← Chapters

အခန်း (၃၃၇-၃၃၈)

Vol. 29 Ch. 337-338

အခန်း (၃၃၇-၃၃၈)

Vol. 29 Ch. 337-338

အခန်း(၃၃၇)

ရွှေလမ်းမကြီးရဲ့ အလားအလာကောင်းတွေဟာ နတ်သူငယ်တွေကို ဘက်ပြောင်းလာအောင် ဆွဲဆောင်ဖို့အတွက် မလုံလောက်ခဲ့ပါဘူး။ သူတို့အတွက်ကတော့ ကြောက်ရွံ့တုန်လှုပ်ခြင်းဆိုတဲ့အရာက နေ့စဉ်လိုအပ်နေတဲ့ ခံစားချက် အာဟာရကို ရဖို့အတွက် အယုတ်ညံ့ဆုံး လူသားတွေနဲ့ လက်တွဲဖို့အထိတောင် အရေးပါတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေလို့ပါပဲ။

ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ လူသားတွေဆီမှာ သေဘေးကို ကြောက်ရွံ့တဲ့စိတ်ကို နှိုးဆွပေးနိုင်မယ့် နည်းလမ်းက တစ်ခုထက်မကရှိမှန်း မိုက်ကယ် သိနေခဲ့တယ်။ အဲဒီနည်းလမ်းက ဓားပြတွေနဲ့ ပတ်သက်စရာ မလိုသလို ဘယ်လိုတိုက်ခိုက်မှုမျိုးမှလည်း ပါဝင်မှာ မဟုတ်ပါဘူး။ အဲဒါကတော့ ရိုလာကိုစတာ စီးရသလိုမျိုး ခံစားချက်ပါပဲ။

"ဟင်... အဲဒါက ဘာလဲ" လို့ ဗီဗီက သူမရဲ့ ခေါင်းလေးကို စောင်းပြီး မေးလိုက်တယ်။

အခုအချိန်မှာတော့ မိုက်ကယ်အနေနဲ့ ရိုလာကိုစတာ ဆိုတဲ့ အယူအဆဟာ ဒီကမ္ဘာက လူတွေအတွက် လုံးဝကို သူစိမ်းပြင်ပြင်ကြီး ဖြစ်နေမှန်း သိတာကြောင့် လောလောဆယ်တော့ အရိုးရှင်းဆုံး ဖြစ်အောင်ပဲ ရှင်းပြလိုက်ရတယ်။

"အဲဒါက လူတွေကို ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျနေသလိုမျိုး ခံစားရစေမယ့် ရထားလုံးတစ်မျိုးပဲ။ ဘာဒဏ်ရာမှ မရဘဲနဲ့ကို စူးစူးဝါးဝါး အော်ဟစ်ကြရမှာပေါ့"

ဗီဗီနဲ့ နတ်သူငယ်တွေအားလုံး ပြိုင်တူ ခေါင်းကုတ်လိုက်ကြတယ်။

"ဟင်... ချောက်ကမ်းပါးပေါ်က ပြုတ်ကျတာကို လူတွေက ဘယ်လိုလုပ် ဒဏ်ရာမရဘဲ နေမှာလဲ"

"ဒါမှမဟုတ် အဲဒါက လွင့်မျောမန္တန်နဲ့ တိတ်တဆိတ် မောင်းနှင်ထားတာလား"

မိုက်ကယ်ကတော့ ပါးစပ်နဲ့ ရှင်းပြနေရုံနဲ့ မလုံလောက်မှန်း သိတာကြောင့် ရီနေးတား ပါရမီရှင် အင်ဂျင်နီယာတစ်ဦးရဲ့ စွမ်းရည်ထဲက တစ်ခုကို ငှားသုံးဖို့ ဆုံးဖြတ်လိုက်တယ်။

သူက လက်ကို မြှောက်လိုက်တဲ့အခါ သူ့လက်ဖဝါးပေါ်တည့်တည့်မှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာခဲ့တယ်။

မိုက်ကယ်က တစ်ခုခုကို ကောက်ယူလိုက်သလိုမျိုး သူ့ခေါင်းကို ညှစ်လိုက်ပြီး အဲဒီအစအနလေးကို သူ့ရှေ့က လေထုထဲဆီ ပစ်လွှတ်လိုက်တယ်။

ရုတ်တရက်ဆိုသလို ရိုးရိုးပုံမှန် ရိုလာကိုစတာတစ်ခုရဲ့ သုံးဖက်မြင် အလင်းပရိုဂျက်ရှင် ပုံရိပ်တစ်ခုက နတ်သူငယ်တွေရဲ့ ရှေ့မှာ ဝုန်းခနဲ ပေါ်လာတာကြောင့် သူတို့အားလုံး လန့်ဖျပ်သွားကြတယ်။ အဲဒါက မိုက်ကယ် ဖန်တီးလိုက်တဲ့ အလင်းဂိုလမ် တစ်မျိုးမျိုးလို့ ထင်မှတ်ပြီး သူတို့ရဲ့ အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်ရင်း အဲဒီအလင်းပုံရိပ်နဲ့ ဝေးရာကို ပျံပြေးသွားကြတယ်။

ဗီဗီတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး ရိုလာကိုစတာရဲ့ အတက်အဆင်း လမ်းကြောင်းတွေဆီကနေ မျက်လုံးမလွှဲတမ်း စိုက်ကြည့်နေခဲ့တာပါ။

ဒါက ရိုလာကိုစတာရဲ့ စမ်းသပ်ပုံစံငယ်မျှသာ ဖြစ်တာကြောင့် မိုက်ကယ်က အဆင်းတစ်ခုနဲ့ အတက်တစ်ခုကိုပဲ ထည့်သွင်းထားတယ်။

