အခန်း (၃၄၁-၃၄၂)
Vol. 29 Ch. 341-342
အခန်း(၃၄၁)
မိုက်ကယ်တစ်ယောက် မီးဖိုချောင်ဘက်ဆီ ရောက်သွားဖို့ ဆင်လူသားနှစ်ယောက်ကြားထဲကနေ အတင်းတိုးဝှေ့ပြီး ဖြတ်ကျော်ခဲ့ရတယ်။ အထဲကို ဝင်လိုက်တဲ့အခါမှာတော့ တိုနီ၊ ရီမီနဲ့ ကျန်တဲ့ စားဖိုမှူးတွေခမျာ ကြက်သားတွေ ပိုပြီးချက်ပြုတ်နိုင်ဖို့ မနားမနေ အလုပ်လုပ်ရင်း ချွေးဒီးဒီးကျနေကြတာကို မြင်လိုက်ရတယ်။ အေးခဲထားတဲ့ ကြက်တစ်ကောင်ရဲ့ အမွှေးတွေကို လိုက်နှုတ်နေတဲ့ ကလေးလေးကို ကြည့်ပြီး မိုက်ကယ် စိတ်မကောင်းဖြစ်မိသွားတယ်။ သူတို့တွေဟာ ဘယ်လောက်တောင် အလုပ်ရှုပ်နေကြလဲဆိုရင် မိုက်ကယ်ကို နှုတ်ဆက်ဖို့တောင် အချိန်မရှိကြဘူး။
"ဆောရီးပဲ မိုက်ကယ်ရေ၊ ငါတို့ သတ်မှတ်ထားတဲ့ အချိန်ထက် အတော်လေး နောက်ကျနေလို့ပါ" လို့ တိုနီက ပြန်ပြောတယ်။ "တချို့ ဖောက်သည်တွေဆိုရင် ဖယောင်းတိုင်တစ်တိုင်စာ ကုန်တဲ့အထိ ဆောရီး၊ တစ်နာရီအပြည့်တောင် စောင့်နေကြရပြီ"
ဆိုင်ထဲမှာ စက်မှုနာရီတစ်လုံး တပ်ဆင်ထားပြီးသားမို့ အချိန်ကို ပိုပြီးတိတိကျကျ သိနိုင်ပေမဲ့ ဒါကပဲ အချိန်ရဲ့ ဖိအားပေးမှုကို ပိုပြီးဆိုးဝါးလာစေသလို ဖြစ်နေတယ်။
"ဆိုင်ထဲမှာ ဘာလို့ လူတွေ ဒီလောက်အများကြီး စောင့်နေကြတာလဲ၊ သူတို့အတွက် ကြက်သား အလုံအလောက် ပြင်မထားဘူးလား"
"ပြင်ထားပါတယ် သခင်" လို့ ရီနေးတားစားဖိုမှူးတစ်ယောက်က ပြန်ဖြေတယ်။ "ဒါပေမဲ့ သူတို့ ထိုင်စရာ နေရာမရှိလို့ပါ၊ အများစုဆို ကြမ်းပြင်ပေါ်မှာပဲ ထိုင်စားနေကြရတယ်"
လူတွေဟာ သူတို့မှာယူထားတာတွေကို မိနစ်သုံးဆယ် ဒါမှမဟုတ် အဲဒီထက်မက စောင့်ပြီး ရရှိသွားတဲ့အခါမှာတောင် ထိုင်ဖို့ စားပွဲရှာရဦးမှာမို့ နောက်ထပ် ပိုပြီးစောင့်ကြရပြန်တယ်။ ဒါက ဆိုင်ထဲမှာ လူတွေပိတ်ညှပ်နေတာကို ပိုလို့တောင် ဆိုးဝါးသွားစေတယ်။
တချို့ဆိုရင် ကြမ်းပြင်ပေါ်မှာ ထိုင်စားတာ ဒါမှမဟုတ် မတ်တတ်ရပ်ပြီး စားတာမျိုးအထိ လုပ်လာကြရလို့ ဒါက သိပ်ပြီးတော့ စိတ်ချမ်းမြေ့စရာကောင်းတဲ့ အတွေ့အကြုံမျိုး မဟုတ်ခဲ့ဘူး။
မိုက်ကယ်အနေနဲ့ ဒီပြဿနာကို ကြိုတင်မတွေးမိခဲ့ဘူး။ သူဟာ ဒီစားသောက်ဆိုင်တွေကို သူ့ရဲ့ အရင်ဘဝက အသင့်စားအစားအစာ ဆိုင်တွေလိုမျိုးပဲ ပုံစံထုတ်ခဲ့တာဖြစ်ပြီး ဆိုင်ထဲမှာ လူတစ်ရာ ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ လူဦးရေပဲ ဆံ့အောင် လုပ်ထားတာလေ။
အခြေအနေတွေ အလွန်အကျွံ မဆိုးဝါးခင်မှာ ဒီပြဿနာကို သူဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ ရွှေလမ်းမကြီးရဲ့ ပြဿနာ၊ လူယုတ်မာဓါးပြအဖွဲ့ရဲ့ ပြဿနာနဲ့ နတ်သူငယ်တွေရဲ့ ပြဿနာတွေကပါ သူ့အချိန်တွေကို အကြာကြီး ယူပစ်လိုက်တာမို့ ဒီဆိုင်ကို စစ်မှန်တဲ့ အသင့်စားအစားအစာ ဆိုင်တစ်ဆိုင် ဖြစ်လာအောင် သူ လုံးဝ မကူညီနိုင်ခဲ့ဘူး။
