← Chapters

အခန်း (၃၅၃-၃၅၄)

Vol. 30 Ch. 353-354

အခန်း (၃၅၃-၃၅၄)

Vol. 30 Ch. 353-354

အခန်း(၃၅၃)

မိုက်ကယ်နဲ့ ဗီဗီတို့ အဆောက်အအုံထဲ လှမ်းဝင်လိုက်တဲ့အချိန်မှာပဲ စစ်ပွဲတစ်ခုနဲ့ လုံးဝမအပ်စပ်တဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ အဲဒါကတော့ ရယ်မောသံတွေပါပဲ။

"ဟင်... ငါ အနံ့ရနေတယ်... ပျော်ရွှင်ရတဲ့အနံ့... သိပ်စားကောင်းမယ့်ပုံပဲ..."

ဗီဗီက အဆောက်အအုံထဲက လေထုကို တရှုံ့ရှုံ့အနံ့ခံရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။ အထဲမှာရှိတဲ့ လူတွေဆီကနေ ပြင်းထန်တဲ့ ခံစားချက်လှိုင်းတွေ ထွက်ပေါ်နေတာကို သူမ ခံစားရပြီး အဲဒီခံစားချက်တွေကို သွားရောက်စုပ်ယူ စားသောက်ချင်စိတ်တွေ ချက်ချင်း ပေါက်ပွားလာတာပေါ့။

"နေဦး"

မိုက်ကယ်က ဗီဗီရဲ့ အတောင်ပံတွေကို လှမ်းကိုင်ပြီး တားလိုက်တယ်။

"ခံစားချက်တွေကို လျှောက်ပြီး မစားရဘူး"

သူမကို အလေးအနက် သတိပေးလိုက်တာပါ။ ဗီဗီလည်း စိတ်ပျက်လက်ပျက်နဲ့ မိုက်ကယ်ရဲ့ ပုခုံးပေါ် ပြန်ပျံတက်ပြီး နှုတ်ခမ်းလေး ဆူထားလိုက်တော့တယ်။

မိုက်ကယ် အထဲကို ဆက်လျှောက်သွားတဲ့အခါ တစ်နေရာလုံးမှာ ရီနေးတားရဲ့ အရိပ်အဖွဲ့ဝင်တွေ ဝိုင်းအုံနေတာကို မြင်လိုက်ရတယ်။ ဝံပုလွေအော့ခ်တွေနဲ့ လိပ်ပြာဆူးအော့ခ်တွေဟာ အခန်းထဲမှာ ဟိုဟိုဒီဒီ သွားလာနေကြပြီး အချက်အလက်တွေ သိရဖို့ သူတို့ရဲ့ ကိုယ်ပိုင်အရိပ်တွေဆီမှာ မေးမြန်းတိုင်ပင်နေကြတာပေါ့။

ဒီအခန်းကို ပုံစံထုတ်တုန်းက မိုက်ကယ်ဟာ သူ့ရဲ့ ပြီးခဲ့တဲ့ဘဝတုန်းက ကြည့်ခဲ့ဖူးတဲ့ အက်ရှင်ရုပ်ရှင်တွေကို ပြန်တွေးမိခဲ့တာပါ။ ထောက်လှမ်းရေး ဗီဒီယိုတွေ ပြသနေတဲ့ စခရင်တွေအများကြီးရယ်၊ စက္ကန့်တိုင်းမှာ အချက်ပြသံ မြည်နေတဲ့ ရေဒါတွေရယ် ရှိပြီး အလွန်လျှို့ဝှက်တဲ့ အထူးအခန်းကြီးတွေလိုမျိုး ဖြစ်အောင် သူ ဒီအခန်းကို ပုံစံတူ ဖန်တီးခဲ့တာ ဖြစ်တယ်။

သူ့အနေနဲ့ တီဗီတွေကို မတီထွင်ရသေးတာကြောင့် အရိပ်အဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကို အသုံးပြုပြီး နံရံလေးဖက်လုံးမှာ စီစီတီဗီ စခရင်အတုတွေ ဖန်တီးထားရတယ်။

