အခန်း (၃၄၃-၃၄၄)
Vol. 29 Ch. 343-344
အခန်း(၃၄၃)
အဲဒီလူက ခေါင်းကို ရမ်းလိုက်တယ် "တစ်ခုခုတော့ မှားနေပြီဗျ။ ကျွန်တော် ကြက်ကြော် တစ်ပွဲပဲ မှာခဲ့တာပါ"
"ဟုတ်ပါတယ်" လို့ မြွေလူသားမလေးက ပြန်ပြောတယ် "ဒါ လူကြီးမင်းရဲ့ မှာယူမှုပါပဲ"
သူမက သေတ္တာဘူးကို သူ့ဆီ တိုးပေးလိုက်တဲ့အခါမှာပဲ ကြက်ကြော် အနံ့နဲ့အတူ ဒရာဂွန်ဘွန်းရဲ့ နှုတ်ခမ်းမွှေးရနံ့က သူ့နှာခေါင်းထဲကို စူးခနဲ တိုးဝင်လာတော့တယ်။ ဒါဟာ သူ တောက်လျှောက် တမ်းတမ်းစွဲ ဖြစ်နေခဲ့တဲ့ နာမည်ကြီး မက်တိုနီစ် ကြက်ကြော် အစစ်အမှန်ပဲ ဖြစ်နေတယ်။
ဒါပေမဲ့ ခြေထောက်တွေ ညောင်းညာတဲ့အထိ စောင့်ဆိုင်းရမယ့်အစား သူတို့ဆီက ပြန်အမ်းငွေကိုတောင် ရေတွက်လို့ မပြီးခင်မှာတင် ဆိုင်က ကြက်ကြော်ကို သူ့လက်ထဲ အရောက် ပေးစွမ်းနိုင်ခဲ့တာပဲ။ သူ တကယ်ကို မယုံနိုင်လောက်အောင် ဖြစ်သွားရတယ်။
"ဒါ… ဒါက ဘာလဲဗျ" လို့ အဲဒီလူက ဝေခွဲမရတဲ့ ပုံစံနဲ့ မေးလိုက်တယ်။
"ဒါက အပြင်ပါဆယ်စနစ်ပါ။ နာမည်အတိုင်းပဲ ကြက်ကြော်ကို ဆိုင်ပြင်ပကို ယူဆောင်သွားပြီးတော့ ကြိုက်တဲ့နေရာမှာ သုံးဆောင်နိုင်ပါတယ်ရှင်"
ကူညီတတ်တဲ့ မြွေလူသားမလေးက သေတ္တာဘူးကို ဖွင့်ပြလိုက်တဲ့အခါမှာတော့ ကြက်ကြော်ရဲ့ လတ်ဆတ်ပြီး ပြောင်လက်နေတဲ့ အရေခွံကို မြင်လိုက်ရတယ်။ ၎င်းရဲ့ ကြွပ်ရွမှုကိုတောင် သူ စိတ်ထဲကနေ ခံစားလို့ ရနေသလိုပဲ။
"ပါဆယ်ထဲမှာ ဇွန်းနဲ့ ခက်ရင်းလည်း တစ်ပါတည်း ထည့်ပေးထားလို့ အိမ်မှာဖြစ်ဖြစ်၊ မြင်းရထားပေါ်မှာဖြစ်ဖြစ် သုံးဆောင်နိုင်ပါတယ်" လို့ သူမက ကြက်ကြော်ရဲ့ ဘေးနားတင် ရှိနေတဲ့ သစ်သားအသုံးအဆောင်တွေကို ညွှန်ပြရင်း ပြောလိုက်တယ်။
အဲဒီလူက မယုံကြည်နိုင်ဘဲ ဖြစ်နေတယ် "ဒါ… ဒါ… ဒါက တကယ့်ကို အံ့ဩစရာပဲ။ သိပ်မြန်တာပဲ။ ပြီးတော့ နေရာရဖို့အတွက် အကြာကြီး စောင့်နေစရာလည်း မလိုတော့ဘူးပေါ့"
"မှန်ပါတယ်ရှင်" လို့ မြွေလူသားမလေးက ပြုံးပြီး ပြောလိုက်တယ်။
"ကျွန်တော့်ကို နောက်ထပ် တစ်ပွဲလောက် ထပ်ပေးပါဦး" လို့ အဲဒီလူက ပြောရင်း ဒင်္ဂါးပြားအစုလိုက်ကို သူမဆီ တိုးပေးလိုက်တယ်။
စက္ကန့်ပိုင်းလောက်ပဲ ကြာပြီးတဲ့နောက် ဒုတိယမြောက် ကြက်ကြော်သေတ္တာဘူးကို သူ့လက်ထဲ အရောက် အပ်နှံပေးခဲ့ပြန်ပါတယ်။
အဲဒီလူက မက်တိုနီစ်ရဲ့ ပါဆယ်သေတ္တာဘူး နှစ်ဘူးကို သယ်ဆောင်ပြီး ဝမ်းသာအားရနဲ့ ဆိုင်ပြင်ကို ပြေးထွက်သွားခဲ့တယ်။ အဲဒီမှာတင် ကားကြီးရပ်နားစခန်းကနေ ထွက်ပြီး ရွှေလမ်းမကြီးပေါ်ကို မြင်းစီးလို့ ပြန်တက်ဖို့ ပြင်နေတဲ့ သူ့သူငယ်ချင်းကို လှမ်းမြင်လိုက်ရတယ်။
"နေဦး" လို့ အဲဒီလူက လှမ်းအော်လိုက်တယ် "ငါ့လက်ထဲမှာ ဘာရှိနေလဲဆိုတာ မင်း သိရင် လုံးဝ ယုံမှာမဟုတ်ဘူး"
သူ့သူငယ်ချင်းက လမ်းလယ်ခေါင်မှာ ရပ်လိုက်ပြီး သူ ဘာဖြစ်လို့ ဒီလောက်တောင် ထူးထူးဆန်းဆန်း ဖြစ်နေရတာလဲဆိုတာကို အံ့ဩနေမိတော့တယ်။
ဒီလိုနဲ့ မကြာခင်မှာတင် မက်တိုနီစ်ရဲ့ ဝယ်ယူသူတွေဟာ အနာဂတ်ရဲ့ အစားအသောက်လောကကို အလုံးစုံ ပြောင်းလဲပစ်တော့မယ့် တော်လှန်ရေးဆန်ဆန် ပါဆယ်သေတ္တာဘူးတွေအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက် သိရှိသွားကြပါတော့တယ်။