ဒါပေမဲ့ လောလောဆယ်မှာတော့ မိုက်ကယ်ဟာ တိုနီနဲ့ စားဖိုမှူးတွေကို ကူညီဖို့အတွက် သူ့ရဲ့ မှော်ပညာကို အသုံးချဖို့ ဆုံးဖြတ်လိုက်တယ်။
ချက်ချင်းပဲ ကြက်အကောင်သုံးဆယ်ကျော်ဟာ နေရာကနေ မြောက်တက်သွားပြီး လေထဲမှာ ဝဲပျံနေတော့တယ်။ သန့်စင်တဲ့ မှော်စွမ်းအင်တွေနဲ့ ဖန်တီးထားတဲ့ မမြင်နိုင်တဲ့ လက်ပေါင်းထောင်ချီက ကြက်အရေခွံပေါ်က အမွှေးအမျှင်အားလုံးကို နှုတ်ပစ်လိုက်ပြီး တိုနီရဲ့ အထူးအရသာမှုန့်တွေနဲ့ သုတ်လိမ်းပေးလိုက်တယ်
ပြီးတော့ ရိုးရှင်းတဲ့ မီးဒြပ်စင်မှော်တစ်ခုနဲ့တင် မိုက်ကယ်ဟာ သတ္တုတွေကိုတောင် ခဏချင်း အရည်ပျော်စေနိုင်တဲ့ အလွန်ပြင်းထန်တဲ့ အပူချိန်နဲ့ ကြက်သားတွေကို ဖုတ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အကောင်းဆုံးအနေအထားဖြစ်အောင် ချက်ပြုတ်ပေးလိုက်တယ်။
တိုနီ၊ ရီမီနဲ့ တခြားစားဖိုမှူးတွေဟာ မိုက်ကယ်ရဲ့ တိကျလှတဲ့ မှော်စွမ်းအားပြသမှုကို ကြည့်ပြီး အံ့ဩမှင်တက်သွားကြတယ်။ မီးမှော်စွမ်းအင်ကို မဆိုစလောက်လေး မှားယွင်းထည့်သွင်းမိတာ ဒါမှမဟုတ် မီလီစက္ကန့် အနည်းငယ်လောက် နောက်ကျပြီး နစ်မြုပ်မိတာမျိုး ဖြစ်သွားရင်တောင် ကြက်သားတွေက မီးကျွမ်းပြီး ကာဗွန်တုံးတွေ ဖြစ်သွားနိုင်တာလေ။
ဒါပေမဲ့လည်း မိုက်ကယ်ကတော့ ကြက်အရေခွံလေး တစ်ပြားသားမှ မကျွမ်းစေဘဲ ကြက်သားတွေကို အပြစ်ပြောစရာမရှိအောင် ချက်ပြုတ်ပေးနိုင်ခဲ့တယ်။
"ဖြောင်း... ဖြောင်း... ဖြောင်း... နောက်ဆုံးတော့ ငါတို့ကြက်သားတွေ ရပြီဟေ့"
ကောင်တာအပြင်ဘက်မှာ စောင့်နေတဲ့ ဖောက်သည်တွေတောင် အပြည့်အဝကျက်သွားတဲ့ မက်တိုနီစ် ကြက်ကြော်တွေ ကောင်တာပေါ်ကို ပျံတက်လာပြီး လူတိုင်း ယူရတော့မယ့် အခြေအနေကို မြင်တဲ့အခါ အားရပါးရ အော်ဟစ်အားပေးကြတော့တယ်။
အဲဒီအလုပ်တွေအားလုံး ပြီးသွားတဲ့အခါမှာတော့ သူက အပြင်ကိုထွက်ပြီး မြေပြင်ပေါ်မှာ ကျောက်မျက်နှာပြင်နဲ့ လုပ်ထားတဲ့ ယာယီစားပွဲနဲ့ ကုလားထိုင်တွေကို ဖန်တီးပေးလိုက်တယ်။
မတ်တတ်ရပ်နေရတဲ့ ဖောက်သည်အားလုံးကို သူကိုယ်တိုင် စားပွဲတွေဆီ လိုက်ပို့ပေးပြီး ဆိုင်ထဲမှာ လူပိတ်ညှပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့တယ်။
နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ လှိုင်းလုံးကြီးလို တိုးဝှေ့နေတဲ့ ဖောက်သည်တွေရဲ့ အရှိန်က နောက်ဆုံးမှာ ငြိမ်ကျသွားခဲ့ပြီ။ တိုနီနဲ့ တခြားစားဖိုမှူးတွေလည်း အသက်ရှူချောင်ရာ ရသွားကြပြီး ပင်ပန်းလွန်းလို့ မြေပြင်ပေါ် လဲကျရင်း အသက်ကို အတင်းလုရှူနေကြရတယ်၊ တကယ့်ကို ပင်ပန်းခက်ခဲတဲ့ အလုပ်လုပ်ရက် နောက်တစ်နေ့ကို သူတို့ ဖြတ်ကျော်နိုင်ခဲ့တယ်။
