← Chapters

အခန်း (၃၄၉-၃၅၀)

Vol. 30 Ch. 349-350

အခန်း (၃၄၉-၃၅၀)

Vol. 30 Ch. 349-350

အခန်း(၃၄၉)

"လိုရင်းကိုပဲ ပြောကြစို့"

စားဖိုမှူး ဂူစတိုက မိုက်ကယ်နဲ့ မျက်နှာချင်းဆိုင် စားပွဲမှာ ဝင်ထိုင်ရင်း ပြောလိုက်တယ်။

"ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်အသစ်ကို ခင်ဗျားရဲ့ ရွှေလမ်းမကြီးပေါ်မှာ တည်ထောင်ချင်တယ်"

မိုက်ကယ်ကတော့ အံ့ဩမနေပါဘူး။ အသားညိုညိုနဲ့ စားဖိုမှူးကြီးဟာ အသင့်စားအစားအစာ ဆိုင်တစ်ဆိုင်ရဲ့ အလားအလာကို ကောင်းကောင်းရိပ်မိတာပဲလို့ ထင်စရာ ရှိနေတာပေါ့။

'သူ့ကုမ္ပဏီရဲ့ ထိပ်တန်းစားဖိုမှူးတွေထဲက တစ်ယောက်ဖြစ်ရတဲ့ ဂုဏ်ပုဒ်နဲ့တော့ တန်တန်တန်တန် ရှိသားပဲ' လို့ မိုက်ကယ်က စိတ်ထဲက တွေးလိုက်တယ်။

"ဝမ်းမြောက်ဝမ်းသာသာနဲ့သာ လက်ခံလိုက်စမ်းပါ" လို့ ဂူစတိုရဲ့ ဘေးမှာရှိတဲ့ စားဖိုမှူးတစ်ယောက်က ကြွေးကြော်လိုက်တယ်။

"စားဖိုမှူး ဂူစတိုရဲ့ စားသောက်ဆိုင်ကို ခင်ဗျားရဲ့ နယ်မြေထဲမှာ လာဖွင့်လှစ်ပေးတယ်ဆိုတာ လူအများကြီး အလုအယက် လိုချင်နေကြတဲ့ အခွင့်ထူးကြီးဗျ"

"ကဲ... ဒါဆို အမြတ်ခွဲဝေမှုနဲ့ အခကြေးငွေတွေအကြောင်း ဆွေးနွေးကြတာပေါ့၊ ကျွန်တော်တို့ဘက်က အကြံပြုချင်တာကတော့ ခင်ဗျားတို့ရဲ့ နယ်မြေကို စားသောက်ဆိုင် အခြေစိုက်စခန်းအဖြစ် အသုံးပြုခွင့်ရတဲ့အတွက် ရီနေးတားကုမ္ပဏီကို အမြတ်ငွေရဲ့ သုည ဒသမ ငါး ရာခိုင်နှုန်း ပေးပါ့မယ်—"

ဒါပေမဲ့ တခြားစားဖိုမှူးတွေ ဆွေးနွေးပွဲ မစတင်နိုင်ခင်မှာတင် မိုက်ကယ်က လက်မြှောက်ပြပြီး စကားဝိုင်းကို ဘုန်းခနဲ ရပ်တန့်လိုက်တယ်။

"နေပါဦး၊ ကျွန်တော် သဘောမတူရသေးဘူးလေ" လို့ သူက ပြောလိုက်တာပေါ့။

သူ့ရဲ့ စကားလုံးတွေက အဲဒီ စားဖိုမှူး သုံးယောက်အတွက်တော့ ဂြိုဟ်သားဘာသာစကားလို ဖြစ်နေခဲ့တယ်။ ကမ္ဘာ့အဆင့် နှစ်ရာမြောက် ကုမ္ပဏီတစ်ခုက ထိပ်တန်းစားဖိုမှူးတစ်ယောက်က ခင်ဗျားနယ်မြေမှာ စားသောက်ဆိုင် လာဖွင့်ပါရစေလို့ တောင်းဆိုလာရင် ဘာမှ ထပ်စဉ်းစားမနေဘဲ ချက်ချင်း လက်ခံရမှာလေ။ ဒါပေမဲ့ မိုက်ကယ်ကတော့ ဒီလိုစည်းမျဉ်းကို သိပုံမရပါဘူး။

"ခင်ဗျားက စားဖိုမှူး ဂူစတိုကို ငြင်းပယ်တယ်လို့ ပြောနေတာလား" လို့ သူတို့က မိုက်ကယ်ကို မေးကြတယ်။

"ကျွန်တော် အဲဒီလို မပြောပါဘူး၊ စေ့စပ်ညှိနှိုင်းမှုတွေ မပြီးသေးဘူးလို့ပဲ ပြောတာပါ၊ ခင်ဗျားတို့ဘက်က ကမ်းလှမ်းချက်ကို ကျွန်တော် သေသေချာချာ မကြားရသေးဘူးလေ"

အဲဒီစကားကို ကြားတော့ သူတို့ ပိုလို့တောင် အံ့ဩမှင်တက်သွားကြတယ်။ တကယ်ဆို ပြောင်းပြန် ဖြစ်ရမှာလေ။ မိုက်ကယ်ကသာ စားဖိုမှူး ဂူစတိုကို သူ့နယ်မြေမှာ လာချက်ပေးပါလို့ ဖျောင်းဖျနားချရမှာ ဖြစ်ပေမဲ့ အခုတော့ မိုက်ကယ်က သူ့ကို လာပြီး အသနားခံရမယ့်ပုံစံမျိုးနဲ့ စကားပြောနေတာပေါ့

"သူက သူ့ရဲ့ နာမည်ဂုဏ်သတင်း တစ်ခုတည်းကိုတင် သယ်ဆောင်လာတာ မဟုတ်ဘူး၊ ပိရမစ်ဒစ် ကျူဇင်းရဲ့ အမှတ်တံဆိပ်ကိုပါ ယူဆောင်လာတာဗျ" လို့ စားဖိုမှူးတစ်ယောက်က အတင်းအကျပ် ထောက်ပြပြောဆိုတယ်။

