← Chapters

အခန်း (၃၃၉-၃၄၀)

Vol. 29 Ch. 339-340

အခန်း (၃၃၉-၃၄၀)

Vol. 29 Ch. 339-340

အခန်း(၃၃၉)

“ဘာတွေ ဖြစ်သွားတာလဲ”

“ဝိုး... တို့တွေ တယ်လီပို့လိုက်တာပဲ”

နတ်သူငယ်တွေဟာ အသစ်စက်စက် မြင်ကွင်းကြီးကို ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရင်း စိတ်လှုပ်ရှားစွာနဲ့ ပျံဝဲနေကြတယ်။ လင်းထိန်နေတဲ့ သစ်ပင်တွေ မြက်တွေ ပြည့်နှက်နေတဲ့ သူတို့ရဲ့ မှော်ကမ္ဘာငယ်လေးထက်စာရင် အခုမြင်နေရတဲ့ အင်္ဂတေတောအုပ်ကြီးက သူတို့အတွက် ပိုလို့တောင် ထူးဆန်းအံ့ဩဖို့ ကောင်းနေပါသေးတယ်။

“ဟို…ဟိုး... လူအုပ်ကြီးကို တစ်ပြိုင်တည်း တယ်လီပို့တ် လုပ်နိုင်တာပဲပေါ့။ ငါကတော့ မော်တော်ကားကြီးကိုပဲ စီးချင်ခဲ့တာ၊ ဒါပေမဲ့ ဒါကလည်း ကောင်းတာပါပဲ” လို့ ဗီဗီက မှတ်ချက်ချလိုက်တယ်။

အဲဒီအချိန်မှာပဲ အသက်အရွယ်ရင့်ရင့် ဝါရင့် ဟော့ဘ်မျောက်လူကြီးတစ်ယောက်က နတ်သူငယ်တွေဆီ ချဉ်းကပ်လာပြီး နွေးထွေးတဲ့ အပြုံးတစ်ခုနဲ့ ကြိုဆိုလိုက်ပါတယ်။ သူ ဝတ်ဆင်ထားတဲ့ ရိုးရှင်းတဲ့ အနီရောင် ဝတ်ရုံရှည်ကြီးနဲ့ ရန်လိုမှုကင်းတဲ့ လေယူလေသိမ်းကြောင့် နတ်သူငယ်တွေဟာ သူ့ရဲ့ တည်ရှိမှုတစ်ခုတည်းနဲ့တင် နွေးထွေးပျူငှာမှုကို ခံစားလိုက်ရတယ်။

ဒီလူကတော့ ရီနေးတားနိုင်ငံရဲ့ မြို့တော်ဝန် ဖြစ်တဲ့ လော့လို ပါပဲ။

“အားလုံးပဲ မင်္ဂလာနံနက်ခင်းပါခင်ဗျာ။ ကျွန်တော်ကတော့ လော့လို ဖြစ်ပါတယ်၊ ရီနေးတားနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်းမှာ လူကြီးမင်းတို့ကို အစစအရာရာ အနီးကပ် ဧည့်ခံတာဝန်ယူပေးသွားမှာပါ။ ဘာပဲလိုအပ်လိုအပ်၊ ဘာပဲ သိချင်သိချင် ကျွန်တော့်ကို အားမနာတမ်း အချိန်မရွေး ပြောနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့နိုင်ငံကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ ဧည့်သည်အများစုကတော့ စစချင်းမှာ စိတ်ထဲ ယောင်ချာချာ ဖြစ်တတ်ကြလို့ လမ်းထောင့်တွေ တိုင်းမှာ လမ်းညွှန်ပေးမယ့် ဝန်ထမ်းတွေကို အနှံ့အပြား တာဝန်ချထားပေးပါတယ်။

သူတို့ကတော့ တောက်ပတဲ့ လိမ္မော်ရောင် ဝတ်ရုံရှည်ကို ဝတ်ပြီး ပခုံးမှာ အဝတ်စလွယ် သိုင်းထားတဲ့သူတွေပေါ့။ သူတို့ကိုလည်း စိတ်ကြိုက် မေးမြန်းနိုင်ပါတယ်ခင်ဗျာ”

နတ်သူငယ်တွေရဲ့ မျက်လုံးတွေက ပတ်ဝန်းကျင်ဆီကို လှည့်လည်ကြည့်ရှုနေကြပြီ။ ပတ်ပတ်လည် တစ်ခွင်လုံးမှာ ပြင်းထန်လှတဲ့ ခံစားချက်တွေရဲ့ အနံ့အသက်တွေကို သူတို့ အများအပြားရနေကြတယ်။

သူတို့ရဲ့ နောက်ကွယ်က အဆောက်အအုံသေးသေးလေးထဲမှာ ဆိုရင် လူသားတွေနဲ့ လူတစ်ပိုင်းသတ္တဝါတွေဟာ အပေါ်ကနေ ဒိန်ခဲတွေ အရည်ပျော်ကျနေတဲ့ တြိဂံပုံစံ မုန့်ဖုတ်ပေါင်မုန့်ကို စားရင်းနဲ့ စစ်မှန်တဲ့ ပျော်ရွှင်ကြည်နူးမှုတွေကို အပြည့်အဝ ပြသနေကြတယ်။ လမ်းရဲ့ တစ်ဖက်ခြမ်းမှာကျတော့ နွေရာသီအလယ်ခေါင်ကြီးမှာ ဆောင်းရာသီလို အေးစိမ့်နေတဲ့ အခန်းတွေထဲမှာ အိပ်မောကျနေပြီး သက်သောင့်သက်သာ ဖြစ်တည်မှုကို ခံစားနေရတဲ့သူတွေကို သူတို့ အာရုံခံမိနေပြန်တယ်။

