← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 28 Ch. 333-334

အခန်း (၃၃၃-၃၃၄)

Vol. 28 Ch. 333-334

အခန်း(၃၃၃)

မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင်တွေ စီးဆင်းသွားပြီး လက်ကောက်ဝတ်အနီးမှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာပါတယ်။ ပြီးတော့ သန့်စင်တဲ့ မှော်စွမ်းအင်တွေနဲ့ ပြုလုပ်ထားတဲ့ ရိုးရှင်းတဲ့ သော့ပုံသဏ္ဍာန်တစ်ခုဟာ သူ့လက်ထဲမှာ ဖြည်းဖြည်းချင်း ပုံပေါ်လာတယ်။ မိုက်ကယ်က အဲဒီသော့ကို ဆုပ်ကိုင်ပြီး လေထဲကို အသာအယာ ထိုးသွင်းလိုက်တဲ့အခါ လေးလံတဲ့ လေထုမျိုးမှာတောင် မရှိနိုင်တဲ့ ခုခံမှုတစ်ခုကို ခံစားလိုက်ရတယ်။ သူ သော့ကို လှည့်လိုက်တာနဲ့ တောအုပ်ထဲမှာ စိတ်ကျေနပ်စရာကောင်းတဲ့ ကလစ်ဆိုတဲ့ အသံတစ်ချက် မြည်ဟည်းသွားပြီး သူ့ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ ပြောင်းလဲသွားတော့တာပါပဲ။

သစ်ရွက်တွေကြားထဲကကြည့်လိုက်ချိန်မှာ မြင်နေကျနေမင်းကြီးကို မတွေ့ရတော့ဘူး။ အဲဒီအစား ကောင်းကင်ယံတစ်ခုလုံးဟာ ထာဝရမှောင်မိုက်ခြင်းသာ ဖုံးလွှမ်းနေတယ်။

"ဒါဆို ဒါက နတ်သူငယ်တွေရဲ့ မှော်ကမ္ဘာငယ်လေးပေါ့လေ" လို့ မိုက်ကယ်က ရေရွတ်လိုက်တယ်။

သူ့နောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ တောအုပ်ရဲ့ ဟိုးဘက်မှာ မှောင်မိုက်တဲ့ မြူထုကလွဲလို့ ဘာမှမရှိတော့ဘဲ အဲဒီနေရာဟာ ရီနေးတားနိုင်ငံသားတွေ ရှိနေရမယ့်နေရာ ဖြစ်နေတယ်။ သူ အနောက်ကို ပြန်ပျံသန်းကြည့်တဲ့အခါ ရီနေးတားနိုင်ငံသားတွေဟာ ရွှေလမ်းမကြီး စီမံကိန်းမှာ အလုပ်တွေ အသည်းအသန် လုပ်နေတုန်းပဲဆိုတာ မြင်လိုက်ရပြီး ဆောက်လုပ်ရေးလုပ်သားတွေက လမ်းတွေပေါ်မှာ ဘိလပ်မြေအရည်တွေကို စတင်လောင်းထည့်နေကြပြီ။

သူက သူ့ကို လိုက်ရှာဖို့ တောအုပ်ဟိုးဘက်ကို မျှော်ကြည့်နေတဲ့ လုပ်ငန်းခွင်ထဲက အင်ဂျင်နီယာဆီ ပျံသန်းသွားလိုက်တယ်။

'သခင် ဘယ်ပျောက်သွားတာပါလိမ့်' လို့ အဝါရောင် ဟော့ဘ်မျောက်လူက သူ့ဘာသာ အသံထွက်ပြီး မေးနေမိတယ်။ အဲဒီလူတစ်ပိုင်းသတ္တဝါဟာ မိုက်ကယ်က သူ့ရှေ့တည့်တည့်မှာ ဝဲပျံနေတာတောင်မှ မမြင်နိုင်ရှာဘူး။

'သူတို့တွေ ဒီလောက်အချိန်အကြာကြီး ဘယ်လိုပုန်းကွယ်နေခဲ့ကြလဲဆိုတာ ဒါပဲဖြစ်ရမယ်' လို့ မိုက်ကယ်က သဘောပေါက်သွားတယ်။ ဒီမှော်ကမ္ဘာငယ်လေးက ပုံမှန်ကမ္ဘာတွေနဲ့ မတူတာက မိုက်ကယ်အနေနဲ့ ဒီနေရာကနေတစ်ဆင့် ပြင်ပကမ္ဘာစစ်စစ်နဲ့ ဆက်သွယ်လို့ရနေတာပဲ။ နတ်သူငယ်တွေဟာ လူတွေရဲ့ မျက်စိအောက်ကနေ ပုန်းကွယ်ရင်း ဒီလောက်အချိန်အကြာကြီး ဘယ်လိုရပ်တည်ခဲ့ကြလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး။

ဒီအချက်က ဒီမှော်ကမ္ဘာငယ်လေးဟာ သဘာဝအတိုင်း ဖြစ်တည်လာတာလား ဒါမှမဟုတ် ပစ်ဇီဘုရင်မလို့ ခေါ်တဲ့သူ ဖန်တီးထားတာလားဆိုတာကို သူ့ကို တွေးတောမိစေတယ်။

သူက တောအုပ်ဆီ ပြန်ပျံသွားပြီး နတ်သူငယ်တွေရဲ့ နယ်မြေထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စွန့်စားဖို့ ဆုံးဖြတ်လိုက်တယ်။ နတ်သူငယ်တွေ လန့်ဖျပ်သွားပြီး မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ မခံရအောင် သူ့ရဲ့ အော်ရာကို အတတ်နိုင်ဆုံး လျှော့ချထားဖို့ သတိပြုလိုက်တယ်။