"ဒါတင်မကသေးဘူး၊ ပိရမစ်ဒစ် ကျူဇင်း အောက်မှာရှိတဲ့ လက်အောက်ခံ ကုမ္ပဏီအားလုံးကလည်း သူ့ရဲ့ ခြေလှမ်းအတိုင်း လိုက်လာကြမှာ၊ ကျွန်တော်တို့ ကုမ္ပဏီတွေက ကမ္ဘာ့အဆင့် လေးရာအောက် နားမှာ ရှိတာဆိုတော့ ပြောရရင် ရီနေးတားထက် အဆင့်အများကြီး မြင့်ပါတယ်"

"ခင်ဗျားဘက်ကသာ စားဖိုမှူး ဂူစတို စိတ်ကျေနပ်မှု ရှိစေဖို့ ဒီသဘောတူညီချက်မှာ အကျိုးခံစားခွင့်တွေ ထပ်တိုးပေးပြီး စည်းရုံးသင့်တာ"

စားဖိုမှူး သုံးယောက်လုံးက သူ့ကို အပြိုင်အဆိုင် အကျိုးအကြောင်းပြ ပြောနေကြပေမဲ့ မိုက်ကယ်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့တယ်။

"ကျွန်တော်က ဘာဖြစ်လို့ အဲဒီလို လုပ်ရမှာလဲ" မိုက်ကယ်က ကုလားထိုင်နောက်မှီကို မှီချလိုက်ပြီး သက်သောင့်သက်သာနဲ့ မေးလိုက်တာပေါ့။

"ဒီနေရာက အနာဂတ်မှာ ဘယ်လောက်အထိ တန်ဖိုးရှိလာမယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်၊ ကားကြီးရပ်နားစခန်းကို တစ်လတစ်လကို လူသန်းပေါင်းများစွာ လာရောက်ကြမှာ"

ပြီးတော့ မိုက်ကယ်က ရှီနာ့ကို အနားလာဖို့နဲ့ လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်စာတမ်းတွေကို ယူလာဖို့ လက်ဟန်ပြလိုက်တယ်။

ရှီနာက စားပွဲပေါ်မှာ စာရွက်တွေကို ဖြန့်ခင်းပေးလိုက်ပြီး ရီနေးတားကုမ္ပဏီအနေနဲ့ ဒီနေ့တစ်ရက်တည်းတင် ရရှိထားတဲ့ မတူညီတဲ့ ကမ်းလှမ်းချက်တွေကို ဂူစတိုနဲ့ စားဖိုမှူးတွေ မြင်အောင် ပြလိုက်တာပေါ့။

"မက်တိုနီစ်ရဲ့ လူကြိုက်များမှုကို ခင်ဗျားတို့ တစ်ဖွဲ့တည်း သတိထားမိတာ မဟုတ်ဘူး၊ အန်ဂိုရာမြို့မှာရှိတဲ့ စားသောက်ဆိုင် တော်တော်များများက ကားကြီးရပ်နားစခန်းမှာ နေရာတစ်နေရာ ရဖို့အတွက် ကျွန်တော့်ကို အသနားခံနေကြတာ၊ သူတို့ ကမ်းလှမ်းထားတာတွေကို ကြည့်ရင် ခင်ဗျားတို့ကို သူတို့ထက် ဦးစားပေးပြီး နေရာပေးရမယ့် အကြောင်းပြချက် ကျွန်တော့်မှာ မရှိဘူး"

စားဖိုမှူးတွေဟာ စာချုပ်လျှောက်လွှာတွေကို ပြာပြာသလဲ လှန်လှောကြည့်ရှုကြတယ်။ အဲဒီထဲက ကိန်းဂဏန်းတွေကို မြင်လိုက်ရတဲ့အခါ သူတို့ မျက်လုံးတွေ ပြူးကျယ်သွားကြတာပေါ့။

"နှစ်နှစ်ဆယ် သက်တမ်းချုပ်ထားတဲ့ အငှားစာချုပ်ကြီးပါလား"

"တစ်ဆိုင်ဆိုရင် ခင်ဗျားရဲ့ လက်အောက်ခံ ကုမ္ပဏီအဖြစ်တောင် ဝင်ရောက်ဖို့ အသင့်ရှိနေတယ် ဟုတ်လား"

ဒီစားသောက်ဆိုင်တွေက ကားကြီးရပ်နားစခန်းမှာ နေရာတစ်နေရာရဖို့အတွက် ဒီလောက်အထိ အတင်းအကျပ် ကမ်းလှမ်းဝံ့ကြလိမ့်မယ်လို့ သူတို့ လုံးဝ မယုံနိုင်အောင် ဖြစ်နေကြတယ်။

"အမှန်တော့ ကျွန်တော်က ခင်ဗျားတို့ရဲ့ ကမ်းလှမ်းချက်တွေကို စဉ်းစားတောင် မပေးသင့်ဘူး၊ ခင်ဗျားတို့နဲ့ တွေ့ဆုံဖို့ ကျွန်တော့်ရဲ့ စီအီးအိုက တောင်းဆိုတုန်းက ခင်ဗျားတို့ ငြင်းပယ်ခဲ့ကြတယ် မဟုတ်လား၊ ခင်ဗျားတို့ ပို့လိုက်တဲ့ စာထဲမှာ အချိန်ဖြုန်းတာ လို့ သုံးနှုန်းထားတာကို ကျွန်တော် မှတ်မိနေသေးတယ်"

တခြားစားဖိုမှူးတွေဟာ အဲဒီစာထဲမှာ သူတို့ ရေးခဲ့မိတဲ့ စကားလုံးတွေအတွက် နောင်တရပြီး မျက်နှာပျက်သွားကြတယ်။ သူတို့က ကမ္ဘာ့အဆင့် နှစ်ရာမြောက် ကုမ္ပဏီရဲ့ မာန်မာနနဲ့ ပြုမူခဲ့ကြတာဆိုတော့ ဒီလို ရိုင်းစိုင်းတဲ့ စကားလုံးတွေအတွက် ဘာအကျိုးဆက်မှ ရှိလာမှာမဟုတ်ဘူးလို့ ထင်ခဲ့ကြတာပေါ့။