"ဟူး... ဟူး... မင်းသာ နေ့တိုင်း ဒီလိုမျိုး လာကူညီပေးနိုင်ရင် သိပ်ကောင်းမှာပဲ" လို့ တိုနီက တစ်ဝက်နောက်၊ တစ်ဝက်အတည်နဲ့ ပြောလိုက်တယ်။
စားသောက်ဆိုင်ထဲမှာ လူတွေ ဒီလောက်အထိ ပိတ်ညှပ်နေတဲ့ ပြဿနာက တစ်နေ့ကျရင် သူတို့ကို ဒုက္ခပြန်ပေးလာမယ့် ကိစ္စဆိုတာကို မိုက်ကယ် နားလည်တယ်။
ဒီဆိုင်ရဲ့ ရည်ရွယ်ချက်က လမ်းခရီးမှာ သွားလာနေတဲ့သူတိုင်းကို အစားအသောက် စားသောက်တဲ့အခါ စိတ်ချမ်းမြေ့စရာ အတွေ့အကြုံမျိုး ပေးချင်တာလေ။ ဒါပေမဲ့ လူတွေအပြည့်နဲ့ ပြွတ်သိပ်နေတဲ့ နေရာတစ်ခုမှာ မတ်တတ်ရပ် စောင့်နေရတာက အဲဒီရည်ရွယ်ချက်နဲ့ လုံးဝ ဥဿုံ ဆန့်ကျင်ဘက် ဖြစ်နေတယ်။
'ငါ အစတည်းက ဆိုင်ရဲ့ ပါဆယ်ထုတ်တဲ့ အပိုင်းကိုပါ တစ်ပါတည်း ထည့်သွင်း အကောင်အထည်ဖော်ခဲ့ရမှာ' လို့ မိုက်ကယ်က သူ့ဘာသာ ရေရွတ်မိတယ်။
သူ အရင်က ဒါကို လုပ်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ ဆိုင်ကို ဝင်စီးခဲ့တဲ့ ဓားပြတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး အလုပ်ပျက်ခဲ့ရတာ။ အဲဒီနောက်ပိုင်းမှာလည်း အရှေ့ဘက်တောအုပ်ထဲက သူ့ရဲ့ စီးပွားရေးအလုပ်တွေနဲ့တင် ဗျာများနေခဲ့တာမို့ တိုနီနဲ့ ဒီအကြောင်းကို ထပ်ပြီး မဆွေးနွေးဖြစ်ခဲ့ဘူး။
ဒါပေမဲ့ အခုတော့ သူ အချိန်နည်းနည်း ရပြီမို့ တိုနီနဲ့ ကျန်တဲ့ စားဖိုမှူးတွေကို ဒီအကြောင်း အသေအချာ သင်ပေးလို့ ရပြီပေါ့။
"မင်းတို့ရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါသိတယ်" လို့ သူက တိုနီကို ပြောလိုက်တယ်။
"မနက်စောစောပိုင်းကတည်းက ကြက်သားတွေကို ပိုပြီးတော့ ချက်ပြုတ်ထားလိုက်ရုံပဲ"
"ဒါပေမဲ့ ဖောက်သည်တွေက ဘယ်မှာ ထိုင်စားကြမှာလဲ"
မိုက်ကယ်က ပြုံးလိုက်ပြီး "သူတို့ ကြိုက်တဲ့နေရာမှာပေါ့၊ လမ်းပေါ်မှာ ဖြစ်ဖြစ်၊ လမ်းလျှောက်ရင်း ဖြစ်ဖြစ်၊ သူတို့ရဲ့ မြင်းလှည်းတွေပေါ်မှာ ဖြစ်ဖြစ်၊ ကြိုက်တဲ့နေရာမှာ စားလို့ရတယ်"
"ဘာ... အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်တဲ့အခါ သူ့လက်ကောက်ဝတ်မှာ လှည့်ပတ်နေတဲ့ မှော်စက်ဝိုင်းတစ်ခု ပေါ်လာပြီး အလင်းဒြပ်စင်မှော်သက်သက်နဲ့ ဖန်တီးထားတဲ့ ပျော့ပျောင်းတဲ့ စက္ကူချပ်တစ်ခုရဲ့ ပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်တယ်။
ဒီပုံရိပ်ယောင်က လေထဲမှာ ဝဲပျံနေပြီး မိုက်ကယ်ရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်။
[ပါဆယ်ဘူးအတွက် ခေါက်ရိုးပုံစံ ညွှန်ကြားချက်များကို ဒေါင်းလုဒ်ဆွဲနေသည်...]
ချက်ချင်းပဲ သူ့ခေါင်းထဲမှာ အရင်ကမ္ဘာက အသိပညာတွေ ပြည့်နှက်သွားပြီး အလင်းမှော်စက္ကူကို ကျွမ်းကျင်စွာ ခေါက်လိုက်၊ ပုံသွင်းလိုက် လုပ်ရင်း မိုက်ကယ်ရဲ့ အခြားဘဝတစ်ခုတုန်းက မှာယူဖူးသမျှ ပါဆယ်ဘူးလေးတွေနဲ့ ဆင်တူတဲ့ ဘူးအသေးလေးတစ်ဘူးကို ဖန်တီးလိုက်တယ်။