တောအုပ်ထဲကို ဖြတ်သန်းသွားစဉ်မှာ နေရောင်ခြည်မရှိပေမဲ့ တောအုပ်တစ်ခုလုံးဟာ ထပ်တူကျနေတဲ့ တောက်ပတဲ့ အရောင်အသွေးမျိုးစုံနဲ့ လင်းထိန်နေတာကို သူ တွေ့လိုက်ရတယ်။ သစ်ပင်တွေက နီယွန်ရောင်စုံတွေ လင်းလက်နေပြီး နွယ်ပင်တွေဟာလည်း လေတိုက်လို့ လှုပ်ခတ်သွားတိုင်း သက်ရှိတွေလို တုန်ခါနေကြတယ်။ ပြီးတော့ မြက်ခင်းပြင်တွေရဲ့ နေရာမှာ မြေပြင်ကနေ ပေါက်ထွက်နေတဲ့ တလက်လက်တောက်ပနေတဲ့ အသားမျှင်နွယ်ပင်တွေနဲ့ အစားထိုးထားတာကို တွေ့ရတယ်။ ဒီအပင်တွေဟာ ပြင်ပကမ္ဘာက အပင်တွေနဲ့ ပုံစံတူ အတိအကျပဲဖြစ်ပေမဲ့ တစ်မျိုးတစ်မည် ပြောင်းလဲနေတဲ့ ဗားရှင်းမျိုး ဖြစ်နေတယ်။

ဒီကမ္ဘာထဲမှာ ရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေလည်း ဒီအတိုင်းပဲ ဖြစ်နေတယ်။ ငှက်တွေက မျက်လုံးသုံးလုံးနဲ့ ပျံသန်းနေကြပြီး ဇီးကွက်တွေက မြေပြင်ပေါ်မှာ တွားသွားနေကြတယ်။ ပြီးတော့ မထင်မှတ်ဘဲ စလိုင်းမ်တွေကလည်း မြေပြင်ပေါ်က အက်ကွဲကြောင်းတွေထဲက စိမ်းစိုနေတဲ့ ရေအိုင်လေးတွေထဲမှာ ခုန်ပေါက်နေကြတယ်။

ဒီမြင်ကွင်းတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပေမဲ့ မိုက်ကယ်က သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နတ်သူငယ်တွေနဲ့ တွေ့ဆုံဖို့ကိုပဲ သူ့ကိုယ်သူ ပြန်သတိပေးလိုက်တယ်။ ဒါကြောင့် သူက သူ့ဘေးနားမှာ အော်မြည်နေတဲ့ ပျံလွှားဖားတွေရဲ့ အသံကို လျစ်လျူရှုပြီး နတ်သူငယ်တွေကို ရှာဖွေဖို့ တောအုပ်ထဲကို ဖြည်းဖြည်းချင်း ပျံသန်းသွားလိုက်တယ်။

နောက်ဆုံးတော့ ဒီမှော်ကမ္ဘာငယ်လေးက တောအုပ်ရဲ့ နိုင်ငံတော်ပတ်ပတ်လည်မှာ ပျံ့နှံ့နေတဲ့ မှိုအုပ်ကြီးတွေကို ဟိုးအဝေးကနေ သူ လှမ်းမြင်လိုက်ရတယ်။ ပုံမှန်ထက် ထူးထူးခြားခြား ကြီးမားနေတဲ့ ဒီမှိုကြီးတွေဟာ မိုက်ကယ့်ရဲ့ အရင်ကမ္ဘာက နာမည်ကြီးတဲ့ ငှက်အိမ်လေးတွေကို သတိရစေတယ်။ အရွယ်အစားက အတူတူပဲဖြစ်ပြီး ၎င်းရဲ့ ကျယ်ပြန့်တဲ့ ပင်စည်ပေါ်မှာ ငှက်တစ်ကောင် ဝင်နိုင်လောက်တဲ့ တံခါးလို အပေါက်လေးတစ်ခု တောင် ရှိနေသေးတယ်။

နောက်ဆုံးတော့ သစ်ပင်ကြီးတစ်ပင်ရဲ့ နွယ်ပင်တွေကြားကနေ ချောင်းကြည့်ရင်း နတ်သူငယ်တွေရဲ့ တကယ့်ရုပ်သွင်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရတော့တယ်။ သူတို့ပုံစံက သူ့စိတ်ကူးထဲကအတိုင်း တထေရာတည်းပါပဲ။ သူတို့ဟာ လက်ညှိုးတစ်ချောင်းစာလောက်ပဲ သေးငယ်ပြီး ကျောပြင်မှာတော့ တလက်လက်တောက်ပနေတဲ့ လိပ်ပြာတောင်ပံလေးတွေ ရှိကြတယ်။ နတ်သူငယ်တွေထဲမှာ အမျိုးသားရော အမျိုးသမီးပါ ရှိကြပြီး လူသားတွေရဲ့ အလှအပစံနှုန်းအရ ပြောရရင် အားလုံးဟာ ရုပ်ရည်ချောမောလှပကြသူတွေချည်းပဲ။

သူတို့ဟာ သစ်ပင်အုပ်စုတစ်စုရဲ့ ဘေးပတ်ပတ်လည်မှာ မှိုအိမ်လေးတွေကို စုစုစည်းစည်းနဲ့ ဆောက်လုပ်နေထိုင်ကြတယ်။ အချို့က မြေပြင်ပေါ်မှာ ရှိနေကြပြီး အချို့ကတော့ သစ်ကိုင်းတွေရဲ့ အထက်ပိုင်းမှာ ရှိနေကြတယ်။ ဒါဟာ နတ်သူငယ်တွေရဲ့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ခုပဲ။

အဲဒီအချိန်မှာပဲ မိုက်ကယ်ဟာ အစက်အပြောက်ပါတဲ့ မှိုကွင်းပြင်ကြီးရဲ့ အနီးနားမှာ နတ်သူငယ်အချို့ စုဝေးနေတာကို မြင်လိုက်ရတယ်။

"ငါ ပြောသားပဲ သူ ငါ့ကို ကြည့်နေတာပါဆို"

နွယ်ပင်တွေနဲ့ သစ်ရွက်တွေနဲ့ လုပ်ထားတဲ့ ခရမ်းရောင် ဂါဝန်ကို ဝတ်ဆင်ထားတဲ့ နတ်သူငယ်မလေးတစ်ကောင်က သူမကို ဝိုင်းအုံနေတဲ့ ကျန်တဲ့ နတ်သူငယ်တွေကို ယုံကြည်လာအောင် အော်ဟစ်ပြောဆိုနေတယ်။