ဒီကနေ အနည်းငယ်လောက်ပဲ ဝေးတဲ့ မြွေလူသားနယ်မြေထဲမှာ ဆိုရင်လည်း မြွေလူသားတွေအတွက် အထူးပြုလုပ်ထားတဲ့ လူလုပ်မြစ်တွေထဲမှာ ရေကူးနေကြတဲ့ ကလေးတွေရဲ့ ပျော်ရွှင်အော်ဟစ်သံတွေနဲ့ ရေပက်သံတွေက အတိုင်းသား လွင့်ပျံလာနေတယ်။

အားလုံးထက် ပိုပြီးတော့ စိတ်လှုပ်ရှားစရာ ကောင်းတာက တင်းကျပ်လှတဲ့ ရင်ခုန်သံတွေက လေထုထဲကနေတစ်ဆင့် နတ်သူငယ်တွေရဲ့ နှာခေါင်းဆီကို တိုးဝင်လာတာပါပဲ။ အဲဒီခံစားချက် နောက်ကို လိုက်ကြည့်လိုက်တော့ နိုင်ငံရဲ့ ဆင်ခြေဖုံးက ဘေ့စ်ဘောအားကစားကွင်းကြီးဆီ ရောက်သွားပြီး အဲဒီမှာ တစ်ဖက်နဲ့တစ်ဖက် မလျှော့စတမ်း ပြိုင်ဆိုင်နေကြတဲ့ လူပုမျိုးနွယ်စုအသင်းနဲ့ ရီနေးတားနိုင်ငံသားများအသင်းတို့ရဲ့ အကြိတ်အနယ် ပွဲစဉ်တစ်ပတ်ကို ကစားနေကြတယ်။

“ဒါ ဘာကြီးလဲ။ ဒါ ဘာကြီးလဲ။ သူတို့အားလုံး ဘာတွေ လုပ်နေကြတာလဲ”

“ခံစားချက်တွေက ဒီလောက်တောင် စုံလင်ကွဲပြားနိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး”

“အို... တို့ရဲ့ ပစ်ဇီရေ... ခံစားချက်တွေ အများကြီးပဲ”

ဗီဗီကိုယ်တိုင်တောင်မှ ဒီသဲကန္တာရအရပ်ဒေသ တစ်ခွင်လုံးမှာ သူ အာရုံခံမိနေတဲ့ အသစ်စက်စက် ခံစားချက်တွေကြောင့် ရင်ထဲမှာ မရိုးမရွ ဖြစ်နေရတယ်။ ဒါက သူတို့တစ်သက် တခါမှ မစားဖူးသေးတဲ့၊ စားနိုင်လိမ့်မယ်လို့လည်း မထင်ထားမိတဲ့ ဆန်းပြားဆန်းကြယ် ခံစားချက်တွေရဲ့ စိတ်ကြိုက်စားပွဲတော်ကြီးပေါ့။ ပုံမှန်ဆိုရင်တော့ အံ့ဩတာတို့၊ တင်းတိမ်ရောင့်ရဲတာတို့လို ခံစားချက်မျိုးတွေက သူတို့ စားသုံးဖို့အတွက် အလွန် အားနည်းလွန်းပါတယ်။ ဒါပေမဲ့ ဘယ်လိုကြောင့်ရယ်မသိ၊ ရီနေးတားနိုင်ငံကတော့ အဲဒီခံစားချက်တွေကို ပုံမှန်ထက် အနည်းဆုံး ဆယ်ဆလောက် ပိုပြီး ပြင်းထန်လာအောင် မြှင့်တင်ပေးနိုင်စွမ်း ရှိနေတယ်။

“ကျွန်တော်ကိုယ်တိုင် လူကြီးမင်းတို့ကို နိုင်ငံအနှံ့ လိုက်လံပြသပေးရမလားခင်ဗျာ” လို့ လော့လိုက မေးလိုက်တယ်။

“တကယ်လား။ အဲဒါဆို သိပ်ကောင်းတယ်” လို့ ဗီဗီက ဝမ်းသာအားရ ရေရွတ်လိုက်တယ်။

မိုက်ကယ်လည်း ဒါက ကောင်းတဲ့ အကြံဉာဏ်တစ်ခုပဲလို့ တွေးမိတယ်။ သူတို့ ရိုလာကိုစတာ စီမံကိန်းကြီး မစတင်ခင်မှာ သူ ပထမဆုံး ဖြေရှင်းရမယ့် အလုပ်တွေ အများကြီး ရှိနေသေးတာကြောင့် သူ အပြင်ထွက်နေတုန်း နတ်သူငယ်တွေအတွက်တော့ ဒါက အချိန်ဖြုန်းဖို့ အကောင်းဆုံး ဖြစ်မှာပေါ့။

သူ အပြင်သွားနေတုန်း နတ်သူငယ်တွေ ပြဿနာ အကြီးအကျယ် မရှာကြဖို့ကိုပဲ သူ ဆုတောင်းရုံ ရှိတော့တယ်။

“ဒါဆိုရင် နတ်သူငယ်တွေကို မင်းပဲ ကြည့်ရှုစောင့်ရှောက်ပေးပါဦး လော့လို”

“ကျွန်တော့်ကိုသာ စိတ်ချလိုက်ပါ သခင်။ နတ်သူငယ်တွေ သူတို့အိမ်မှာ နေရသလိုမျိုး စိတ်အေးချမ်းမှု ရှိစေရပါမယ်” လို့ အားကိုးရတဲ့ မြို့တော်ဝန်ကြီးက ပြန်ဖြေလိုက်တယ်။

“ရှင်က ဘာတွေကို စိတ်ပူနေတာလဲ မစ္စတာ ရီနေးတားရဲ့။ တို့တွေ လိမ္မာပါ့မယ်။ သူတို့ရဲ့ ခံစားချက်တွေကို တို့တွေ စားသုံးလိုက်တယ်ဆိုတာကိုတောင် သူတို့ သိကြမှာ မဟုတ်ပါဘူး” လို့ ဗီဗီက ငြင်းခုံပြောဆိုတယ်။

