဲ့ သံတိုသံစတွေအဖြစ် ကြေမွသွားခဲ့ပါပြီ။

သူတို့ တုံ့ပြန်ဖို့တောင် အချိန်မရခင်မှာပဲ အပြာရောင် အရိပ်တစ်ခုကို မြင်လိုက်ရပြီး ဓားပြားနဲ့ ခေါင်းကို အပုတ်ခံလိုက်ရတာကြောင့် ချက်ချင်းပဲ သတိလစ် မေ့မြောကုန်ကြတော့တယ်။

"ဟားဟားဟား။ ဘူးမ်။ ဒါက တကယ့်ကို ပျော်စရာကြီးပဲဟေ့"

စားသောက်ဆိုင်ရဲ့ အခြားတစ်ဖက်မှာတော့ ဇိုင်ယွန်က သူ့ရဲ့ ဓားပြပစ်မှတ်တွေကို ကစားစရာလို လုပ်နေခဲ့တာ။

အနီရောင် အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းဟာ ဓားပြလေးယောက်စလုံးက သူ့ကို ဓားမြှောင်တွေနဲ့ ထိုးစိုက်နေတဲ့ကြားကနေ ဘယ်ပြန်ညာပြန် ရှောင်တိမ်းနေခဲ့တာ။ ဒီလူငယ်လေးရဲ့ ရဲတင်းတဲ့ လုပ်ရပ်ရှိနေပေမဲ့လည်း ဘယ်ဓားသွားကမှ သူ့ရဲ့ အကြေးခွံတွေဆီကို မရောက်ရှိနိုင်ခဲ့ပါဘူး။ ဒါက မိုက်ကယ် သူ့ကို သင်ကြားပေးခဲ့တဲ့ ဒမ်းဆေး ရိုးလ်စွမ်းရည်ကို လေ့ကျင့်ဖို့ သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်နေခဲ့တယ်။

"ဟူး... ဟူး... ဒီကောင်လေးက ဘာကောင်လဲကွာ" ဓားပြတွေဟာ မောပန်းနွမ်းနယ်မှုတွေ ဝင်ရောက်လာတာကို ခံစားလိုက်ရတာကြောင့် သူတို့ရဲ့ တိုက်ခိုက်မှုတွေက ပိုပြီးတော့တောင် လေးလံထိုင်းမှိုင်းလာခဲ့ရတယ်။

သူတို့ ဒါကို တစ်မိနစ်အပြည့် လုပ်ဆောင်နေခဲ့တာတောင် ဇိုင်ယွန်ကို တစ်ချက်ကလေးမှ မထိမှန်နိုင်ခဲ့ကြပါဘူး။

"အိုး" ဂျာကူက စားသောက်ဆိုင်ရဲ့ အခြားတစ်ဖက်ကို လှမ်းကြည့်ရင်း ပြောလိုက်တယ်။ "အစ်ကိုကြီး ဂျာကူကတော့ လေ့ကျင့်တာ ပြီးသွားပြီ။ ငါလည်း ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီပေါ့" လို့ သူက ဆိုလိုက်တာ။

မောပန်းနေတဲ့ ဓားပြက သူ့ကို ဓားမြှောင်နဲ့ ထိုးလိုက်တဲ့အချိန်မှာပဲ ဇိုင်ယွန်က ငုံ့လိုက်ပြီး လက်ကောက်ဝတ်ကို ပင့်လက်သီးနဲ့ အမြန် ထိုးနှက်လိုက်တာကြောင့် အဲဒီလူရဲ့ လက်ထဲက ဓား လွတ်ကျသွားခဲ့ရတယ်။ ပြီးတော့ ဘယ်ပြန်ညာပြန် တစ်ချက်နှစ်ချက် တွဲလုံးနဲ့အတူ သူ့ဘေးနားက ကျန်တဲ့ ဓားပြတွေကိုပါ ဓားတွေ လွတ်ကျသွားအောင် လုပ်လိုက်ရာ သူတို့ရဲ့ ဓားမြှောင်တွေဟာ မျက်နှာကြက်ဆီကို ဖရိုဖရဲ လွင့်စင်သွားကြတော့တယ်။