"ဗီဗီ... အဲဒါက မဖြစ်နိုင်တာပဲ" လို့ ဗီဗီရဲ့ မျက်နှာချင်းဆိုင်က အညှောက်လို ပုံစံတူ ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ နတ်သူငယ် အကြီးအကဲတစ်ယောက်က ပြောလိုက်တယ်။ "ဘယ်လူသားမှ တောအုပ်ရဲ့ တခြားတစ်ဖက်က ကမ္ဘာကို ဖြတ်ပြီး မမြင်နိုင်ဘူး"

ကျန်တဲ့ နတ်သူငယ်တွေကလည်း ဒီအယူအဆကို သဘောတူကြတယ်။ ဒါပေမဲ့ ဗီဗီကတော့ သူမမြင်ခဲ့တာကို သေချာနေတယ်။

"လုံးဝ မမှားနိုင်ဘူး" လို့ သူမက ရှင်းပြတယ်။

"ငါက ဒီကမ္ဘာရဲ့ အရိပ်အောက်မှာ ပုန်းကွယ်နေတာတောင်မှ သူက ငါ့ကို စကားပြောဖို့ ကြိုးစားနေခဲ့တာ"

နတ်သူငယ် အကြီးအကဲက ဗီဗီကို မျက်မှောင်ကုပ်ပြီး စိုက်ကြည့်လိုက်တယ်။

"ဒါက နင့်ရဲ့ နောက်ထပ် ပြက်လုံးတစ်ခုတော့ မဟုတ်ပါဘူးနော်... ဒီလိုလုပ်တာက နင့်ရဲ့…"

"ငါ လိမ်ပြောနေတာ မဟုတ်ဘူး" လို့ ဗီဗီက အခိုင်အမာ ပြောလိုက်တယ်။ ဒါပေမဲ့ နတ်သူငယ် လူ့အဖွဲ့အစည်းအတွင်းမှာ သူမရဲ့ နာမည်ဂုဏ်သတင်းက သိပ်ပြီး စိတ်မချရတဲ့ပုံစံမျိုး ဖြစ်နေလို့ အများစုက သူမစကားကို မယုံကြဘူး။ သူမက ဘယ်နေရာသွားသွား ပြဿနာရှာတတ်သူတစ်ယောက်ဖြစ်ပြီး ဒီလိုမျိုး လှည့်စားတာကလည်း သူမလုပ်နေကြ အကွက်တွေထဲက တစ်ခုပဲ ဖြစ်နိုင်တယ်။

"နင် ဒီထက်ပိုပြီး အသိပညာရှိဖို့ လိုတယ် ဗီဗီ... အခုလို အသက်အရွယ် ရောက်နေပြီဖြစ်တဲ့အတွက် ငါတို့ကို လာပြီး နောက်ပြောင်လို့ မရတော့ဘူး... ပြီးတော့ နင့်ရဲ့ လုပ်ရပ်တွေက ငါတို့ နတ်သူငယ် မျိုးနွယ်စုတစ်ခုလုံးကို တိုက်ရိုက် ထိခိုက်နိုင်တယ်... နင် ပြောမယ့် စကားတွေကို သတိထားရမယ်" လို့ နတ်သူငယ် အကြီးအကဲက သတိပေးလိုက်တယ်။

ကျန်တဲ့ နတ်သူငယ်တွေကတော့ နားထောင်ရတာ လုံလောက်သွားပြီဖြစ်တဲ့အတွက် မှိုကွင်းပြင်ကနေ စတင်ပျံသန်း ထွက်ခွာသွားကြတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဗီဗီက သူမရဲ့ ခေါင်းကို ဘေးဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်ရာကနေ မှိုနွယ်ပင်တွေကြားထဲကနေ ချောင်းကြည့်နေတဲ့ မိုက်ကယ်ကို မြင်သွားတော့တယ်။ သူတို့နှစ်ယောက် မျက်လုံးချင်း တည့်တည့် ဆုံသွားကြပြီး နှစ်ယောက်စလုံး အံ့အားသင့်သွားကြတယ်။

မိုက်ကယ်ကတော့ သူက တမင်တကာ ပုန်းကွယ်ထားဖို့ ကြိုးစားနေတာတောင်မှ သူမက သူ့ရဲ့ တည်ရှိမှုကို ခံစားမိသွားတဲ့အတွက် အံ့ဩသွားတာဖြစ်ပြီး ဗီဗီကတော့ သူက တောအုပ်ရဲ့ မှော်ကမ္ဘာငယ်လေးထဲကို ဝင်ရောက်လာနိုင်တဲ့အတွက် အံ့အားသင့်သွားတာ ဖြစ်တယ်။

သူ့ရဲ့ ပုန်းကွယ်မှုက ပေါ်သွားပြီဖြစ်တာကြောင့် မိုက်ကယ်ဟာ သစ်ပင်ရဲ့ အောက်ဘက်ကို နိမ့်ကျနေတဲ့ သစ်ကိုင်းတွေကို ဖယ်ရှားပြီး နတ်သူငယ်တွေရဲ့ ကျေးရွာထဲကို လမ်းလျှောက် ဝင်လိုက်တယ်။

"ဟယ်လို... အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်" လို့ သူက ရန်လိုမှုမရှိတဲ့ အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။

နတ်သူငယ် အားလုံးက သူတို့ရဲ့ နယ်မြေထဲကို ရုတ်တရက် ကျူးကျော်ဝင်ရောက်လာတဲ့ ဧရာမ သတ္တဝါကြီးကို မော့ကြည့်လိုက်ကြတယ်။ လိပ်ပြာတောင်ပံလေးတွေ တဖျတ်ဖျတ် ခတ်သွားတဲ့ ပုံစံမျိုးနဲ့ သူတို့ဆီမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပျံ့နှံ့သွားတယ်။

နတ်သူငယ်တွေဟာ ကြောက်လန့်တကြားနဲ့ မိုက်ကယ့်ဆီကနေ ထွက်ပြေးသွားကြတယ်။ သူ့ကို ရင်ဆိုင်ဝံ့တဲ့ တစ်ဦးတည်းသောသူကတော့ ဗီဗီပဲဖြစ်ပြီး သူမရဲ့ မာန်မာနက ကြောက်ရွံ့မှုကို လွှမ်းမိုးသွားခဲ့တယ်။