ပြီးတော့ သူက လက်ဖျောက်တစ်ချက်တီးလိုက်တဲ့အခါ ရိုလာကိုစတာရဲ့ အောက်ခြေအကျဆုံး နေရာမှာ လူသားပုံတူ ရုပ်သေးရုပ်အနည်းငယ် တင်းတင်းကျပ်ကျပ် ထိုင်နေတဲ့ တွဲလုံးလေးတစ်ခု ပေါ်လာခဲ့တယ်။

မကြာခင်မှာပဲ အဲဒီတွဲလုံးက စွမ်းအင်တွေ တက်လာပြီး ၄၅ ဒီဂရီ စောင်းနေတဲ့ လမ်းကြောင်းအတိုင်း ရိုလာကိုစတာပေါ်ကို ဆွဲတက်သွားတာကြောင့် လူသားပုံတူ ရုပ်သေးရုပ်တွေရဲ့ ရင်ထဲမှာ စိုးရိမ်စိတ်တွေ တဖြည်းဖြည်းချင်း မြင့်တက်လာစေတယ်။

သူတို့ ထိပ်ဆုံးကို ရောက်သွားတဲ့အချိန်မှာတော့ တိမ်တိုက်တွေပေါ် ရောက်နေသလို မြင့်မားတဲ့ နေရာကနေ ခံစားရတဲ့ စိုးရိမ်ပူပန်မှု အငွေ့အသက်တွေကြားထဲ သံထည်တွေ တကျိကျိ မြည်ဟည်းသံက ပိုပြီးတော့တောင် ခြောက်ခြားဖို့ ကောင်းနေခဲ့တယ်။

တွဲလုံးက ကုန်းပြင်မြင့်လမ်းကြောင်းအတိုင်း ကွေ့ဝိုက်သွားပြီးတဲ့နောက် နောက်ဆုံးမှာတော့ ရိုလာကိုစတာရဲ့ အောက်ဘက်သို့ ထိုးဆင်းရမယ့် လမ်းကြောင်းဆီ ရောက်ရှိသွားတယ်။

အဲဒီမှာတင် အဆင်းရဲ့ အစွန်းဆုံးနေရာ အရောက်မှာတော့ တွဲလုံးက ဖြည်းဖြည်းချင်း နှေးကွေးသွားပြီး လူသားပုံတူ ရုပ်သေးရုပ်တွေကို သူတို့ အရှိန်နဲ့ ထိုးဆင်းရတော့မယ့် အနက်ကြီးကို အထင်းသား မြင်တွေ့ခွင့် ပေးလိုက်တယ်။

ထို့နောက် စိုးရိမ်ထိတ်လန့်မှုတွေ အထွတ်အထိပ် ရောက်သွားတဲ့အချိန်မှာတော့ အဲဒီတွဲလုံးက မတ်စောက်လွန်းတဲ့ ၉၀ ဒီဂရီနီးပါး ထောင့်ချိုးအတိုင်း ဝုန်းခနဲ ထိုးဆင်းသွားတာကြောင့် ပုံတူလူသားတွေဟာ လက်တွေကို အပေါ်မြှောက်ပြီး သွေးပျက်မတတ် စူးစူးဝါးဝါး အော်ဟစ်ကြပါတော့တယ်။

မိုက်ကယ် ပြသလိုက်တဲ့ ရိုလာကိုစတာ စီးနင်းမှု ပုံရိပ်က တကယ် စစ်မှန်လွန်းတာကြောင့် အနီးနားမှာရှိတဲ့ နတ်သူငယ်တွေ အားလုံးဟာ အစောပိုင်းက ရှိခဲ့တဲ့ ကြောက်ရွံ့မှုတွေ လုံးဝ ပျောက်ဆုံးသွားပြီး ရိုလာကိုစတာရဲ့ အပေါ်တည့်တည့်မှာ ချက်ချင်း စုရုံးရောက်ရှိလာကြတယ်။

သူတို့ဟာ အဲဒါက အလင်းမှော်စွမ်းအင်တွေ စုစည်းပြီး ဖန်တီးထားတဲ့ ထင်ယောင်ထင်မှား ပုံရိပ်တစ်ခုမျှသာ ဖြစ်မှန်း မသိကြဘဲ လူသားပုံတူ ရုပ်သေးရုပ်တွေရဲ့ ခံစားချက်တွေကို မသိစိတ်ကနေ စုပ်ယူဖို့ ကြိုးစားနေကြတယ်။

နတ်သူငယ်တွေဟာ ရေထဲမှာ သွေးညှီနံ့ရတဲ့ ငါးမန်းတွေလို ဖြစ်နေကြတယ်။ 'ရိုလာကိုစတာ' လို့ ခေါ်တဲ့ အရာကနေ ထွက်ပေါ်လာတဲ့ ကြောက်ရွံ့တုန်လှုပ်မှုဟာ သူတို့ အခုထိ စုပ်ယူစားသုံးခဲ့သမျှ ကြောက်ရွံ့မှုတွေနဲ့ တူတူပဲ၊ ဒါမှမဟုတ် ပိုတောင် ကောင်းနိုင်သေးတယ်ဆိုတာကို သူတို့ရဲ့ မသိစိတ်ကနေ သိရှိသွားကြတယ်။

ဗီဗီရဲ့ မျက်လုံးတွေက လိုချင်တက်မက်စိတ်တွေနဲ့ တောက်ပလာခဲ့တယ်။ ရိုလာကိုစတာထဲက လူသားပုံတူ ရုပ်သေးရုပ်တွေရဲ့ အော်ဟစ်သံကို ပထမဆုံး ကြားလိုက်ရတဲ့ အခိုက်အတန့်ကတည်းက ဒီစက်ပစ္စည်းကြီးကို လက်တွေ့ဘဝထဲမှာ အစစ်အမှန် မြင်တွေ့ချင်တယ်ဆိုတာ သူမ သိလိုက်ပြီလေ။