အဲဒီ စခရင်တွေကို ကြည့်ပြီး တခြားအော့ခ်တွေဆီ အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ပြန်လည်ပေးပို့နေတဲ့ အရိပ်ဝံပုလွေတွေလည်း သူတို့ရဲ့ စာပွဲခုံတွေမှာ ရှိနေကြတာပေါ့။

အခန်းရဲ့ အလယ်တည့်တည့်မှာတော့ လွန်ခဲ့တဲ့ညက သူနဲ့ ဂရီးဗ်တို့ အသုံးပြုခဲ့တဲ့ သုံးဖက်မြင် မြေမျက်နှာသွင်ပြင်ပြ မြေပုံကြီး ရှိနေတယ်။

အော့ခ်မျိုးနွယ်စု အကြီးအကဲ နှစ်ယောက်ဖြစ်တဲ့ နာရီတိုနဲ့ ဆာစူကီတို့ဟာ ဒီမြေပုံကို ကြည့်ပြီး သူတို့ရဲ့ အစီအစဉ်တွေကို အချေအတင် ဆွေးနွေးနေကြတာပါ။

"အဆင်ပြေသားပဲ"

သူ့ရဲ့ ဒီဇိုင်းတွေကို အကောင်အထည်ဖော်တာ စနစ်တကျ ရှိလှတာမို့ မိုက်ကယ်က သူတို့ကို ချီးကျူးလိုက်တယ်။

ဒါပေမဲ့ သူတို့က မိုက်ကယ်ရဲ့စကားကို ကြားပုံမရပါဘူး။ အချင်းချင်း အော်ဟစ်အငြင်းပွားနေကြတာနဲ့တင် အလုပ်ရှုပ်နေကြတာကိုး။

"ဗူးတိုတို... ငါ့အထင်တော့ ငါတို့က အဲဒီဓားပြတွေကို အရင်ဆုံး သွားတိုက်သင့်တယ်"

နာရီတိုက သူ့ရဲ့အစွမ်းကို ပြချင်တဲ့အနေနဲ့ ရင်ဘတ်ကို တဖြောင်းဖြောင်းထုရင်း ပြောလိုက်တယ်။

"ဒါက မိုက်မဲတဲ့အလုပ်ပဲ၊ ရားတာတာ... သူတို့ကို ငါတို့ခံတပ်ဆီ လာခွင့်ပြုရမယ်၊ ဒါမှ ငါတို့ရဲ့ အကာအကွယ်တွေကို သုံးပြီး သူတို့အင်အားကို ဖြုန်းတီးပစ်လို့ ရမှာ"

မျိုးနွယ်စုအကြီးအကဲ နှစ်ယောက်ဟာ အကောင်းဆုံး လုပ်ဆောင်ချက်ကို ရှာဖွေဖို့အတွက် နောက်ထပ်တစ်ကြိမ် ဉာဏ်စမ်းပြိုင်ပွဲ ဆင်နွှဲနေကြပြန်ပြီ ဖြစ်တယ်။ အမှန်တော့ ဝံပုလွေအော့ခ် အကြီးအကဲက သူတို့အဖွဲ့ အကျွမ်းကျင်ဆုံးဖြစ်တဲ့ အပြတ်အသတ် တိုက်ခိုက်မယ့် နည်းလမ်းကိုပဲ အကြံပြုမှာပါ။ ဆန့်ကျင်ဘက်အနေနဲ့ လိပ်ပြာဆူးအော့ခ် အကြီးအကဲကတော့ သူတို့အဖွဲ့ အထူးပြုတဲ့ ခံတပ်ကိုပဲ အခြေပြုပြီး အလိုလျောက်အစွမ်းပြတဲ့ ပင်ကိုယ်စွမ်းရည်အတိုင်း ခုခံဖို့ကိုပဲ ပိုသဘောကျတယ်။

