← Chapters

အခန်း (၃၄၅-၃၄၆)

Vol. 29 Ch. 345-346

အခန်း (၃၄၅-၃၄၆)

Vol. 29 Ch. 345-346

အခန်း(၃၄၅)

ဂူစတိုရယ် သူတို့ရဲ့ ကုန်သည်ယာဉ်တန်းရယ် အန်ဂိုရာမြို့ထဲကို ဝင်လာကြတယ်။ ကွင်းစ်နယ်မြေထဲက နယ်မြေအများစုမှာဆိုရင်တော့ သူတို့စီးလာတဲ့ သားရဲက ပုံမှန်ပဲလို့ ပြောလို့ရပေမဲ့ အခု အန်ဂိုရာမြို့ထဲမှာတော့ လူရာမဝင်သလိုမျိုး ထင်းခနဲ ဖြစ်နေခဲ့တယ်။ တကယ်တော့ မြို့ထဲမှာ မြင်းဆွဲရထားတွေကို မမြင်ရသလောက်နီးပါး ဖြစ်နေပါပြီ။ လမ်းပေါ်မှာရှိတဲ့ ရထားလုံးအများစုက ကြောက်စရာကောင်းလောက်အောင် မြန်တဲ့နှုန်းနဲ့ မောင်းနှင်နေပြီး ကျားတစ်ကောင်လို ဟိန်းဟောက်သံပေးနေတဲ့ သံသေတ္တာအိမ်ကြီးတွေ ဖြစ်နေလို့ပဲ။

သူတို့တွေဟာ တခြားကမ္ဘာဂြိုဟ်တစ်ခုပေါ်ကို ခြေချလိုက်ရသလိုမျိုး ခံစားနေရတယ်။ ဒီသံဗူးမော်တော်ယာဉ်ကြီးတွေကို ကြည့်ပြီး ထူးထူးဆန်းဆန်း ဖြစ်နေတာကလည်း သူတို့တစ်အုပ်စုတည်း ရှိပုံရတယ်။ ပြီးတော့ သူတို့ကို အံ့ဩသွားစေတာက ဒီမော်တော်ကားတွေတင် မဟုတ်ပါဘူး။ တစ်မြို့လုံးမှာ အကြီးအကျယ် ပြုပြင်မွမ်းမံမှုတွေ ဆက်တိုက်လုပ်နေတာကလည်း အပါအဝင်ပေါ့။ အိမ်တိုင်းလိုလိုမှာ တစ်ခုမဟုတ်တစ်ခု တိုးတက်ကောင်းမွန်အောင် ပြင်ဆင်ဆောက်လုပ်နေကြသလို လမ်းတိုင်းကိုလည်း မီးခိုးရောင် ကျောက်ပြားချပ်တွေနဲ့ အစားထိုးခင်းကျင်းနေကြတယ်။ အန်ဂိုရာမြို့ကြီးကတော့ အကြီးအကျယ် ပြောင်းလဲနေပြီပဲ။

“ဒီမြို့တော်က ပြောင်းလဲသွားတာ မြန်လွန်းတယ်” လို့ စားဖိုမှူးတစ်ယောက်က ပြောလိုက်တယ်။ “ဒါကို နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုခုတော့ ရှိရမယ် မဟုတ်လား”

“ကျွန်တော်တော့ မထင်ဘူးဗျ။ အဲဒါသာ အမှန်ဆိုရင် လမ်းမတွေပေါ်က နံရံတွေ၊ အိမ်တွေတိုင်းမှာ သူတို့ရဲ့ အမှတ်တံဆိပ်တွေကို ကပ်ထားမှာပေါ့”

“ဒါဆိုရင်တော့ ဒါက မြို့စားမင်းကိုယ်တိုင် လုပ်တာပဲ ဖြစ်ရမယ်။ ငါ မှတ်မိသလောက်ဆိုရင် သူ့နာမည်က စတယ်မိန်း လေ”

ဒီလောက်ကြီးမားတဲ့ ဆောက်လုပ်ရေးစီမံကိန်းကြီးက မြို့စားမင်းရဲ့ ခွင့်ပြုချက်မပါဘဲနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မြို့ထဲက အခုလို ပြုပြင်မွမ်းမံမှုတွေအားလုံးကို မြို့စားမင်းကိုယ်တိုင် စတင်ခဲ့တာ ဖြစ်ဖို့ ပိုပြီးသေချာနေတယ်။ အန်ဂိုရာမြို့ ရင်ဆိုင်နေရတဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ ဒါက ပိုပြီးတော့တောင် ဆီလျော်နေပါသေးတယ်။ ဖလဲယားကော့ပ်ရဲ့ ခြိမ်းခြောက်မှုက နီးကပ်လာနေပြီဖြစ်လို့ နောင်တစ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် ဒီလိုအပြောင်းအလဲကြီးကို လုပ်ဆောင်ဖို့ တွန်းအားပေးလိုက်တာ ဖြစ်ရမယ်။