အဲဒါကပဲ မိုက်ကယ် အကြောက်ဆုံးအရာပေါ့။

“သူတို့ဆီက အရင်ဆုံး ခွင့်ပြုချက် တောင်းပါဦး။ ပြီးတော့ သူတို့ကို ခြောက်လှန့်တာမျိုး ဘာမျိုးလည်း လုံးဝ မလုပ်ရဘူး။ သူတို့ဆီမှာ ရှိပြီးသား ခံစားချက်တွေကိုပဲ စားသုံးပါ။ အသစ်တွေ လျှောက်မလုပ်ပါနဲ့” လို့ သူက သတိပေးလိုက်တယ်။

“သိပါပြီ၊ သိပါပြီ” လို့ ဗီဗီက စိတ်မပါလက်မပါ ပြန်ဖြေတာကြောင့် သူမ ပြောတဲ့အတိုင်း တကယ်လုပ်ပါ့မလားဆိုတာ မိုက်ကယ် တစ်ယောက် မဝေခွဲနိုင် ဖြစ်နေရတယ်။

“အဲဒီလို ခံစားချက် အစားခံလိုက်ရတဲ့သူတွေကိုလည်း နိုင်ငံတော်ကနေ ထိုက်ထိုက်တန်တန် ပြန်ပြီး လျော်ကြေးပေးမှာမို့ စိတ်ချပါ” လို့ လော့လိုက ထပ်လောင်းပြောကြားပေးလိုက်တော့မှ မိုက်ကယ်လည်း နတ်သူငယ်တွေကို လော့လိုနဲ့ ထားခဲ့ဖို့ ပိုပြီး စိတ်အေးသွားရတယ်။

“ကောင်းပြီ၊ ကျေးဇူးပဲ လော့လို။ ငါ အပြင်ထွက်ပြီး ပြင်ဆင်စရာ ရှိတာတွေ သွားပြင်ဆင်တုန်း သူတို့ကို မင်းပဲ တာဝန်ယူပေးပါဦး”

မိုက်ကယ် စကားတောင် မဆုံးသေးခင်မှာတင် နတ်သူငယ်တွေဟာ လိပ်ပြာလေးတွေလိုမျိုး နိုင်ငံအနှံ့အပြားဆီကို အုပ်စုခွဲပြီး ပျံသန်းသွားကြပြီ။

လူတွေကတော့ ဝတ္ထုတွေထဲက ဒဏ္ဍာရီလာ သတ္တဝါတွေလို့ပဲ ထင်မှတ်ထားကြတဲ့ ဆန်းပြားလှတဲ့ နတ်သူငယ်တွေရဲ့ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် အံ့ဩမှင်တက်ကုန်ကြမှာ အသေအချာပါပဲ။ ဒါကပဲ ရီနေးတားနိုင်ငံကို နတ်သူငယ်တွေတောင် လာရောက်လည်ပတ်ရတဲ့ နိဗ္ဗာန်ဘုံတစ်ခုအဖြစ် ဂုဏ်သတင်းကို ပိုပြီး မြင့်တက်စေခဲ့တယ်။

နတ်သူငယ်တွေ အားလပ်ရက် အပန်းဖြေခရီး ဒါမှမဟုတ် စားပွဲတော်ကြီးဆီ ထွက်ခွာသွားကြချိန်မှာ မိုက်ကယ်ကတော့ အန်ဂိုရာမြို့မှာ ရှိတဲ့ သူတို့ရဲ့ အခြေစိုက်စခန်းဆီ ပြန်လာခဲ့ပါတယ်။ သူဟာ ရိုလာကိုစတာ တည်ဆောက်ရေး အပိုင်းမှာ အကူအညီတောင်းဖို့ နိုင်ငံရဲ့ အဓိက ပါရမီရှင် အင်ဂျင်နီယာ ဖြစ်တဲ့ ခုန်းကို လိုက်ရှာခဲ့တယ်။

ခုန်းက လူတစ်ပိုင်းသတ္တဝါတွေရဲ့ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ မတူညီတဲ့ သတ်မှတ်ချက် အသေးစိတ်တွေကို အကျွမ်းကျင်ဆုံး လူတစ်ယောက် ဖြစ်နေလို့ပါပဲ။ ပြောရရင် သူက နိုင်ငံရဲ့ မတူညီတဲ့ နယ်မြေတွေမှာ ရှိတဲ့ လူတစ်ပိုင်းသတ္တဝါတွေအတွက် သီးသန့်ဗိသုကာ လက်ရာတွေကို တာဝန်ခံ တည်ဆောက်ပေးနေရသူ ဖြစ်နေလို့ပဲ။

ဥပမာအားဖြင့် ပုတ်သင်ညိုလူသားတွေက လူသားတွေ လုပ်ထားတဲ့ အဆောက်အအုံတွေနဲ့ သဟဇာတ မဖြစ်ကြဘူး။ သူတို့ရဲ့ အိပ်ရာတွေကို သူတို့ အရင်က တောထဲမှာ နေထိုင်ခဲ့တဲ့ ကျောက်တုံးဂူတွေကို အတုယူပြီး မှောင်မှောင်မည်းမည်းနဲ့ စိုစွတ်တဲ့ နေရာမျိုးမှာပဲ သီးသန့် လုပ်ပေးရတယ်။ ဒါတင်မကသေးဘဲ သူတို့မှာ အမြီးတွေ ရှိနေတာကြောင့် လူသားတွေ သုံးတဲ့ ကုလားထိုင်တွေပေါ်မှာ ကောင်းကောင်း ထိုင်လို့ မရကြဘူး။ အဲဒါကြောင့် ပုံမှန် ရိုလာကိုစတာမျိုးဆိုရင် တစ်မိနစ်လောက်ပဲ စီးရရင်တောင် သူတို့အတွက် အတော်လေး မသက်မသာ ဖြစ်နေလိမ့်မယ်။

သူ့အနေနဲ့ လည်ပင်းအရှည်ကြီး ရှိကြတဲ့ သစ်ကုလားအုတ် မျိုးနွယ်စုတွေကိုလည်း ထည့်သွင်းစဉ်းစားရပါသေးတယ်၊ ရိုလာကိုစတာက အကွေ့အကောက်တွေ၊ အလှည့်အပြောင်းတွေ များနေရင် သူတို့ လည်ပင်းကျိုးသွားမယ့် အန္တရာယ် ရှိနေလို့ပဲ။