ဒါကလည်း ဒီအော့ခ်မျိုးနွယ်စု နှစ်စုဟာ ကနဦးကတည်းက အဆင်မပြေဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပေါ့။

"အို... ပြိုင်ဆိုင်မှုကြီးပါလား... အမုန်းနဲ့ အချစ်၊ သံယောဇဉ်နဲ့ ရန်လိုမှုတွေပေါ့... ဒီလို ခံစားချက်မျိုးတွေက တကယ်ကို ရှားမှရှားပဲ"

ဗီဗီက အော့ခ်အကြီးအကဲ နှစ်ယောက်ရဲ့ အပေါ်ကနေ ပျံဝဲရင်း ပြောလိုက်တယ်။

ဒီစကားကို ကြားတော့ နာရီတိုနဲ့ ဆာစူကီတို့ နှစ်ယောက်လုံး ဗီဗီဘက် လှည့်လာကြတာပေါ့။

"အချစ် ဟုတ်လား... ရယ်စရာပဲ"

"ငါတို့ကြားမှာ ဘာသံယောဇဉ်မှ မရှိဘူး"

ဒီတော့မှပဲ သူတို့က မိုက်ကယ်ကို သတိပြုမိပြီး အရိုအသေပေးလိုက်ကြတယ်။ ဒါပေမဲ့ အဲဒီလို လုပ်နေရင်းတောင် အချင်းချင်း တိုက်ခိုက်ဖို့ကို လက်မနှေးကြပါဘူး။ နာရီတိုက ဆာစူကီကို ကိုယ်လုံးနဲ့ တိုက်ထုတ်ဖို့ ကြိုးစားပြီး ဆာစူကီကလည်း နာရီတိုကို သူ့ရဲ့ဆူးတွေနဲ့ ဆွတ်ဖို့ ကြိုးစားနေတာပေါ့။

"သခင်... ဒီကို ရောက်လာတာ ဝမ်းသာပါတယ်၊ ဒါနဲ့ သူက ဘယ်သူလဲဟင်"

နာရီတိုက မေးလိုက်တယ်။

"သူ့နာမည်က ဗီဗီ တဲ့၊ နတ်သူငယ်တွေထဲက တစ်ယောက်ပေါ့"

"တွေ့ရတာ ဝမ်းသာပါတယ် ဗီဗီ၊ ဒါပေမဲ့ မင်း လုံးဝမှားသွားပြီ၊ ငါတို့နှစ်ယောက်ကြားမှာ ဘာအချစ်မှ မရှိဘူး"

"အဲဒါတော့ ငါလည်း မင်းကို သဘောတူတယ်"

ဗီဗီက ပုခုံးလေး တွန့်ပြလိုက်ပြီး -

"ခံစားချက်ကို သိနိုင်တဲ့ ဘယ်နတ်သူငယ်မဆို ဒါကို အတိုင်းသား မြင်နိုင်တာပဲ၊ ရှင်တို့နှစ်ယောက်က တကယ်တော့ စိတ်ထဲမှာ သူငယ်ချင်းတွေ ဖြစ်ချင်နေကြတာပဲဥစ္စာ"

အော့ခ်အကြီးအကဲ နှစ်ယောက်ဟာ သူတို့ရဲ့ အဆုံးမသတ်နိုင်တဲ့ အငြင်းပွားမှုထဲကို နောက်တစ်ကြိမ် ပြန်နစ်ဝင်သွားကြပြန်တယ်။ ဒီအချိန်မှာတော့ တခြားသော လိပ်ပြာဆူးအော့ခ်တွေနဲ့ ဝံပုလွေအော့ခ် အရိပ်အဖွဲ့ဝင်တွေတောင် ဒီလို အလုပ်အကျွေးပြုရတာကို ငြီးငွေ့နေကြပြီ ဖြစ်တယ်။ သူတို့တွေဟာ ရီနေးတားလူမျိုးတွေ ဖြစ်လာကတည်းက အချင်းချင်းကြားက အမုန်းတရားတွေကို စွန့်လွှတ်ခဲ့ကြပြီးသားပါ။ အကြီးအကဲ နှစ်ယောက်ပဲ အခုထိ သဘောထား ကွဲလွဲနေကြတုန်း ဖြစ်တယ်။