"မစ္စတာ ရီနေးတား... ဒီရိုလာကိုစတာကြီးကို အပြင်မှာ တကယ်ဖြစ်အောင် လုပ်ပေးနိုင်မလားဟင်... လုပ်ပေးပါနော်"

ဒါက မိုက်ကယ်ကိုယ်တိုင်လည်း ဖန်တီးချင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အိုင်ဒီယာတစ်ခု ဖြစ်ပေမဲ့ ဒီလောက်ကြီးမားပြီး ကျယ်ပြန့်တဲ့ ပရောဂျက်တစ်ခုဟာ အရင်းအမြစ်တွေနဲ့ လူအင်အား အများကြီး လိုအပ်မှာဖြစ်ပြီး လက်ရှိမှာ သူ့ဆီမှာ အဲဒါတွေ များများစားစား မရှိသေးမှန်း သူသိနေတယ်။

ဒီရိုလာကိုစတာနဲ့ မော်တော်ကားစက်ရုံကြားမှာ သံထည်ပစ္စည်းတွေ အများကြီး ထပ်တူကျနေတယ်။ နှစ်ခုစလုံးကို တည်ဆောက်ဖို့အတွက် သီးသန့်ဖြစ်ပြီး ရှားပါးတဲ့ သတ္တုစပ်တွေ အများကြီး လိုအပ်တယ်။ ဒါတင်မကသေးဘဲ ရွှေလမ်းမကြီးအတွက်လည်း အများကြီး လိုအပ်နေတာပါ။ ကွန်ကရစ်တွေက ကြမ်းတမ်းတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို ကြံ့ကြံ့ခံနိုင်ဖို့အတွက် သံချောင်းတွေ လိုအပ်နေတယ်လေ။

အကယ်၍ ဒါက ရိုးရိုးပုံမှန် ရိုလာကိုစတာတစ်ခုပဲ ဆိုရင်တော့ လွယ်ကူမှာပါ။ ဒါပေမဲ့ ဒီပေါ်မှာ စီးကြမယ့်သူတွေက လူသားတွေတင်မကဘဲ လူတစ်ပိုင်းသတ္တဝါတွေပါ စီးကြမှာဖြစ်မှန်း သူသိနေခဲ့တယ်။ သူတို့ထဲက အများစုက ရိုးရိုးပုံမှန် ရိုလာကိုစတာတစ်ခုအတွက် ဆိုရင် အလွန်အမင်း လေးလံလွန်းတာကြောင့် ဘေးကင်းလုံခြုံမှု ရှိစေဖို့အတွက် ရိုလာကိုစတာမှာ ထောက်ကူပစ္စည်းတွေ ပိုထည့်ရမှာပေါ့။

ခြုံငုံပြောရရင်တော့ ဒီကမ္ဘာအတွက် ရိုလာကိုစတာတစ်ခု တည်ဆောက်ဖို့က ကုန်ကြမ်းပစ္စည်းတွေ အများကြီး ကုန်ကျလိမ့်မယ်။ အကယ်၍ သူသာ ဒီပရောဂျက်ကို အခု စတင်လိုက်မယ်ဆိုရင် ရီနေးတားမှာ ရှိနေတဲ့ ပြဿနာတွေကို ပိုပြီး ဆိုးဝါးလာစေရုံပဲ ရှိမှာပါ။

"ငါ တည်ဆောက်ပေးလို့တော့ ရတယ်၊ ဒါပေမဲ့ အချိန်ယူရလိမ့်မယ်။ ဒါကို ဆောက်ဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေ အများကြီး ကုန်မှာမို့လို့ပဲ"

ဗီဗီက ရုတ်တရက်ဆိုသလို ခါးကို လက်ထောက်ပြီး ယုံကြည်မှုအပြည့် ရှိနေတဲ့ မျက်လုံးတွေနဲ့ အပေါ်ကို ပျံတက်သွားခဲ့တယ်။

"အဲဒါကို စောစောက ပြောရတယ်။ ငါတို့ တောအုပ်ထဲမှာ ကုန်ကြမ်းပစ္စည်းတွေ အများကြီး ရှိတာပဲဥစ္စာ"

ဒါကတော့ မိုက်ကယ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို အနည်းငယ်မျှ ဖြစ်စေကာမူ သက်သာလျော့ပါးသွားစေမယ့် အလွန်ဝမ်းသာစရာကောင်းတဲ့ အံ့ဩစရာတစ်ခု ဖြစ်ခဲ့တယ်။

"ဘယ်နားမှာလဲ။ မင်းတို့က သတ္တုရိုင်းတွေ အများကြီးရှိတဲ့ နေရာကို သိလို့လား"

"သိတယ်" လို့ ဗီဗီက သူမရဲ့ နှာခေါင်းလေးကို ပွတ်ရင်း ပြန်ဖြေလိုက်တယ်။

"ဓားပြတွေက အဲဒီနေရာကို သူတို့ရဲ့ အခြေစိုက်စခန်းအဖြစ် သုံးနေကြတာ။ နင် ငါတို့ကို ရိုလာကိုစတာတစ်ခု ပေးတာနဲ့ အဲဒီနေရာကို နင် သုံးဖို့ ငါတို့ ခွင့်ပြုမယ်"

မိုက်ကယ်လည်း မပြုံးဘဲ မနေနိုင်တော့ပါဘူး။ "ဒါဆိုရင် မင်းတို့က ဓားပြတွေကို ကူညီနေတာကို ရပ်လိုက်တော့မယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား"