ဒါပေမဲ့လည်း မြို့စားမင်းတစ်ယောက်တည်းနဲ့ ဒီလိုအပြောင်းအလဲမျိုး လုပ်နိုင်ဖို့ ငွေကြေးအမြောက်အမြားကို ဘယ်လိုမှ မစုဆောင်းနိုင်ဘူးဆိုတဲ့ အချက်ကြောင့် ဒီခန့်မှန်းချက်က ဝေဝေဝါးဝါး ဖြစ်နေတုန်းပါပဲ။ သို့သော်လည်း လမ်းမတွေပေါ်ကို လှမ်းကြည့်လိုက်ပြီး လမ်းမထက်မှာ မောင်းနှင်နေတဲ့ မော်တော်ကားတွေကို မြင်လိုက်ရတဲ့အခါမှာတော့ အရာအားလုံးက ရှင်းလင်းသွားခဲ့တယ်။ မြို့စားမင်းက အဲဒီမော်တော်ကားတွေကနေတစ်ဆင့် ပိုက်ဆံရှာနေတာပဲ။ သူကိုယ်တိုင် မထုတ်လုပ်ရင်တောင် အဲဒီကားတွေအပေါ် အခွန်ကောက်ပြီး ရလာတဲ့ပိုက်ဆံနဲ့ အခုလို ပြုပြင်မွမ်းမံမှုတွေကို စတင်ခဲ့တာ ဖြစ်ရမယ်။

ဒါကတော့ သူတို့ မှားသွားတယ်။ သူတို့ကတော့ အဲဒီမော်တော်ကားတွေကို မြို့စားမင်း ယဉ်ပါးအောင် မွေးမြူထားတဲ့ သံကောင်တွေလို့ပဲ ထင်နေကြတုန်းပဲ။ ဒါပေမဲ့ သူတို့က ဒါကို မသိသလို သိဖို့လည်း သိပ်ပြီး စိတ်မဝင်စားကြပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က အန်ဂိုရာမြို့ကို ခေတ္တလာလည်တာပဲ ဖြစ်ပြီး ဒီမှာ အကြာကြီး နေဖို့ ရည်ရွယ်ချက် မရှိလို့ပဲ။

ဒီလိုနဲ့ လွဲမှားနေတဲ့ အယူအဆအတိုင်း သူတို့တွေက မြို့စားမင်းရဲ့ ရဲတိုက်ဆီကို သွားရောက်ပြီး ဂုဏ်ပြုစကား ပြောကြားဖို့ ရည်ရွယ်ထားကြတယ်။ ကံမကောင်းစွာနဲ့ပဲ သူတို့ ရောက်သွားတဲ့အခါမှာတော့ မြို့စားမင်းက ကင်းစ်နယ်မြေထဲက တစ်နေရာရာကို ထွက်သွားတယ်ဆိုတဲ့ သတင်းကိုပဲ ကြားလိုက်ရတယ်။

“ကင်းစ်နယ်မြေ ဟုတ်လား။ အဲဒါက ဘာမှမရှိတဲ့ သဲကန္တာရပြင်ကြီး မဟုတ်ဘူးလား” လို့ စားဖိုမှူးက မေးလိုက်တယ်။

“သူ အဲဒီကို စီးပွားရေးကိစ္စတစ်ခုခုနဲ့ သွားတာ ဖြစ်ရမယ်”

“ဒါဆိုရင်လည်း ပြီးတာပဲ။ ငါတို့ အရှေ့ဘက်ကို ပြန်လှည့်ပြီး လူယုတ်မာဓါးပြအဖွဲ့ရဲ့ စခန်းကိုပဲ သွားရှာကြမယ်”

ခရီးစဉ်အတွက် ရိက္ခာတွေ ဖြည့်တင်းပြီးတဲ့နောက် စားဖိုမှူးတွေရဲ့ ကုန်သည်ယာဉ်တန်းဟာ အန်ဂိုရာမြို့ကနေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သို့သော်လည်း သူတို့ ရောက်ရှိလာမှုက သူတို့နဲ့ ပတ်သက်ဆက်နွှယ်မှု ရယူလိုတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်း အမြောက်အမြားကို သတိထားမိသွားစေပုံရတယ်။ ဘယ်သူက မလိုချင်ဘဲ နေမလဲ။ ဂူစတိုရဲ့ စားသောက်ကုန်လုပ်ငန်းက တစ်ကမ္ဘာလုံးက ထိပ်တန်း ကုမ္ပဏီကြီး ၂၀၀ စာရင်းထဲမှာ ပါဝင်နေတာလေ။ ဘယ်လို စီးပွားရေးလုပ်ငန်းမဆို ခဏတဖြုတ် ဆက်သွယ်ခွင့်ရရင်တောင် သူတို့နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်ကြတယ်။

“စားဖိုမှူး ဂူစတို... ကျွန်တော်တို့ အန်ဂိုရာမြို့မှာရှိတဲ့ ကုမ္ပဏီအားလုံးဆီကနေ ကြိုဆိုတဲ့စာတွေ ရရှိထားပါတယ်”

“သူတို့က ကျွန်တော်တို့ကို အကောင်းဆုံး ဧည့်ခံကျွေးမွေးချင်ကြတာပါ။ အချို့က နှုတ်ဆက်ချင်ရုံ သက်သက်ဖြစ်ပြီး အချို့ကတော့ ကျွန်တော်တို့နဲ့အတူ စီးပွားရေး ဖက်စပ်လုပ်ကိုင်ဖို့ ကမ်းလှမ်းချင်ကြတာပါ”

ဒါပေမဲ့လည်း စားဖိုမှူး ဂူစတို၊ ပိုပြီး အတိအကျ ပြောရရင်တော့ သူတို့ရဲ့ လုပ်ငန်းစုကြီးဟာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲကိုတောင် မဝင်သေးတဲ့ ကုမ္ပဏီငယ်လေးတွေရဲ့ စကားတွေကို လိုက်ပြီး နားထောင်ပေးဖို့အတွက် အဆင့်အတန်းချင်းက ကွာခြားလွန်းနေခဲ့တယ်။