တစ်ဖက်မှာကျတော့လည်း ကြွက်မျိုးနွယ်စုတွေ ရှိနေပြန်တယ်၊ သူတို့က လူကောင် အလွန်သေးငယ်လွန်းတာကြောင့် ပုံမှန် ရိုလာကိုစတာ ထိုင်ခုံပတ်ကြိုးတွေနဲ့ ဆိုရင် ခန္ဓာကိုယ်ကို မြဲအောင် မထိန်းထားနိုင်ဘူး။ အဲဒါကြောင့် သူတို့အတွက် သီးသန့် ဘေးကင်းလုံခြုံရေး အစီအမံအသစ်တွေကို သူ ဖန်တီးပေးရမယ်။

နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုကတော့ အဲဒီ အဲ့ရထားတွဲရဲ့ စုန်ဆင်းတဲ့ အပိုင်းပါပဲ။ လူသားတွေနဲ့ အခြား ရိုးရှင်းတဲ့ လူတစ်ပိုင်းသတ္တဝါတွေ အတွက်ကတော့ ရိုလာကိုစတာရဲ့ ပုံမှန် အမြင့်ကနေ ထိုးဆင်းလိုက်ရုံနဲ့တင် သူတို့ရင်ထဲမှာ ကြောက်ရွံ့ခြင်း ခံစားချက်ကို ဖြစ်ပေါ်စေဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ စစ်သည်တော်တွေနဲ့ ပိုပြီး မြင့်မားတဲ့ အဆင့်အတန်းမှာ ရှိနေတဲ့သူတွေ အတွက်တော့ ဒါက သူတို့ကို ကြောက်လန့်အောင် လုပ်နိုင်ဖို့ လုံလောက်ချင်မှ လုံလောက်လိမ့်မယ်။

“မင်းဆီကို ရိုလာကိုစတာရဲ့ ဗိသုကာပုံစံတွေကို အခုပဲ ပို့ပေးလိုက်မယ်” လို့ မိုက်ကယ်က ပြောရင်း သူ့လက်ချောင်းထိပ်မှာ စုစည်းနေတဲ့ လင်းလက်နေတဲ့ အလင်းစက်တစ်ခုကို တောက်ထုတ်လိုက်တယ်။

နိုဗာ က ရိုလာကိုစတာရဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ အလုပ်လုပ်ပုံကို နားလည်လွယ်တဲ့ လမ်းညွှန်ချက်တစ်ခုအဖြစ် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ခုန်းရဲ့ ပါရမီနဲ့ ဆိုတော့ စက္ကန့်အနည်းငယ်အတွင်းမှာတင် အဲဒီ စက်ယန္တရားရဲ့ အလုပ်လုပ်ပုံကို သူ အလွယ်တကူ သဘောပေါက်သွားခဲ့တယ်။

“ဘယ်လိုထင်လဲ” လို့ သူက ခုန်းကို မေးလိုက်တယ်။

ဟော့ဘ်မျောက်လူ အင်ဂျင်နီယာကြီးဟာ မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ့စိတ်ထဲမှာ အရာအားလုံးကို စတင် တွက်ချက်နေတော့တယ်။

“ဟင်း... ဒါက သိပ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အပန်းဖြေစီးနင်းစရာအသစ်ပဲ သခင်။ ဒါက ကျွန်တော်တို့နိုင်ငံအတွက် နောက်ထပ် ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ မြင်ယောင်နေမိပါရဲ့။

မတူညီတဲ့ လူတစ်ပိုင်းသတ္တဝါတွေအတွက် ဘေးကင်းလုံခြုံရေး အပိုင်းတွေကိုတော့ တည်ဆောက်ဖို့နဲ့ အင်ဂျင်နီယာပိုင်းအရ ပြင်ဆင်ဖို့ လွယ်ကူလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးပြည့်စုံအောင် လုပ်ဖို့အတွက် အရင်းအမြစ်တွေ ပိုပြီး လိုအပ်တာပဲ ရှိမှာပါ”

ခုန်းဟာ သူ့ရဲ့ ဗိသုကာပုံစံများပုံဖော်ခြင်း စွမ်းရည်ကို အသုံးပြုပြီး မတူညီတဲ့ လူတစ်ပိုင်းသတ္တဝါတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံတွေနဲ့ ကိုက်ညီမယ့် ရိုလာကိုစတာ ထိုင်ခုံရဲ့ အကြမ်းဖျင်း ပုံကြမ်းအချို့ကို ဖန်တီးလိုက်တယ်။

“ငါက နောက်ထပ် ရိုလာကိုစတာ တစ်ခုကိုလည်း တည်ဆောက်ဖို့ စဉ်းစားနေတာ၊ ဒါပေမဲ့ အဲဒီတစ်ခုက ပိုပြီး ပြင်းထန်ပြီး အစွန်းရောက်လိမ့်မယ်။ ဒရာဂွန်ဘွန်းတွေကိုတောင် ကြောက်လန့်သွားစေမယ့် အရာမျိုးကို ငါ လိုချင်တာ”

ဒီကမ္ဘာမှာ မှော်ပညာ ရှိနေတာကြောင့် ရိုလာကိုစတာ အစီးအနင်းရဲ့ ဖန်တီးမှုတွေက သူ့ရဲ့ အရင်ကမ္ဘာက အရာတွေထက် ပိုပြီး ဆန်းသစ်တီထွင်နိုင်သလို ပိုပြီးတော့လည်း အသက်အန္တရာယ် နီးကပ်တဲ့ ခံစားချက်မျိုးကို ပေးနိုင်လိမ့်မယ်။ တစ်နည်းအားဖြင့် ပြောရရင် ဒါက ပိုပြီးတော့တောင် ဘေးကင်းလုံခြုံမှု ရှိနိုင်ပါသေးတယ်။