ဓားပြတွေလည်း ကြောင်အမ်းအမ်းဖြစ်သွားပြီး ခုခံနိုင်စွမ်းမရှိတော့တဲ့အချိန်မှာပဲ ဇိုင်ယွန်က သူ့ရဲ့ နောက်ဆုံးကွက်ကို ပြင်ဆင်လိုက်ပါတယ်။

"စပေ့စ်ဘရိတ်ကာ ပန့်ချ်" သူက အော်ဟစ်လိုက်ပြီး သူ့ရဲ့ ခရမ်းရင့်ရောင် လက်ဝှေ့အိတ်တွေဆီကနေ ခရမ်းရောင်အလင်းတန်းတွေ စတင် တောက်ပလာခဲ့တယ်။

ဇိုင်ယွန်က သူ့ရဲ့ လက်ဝှေ့အိတ်တွေဆီမှာ စွမ်းအားတွေ စုစည်းလိုက်တာကြောင့် သူ့လက်သီးတွေရဲ့ ဘေးပတ်ပတ်လည်က ဟာလာဟင်းလင်းပြင်ကြီးတစ်ခုလုံးဟာ အက်ကွဲကြောင်းတွေ ပေါ်ထွက်လာပြီး ပိုမို ပြန့်နှံ့သွားခဲ့ရတယ်။

"ငါ သူ့ကို အလွန်အကျွံ မလုပ်ဖို့ ပြောထားရဲ့သားနဲ့" ဂျာကူက ဘေးကနေ ကြည့်ရင်း စိတ်ပျက်တဲ့အသံနဲ့ တိုးတိုးလေး ညည်းတွားလိုက်တယ်။ ဧရာမ ပေါက်ကွဲမှုကြီးထဲမှာ ပါသွားတော့မယ့် အပြစ်မဲ့ ပြည်သူတွေဆီကို သူ ကိုယ်ပျောက်ရွှေ့ပြောင်းနိုင်ဖို့ သူ့ခန္ဓာကိုယ်ကနေ အပြာရောင် လျှပ်စီးတွေ ထပ်မံ ပေါက်ကွဲထွက်လာပြန်တယ်။

ဇိုင်ယွန်ကတော့ သူ့လက်သီးရဲ့ စွမ်းအားကို နောက်ဆုံးမှာ ထုတ်လွှတ်လိုက်တဲ့အချိန်မှာ ဘာကိုမှ ဂရုစိုက်ပုံမပေါ်ပါဘူး။ ဟာလာဟင်းလင်းပြင်ရဲ့ အက်ကွဲကြောင်းတွေ ပြန့်နှံ့သွားမှုထဲမှာ ဓားပြလေးယောက်စလုံး ပါဝင်သွားခဲ့ရတယ်။

ဒရာဂွန်ဘွန်းရဲ့ လက်ဝှေ့အိတ်က ပထမဆုံးဓားပြရဲ့ ဗိုက်တည့်တည့်ကို အရှိန်အဟုန်နဲ့ ထိမှန်သွားပြီး သူ့ကို ရှေ့ဆီ လွင့်စင်သွားစေခဲ့တယ်။ ပြီးတော့ ဘယ်လိုကြောင့်မှန်းမသိဘဲ ကျန်တဲ့ ဓားပြသုံးယောက်လည်း အဲဒီစွမ်းအားထဲမှာ ပါသွားခဲ့ရပြီး ဥက္ကာခဲလို ဧရာမ ကျောက်တုံးကြီးတစ်ခုနဲ့ အတိုက်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။