* * * * * * * *
ကင်းစ်ဘရစ်ချ်မြို့ဆီ ပြန်လှည့်ကြည့်ရမယ်ဆိုရင်တော့ မိုက်ကယ်က ရီနေးတားကုမ္ပဏီအတွက် ပထမဆုံး တည်ဆောက်ပေးခဲ့တဲ့ အဆောက်အအုံထဲမှာ ကက်စတယ်လာတစ်ယောက် ရှိနေခဲ့တယ်။ သူမဟာ ရီနေးတားကုမ္ပဏီနဲ့ ပတ်သက်တဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ စာရွက်စာတမ်းတွေကြားထဲမှာ နစ်မြုပ်နေခဲ့တယ်။
ယာယီစီအီးအိုတစ်ယောက်အနေနဲ့ ကုမ္ပဏီကို ပုံမှန်အတိုင်း လည်ပတ်နိုင်စေဖို့အတွက် သူမမှာ တာဝန်ဝတ္တရားတွေ အများကြီး ရှိနေတယ်။ ဥပမာအားဖြင့် ကင်းစ်နယ်မြေအတွင်း ဖြစ်ပျက်နေတဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး လုပ်ငန်းအားလုံးကို သူမကပဲ တာဝန်ယူ ကိုင်တွယ်နေရတာ ဖြစ်ပြီးတော့ အမှားတစ်ခုတည်းကတင် ရီနေးတားကုမ္ပဏီကို ရွှေဒင်္ဂါးပြား သန်းနဲ့ချီ ဆုံးရှုံးသွားစေနိုင်တာမို့ စိတ်ဖိစီးမှု တော်တော်လေး များလှပါတယ်။
ဒါပေမဲ့ မိုက်ကယ်က သူမအပေါ် အပ်နှင်းထားတဲ့ ပါရမီနဲ့ စွမ်းရည်တွေကြောင့်သာ တောင့်ခံထားနိုင်ပြီး နိုင်ငံတော်ကို အရင်ကထက် ပိုမို တိုးတက်စည်ပင်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်တယ်။
ဒီအချက်ကြောင့်ပဲ သူမဟာ ကင်းစ်နယ်မြေထဲက လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ မကြာသေးခင်က နှစ်တွေအတွင်း အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးအဖြစ် ချီးမွမ်းထောပနာပြုခြင်း ခံနေရတယ်။
သို့ပေမဲ့ အဲဒီလို ချီးကျူးသံတွေနဲ့ ဂုဏ်ပြုမှုတွေအားလုံးက ပါရမီရှင် ကက်စတယ်လာအတွက်တော့ ဘာပျော်ရွှင်မှုကိုမှ ပေးစွမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။
အကြောင်းကတော့ သူမရဲ့ ခေါင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အရည်အချင်း မပြည့်ဝဘူးလို့ ထင်မှတ်နေတဲ့ စိတ်အာရုံက အမြဲတမ်း ကြီးစိုးနေလို့ပါပဲ။ မိုက်ကယ်နဲ့ ရီနေးတားကုမ္ပဏီအတွက် သူမအနေနဲ့ လုံလောက်အောင် ကောင်းကောင်းမွန်မွန် လုပ်မပေးနိုင်ခဲ့ဘူးလို့ ခံစားနေရတယ်။
သူမဟာ နိုင်ငံတော်ကို တိုးတက်အောင် လမ်းပြပေးမယ့် လက်တစ်ဖက် ဖြစ်ရမယ့်အစား တကယ်တမ်းကျတော့ အဟန့်အတား ဖြစ်စေတဲ့လူ ဖြစ်နေခဲ့တယ်။
ဒါကတော့ သူတို့ ရင်ဆိုင်နေရတဲ့ အရင်းအမြစ် ရှားပါးမှုပြဿနာအတွက် ဖြေရှင်းနည်းကို သူမ ရှာမတွေ့နိုင်ခဲ့လို့ပါပဲ။ သူမ စဉ်းစားခဲ့တဲ့ အကြံဉာဏ်တွေနဲ့ တင်ပြချက်တွေ အားလုံးဟာ ကုမ္ပဏီအတွက် ပိုမိုများပြားတဲ့ အရင်းအမြစ်တွေကို မရယူပေးနိုင်ခဲ့တာမို့ ပျက်စီးဆုံးရှုံးမှုတွေချည်းပဲ ဖြစ်ခဲ့ရတယ်။
အကယ်၍ သူမသာ အလုပ်ကို သေချာ တာဝန်ကျေကျေ လုပ်နိုင်ခဲ့ရင် မိုက်ကယ်က အခုလိုမျိုး စိတ်ပူနေရမှာ မဟုတ်ဘဲ နိုင်ငံတော်ကို အရင်ကထက် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ချဲ့ထွင်နိုင်မှာပဲ ဖြစ်တယ်။
ဒါပေမဲ့ အမှန်တကယ်တော့ ဘယ်သူကမှ ဒီလို အရင်းအမြစ် ရှားပါးရတာဟာ သူမကြောင့်လို့ မတွေးခဲ့ကြပါဘူး။ ရီနေးတားကုမ္ပဏီက လုပ်ဆောင်နေတဲ့ စီမံကိန်းတွေ ဒီလောက်တောင် များပြားလှတာမို့ ပစ္စည်းကိရိယာတွေ ပြတ်လပ်တာက ပုံမှန်ပဲ ဖြစ်နေလို့ပါ။