“အော်... ဒီမှာ တစ်စောင် ရှိသေးတယ် စားဖိုမှူး ဂူစတို” လို့ စားဖိုမှူးတစ်ယောက်က ပြောရင်း ချိပ်ပိတ်ဖယောင်းပေါ်မှာ 'R' အက္ခရာ အမှတ်တံဆိပ် ရိုက်နှိပ်ထားတဲ့ စာတစ်စောင်ကို အသားညိုညိုနဲ့ လူကြီးထံ ကမ်းပေးလိုက်တယ်။

“ရီနေးတား ကုမ္ပဏီ...” လို့ ဂူစတိုက တိုးတိုးလေး ရေရွတ်လိုက်တယ်။

သူတို့တွေ အန်ဂိုရာမြို့အနှံ့မှာ ဒီအမှတ်တံဆိပ်ကို အများကြီး မြင်တွေ့ခဲ့ရတယ်။ ရီနေးတား ကုမ္ပဏီက သူတို့ရဲ့ ပထမဆုံး ပွဲဦးထွက်မှာတင် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ အဆင့် ၄၅၀ နေရာကို ရရှိထားတယ်ဆိုတာကို သူတို့ သိရှိဖို့ သိပ်ပြီး အချိန်မပေးလိုက်ရပါဘူး။ ဒါက တကယ်ကို အထင်ကြီးစရာကောင်းတဲ့ အောင်မြင်မှုပဲ။ ပြီးတော့ ထပ်ပြီး စုံစမ်းကြည့်လိုက်တဲ့အခါမှာ ရီနေးတား ကုမ္ပဏီက လမ်းပေါ်က မော်တော်ကားတွေကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ဖြစ်နေတာကို သိလိုက်ရတယ်။ ဒါတင်မကသေးဘဲ အဲဒီလမ်းတွေကိုလည်း သူတို့ကိုယ်တိုင် ဖန်တီးခဲ့တာ ဖြစ်နေပြန်တယ်။

ဒီလို အမှန်တရားကို သိလိုက်ရတဲ့အခါမှာတော့ စားဖိုမှူးတွေအားလုံး လုံးဝ မှင်တက်သွားကြရတယ်။

“ဘုရားရေ... ဘယ်ကမှန်းမသိဘဲ ရုတ်တရက် ပေါ်လာတဲ့ ကုမ္ပဏီတစ်ခုက ဒီလိုမျိုး မဖြစ်နိုင်ဘူး။ သူတို့က စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုခုရဲ့ လျှို့ဝှက်ကုမ္ပဏီခွဲ ဖြစ်ရမယ်”

“မဟုတ်ဘူးဗျ။ အဲဒါဆိုရင် သတင်းတွေက အခုလောက်ဆို ပျံ့နေလောက်ပြီ။ သတင်းစာထဲမှာ ရေးထားတာကတော့ သူတို့က ကင်းစ်နယ်မြေမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာတင် ဒီအဆင့်အထိ ရောက်အောင် ကြိုးစားခဲ့တာတဲ့”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီရီနေးတား ကုမ္ပဏီက ဘယ်သူလဲ”

စားဖိုမှူး ဂူစတိုနဲ့အတူ ပါလာတဲ့ စားဖိုမှူး သုံးယောက်စလုံးက ရီနေးတားထက် အဆင့်ပိုမြင့်တဲ့ အဆင့် ၄၄၆၊ ၄၃၁ နဲ့ ၄၂၅ အသီးသီးရှိတဲ့ စားသောက်ကုန်လုပ်ငန်းတွေက ဖြစ်ကြတယ်။ သို့သော်လည်း သူတို့တွေတောင်မှ ရီနေးတားရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ပြီး ဖိအားတွေ ခံစားနေရတယ်လို့ ထင်နေမိတယ်။ သတင်းစာထဲက ဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာတော့ ရီနေးတားရဲ့ တကယ့်အဆင့်အတန်းက အခုရှိနေတာထက် ပိုပြီး မြင့်မားနိုင်တယ်ဆိုတာကို သူတို့ သေချာပေါက် သိလိုက်ကြရပြီ။

“သင် ဘယ်လိုထင်လဲ စားဖိုမှူး ဂူစတို။ ကျွန်တော်တို့ သူတို့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး စီးပွားရေးကိစ္စအတွက် တွေ့ဆုံသင့်လား” လို့ စားဖိုမှူးတစ်ယောက်က မေးလိုက်တယ်။

အသားညိုညိုနဲ့ လူကြီးက အလေးအနက် စဉ်းစားနေရင်း သူ့ရဲ့ ကျစ်ဆံမြီးတွေကို မသိစိတ်ကနေ သပ်ချနေမိတယ်။

“မလိုပါဘူး” လို့ သူက ပြန်ဖြေလိုက်တယ်။ “ရီနေးတားက နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုပိုင်းကိုပဲ အာရုံစိုက်နေပုံရတယ်။ ငါတို့နဲ့ တူညီတဲ့အချက် မရှိဘူး။ သူတို့နဲ့ ဆက်သွယ်ဖို့ အကြောင်းပြချက် မရှိပါဘူး။ အဲဒါက ငါတို့ရဲ့ ချက်ပြုတ်ခြင်း အတတ်ပညာ တိုးတက်ဖို့အတွက် အာရုံနောက်စေရုံပဲ ရှိလိမ့်မယ်”