ဗီဗီရဲ့ စကားတွေက မီးလောင်ရာ လေပင့်လိုက်သလိုပါပဲ။

အောက်ကလိအာ ကစားရတာ ဝါသနာပါတဲ့ နတ်သူငယ်မလေးဟာ သူမရဲ့ ရယ်သံကို မထိန်းနိုင်ဘဲ တဟဟ ရယ်မောလိုက်ပြီး ကိုယ်တိုင်လုပ်ခဲ့တဲ့ အလုပ်အတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ လှည့်အကြည့်မှာတော့ မိုက်ကယ်က မျက်မှောင်ကုတ်ပြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

"ဟီးဟီး... အကျင့်ဟောင်းက ဖျောက်ရခက်လို့ပါ"

သူမက ခေါင်းလေး ကုတ်ရင်း ပြောလိုက်တယ်။

"စိတ်မပူပါနဲ့၊ ငါ သူတို့ရဲ့ ခံစားချက်တွေကို မစားလိုက်ပါဘူး"

မိုက်ကယ်အနေနဲ့ သူမကို အသိအမှတ်ပြုပေးရမှာ ဖြစ်တယ်။ သူမက လူတွေရဲ့ ခံစားချက်တွေကို ဖော်ထုတ်ပြသလာအောင် လှုံ့ဆော်တဲ့နေရာမှာ တကယ်ကို တော်လွန်းလှတာကိုး။

"ဒါတွေ ထားလိုက်ပါတော့၊ ဒရာဂွန်ဘွန်းတွေကော ဘယ်မှာလဲ၊ ဖတ်ချ်ကော ဘယ်မှာလဲ၊ ပြီးတော့ ဒီအဆောက်အအုံထဲက ရယ်သံတွေကို ငါ ဘာလို့ ကြားနေရတာလဲ"

သူက မျိုးနွယ်စုအကြီးအကဲတွေကို နောက်ဆုံးမှာ မေးမြန်းလိုက်တယ်။ အကယ်၍ ဒီမှာသာ ဆက်နေရင် ဗီဗီက သူတို့နှစ်ယောက် တကယ် ရိုက်နှက်ကြတဲ့အထိ မြှောက်ပေးနိုင်တာကြောင့်ပါ။

"သူတို့အားလုံး ဟိုဘက်အခန်းထဲမှာ ရှိနေကြတယ်"

လိပ်ပြာဆူးအော့ခ် အရိပ်အဖွဲ့ဝင်တစ်ယောက်က လှမ်းပြောလိုက်တယ်။

"သူတို့က လာမယ့်တိုက်ပွဲအတွက် ပြင်ဆင်နေကြတာမို့ သွားမနှောင့်ယှက်ဖို့ ပြောထားတယ်ဗျ"

မိုက်ကယ် အဲဒီအခန်းဘက်ကို လှမ်းကြည့်လိုက်တယ်။ အခန်းထဲကနေ တိုးတိုးတိတ်တိတ် ရယ်မောသံတွေကလွဲလို့ ဘာမှမကြားရပါဘူး။

"အေးပါ... ပြင်ဆင်နေကြတာ သေချာတာပေါ့"

သူက ရိတဲ့တဲ့ လေသံနဲ့ ပြောလိုက်တယ်။

သူ အခန်းဆီ လျှောက်သွားပြီး တံခါးကို ချက်ချင်း တွန်းဖွင့်လိုက်တဲ့အခါမှာတော့ ဒရာဂွန်ဘွန်းတွေကို တွေ့လိုက်ရတာပေါ့။

"ဟေး... ငါ ပြောထားတယ်လေ သွားမနှောင့်ယှက်... အာ... သခင်... ရောက်လာတာလား..."

"ဟို... သူတို့က သမီးကို အတင်းဆော့ခိုင်းလို့ပါ..."