သို့သော်လည်း ကက်စတယ်လာရဲ့ ပြည့်စုံမှုမရှိတာကလည်း အပြစ်လိုတဲ့ စိတ်နေစိတ်ထားကြောင့် ဒီလိုအခြေအနေမျိုးနဲ့တင် စိတ်ကျေနပ်အောင် မထားနိုင်ခဲ့ဘူးပေါ့။
ဒီအတွက်ကြောင့်ပဲ မိုက်ကယ်က သူမကို ကွင်းစ်နယ်မြေဆီ လာပူးပေါင်းဖို့ တောင်းဆိုနေတဲ့အချိန်မှာတောင် သူမဟာ ကိုယ့်ကိုယ်ကိုယ် ရုံးခန်းထဲမှာပဲ ပိတ်လှောင်ပြီး အလုပ်တွေနဲ့ နစ်မြုပ်နေခဲ့တာ ဖြစ်တယ်။
ကက်စတယ်လာက လက်နှစ်ဖက်ကို မြှောက်ဆန့်ပြီး သမ်းဝေလိုက်မိတယ်။ သူမ နောက်ထပ် တစ်ညလုံး အိပ်ရေးပျက်ခံဖို့ ပြင်လိုက်စဉ်မှာပဲ ရုတ်တရက် အခန်းထဲက လျှပ်စစ်မီးသီးကနေ တုန်ခါသွားတဲ့ အရိပ်တစ်ခုက သူမဆီကို ရောက်ရှိလာခဲ့တယ်။
"တွေ့ရှိချက်တစ်ခုကို လာရောက်အစီရင်ခံတာပါ မစ္စကက်စတယ်လာ"
အဲဒီအရိပ်က လိပ်ပြာဆူးအော့ခ် တစ်ကောင်ရဲ့ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားခဲ့တယ်။
သူမက စီအီးအို ဖြစ်တာကြောင့် မိုက်ကယ်က ကုမ္ပဏီမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ရီနေးတားရဲ့ အရိပ်အဖွဲ့ကတစ်ဆင့် သူမ သိအောင် အမြဲတမ်း ချိတ်ဆက်ပေးထားတာ ဖြစ်တယ်။ မက်တိုနီစ် အကြောင်းအပါအဝင် ကွင်းစ်နယ်မြေထဲက အခြားသတင်းတွေအားလုံးကိုလည်း သူမဆီ အသိပေးထားတယ်။
ဒါတင်မကဘဲ ကုမ္ပဏီအတွင်း သူမရဲ့ အဆင့်အတန်းကြောင့် အဆင့်မြင့်အရိပ်တစ်ခုကို သူမရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက်အဖြစ် စေခိုင်းပိုင်ခွင့်လည်း ရှိနေခဲ့တယ်။
ဒီလိပ်ပြာဆူးအော့ခ်ဟာ အဲဒီလို ဂျိုနင် ဒါမှမဟုတ် အဆင့်မြင့်အရိပ်တွေထဲက တစ်ကောင် ဖြစ်တယ်။ ပြီးတော့ ရီနေးတားကုမ္ပဏီအနေနဲ့ ကြုံတွေ့ရနိုင်မယ့် ဘယ်လို စီးပွားရေးအခွင့်အလမ်းမျိုးကိုမဆို သူမဆီ အသိပေးဖို့ သူမက ညွှန်ကြားထားခဲ့တာ ဖြစ်တယ်။
"ဘာကိစ္စလဲ" လို့ ကက်စတယ်လာက စာရွက်စာတမ်းတွေဆီကနေ မျက်တောင်မခတ်ဘဲ မေးလိုက်တယ်။
"အန်ဂိုရာမြို့ထဲမှာ သတင်းအချို့ ထွက်ပေါ်နေပါတယ်၊ ကွင်းစ်နယ်မြေရဲ့ တောင်ဘက်အစွန်အဖျားဆီကို ဧည့်သည်အချို့ လာရောက်လည်ပတ်ကြမယ်လို့ ကြားရပါတယ်။ ဒီဧည့်သည်တွေဟာ အစားအသောက်လောကထဲက ထိပ်သီးလူကြီးတွေ ဖြစ်ပုံရပြီး တစ်ယောက်ချင်းစီက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲက ဖြစ်ကြပါတယ်"
နောက်ဆုံးတော့ သူမက လိပ်ပြာဆူးအော့ခ်ကို မော့ကြည့်လိုက်တော့တယ်။ သူမရဲ့ အာရုံခံစားမှုအရ ဒီသတင်းက တကယ့်ကို အရေးကြီးတဲ့ သတင်းတစ်ခု ဖြစ်နေတယ်။
"သူတို့က ဘယ်သူတွေလဲ၊ ပြီးတော့ ဘာဖြစ်လို့ အန်ဂိုရာမြို့ဆီကို လာချင်ရတာလဲ" လို့ သူမက စိတ်ဝင်တစားနဲ့ သတိကြီးစွာ ထားပြီး မေးလိုက်တယ်။
"စုစုပေါင်း လာရောက်လည်ပတ်သူ လေးယောက် ရှိပါတယ်။ တစ်ယောက်က အဆင့် ၄၄၆ ရှိတဲ့ ကုမ္ပဏီက ကိုယ်စားလှယ် ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အဆင့် ၄၃၁ ရှိတဲ့ ကုမ္ပဏီက ဖြစ်ပါတယ်။ တစ်ယောက်က အဆင့် ၄၂၅ ရှိတဲ့ ကုမ္ပဏီက ဖြစ်ပြီး၊ နောက်ဆုံး နောက်ထပ် အရေးကြီးဆုံး တစ်ယောက်ကတော့ တစ်ကမ္ဘာလုံးမှာ အဆင့် ၂၀၀ ရှိတဲ့ ကုမ္ပဏီက လာရောက်လည်ပတ်သူ ဖြစ်ပါတယ်"