"တွေ့လား... ငါ မင်းတို့ကို ပြောသားပဲ" လို့ သူမက ပြုံးပြီး အော်ပြောလိုက်တယ်။

ရုတ်တရက် မိုက်ကယ့်ခြေထောက်အောက်က မြေပြင်ဟာ စတင်တုန်ခါလာတယ်။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ မြေပြင်ကနေ တစ်စုံတစ်ခု ပေါ်ထွက်လာတာကို မြင်လိုက်ရတယ်။ အစက်အပြောက်တွေပါတဲ့ ဧရာမ အနီရောင်မှိုကြီးရဲ့ ဦးထုပ်ပိုင်းက ပတ်ပတ်လည်က တလက်လက်တောက်ပနေတဲ့ မြေဆီလွှာတွေကို လှုပ်ခတ်စေရင်း အထက်ကို မြင့်တက်လာတယ်။

၎င်းဟာ သစ်ပင်တွေရဲ့ အရွယ်အစားနီးပါး ရောက်တဲ့အထိ အပေါ်ကို ဆက်လက်ကြီးထွားပြီး ပေါ်ထွက်လာတယ်။ ၎င်းရဲ့ မှိုဦးထုပ်အောက်က ပင်စည်မှာတော့ အနီရောင်အလင်းတန်း အစက်နှစ်စက် ပွင့်လာပြီး အသိဉာဏ်ရှိတဲ့ ပုံစံမျိုး ပြသနေတယ်။

၎င်းရဲ့ ဘေးနားတင်မှာပဲ နောက်ထပ် မှိုနှစ်ခု ပေါ်ထွက်လာပြီး ပင်စည်ဆီကို ခုန်တက်ကာ ဘေးတစ်ဖက်တစ်ချက်စီမှာ ကပ်တွယ်သွားပြီး ဧရာမ မှိုသတ္တဝါကြီးရဲ့ လက်မောင်းတွေအဖြစ် ဖန်တီးလိုက်တယ်။

"ဘရော်... "

၎င်းက အော်ဟစ်လိုက်တဲ့အခါ တောအုပ်တစ်ခုလုံးမှာ တုန်ခါမှုတွေ ဖြစ်ပေါ်သွားတော့တယ်။

[မှိုဂိုလန်ဘုရင်]

- - ဒီဂိုလန်ဟာ မှော်ကမ္ဘာငယ်လေးတစ်ခုရဲ့ ပြောင်းလဲနေတဲ့ ဂေဟစနစ်ကနေ မွေးဖွားလာတာဖြစ်ပြီး ၎င်းရဲ့ ပတ်ဝန်းကျင်ကနေ အကန့်အသတ်မရှိတဲ့ မှော်စွမ်းအင်တွေကို ဆွဲယူနိုင်စွမ်း ရှိတယ်။ ဒီသတ္တဝါဟာ သူ့ရဲ့ သဘာဝပတ်ဝန်းကျင်မှာ ရှိနေသရွေ့တော့ သူ့ရဲ့ ခန္ဓာကိုယ်ကို အဆုံးမရှိ ပွားများပြီး ပုံတူပွားလုပ်နိုင်စွမ်း ရှိတယ်။

မှိုဂိုလန်ဘုရင်က မိုက်ကယ့်ဘက်ကို လှည့်လာပြီး သူ့ရဲ့ မှိုလက်မောင်းကြီးကို မိုက်ကယ့်ဆီ အပေါ်ကို မြှောက်တင်ကာ ပြင်းထန်စွာ ရိုက်ချလိုက်တော့တယ်။

ပြင်းထန်တဲ့ ရိုက်ခတ်မှုကြောင့် ဖုန်မှုန့်တွေနဲ့ မြေကြီးတွေ လေထဲကို ပျံတက်သွားပြီး နတ်သူငယ်တွေရဲ့ အမြင်အာရုံကို ဖုံးကွယ်သွားခဲ့တယ်။ သူတို့က ကျူးကျော်သူကို ရှင်းလင်းလိုက်နိုင်ပြီလို့ ထင်မှတ်ပြီး သူတို့ရဲ့ အိမ်လေးတွေထဲကနေ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာကြတယ်။

* * * * * * * *

စာစဉ်(၂၈)

အခန်း(၃၃၄)

ဖုန်မှုန့်တွေ ငြိမ်သက်သွားတဲ့အခါမှာတော့ နတ်သူငယ်တွေဟာ ဆံပင်ရွှေဝါရောင်နဲ့ ကောင်လေးက ခြေထောက်နှစ်ဖက်ပေါ်မှာ မတ်မတ်ရပ်နေဆဲဖြစ်တာကို မြင်ပြီး အံ့ဩသွားကြတယ်။ သူတို့ရဲ့ ရွာလေးတစ်ရွာလုံးမှာလည်း အံ့ဩတုန်လှုပ်ပြီး အာမေဍိတ်သံတွေ ဆူညံသွားတယ်။

မိုက်ကယ်က မှိုဂိုလန်ဘုရင်ကို လှမ်းကြည့်ပြီး ယှဉ်ပြိုင်ရမယ့် သူ့ရဲ့ ကြယ်ခုနစ်ပွင့် တန်ခိုးအစွမ်းကို သတိထားလိုက်မိတယ်။ ဒါဟာ ဂရီးဗ်ကလွဲရင် သူရင်ဆိုင်ခဲ့ရသမျှ သတ္တဝါတွေထဲမှာ အသန်မာဆုံးလည်း ဖြစ်နိုင်တယ်လေ။

မှိုဂိုလန်ဘုရင် တိုက်ခိုက်လိုက်တဲ့အချိန်တုန်းက မိုက်ကယ်ရဲ့ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်ကို ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့တာမို့ ဒီသတ္တဝါဟာ သူပေါ့ပေါ့တန်တန် ရင်ဆိုင်ရမယ့်အထဲမှာ မပါဘူးဆိုတာ သေချာနေတယ်။