* * * * * * * *

ကက်စတယ်လာတစ်ယောက် သူမရဲ့ ရုံးခန်းထဲမှာ အလုပ်လုပ်နေတုန်း တံခါးခေါက်သံကို ကြားလိုက်ရတယ်။

မကြာခင်မှာပဲ လူတစ်ယောက် အခန်းထဲကို ဝင်လာတာကြောင့် ကက်စတယ်လာက သူ့ကို ရိုရိုသေသေနဲ့ နေရာကနေ ထရပ်လိုက်တယ်။

“ဆရာကြီး ဘတ်... မင်္ဂလာနံနက်ခင်းပါရှင်” လို့ သူမက ပြောလိုက်တယ်။

အဲဒီလူကတော့ ဂုဏ်သိက္ခာနဲ့ တာဝန်ကျေပွန်မှုကြောင့် နာမည်ကျော်ကြားတဲ့ ဘတ် ဗန်ဒါဘစ် ကလွဲလို့ အခြားသူ မဟုတ်ပါဘူး။ ပြီးတော့ သူက ပါရမီရှင် မိုက်ကယ် ဗန်ဒါဘစ် ရဲ့ ဖခင်လည်း ဖြစ်တယ်။

“ကျေးဇူးပြုပြီး... ကျွန်တော့်ကို ဘတ် လို့ပဲ ခေါ်ပါလို့ ပြောထားသားပဲ။ မင်းက ကျွန်တော့်ထက် အများကြီး ပိုမြင့်တဲ့ ရာထူးနေရာမှာ ရှိနေတာဆိုတော့ အားနာစရာကြီး ဖြစ်နေလို့ပါ”

ကွင်းစ်နယ်မြေမှာရှိတဲ့ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းတွေကို စွန့်လွှတ်ခဲ့ပြီးတဲ့နောက် ဘတ်က သူ့ရဲ့ ကျန်ရှိတဲ့ နေ့ရက်တွေကို မိုက်ကယ်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကက်စတယ်လာရဲ့ လက်ထောက်တစ်ယောက်အနေနဲ့ ကူညီပေးရင်း ကက်စတယ်လာ မကျွမ်းကျင်တဲ့ ကိစ္စရပ်တွေကို လိုက်လံလုပ်ဆောင်ပေးရင်း ဖြတ်သန်းနေခဲ့တယ်။

ဥပမာအားဖြင့် ဘတ်က စားသောက်ကုန်လုပ်ငန်းစုကြီးက နာမည်ကြီး စားဖိုမှူးတစ်ယောက် အန်ဂိုရာမြို့ကို ရောက်နေတယ်ဆိုတဲ့ သတင်းကို ကောလာဟလတွေကနေတစ်ဆင့် ကြားသိခဲ့ရတယ်။ ထိုသတင်းကို ကြားလိုက်ရတဲ့အခါမှာတော့ သူ့စိတ်ထဲမှာ အတိတ်က အမှတ်တရဟောင်းတွေက တားမနိုင်ဆီးမရ ပေါ်ထွက်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီစားသောက်ကုန်လုပ်ငန်းစုကြီးက သူ့ရဲ့ ငယ်စဉ်တောင်ကျေ ရာဇဝင်တစ်ခုကြောင့် သူ့နှလုံးသားထဲမှာ အထူးသီးသန့် နေရာတစ်ခု ယူထားလို့ပဲ။

အဲဒီနေရာက သူနဲ့ လိုင်လီယာ တို့ ပထမဆုံး ဆုံတွေ့ခဲ့ကြတဲ့ နေရာဖြစ်ပြီး သူက လိုင်လီယာ့ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်။ အဲဒီတုန်းက သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အသည်းအသန် ချစ်ခဲ့ကြပြီး သူတို့ကို ဘယ်အရာကမှ ခွဲထုတ်လို့ မရနိုင်လောက်အောင်ပါပဲ။

သို့သော်လည်း မကြာသေးမီက အခြေအနေတွေက ပြောင်းလဲသွားခဲ့ပြီ။ သူတို့နှစ်ယောက်စလုံးက အရင်ကထက် အများကြီး စိမ်းကားသွားခဲ့ကြတယ်။ သူတို့တွေက စကားတွေပြောပြီး အတူတူ အချိန်ကုန်ဆုံးနေကြတုန်းပဲ ဆိုပေမဲ့လည်း တစ်ချိန်က ရှိခဲ့တဲ့ အချစ်မီးတောက်လေးကတော့ အချိန်တွေရဲ့ တိုက်စားမှုကြောင့် ငြိမ်းသတ်ခြင်း ခံလိုက်ရပြီ ထင်ပါရဲ့။

ဒါကြောင့် အန်ဂိုရာမြို့ကို စားဖိုမှူးတစ်ယောက် ရောက်လာမယ်ဆိုတဲ့ သတင်းက သူ့ကို အစိတ်လှုပ်ရှားဆုံး ဖြစ်စေခဲ့တယ်။ သူတို့နှလုံးသားထဲမှာ တစ်ချိန်က ရှိခဲ့တဲ့ အချစ်မီးတောက်ကို ပြန်လည် တောက်လောင်လာအောင် လုပ်နိုင်ကောင်းပါရဲ့။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကက်စတယ်လာက သတင်းဆိုးကို သယ်ဆောင်လာခဲ့တယ်။