ကက်စတယ်လာက အဲဒါကို ကြားလိုက်ရတဲ့အခါ အံ့ဩသွားခဲ့တယ်။ တစ်ကမ္ဘာလုံးမှာ အဆင့် ၂၀၀ ရှိတဲ့ ကုမ္ပဏီဆိုတာ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်လောက်အောင်ကို အင်အားတောင့်တင်းလှတာပဲ ဖြစ်တယ်။
ရီနေးတားအနေနဲ့ သူတို့ရဲ့ နယ်မြေချဲ့ထွင်မှု အစောပိုင်းကာလမှာတင် ဒီလို ထိပ်သီးလူကြီးမျိုးနဲ့ ဆုံတွေ့ရလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိဘူး။
"သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘာကြောင့် အန်ဂိုရာမြို့ကို လာချင်ရတာလဲ" လို့ သူမက မေးလိုက်တယ်။ ဒီအချိန်မှာတော့ သူမဟာ စာရွက်စာတမ်းတွေကို ကြည့်နေတာ လုံးဝရပ်လိုက်ပြီး အော့ခ်ရဲ့ နောက်ထပ်ထွက်လာမယ့် စကားလုံးတွေအပေါ်မှာပဲ အာရုံစိုက်ထားတော့တယ်။
"ကျွန်တော်တို့ရဲ့ သတင်းမြစ်တွေအရ သူတို့ဟာ ကွင်းစ်နယ်မြေရဲ့ တောင်ဘက်အစွန်အဖျားမှာ စီးပွားရေးချဲ့ထွင်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခန့်မှန်းရသလောက်တော့ သူတို့ဟာ အန်ဂိုရာမြို့မှာ ဖရန်ချိုက် အမျိုးအစား ဆိုင်ခွဲတစ်ခု တည်ဆောက်ချင်တာ ဖြစ်နိုင်ပါတယ်"
ကက်စတယ်လာက အခြေအနေကို သုံးသပ်ရင်း သူမရဲ့ မျက်လုံးတွေက ဟိုဟိုဒီဒီ လှုပ်ရှားနေခဲ့တယ်။
"ငါ ထင်တာတော့ အဆင့်နိမ့်တဲ့ ကျန်တဲ့ ကုမ္ပဏီ သုံးခုက အဆင့် ၂၀၀ ရှိတဲ့ ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတွေ ဖြစ်လိမ့်မယ်"
လိပ်ပြာဆူးအော့ခ်က ခေါင်းညိတ်ပြလိုက်တယ် "မှန်ပါတယ်။ သူတို့အားလုံးက စားသောက်ဆိုင် ဖရန်ချိုက် တစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေချည်းပါပဲ"
"ဒါပေမဲ့ ဘာဖြစ်လို့ အခုမှလဲ" လို့ ကက်စတယ်လာက အသံကျယ်ကျယ်နဲ့ ရေရွတ်လိုက်တယ် "ကွင်းစ်နယ်မြေရဲ့ အတွင်းပိုင်းထဲမှာ ရွှေလမ်းမကြီးရဲ့ ပြိုင်ဆိုင်မှုတွေက ပိုပြီးတော့ ပြင်းထန်လာလို့လား"
"ကျွန်တော်တို့လည်း အဲဒီလိုပဲ ခန့်မှန်းပါတယ်" လို့ အော့ခ်က ပြန်ဖြေတယ် "ပြီးတော့ ကျွန်တော်တို့အနေနဲ့ လူယုတ်မာဓါးပြအဖွဲ့ရဲ့ အဓိကအချက်အချာဆီကို အနီးကပ် မချဉ်းကပ်နိုင်ပေမဲ့ ဘလဇဲလ်က သူတို့ ရောက်ရှိလာမယ့်အကြောင်းကို ကြိုတင်သိရှိထားတယ်ဆိုတဲ့ သတင်းစကားတွေကိုတော့ လုံလုံလောက်လောက် ရရှိထားပါတယ်။ သူမဟာ အဲဒီလူတွေကို ဖလဲယားကော့ပ်နဲ့ မဟာမိတ်ဖွဲ့နိုင်အောင် ကြိုးစားဖို့ အလားအလာ အများဆုံး ရှိနေပါတယ်"
လူယုတ်မာဓါးပြအဖွဲ့ဟာ အဖွဲ့ဝင်တွေ တဖြည်းဖြည်း ဆုံးရှုံးနေရတာကြောင့် ဘလဇဲလ်အနေနဲ့ လူယုတ်မာဓါးပြအဖွဲ့ရဲ့ ပြင်ပကနေ မဟာမိတ်တွေ ပိုမိုစုဆောင်းဖို့ ကြိုးစားလာတာက ပိုပြီးတော့ ဖြစ်နိုင်ခြေ ရှိနေတယ်။ ဒါဟာ ရီနေးတားရဲ့ ကြီးထွားလာတဲ့ တန်ခိုးအာဏာကို သူမအနေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်နေတော့တယ်။
* * * * * * * *
စာစဉ်(၂၉)
အခန်း(၃၄၄)
အိမ်အသေးစားလေးတစ်လုံးနီးပါးလောက်ကို ကြီးမားခမ်းနားတဲ့ ထူးထူးဆန်းဆန်း ကုန်လှည်းယာဉ်တန်းကြီးတစ်ခုဟာ တောအုပ်ထဲက ပြုပြင်ထိန်းသိမ်းထားခြင်းမရှိတဲ့ မြေသားလမ်းအတိုင်း မောင်းနှင်လာပြီး ကွင်းစ်နယ်မြေရဲ့ တောင်ဘက်ပိုင်းဆီကို ဆက်လက်ဦးတည်လို့ လာနေပါတယ်။