"စားဖိုမှူးတို့... မိုက်ကယ် ပြောတာ မှန်တယ်" ဂူစတိုက သူ့ရဲ့ အမှားကို သတိပြုမိပြီး ခေါင်းညိတ်လိုက်တယ်။ "ကျွန်တော်တို့ဘက်ကသာ ကားကြီးရပ်နားစခန်း လုပ်ငန်းထဲ ဝင်ခွင့်ရဖို့ အသနားခံရမယ့်သူတွေပါ၊ ဒီ မက်တိုနီစ် တစ်ဆိုင်တည်းတင် ဖောက်သည်အရေအတွက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး စားသောက်ဆိုင်တွေကိုတောင် ဘယ်လို အလဲထိုးနေလဲဆိုတာ ခင်ဗျားတို့ မြင်သားပဲ၊ အနာဂတ်မှာ ဒါက ပိုပြီးတော့တောင် ကြီးထွားလာဦးမှာ"

မိုက်ကယ်က သူ့ကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဒီစားဖိုမှူး ဂူစတိုက သူထင်သလောက်တော့ မဆိုးလှဘူးလို့ ယူဆရတာပေါ့။ သူက မာန်မာနကြောင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အပျက်စီးမခံတဲ့ အကျိုးအကြောင်း မျှတစွာ တွေးခေါ်တတ်သူတစ်ယောက်ပဲ ဖြစ်နေလို့ပဲ။

"သူနဲ့ တွေ့ဆုံဖို့ ငြင်းပယ်ခဲ့တာကိုတော့ ကျွန်တော် မတောင်းပန်ချင်ဘူး၊ ဒါပေမဲ့ အချိန်ဖြုန်းတာလို့ ပြောခဲ့မိတဲ့အတွက်တော့ တောင်းပန်ပါတယ်" လို့ စားဖိုမှူး ဂူစတိုက ပြောလိုက်တယ်။

"ခင်ဗျားက ကျွန်တော့်ကို တောင်းပန်ရမှာ မဟုတ်ဘူး" မိုက်ကယ်က ပြောလိုက်တာပေါ့။

"ခင်ဗျားတို့ သူနဲ့ စကားပြောသင့်တယ်"

သူက မိုက်ကယ်ရဲ့ ကုလားထိုင်နောက်ကနေ စကားဝိုင်းကို နားထောင်နေတဲ့ ကက်စတယ်လာကို လက်ညှိုးထိုးပြလိုက်တယ်။

"သူက ဘယ်သူလဲ" လို့ စားဖိုမှူးတစ်ယောက်က မေးတယ်။

"သူက ခင်ဗျားတို့ မျက်နှာလိုမျက်နှာရ လုပ်သင့်တဲ့သူပဲ၊ သူက ကျွန်တော့်ရဲ့ စီအီးအို"

မိုက်ကယ်က ကုလားထိုင်ပေါ်ကနေ ထလိုက်ပြီး ကက်စတယ်လာကို စားဖိုမှူးတွေနဲ့ တည့်တည့် မျက်နှာချင်းဆိုင်နေရာမှာ ဝင်ထိုင်ဖို့ တွန်းပို့လိုက်တယ်။

အားလုံးက အံ့ဩသွားကြတာပေါ့။ ကက်စတယ်လာကိုယ်တိုင်ကလည်း ဒီလို ဆုံးဖြတ်ချက်ချရမယ့် နေရာမျိုးကို ရောက်သွားလိမ့်မယ်လို့ မမျှော်လင့်ထားသလို စားဖိုမှူးတွေကလည်း သူမက ရီနေးတားကုမ္ပဏီမှာ ဒီလောက်အထိ မြင့်မားတဲ့ ရာထူးနေရာကို ရထားတာကို အံ့ဩနေကြတယ်။ စီအီးအိုတစ်ယောက်က အစေခံဝတ်စုံကို ဝတ်ဆင်ထားလိမ့်မယ်လို့ သူတို့ လုံးဝ မတွေးမိခဲ့ကြဘူး။

"သခင်လေး" ကက်စတယ်လာက မိုက်ကယ်ကို အလောတကြီး တိုးတိုးကလေး ပြောလိုက်တယ်။ "သခင်လေးကိုယ်တိုင်ပဲ သူတို့နဲ့ စေစပ်ညှိနှိုင်းသင့်တာပါ၊ ကျွန်မမှာ ဒါကို လုပ်နိုင်တဲ့ အရည်အချင်း မရှိပါဘူး"

ဒါပေမဲ့ မိုက်ကယ်ကတော့ ငြင်းပယ်တဲ့အနေနဲ့ စိတ်ချပါဆိုတဲ့ ပုံစံမျိုးနဲ့ ပုတ်ပြီး ပြုံးပြလိုက်တယ်။

"သူက ကျွန်တော့်ကိုယ်စား စေစပ်ညှိနှိုင်းလိမ့်မယ်၊ သူကို အထင်မသေးကြနဲ့ဦး၊ မဟုတ်ရင် ခင်ဗျားတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခင်ဗျားတို့ရဲ့ ဘယ်ဘက်ခြေထောက်ကိုပါ ရောင်းချမိသွားလိမ့်မယ်" လို့ သူက မျက်စိတစ်ချက် မှိတ်ပြရင်း ပြောလိုက်တယ်။

ဒီလို အရှုံးအနိုင် အလွန်ကြီးမားတဲ့ ရာထူးနေရာကို အတင်ခံလိုက်ရတဲ့အတွက် ကက်စတယ်လာဟာ စားဖိုမှူး လေးယောက်လုံးက သူမကို စိုက်ကြည့်နေကြစဉ်မှာ လက်ချောင်းကလေးတွေကို ဆုပ်နယ်ရင်း စိတ်လှုပ်ရှားနေမိတယ်။