“ကျွန်မတို့ရဲ့ ကမ်းလှမ်းချက်ကို သူတို့ ငြင်းပယ်လိုက်တယ်လို့ သတင်းရရှိထားပါတယ်ရှင်” လို့ သူမက ဘတ်ကို ကြည့်ပြီး စိတ်မကောင်းစွာနဲ့ ခေါင်းငုံ့ရင်း ပြောလိုက်ရရှာတယ်။

* * * * * * * *

စာစဉ်(၂၉)

အခန်း(၃၄၆)

ဘတ်ရဲ့ မျက်နှာ ညှိုးငယ်သွားတယ် ကမ္ဘာကျော် ပိရမစ်ဒစ်ကျူဇင်း ဟင်းလျာတွေနဲ့ သူ့ဇနီးသည်ကို ညစာ တည်ခင်းဧည့်ခံဖို့ စိတ်ကူးထားတာတွေဟာ လေထဲလွင့်ပါးသွားသလို ခံစားလိုက်ရတယ် သူတို့နှစ်ဦးကြားက အချစ်တွေကို ပြန်လည် ဆန်းသစ်ဖို့ အခွင့်အရေးကတော့ ဖြစ်မလာတော့ဘူး ထင်ပါရဲ့။

"ကျွန်မ တောင်းပန်ပါတယ် ကျွန်မ အရည်အချင်း မပြည့်မီလို့ပါ" ကက်စတယ်လာက ကြမ်းပြင်ပေါ် ဒူးထောက်ရင်း တောင်းပန်စကား ဆိုတယ်။

ဘတ်က သူ့ရဲ့ စိတ်ပျက်မှုကို ချက်ချင်းပဲ ဖုံးကွယ်လိုက်ပြီး "ဟာ ရပါတယ် မင်း အပြစ်မှ မဟုတ်တာ" လို့ သူက နှစ်သိမ့်လိုက်တယ်။ "ပိရမစ်ဒစ်ကျူဇင်း ဟင်းလျာတွေဆိုတာ ထိပ်တန်း အထက်တန်းလွှာတွေအတွက်ပဲ သီးသန့် သတ်မှတ်ထားတာလေ ငါက ဗန်ဒါဘစ် မျိုးနွယ်စုဝင် တစ်ဦး ဖြစ်ပေမဲ့လည်း သူတို့ရဲ့ စားသောက်ဆိုင်တွေမှာ နေရာရဖို့အထိတော့ အရှိန်အဝါ မရှိသေးဘူး။ ငါ့ရဲ့ အစ်ကိုတွေ အစ်မတွေနဲ့ အဘိုးတွေဆိုရင်တော့ ရကောင်းရလိမ့်မယ် ငါကတော့ မရနိုင်ဘူး"

သူက မိသားစုထဲမှာ အမြဲတမ်း အားအနည်းဆုံး လူ ဖြစ်ခဲ့တာပဲလေ။ အားလုံးထဲမှာ အငယ်ဆုံးလည်း ဖြစ်သလို တခြားသူတွေလို စီးပွားရေး ပါရမီလည်း မရှိခဲ့ဘူး။ အဲဒါကြောင့်ပဲ သူ့ကို ကင်းစ်နယ်မြေက ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းတွေကိုပဲ လွှဲပေးထားတာ။

ဒါပေမဲ့ အဲဒီတုန်းက သူတို့ရဲ့ စားသောက်ဆိုင်မှာ နေရာတစ်ခုရခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ သူ့အဖေ အိုင်းဇ် ဗန်ဒါဘစ်က ပိရမစ်ဒစ်ကျူဇင်းပိုင်ရှင်ဆီမှာ အကူအညီအနည်းငယ် တောင်းဆိုခဲ့လို့ပဲ မဟုတ်ရင် အဲဒီနေ့က သူ လိုင်လီယာနဲ့ ဆုံဖြစ်မှာတောင် မဟုတ်ဘူး။

"ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်" ကက်စတယ်လာက သူမရဲ့ နှုတ်ခမ်းကို ကိုက်ရင်း ပြောတယ် "ကျွန်မ ဒီရာထူးနဲ့ မထိုက်တန်တော့ဘူးလို့ ထင်ပါတယ်။ သခင်လေးဆီက အကူအညီ တောင်းပေးရမလား"

ဘတ်က ခေါင်းယမ်းလိုက်ပြီး "ဒီလို ကိစ္စအသေးအမွှားလေးတွေနဲ့ သူ့ကို သွားမရှုပ်ပါနဲ့" လို့ ပြောတယ် "သူလည်း တခြား အလုပ်တွေနဲ့ အလုပ်ရှုပ်နေမှာ သေချာပါတယ်"

တစ်ဖက်မှာတော့ စားဖိုမှူးယာဉ်တန်းဆီမှာ ဂူစတိုနဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ အန်ဂိုရာမြို့ကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြတယ်။ ကုမ္ပဏီ တော်တော်များများရဲ့ ဖိတ်ခေါ်ချက်တွေကို ယဉ်ကျေးပျူငှာစွာ ငြင်းပယ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာ အရှေ့ဘက်ကို ဦးတည် ထွက်ခွာဖို့ မြို့တံခါးတွေဆီ ထွက်လာခဲ့ကြတယ်။

ဒါပေမဲ့ သူတို့ စတင် ရွေ့လျားတော့မယ့် အချိန်မှာပဲ စားဖိုမှူး ဂူစတိုက လှဲလျောင်းနေရာကနေ ရုတ်တရက် ဝုန်းခနဲ ထထိုင်လိုက်တာကြောင့် တခြား စားဖိုမှူးတွေပါ လန့်ဖျပ်သွားကြတယ်။