အဲဒီရထားလုံးကို မြင်းလိုမျိုး ခွာတွေပါတဲ့ လက်မောင်းနဲ့ ခြေထောက်တွေရှိတဲ့ အလွန်တရာ ဧရာမကြီးမားတဲ့ မျောက်လိုလို သတ္တဝါကြီးတစ်ကောင်က ဆွဲရွေ့လာတာပါ။ ဒီလို မြင်းနဲ့ မျောက်စပ်ထားတဲ့ သတ္တဝါက တောအုပ်ထဲမှာ လမ်းရယ်လို့ သေသေချာချာမရှိတဲ့ တောင်ကုန်းတွေပေါ်ကို ကျော်ဖြတ်ပြီးတော့လည်းကောင်း၊ သစ်ပင်တွေကြားထဲကနေလည်းကောင်း၊ ချောက်ကမ်းပါးတွေထဲကနေလည်းကောင်း ဘာအခက်အခဲမှမရှိဘဲနဲ့ ကုန်လှည်းယာဉ်တန်းကြီးကို ကျွမ်းကျင်လိမ္မာစွာ ဆွဲခေါ်သွားနိုင်ပါတယ်။ ဒါကလည်း ဒီသတ္တဝါကို လမ်းမရှိတဲ့ နေရာမျိုးတွေမှာ ခရီးသွားဖို့အတွက် သီးသန့်မွေးမြူထားလို့ပဲ ဖြစ်မှာပါ။
ရထားလုံးထဲမှာတော့ လူလေးယောက် ပါလာပြီး သူတို့ဝတ်ဆင်ထားတဲ့ အဖိုးတန်ပိုးထည်ဝတ်စုံတွေနဲ့ ဝတ်ရုံတွေကို ကြည့်ရုံနဲ့တင် သူတို့လူ့အဖွဲ့အစည်းမှာ ဘယ်လောက်အဆင့်အတန်းမြင့်လဲဆိုတာ သိသာလှပါတယ်။ အနည်းဆုံးတော့ သူတို့ဟာ တော်တော်လေး ချမ်းသာကြွယ်ဝတဲ့သူတွေပေါ့။
သူတို့တွေက တခြားသူတွေမဟုတ်ဘဲ တောင်ဘက်ပိုင်းမှာ သူတို့ကုမ္ပဏီရဲ့ စားသောက်ဆိုင်တွေကို တိုးချဲ့ဖို့အတွက် ရောက်လာကြတဲ့ ကိုယ်စားလှယ် စားဖိုမှူးကြီး လေးယောက်ပဲ ဖြစ်ပါတယ်။
သူတို့ထဲက သုံးယောက်က ဘေးဘက်က ထိုင်ခုံတွေမှာ ထိုင်နေကြပြီး နောက်ဆုံးတစ်ယောက်ကတော့ သက်တောင့်သက်သာနဲ့ အိပ်စက်လို့ရတဲ့အထိ ကျယ်ဝန်းတဲ့ နောက်ဆုံးဘက်အခြမ်းမှာ နေရာယူထားပါတယ်။
သူတို့တွေ ခရီးသွားနေခဲ့တာ လအတော်ကြာနေပြီဖြစ်ပြီး ကွင်းစ်နယ်မြေရဲ့ ဆောက်သ်တစ်ပ် တောအုပ်ဆီကို ရောက်အောင်သွားပြီးတော့ သူတို့ဆိုင်ခွဲတိုးချဲ့ဖို့ အကောင်းဆုံးနေရာကို ရှာဖွေနေကြတာပါ။
သူတို့ တောအုပ်ထဲကို ဖြတ်သန်းသွားနေတုန်းမှာပဲ ခါးမှာ ဓားမြှောင်တွေ ချိတ်ဆွဲထားတဲ့ လူကြမ်းတချို့က ရုတ်တရက် ပိတ်ဆို့တားဆီးလိုက်ကြပါတယ်။
စားဖိုမှူးတွေက တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒါဟာ ဓားပြတွေဆိုတာ သိလိုက်ကြတယ်။
"ငါတို့ ချုံခိုတိုက်ခိုက်ခံနေရပြီ"
"သူတို့က နာမည်ဆိုးနဲ့ကျော်ကြားတဲ့လူယုတ်မာဓါးပြအဖွဲ့ ဖြစ်ရမယ်"
"သူတို့ကို လမ်းကြေးပေးလိုက်ရမလား၊ စားဖိုမှူးကြီး ဂူစတို"
သူတို့အားလုံးဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ကိုယ် တကယ့်ကို ထူးချွန်တဲ့ စားဖိုမှူးကြီးတွေ ဖြစ်ကြပေမဲ့လည်း လူတစ်ယောက်ကိုတော့ သူတို့ရဲ့ ကိုယ်ပိုင်နာမည်တွေထက်ကို ပိုပြီးတော့ ရိုရိုသေသေ လေးစား အသိအမှတ်ပြုကြပါတယ်။
သူကတော့ အသားညိုညို၊ ဆံပင်ကို ကျစ်ဆံမြီးအကျပ်လေးတွေ ကျစ်ထားပြီး စွဲဆောင်မှုရှိတဲ့ ပြာလဲ့လဲ့မျက်ဝန်းတွေ ရှိတဲ့ စားဖိုမှူးကြီး ဂူစတိုပါပဲ။ သူက လက်တစ်ဖက်နဲ့ ခေါင်းကို ထောက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ စပျစ်သီးခက်ကို ကိုင်ကာ ပါးစပ်နား တေ့ထားရင်း ဘေးစောင်းလေး လှဲလျောင်းနေပါတယ်။
သူက ကမ္ဘာတစ်ဝှမ်းလုံးကတောင် တကူးတက လိုက်လံရှာဖွေစားသောက်ရတဲ့ အံ့ဩစရာကောင်းလှတဲ့ ဟင်းလျာတွေနဲ့ အစားအစာတွေကြောင့် ကျော်ကြားတဲ့ ပိရမစ်ဒစ် ကျူဇင်း ကုမ္ပဏီကြီးရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီလို ကျော်ကြားမှုတွေကြောင့်ပဲ သူတို့ကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲမှာ အဆင့် ၂၀၀ ချိတ်ထားတာပါ။