"ဂရုစိုက်မနေဘူး အဲဒီဓားပြတွေကို" ဗီဗီက ကြေညာလိုက်တယ်။ "ငါ့ရဲ့ ရိုလာကိုစတာကိုပဲ ငါ လိုချင်တယ်"

ဒီအတောအတွင်းမှာတော့ လူယုတ်မာဓါးပြအဖွဲ့ရဲ့ ဂူထဲမှာတော့ ပုံမှန်ဆိုရင် သက်ဝင်လှုပ်ရှားပြီး ဆူညံပွက်လောရိုက်နေတတ်တဲ့ ဒီလူမှုအဖွဲ့အစည်းရဲ့ အလေ့အထက ဒီရက်ပိုင်းအတွင်းမှာတော့ ထူးဆန်းလောက်အောင် တိတ်ဆိတ်ခြောက်ကပ်နေခဲ့တယ်။

ဘာပဲဖြစ်ဖြစ် သူတို့ ရီနေးတားနိုင်ငံတော်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ရက်သတ္တပတ် အနည်းငယ် ရှိခဲ့ပြီဖြစ်ပေမဲ့ အရှေ့ဘက်တောအုပ်ဆီကို သူတို့ ချီတက်လာတာကို မတားဆီးနိုင်ခဲ့ရုံတင်မကဘဲ သူတို့ရဲ့ အဖွဲ့ဝင်တွေဟာ ဘယ်နေရာကို ပျောက်ခြင်းမလှ ပျောက်သွားမှန်း အထောက်အထား လုံးဝမရှိဘဲ ဟိုတစ်စ ဒီတစ်စနဲ့တင် လျော့နည်းလာနေလို့ပဲ။

ဒီရက်ပိုင်းအတွင်းမှာ သူတို့ဆီမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ကြောက်ရွံ့မှုတွေ ဘယ်လောက်တောင် များပြားနေသလဲဆိုရင် နတ်သူငယ်တွေသာဆိုရင် ဒီဓားပြတွေကို အားရပါးရ စုပ်ယူစားသုံးလို့ ကောင်းနေမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒေါသကြီးတဲ့ မိန်းမတစ်ယောက်က ဂူထဲမှာ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတာလေ။

"ငါတို့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ ထပ်ဆုံးရှုံးသွားပြန်ပြီ ဟုတ်လား" ဘလဇဲလ်က ညည်းတွားလိုက်တယ်။ "ရီနေးတားက ဒါကို ဘယ်လိုလုပ်နေတာလဲ"

ဝါနိုကတော့ တစ်ဖက်မှာ တိတ်တဆိတ် ထိုင်နေရင်း အခြေအနေကို စောင့်ကြည့်နေပြီး စကားတစ်ခွန်းလောက် ပြောရမလား မပြောရဘူးလား ဆိုတာကို တွေဝေနေမိတယ်။ "ငါတို့ တပ်ဖွဲ့တွေကို အပြင်ကို ဆက်မလွှတ်ဘဲနဲ့ ဒီမှာပဲ လူအင်အား ပြန်စုစည်းသင့်တယ်" လို့ သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။

"တိတ်စမ်း။ အဲဒါက အလကားပဲ။ ငါတို့က သူတို့ အသန်မာဆုံး ဖြစ်နေတဲ့ နေရာကို သွားတိုက်ရမယ်။ ရီနေးတားကို တိုက်ဖို့ လူအင်အား ပိုစုဆောင်းစမ်း"

အခြားဓားပြတွေက အပြင်ကို မထွက်ခွာမီ ဘလဇဲလ်ကို ဦးညွှတ်လိုက်ကြပြီး ဂူထဲမှာ သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပါတော့တယ်။

"ပစ်ဇီဘုရင်မနဲ့ ဆက်သွယ်ဖို့ နည်းလမ်း ရှာတွေ့ပြီလား" လို့ ဘလဇဲလ်က မေးလိုက်တယ်။

"အဲဒီလိုလုပ်ဖို့ နည်းလမ်းမရှိဘူး။ သူတို့က လူသားတွေနဲ့ ဆက်သွယ်လေ့မရှိဘူး" ဝါနိုက တတ်နိုင်သမျှ ရိုသေလေးစားတဲ့ လေသံမျိုး ဖြစ်အောင်လုပ်ပြီး ပြန်ဖြေလိုက်တယ်။

ဝါနိုက ဘလဇဲလ်ကို တစ်ချက် ခိုးကြည့်လိုက်ပြီး "ဟို... ကျွန်တော် မေးပါရစေ၊ ဘာဖြစ်လို့ ပစ်ဇီဘုရင်မကို ရှာချင်ရတာလဲခင်ဗျာ။ ဖလဲယားကော့ပ်က နတ်သူငယ်တွေနဲ့ မဟာမိတ်ဖွဲ့မလို့လား"

ဘလဇဲလ်က ခေါင်းခါလိုက်တယ်။ "ကမ္ဘာပျက်ရင်တောင် မဖြစ်နိုင်ဘူး။ ပစ်ဇီဘုရင်မဆီမှာ ငါတို့လိုအပ်တဲ့အရာ ရှိနေတယ်။ အကယ်၍ မင်းသာ ငါ့ကို သူမနဲ့ တွေ့ဆုံခွင့်ရအောင် လုပ်ပေးနိုင်ရင် သူမဆီကနေ ငါတို့ ပြန်ရမယ့် မှော်ဝင်ပစ္စည်းကို မင်းကို အရင်ဆုံး စမ်းသပ်ခွင့် ပေးမယ်"