ရီနေးတားလူမျိုး တိုင်းက ဓားတွေ သွေး၊ ကတုတ်ကျင်းတွေ တူးနဲ့ အလုပ်ရှုပ်နေကြချိန်မှာ ဒီကောင်တွေကတော့ အူနိုဖဲကစားပွဲနဲ့ အလုပ်ရှုပ်နေကြတာ ဖြစ်တယ်။

ဒီလို လူစုပြီး အလုပ်ရှောင်ဖို့ လမ်းစရှာတဲ့နေရာမှာ ဖတ်ချ်ကတော့ အမြဲတမ်း ခေါင်သူကြီးပေါ့။

သူ့ဘေးမှာတော့ ဇိုင်ယွန် ရှိနေပြီး လက်ထဲမှာ အူနိုဖဲချပ်တွေ အများကြီး ရှိနေတာကြောင့် ရှုံးနေတဲ့ပုံပါပဲ။

ပြီးတော့ အံ့ဩစရာကောင်းတာက အရှက်အကြောက်ကြီးတဲ့ ယူမီစုတောင်မှ ဒီလူလည်လေးနှစ်ယောက်ရဲ့ ကစားပွဲထဲ ပါဝင်နေတာ ဖြစ်တယ်။ သူမရဲ့ လက်ထဲမှာ ဖဲနှစ်ချပ်ပဲ ကျန်တော့တာမို့ သူမက နိုင်နေတာပေါ့။

"မိုက်ကယ်... လာဆော့တာ ဝမ်းသာပါတယ်၊ အကယ်၍ ငါ မင်းကို နိုင်ရင် ငါ့ကို ရေခဲမုန့် ဝယ်ကျွေးမှာလား"

ယူနာလည်း ဆော့နေတာပဲ ဖြစ်တယ်။ ဒီနေရာက အန္တရာယ်များလို့ မလာဖို့ သူ ပြောထားခဲ့ပေမဲ့ သူမကတော့ ရောက်အောင် လာခဲ့တာပေါ့။

"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"

သူက သူမကို မေးလိုက်တယ်။

"စိတ်မပူပါနဲ့"

သူမက မိုက်ကယ်ရဲ့ စိုးရိမ်မှုကို ပုခုံးတွန့်ပြရင်း -

"အက်ဂ်နက်စ်လည်း ဒီမှာ ရှိတာပဲ၊ ပြီးတော့ ငါ့ကိုယ်ငါလည်း ကောင်းကောင်း ကာကွယ်နိုင်ပါတယ်၊ မမေ့နဲ့ဦး... ရုပ်ပိုင်းဆိုင်ရာအရ ဆိုရင်တော့ နင့်ထက် ပိုသန်မာတယ်နော်"

မိုက်ကယ် ပြန်ပြောချင်ပေမဲ့ သူမပြောတာက အမှန်ပဲ ဖြစ်နေတယ်။ သူမက ကောင်းကင်ဘုံစစ်သည်တော်တစ်ဦး ဖြစ်ခဲ့ဖူးသူ မဟုတ်လား။

"ခစ်.. ခစ်... သားလေးက အခုကတည်းက အရမ်းတွေ အကာအကွယ်ပေးချင်နေတာလား"

မိုက်ကယ်ဟာ ယူနာ့ဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးကို လှမ်းကြည့်လိုက်ပြီး ဒီလိုနေရာမျိုးမှာ သူ့အမေကို မြင်လိုက်ရတာကြောင့် ဆွံ့အသွားရတယ်။

"မေမေ... မေမေက ဘာလို့ ဒီကို ရောက်နေတာလဲ"