"ဒါက ဘာကြီးလဲ" လို့ တိုနီက မိုက်ကယ်ရဲ့ လက်ဖဝါးပေါ်မှာ လွင့်မျောနေတဲ့ အလင်းဘူးလေးကို ကြည့်ပြီး မေးတယ်။
"ဒါကို ပါဆယ်ဘူးလို့ ခေါ်တယ်" လို့ မိုက်ကယ်က ရှင်းပြလိုက်တယ်။ "ငါတို့ ကြက်သားတွေကို ဒီထဲမှာထည့်ပြီး ဖောက်သည်တွေကို ရောင်းပေးမှာ"
သူ့စကားကို သက်သေပြတဲ့အနေနဲ့ မိုက်ကယ်က ဘူးကို ဖွင့်ပြလိုက်တဲ့အခါ ဘူးဟာ တကယ်တော့ တစ်ဆက်တည်းဖြစ်နေတဲ့ အဖုံးဖွင့်ဘူးနှစ်ဘူး ပေါင်းထားတာကို တွေ့ရတယ်။
ဘူးရဲ့ ဘယ်ဘက်ခြမ်းမှာတော့ မက်တိုနီစ် ကြက်ကြော်ရဲ့ ပုံရိပ်ယောင် ရှိနေပြီး ညာဘက်အခြမ်းမှာတော့ အလွန်ပါးလွှာတဲ့ သစ်သားပစ္စည်းနဲ့ လုပ်ထားတဲ့ ဇွန်းနဲ့ ခက်ရင်း မီးဖိုချောင်သုံးပစ္စည်းတွေ ရှိနေတယ်။
"ဝိုး..." လို့ ရီမီက ရေရွတ်လိုက်တယ်။ ဒီပါဆယ်ဘူးရဲ့ အသုံးဝင်မယ့် အလားအလာကို သူက ပထမဆုံး သဘောပေါက်သွားတာမို့ သူ့မျက်လုံးတွေက တောက်ပလို့နေတယ်။
"ဒီပါဆယ်ဘူးက အစားအစာထည့်တဲ့ ဘူးသက်သက်တင် မဟုတ်ဘူးပဲ၊ ပန်းကန်ပြားအဖြစ်လည်း သုံးလို့ရတာပဲ။ လူတွေမှာ ဒါသာရှိရင် သူတို့ ကြိုက်တဲ့နေရာမှာ စားလို့ရပြီပေါ့။ အိမ်ပြန်ယူသွားပြီး စားမလား၊ လမ်းပေါ်မှာ စားမလား၊ လမ်းဘေးမှာပဲ ထိုင်စားမလား၊ အကုန်ရတာပဲ။ ဆိုင်ထဲမှာ စောင့်နေစရာ မလိုတော့ဘဲ သူတို့ လိုချင်တဲ့နေရာ၊ လိုချင်တဲ့အချိန်မှာ ယူသွားလို့ ရပြီ"
တိုနီက ပါဆယ်ဘူးကို ကြည့်ရင်း မျက်လုံးတွေ ပိုပြီးဝိုင်းစက်သွားတယ်။ မိုက်ကယ်ဟာ ဘာဖြစ်လို့ ဒီလောက်အထိ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့တာလဲဆိုတာ သူ စပြီးနားလည်လာပြီပေါ့။ သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေက တကယ်ကို ဆန်းသစ်လွန်းလှတယ်။
"ဒါ တကယ့်ကို အံ့ဩစရာပဲ မိုက်ကယ်" လို့ တိုနီက ချီးကျူးလိုက်တယ်။
"ခါတိုင်းလိုပဲ တကယ့်ကို အထင်ကြီးစရာကောင်းတာပဲ သခင်" လို့ ကျန်တဲ့ ရီနေးတားစားဖိုမှူးတွေကလည်း လက်ခုပ်တီးပြီး ချီးမွမ်းကြတယ်။
"နေဦး... ဦးလေးမိုက်ကယ်၊ ငါတို့ ဒီပါဆယ်ဘူးကို ဘယ်လိုလုပ်ကြမှာလဲ" လို့ ရီမီက မေးတယ်။ "ဒါကို ဘယ်လိုခေါက်ရတာလဲဟင်"
ကလေးလေးက ဒီပါဆယ်ဘူးကို အရမ်း စိတ်ဝင်စားနေပြီး သူ့ဘာသာလည်း ချက်ချင်း တစ်ဘူးလောက် လုပ်ကြည့်ချင်နေတယ်။
ဒါပေမဲ့ သူ့ရဲ့မေးခွန်းက မိုက်ကယ်ကို နောက်ထပ် ခေါင်းခဲစရာ ပြဿနာတစ်ခု ပေးလိုက်ပြန်တယ်။
"ဒီဘူးတွေကို ဘယ်လိုခေါက်ရမလဲဆိုတာ သင်ပေးဖို့ အလုပ်သမားတွေ ထပ်ငှားလိုက်မယ်၊ ပြီးရင် သူတို့ကိုပဲ ပါဆယ်အော်ဒါတွေ အကုန်လုံးကို တာဝန်ယူခိုင်းလိုက်မယ်။ မင်းတို့အားလုံးက ကြက်သားချက်ဖို့ပဲ အာရုံစိုက်ထားကြ၊ ဘာမှ စိတ်ပူစရာမလိုဘူး"
သူကသာ အဲဒီလို ပြောလိုက်တာ၊ တကယ်တမ်း အပူဆုံးက သူကိုယ်တိုင် ဖြစ်နေတယ်။