"ကောင်းပြီ... ကျွန်တော်တို့ လျှော့ပေးပါ့မယ်၊ ကျွန်တော်တို့ ကုမ္ပဏီက နှစ်နှစ်စာ အငှားခကို ကြိုတင်ပေးချေမှာဖြစ်ပြီး နောက်ထပ် သုံးနှစ်သက်တမ်းအတွက် စာချုပ်ချုပ်ဆိုပါ့မယ်" လို့ စားဖိုမှူးတစ်ယောက်က ကက်စတယ်လာကို ခြိမ်းခြောက်အနိုင်ယူဖို့ ကြိုးစားတဲ့အနေနဲ့ မတ်တတ်ရပ်ရင်း ပြောလိုက်တယ်။

ရီနေးတားရဲ့ စီအီးအိုမလေးဟာ စိုးရိမ်တကြီးနဲ့ စားပွဲကို လက်ချောင်းကလေးတွေနဲ့ တောက်တောက်တောက် ခေါက်နေမိပြီးမှ စားပွဲခုံကို လက်နှစ်ဖက်နဲ့ ဘုန်းခနဲ ရိုက်ချလိုက်လို့ စားဖိုမှူးတွေပါ လန့်ဖျပ်သွားကြတယ်။

"မလောက်သေးဘူး" လို့ ကက်စတယ်လာက အော်ပြောလိုက်တာပေါ့။

ဘေးကနေ ကြည့်နေတဲ့ မိုက်ကယ်ကတော့ ပြုံးမိသွားတယ်။ ကက်စတယ်လာရဲ့ စီးပွားရေးဆိုင်ရာ ပါရမီတွေက နောက်ဆုံးတော့ အသီးအပွင့် ဝေဆာလာခဲ့ပြီလေ။

သူမဟာ နိမ့်ကျတဲ့ ဘဝနောက်ခံကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတဲ့ စိတ်ဒဏ်ရာတစ်ခုတည်းနဲ့တင် ပိတ်မိနေခဲ့တာ ဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ ဒါကို ကျော်လွှားနိုင်ပြီး သူသိထားတဲ့ ရက်စက်ပြတ်သားတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားလိမ့်မယ်ဆိုတာ မိုက်ကယ် ကောင်းကောင်းသိထားတယ်။

စေစပ်ညှိနှိုင်းမှုတွေကို ဖြတ်သန်းသွားတဲ့ သူမရဲ့ ပင်ကိုယ်သိစိတ်ကတော့ ထိပ်တန်းအဆင့်ပါပဲ။ စားဖိုမှူးတွေဟာ သူတို့ဘက်က အလျှော့ပေးဖို့ ပြင်ဆင်ထားတာထက်မက တောင်းဆိုတာကို ခံလိုက်ရတဲ့အတွက် လုံးဝ ဆွံ့အမှင်တက်သွားကြရတယ်။

အဆုံးသတ်မှာတော့ စားဖိုမှူးတွေဟာ လက်ရှိ ကားကြီးရပ်နားစခန်းမှာ အမြဲတမ်း နေရာတစ်နေရာ ရရှိသွားကြမှာ ဖြစ်ပေမဲ့ အနာဂတ် ကားကြီးရပ်နားစခန်းတွေမှာ နေရာလိုချင်တယ်ဆိုရင်တော့ ကက်စတယ်လာနဲ့ ထပ်မံ စေစပ်ညှိနှိုင်းကြရဦးမှာ ဖြစ်တယ်။

ဒါတင်မကသေးဘဲ သူတို့ရဲ့ စားသောက်ဆိုင်အတွက် ရီနေးတားရဲ့ ထုတ်ကုန်တွေကိုပဲ အသုံးပြုကြရမှာပေါ့။ ကွန်ကရစ်တွေကို သုံးရမယ်၊ ရီနေးတားဆီက ဝယ်ယူတဲ့ ပါဝင်ပစ္စည်းတွေကို သုံးရမယ်၊ ပြီးတော့ အဲဒီ ပါဝင်ပစ္စည်းတွေကို စားသောက်ဆိုင်ဆီ သယ်ယူပို့ဆောင်ဖို့အတွက် မော်တော်ကားတွေကိုလည်း ဝယ်ယူကြရဦးမှာ ဖြစ်တယ်။

သူတို့ရဲ့ ပေးချေမှုအပိုင်းမှာလည်း ကက်စတယ်လာဟာ ရီနေးတားအတွက် အလွန်အကျိုးရှိမယ့် သဘောတူညီချက်တစ်ခုကို အပြည့်အဝ စေစပ်ညှိနှိုင်းနိုင်ခဲ့တယ်။

သူတို့က ပစ္စည်းကိရိယာတွေနဲ့ သယံဇာတ အရင်းအမြစ်တွေနဲ့ပဲ ပြန်လည်ပေးချေကြရမှာ ဖြစ်တယ်။

သူမက ဒီလို ရာဇသံကို ပေးလိုက်တဲ့အခါ မိုက်ကယ်ကိုယ်တိုင်တောင် စိတ်လှုပ်ရှားသွားမိတာပေါ့။ ဒါက သူတို့မှာ ဖြစ်ပေါ်နေတဲ့ ပစ္စည်းကိရိယာ ပြတ်လတ်မှု ပြဿနာအားလုံးကို ချက်ချင်း ဖြေရှင်းပေးသွားခဲ့ပြီလေ။

မော်တော်ကား တည်ဆောက်မှုတွေ ပိုလုပ်နိုင်မယ်၊ ရွှေလမ်းမကြီးတွေ ပိုခင်းနိုင်မယ်၊ ကားကြီးရပ်နားစခန်းတွေ ပိုဆောက်နိုင်မယ်၊ ပြီးတော့ အရေးကြီးဆုံးကတော့ မိုက်ကယ်ရဲ့ ခေါင်းထဲမှာ အကြာကြီး ကိန်းအောင်းနေခဲ့တဲ့ ရိုလာကိုစတာ ရထားကြီးကို နောက်ဆုံးတော့ တည်ဆောက်နိုင်တော့မှာပဲ ဖြစ်တယ်။