သူမက ဖတ်ချ်တို့ အဖွဲ့နဲ့အတူ အူနိုတောင် ဆော့နေသေးတာ ဖြစ်တယ်

"အမေက သားရဲ့ သူငယ်ချင်းတွေနဲ့ လာမိတ်ဆက်တာလေ၊ အရင်က သားက အမေတို့ကို ပေးလည်း မတွေ့ဘူးဘဲဟာ၊ ပြီးတော့ သားက အမေတို့ဆီ မလာတာလည်း နှစ်တွေအကြာကြီး ရှိလှပြီ၊ အို... စိတ်ပျက်စရာပဲ... အကယ်၍ အမေ့မှာ မိုက်ကယ်တူးသာ အဖော်အဖြစ် မရှိရင် အမေကတော့ ရှိတောင် ရှိတော့မှာ မဟုတ်ဘူး"

သူမက လူတိုင်းကို မိုက်ကယ်ရဲ့ သစ်သားရုပ်ထုလေး ထုတ်ပြလိုက်တဲ့အခါ မိုက်ကယ်ရဲ့ ပါးပြင်တွေ နီမြန်းသွားရတယ်။ ထိုရုပ်ထုကို ဘယ်မှာ သိမ်းထားလဲဆိုတာကိုတောင် သူ မတွေးရဲတော့ပါဘူး။

"အို... ချစ်စရာလေးပဲ"

ယူနာက ပြောလိုက်တယ်။

"သခင်... အဲဒါက သခင်နဲ့ ချွတ်စွတ်တူတာပဲ"

ဖတ်ချ်က လှမ်းစတာပေါ့။

"သမီး... သမီးလည်း တစ်ရုပ်လောက် လိုချင်တယ်..."

ယူမီစုက ရှက်ရှက်နဲ့ တိုးတိုးလေး ပြောတယ်။

"ဟီးဟီး သခင်... သခင်က တကယ် ချစ်စရာကောင်းတာပဲ"

ဂျာကူကလည်း သူ့ကို လောင်လိုက်တာပေါ့။

ဂျာကူကတော့ လက်ထဲမှာ အူနိုဖဲချပ်အချို့ ကိုင်ထားပြီး အိပ်ရာကနိုးခါစ ပုံစံမျိုးနဲ့ ဘေးတစ်ဖက်မှာ လှဲနေတာ ဖြစ်တယ်။

မိုက်ကယ် ဘာဖြစ်နေမှန်း မသိတော့ပါဘူး။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူ့အမေကို ဒီလိုနေရာမျိုးမှာ ရုတ်တရက် မြင်လိုက်ရတာမို့ သူ တကယ်ကို ဆွံ့အသွားရတာ ဖြစ်တယ်။

"မေမေက ဒီကို ဘယ်လိုတောင် ရောက်လာတာလဲ"

"အော်... သားသိတဲ့အတိုင်းပဲပေါ့"

လိုင်လီယာက လက်ကို ယမ်းပြရင်း ပြောလိုက်တယ်။

"အမေက သားတို့ရဲ့ ရီနေးတားတက်စီတစ်စီးကို စီးပြီး အန်ဂိုရာမြို့ကို သွားခဲ့တာ၊ အဲဒီမှာ သား ဒီမှာ ဘာတွေလုပ်နေလဲဆိုတာကို ပြောပြတဲ့ ချစ်စရာကောင်းတဲ့ ယူနာနဲ့ တွေ့ခဲ့တာပေါ့၊ အဲဒါနဲ့ပဲ အမေလည်း သမီးလေးနဲ့အတူ လိုက်လာခဲ့တာ"

"မင်းအဖေက အန်ဂိုရာမြို့မှာ ကျန်ခဲ့တယ်၊ သူ အဆင်ပြေပါတယ်၊ သူက ဒီလိုနေရာမျိုးနဲ့ မအပ်စပ်ပါဘူး"

မိုက်ကယ်က သူ့အမေလည်း ဒီနေရာနဲ့ မအပ်စပ်ပါဘူးလို့ ပြန်ပြောချင်ပေမဲ့ အမေက ဒီနေရာနဲ့ အပ်စပ်တယ်ဆိုတာကို သူ ချက်ချင်း သတိရသွားတယ်။