"အဲဒါက နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတစ်ခုပဲ" လို့ ဘလဇဲလ်က သူမရဲ့ မျက်နှာထက်မှာ အပြုံးတစ်ခုနဲ့ ပြောလိုက်ပါတော့တယ်။

* * * * * * * *

စာစဉ်(၂၉)

အခန်း(၃၃၈)

“ဒါနဲ့ ငါတို့ အခုပဲ ရိုလာကိုစတာကြီးကို သွားကြည့်လို့ရပြီလား”

မိုက်ကယ်ရဲ့ မျက်နှာနားမှာ စိတ်လှုပ်ရှားစွာနဲ့ တဝဲဝဲလည်ပြီး ဗီဗီက မေးလိုက်တယ်။ ရိုလာကိုစတာကို ကြည့်ချင်ဇောနဲ့ မျှော်လင့်နေကြတဲ့ အခြားနတ်သူငယ်တွေကလည်း ဗီဗီလုပ်သလို လိုက်လုပ်ပြီး မိုက်ကယ်ကို ဝိုင်းပူဆာကြတော့တယ်။

“အဲဒါက မင်းတို့ထင်သလောက် အလွယ်တကူ တည်ဆောက်လို့ရတာ မဟုတ်ဘူးကွ။ ဆောက်လုပ်ရေးအတွက် အစီအစဉ်မစခင်မှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ အများကြီးရှိတယ်။ ပထမဆုံးအနေနဲ့ တည်နေရာပြဿနာကို ဖြေရှင်းရမယ်။ ရိုလာကိုစတာက သူ့ရဲ့ကိုယ်ပိုင်အလေးချိန်ကြောင့် ပြိုကျမသွားဖို့ ခိုင်ခံ့တဲ့အခြေခံအုတ်မြစ် လိုတယ်။ ပြီးတော့ နှုန်းထားအရှိန်ကိုလည်း ထည့်တွက်ရဦးမယ်”

မိုက်ကယ်ရဲ့ စကားတွေက နတ်သူငယ်တွေရဲ့ နားတစ်ဖက်ကဝင်ပြီး နောက်တစ်ဖက်က ပြန်ထွက်သွားတယ်။ သူတို့က ရှုပ်ထွေးတဲ့ အသေးစိတ်အချက်အလက်တွေကို နားထောင်ဖို့ လုံးဝ စိတ်မဝင်စားကြသလို မိုက်ကယ်ရဲ့ ကမ္ဘာမြေပြင်က အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ သဘောတရားတွေကိုလည်း နားမလည်နိုင်ကြဘူး။

“တော်ပြီ တော်ပြီ အဲဒါတွေ ထားလိုက်ပါတော့။ အဲဒါကို ဘယ်နေရာမှာ ဆောက်မှာလဲ” လို့ ဗီဗီက ဖြတ်မေးလိုက်တယ်။

“အကောင်းဆုံးကတော့ ရီနေးတားနိုင်ငံတော်ထဲမှာ ဆောက်ချင်တယ်”

ဒါက မိုက်ကယ် လောလောဆယ် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေထဲက တစ်ခုပဲ ဖြစ်တယ်။ အမှန်တော့ သူက အနာဂတ်မှာ ထပ်ပြီးချဲ့ထွင်နိုင်ဖို့အတွက် ရိုလာကိုစတာကို ကျယ်ဝန်းလှတဲ့ ကန္တာရမြေရိုင်းတွေထဲမှာ တည်ဆောက်ချင်တယ်။ ဒါပေမဲ့ ဒီစီမံကိန်းက အဓိကအားဖြင့် နတ်သူငယ်တွေအတွက် ရည်ရွယ်တာ ဖြစ်တယ်။ ပြီးတော့ ဒီကစားနည်းကနေ ထွက်ပေါ်လာမယ့် ကြောက်ရွံ့မှုတွေကို အသုံးချပြီး စွမ်းအင်တွေ ရိတ်သိမ်းနိုင်ဖို့ဆိုရင် သူတို့က ရီနေးတားနိုင်ငံတော်အထိ တစ်လမ်းလုံး လာကြရမှာ ဖြစ်တယ်။

နတ်သူငယ်တွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်မှော်ကမ္ဘာငယ်လေး ရှိနေတဲ့ ဒီတောအုပ်ကို အလွယ်တကူ စွန့်ခွာသွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

“အိုး... ဒါက စိတ်ကူးကောင်းပဲ။ ငါလည်း ရီနေးတားနိုင်ငံတော်ကို သွားကြည့်ချင်တယ်” လို့ ဗီဗီက ရိုးသားဖြူစင်စွာ ပြောလိုက်တယ်။

“ကျွန်မလည်း ခင်ဗျာသတင်းတွေထဲက အကြောင်းအရာတွေကို အပြင်မှာ တကယ် မြင်ဖူးချင်တယ် မစ္စတာ ရီနေးတား”

မိုက်ကယ်က သူတို့ဆီကနေ ဒီလိုတုံ့ပြန်မှုမျိုး ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ရိုလာကိုစတာကို တောအုပ်ထဲမှာပဲ ဆောက်ပေးဖို့ သူတို့ ဇွတ်ငြင်းကြလိမ့်မယ်လို့ သူ ထင်ထားတာ ဖြစ်တယ်။

“ဒါပေမဲ့ ဒီနေရာကိုကျတော့ ဘယ်လိုလုပ်မလဲ” လို့ သူက မေးလိုက်တယ်။

“အို... အရေးမပါတာ” ဗီဗီက နှာခေါင်းရှုံ့ပြီး မိုက်ကယ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို လက်ကာပြလိုက်တယ်။ “ငါတို့က ဒီနေရာကနေ ထာဝရ ထွက်သွားမှာမှ မဟုတ်တာ။ အဲဒီကို နှစ်အနည်းငယ်လောက်ပဲ သွားလည်မှာပါ၊ ကိစ္စမရှိပါဘူး”