သူသာ အလိုရှိမယ်ဆိုရင် သူ့ရဲ့ တံဆိပ်အမှတ်အသားကို လူယုတ်မာဓါးပြအဖွဲ့ကို ပြလိုက်ရုံနဲ့တင် သူတို့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။ ဘယ်သူကမှ အသိဉာဏ်ရှိရှိနဲ့ ထိပ်တန်း ၂၀၀ ဝင် ကုမ္ပဏီကြီးတစ်ခုကို လာပြီး မရှုပ်ချင်ကြဘူးလေ။
"ငါတို့က ရန်မူဖို့လာတာ မဟုတ်ပါဘူး" လို့ ဓါးပြတွေထဲက တစ်ယောက်က ပြောလိုက်ပါတယ်။ "ငါတို့က ဘလဇဲလ် အော့စကော့ပ် ဆီက သဝဏ်လွှာကို လာပို့ပေးတာပါ"
ဒါကို ကြားလိုက်ရတဲ့အခါ ဂူစတိုနဲ့ တခြားစားဖိုမှူးတွေရဲ့ မျက်လုံးတွေက အံ့ဩတကြီး ကျယ်သွားကြပါတယ်။ ဖလဲယားကော့ပ် က လူယုတ်မာဓါးပြအဖွဲ့ကို သူတို့ရဲ့ လက်အောက်ခံအဖြစ် သွတ်သွင်းနိုင်ခဲ့ပြီဆိုတာကို အခုမှပဲ သူတို့ သိလိုက်ရလို့ပါ။
ဓါးပြတွေထဲက တစ်ယောက်က တံဆိပ်ခတ်နှိပ်ထားတဲ့ စာတစ်စောင်ကို ပြတင်းပေါက်ဆီ လာပေးပြီးတဲ့နောက်မှာတော့ သူတို့အားလုံး တောအုပ်ထဲကို တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြပြီး ဘာခြေရာလက်ရာမှတောင် မကျန်ခဲ့ပါဘူး။
စားဖိုမှူးတွေက အဲဒီစာကို ဂူစတိုဆီ ကမ်းပေးလိုက်ပြီး ဂူစတိုကလည်း ချက်ချင်းပဲ ဖတ်ကြည့်လိုက်ပါတယ်။
"ဟွန်း..." စားဖိုမှူးကြီး ဂူစတိုက စာရွက်ပေါ်မှာ မျက်စိကစားရင်း ရေရွတ်လိုက်ပါတယ်။ "ဖလဲယားကော့ပ် က ငါတို့ရဲ့ အကူအညီကို လိုချင်တဲ့အတွက် အလဲအလှယ်အနေနဲ့ လူယုတ်မာဓါးပြအဖွဲ့ရဲ့ နယ်မြေကို ပေးမယ်လို့ ကမ်းလှမ်းထားတယ်"
တခြားစားဖိုမှူးတွေကလည်း ဒါကို ကြားလိုက်ရတဲ့အခါမှာ အထူးပဲ ဝမ်းသာအားရ ဖြစ်သွားကြတယ်။
"ဒါက တကယ့်ကို ကောင်းတာပဲ။ ဒီလောက်ကျယ်ပြောတဲ့ တောအုပ်နယ်မြေကြီးရှိရင် ငါတို့ဆိုင်ခွဲတွေ တိုးချဲ့ဖို့အတွက် စားသောက်ဆိုင်တွေ အများကြီး စတင်တည်ဆောက်လို့ ရပြီ"
"ဟို အမွေဆက်ခံမယ့်သူတွေ ဒီနေရာကို မျက်စိမကျခင်မှာ ငါတို့အတွက် မြေကွက်လပ်အကြီးကြီးတစ်ခုကို အပိုင်သိမ်းထားနိုင်မှာပဲ"
"ငါတို့ သူတို့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ရမလား၊ စားဖိုမှူးကြီး ဂူစတို"
ထုံးစံအတိုင်းပဲ သူတို့အားလုံးက အသားညိုညိုနဲ့ စားဖိုမှူးကြီးဘက်ကို လှည့်ကြည့်လိုက်ကြပါတယ်။ သူတို့တွေ ဘယ်လောက်ပဲ စိတ်လှုပ်ရှားပြီး တက်ကြွနေပါစေ၊ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ သူ့အပေါ်မှာပဲ မူတည်နေတာပါ။
"ငါလည်း သေသေချာချာ မရေရာသေးဘူး" လို့ သူက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
"ဘာလို့လဲ စားဖိုမှူးကြီးရဲ့။ စားဖိုမှူးကြီးကိုယ်တိုင်က ခရီးသွားတွေအတွက် ရည်ရွယ်တဲ့ စားသောက်ဆိုင်တစ်ဆိုင် စတင်ချင်နေတာ မဟုတ်ဘူးလား။ ဒီနေရာက အဲဒါကို လုပ်ဖို့ အကောင်းဆုံးနေရာပဲလေ" လို့ စားဖိုမှူးတစ်ယောက်က ဆိုပါတယ်။