မှိုဂိုလန်ဘုရင်က သစ်ပင်ပင်စည်ကြီးတွေလို တုတ်ခိုင်လှတဲ့ သူ့ရဲ့ ခြေထောက်နှစ်ဖက်ကို သုံးပြီး မိုက်ကယ်အနားကို တိုးကပ်လာတယ်။ ပြီးတော့ မိုက်ကယ်ကို ဂျုံမှုန့်လို ညက်ညက်ကြေသွားအောင် ထုရိုက်ဖို့ သူ့ရဲ့ ဧရာမ မှိုလက်မောင်းကြီးတွေကို ဝှေ့ယမ်းလိုက်တယ်။ မိုက်ကယ်ကလည်း လက်ကို မြှောက်ပြီး လက်နှစ်ဖက်စလုံးမှာ မီးလုံးမန္တန်ကို ထုတ်ဖော်လိုက်တယ်။ ပြီးတော့ အဲဒီမီးလုံးတွေကို ဖြန့်ချလိုက်ပြီး မီးတံတိုင်းကြီးတစ်ခုကို ဖန်တီးလိုက်တာပါ။

မှိုရဲ့ လက်မောင်းကြီးတွေက မီးတံတိုင်းနဲ့ တည့်တည့်ဆောင့်မိသွားပြီး မီးမြှိုက်ခံလိုက်ရတာမို့ သူ့ရဲ့ ကိုယ်ထည်ကြီးထဲကနေ တကျိကျိနဲ့ အော်သံတွေ ထွက်လာတော့တယ်။ အဲဒီနောက် မှိုဂိုလန်ဘုရင်က “ဝေါင်းးး” ဆိုပြီး အကျယ်ကြီး အော်ဟစ်လိုက်ပြီးတော့ မိုက်ကယ်ကို အဆိပ်ငွေ့တွေနဲ့ ဖုံးလွှမ်းပစ်ဖို့ အဆိပ်မှိုအမှုန် တိမ်တိုက်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပါတယ်။

ဒီမှာတင် ရောင်စုံအလင်းကာကွယ်ရေးဒိုင်းတစ်ခု ပေါ်လာပြီး မှိုဂိုလန်ဘုရင်ရဲ့ မှော်စွမ်းအင်တွေ ပြည့်နှက်နေတဲ့ အဆိပ်မှိုအမှုန်တွေရဲ့ တိုက်ခိုက်မှုကို ခုခံတားဆီးပေးလိုက်တယ်။ ဒါပေမဲ့ ဒီသတ္တဝါက ဒီတင် ရပ်မသွားပါဘူး။ သူက ခေါင်းကိုခါယမ်းပြီး အဆိပ်မှိုအမှုန်တွေကို တရစပ် ဆက်တိုက်မှုတ်ထုတ်နေတာကြောင့် မိုက်ကယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဝါကျင်ကျင် ဖုန်မှုန့်တိမ်တိုက်ကြီးထဲမှာ နစ်မြုပ်သွားရတော့တယ်။

မှိုဂိုလန်ဘုရင်ရဲ့ ကြယ်ခုနစ်ပွင့် တန်ခိုးအစွမ်းက မိုက်ကယ်ရဲ့ ကြယ်ငါးပွင့် မှော်ကျင့်စဉ်အဆင့်ကို အသာစီးရယူထားတာမို့ အဆိပ်မှိုအမှုန်တွေက အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်ကို တိုက်စားလာတယ်။ မိုက်ကယ်ကလည်း ချက်ချင်းပဲ သူ့အိတ်ကတ်ထဲကနေ ချောကလက်လုံးလေး လေးလုံးကို ထုတ်ပြီး တစ်လုပ်တည်းနဲ့ အကုန်ဝါးမြိုပစ်လိုက်တယ်။

ချက်ချင်းဆိုသလိုပဲ သူ့ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်တွေက အဆိပ်မှိုအမှုန်တွေနဲ့ မှိုဂိုလန်ဘုရင်ကို အဝေးသို့ လွင့်စင်သွားစေတယ်။ သူ့ကိုယ်ကနေ ထွက်ပေါ်လာတဲ့ စွမ်းအားဟာ ကြယ်ခြောက်ပွင့် မှော်ပညာရှင်တစ်ဦးရဲ့ အမြင့်ဆုံးစွမ်းရည်နဲ့ တူညီနေပြီး မှိုဂိုလန်ဘုရင်ရဲ့ ကြယ်ခုနစ်ပွင့် တန်ခိုးအစွမ်းကို ရောက်ဖို့ ခြေလှမ်းဝက်လောက်ပဲ လိုတော့တယ်။ သူ့ရဲ့ ရောင်စုံဒိုင်းတွေကို တိုက်စားဖို့ ကြိုးစားတဲ့ အဆိပ်အဆိပ်မှိုအမှုန်မှန်သမျှဟာလည်း ဒိုင်းထဲမှာရှိတဲ့ သဟဇာတမှော်စွမ်းအင်တွေကြောင့် အကုန်လုံး လုံးဝဥဿုံ ပျက်စီးသွားရတော့တယ်။

မှိုဂိုလန်ဘုရင်က မိုက်ကယ်ကို ဒေါသတကြီး စိုက်ကြည့်ပြီး သူ့လက်မောင်းတွေနဲ့ သူ့ခေါင်းကို သူ ပြန်ထုရိုက်လိုက်တယ်။ အဲဒီအခါ လေထဲမှာ တရွေ့ရွေ့ ပျံ့လွင့်သွားတဲ့ အရောင်တစ်မျိုး ပြောင်းသွားတဲ့ ထူးခြားတဲ့အဆိပ်မှိုအမှုန်တွေ ထွက်လာတယ်။ ရုတ်တရက်ဆိုသလို ဘေးပတ်ဝန်းကျင်က သစ်တောကြီးတစ်ခုလုံးဟာ အသက်ဝင်ပြီး လှုပ်ရှားလာတော့တယ်။ လေထဲမှာ ဖြည်းဖြည်းချင်း ယိမ်းနွဲ့နေတဲ့ သစ်ပင်တွေက အခုတော့ ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားလာပြီး သူတို့ရဲ့ သစ်ကိုင်းတွေက မိုက်ကယ်ကို အကြမ်းပတမ်း တိုက်ခိုက်ဖို့ မြွေတွေလို တိုးဝင်လာကြတယ်။