“ဒါပေမဲ့ သခင်... ကျွန်တော်တို့မှာ တစ်ခု တည်ဆောက်ဖို့တောင် အရင်းအမြစ် မလုံလောက်ဘူး၊ အခုက နှစ်ခုတောင် ဖြစ်နေတာ”

ခုန်း ပြောတာ မှန်ပါတယ်။ အခုလောလောဆယ် သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုကတော့ တည်ဆောက်ဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေ ပြတ်လတ်နေတာပါပဲ။ ရီနေးတားနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေဆဲ စီမံကိန်းတွေ အများကြီး ရှိနေတာကြောင့် အခုလိုမျိုး နောက်ထပ် စီမံကိန်းအကြီးကြီးတစ်ခုအတွက် သူတို့ ထပ်ပြီး အကုန်အကျ မခံနိုင်ကြသေးဘူး။

* * * * * * * *

စာစဉ်(၂၉)

အခန်း(၃၄၀)

မိုက်ကယ် သက်ပြင်းချလိုက်မိတယ်။ ရီနေးတားနိုင်ငံတော်ကြီး တိုးချဲ့တည်ဆောက်ရေးမှာ အမှန်တကယ်ပဲ အရင်းအမြစ်တွေ မလုံလောက်မှုတစ်ခုတည်းက စာရွက်ပေါ်က အစီအစဉ်တွေကို လိုက်မမီအောင် ဟန့်တားနှောင့်နှေးစေခဲ့တယ်။

“ပစ္စည်း တချို့ရအောင် အန်ဂိုရာမြို့ ပြန်လည်မွမ်းမံပြင်ဆင်ရေးကို ခဏလောက် အရှိန်လျှော့ထားလို့ ရတယ်” လို့ ခုန်းက အကြံပြုစကား ဆိုလာတယ်။

မြို့စားမင်းက သူ့အချိန်တွေအကုန်လုံးကို အန်ဂိုရာမြို့မှာပဲ ကုန်ဆုံးနေတာကြောင့် အန်ဂိုရာမြို့ဟာ အခုဆိုရင် လက်တွေ့မှာ ရီနေးတားနိုင်ငံတော်ရဲ့ လက်အောက်ကို ရောက်နေသလို ဖြစ်နေခဲ့ပြီ။ ဒါကြောင့်ပဲ မိုက်ကယ်က သူတို့ရဲ့ လူနေမှုဘဝ အရည်အသွေးတွေကို ရီနေးတား စံနှုန်းတွေအတိုင်း ဖြစ်သွားအောင် အစွမ်းကုန် မြှင့်တင်ပေးဖို့ ဆုံးဖြတ်ခဲ့တာ။ တစ်ခုတည်းသော ပြဿနာကတော့ အန်ဂိုရာမြို့ဟာ ဖွံ့ဖြိုးတိုးတက်မှု အစောပိုင်းအဆင့်မှာပဲ ရှိသေးပေမဲ့ အခုကတည်းက အရင်းအမြစ် အမြောက်အမြားကို ဝါးမျိုနေခဲ့ပြီ ဖြစ်တာပဲ။

ဥပမာအားဖြင့် ရေပိုက်လိုင်းနဲ့ ရေဆိုးထုတ်စနစ် စီမံကိန်းဆိုရင် တည်ဆောက်ရေးအတွက် လအနည်းငယ်လောက် အချိန်ပေးခဲ့ပြီးပြီ ဖြစ်ပေမဲ့ ကိုးရာခိုင်နှုန်းပဲ ပြီးစီးသေးတယ်။ ပစ္စည်းတွေကို ဘယ်လောက်ပဲ ထည့်ထည့် ကုန်ဆုံးသွားစေတဲ့ အောက်ခြေမရှိတဲ့ တွင်းနက်ကြီးတစ်ခုလို ဖြစ်နေခဲ့တယ်။

“ဟင့်အင်း၊ မလုပ်နဲ့။ တည်ဆောက်ရေးကို လက်ရှိအတိုင်းပဲ ဆက်သွားပါ” လို့ မိုက်ကယ်က ပြန်ပြောလိုက်တယ်။ “ကွင်းစ်နယ်မြေထဲမှာ ရွှေလမ်းမကြီးကို ထပ်ပြီး မချဲ့ခင် အန်ဂိုရာမြို့မှာ ငါတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို အရင်ဆုံး အခိုင်အမာ တည်ဆောက်ထားရမယ်။

လောလောဆယ်တော့ မင်းကို ရိုလာကိုစတာစီမံကိန်းအတွက် စပြီး ပြင်ဆင်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စေချင်တယ်။ အရင်းအမြစ် ပြဿနာကိုတော့ ငါပဲ အဆင်ပြေအောင် ဖြေရှင်းလိုက်မယ်” လို့ သူက ခုန်းကို ပြောလိုက်တယ်။

“အမိန့်အတိုင်းပါ သခင်။ ကျွန်တော် ဘယ်သူတွေကို ခေါ်သွားရမလဲ”

ရီနေးတား အင်ဂျင်နီယာဌာနမှာ အဖွဲ့ဝင် ကိုးရာနီးပါး ရှိနေပြီး သူတို့ထဲက အများစုကတော့ ကိုယ်ပိုင်စီမံကိန်းတွေနဲ့ အလုပ်ရှုပ်နေကြပြီ။ အဲဒီ ကိုးရာထဲမှာ စီမံကိန်းတစ်ခုလုံးကို အစအဆုံး ကိုယ်တိုင် ဦးဆောင်နိုင်တယ်လို့ ခုန်းနဲ့ မိုက်ကယ်တို့ ယုံကြည်စိတ်ချရတဲ့ အဆင့်မြင့် အင်ဂျင်နီယာက ငါးဆယ်လောက်ပဲ ရှိတာ။