* * * * * * * *

စာစဉ်(၃၀)

အခန်း(၃၅၀)

စားဖိုမှူးတွေနဲ့ တစ်ဖက်သတ် ဆွေးနွေးပွဲပြီးသွားတဲ့နောက် ကက်စတယ်လာတစ်ယောက် ရလဒ်ကို သိပ်ကို သဘောကျကျေနပ်သွားတယ်။ သူမက ပျော်လွန်းလို့ မျက်နှာလေး ဝင်းပနေပြီး စားပွဲပေါ်က စာရွက်စာတမ်း အလုပ်တွေကို လုပ်နေရင်းနဲ့တောင် ဝမ်းသာအားရ ခုန်ပေါက်နေမိတယ်။

ခြုံပြောရရင် မိုက်ကယ်လည်း ဒီရလဒ်အပေါ် သိပ်ကို အားရကျေနပ်မိတာပေါ့။ ပထမဆုံးအချက်က သူတို့ဟာ ကမ္ဘာ့အဆင့် ၂၀၀ ရှိတဲ့ ကုမ္ပဏီတစ်ခုနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့တယ်။ ဒုတိယအချက်ကတော့ သူတို့ရဲ့ တဟုန်ထိုး တိုးတက်လာနေတဲ့ နယ်မြေချဲ့ထွင်မှုတွေအတွက် အဲဒီကုမ္ပဏီဆီကနေ ရင်းမြစ်တွေကို ပိုပြီး ညှစ်ထုတ်ယူနိုင်ခဲ့တယ်။ တတိယအချက်နဲ့ အရေးကြီးဆုံးကတော့ ကက်စတယ်လာတစ်ယောက် စီအီးအိုတစ်ယောက်အနေနဲ့ သူမရဲ့ ကိုယ်ပိုင်ယုံကြည်မှုကို ပြန်ရသွားတာပဲ ဖြစ်တယ်။

အခုလို အကျိုးအမြတ် အကြီးအကျယ် ရနိုင်မယ့် ဆွေးနွေးပွဲမျိုးတွေကို မိုက်ကယ့်ထက်တောင် ပိုပြီး ကောင်းကောင်း ကိုင်တွယ်နိုင်တယ်ဆိုတာကို မိုက်ကယ့်ရှေ့မှာရော သူမကိုယ်တိုင်လည်း သက်သေပြနိုင်ခဲ့ပြီလေ။

အခုတော့ မိုက်ကယ် စိတ်ချသွားပြီ။ ကက်စတယ်လာဟာ ရီနေးတားကုမ္ပဏီမှာ သူတို့ မြောက်ဘက်ပိုင်းကို ထပ်ပြီး နယ်မြေချဲ့ထွင်တဲ့အခါ ကွင်းစ်နယ်မြေကိုပါ သိမ်းပိုက်နိုင်အောင် ကူညီပေးမယ့် တားဆီးလို့မရတဲ့ နောက်ထပ် အင်အားစုအသစ်တစ်ခု ဖြစ်လာတော့မယ်ဆိုတာကိုပေါ့။

"မင်းနဲ့ လက်တွဲလုပ်ဆောင်ရတာ ဝမ်းသာစရာ ဖြစ်လာမှာပါ" လို့ စားဖိုမှူး ဂူစတိုက မိုက်ကယ်နဲ့ လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်တယ်။

"ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်" လို့ မိုက်ကယ်က ပြန်ပြောတယ်။

"ခင်ဗျားက ရီနေးတားရဲ့ မိတ်ဆွေဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့ရဲ့ ဌာနချုပ်ကို ခင်ဗျားရဲ့ ကိုယ်ပိုင်အိမ်လိုပဲ သဘောထားလိုက်ပါ။ အန်ဂိုရာမြို့မှာ ခင်ဗျားတို့အတွက် နေအိမ်အသစ် မဆောက်ခင်အထိ ဒီမှာပဲ တည်းခိုနေလို့ ရပါတယ်"

အဲဒါကလည်း သူတို့ရရှိမယ့် ခံစားခွင့်တွေထဲမှာ ပါဝင်တာပေါ့။ ရီနေးတားအနေနဲ့ သူတို့အတွက် စားသောက်ဆိုင်တွေနဲ့ နေအိမ်တွေကို ကွင်းစ်နယ်မြေရဲ့ ဆောက်သ်တစ်ပ် တောအုပ် အစွန်းပိုင်းမှာ ဆောက်ပေးဖို့ ကူညီရမှာ ဖြစ်တယ်။ ဒါပေမဲ့ ကုန်ကျစရိတ် အားလုံးကိုတော့ သူတို့ဘက်ကပဲ ပေးရမှာပေါ့။

"ကျွန်တော်တို့ ကားကြီးရပ်နားစခန်းဆီ အရင်ဆုံး သွားကြည့်ရင် ပိုကောင်းမယ် ထင်တယ်။ စားဖိုမှူး တိုနီနဲ့ သူ့ရဲ့ဆိုင်အကြောင်းကို ကြိုပြီး ရင်းနှီးအောင် လုပ်ထားတာက ကောင်းတယ်လေ"

မိုက်ကယ်က ခေါင်းညိတ်လိုက်ပြီး အရှုံးကို ရိုရိုကျိုးကျိုး လက်ခံတတ်တဲ့ အဲဒီလူရဲ့ နှိမ့်ချမှုကို သဘောတူလိုက်တယ်။

"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး။ ကျွန်တော့်ရဲ့ စားဖိုမှူးတွေကို သွားပြီး အားပေးရဦးမယ်" လို့ ဂူစတိုက ပြောရင်း ဆွေးနွေးပွဲအပြီးမှာ စိတ်ပျက်အားငယ်နေတဲ့ ပုံစံပေါက်နေတဲ့ အခြား စားဖိုမှူး သုံးယောက်ဆီကို လျှောက်သွားတယ်။