သူ့ခြေထောက်အောက်က လင်းထိန်နေတဲ့ ရေဘဝဲလက်တံလို မြက်ပင်တွေကအထိ သူ့ကို ဖမ်းဆွဲပြီး မြေကြီးထဲ ဆွဲနှစ်ဖို့ ကြိုးစားလာကြတယ်။ သစ်တောတစ်ခုလုံးက မှိုဂိုလန်ဘုရင်ရဲ့ လက်ပါးစေတွေအဖြစ် ပြောင်းလဲသွားတဲ့ပုံပဲ။

“ဂါး……” ဆိုပြီး မှိုဂိုလန်ဘုရင်က အော်ဟစ်လိုက်တယ်။ သူက မိုက်ကယ်ရဲ့ စွမ်းအင်ပင်လယ်ရှိရာ ဝမ်းဗိုက်ကို လက်သီးနဲ့ ထိုးကြိတ်မယ့်ပုံစံနဲ့ အပြင်းအထန် ပြေးဝင်လာတယ်။ မိုက်ကယ်က မှိုဂိုလန်ဘုရင်ရဲ့ တိုက်ခိုက်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရေလုံးမန္တန်ကို ထုတ်ဖော်ဖို့ ကြိုးစားပေမဲ့ သစ်ကိုင်းတစ်ချောင်းက သူ့လက်မောင်းကြားထဲကနေ တိုးဝင်လာပြီး မန္တန်ထုတ်ဖော်တာကို နှောင့်ယှက်ဖျက်ဆီးပစ်လိုက်တယ်။ မှိုဂိုလန်ဘုရင်ကလည်း ဒီအခွင့်အရေးကို အသုံးချပြီး မိုက်ကယ်ဆီကို ပိုလို့တောင် အားသွန်ခွန်စိုက် ပြေးဝင်လာတော့တယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ မိုက်ကယ်က လူလည်ပြုံးလေး တစ်ချက် ပြုံးလိုက်တယ်။ မှိုရဲ့ လက်မောင်းကြီးတွေ သူ့ခန္ဓာကိုယ်ကို မထိမှန်ခင် စက္ကန့်ပိုင်းအလိုမှာပဲ ရေတံတိုင်းကြီးတစ်ခုက အချိန်ကိုက် ပေါ်ထွက်လာပြီး မှိုဂိုလန်ဘုရင်ရဲ့ အရှိန်အဟုန်ကို လုံးဝ ရပ်တန့်ပစ်လိုက်တယ်။

ပြီးတော့ အဲဒီရေတံတိုင်းကြီးထဲကနေ ဧရာမရေခဲလက်သီးကြီးတစ်ခု ထွက်ပေါ်လာပြီး မှိုဂိုလန်ဘုရင်ကို သစ်ပင်တစ်ပင်ဆီ လွင့်ထွက်သွားအောင် ထိုးပစ်လိုက်တာကြောင့် မှိုဂိုလန်ဘုရင်ခမျာ မရည်ရွယ်ဘဲနဲ့ သူ့ရဲ့ အဆိပ်မှိုအမှုန်အချို့ကိုပါ ထွေးထုတ်လိုက်တယ်။

မိုက်ကယ်က သူ့ခြေထောက်တွေကို ဖမ်းဆွဲထားတဲ့ ရေဘဝဲလက်တံလို မြက်ပင်တွေနဲ့ သူ့လက်မောင်းတွေကို ချုပ်နှောင်ထားတဲ့ သစ်ကိုင်းတွေကို လှမ်းကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက တောက်ပသွားပြီး အဲဒီသတ္တဝါတွေရဲ့ ဆဲလ်တစ်ခုချင်းစီနဲ့ မျိုးဗီဇ ဒီအန်အေထဲအထိ စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။

အဲဒီ သဘာဝအတိုင်း တည်ဆောက်ထားတဲ့ ခရုပတ်ပုံစံ မျိုးဗီဇတည်ဆောက်ပုံထဲမှာ မှော်စွမ်းအင်တွေ စုစည်းပြီး ဖြစ်တည်နေတဲ့ အဆိပ်မှိုအမှုန်တွေကို သူ တွေ့လိုက်ရတယ်။ သူတို့ရဲ့ ထူးခြားတဲ့ ကွင်းဆက်ချိတ်ဆက်ပုံက အက်တမ်တွေ ပေါင်းစပ်ပြီး လုံးဝခြားနားတဲ့ ဓာတုမော်လီကျူး ဒြပ်စင်တွေ ဖြစ်ပေါ်လာပုံနဲ့ သိပ်ကို တူညီနေတာပဲ။ မှိုဂိုလန်ဘုရင်က ဒီလို ထူးခြားတဲ့ မှော်စွမ်းအင်အုပ်စုကို သုံးပြီးတော့ပဲ ဘေးပတ်ဝန်းကျင်ကို ထိန်းချုပ်နေတာ ဖြစ်ပုံရတယ်။

[မှော်ကျင့်စဉ်အသစ်ကို ရရှိပါပြီ] နိုဗာ ရဲ့ အသံက သူ့စိတ်ထဲမှာ ဟိန်းထွက်လာတယ်။

[ပြန်လည်တိုက်စစ်ဆင်ဖို့ စတင်ဖန်တီးနေပါပြီ]

မိုက်ကယ် ပြုံးလိုက်မိတယ်။ ရုတ်တရက်ဆိုသလိုပဲ သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ မှော်အစီအရင်အဝိုင်းတွေ ပေါ်လာပြီး အဲဒီအဝိုင်းတစ်ခုချင်းစီက မှိုဂိုလန်ဘုရင်သုံးခဲ့တဲ့ မှော်ကျင့်စဉ်ကို ပြောင်းပြန်လှန်ထားတဲ့ ပုံစံမျိုးတွေ ပြသနေတယ်။