သူတို့ဟာ လမ်းမှာရှိနေတဲ့ စားပွဲတွေ၊ ကုလားထိုင်တွေကို ဖျက်ဆီးရင်း နံရံတွေဆီကို လွင့်ထွက်သွားကြတော့တယ်။ ထို့နောက် မှန်ပြတင်းပေါက်တွေကိုပါ ဖောက်ထွက်သွားခဲ့ပြီး အပြင်ဘက် ကြမ်းပြင်ပေါ်မှာ မရပ်ခင်အထိ မီတာ ၅၀ လောက်အကွာအဝေးအထိ လျှောတိုက် လွင့်စင်သွားခဲ့ရပါတော့တယ်။

* * * * * * * *

စာစဉ်(၂၈)

အခန်း(၃၂၆)

တိုနီဟာ ပါးစပ်အဟောင်းသားဖြစ်ပြီး အံ့ဩလွန်းလို့ မေးရိုးပါ မြေကြီးပေါ် ပြုတ်ကျမတတ် ပြတင်းပေါက်ကနေ လှမ်းကြည့်နေမိတယ်။ အဲဒီ ဒရာဂွန်ဘွန်း နှစ်ယောက် ပြသလိုက်တဲ့ တန်ခိုးစွမ်းအားက သူတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးတဲ့ အရာမျိုးပဲ။

ရန်သူက ဆယ်ယောက်၊ သူတို့က နှစ်ယောက်တည်းဖြစ်ပြီး ဓားပြတွေအကုန်လုံးက ကြယ်လေးပွင့်အဆင့် ရှိကြသူတွေပါ။ ဒါပေမဲ့ ကြယ်သုံးပွင့်အဆင့်ပဲ ရှိသေးတဲ့ လူတစ်ပိုင်းသတ္တဝါ နှစ်ယောက်ရဲ့ လက်ချက်နဲ့တင် လျှင်လျှင်မြန်မြန်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူတာကို ခံလိုက်ရတယ်။ တိုနီက စားဖိုမှူးတစ်ယောက် သက်သက်ပဲ ဆိုပေမဲ့လည်း ဒါက ဘယ်လောက်အထိ မဖြစ်နိုင်တဲ့ အရာလဲဆိုတာကို ကောင်းကောင်းကြီး သိတယ်။ အဲဒီ ဒရာဂွန်ဘွန်း နှစ်ယောက်ကတော့ ချွေးတစ်စက်တောင် မထွက်ကြဘူး။

"အေး။ ဇိုင်ယွန်က လက်သီးတွေ သိပ်အားပါသွားတယ်။ စားသောက်ဆိုင်တော့ ပျက်စီးကုန်ပြီ" လို့ မိုက်ကယ်က အုတ်ကျိုးအုတ်ခဲတွေနဲ့ ဖန်ကွဲစတွေ ပြည့်နေတဲ့ နံရံက အပေါက်ကြီးကို ကြည့်ပြီး ပြောလိုက်တယ်။ ဒါတင်မကသေးဘူး၊ စားပွဲ သုံးလုံးနဲ့ ကုလားထိုင် ခြောက်လုံးလောက်ကလည်း လုံးဝကို စုတ်ပြတ်သတ်သွားတာမို့ ဆိုင်ထဲမှာ လူတင်နိုင်မယ့် ပမာဏက လျော့သွားပြီလေ။

"တောက်။ ငါတို့ သူ့ကို သတိပေးသားပဲ။ အခုတော့ ရှီနာက သူ့ကို ဒီတစ်ပတ်အတွက် ကြက်သားခွဲတမ်း လျှော့ပစ်တော့မှာ သေချာတယ်" လို့ မိုက်ကယ်က စိတ်ပျက်လက်ပျက်နဲ့ ရေရွတ်လိုက်တယ်။