သူက အခြားနတ်သူငယ်တွေကို ကြည့်လိုက်တဲ့အခါ သူတို့တွေကလည်း ဗီဗီနဲ့ အမြင်ချင်း တူနေကြပုံပဲ။

လူတစ်ပိုင်းသတ္တဝါအချို့ရဲ့ သက်တမ်းက လူသားတွေထက် အဆပေါင်းများစွာ ပိုရှည်ပြီး အချို့ဆိုရင် အသက်တစ်ထောင်အထိတောင် နေကြရတယ်ဆိုတာကို သူ မေ့လုနီးပါး ဖြစ်သွားခဲ့တယ်။

“ကဲ... သွားကြစို့ အားလုံးပဲ။ ရီနေးတားဆီ သွားလည်ကြမယ်” ဗီဗီက စည်းရုံးလိုက်တာနဲ့ အခြားနတ်သူငယ်တွေကလည်း လုံးဝ တုံ့ဆိုင်းမနေဘဲ စိတ်လှုပ်ရှားစွာနဲ့ ရွာပြင်ကို ပျံသန်းထွက်ခွာသွားကြတော့တယ်။

“နေဦး နေဦး နေဦး။ ဒီလောက်တောင် လွယ်လွယ်ကူကူကြီးလား”

သူတို့က အဝတ်အစားတွေ ဒါမှမဟုတ် ဘာပစ္စည်းတစ်ခုမှတောင် ထုပ်ပိုးပြင်ဆင်မသွားကြဘူး။ ကြည့်ရတာ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ထွက်ရုံပဲလို့ သဘောထားနေပုံရတယ်။ တကယ်တမ်းကျတော့ ရီနေးတားနိုင်ငံတော်က ဒီနေရာကနေ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးတယ်။

“ကဲ... သွားရအောင်လေ” ဗီဗီက မိုက်ကယ်ရဲ့ လက်ကောက်ဝတ်စကို ဆွဲပြီး ပြောလိုက်တယ်။ အခြားနတ်သူငယ်တွေက တောပြင်ကို ရောက်လုနီးပါး ဖြစ်နေပြီမို့ ရွာထဲမှာ မိုက်ကယ် တစ်ယောက်တည်းပဲ ကျန်ခဲ့တော့တယ်။

“ခွင့်ပြုချက်မယူဘဲ သွားလိုက်ရင် ဗီရီယန်က မင်းတို့ကို စိတ်မဆိုးဘူးလား”

နတ်သူငယ် လူဦးရေရဲ့ ထက်ဝက်ကျော်က ရုတ်တရက် ရွာကို စွန့်ခွာသွားကြတာ ဖြစ်တယ်။ သူက ဗီရီယန်ကို သူ့အနေနဲ့ နတ်သူငယ်တွေကို ပြန်ပေးဆွဲသွားတယ်လို့ အထင်မခံချင်ဘူး။

ပြီးတော့ သူ့ရဲ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် သူမက ပစ်ဇီအရှင်သခင်မ ဖြစ်နိုင်တာမို့ သူမနဲ့ ရန်မဖြစ်ချင်တာကတော့ အမှန်ပဲ ဖြစ်တယ်

“မေမေ့အတွက် စိုးရိမ်မနေပါနဲ့” ဗီဗီက မိုက်ကယ်ရဲ့ အဝတ်အစားတွေကို ပိုပြီး ခပ်ပြင်းပြင်း ဆွဲလိုက်ရင်း ပြောတယ်။ “သူမက ရှေးဟောင်း သစ်ရွက်ပရပိုဒ်တွေကို ဖတ်ပြီး အချိန်ဖြုန်းနေတာ ကြာပြီ။ နောက်ထပ် တစ်လလောက်အထိ အိမ်ပြင်ထွက်လာမှာ မဟုတ်ဘူး”

ဒါက မိုက်ကယ်အတွက်တော့ ယဉ်ကျေးမှုထုံးလမ်းစဉ်လာ မတူညီမှုကို အံ့အားသင့်မိတယ်။ နတ်သူငယ်တွေရဲ့ အသက်သက်တမ်းက သိပ်ကို ရှည်လျားလွန်းတာမို့ သူတို့က လပေါင်းများစွာ ကြာမယ့် ခရီးစဉ်ကို ပန်းခြံထဲ ခဏလမ်းလျှောက်ရုံလောက်ပဲ သဘောထားကြတယ်။ စာဖတ်တဲ့ အချိန်တစ်ခုတောင်မှ တစ်လလုံးလုံး ကြာမြင့်နိုင်တယ်လေ။

“ဒါပေါ့... ဒါက ပုံမှန်ပဲလေ” ဗီဗီက စိတ်ချလက်ချ အာမခံလိုက်တယ်။ “ကဲ... အခုပဲ မင်းရဲ့နိုင်ငံတော်ကို သွားကြရအောင်”

မိုက်ကယ်က နတ်သူငယ်တွေကို တောအုပ်ပြင်ပသို့ ဦးဆောင်ခေါ်သွားခဲ့တယ်။

သူတို့တွေ မှော်ကမ္ဘာငယ်လေးရဲ့ အပြင်ဘက်ကို ရောက်သွားတာနဲ့ နတ်သူငယ်တွေက လေထဲမှာ ပျံဝဲနေတဲ့ တောက်ပတဲ့ အလင်းစက်လေးတွေအဖြစ် လက်တွေ့လောကထဲကို ကူးပြောင်းရောက်ရှိလာကြတယ်။