"တစ်စုံတစ်ခု ဖြစ်လို့လား" သူတို့က မေးလိုက်ကြတယ်။

စားဖိုမှူး ဂူစတိုက ခေါင်းကို မော့ပြီး လေထုထဲကို အနံ့ခံလိုက်တယ်။ သူက မျက်လုံးတွေကို ပိတ်ထားပြီး ဒီဆန်းပြားဆွဲဆောင်မှုရှိတဲ့ အနံ့နောက်ကို လိုက်ဖို့ ကြိုးစားနေတယ်။

"ပြတင်းပေါက်တွေ ဖွင့်လိုက်စမ်း" သူ အလျှင်အမြန်ပဲအော်ဟစ် ညွှန်ကြားလိုက်တယ်။

တခြား စားဖိုမှူးတွေလည်း သူပြောတဲ့အတိုင်း မဖြစ်မနေ လုပ်ပေးလိုက်ကြရတယ်။

ပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုထူးခြားသော ဟင်းခတ်အမွှေးအကြိုင်နံ့က ယခင်ကထက် ပိုမိုစူးရှပြင်းထန်လာတယ်။ ဝါရင့်ပြီး ပါရမီရှင်စားဖိုမှူးကြီးတစ်ဦးပီပီ ဂူစတိုသည် အနံ့ကို ရှူရှိုက်ရုံမျှဖြင့် ထိုအရာမှာ အလွန်အရသာရှိမည့် ဟင်းလျာတစ်ခွက်ဖြစ်ကြောင်း အတပ်ပြောနိုင်တယ်။

"မင်းတို့ အနံ့ရလား" ဂူစတိုက သူတို့ကို မေးတယ်။

ဒါပေမဲ့ တခြား စားဖိုမှူးတွေမှာတော့ ဂူစတိုလို အချက်အပြုတ် ပါရမီ မရှိကြဘူးလေ။ သူတို့ကတော့ တစ်ကီလိုမီတာလောက် ဝေးတဲ့နေရာက ကောင်းမွန်တဲ့ အစားအစာရဲ့ အနံ့အသက်ကလေးကိုတောင် မရနိုင်ကြဘူး။

"ငါတို့ မြင်းရထားကို ပြန်လှည့်လိုက် အနောက်ဘက်ကို မောင်း" လို့ သူက စားဖိုမှူးတွေကို ပြောလိုက်တယ်။

သူ့ရဲ့ အဖော်တွေအားလုံးက သူ ဘာလို့ ဒီလို ဖြစ်ပျက်နေရတာလဲဆိုတာကို ဇဝေဇဝါ ဖြစ်နေကြပေမဲ့လည်း သူ့အမိန့်ကို မနာခံဘဲ မနေရဲကြဘူး။ အဲဒါကြောင့် မြင်းရထား ပြတင်းပေါက်ကို ခေါက်ပြီး ရထားမောင်းသမားကို လှည့်ပြန်ဖို့ အမိန့်ပေးလိုက်ကြတယ်။

ရထားအပြင်ဘက်က လူကတော့ ဇက်ကြိုးကို ကျွမ်းကျင်စွာ ဆွဲကိုင်လိုက်ပြီး ၁၈၀ ဒီဂရီ ချက်ချင်းပဲ လှည့်လိုက်တယ်။

သူတို့ရဲ့ ရုတ်တရက် လမ်းကြောင်းပြောင်းလဲမှုကြောင့် မျက်နှာချင်းဆိုင်က မောင်းနှင်လာတဲ့ ရီနေးတား တက္ကစီ မော်တော်ကားတစ်စီးနဲ့ တိုက်မိလုနီးနီး ဖြစ်သွားခဲ့ပေမဲ့ ကံကောင်းထောက်မစွာပဲ ယာဉ်မောင်းက ဘရိတ်ကို အချိန်မီ နင်းလိုက်နိုင်တယ်။

"ဟေ့ လမ်းကို ကြည့်မောင်းဦးလေ"

စားဖိုမှူး ဂူစတိုကတော့ မတော်တဆ ဖြစ်လုနီးနီး အခြေအနေကို ဂရုမစိုက်အားဘဲ အဲဒီအနံ့ရှိရာဆီကိုပဲ မြင်းရထားကို အတင်း မောင်းနှင်ခိုင်းနေခဲ့တယ်။

အနံ့က ဘယ်လောက်တောင် ပြင်းလဲဆိုရင် လေထဲမှာတောင် မြင်နေရသလိုမျိုးပဲ သူ့မျက်လုံးထဲမှာတော့ ရနံ့ရဲ့ အရင်းအမြစ်ဆီကို လမ်းညွှန်ပြသနေတဲ့ အနီရောင် မီးခိုးတန်းကြီး တစ်ခုကို မြင်နေရတယ်။

မြင်းရထားဟာ မော်တော်ကားတွေ ကြားထဲကနေ လမ်းစည်းကမ်း ယာဉ်စည်းကမ်းတွေကို ချိုးဖောက်ပြီး တိုးဝှေ့ မောင်းနှင်ခဲ့ရတယ် ဒါတွေအားလုံးဟာ စားဖိုမှူး ဂူစတို အဲဒီအနံ့ရဲ့ အရင်းအမြစ်ဆီ ရောက်ရှိဖို့အတွက်ပဲ ဖြစ်ပါတယ်။

နောက်ဆုံး မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ အဲ့နေရာကို သူတို့ ရောက်သွားပါပြီ။