သူတို့ထဲက အယောက်သုံးဆယ်ကတော့ ရွှေလယ်ယာမှာ ရှိတဲ့ စက်ရုံအမြောက်အမြားနဲ့ ကင်းစ်နယ်မြေထဲက စီမံကိန်းတွေကို ကြီးကြပ်နေရပြီး အယောက်နှစ်ဆယ်ကတော့ ကွင်းစ်နယ်မြေထဲက မတူညီတဲ့ စီမံကိန်းခွဲတွေကို တာဝန်ယူထားရတယ်။ အန်ဂိုရာမြို့မှာ တစ်ဆယ်ယောက်၊ ဂရက်ဖ်တက်ကလတ်စတာမှာ ငါးယောက်နဲ့ ရွှေလမ်းမကြီးမှာ နောက်ထပ် ငါးယောက် ဖြစ်နေခဲ့တယ်။

“ဒီအလုပ်ကို ပြီးမြောက်ဖို့အတွက် ကျွန်တော့်ဘက်က အနည်းဆုံး အဆင့်မြင့် အင်ဂျင်နီယာ ငါးယောက်နဲ့ အခြေခံအဆင့် အင်ဂျင်နီယာ တစ်ဆယ်ယောက်လောက်တော့ လိုလိမ့်မယ် သခင်”

“စက်ရုံတွေဘက်ကလူတွေကို ခေါ်လိုက်ပါ။ သူတို့ကတော့ အဆင့်မြင့် အင်ဂျင်နီယာတွေဆီကနေ အနီးကပ် တကူးတက ကြီးကြပ်ပေးဖို့ မလိုပါဘူး”

“အမိန့်အတိုင်းပါ” လို့ ခုန်းက ပြန်ဖြေတယ်။

မိုက်ကယ်က သူ့ရဲ့ အရိပ်ရွှေ့ပြောင်းခြင်း စွမ်းရည်ကို သုံးပြီး ဂရက်ဖ်တက်ကလတ်စတာဆီကို ကိုယ်ပျောက်ရွှေ့လိုက်တယ်။ အဲဒီနေရာမှာတော့ ရီနေးတားရဲ့ မြေအောက်တွင်းအသစ်တွေဟာ မိုက်ကယ်အတွက် နေ့စဉ်နဲ့အမျှ ပစ္စည်းကိရိယာ တန်ချိန် ငါးထောင်လောက် ထောက်ပံ့ပေးနိုင်ဖို့ နေ့ရောညပါ အလုပ်လုပ်နေကြတာ။ စိတ်မကောင်းစရာကတော့ အဲဒီပမာဏက ဒီရက်ပိုင်းတွေမှာ လောက်လောက်ငင သုံးစွဲနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်။

သူ မျှော်လင့်နိုင်တာ တစ်ခုကတော့ မြေအောက်တွင်းတွေကို တာဝန်ယူထားရတဲ့ မြွေလူသားမလေး ပရီယာဆီကနေ သတင်းကောင်း တစ်ခုခု ကြားရဖို့ပဲ ဖြစ်နေခဲ့တယ်။

“ကြိုဆိုပါတယ် သခင်။ အခက်အခဲ တစ်ခုခု ရှိလို့လားဟင်”

“ခါတိုင်းလိုပါပဲ” လို့ မိုက်ကယ်က ပြန်ဖြေလိုက်တယ်။ “ငါ့ရဲ့ ဘယ်တော့မှ မဝနိုင်တဲ့ ကုမ္ပဏီကြီး ကြီးထွားလာဖို့အတွက် အစာတွေ ထပ်လိုနေလို့ပါ”

ကံကောင်းထောက်မစွာပဲ ပရီယာဟာ မြေအောက်အနက်ကြီးထဲကနေ ဒြပ်စင်တွေနဲ့ အရင်းအမြစ်တွေကို သာမန် ကောက်ပဲသီးနှံတွေလိုမျိုး ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ ထူးခြားဆန်းပြားတဲ့ မြွေလူသားတစ်ဦးအဖြစ် အဆင့်ဆင့် ပြောင်းလဲလာခဲ့တာ။

မိုက်ကယ် သိသလောက်တော့ သူမဟာ ဒီလိုမျိုး ပထမဆုံးသော မျိုးနွယ်စု ဖြစ်နေခဲ့တာကြောင့် သူမရဲ့ တန်ခိုးအသစ်ရဲ့ တိကျတဲ့ စွမ်းဆောင်ရည်တွေကိုတော့ ဘယ်သူမှ ရေရေရာရာ မသိသေးဘူး။

“ကျွန်မတို့ရဲ့ စက်တွေအားလုံးကတော့ မျှော်လင့်ထားတဲ့အတိုင်း အကောင်းဆုံး အလုပ်လုပ်နေပါတယ် သခင်။ လစဉ် သတ်မှတ်ချက်ကို တစ်ပတ်လောက် ကြိုပြီး ပြည့်မီမှာ ဖြစ်ပေမဲ့ အဲဒါက တစ်ရက်ကို တန်ချိန် ရာဂဏန်းလောက်ပဲ ပိုထွက်လာမှာပါ” လို့ ပရီယာက ရှင်းပြရင်း မိုက်ကယ်ကို မြေအောက်တွင်းထဲက ရထားလမ်းကြောင်းအတိုင်း ခေါ်သွားပေးတယ်။ အဲဒီနေရာမှာတော့ ကြိုးစားပမ်းစား အလုပ်လုပ်နေကြတဲ့ လူတွေက မြေကြီးထဲကနေ သတ္တုရိုင်းအကြမ်းတွေကို တူးဖော်ဖို့ သူတို့ရဲ့ မန္တန်တွေနဲ့ စွမ်းရည်တွေကို သုံးနေကြတယ်။

အလုပ်သမားတွေဟာ အဆီပြန်ပြီး ပေရေနေတဲ့ မျက်နှာတွေနဲ့ မိုက်ကယ်ကို အလေးပြုလိုက်ကြပြီး သတ္တုရိုင်းတွေကို တွန်းလှည်းထဲ ပစ်ထည့်လိုက်ကြတယ်။ မိုက်ကယ်ကလည်း သူတို့ကို ပြုံးပြပြီး ကြိုးစားပမ်းစား လုပ်ကိုင်ပေးမှုအတွက် ကျေးဇူးတင်စကား ဆိုလိုက်တယ်။