"သူတို့… သူတို့… သူတို့က အဲဒီဓားပြတွေကို နိုင်သွားတာပဲ" တိုနီက အော်ဟစ်လိုက်ပြီး "ဘယ်… ဘယ်လိုလုပ်ပြီး အဲဒီလို တောင် လုပ်နိုင်ကြတာလဲဗျာ" လို့ မေးမိတယ်။

"ဒါက ပုံမှန်ပါပဲဗျ" လို့ ရီနေးတားက စားဖိုမှူးတစ်ယောက်က လှမ်းပြောတယ်။

ဒီစကားကို ကြားလိုက်ရတဲ့အခါမှာတော့ ကောင်လေး ရီမီဟာ စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးတွေ အရောင်တောက်ပြီး ပြုံးလို့သွားတယ်။ "တကယ်ကြီးလား။ ဒါဆိုရင် ကျွန်တော်လည်း အဲဒီအစ်ကိုကြီးတွေလိုပဲ အမိုက်စား ဖြစ်လာနိုင်တယ်နော်"

မိုက်ကယ်က ခေါင်းညိတ်ပြပြီး "ရတယ်၊ ရတယ်" လို့ အားပေးလိုက်တယ်။

"ဒါဆိုရင် အနာဂတ်မှာ ကျွန်တော်က လူမိုက်တွေကို ဆုံးမမယ့် စားဖိုမှူးကြီး ဖြစ်လာမယ်။ အရသာရှိပြီး အရည်ရွှမ်းတဲ့ ကြက်ကြော်ကိုတင် ပြင်ဆင်ပေးမှာမဟုတ်ဘဲ တရားမျှတမှုအတွက် လျှပ်တပြက် ကန်ချက်တွေကိုလည်း ကျွေးမွေးဦးမှာ" လို့ ရီမီက သူ့မျက်လုံးထဲမှာ ကြယ်ပွင့်တွေ ထွက်လာမတတ် ကြေညာလိုက်တော့တယ်။

"အို။ ချစ်စရာလေးပါလား၊ ရီမီလေးရာ"

"ဟိုဟို၊ အနာဂတ်မှာ မင်းက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ စားဖိုမှူးတစ်ယောက် ဖြစ်လာမှာပဲ။ ငါတို့တွေ မျှော်လင့်နေမယ်နော်"

"ရီမီလေး၊ အဲဒီအကြောင်းကို ကြက်သားမွေးတွေအကုန် ပြောင်အောင် နှုတ်ဖို့ မမေ့တော့တဲ့ အချိန်ကျမှပဲ စဉ်းစားပါဦး၊ ဟုတ်ပြီလား"

ရီနေးတားက စားဖိုမှူးတွေအားလုံးက ကောင်လေးရဲ့ ရည်မှန်းချက်ကို ဝိုင်းပြီး အလိုလိုက် အမွှန်းတင်ပေးကြတယ်။

ဒါကိုမြင်တော့ တိုနီခမျာ သူ့နဖူးသူ လက်ဝါးနဲ့ ရိုက်မိရုံပဲ ရှိတော့တယ်။ ကိုယ့်ထက် အဆင့်တစ်ဆင့် ပိုမြင့်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြအုပ်စုကို အနိုင်ယူဖို့ဆိုတာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို ဒီအခန်းထဲမှာ သူတစ်ယောက်တည်းပဲ သိနေတဲ့ပုံပဲလေ။

တိုနီက သူ့သားကို ပါရမီလို့ ခေါ်တဲ့ အရာရဲ့ ခါးသီးတဲ့ လက်တွေ့အမှန်တရားအကြောင်း ပြောပြတော့မယ့် အချိန်မှာပဲ မိုက်ကယ်က သူ့ကို စကားမပြောဖို့ လက်ဟန်ခြေဟန်နဲ့ တားလိုက်တယ်။

"သူ့အိမ်မက်လေးအတိုင်း လွှတ်ထားပေးလိုက်ပါ" လို့ မိုက်ကယ်က ဆိုတယ်။ "ဘယ်သူသိမှာလဲ၊ အနာဂတ်မှာ သူပြောသလို တကယ် ဖြစ်လာနိုင်တာပဲလေ"