ဘာလို့လဲဆိုတော့ အဲဒီပါဆယ်ဘူးတွေကို အမြောက်အမြား ထုတ်လုပ်နိုင်ဖို့အတွက် ကုန်ထုတ်လုပ်မှုကို အမီလိုက်နိုင်မယ့် အခြားစက်ရုံတစ်ရုံနဲ့ တပ်ဆင်ရေးလိုင်းတစ်ခုကို သူ ထပ်ပြီး တည်ဆောက်ရဦးမှာလေ။
ဒါပေမဲ့ စက်ရုံအသစ်တစ်ခု ဆောက်ဖို့ကျတော့လည်း တည်ဆောက်ရေး ပစ္စည်းကိရိယာတွေ ထပ်လိုဦးမယ်။
သူ့ရဲ့ ကုန်ကြမ်းပြဿနာကို ဖြေရှင်းနိုင်တော့မယ်လို့ တွေးလိုက်မိတဲ့ အချိန်မှာပဲ နောက်ထပ် ပြဿနာအသစ်တစ်ခုက ရုတ်တရက် ခေါင်းထောင်လို့ ပေါ်လာပြန်ပါတော့တယ်။
* * * * * * * *
စာစဉ်(၂၉)
အခန်း(၃၄၂)
မိုက်ကယ်ဟာ ပါဆယ်ဘူးတွေ ထုတ်လုပ်ဖို့ စက်ရုံတစ်ရုံ လိုအပ်လာဖို့က အချိန်အတော်ကြာဦးမယ်ဆိုတဲ့ အချက်နဲ့တင် သူ့ကိုယ်သူ ဖြေသိမ့်လိုက်ပါတယ်။ အနည်းဆုံးတော့ အခုလောလောဆယ်မှာ သူကိုယ်တိုင်ဖြစ်ဖြစ် တခြားသူတွေဖြစ်ဖြစ် မှော်ပညာနဲ့ လုပ်လို့ရတဲ့ လက်လုပ်ဘူးတွေနဲ့တင် အဆင်ပြေပြေ သုံးနေလို့ ရတာပဲပေါ့။
"နိုဗာ... ပါဆယ်ဘူးတွေ ဘယ်လိုလုပ်ရမလဲဆိုတဲ့ လုပ်ငန်းစဉ်နဲ့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ငါ့ကို ပြောပြပါဦး"
[ရတယ် မိုက်ကယ်... ပါဆယ်ဘူးတွေကို ပေပါဘုတ်လို့ ခေါ်တဲ့ စာရွက်ပြားအထူစား အမျိုးအစားနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီးတော့... ကနေတစ်ဆင့် ပြုလုပ်နိုင်ပါတယ်]
သူ့ရဲ့ ယုံကြည်စိတ်ချရတဲ့ ကိုယ်ပိုင် အေအိုင် အကူလေးက မိုက်ကယ်အတွက် ပါဆယ်ဘူးတွေကို အစကနေ အဆုံးအထိ ကိုယ်တိုင် ဖန်တီးနိုင်ဖို့ လိုအပ်တဲ့ အချက်အလက် အားလုံးကို ချက်ချင်းပဲ အမြန်ပေးလိုက်ပါတယ်။
ဒီအတွက် လိုအပ်တဲ့ အဓိက ပါဝင်ပစ္စည်းက သစ်သား ဖြစ်တာကြောင့် အကောင်းဆုံး သစ်သား ဘယ်နားမှာ ရှိမလဲဆိုတာ သေချာပေါက် သိနိုင်မယ့် ဘားကပ်စ်ကို ရှာဖို့ အန်ဂိုရာမြို့ဆီ သူ ချက်ချင်းပဲ ကိုယ်ရောင်ဖျောက် ရွှေ့ပြောင်းသွားလိုက်တယ်။ အဲဒီလူက တစ်တောလုံးကို ကိုယ်ပိုင် ပိုင်ဆိုင်ခဲ့ဖူးသူ မဟုတ်လား။
"ရတယ် မိုက်ကယ်... တို့နယ်မြေထဲမှာ သစ်သားအမျိုးအစားတွေ အများကြီး ရှိပါတယ်"
ဘားကပ်စ်က စားပွဲပေါ်က မြေပုံကို ထောက်ပြရင်း ပြောလိုက်တယ်။
"မင်းက သစ်ပျော့ကို လိုချင်တာဆိုရင်တော့ ဒီတောင်ရဲ့ အပေါ်ဘက် အနားတစ်ဝိုက်မှာ ရှာလို့ရတယ်... ဒါပေမဲ့ သစ်မာကို လိုချင်တာဆိုရင်တော့ တို့ရဲ့ ဂရက်ဖ်တက်ကလတ်စတာ ဆင်ခြေဖုံး အရပ်မှာလည်း အများကြီး ရှိတယ်"
ပေပါဘုတ် ပြုလုပ်ဖို့အတွက် မိုက်ကယ်က သစ်ပျော့ကို လိုအပ်တာပါ။ ဒါကြောင့် သူက ဘားကပ်စ် ညွှန်ပြတဲ့ လမ်းကြောင်းအတိုင်း ချက်ချင်း လိုက်သွားလိုက်ပြီး ခုတ်ယူဖို့ အဆင်သင့်ဖြစ်နေတဲ့ သစ်ပင်တွေ ဝိုင်းရံနေတဲ့ အလယ်တည့်တည့်ကို ရောက်သွားခဲ့တယ်။