သူ့ဘေးနားက အဆိပ်မှိုအမှုန်တစ်ခုချင်းစီက သူတို့ရဲ့ ခန္ဓာကိုယ်အပေါ်မှာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ ပြင်းထန်တဲ့ စွမ်းအားကြီးတစ်ခုကို ခံစားလိုက်ရလို့ တုန်လှုပ်ချောက်ချားသွားကြတယ်။ သူတို့တွေ ရုန်းကန်ဖို့ ကြိုးစားကြပေမဲ့ သူတို့ရဲ့ မှော်စွမ်းအင်အမှုန်အမွှားလေးတွေက မိုက်ကယ်ဆီကို မလွှဲမရှောင်သာဘဲ အလိုလို ပေးအပ်လိုက်ရတာကြောင့် မိုက်ကယ်က အဲဒီအဆိပ်မှိုအမှုန်အားလုံးကို အကြွင်းမဲ့ ထိန်းချုပ်ခွင့် ရသွားတော့တယ်။

သူ့ခန္ဓာကိုယ်ကို ချုပ်နှောင်ထားတဲ့ သစ်ကိုင်းတွေရဲ့ အရှိန်က ဖြည်းဖြည်းချင်း လျော့နည်းသွားပြီး နောက်ဆုံးမှာတော့ သူ မြေကြီးပေါ်ကို ခြေချနိုင်ခဲ့ပြီပေါ့။ မှိုဂိုလန်ဘုရင်က သူ့ရဲ့ အဆိပ်မှိုအမှုန်တွေနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားတာကို ခံစားလိုက်ရတယ်။ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ သူ လုံးဝ နားမလည်နိုင် ဖြစ်နေတာပါ။

ဒါပေမဲ့ ဒီမှာတင် မိုက်ကယ်က လက်ကိုမြှောက်ပြီး မှိုဂိုလန်ဘုရင်ဆီကို ညွှန်ပြလိုက်တယ်။ မြွေလို လှုပ်ရှားနေတဲ့ သစ်ကိုင်းတွေနဲ့ မြေပြင်ပေါ်က ရေဘဝဲလက်တံလို မြက်ပင်တွေက မှိုဂိုလန်ဘုရင်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ပတ်ပတ်ချာချာ ချုပ်နှောင်လိုက်ကြတာကြောင့် မှိုဂိုလန်ဘုရင်ဟာ ကိုယ်စိုက်တဲ့အပင် ကိုယ်ပြန်ရိတ်သိမ်းရတဲ့ အဖြစ်မျိုး ကြုံလိုက်ရတယ်။ သူက မိုက်ကယ်ကို ကြည့်ပြီး သူ့ရဲ့ ကိုယ်ပိုင်မန္တန်ကို မိုက်ကယ်က ဘယ်လိုမျိုး ပြန်ထိန်းချုပ်သွားတာလဲဆိုတာ ဇဝေဇဝါ ဖြစ်နေရှာတယ်။

“ထရိုး” ဆိုပြီး သူက အော်ဟစ်လိုက်ပြီး ဘေးပတ်ဝန်းကျင်က သစ်တောကို ပြန်ထိန်းချုပ်ဖို့ အဆိပ်မှိုအမှုန်တိမ်တိုက်ကြီးတစ်ခုကို ထပ်မံမှုတ်ထုတ်လိုက်ပြန်တယ်။ ဒါပေမဲ့ မိုက်ကယ်က အဲဒီလို အဖြစ်မခံပါဘူး။ သူက မန္တန်တစ်ခုကို ရွတ်ဆိုပြီး မြေကြီးထဲကနေ ဧရာမ ကျောက်တုံးကြီးတစ်တုံးကို ဆွဲထုတ်လိုက်ကာ မှိုဂိုလန်ဘုရင်ဆီကို ပစ်ပေါက်လိုက်တယ်။

သူ့ခန္ဓာကိုယ်က လှုပ်ရှားလို့မရသေးတာမို့ မှိုဂိုလန်ဘုရင်က အရှိန်အဟုန်ကို အနည်းငယ် လျော့ပါးသွားအောင် အဆိပ်မှိုအမှုန်တိမ်တိုက်တစ်ခုကို ထုတ်လွှတ်ပြီး ကာကွယ်လိုက်တယ်။ ဒါပေမဲ့လည်း မိုက်ကယ်ရဲ့ မန္တန်စွမ်းအားက မှိုဂိုလန်ဘုရင်ရဲ့ ခေါင်းနဲ့ ကိုယ်ထည်ပိုင်းကို ဒဏ်ရာရသွားစေဖို့ လုံလောက်ခဲ့တာကြောင့် ဒဏ်ရာတွေထဲကနေ ခရမ်းရောင်သွေးတွေ စီးကျလာတော့တယ်။

မိုက်ကယ်က နောက်ထပ် မန္တန်တစ်ခုကို ထပ်မံရွတ်ဆိုပြီး သူ့လက်ထဲမှာ လျှပ်စီးလှံတစ်စင်းကို ဖန်တီးလိုက်တယ်။ ပြီးတော့ နိုဗာ ရဲ့ ကူညီမှုကြောင့် သူ့ရဲ့ အရင်ကမ္ဘာတုန်းက လှံပစ်အားကစားသမားတွေရဲ့ အကောင်းဆုံး လှံပစ်ဟန်ပန် အနေအထားတွေက သူ့ခေါင်းထဲကို စီးဆင်းဝင်ရောက်လာတယ်။

လျှပ်စီးလှံက မှိုဂိုလန်ဘုရင်ဆီကို တရှိန်ထိုး ပြေးဝင်သွားတယ်။

မှိုဂိုလန်ဘုရင်ကလည်း ဒိုင်းအဖြစ် သုံးဖို့ သူ့ကိုယ်ပေါ်မှာ ဧရာမ မှိုခေါင်းကြီးတစ်ခုကို အမြန်ဆုံး ကြီးထွားလာအောင် လုပ်လိုက်တာပါ။ လျှပ်စီးလှံက မှိုဒိုင်းကြီးနဲ့ တည့်တည့်ဆောင့်မိပြီး မှိုခေါင်းကြီးတစ်ခုလုံးကို လောင်ကျွမ်းသွားစေကာ မှိုဂိုလန်ဘုရင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စီးတွေ ဖြတ်သန်းစီးဆင်းသွားစေတယ်။