ရီမီလေးက အခုမှ ကိုးနှစ်ပဲ ရှိသေးတာမို့ ကောင်လေးမှာ ဘယ်လောက်အထိ ပါရမီပါလဲဆိုတာကို မိုက်ကယ်လည်း မသိဘူးလေ။

ဒါကြောင့်မို့လို့ ဒရာဂွန်ဘွန်းတွေလို သန်မာဖို့ ပါရမီမရှိနိုင်ဘူးဆိုတဲ့ စကားမျိုးနဲ့ ရီမီအပေါ် တိုနီ သွားပြီး လွှမ်းမိုးမှာကို မိုက်ကယ် မလိုလားဘူး။ အဆုံးမှာတော့ ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ချက်က ပါရမီ တိုးတက်လာဖို့အတွက် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတယ်ဆိုတာကို မိုက်ကယ် သဘောပေါက်ထားလို့ပဲ။

ဥပမာအားဖြင့် အနီရောင် ဟော့ဘ်မျောက်လူတွေဟာ မိုက်ကယ်က သူတို့ရဲ့ အလုပ်အသစ်အကြောင်း ပြောပြလိုက်တာနဲ့ မိုက်ကယ် ဆန္ဒရှိတဲ့အတိုင်း ကွက်တိ ဆင့်ကဲပြောင်းလဲသွားခဲ့ကြတယ်။ ဒါက လူတစ်ပိုင်းသတ္တဝါတွေရဲ့ ဆင့်ကဲပြောင်းလဲမှုမှာ အလုပ်ဖြစ်တယ်ဆိုရင် လူသားတစ်ယောက်ရဲ့ ပါရမီ နိုးထမှုမှာလည်း အလုပ်ဖြစ်နိုင်တာပဲ။

ဟင်း… ငါ ရီနေးတားရဲ့ ပညာရေးဌာနဘက်ကို ပိုပြီး အာရုံစိုက်သင့်တယ် ထင်တယ်။ နိုဗာ၊ ဒါကို မှတ်သားထားလိုက်ဦး။

[နားလည်ပါပြီ။ မှတ်ဉာဏ်ထဲမှာ မှတ်သားထားလိုက်ပါ့မယ်…]

"မိုက်ကယ်။ အပြင်မှာ ဓားပြတွေ အများကြီး ထပ်ရောက်နေတာကို ငါ မြင်နေရတယ်။ ဒီနေရာတစ်ခုလုံးကို ဝိုင်းထားတယ်လို့ သူတို့ ပြောခဲ့တာပဲ။ အပြင်မှာ အများကြီး ကျန်သေးတယ်"

တိုနီက ပြတင်းပေါက်ကနေတစ်ဆင့် စားသောက်ဆိုင်က နံရံအပေါက်ကြီးကို ဖြတ်ပြီး အပြင်ကို ထပ်ချောင်းကြည့်လိုက်တယ်။ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ စုတ်ပြတ်သတ်နေတဲ့ လူအယောက် သုံးဆယ်လောက်ရှိမယ့် အုပ်စုက သတိမေ့လဲကျနေတဲ့ ဓားပြ လေးယောက်ကို ငုံ့ကြည့်နေကြတယ်။

သူတို့အားလုံးက ခါးကနေ ဓားမြှောင်တွေကို ထုတ်ပြီး သတိကြီးကြီးထားကာ ကိုင်စွဲထားကြရင်း သူတို့ရဲဘော်တွေကို အနိုင်ယူလိုက်တဲ့သူကို ရှာဖို့ စားသောက်ဆိုင်ထဲကို ဝိုင်းကြည့်နေကြတယ်။

"မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့လူတွေလည်း အပြင်မှာ ရှိနေပါတယ်" လို့ မိုက်ကယ်က ပြောလိုက်တယ်။