တောအုပ်အပြင်ဘက်ကို ရောက်သွားရင် နတ်သူငယ်တွေက ကိုယ်ပျောက်နိုင်တဲ့ စွမ်းရည် ပျောက်ဆုံးသွားတတ်တယ်လို့ ဗီဗီက ရှင်းပြတယ်။ ဒါပေမဲ့ သူတို့က နေရောင်ခြည်ရဲ့ တောက်ပမှုအောက်မှာ ပုန်းကွယ်နိုင်ဖို့အတွက် အလင်းလုံးလေးတွေအဖြစ် အသွင်ပြောင်းလဲနိုင်ကြတုန်းပဲ။

ဒါက မိုက်ကယ်အတွက်တော့ ထူးဆန်းတဲ့ အခြေအနေတစ်ခု ဖြစ်နေတယ်။ သူက ပိုးစုန်းကြူးတွေလို တဝဲဝဲလည်နေတဲ့ တောက်ပတဲ့ အလင်းလုံးလေး တစ်ရာကျော်နဲ့အတူ လမ်းလျှောက်နေရလို့ပါပဲ။

ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ သူတို့က မကြာခင်မှာ လေထုထဲကို ပျောက်ကွယ်သွားပြီး နေရောင်ခြည်နဲ့ ရောနှောကာ ပုန်းကွယ်သွားကြတယ်။ ဒါက အော့ခ်တွေ အရိပ်ထဲမှာ ပုန်းကွယ်တာနဲ့ ဆင်တူတယ်။

သူက ရွှေလမ်းမကြီး စီမံကိန်းဆီ ပြန်လာခဲ့ပြီး အလုပ်သမားတွေကို ဘာပြဿနာမှမရှိဘဲ ဆက်လက်လုပ်ကိုင်နိုင်ကြောင်း ပြောပြလိုက်တယ်။

“သေချာလို့လား သခင်” လို့ လုပ်ငန်းခွင်က အဝါရောင် ဟော့ဘ်မျောက်လူ ပါရမီရှင် အင်ဂျင်နီယာက မေးလိုက်တယ်။ “အဲဒီနတ်သူငယ်တွေက ကျွန်တော်တို့ကို ထပ်ပြီး နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ”

အဲဒီအချိန်မှာပဲ တောက်ပတဲ့ အလင်းစက်တစ်ခုက ကောင်းကင်ကနေ ဆင်းသက်လာပြီး ရီနေးတားနိုင်ငံသားတွေရဲ့ ရှေ့မှာ သူမရဲ့ တကယ့်အသွင်သဏ္ဌာန်ကို ပြသလိုက်တယ်။

“အဲလိုမျိုး ထပ်ဖြစ်မှာ မဟုတ်တော့ဘူး” ဗီဗီက သူမရဲ့ ခါးကို ထောက်ပြီး ပြောလိုက်တယ်။

ရီနေးတားနိုင်ငံသားတွေက နတ်သူငယ်တစ်ဦးကို အနီးကပ် မျက်နှာချင်းဆိုင် တွေ့လိုက်ရလို့ အံ့ဩသွားကြတယ်။ သူတို့က စာအုပ်တွေ ဒါမှမဟုတ် ပရပိုဒ်တွေထဲမှာပဲ မြင်ဖူးကြတာ ဖြစ်တယ်။

“ဟုတ်တယ်... ငါပဲ” ဗီဗီက ဂုဏ်ယူစွာနဲ့ ပြောလိုက်တယ်။ “မိုက်ကယ်က ငါတို့ကို ကတိပေးထားပြီးပြီမို့ ငါတို့ မင်းတို့ကို ထပ်ပြီး မနှောင့်ယှက်တော့ဘူး၊ လုံးဝပဲ”

“ဪ... သိပြီ။ ဒါက အဓိပ္ပာယ်ရှိတာပဲ”

“ငါတို့ရဲ့ သခင်ပီသပါပေတယ်”

“ဒါဆိုရင် ငါတို့ ချက်ချင်းပဲ ရွှေလမ်းမကြီး စီမံကိန်းကို ဆက်လုပ်ကြတယ်” လို့ လုပ်ငန်းခွင် အင်ဂျင်နီယာက ပြောလိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ ရီနေးတားနိုင်ငံသားတွေက အံ့ဩမနေကြတော့ဘူး။ အမှန်တော့ သူတို့က ဒါကို မျှော်လင့်ထားပြီးသား ဖြစ်တယ်။ မိုက်ကယ်က အခြားသူတွေ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ ပြဿနာတွေကို ဖြေရှင်းပေးလေ့ရှိတယ်။

“ဟေး... မင်းက ဒီနေရာမှာ အရာရာကို တာဝန်ယူထားရတဲ့သူ မဟုတ်လား။ မင်းတို့ အဲဒီ မော်တော်ကားတွေကို ဘယ်လိုမောင်းနှင်သလဲဆိုတာ ငါတို့ကို ပြလို့ရမလား” ဗီဗီက ဟော့ဘ်မျောက်လူ အင်ဂျင်နီယာရဲ့ မျက်နှာနားမှာ အကြိမ်ကြိမ် ပျံသန်းရင်း ပူဆာတော့တယ်။

နောက်ဆုံးတော့ ကားမောင်းသမားတစ်ယောက်က လက်လျှော့လိုက်ပြီး မော်တော်ကားပေါ် တက်ကာ ဗီဗီနဲ့ နတ်သူငယ်တွေကို ဘယ်လိုမောင်းရမလဲဆိုတာ ပြသပေးလိုက်တယ်။