သူတို့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီတွေကို ပြန်သွားတဲ့အခါ ကက်စတယ်လာကို ဘာဖြစ်လို့ ဒီလောက်တောင် အကျိုးအမြတ်တွေ အများကြီး အောက်ခြေသိမ်း ပေးခဲ့ရတာလဲဆိုတာကို ဘယ်လို ရှင်းပြရမလဲ သူတို့ မသိကြတော့ဘူး။ ဆွေးနွေးပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေမဲ့ အဲဒီအချက်က သူတို့ကို တော်တော်လေး စိတ်ဓာတ်ကျနေစေတယ်။

စားဖိုမှူး ဂူစတိုနဲ့ မိုက်ကယ်တို့ရဲ့ တွေ့ဆုံမှုက အန်ဂိုရာမြို့ထဲက ကုမ္ပဏီတွေကြားထဲမှာရော အခြား နယ်မြေတွေမှာပါ တော်တော်လေး ဂယက်ရိုက်သွားစေတယ်။

စားဖိုမှူး ဂူစတိုနဲ့ အခြားစားဖိုမှူးတွေဟာ ရီနေးတားနိုင်ငံသားတွေရဲ့ စောင့်ရှောက်မှုကို ခံယူပြီး ရီနေးတားနယ်မြေတွေထဲမှာ တည်းခိုနေထိုင်ကြတာကို မြင်လိုက်ရတဲ့အခါ သူတို့နှစ်ဦးကြားထဲမှာ သဘောတူညီချက်တစ်ခု ရသွားပြီဆိုတာ ထင်ရှားလာတယ်။

ဒါက သတင်းတွေထဲမှာ ထပ်ပြီး ရေပန်းစားလာပြန်တယ်။ ဘယ်လိုနည်းနဲ့မဆို ကမ္ဘာ့အဆင့် ၄၅၀ ရှိတဲ့ ကုမ္ပဏီက ကမ္ဘာ့အဆင့် ၂၀၀ ရှိတဲ့ ကုမ္ပဏီတစ်ခုနဲ့ သဘောတူညီချက် ရအောင် လုပ်နိုင်ခဲ့တာကိုး။

လူတော်တော်များများက နောက်ထပ် အသေးစိတ်ကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာတော့ ဒီသဘောတူညီချက်ရဲ့ သဘောသဘာဝကို သိသွားကြတယ်၊ အဲဒါက ကားကြီးရပ်နားစခန်းထဲက နေရာတစ်ခုပဲ ဖြစ်တယ်။

အခုအချိန်မှာတော့ လူတော်တော်များများက မက်တိုနီစ်ရဲ့ အောင်မြင်မှုကို ကောင်းကောင်းကြီး သတိပြုမိနေကြပြီ ဖြစ်လို့ အားလုံးက အဲဒီနေရာမှာ ပါဝင်ခွင့်ရဖို့ စိတ်ဝင်စားနေကြတာပေါ့။ ဒါပေမဲ့ နာမည်ကြီး ပိရမစ်ဒစ် ကျူဇင်းတောင်မှ စိတ်ဝင်စားနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ လူတွေရဲ့ ရူးသွပ်မှုက အဆမတန် မြင့်တက်သွားတော့တယ်။

ကက်စတယ်လာဆီကို ကားကြီးရပ်နားစခန်းမှာ နေရာရဖို့အတွက် တောင်းဆိုချက်တွေ အများကြီး တရစပ် ရောက်လာတော့တယ်။

ဒါပေမဲ့ ကားကြီးရပ်နားစခန်းမှာ နေရာက ၂၀ စာလောက်ပဲ ရှိပြီး နေရာတစ်ခုအတွက် ပြိုင်ဆိုင်နေတဲ့သူက ၅၀ လောက် ရှိနေတယ်။

ကက်စတယ်လာရဲ့ ထုံးစံအတိုင်းပဲ၊ သူမက ဒီလို လိုအပ်ချက် မြင့်မားနေတာကို အသုံးချပြီး နေရာလိုချင်တဲ့သူတွေဆီကနေ အကျိုးအမြတ်တွေ ပိုပြီး ညှစ်ထုတ်ယူနိုင်ခဲ့တယ်။ သဘောတူညီချက်ထဲမှာ အရင်းမြစ်များဆိုင်ရာ အပိုဒ်ခွဲတစ်ခုကို ထည့်သွင်းနိုင်ခဲ့ပြီး အဲဒီအပိုဒ်ခွဲအရ အဖွဲ့အစည်း အားလုံးဟာ အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းတွေကို သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ စိုက်ထုတ်ရမှာ ဖြစ်ပြီး ရီနေးတားအတွက်လည်း အပိုဆောင်း နည်းနည်း ပေးရမှာ ဖြစ်တယ်။

ခြုံပြောရရင် မိုက်ကယ်ဟာ သူ့ရဲ့ စီမံကိန်း အားလုံးကိုတင်မကဘဲ အနာဂတ်အတွက်ပါ လုံလောက်တဲ့ ရင်းမြစ်တွေကို အပြည့်အဝ ရရှိသွားခဲ့တယ်။

ဒါက တကယ့်ကို အလွန်ကောင်းတဲ့ သတင်းပဲပေါ့။

ဒီအတောအတွင်း အန်ဂိုရာမြို့ရဲ့ အရှေ့ဘက် တောအုပ်အနက်ပိုင်းထဲမှာတော့ လူယုတ်မာဓါးပြအဖွဲ့ရဲ့ ပုန်းအောင်းတဲ့ စခန်းဟာ ဒေါသအကြီးအကျယ် ထွက်နေတဲ့ အမျိုးသမီးတစ်ဦးကြောင့် မီးဟုန်းဟုန်း တောက်လောင်နေတယ်၊ ဘာလို့လဲဆိုတော့ သူမ အခုလေးတင် သိလိုက်ရတဲ့ သတင်းဆိုးတစ်ခုကြောင့်ပဲ။

"ဘာလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လို့ သူမက အော်ဟစ်လိုက်ပြီး သူမရဲ့ နောက်ကျောဘက်မှာ မီးတောက်တွေပါ ထွက်လာလုနီးပါး ဖြစ်နေတယ်။