အပြင်က ဓားပြ အယောက် သုံးဆယ်လောက်ကတော့ စားသောက်ဆိုင်ကို ပိုပြီး သတိထားကြည့်နေကြတယ်။ ခေါင်းပေါင်းပေါင်းထားတဲ့ ဓားပြခေါင်းဆောင်နဲ့ အခြားဓားပြ ကိုးယောက်ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတဲ့ အချက်က သူတို့ မျှော်လင့်ထားတာထက် ပိုပြီး ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို ပြနေလို့ပဲ။

"ဟေ့။ ဟိုမှာ ဘာဖြစ်ခဲ့တာလဲ" လို့ ဓားပြတစ်ယောက်က မြေကြီးပေါ်မှာ သတိမေ့နေတဲ့လူကို ရိုက်ပြီး မေးတယ်။ ကံဆိုးချင်တော့ အဲဒီလူက လုံးဝကို သတိလစ်နေတယ်။ တကယ်လို့ သတိမလစ်နေဘူးဆိုရင်တော့ အဲဒီ ဒရာဂွန်ဘွန်းတွေနဲ့ မရင်ဆိုင်ရခင် အခုချက်ချင်း နောက်ဆုတ်ဖို့ သူတို့တွေကို သတိပေးနိုင်ခဲ့မှာပဲ။

"တောက်။ ဒီကောင်တွေက ပေါ့လျော့နေကြတာလား။ အရပ်သားတစ်စုရဲ့ လက်ချက်နဲ့တင် အလဲထိုးခံရရအောင် ဘယ်လောက်တောင် သတ္တိနည်းနေကြတာလဲ" လို့ ဓားပြတစ်ယောက်က ပြောလိုက်တယ်။

"အာယား… ရှက်ဖို့ကောင်းလိုက်တာ"

"ဒီအရပ်သားတွေကို သင်ခန်းစာကောင်းကောင်း ပေးကြရအောင်။ စားသောက်ဆိုင်ကို အတူတူ စီးနင်းကြမယ်။ သုံးအထိရေပြီးရင် သွားမယ်။ တစ်… နှစ်… သုံး"

သူ့စကား မဆုံးခင်မှာတင် အဲဒီဓားပြဟာ သူ့ခြေထောက်ကို တစ်စုံတစ်ခုက ဆွဲလိုက်သလို ချက်ချင်း ခံစားလိုက်ရပြီး ရှေ့ကို မှောက်ခုံ လဲကျသွားတော့တယ်။

သူ့ရဲ့ အောက်ပိုင်းကို သူ ပြန်ကြည့်လိုက်တော့ အရိပ်တစ်ခုက သူ့ခြေသလုံးတွေကို ပတ်ဖွဲ့ထားတာကို မြင်လိုက်ရတယ်။

ပြီးတော့ သူ့မျက်လုံးတွေက သူ့နောက်မှာ မတ်တတ်ရပ်နေတဲ့ ထွားကျိုင်းပြီး ကြောက်စရာကောင်းတဲ့ အော့ခ် တစ်ကောင်ဆီကို သဘာဝအတိုင်း ရောက်သွားတယ်။ အဲဒီအော့ခ်ရဲ့ လည်ပင်းတစ်ဝိုက်မှာ သားမွေးလည်ကတုံးအကြီးကြီး ရှိနေပြီး သူ့ရဲ့ ကြွက်သားတွေက ဓားပြရဲ့ ခေါင်းထက်တောင် ပိုပြီး ကြီးနေသေးတယ်။

ဒီအော့ခ်က ဘယ်ကနေ ဘယ်လို ရောက်လာသလဲဆိုတာကို သူ လုံးဝ နားမလည်နိုင်တော့ဘူး။

သူတို့ထဲက ဘယ်သူမဆို ဒီလောက်ကြီးမားတဲ့ သတ္တဝါကြီး ချဉ်းကပ်လာတာကို အာရုံခံမိရမှာလေ။