သူက စပရုစ်ထင်းရှူးပင်တစ်ပင်နား သွားပြီးတော့ ၎င်းရဲ့ သစ်ခေါက်ကို ကိုင်လိုက်တယ်။
"နောက်မှ သစ်ပင်တွေ ပိုစိုက်ပေးမယ်နော်... ဒါပေမဲ့ အခုလောလောဆယ်တော့ မင်းရဲ့ အကူအညီ လိုအပ်တယ်"
မိုက်ကယ်ရဲ့ လက်ဖဝါး အရှေ့ဘက်မှာ ပျံဝဲနေတဲ့ မှော်စက္ကူဝိုင်းတစ်ခု ပေါ်လာပြီး သူ့လက်တွေက လင်းထိန်သွားတယ်။
ရုတ်တရက်ဆိုသလို သစ်ပင်ကြီးက တုန်ခါ လှုပ်ရှားလာပြီး အားတစ်ခုက အဲဒီအပင်ကို မြေကြီးထဲကနေ အမြစ်ကပါ ဆွဲနှုတ်လိုက်ပါတယ်။
လေထဲမှာ လက်မအနည်းငယ်လောက် ပျံဝဲနေရင်းနဲ့ အရွက်တွေအားလုံးနဲ့ အမြစ်တဝိုက်က မြေကြီးတွေအကုန်လုံး လွင့်စင်ကျသွားပြီး သစ်သား သီးသန့်ပဲ ကျန်တော့တယ်။
အဲဒီနောက်မှာတော့ မမြင်ရတဲ့ အားတစ်ခုက သစ်ခေါက်တွေကို ဖျက်ဆီးပစ်ရင်း အဲဒီ ပြောင်တလင်းဖြစ်သွားတဲ့ သစ်ပင်ကို အလွှာပါးပါးလေး ဖြစ်သွားအောင် ဖိညှပ်ပစ်လိုက်တယ်။ ပြီးတော့ အပေါ်နဲ့ အောက်ကနေ နောက်ထပ် အားတစ်ခုက အဲဒီသစ်ပင်ကို ပိုပြီးတော့ ဖိညှပ်ပစ်ပြန်ရာ သစ်ပင်ကြီးက သစ်မျှင်လေးတွေအဖြစ် စုတ်ပြတ်အက်ကွဲသွားတော့တယ်။
မြေဒြပ်စင် မှော်စွမ်းအင် သီးသန့်နဲ့ လုပ်ထားတဲ့ ဒီလို ဖိညှပ်တဲ့ အားတွေက သစ်ပင်ကြီး သစ်ပျော့ဖတ် သက်သက် ဖြစ်သွားတဲ့အထိ တရစပ် ချေမှုန်းပစ်လိုက်တယ်။
ဒါက ပေပါဘုတ် ပြုလုပ်ခြင်းရဲ့ ပထမဆုံး လုပ်ငန်းစဉ်ပဲပေါ့။ ကံကောင်းထောက်မစွာနဲ့ပဲ နိုဗာက မိနစ်အနည်းငယ်အတွင်းမှာတင် ဒီလုပ်ငန်းစဉ်ကို ရိုးရှင်းသွားအောင် သီးသန့် ဖန်တီးထားတဲ့ ကြယ်လေးပွင့်မန္တန်တစ်ခုကို ထုတ်ပေးနိုင်ခဲ့တယ်။
နောက်တစ်ဆင့်အနေနဲ့ ဒီသစ်ပျော့ဖတ်ထဲမှာ ပါတဲ့ မြေကြီးတွေနဲ့ သစ်စေးတွေလိုမျိုး မသန့်ရှင်းတဲ့ အညစ်အကြေးမှန်သမျှကို ဆေးကြော သန့်စင်လိုက်ပါတယ်။ နိုဗာက သစ်ပျော့ဖတ်ထဲမှာ ရှိတဲ့ အဲဒီ ဓာတုပစ္စည်းတွေ အားလုံးရဲ့ ထူးခြားတဲ့ မှော်စွမ်းအင် အမှတ်အသားတွေနဲ့ အချိုးအစားတွေကို ခွဲခြားသတ်မှတ်ပေးပြီး ၎င်းတို့ကို လုံးဝ ဥဿုံ ပျက်စီး ပျောက်ကွယ်သွားစေမယ့် မန္တန်တစ်ခုကို ဖန်တီးပေးလိုက်တယ်။
လေထဲက သစ်ပျော့ဖတ်လုံးကြီးက လင်းထိန်လာပြီး ပူနွေးလာကာ အညစ်အကြေး အားလုံးက မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီးတော့ သစ်ပျော့ဖတ်ကြီးကို အလွှာပါးပါးပြားပြားလေး ဖြစ်အောင် မီးပူတိုက်ဖို့ အဆင်သင့် ဖြစ်သွားစေတယ်။
၎င်းကို ပါးလွှာအောင် လုပ်ရတာက လွယ်ကူလှပြီး သစ်ပျော့ဖတ်ကနေ စာရွက်လို အလွှာပါးပါးလေးတွေ အများကြီး ဖြစ်လာစေပါတယ်။
အဲဒီနောက် တတိယအဆင့်အနေနဲ့ စာရွက်လွှာတွေထဲမှာ ရှိနေတဲ့ ရေဒြပ်စင် မှော်စွမ်းအင် အားလုံးကို အဲဒီ အရောအနှောထဲကနေ ဖယ်ခွာသွားဖို့ မိုက်ကယ်က အမိန့်ပေးလိုက်တယ်။ ရေတွေ ခမ်းခြောက်သွားတာနဲ့အမျှ သစ်ပျော့ဖတ်ထဲက သစ်မျှင်တွေက တောင့်တင်းခိုင်မာတဲ့ ဆက်နွှယ်မှုတစ်ခုကို ဖြစ်ပေါ်စေပြီး မာကျောတဲ့ စာရွက်ချပ်ကြီး တစ်ချပ် ဖြစ်လာစေတယ်။