“မင်းရဲ့ စီမံကိန်းလေးကော ဘယ်လိုလဲ” လို့ သူက ပရီယာကို မေးလိုက်တယ်။

မြွေလူသား အင်ဂျင်နီယာမလေးက မိုက်ကယ်ကို သူမတစ်ဦးတည်းပဲ ဝင်နိုင်တဲ့ သီးသန့် မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုဆီ ခေါ်သွားပေးတယ်။

အဲဒီလမ်းကနေ ရောက်သွားတာကတော့ လယ်ကွင်းတစ်ခုနဲ့ တူအောင် စီစဉ်ထားတဲ့ လေးထောင့်စပ်စပ် မြေကွက်တွေ ရှိနေတဲ့ တော်တော်လေး ကျယ်ဝန်းတဲ့ အခန်းကြီးတစ်ခုဆီပဲ။ ဒါပေမဲ့ မြေဆီလွှာတွေအစား ပရီယာက ကျောက်မှုန့်တွေနဲ့ ကျောက်ခဲတွေကို ရောစပ်ပြီး သုံးထားတာ။ ပြီးတော့ မျိုးစေ့တွေအစား မြေကြီးထဲကနေ အညှောက်ထွက်လာတဲ့ သတ္တုရိုင်းအကြမ်း ပုံဆောင်ခဲလေးတွေကို သုံးထားတာ ဖြစ်နေခဲ့တယ်။

“သတ္တုရိုင်းတွေ ဘယ်လိုမြေမျိုးမှာ အောင်မြင်ဖြစ်ထွန်းမလဲဆိုတာကို ကျွန်မ အများကြီး စမ်းသပ်ခဲ့ရတာပါ။ အချက်အလက်တွေအရတော့ တူးဖော်ရရှိတဲ့ ကျောက်ခဲတွေကို ပြန်သုံးတာက သတ္တုရိုင်းတွေ ကြီးထွားဖို့အတွက် အကောင်းဆုံးပဲ ဖြစ်နေတယ်။ ပြီးတော့ ဒီအခန်းထဲမှာ ဒြပ်စင်တွေ ကြီးထွားလာဖို့အတွက် မှော်စွမ်းအင် ရှစ်မျိုးစလုံး ပြည့်ဝနေအောင် အမြဲတမ်း ဖြည့်ဆည်းပေးဖို့လည်း လိုအပ်ပါတယ်”

မိုက်ကယ်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြေကြီးပေါ်မှာ ကြီးထွားနေတဲ့ သံသတ္တုရိုင်း ကျောက်ခဲလေးကို ငေးကြည့်နေမိတယ်။

သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို သုံးပြီး ကြည့်လိုက်တဲ့အခါ သတ္တုရိုင်းလေးဟာ လေထုထဲက မှော်စွမ်းအင်တွေကို စုပ်ယူပြီး သူ့ရဲ့ ကိုယ်ထည်ကို တည်ဆောက်ရင်း တောက်ပနေတာကို မြင်လိုက်ရတယ်။

သူ ပတ်ပတ်လည်ကို ထပ်ပြီး လှည့်ကြည့်လိုက်တဲ့အခါမှာတော့ အရာတစ်ခုက သူ့မျက်လုံးထဲကို ချက်ချင်းပဲ ဆွဲဆောင်သွားခဲ့တယ်။

သတ္တုစိုက်ခင်းရဲ့ အစွန်းဆုံး နားလေးမှာ မြေကြီးထဲကနေ ထွက်နေတဲ့ သေးငယ်တဲ့ ဝါကျင်ကျင် အလင်းရောင်ဖျော့ဖျော့လေးကို သူ မြင်လိုက်ရတာ။ အဝေးကနေ ကြည့်နေတာ ဖြစ်ပေမဲ့ မိုက်ကယ်တစ်ယောက် အဲဒါဟာ အမှန်တကယ်ပဲ ရွှေ ဖြစ်နေတာကို သိလိုက်ရတယ်။

သူ အဲဒီနားကို လျှောက်သွားပြီး ဘေးနားမှာ ရှိနေတဲ့ တခြားသော စိုက်ခင်း သုံးခုကိုပါ မြင်လိုက်ရပြန်တယ်။

အဲဒါတွေကတော့ ငွေ၊ ခဲ၊ နဲ့ ကြေးနီ တို့ ဖြစ်နေခဲ့ကြတာ။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပရီယာဟာ ဒီမြေအောက်တွင်းမှာ လုံးဝ ရှာမတွေ့နိုင်တဲ့ သတ္တုတွေကိုတောင် ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့တယ်။

“ဒါတွေက ဘာတွေလဲ” လို့ သူက မေးလိုက်တယ်။

“ဩော်... ဒါက ကျွန်မ စမ်းသပ်မှု သေးသေးလေး တစ်ခု လုပ်ကြည့်ထားတာပါ သခင်” လို့ သူမက ပြန်ဖြေတယ်။ “အောင်မြင်လိမ့်မယ်လို့ မထင်ထားမိပေမဲ့ အံ့ဩစရာကောင်းလောက်အောင်ပဲ သူတို့ကိုလည်း သံသတ္တုရိုင်းတွေလိုပဲ ကောင်းကောင်း ကြီးထွားအောင် လုပ်နိုင်ခဲ့တာ”

မိုက်ကယ်က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားမိပြီး ပရီယာရဲ့ ရှာဖွေတွေ့ရှိမှုရဲ့ အလားအလာကို တွေးတောမိလိုက်တယ်။

“ဒီအသီးအနှံတွေကို ရိတ်သိမ်းနိုင်ဖို့ ဘယ်လောက်ကြာဦးမယ် ထင်လဲ”