ဒါပေမဲ့ အခြားဓားပြတွေကို သူ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ဒီလို ဖြစ်နေတာ သူတစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်။

သူတို့ကို ပတ်ဖွဲ့ထားတဲ့ အရိပ်တွေထဲကနေ ရုန်းထွက်ဖို့ အခြားသူတွေလည်း ရုန်းကန်နေကြရတာကို သူ မြင်လိုက်ရတယ်။ အချို့ဆိုရင် သူတို့ရဲ့ လက်မောင်းတွေက နောက်ကျောဘက်မှာ အတင်းအဓမ္မ အချုပ်ခံထားရပြီး အချို့ဆိုရင် ခြေထောက်တွေက မြေကြီးထဲကို နစ်ဝင်လုနီးပါး ဖြစ်နေကာ အချို့ဆိုရင် တစ်ကိုယ်လုံးနီးပါးကို အမည်းရောင် ဒြပ်စင်တွေနဲ့ ဖုံးလွှမ်းခြင်း ခံထားရတယ်။

"အား။ ဘာတွေ ဖြစ်နေတာလဲ"

"ဒါကြီးကို ငါ့အနားကနေ ဖယ်ရှားပေးကြဦး"

ဒီအရိပ်တွေ သွားရာ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်တော့ ဓားပြဟာ သူတို့ရဲ့ နောက်ကွယ်မှာ ခြိမ်းခြောက်တဲ့ ပုံစံနဲ့ ရပ်နေတဲ့ အော့ခ် အုပ်စုကြီးတစ်ခုလုံးကို မြင်လိုက်ရတော့တယ်။

"မင်းတို့က ဘယ်သူတွေလဲ" လို့ ဓားပြက အော့ခ်တွေကို အော်ဟစ်မေးဆန်းလိုက်တယ်။

ဒါပေမဲ့ သူတို့ကတော့ တစ်ချက်မှ မလှုပ်ရှားဘဲ လုံးဝ နှုတ်ဆိတ်ပြီး ငြိမ်သက်စွာ ရပ်နေမြဲ ရပ်နေကြတယ်။

အဲဒီအချိန်မှာပဲ မြေပြင်ပေါ်ကို ခွာသံတွေ အများကြီး ပြင်းပြင်းထန်ထန် ကျရောက်လာတဲ့ အသံတွေကြောင့် ညဉ့်နက်သန်းခေါင်ရဲ့ တိတ်ဆိတ်မှုဟာ ပျက်ပြားသွားတော့တယ်။ အဲဒီ တုန်ခါမှုက မြေကြီးထဲကနေတစ်ဆင့် ပြန့်နှံ့လာတာမို့ ဓားပြတွေဟာ အသံလာရာဆီကို လှည့်ကြည့်လိုက်ကြတယ်။

အဲဒီမှာတင် လှမ်းလှမ်းမှာ မြင်းခွာသံ တဒုန်းဒုန်းနဲ့ ဖုန်မှုန့်တောတွေကို ချန်ထားခဲ့ပြီး အရှိန်အဟုန်အပြည့်နဲ့ ပြေးဝင်လာနေတဲ့ ကုလားအုတ်လူသား ဆယ်ယောက်ကို သူတို့ မြင်လိုက်ရတယ်။ သူတို့က ဓားပြတွေကို ထိုးစိုက်ဖို့အတွက် ဘေးဘက်မှာ ဧရာမ လှံရှည်ကြီးတွေကို အသင့် ကိုင်ဆောင်ထားကြတယ်။

သူတို့တွေ ပိုပြီး နီးကပ်လာတာတောင် ကုလားအုတ်လူသားတွေက အရှိန်ကို လျှော့မချလိုက်ဘူး။ သူတို့က ပိုပြီးတော့တောင် မြန်မြန်ပြေးလာကြပြီး သူတို့ရဲ့ လှံဖျားတွေက ပိတ်မိနေတဲ့ ဓားပြတွေဆီကို တည့်တည့်မတ်မတ် ဦးတည်နေတယ်။