အခုဆိုရင် အပေါ်ကနေ လိမ်းကျံဖို့ ရွှံ့စေး အနည်းငယ်ပဲ လိုတော့ပြီး မိုက်ကယ်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်တဲ့ တာရှည်ခံ ပေပါဘုတ်ပြားကို ဖန်တီးနိုင်ခဲ့ပြီပေါ့။
ဒါက သာမန် စာရွက်ထက် အများကြီး ပိုထူပြီး ကုန်ကျစရိတ်လည်း အများကြီး မရှိဘဲနဲ့ ပြင်းထန်တဲ့ ဖိအားတွေကို ခံနိုင်ရည် ရှိတယ်။ ပါဆယ်ဘူးတစ်ခုအတွက်တော့ အကောင်းဆုံး ပစ္စည်းပဲပေါ့။
သူက စာရွက်ချပ်တွေပေါ်မှာ မခေါက်ရသေးတဲ့ ပါဆယ်ဘူးရဲ့ ပုံစံကြမ်းကို ဆွဲလိုက်တာနဲ့ သူ့လက်ထဲမှာ မှော်စက္ကူဝိုင်းတစ်ခု ပေါ်လာပါတယ်။ ပြီးတော့ ရုတ်တရက်ဆိုသလိုပဲ အဲဒီ ပုံသဏ္ဌာန်က ပေပါဘုတ်ပြားကြီးထဲကနေ အလိုအလျောက် အပိုင်းပိုင်း ပြတ်ထွက်လာပြီး ခေါက်ပြီး သုံးဖို့ အဆင်သင့်ဖြစ်နေတဲ့ ပါဆယ်ဘူး အမြောက်အမြား ထွက်လာတော့တယ်။
သူဟာ မက်တိုနီစ် ဆိုင်အတွက် အနည်းဆုံး တစ်ပတ်စာ ဝန်ဆောင်မှု ပေးနိုင်မယ့် ပါဆယ်ဘူး ပုံစံဖြတ်ပိုင်းတွေကို ထပ်ကာထပ်ကာ လုပ်ရင်းနဲ့ပဲ နေ့ခင်းအချိန်တွေကို ကုန်လွန်စေခဲ့တယ်။
သူ့အလုပ်သူ သဘောကျကျေနပ်သွားတာနဲ့ မိုက်ကယ်က သူ့ရဲ့ အရိပ်ကို အသုံးပြုပြီး သူနဲ့ အတူတူ ကျန်တဲ့ ဘူးခွံဖြတ်ပိုင်းတွေကို ကားကြီးရပ်နားစခန်းဆီ ပြန်လည် သယ်ဆောင်သွားလိုက်တယ်။
အပေါ်က မျက်နှာကြက်ကနေ ပါဆယ်ဘူးပုံကြီး တသီတတန်းကြီး ပြုတ်ကျလာတဲ့အခါ တိုနီခမျာ ကြက်ကြော် ဒယ်အိုးပူကြီးကို နံရံဆီ လွှတ်ပစ်မိလုနီးပါး ဖြစ်သွားခဲ့ရတယ်။
"လန့်သွားတာပဲ"
တိုနီက ကြက်ကြော်အိုးကို စားပွဲပေါ် ပြန်တင်ရင်း တိုးတိုးလေး ညည်းတွားလိုက်တယ်။
မီးဖိုချောင် ကြမ်းပြင်ပေါ်မှာ စာရွက်ချပ်ပုံကြီး ပေါ်လာပြီးတဲ့နောက် ချက်ချင်းဆိုသလို ထွက်ပေါ်လာတဲ့ မိုက်ကယ်ဆီ သူ လှည့်ကြည့်လိုက်တယ်။
မိုက်ကယ်က ပြုံးလိုက်ပြီး ဘူးခွံတစ်ခုကို ထုတ်ယူလိုက်တယ်။ သူ့လက်ကို အသာလေး တစ်ချက် လှုပ်ရှားလိုက်တာနဲ့ စာရွက်ပြားအထူကြီးက အလိုအလျောက် ခေါက်မိသွားပြီး ကတ်ထူဘူး ပုံစံမျိုး ပွင့်သွားတဲ့ စတုဂံပုံစံ ဘူးတစ်ဘူး ဖြစ်သွားတယ်။
"ဟုတ်တယ်... ဒါက ပါဆယ်ဘူးပဲ"
မိုက်ကယ်က ရှင်းပြလိုက်တယ်။
"ဒါက မင်း ဝယ်သူတွေကို ကြက်ကြော် ထည့်ပေးမယ့် နေရာပေါ့"
မီးဖိုထဲကနေ ကျက်နေတဲ့ မက်တိုနီစ် ကြက်ကြော်တစ်တုံး ပျံဝဲထွက်လာပြီး ပါဆယ်ဘူးထဲကို ကျသွားကာ ပုံစံအပြည့်အစုံ ဖြစ်သွားတယ်။ ပါဆယ်ဘူးထဲမှာ တစ်ခါသုံး သစ်သား ခက်ရင်းနဲ့ ဓားတစ်ချပ်တောင် ပါဝင်တာကြောင့် လူတွေအနေနဲ့ ဘယ်အချိန်မဆို ဘယ်နေရာမှာမဆို သွားရင်းလာရင်း စားချင်သလို စားနိုင်ကြမှာ ဖြစ်တယ်။
"မိုက်တယ်..."