သနားစရာကောင်းတဲ့ ဖွတ်နဂါးလူသား ကားမောင်းသမားဟာ တောက်ပတဲ့ အဖြူရောင် အလင်းလုံး တစ်ရာနီးပါးက သူ့ရဲ့ကားထဲကို ဝင်ရောက်လာပြီး မောင်းနှင်နေစဉ်မှာ မျက်စိကျိန်းအောင် လုပ်တာကြောင့် သစ်ပင်တစ်ပင်ကို တိုက်မိလုနီးပါး ဖြစ်သွားခဲ့ရတယ်။

“အိုး... ခစ် ခစ်၊ ငါတို့က ဒီသတ္တုသတ္တဝါတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိချင်ရုံတင်ပါ။ ဒါတွေက သက်ရှိသတ္တဝါတွေ မဟုတ်ဘူးဆိုတာ သေချာလို့လား။ သူတို့က စက်သုံးဆီတွေကို စားသုံးကြတယ်၊ လှုပ်ရှားကြတယ်၊ ပြီးတော့ မစင်စွန့်သလိုမျိုး မီးခိုးတွေကိုပါ ထုတ်လွှတ်ကြတယ်လေ”

ဒါက မိုက်ကယ်အနေနဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ကြားဖူးတဲ့ ငြင်းခုံမှုတော့ မဟုတ်ဘူး။ လူအများစုအတွက်တော့ သူမရဲ့စကားတွေက အဓိပ္ပာယ်ရှိနေတာမို့ ဒါကလည်း အိုင်းရွန်းမေဒင်ဘာသာရေးရဲ့ စကားတွေကို လူအများအပြား ယုံကြည်ကြရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။

“ငါတို့ ကင်းစ်နယ်မြေကို သွားချင်တယ်ဆိုရင် ကားမောင်းတတ်ဖို့ လိုတယ်လေ” လို့ ဗီဗီက ငြင်းခုံလိုက်တယ်။

အံ့ဩစရာကောင်းတာက နတ်သူငယ်တွေက ကားမောင်းဖို့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ကြပြီ ဖြစ်တယ်။ နတ်သူငယ် ဆယ်ကောင်က လီဗာနင်းတံတွေပေါ်မှာ ရှိနေပြီး နောက်ထပ် ဆယ်ကောင်ကတော့ စတီယာရင်ဘီးပေါ်မှာ ရှိနေကြတယ်။ မိုက်ကယ်က ဒါက တကယ် အလုပ်ဖြစ်ပါ့မလားလို့ သံသယဝင်မိပေမဲ့ စမ်းသပ်ကြည့်ဖို့တော့ စိတ်မကူးမိဘူး။

“အဲဒါတွေ လိုအပ်မှာ မဟုတ်ပါဘူး” လို့ သူက သူတို့ကို ပြောလိုက်တယ်။ “ငါတို့ ကန္တာရမြေရိုင်းဆီ တိုက်ရိုက် တယ်လီပို့လုပ်ပြီး သွားလို့ရတယ်”

မိုက်ကယ်ရဲ့ အရိပ်က သူ့ရဲ့ပတ်ပတ်လည် ငါးမီတာအချင်းဝက်အထိ ပျံ့နှံ့သွားခဲ့တယ်။

သူ့ရဲ့ လက်ကောက်ဝတ်ကို အသာအယာ လှည့်လိုက်ရုံနဲ့တင် ဗီဗီနဲ့ ကျန်တဲ့နတ်သူငယ်တွေဟာ သူတို့ရဲ့ မှော်ကမ္ဘာငယ်လေးထဲက ညကောင်းကင်ယံထက်တောင် ပိုပြီး မှောင်မိုက်လွန်းတဲ့ စစ်မှန်တဲ့ မှောင်မိုက်ခြင်း ကမ္ဘာဦးခုံးကြီးတစ်ခုထဲမှာ ပိတ်မိသွားကြတော့တယ်။

ခဏအကြာမှာတော့ အရိပ်တွေက မိုက်ကယ်ရဲ့ ခြေဖဝါးအောက်ဆီ ပြန်လည်လိပ်ဝင်သွားပြီး ဗီဗီနဲ့ နတ်သူငယ်တွေအတွက် လုံးဝ ခြားနားတဲ့ ပတ်ဝန်းကျင်သစ်တစ်ခု ပေါ်ထွက်လာခဲ့တယ်။

အရှေ့ဘက် အရပ်မျက်နှာရဲ့ စိမ်းလန်းစိုပြည်ပြီး ထူထပ်လှတဲ့ တောအုပ်ကြီးနေရာမှာ သူတို့ရဲ့ ပတ်ပတ်လည်၌ မြင့်မားလှတဲ့ သတ္တုအဆောက်အအုံကြီးတွေက ရုတ်တရက် အစားထိုး ဝင်ရောက်လာတာတယ်။

ပြီးတော့ သူတို့ရဲ့ ရှေ့တည့်တည့်မှာပဲ မော်တော်ကားတွေ ဘယ်ပြန်ညာပြန် မောင်းနှင်နေကြတဲ့ လမ်းမကြီးကို မြင်တွေ့လိုက်ရတယ်။

လူသားတွေနဲ့ လူတစ်ပိုင်းသတ္တဝါတွေက ရုံးဝတ်စုံတွေ၊ အရပ်ဝတ်စုံတွေကိုယ်စီနဲ့ လမ်းလျှောက်နေကြပြီး လမ်းကူးနိုင်ဖို့အတွက် လမ်းဘေးက မီးပွိုင့်အစိမ်းရောင်ပြောင်းမယ့်အချိန်ကို စောင့်ဆိုင်းနေကြတယ်။

နတ်သူငယ်တွေရဲ့ အမြင်မှာတော့ ဒါက လုံးဝ ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ ကမ္ဘာသစ်ကြီးတစ်ခုပဲ ဖြစ်နေတော့တယ်။

All Chapters