"ငါ ငါ့ရဲ့ မွေးရပ်မြေကို စွန့်ခွာလာခဲ့တဲ့ အဓိကအကြောင်းရင်းက အသစ်အဆန်းတွေကို ကြုံတွေ့ချင်လို့ပဲ။ ငါ့ရဲ့လျှာကလည်း ထူးထူးဆန်းဆန်း အရသာတွေကို တောင့်တနေပြီ။ ဒါက ငါ့ရဲ့ အချက်အပြုတ်စွမ်းရည်ကို ပိုပြီးတိုးတက်မလာအောင် ပိတ်ဆို့ထားတဲ့ တစ်ခုတည်းသော အဟန့်အတားပဲ။ ဒီတောအုပ်ထဲမှာ စားသောက်ဆိုင်အသစ်တစ်ခုကို အစကနေ ပြန်စရမှာက ငါ့ရဲ့ဓားကို ပိုပြီးထက်မြက်လာအောင် စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်စေမှာ အမှန်ပဲ။ ဒါပေမဲ့ ငါ့ရဲ့နှလုံးသားကတော့ ဒါက မလုံလောက်သေးဘူးလို့ ပြောနေတယ်" လို့ စားဖိုမှူးကြီး ဂူစတိုက ဖွင့်ဟဝန်ခံလိုက်ပါတယ်။
တခြားစားဖိုမှူးတွေကတော့ တိတ်ဆိတ်သွားကြတယ်။ သူတို့အတွက်ကတော့ ဒီတောအုပ်က စီးပွားရေးတိုးချဲ့ဖို့ အကောင်းဆုံးနေရာ ဖြစ်နေလို့ပါ။
"ဒါပေမဲ့ စားဖိုမှူးကြီး... စီးပွားရေးကို တတ်နိုင်သမျှ တိုးချဲ့ဖို့က စားဖိုမှူးကြီးရဲ့ ကုမ္ပဏီရည်မှန်းချက်ပဲလေ။ သူတို့ကတော့ ဒီကမ်းလှမ်းချက်ကို လက်ခံစေချင်ကြမှာပဲ" လို့ စားဖိုမှူးတစ်ယောက်က အကျိုးအကြောင်းပြပြီး ပြောပါတယ်။
နောက်ဆုံးမှာတော့ စားဖိုမှူးကြီး ဂူစတိုက လိုက်လျောပေးလိုက်ရပါတယ်။ "ကောင်းပြီလေ။ ငါ့ကို ပိုပြီးစိတ်ဝင်စားစေမယ့် တခြားအရာမရှိရင်တော့ ငါတို့ ဖလဲယားကော့ပ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး တောအုပ်ထဲမှာ စားသောက်ဆိုင်တွေ တည်ဆောက်ကြတယ်"
တခြားစားဖိုမှူးတွေလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပါတယ်။
"ဒါပေမဲ့ အဲဒါမလုပ်ခင်မှာ ငါတို့ ရိက္ခာတွေ ဖြည့်တင်းဖို့အတွက် အန်ဂိုရာ မြို့ကို အရင်သွားကြရအောင်။ အဲဒီနောက်မှ ဘလဇဲလ် နဲ့ လူယုတ်မာဓါးပြအဖွဲ့ကို တွေ့ပြီး ဒီကိစ္စကို ဆက်ဆွေးနွေးကြတယ်"
ကျဉ်းမြောင်းတဲ့ နေရာလေးထဲမှာ အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီးတဲ့နောက် စားဖိုမှူးတွေဟာ အဝေးကနေ လူ့အဖွဲ့အစည်းရဲ့ အရိပ်အယောင်တစ်ခုကို လှမ်းမြင်လိုက်ရပါတယ်။ အဲဒါကတော့ တစ်ချိန်က နေရာအနှံ့အပြားနဲ့ ဆက်သွယ်ထားမှုကြောင့် ကျော်ကြားခဲ့တဲ့ အန်ဂိုရာ မြို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အရင်ကလို မဟုတ်တော့ဘဲ ကွင်းစ်နယ်မြေရဲ့ တခြားအပိုင်းတွေနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး အထီးကျန်နေတဲ့ မြို့လေးတစ်မြို့သာ ဖြစ်နေခဲ့တာပါ။
ဒါပေမဲ့ သူတို့ ပြတင်းပေါက်ကနေ အပြင်ဘက်ကို မှန်ကနေတစ်ဆင့် လှမ်းကြည့်လိုက်ကြတဲ့အခါမှာတော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါတယ်။
အန်ဂိုရာ မြို့က အခုဆိုရင် လမ်းမကြီး သုံးခုနဲ့ ဆက်သွယ်ထားတာပါ။ တစ်ခုက အနောက်ဘက်၊ တစ်ခုက အရှေ့ဘက်၊ ပြီးတော့ နောက်ထပ်တစ်ခုက ကင်းစ်နယ်မြေဆီကို ဦးတည်ထားတဲ့ တောင်ဘက်လမ်းမကြီးပဲ ဖြစ်ပါတယ်။
သူတို့အားလုံးဟာ ဒါက ဘယ်လိုဖြစ်သွားတာလဲဆိုတာကို တွေးတောရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သိထားသလောက် အန်ဂိုရာ မြို့ဟာ မူလ ရွှေလမ်းမကြီး နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းလာခဲ့မှုကြောင့် တန်ခိုးအရှိန်အဝါနဲ့ သြဇာညောင်းမှုတွေ ဆုံးရှုံးနေခဲ့တာ ကြာပြီလေ။