"သူတို့က စားဖိုမှူး ဂူစတိုကို ငါတို့ နှာခေါင်းဖျားကနေ ဖြတ်လုသွားတာပဲ။ ငါတို့က သူတို့ကို ဒီတောအုပ်တစ်ခုလုံးကိုတောင် ကမ်းလှမ်းခဲ့တာလေ။ ရီနေးတားက သူတို့ကို ဘာတွေ ကမ်းလှမ်းလိုက်လို့လဲ"

လူယုတ်မာဓါးပြအဖွဲ့သားတွေက ငြိမ်သက်နေကြတယ်။ သူတို့ ဘာမှမသိကြဘူးလေ။ သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ ရီနေးတားကုမ္ပဏီကို သွားပြီး ထောက်လှမ်းဖို့ မတတ်နိုင်ခဲ့ကြဘူး။ သူတို့ ဒီသတင်းကို သိလိုက်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ အန်ဂိုရာမြို့ရဲ့ သတင်းစာတွေထဲမှာ ရေးထားတာကို ဖတ်မိလို့ပဲ ဖြစ်တယ်။

ဝါနိုက စက္ကန့်အနည်းငယ်လောက် စောင့်ဆိုင်းပြီးနောက် သူမကို နောက်ထပ် ဒဏ်ရာတစ်ခု ထပ်ပေးလိုက်တယ်။

"ငါတို့ရဲ့ ဓါးပြအချို့ သိလာတာကတော့ ရီနေးတားက တောအုပ်ထဲမှာ ရွှေလမ်းမကြီး ဆောက်လုပ်ရေးကို စတင်နေပြီဆိုတာပဲ"

ဘလေဇဲလ်က သူ့ဘက်ကို စူးစိုက်ကြည့်ရင်း လှည့်လာတယ်။ "ဒါပဲလေ" လို့ သူမက ဟိန်းဟောက်လိုက်တယ်။

"ငါ ရီနေးတားကို အလုံးစုံ စစ်ကြေညာတယ်။ ငါတို့ရဲ့ အင်အားအားလုံးကို သုံးပြီး သူတို့ ရွှေလမ်းမကြီး ဆောက်နေတဲ့ တိုးတက်မှုမှန်သမျှကို ဖျက်ဆီးပစ်ကြ"

ဝါနိုက သူ့ရဲ့ ပြတ်တောက်နေတဲ့ လက်ငုတ်တိုလေးကို ကုတ်လိုက်တယ်။

"ငါတို့လူတွေရဲ့ ထက်ဝက်နီးပါးက ပျောက်ဆုံးနေပြီလေ"

ရီနေးတားကို သွားပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ အဲဒီဓါးပြတွေ အားလုံးက ပျောက်ဆုံးသွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး။ အဲဒါက ဘလေဇဲလ်ရဲ့ တောအုပ်အပြင်ဘက်မှာ သွားတိုက်ခိုက်တဲ့ လူမိုက်ဆန်တဲ့ လုပ်ရပ်ကြောင့်ပဲ ဖြစ်တယ်။

"ငါ ဂရုမစိုက်ဘူး။ သွားလုပ်ကြ၊ မဟုတ်ရင် မင်းတို့ အားလုံးကို ငါကိုယ်တိုင် မီးရှို့ပစ်မယ်" လို့ သူမက သတိပေးလိုက်တယ်။

ဝါနိုက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူမရဲ့ အခန်းထဲကနေ ထွက်လာခဲ့တယ်။ စိတ်မကောင်းစရာကတော့ သူက သူ့ရဲ့လူတွေကို အရှုံးပေးရတော့မယ့် တိုက်ပွဲထဲကို ထပ်ပြီး လွှတ်ရဦးမှာပဲ ဖြစ်တယ်။

ဒီအတောအတွင်း မိုက်ကယ်ကတော့ သိပ်ကို အားရကျေနပ်နေပြီး ရီနေးတားနိုင်ငံဆီကို ချက်ချင်းပဲတယ်လီပို့လုပ်ပြီး ပြန်လာခဲ့တယ်။

သူ့ကို လော့လိုက လာရောက်ကြိုဆိုပြီး သူ မရှိတဲ့အချိန်အတွင်းမှာ နတ်သူငယ်တွေ လုပ်သွားတဲ့ အရှုပ်ထုပ်တွေအကြောင်းကို လာရောက်အစီရင်ခံတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူတို့က ခံစားချက်တွေကို တရစပ် လိုက်စားနေကြပြီး သူတို့ အာရုံခံမိတဲ့ ခံစားချက်မှန်သမျှကို ဝါးမြိုနေကြတာပေါ့။ ဒေသခံတွေရော ခရီးသွားဧည့်သည်တွေပါ သူတို့ရဲ့ စိတ်ခံစားချက်တွေကို နှိုးဆွဖို့အတွက် အများစုကတော့ အန္တရာယ်မရှိတဲ့ ကျီစယ်လှည့်စားမှုတွေရဲ့ သားကောင် ဖြစ်ခဲ့ကြရတယ်။ လူတွေက သူတို့ရဲ့ အပေါ်မှာ ထူးဆန်းတဲ့ အလင်းတန်းတွေ ပျံဝဲနေတာကို မြင်ရပြီး ညနက်သန်းခေါင်မှာတောင် အရာရာကို လုပ်ဖို့အတွက် တိုးတိုးတိတ်တိတ် တိုက်တွန်း နှိုးဆော်နေတာတွေကို ကြားရတယ်လို့ လာပြီး တိုင်တန်းကြတယ်။

"ဟူး... ဗီဗီ ဘယ်မှာလဲ" လို့ သူက လော့လိုကို မေးလိုက်တယ်။

အဝါရောင် ဟော့ဘ်မျောက်လူ အကြီးအကဲက မိုက်ကယ့်ကို အခုလောလောဆယ် ပွဲစဉ်ကစားနေတဲ့ ဘေ့စ်ဘောကွင်းဆီကို ခေါ်သွားတယ်။