ဒီတိုက်ခိုက်မှုအပြီးမှာတော့ မှိုဂိုလန်ဘုရင်ရဲ့ ခေါင်းကြီးဟာ ပျော့ခွေသွားပြီး သူရရှိခဲ့တဲ့ ဒဏ်ရာတွေက သူ့ခန္ဓာကိုယ်ကို အားအင်ကုန်ခမ်းသွားစေဖို့ လုံလောက်ခဲ့တယ်။ သူကတော့ အသက်ငင်နေတဲ့ အခြေအနေကို ရောက်သွားပြီလေ။ နောက်ဆုံး ထွက်ပေါက်အနေနဲ့ မှိုဂိုလန်ဘုရင်က အဆိပ်မှိုအမှုန်အချို့ကို မှုတ်ထုတ်လိုက်ပြီး အဲဒီအဆိပ်မှိုအမှုန်တွေက သစ်တောတစ်ခုလုံးကို အလျင်အမြန် ပျံ့နှံ့သွားတော့တယ်။

မိုက်ကယ်ဟာ ဘေးပတ်ဝန်းကျင်က သစ်ပင်တွေက ပုံမှန်မဟုတ်ဘဲ ကွေးကောက် လိမ်တွန့်သွားတာကို ဖြည်းဖြည်းချင်း မြင်လိုက်ရတယ်။ မြေပြင်ကြီးကပါ လည်ပတ်နေသလိုမျိုး ဖြစ်လာပြီး သူ့ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ဘေးစောင်း စောင်းသွားသလို ခံစားလိုက်ရတယ်။ အလင်းရောင်တွေကလည်း ဘယ်ကမှန်းမသိဘဲ သူ့ဘေးပတ်လည်မှာ ပွင့်အာလာပြီး ကြည့်လို့ သိပ်ကောင်းတဲ့ အရောင်အသွေး စုံလင်လှတဲ့ မြင်ကွင်းကြီးကို ဖန်တီးနေတယ်။

ဒါကိုတော့ အဆိပ်သင့်စိတ်ကူးယဉ်မှုလို့ ခေါ်ပြီး မှိုဂိုလန်ဘုရင်ရဲ့ အဆိပ်မှိုအမှုန်တွေက ကြီးမားတဲ့အမြင်မှားမှုလှည့်ကွက်ကြီးကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဒါမှ သူက တခြားနေရာတစ်ခုဆီကို အဆိပ်မှိုအမှုန်တွေ တိတ်တဆိတ် ပျံ့နှံ့သွားစေပြီး ခန္ဓာကိုယ် သုံးခုအဖြစ် ပြန်လည် အသက်သွင်း ကြီးထွားလာနိုင်မှာမို့လို့ပေါ့။

ဒါပေမဲ့ ဒီအဆိပ်မှိုအမှုန်တွေ မြေကြီးပေါ်ကို အခြေချပြီး မျိုးစေ့ချတော့မယ့် အချိန်မှာပဲ မှိုဂိုလန်ဘုရင်ဟာ သူတို့နဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားတာကို ရုတ်တရက် ခံစားလိုက်ရပြန်တယ်။

မိုက်ကယ်ကတော့ ဆွဲဆောင်မှုရှိပြီးအမြင်မှားအောင်လုပ်ထားတဲ့ လှည့်ကွက်ကြီးနဲ့ ရင်ဆိုင်နေရပေမဲ့လည်း ဘေးပတ်ဝန်းကျင်က မှော်စွမ်းအင်တွေရဲ့ အသေးငယ်ဆုံး လှုပ်ရှားပြောင်းလဲမှုလေးတွေကိုတောင် အမိအရ ဖမ်းဆွဲနိုင်ဆဲ ဖြစ်နေတယ်။

သူက လက်ကို မြှောက်လိုက်ပြီး လေထဲမှာ ရှိနေတဲ့ မှိုဂိုလန်ဘုရင်ရဲ့ မျိုးစေ့အဆိပ်မှိုအမှုန် သုံးခုကို လေထဲမှာပဲ မြောက်တက်သွားစေတယ်။ ပြီးတော့ မန္တန်တစ်ခုကို အမြန်ဆုံး ထုတ်ဖော်လိုက်တဲ့အခါမှာ သူ့ရဲ့ မှော်အစီအရင်အဝိုင်းတွေထဲကနေ လေဓားမြှောင် သုံးစင်း ထွက်ပေါ်လာပြီး အဆိပ်မှိုအမှုန်တွေကို နှစ်ပိုင်းစီ ပိုင်းဖြတ်ပစ်လိုက်တာကြောင့် ခန္ဓာကိုယ်အသစ်နဲ့ ပြန်လည်ရှင်သန်ဖို့ ကြိုးစားတဲ့ မှိုဂိုလန်ဘုရင်ရဲ့ ရည်ရွယ်ချက်ကတော့ ပျက်စီးသွားရရှာတယ်။

ဒဏ်ရာတွေ ဗရပွနဲ့ ခန္ဓာကိုယ်ကိုလည်း ပြန်လည်အသက်သွင်းဖို့ လမ်းစမရှိတော့တဲ့ မှိုဂိုလန်ဘုရင်က မိုက်ကယ်ကို မကျေမနပ် ဖြစ်နေတဲ့ မျက်နှာကြီးနဲ့ စိုက်ကြည့်နေတော့တယ်။

"တိုက်ပွဲကောင်းတစ်ပွဲပဲ"

မိုက်ကယ်က ချီးမွမ်းစကား ပြောလိုက်တယ်။ သူက လက်ကို မြှောက်ပြီး မှိုဂိုလန်ဘုရင်ဆီကို ညွှန်ပြလိုက်တယ်။ သူ့ရဲ့ လက်ချောင်းထိပ်ဖျားလေးမှာ သဟဇာတမှော်စွမ်းအင်တွေ တောက်ပလာပြီး သစ်တောရဲ့ အမှောင်ဆုံး နယ်မြေတွေကိုအထိ လင်းထိန်သွားစေပါတော့တယ်။

All Chapters