ဒါပေမဲ့ အခုတော့ မြို့ထဲမှာ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းတွေနဲ့ စည်ကားနေတာကို သူတို့ မြင်နေရပါတယ်။ မြို့တံခါးတွေကနေ သံရထားလုံးအမျိုးအစားတွေ ရာနဲ့ချီပြီး ဝင်ထွက်သွားလာနေကြတာပါ။ သူတို့တွေဟာ ဒီလိုရထားလုံးမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ကြသလို အထူးသဖြင့် ဆွဲမယ့် သတ္တဝါတစ်ကောင်မှလည်း မရှိဘဲ သွားနေတာကို ပိုပြီးတော့ အံ့သြနေကြပါတယ်။
သူတို့သာ ဒီလမ်းအကြောင်း ကြိုတင်သိခဲ့ရင် အခက်အခဲတွေ ခံမနေဘဲ အန်ဂိုရာ မြို့ဆီကို ဒီလမ်းအတိုင်း သက်တောင့်သက်သာ လိုက်လာခဲ့ကြမှာပေါ့။ အခုတော့ အဲဒါကို ထားခဲ့ပြီး သူတို့ ဖြတ်သန်းဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရတဲ့ တောရိုင်းမြေရိုင်းတွေထဲကနေ လမ်းရှည်ကြီးအတိုင်း ခရီးနှင်လာခဲ့ကြရတာပါ။
"အန်ဂိုရာ မြို့မှာ ဘာတွေဖြစ်သွားတာလဲ"
"ကုမ္ပဏီကြီးတစ်ခုခုရဲ့ ဆိုင်ခွဲက အရင်ဦးအောင် လာလုပ်သွားတာလား"
"ဖြစ်နိုင်တယ်။ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့အရာကို လုပ်နိုင်ဖို့က အဲဒီလောက် ငွေအမြောက်အမြားရှိတဲ့ ကုမ္ပဏီမျိုးပဲ တတ်နိုင်မှာ။ စားဖိုမှူးကြီး ဂူစတိုကော ဘယ်လိုထင်လဲ"
အသားညိုညိုနဲ့ စားဖိုမှူးကြီးက စပျစ်သီးကုန်သွားတဲ့ အခက်ကို ဘေးဘက်ကို လွှင့်ပစ်လိုက်ပြီး ခြင်းတောင်းထဲက နောက်ထပ်တစ်ခက်ကို ယူလိုက်ပါတယ်။
"ဖလဲယားကော့ပ် က အန်ဂိုရာ မြို့ကို မျက်စိကျနေတာ ကြာပြီလို့ ငါ ကြားထားတယ်" စားဖိုမှူးကြီး ဂူစတိုက စပျစ်သီးတစ်လုံးကို ဆွတ်ယူရင်း ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
"ဒါပေမဲ့ ဒါက သူတို့လက်ချက် မဟုတ်ဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘတ်ချ်ရောခ့် မြို့ ဘယ်လိုပုံစံမျိုး ဖြစ်နေလဲဆိုတာ မင်းတို့အားလုံး မှတ်မိကြမှာပါ။ အန်ဂိုရာ မြို့က ဖလဲယားကော့ပ်ရဲ့ လက်အောက်မှာ ရှိနေဖို့အတွက်ဆိုရင်... တကယ်ကို ပျော်ရွှင်စရာတွေ လွန်ကဲလွန်းနေတယ်"
ကျန်တဲ့ စားဖိုမှူး သုံးယောက်လည်း နားလည်သလို ခေါင်းညိတ်လိုက်ကြပါတယ်။ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၁၀ ခုရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတွေဖြစ်တဲ့ အဲဒီအမွေဆက်ခံသူတွေအကြောင်းကို ဝေဖန်သုံးသပ်နိုင်တာက သူတစ်ယောက်တည်းပဲ ရှိတာပါ။ စားဖိုမှူးကြီး ဂူစတိုက သူတို့အသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့တဲ့ သူတို့ထဲက တစ်ဦးတည်းသောသူ ဖြစ်နေလို့ပဲ။
"စားဖိုမှူးကြီး ဂူစတို... အန်ဂိုရာ မြို့က ဒီလိုလမ်းမကြီးတွေ တိုးချဲ့ဖို့အတွက် ဘယ်လိုမျိုး ငွေကြေးတတ်နိုင်သွားတာလို့ ထင်လဲ"
"ငါလည်း မသိဘူး။ ငါတို့ အဲဒီကို ရောက်ရင် သိရတယ်" အသားညိုညိုနဲ့ စားဖိုမှူးကြီးက စပျစ်သီးကို ဝါးစားရင်း ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ပါတယ်။
မကြာခင်မှာပဲ ကုန်လှည်းယာဉ်တန်းကြီးက အန်ဂိုရာ မြို့ဆီကို တဖြည်းဖြည်းနဲ့ ပိုပြီးတော့ နီးကပ်လာခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့တွေဟာ မော်တော်ကားတွေရဲ့ ဆန်းကြယ်မှုတွေနဲ့ အသစ်စက်စက် ရွှေလမ်းမကြီး ရဲ့ အံ့ဩစရာကောင်းလှတဲ့ မြင်ကွင်းတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပါတော့တယ်။