အဲဒီအချိန်မှာ ညရောက်နေပြီ ဖြစ်လို့ အသင်းနှစ်သင်း ယှဉ်ပြိုင်ကစားနေတဲ့ အားကစားကွင်းရဲ့ မီးမောင်းကြီးတွေကို အပြည့်အဝ ဖွင့်ထားတယ်။ အဲဒါက ကင်းစ်ဘရစ်ချ်ကားသမားများ အသင်းနဲ့ ပရိသတ်အကြိုက် အင်ဂျင်နီယာအသင်းတို့ရဲ့ ပွဲစဉ်ပဲ ဖြစ်တယ်။

ကင်းစ်ဘရစ်ချ်ကားသမားများအသင်းက အခုမှ အသစ်ဖွဲ့စည်းထားတာ ဖြစ်လို့ အသင်းနှစ်သင်းထဲမှာတော့ အားနည်းတဲ့ အသင်းလို့ သတ်မှတ်ခံထားရတာပေါ့။ ဘေ့စ်ဘော အားကစား စတင်ကတည်းက လေ့ကျင့်လာခဲ့တဲ့ အင်ဂျင်နီယာ အသင်းနဲ့ ယှဉ်ရင်တော့ သူတို့ရဲ့ စွမ်းရည်အဆင့်အတန်းက သိသိသာသာကို လိုအပ်နေသေးတယ်။

ဒါပေမဲ့ မိုက်ကယ်က ဧရာမ ရမှတ်ဘုတ်ပြားကြီးကို ကြည့်လိုက်တဲ့အခါ ကိုးကြိမ်မြောက် အလှည့်မှာ ကင်းစ်ဘရစ်ချ်ကားသမားများ အသင်းက ၇ မှတ် ၄ မှတ်နဲ့ ဦးဆောင်နေတာကို တွေ့လိုက်ရလို့ အံ့ဩသွားမိတယ်။

ပရိသတ်အကြိုက် ကြယ်ပွင့်ကစားသမား ဖြစ်တဲ့ အင်ဂျင်နီယာ အသင်းက လူက ဘောလုံးကို ထပ်ပြီး လွဲချော်သွားတဲ့အတွက် ပရိသတ်တွေကြားထဲမှာ ငိုသံတွေနဲ့ စိတ်ပျက်လက်ပျက် အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။ သူက ဒီလောက်အထိ ဆိုးဆိုးဝါးဝါး ကစားနေတာဟာ တကယ့်ကို ထူးဆန်းလွန်းတယ်လေ။

သေချာတာပေါ့၊ မိုက်ကယ်က ဒီကိစ္စတစ်ခုလုံးရဲ့ တရားခံကို မြင်လိုက်ရပြီ။

စိတ်ပျက်နေတဲ့ လူအုပ်ကြီးနဲ့ ကစားသမားတွေ မသိလိုက်ဘဲ ဘေ့စ်ဘောကွင်းထဲမှာ သေးငယ်တဲ့ အလင်းစက်လေးတွေ လှည့်လည်သွားလာနေကြတာ ရှိတယ်။

ဘောလုံးကို ပစ်လိုက်တဲ့ အချိန်တိုင်းမှာ အဲဒီအလင်းစက်တွေထဲက တစ်ခုက နောက်ဆုံးစက္ကန့်မှာ ဘောလုံးရဲ့ လမ်းကြောင်းကို ပြောင်းလဲပစ်လိုက်ပြီး ရိုက်မယ့်သူကို ဘောလုံး လွဲချော်သွားအောင်၊ ဒါမှမဟုတ် ကွင်းပြင်ကလူကို ဘောလုံး ဖမ်းမိသွားအောင် လုပ်နေကြတာပဲ ဖြစ်တယ်။

နတ်သူငယ်တွေက အင်ဂျင်နီယာအသင်းကို ရှုံးအောင် လုပ်နေကြတာကိုး။

အခုတော့ သူတို့ ဘာဖြစ်လို့ ဒါကို လုပ်နေကြလဲဆိုတာ သိပ်ကို ထင်ရှားသွားပြီ။ သူကိုယ်တိုင်က နတ်သူငယ်တစ်ယောက် မဟုတ်ရင်တောင်မှ လူအုပ်ကြီးထဲက ပြင်းထန်တဲ့ စိတ်ပျက်မှုနဲ့ ဝမ်းနည်းမှုတွေကို အာရုံခံမိနေတယ်။ အဲဒါက နတ်သူငယ်တွေအတွက်တော့ စားပွဲကြီး သောက်ပွဲကြီးပဲလေ။

ကံကောင်းတာက ဒါက ချစ်ကြည်ရေးပွဲစဉ်မျှသာ ဖြစ်ပြီး ရမှတ်ဇယား အဆင့်အတန်းအတွက် မသက်ဆိုင်ပါဘူး။ ဒါပေမဲ့လည်း နတ်သူငယ်တွေကတော့ စည်းကျော်သွားခဲ့ပြီ ဖြစ်တယ်။

ချက်ချင်းပဲ သူက အင်ဂျင်နီယာ အသင်းရဲ့ နားနေဆောင်ထဲကို ဝင်သွားခဲ့တယ်။ အားလုံးက သူ့ကို မြင်လိုက်ရလို့ အံ့ဩသွားကြပြီး သူ့ရဲ့ ရှေ့မှောက်မှာ ဦးညွှတ်လိုက်ကြတယ်။

သူက အသင်းရဲ့ ကြယ်ပွင့်ကစားသမားနဲ့ မျက်နှာချင်းဆိုင် တွေ့ရတဲ့အထိ ဆက်ပြီး လျှောက်သွားလိုက်တယ်။ ပြီးတော့ အဲဒီလူရဲ့ ဦးထုပ်ကို လှမ်းကိုင်ပြီး ဆွဲဖယ်လိုက်တဲ့အခါမှာတော့ ဦးထုပ်အောက်မှာ ပုန်းနေတဲ့ ကောက်ကျစ်စဉ်းလဲတဲ့ နတ်သူငယ်လေးတစ်ကောင် ပေါ်ထွက်လာတော့တယ်။

All Chapters