အန်ဂိုရာမြို့ရဲ့ အနောက်ဘက်တံခါးဆီမှာ မြေအောက် စီမံကိန်းတစ်ခုမှာ အလုပ်လုပ်ရင်း အနားယူနေကြတဲ့ လူတစ်ပိုင်းသတ္တဝါ ဆောက်လုပ်ရေး အလုပ်သမားတွေ ရှိနေကြတယ်။

သူတို့အားလုံးဟာ ကွန်ကရစ်တွေနဲ့ ကျောက်ခဲ အပျက်အစီး ပုံတွေနားမှာ စုဝေးနေကြပြီး သူတို့ရဲ့ ဝတ်စုံတွေဟာလည်း ပေရေ စွန်းထင်းနေခဲ့တယ်။ ဒါပေမဲ့ သူတို့ကတော့ ဒါကို ဂရုစိုက်ပုံ မရကြဘူး သူတို့က ကြမ်းပြင်ပေါ်မှာ ထိုင်ရင်း ကြွပ်ကြွပ်ရွရွနဲ့ အနီရောင် ရှိတဲ့ အရာတစ်ခုခုကို မြိန်ရေရှက်ရေ ဝါးစားနေကြတယ်။

စားဖိုမှူး ဂူစတိုလည်း ဆက်ပြီး မအောင့်အီးနိုင်တော့ဘဲ မြင်းရထားပေါ်ကနေ ခုန်ဆင်းလိုက်တာကြောင့် တခြား စားဖိုမှူးတွေ အံ့ဩကုန်ကြပြန်တယ်။

အသားညိုညိုနဲ့ လူကြီးဟာ ဆောက်လုပ်ရေး အလုပ်သမားတွေဆီကို ပြေးသွားခဲ့တယ်။ အလုပ်သမားတွေကတော့ သူ သူတို့ရှေ့တည့်တည့် ရောက်လာမှပဲ သူ ရောက်လာတာကို သတိထားမိကြတယ်။

"ဟား ဟား ဆောရီးပါဗျာ" စားဖိုမှူး ဂူစတိုက အသက်ကို မနည်းရှူရင်း ပြောလိုက်တယ်။ "အဲဒါ ဘာလဲဟင်"

သူတို့ လက်ထဲမှာ ကိုင်ထားတဲ့ အရသာရှိပြီး အရည်ရွှမ်းနေမယ့် ကြက်သားကို သူက လက်ညှိုးထိုးပြလိုက်တယ်။

"ဪ ဒါလား" အဝါရောင် ဟော့ဘ်မျောက်လူ အလုပ်သမားတစ်ယောက်က ပြောတယ် "ဒါ မက်တိုနီစ် ကြက်သားလေ"

ဒီ ကြက်သားတုံးလေးက အဲဒီအနံ့ရဲ့ အရင်းအမြစ် ဖြစ်နေတာပဲ။

အံ့ဩတုန်လှုပ်မှုတွေက စားဖိုမှူး ဂူစတိုရဲ့ မျက်နှာပေါ်မှာ ဖြတ်သန်းသွားတယ် ဒီအနံ့က သူ့ကို မြို့ထဲက အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အနည်းဆုံးတော့ လမ်းဘေးက လူမသိသူမသိ နာမည်ကြီး စားသောက်ဆိုင်လေးတစ်ဆိုင်ဆီ ခေါ်သွားလိမ့်မယ်လို့ သူ ထင်ထားခဲ့တာ။

ဒီလောက် အရသာရှိပုံရတဲ့ အစားအစာကို ကြမ်းပြင်ပေါ်မှာ ထိုင်စားနေကြလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်မထားခဲ့ဘူး။ ဒီအနီးအနားမှာ စားသောက်ဆိုင် ဒါမှမဟုတ် ဆိုင်ခန်း ဆိုလို့ ဘာမှမရှိဘူးလေ။

သူတို့ ဒါကို ဘယ်ကနေ ရလာကြတာလဲ။

"အဲဒါ အဲဒါ ငါ့ကို တစ်လုတ်လောက် မြည်းခွင့်ပေးမလား" သူက မေးလိုက်တယ်။

စားဖိုမှူး ဂူစတိုက သူ့မိခင်နိုင်ငံမှာ နာမည်ကျော် စားဖိုမှူးတစ်ယောက် ဖြစ်ပေမဲ့ အခုအချိန်မှာတော့ တစ်ပတ်လုံးလုံး ဘာမှ မစားရသေးတဲ့ သူတောင်းစားတစ်ယောက်လို ပုံစံမျိုး ဖြစ်နေတယ်။ သူက သူတို့ရဲ့ အစားအစာကို စိုက်ကြည့်နေတာကလည်း သူ့ကြည့်ရတဲ့ပုံစံကို ပိုဆိုးစေတယ်။

"အင်း ရတယ် ရော့ ဒီ ခက်ရင်းကို ယူလိုက်" ဟော့ဘ်မျောက်လူက ကြက်သားတစ်တုံးကို ခက်ရင်းနဲ့ ထိုးပြီး ပေးလိုက်တယ်။

ဂူစတိုက အဲဒီ အသုံးအဆောင်ကို ကြည့်လိုက်တယ် ဒါက သစ်သားနဲ့ လုပ်ထားတာပဲ ဒါပေမဲ့ ဒီအပေါ်မှာ ရှိတဲ့ မေးခွန်းထုတ်စရာတွေကိုတော့ ကြက်သားနံ့ ရလိုက်တဲ့အချိန်မှာပဲ ဘေးဖယ်ထားလိုက်မိတယ်။