ရီမီက တိုးတိုးလေး ရေရွတ်လိုက်တယ်။ သူက စာရွက်အပြားတွေထဲက တစ်ခုကို ယူပြီး မိုက်ကယ်ရဲ့ ခေါက်တဲ့ လှုပ်ရှားမှုအတိုင်း လိုက်လုပ်ကြည့်ဖို့ ကြိုးစားရင်းနဲ့ ဟိုလှည့်ဒီလှည့် စမ်းသပ်နေတော့တယ်။
"ငါ မင်းတို့အတွက် စားပွဲထိုးလုပ်မယ့်သူတွေကို ငှားပေးမယ်... သူတို့က ပါဆယ်ဘူးတွေကို ခေါက်ပြီး ဝယ်သူတွေအတွက် အစားအစာတွေကို ပြင်ဆင်ပေးမယ့်သူတွေပေါ့... ဘယ်လိုလဲ"
မိုက်ကယ်က မေးလိုက်တယ်။
"ဒါ... ဒါက ငါ မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေသေးတယ်"
တိုနီက ဝမ်းသာအားရ အော်ဟစ်လိုက်တယ်။
နောက်တစ်နေ့ နေ့လယ်ခင်း ဆိုင်ဖွင့်ချိန်မှာတော့ ကားကြီးရပ်နားစခန်းရဲ့ ကားပါကင် နေရာက မက်တိုနီစ် ဆိုင်ထဲမှာ တန်းစီ စောင့်ဆိုင်းနေကြတဲ့ ဝန်ကြီးတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ဆိုင်ကို ခါတိုင်းလာနေကျ ဝယ်သူတစ်ယောက်က မက်တိုနီစ် ကြက်ကြော်ကို တစ်ခါမှ မမြည်းစမ်းဖူးသေးတဲ့ သူ့သူငယ်ချင်းကိုပါ ခေါ်လာခဲ့တယ်။
"ငါ့ကိုသာ ယုံစမ်းပါ... မင်း သေချာပေါက် ကြိုက်သွားမှာ"
သူတို့ နှစ်ယောက်လုံး ဆိုင်ထဲ ဝင်လာတဲ့အခါ တစ်ဆိုင်လုံးက လူတွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရတယ်။ သူတို့ ထိုင်စားဖို့ ဘယ်နေရာမှ အားမနေဘူး ဖြစ်နေတယ်။
သူငယ်ချင်းဖြစ်သူက ချက်ချင်းပဲ နောက်တွန့်သွားတယ်။
"ဒီထဲမှာ ထိုင်ခုံရဖို့ ဖယောင်းတိုင် နှစ်တိုင်စာလောက် အချိန် စောင့်ရတယ်လို့ ငါ ကြားဖူးတယ်... စိတ်မရှိပါနဲ့ကွာ... ငါ အဲဒီလောက်ကြီးအကြာကြီး မစောင့်နိုင်ဘူး"
ဆိုင်ကို ခါတိုင်းလာနေကျ ဝယ်သူကလည်း သူ့သူငယ်ချင်းရဲ့ ကန့်ကွက်မှုကို မငြင်းဆန်နိုင်ခဲ့ပါဘူး။ မက်တိုနီစ် ကြက်ကြော်က ကောင်းတယ်ဆိုပေမဲ့လည်း သူတို့ ခရီးစဉ်ကို ခဏလေးဖြစ်ဖြစ် နောက်ကျခံလိုက်ရင် ငွေကြေးအရ ဆုံးရှုံးမှု ရှိနိုင်တာကြောင့် အဲဒီလောက်အထိတော့ အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်။ ဒါက မတန်ဘူးလေ။
"ကောင်းပြီလေ... ဒါဆိုရင်တော့ တို့ အခုလောလောဆယ် လမ်းခွဲကြတယ်"
ဆိုင်ကို လာနေကျ ဝယ်သူက ပြောလိုက်တယ်။ သူ့သူငယ်ချင်းနဲ့ မတူတာကတော့ သူက မက်တိုနီစ် ကြက်ကြော်အတွက် အချိန်ပေးပြီး စောင့်ရတာ တန်တယ်လို့ တွေးထားတာပဲ။
သူ့သူငယ်ချင်းက မြင်းပေါ်တက်ပြီး အဝေးကို ထွက်ခွာသွားဖို့ ပြင်ဆင်နေတာကို သူ ကြည့်နေမိတယ်။
အဲဒီနောက် အဲဒီလူက ဆိုင်ထဲကို ပြန်ဝင်လာပြီး ဖယောင်းတိုင် နှစ်တိုင် ဒါမှမဟုတ် သုံးတိုင်စာလောက် အချိန်အထိ စောင့်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်တယ်။
"မင်္ဂလာပါ... မက်တိုနီစ်ကနေ ကြိုဆိုပါတယ်... ဘာများ မှာယူမလဲရှင်"
ကောင်တာရဲ့ တစ်ဖက်ခြမ်းက မြွေလူသားမလေးတစ်ယောက်က သူ့ကို ချက်ချင်းပဲ နှုတ်ဆက်လိုက်ပါတယ်။
သူ သူမကို မမှတ်မိဘူး။ ဒါပေမဲ့ သူမ ဝတ်ထားတဲ့ ယူနီဖောင်းနဲ့ သူမရဲ့ ရင်ဘတ်ပေါ်က တံဆိပ်ကို ကြည့်ရသလောက်တော့ သူမက မက်တိုနီစ်ရဲ့ အသစ်ငှားထားတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပုံရတယ်။
"မက်တိုနီစ် ကြက်ကြော် တစ်ပွဲပဲ ပေးပါ"
"ရပါပြီရှင်... ကျွန်မတို့ဆိုင်မှာ လူကြီဂမင်း ထိုင်ဖို့ စားပွဲတွေ အားမနေတဲ့အတွက် လူကြီးမင်းရဲ့ မှာယူမှုကို ပါဆယ်အဖြစ်ပဲ လုပ်ပေးရပါလိမ့်မယ်"
မြွေလူသားမလေးက သူ့ရဲ့ မှာယူမှုကို လက်ခံရင်း ပြောလိုက်တယ်။
အဲဒီလူက သူမ ဘာကို ပြောနေမှန်း မသိခဲ့ပါဘူး။ ဒါပေမဲ့ သူ သူမကို မမေးမြန်းနိုင်ခင်မှာတင် သူမက မီးဖိုချောင်ဘက်ကို လျှောက်သွားပြီး စက္ကန့်အနည်းငယ်အကြာမှာပဲ ပြန်ထွက်လာခဲ့တယ်။
သူမက လက်ထဲမှာ ဘူးတစ်ဘူးကို ကိုင်ပြီး မျက်နှာမှာလည်း အပြုံးတစ်ခုနဲ့ ထွက်လာတာ ဖြစ်ပါတယ်။
ကောင်တာဆီ ရောက်တာနဲ့ သူမက အဲဒီဘူးကို သူ့အရှေ့မှာ ချပေးလိုက်ပြီး ပြောလိုက်တာကတော့...
"လူကြီးမင်းမှာထားတာ ရပါပြီရှင်... အရသာရှိရှိ သုံးဆောင်ပါဦး"