သူတို့ မြင်းခွာအောက်က မြေပြင်ကြီးက ကြောက်လန့်တုန်လှုပ်နေရသလိုမျိုး သူတို့ရဲ့ လှံရှည်တွေက ပြင်းထန်တဲ့ အနီရောင် စွမ်းအင်တွေနဲ့ တောက်ပနေတယ်။

ပြီးတော့ သူတို့ရဲ့ ပစ်မှတ်ဆီကို ရောက်သွားတဲ့ အခါမှာတော့ တိုက်မိတဲ့ နေရာကနေ ဧရာမ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားသွားတော့တယ်။

အဲဒီ ပေါက်ကွဲမှုဒဏ်ကြောင့် ဓားပြတွေဟာ လေထဲကို အရပ်မျက်နှာအသီးသီး လွင့်စင်ထွက်သွားကြတယ်။ အရှိန်အဟုန်ဒဏ်ကို အပြင်းထန်ဆုံး ခံလိုက်ရတဲ့ ကံဆိုးသူ ဓားပြ တစ်ဆယ့်ငါးယောက်လောက်ကတော့ ရိုက်ခတ်မှုကြောင့် သူတို့ရဲ့ အရိုးတွေ အကုန်နီးပါး ကျိုးကြေသွားပြီး ချက်ချင်းပဲ တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ မြေကြီးပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတဲ့ အခါမှာတော့ ပိုပြီး ဆိုးဝါးသွားတော့တယ်။

ကျန်တဲ့ ဓားပြ တစ်ဆယ့်ငါးယောက်ကလည်း ဒဏ်ရာဒဏ်ချက် ကင်းကင်းရှင်းရှင်းနဲ့ လွတ်မြောက်သွားတာတော့ မဟုတ်ဘူး။ သူတို့ရဲ့ ဓားမြှောင်အသေးလေးတွေက ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုဒဏ်ကို မတွန်းလှန်နိုင်တာမို့ ပထမ ပေါက်ကွဲမှုဒဏ်ကြောင့် အများစုက အရိုးကျိုးတာနဲ့ အတွင်းဒဏ်ရာတွေ ရရှိပြီး ဒဏ်ရာရသွားကြတယ်။

ဒါပေမဲ့လည်း သူတို့က မာကျောတဲ့ ကွန်ကရစ်မြေပြင်ပေါ် ကျရောက်ပြီးတဲ့နောက်မှာတော့ ခန္ဓာကိုယ်ကို ပြန်ပြီး ထူမတ်နိုင်ခဲ့ကြသေးတယ်။

"သူတို့… သူတို့တွေက ဘယ်ကနေ ရောက်လာကြတာလဲ" လို့ အသက်ရှူရ ခက်ခဲနေတဲ့ လွတ်မြောက်ကျန်ရစ်သူ ဓားပြတစ်ယောက်က တိုးတိုးလေး ညည်းညူလိုက်တယ်။ ဒဏ်ရာရထားတဲ့ သူ့နဖူးကနေ သွေးတွေ စီးကျလာနေတယ်။

"ပြန်ဆုတ်ကြ" လို့ သူက ကျန်ရှိနေတဲ့ ဓားပြတွေကို လှမ်းအော်လိုက်တယ်။

ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ မလှုပ်ရှားနိုင်ခင်မှာတင် အနီရောင် မျောက်လူတွေက သူတို့နောက်ကနေ လျှပ်တပြက် ပြေးဝင်လာပြီး လည်ပင်းကို အရှိန်အဟုန်နဲ့ တစ်ချက်တည်း ရိုက်ချကာ အလဲထိုးပစ်လိုက်ကြတော့တယ်။

All Chapters