သူက ကြက်သားထဲမှာ ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အားပြိုင်မှုနဲ့ ပေါင်းစပ်မှုကို အနံ့ရနေရတယ် အဲဒီ ထူးခြားဆန်းပြားလှတဲ့ အနံ့ကပဲ သူ့ကို ဒီနေရာအထိ ရောက်အောင် ဆွဲခေါ်လာခဲ့တာ ဖြစ်တယ်။

နောက်ဆုံးတော့ ဂူစတိုက တစ်လုတ် ကိုက်လိုက်တယ်။

ချက်ချင်းဆိုသလိုပဲ ကြွပ်ရွနေတဲ့ အရေခွံက သူ့သွားတွေအောက်မှာ ဖြောင်း ဆိုပြီး ကွဲထွက်သွားတယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ ကြက်သားရဲ့ အသားဖြူဖြူကနေ ထွက်လာတဲ့ အရည်တွေက သူ့ပါးစပ်ထဲကို ရောက်ရှိလာပြီး ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အရသာအပြည့်အစုံကို ပေးစွမ်းလိုက်တယ်။

သူက ကြွပ်ရွနေတဲ့ အရေခွံနဲ့ အရည်ရွှမ်းတဲ့ ကြက်သားတွေကို ပေါင်းစပ်ပြီး ထပ်မံ ဝါးစားလိုက်တဲ့အခါမှာတော့ သူ့ပါးစပ်ထဲမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်စေတဲ့ အတွေ့အကြုံကို ရရှိလိုက်ရတယ်။

"...နဂါးနှုတ်ခမ်းမွှေးကို ဒီလိုမျိုး သုံးလို့ရမှန်း ငါ တစ်ခါမှ မသိခဲ့ဘူး..." ဂူစတိုက မျက်ရည်ဝဲရင်း တိုးတိုးလေး ရေရွတ်လိုက်မိတယ်

ဒီ အစားအစာက သူ့လျှာအတွက်တော့ အသစ်အဆန်း တစ်ခုပဲ

"စားဖိုမှူး ဂူစတို အဆင်ပြေရဲ့လား"

"ဆရာက ဘာလို့ ဒီနေရာအထိ အပြေးအလွှား လာခဲ့တာလဲ"

ဂူစတိုက တခြား စားဖိုမှူးတွေကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ် "မင်းတို့ ဒီကြက်သားကို မြည်းစမ်းကြည့်ရမယ် ဒါက တကယ် အဆင့်မြင့်တယ်"

တခြား စားဖိုမှူးတွေက သူတို့ရဲ့ နေ့လယ်စာကို တိတ်တိတ်ဆိတ်ဆိတ် စားနေကြတဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေကို ကြည့်လိုက်ကြတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်စားနေတဲ့ အစားအစာတစ်ခုက ကမ္ဘာကျော် စားဖိုမှူး ဂူစတိုရဲ့ စိတ်ကို ဖမ်းစားနိုင်လိမ့်မယ်လို့ သူတို့ လုံးဝ မယုံနိုင်ဘဲ ဖြစ်နေကြတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ ဆောက်လုပ်ရေး အလုပ်သမားတွေက သူတို့ကို ကြက်သားတစ်တုံး ရက်ရက်ရောရော မျှဝေပေးခဲ့တာကြောင့် သူတို့လည်း မက်တိုနီစ် ကြက်သားကို မြည်းစမ်းခွင့် ရရှိသွားကြတယ်။

မကြာခင်မှာပဲ သူတို့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး ပိုပြီးတော့ အတင်းအကျပ် ဝါးစားမိလာကြတယ် ဒီကြက်သားရဲ့ အရသာစပ်နည်းကတော့ သူတို့လို ပရော်ဖက်ရှင်နယ် စားဖိုမှူးတွေတောင် ချီးကျူးရမယ့် အရာတစ်ခု ဖြစ်နေတယ်။

"ဒီကြက်သားက တကယ် ကောင်းတာပဲ"

"ဒါက ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပါဝင်ပစ္စည်းတွေကို အံ့ဩစရာကောင်းအောင် အသုံးပြုထားတာပဲ ဒါဟာ ပြောင်မြောက်တဲ့ လက်ရာတစ်ခုလို့ ငါ ပြောရဲတယ်"

စားဖိုမှူး ဂူစတိုက ဆောက်လုပ်ရေး အလုပ်သမားတွေကို ကြည့်ပြီး သူတို့ရဲ့ အစွမ်းကို လေးစားတဲ့အနေနဲ့ ဦးညွှတ်လိုက်မိတယ်။

"ကျွန်တော် စားဖိုမှူးကို ချီးကျူးစကား ပြောချင်လို့ပါဗျာ မင်းတို့ထဲက ဘယ်သူက ဒီလို အရသာရှိတဲ့ အစားအစာကို ဖန်တီးခဲ့တဲ့ ဆရာကြီးလဲဟင်" လို့ သူက မေးလိုက်တယ်။

ဆောက်လုပ်ရေး အလုပ်သမားတွေအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ် နောက်ဆုံးတော့ အဝါရောင် ဟော့ဘ်မျောက်လူက သူတို့ကို အမှန်အတိုင်း ပြောပြလိုက်တယ်။

"ဒါက ကျွန်တော်တို့ မက်တိုနီစ် ကနေ ပါဆယ် ဝယ်လာခဲ့တာပါ"

All Chapters