“သံလိုမျိုး သာမန်အရင်းအမြစ်တွေအတွက်ကတော့ အနည်းဆုံး လအနည်းငယ်လောက် ကြာပါလိမ့်မယ်။ ဒါပေမဲ့ ရွှေလိုမျိုး ထူးခြားဆန်းပြားတဲ့ ပစ္စည်းတွေအတွက်ကတော့ ပိုပြီး အချိန်ယူရဦးမယ် ထင်တယ်” လို့ သူမက ခပ်ရှက်ရှက်ကလေး ပြန်ဖြေတယ်။ “တောင်းပန်ပါတယ် သခင်ကျွန်မတို့ရဲ့ အခက်အခဲကို ကူညီဖို့အတွက် ဒါက မလုံလောက်သေးဘူး ဖြစ်နေတယ်”

“ဘာတွေ ပြောနေတာလဲ။ မင်းက အများကြီး ကူညီပေးပြီးသားပါ။ ဒီအလုပ်ကိုပဲ ဆက်ပြီး ကြိုးစားပေးပါ။ ငါ့ဘက်ကနေ အပြည့်အစုံ ကူညီထောက်ပံ့ပေးမယ်”

ပရီယာ့ မျက်နှာလေးက ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီ။ “ကျေးဇူးတင်ပါတယ် သခင်”

မိုက်ကယ်က မြေအောက်တွင်းတွေထဲမှာ ချက်ချင်းဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာမတွေ့ခဲ့ပေမဲ့ ပရီယာရဲ့ စမ်းသပ်မှုလေးတွေက နိုင်ငံတော်အတွက် တခြားသော နည်းလမ်းအများကြီးနဲ့ ကူညီပေးနိုင်လိမ့်မယ်ဆိုတာ သိရလို့ ဝမ်းသာမိပါတယ်။

ရွှေကို စိုက်ပျိုးရတာက ပိုက်ဆံကို စိုက်ပျိုးနေရသလိုမျိုးပဲ။

ရီနေးတားမှာ ရှိတဲ့ ပစ္စည်းကိရိယာ ရှားပါးမှုကို သက်သာစေဖို့အတွက်ကော တခြားသော ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာဖို့အတွက်ပါ ပစ္စည်း အလုံအလောက် ကြီးထွားလာအောင် အချိန်တစ်ခုပဲ ပေးဖို့ လိုတော့တယ်။

ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာမတွေ့တာနဲ့ မိုက်ကယ်က ခဏလောက် အနားယူပြီး မက်တိုနီစ် ကြက်ကြော်အချို့ စားဖို့ ဆုံးဖြတ်လိုက်တယ်။

သူက ကားကြီးရပ်နားစခန်းဆီကို ကိုယ်ဖျောက်ရွှေ့လိုက်တဲ့အခါ စားသုံးသူတွေနဲ့ ပြည့်နှက်နေတဲ့ စားသောက်ဆိုင်ရဲ့ ရှေ့တည့်တည့်မှာ ရောက်နေခဲ့ပြီ။

သူ မရှိတဲ့အချိန်အတွင်းမှာ ဆိုင်ရဲ့ စားသုံးသူ အရေအတွက်က ပိုပြီးတော့တောင် များပြားလာခဲ့တဲ့ပုံပဲ။ ပုံမှန်ဆိုရင်တော့ နေ့လယ်ခေါင်အချိန်တွေမှာ ကားကြီးရပ်နားစခန်းဆီကို ဆီဖြည့်ချင်တဲ့သူတွေကလွဲလို့ လူသိပ်မလာတတ်ကြဘူး။ အများစုက နေပူရှိန်ရှိနေတုန်း ခရီးသွားချင်ကြတာကိုး။

ဒါပေမဲ့ အခုတော့ မက်တိုနီစ်မှာ ကြက်ကြော်စားဖို့အတွက် အဖိုးတန်တဲ့ နေ့လယ်ခေါင် အချိန်တွေကို အသုံးချဖို့ ဆုံးဖြတ်ထားကြတဲ့သူတွေက အသေအချာကို ပိုများလာခဲ့ပြီ။

အတွင်းထဲကို လျှောက်ဝင်သွားလိုက်တဲ့အခါ နဂါးနှုတ်ခမ်းမွှေးရဲ့ စပ်ဖျဉ်းဖျဉ်းနဲ့ ထူးခြားဆန်းပြားတဲ့ ရနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာပြီး နာမည်ကြီး ကြက်ကြော်စပ်စပ်ကို ပိုပြီး တမ်းတသွားစေတယ်။

သို့ပေမဲ့ ဆိုင်ထဲမှာ လူတွေ ဘယ်လောက်တောင် ကြပ်ညှပ်နေလဲဆိုတာ မြင်လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ စားချင်စိတ်က လျော့ပါးသွားခဲ့ရတယ်။

လူအများစုက သူတို့အလှည့် ရောက်ဖို့ စောင့်ဆိုင်းရင်း ထိုင်နေကြတဲ့ ဝိုင်းတွေရဲ့ ပတ်ပတ်လည်မှာ မတ်တတ်ရပ်နေကြတာ။

ဝိုင်းတွေမှာ ထိုင်ပြီး ကြက်ကြော်စားနေကြတဲ့ လူတွေလည်း စိတ်မသက်မသာ ဖြစ်နေကြတာကို သူ မြင်နေရတယ်။ ဘယ်သူကကော စိတ်ချမ်းသာပါ့မလဲ။ သူတို့ရဲ့ ဘေးနားမှာ တခြားလူ တစ်ဆယ်လောက်က မတ်တတ်ရပ်ပြီး ဝိုင်းကြည့်နေကြတာဆိုတော့ အသက်ရှူကြပ်မတတ် ခံစားရမှာပေါ့။

ဒါပေမဲ့ သူတို့ကော ဘာတတ်နိုင်မှာလဲ။ ကြက်ကြော်စားနိုင်ဖို့အတွက် ဆိုရင်တော့ ကြက်ကြော်မှာယူဖို့ သူတို့အလှည့်ရောက်အောင် မိနစ်သုံးဆယ်ကနေ တစ်နာရီလောက်အထိ စောင့်ဆိုင်းရမှာပဲ ဖြစ်နေခဲ့တာကိုး။

All Chapters