သူမရဲ့ ဘွဲ့နာမဟာ တစ်ချိန်က အနောက်ဘက်ခြမ်းရဲ့ မြေဒြပ်စင်မှော်ကဝေလို့ အခေါ်ခံခဲ့ရတဲ့ အကြောင်းရင်းတစ်ခု ရှိခဲ့ဖူးတာကိုး။

* * * * * * * *

စာစဉ်(၃၀)

အခန်း(၃၅၄)

မိုက်ကယ် ဘာကြောင့်မှန်းတော့ မသိပါဘူး၊ ဒါပေမဲ့ လူယုတ်မာဓါးပြအဖွဲ့ကို တိုက်ခိုက်ဖို့ ပြင်ဆင်ရမယ့်ကိစ္စက ရီနေးတားရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေအတွက်တော့ ပုံမှန် ဂိမ်းဆော့တဲ့ညတစ်ညလို ဖြစ်လို့နေခဲ့တယ်။

"မေမေ၊ ဒီမှာ တကယ်ကြီး ရှိနေချင်တာ သေချာလို့လား၊ ကျွန်တော်တို့က ဓါးပြတွေကို တိုက်ခိုက်ရမှာနော် သိရဲ့မလား"

"အို... ပေါက်ကရတွေလျှောက်ပြောမနေနဲ့၊ မေမေက တစ်သက်လုံး ဒီဓါးပြတွေနဲ့ပဲ လုံးထွေးလာတာ၊ မင်းအဖေနဲ့ မတွေ့ခင်တုန်းက မေမေက စွန့်စားရှာဖွေသူတစ်ယောက် ဖြစ်ခဲ့တာပဲဥစ္စာ"

မေမေ့လို ကြယ်ခုနစ်ပွင့်မှော်ဆရာမတစ်ယောက်ဟာ လာမယ့်တိုက်ပွဲမှာ တော်တော်လေး အားကိုးရမယ့် အင်အားကြီးတဲ့သူတစ်ယောက် ဖြစ်လာမှာပဲဆိုတဲ့ အချက်ကိုတွေးပြီး မိုက်ကယ် တစ်ကိုယ်တည်း ဖြေသိမ့်လိုက်မိတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင်တော့ မေမေ့ကို စစ်တလင်းနဲ့ နီးနီးနားနားမှာတောင် မရှိစေချင်တာပါ။

"လာပါ သားလေးရဲ့၊ ဒီမှာ အူနို လာဆော့စမ်းပါ"

ဒီမှာတင် တံခါးပွင့်လာပြီး ရှီနာ အထဲကို ဝင်လာခဲ့တယ်။ သူတို့အားလုံးကို မှာထားတဲ့အတိုင်း ပြင်ဆင်မှုတွေမလုပ်ဘဲ အူနိုထိုင်ဆော့နေကြတာကို မြင်လိုက်ရတဲ့အခါ ရှီနာ့ခြေလှမ်းတွေ ဆတ်ခနဲ ရပ်တန့်သွားတော့တာပဲ။

"ဇိုင်ယွန်၊ အဲဒီဖဲချပ်တွေကို သိမ်းလိုက်ဖို့ ငါပြောထားတယ် မဟုတ်လား"

"ဒါပေမဲ့ အမကြီးရာ၊ ဒီမှာ ဆော့စရာဂိမ်းလည်းမရှိဘဲနဲ့ ပျင်းစရာကြီးဟာ"

ရှီနာက မိုက်ကယ်ဘက်ကို လှည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ကြောက်စရာမျက်နှာပေးကြီးကို တည်ငြိမ်တဲ့မျက်နှာအဖြစ် ချက်ချင်းပဲ ပြောင်းလဲလိုက်ပါတယ်။

"တောင်းပန်ပါတယ် သခင်မိုက်ကယ်၊ ကျွန်မ ဒီအသုံးမကျတဲ့ မောင်နှမတွေကို သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို အသွားသွေးထားဖို့ ပြောနေတာပါ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ..."

သူမရဲ့ သွားတွေကြားကနေ ဒေါသတွေ တလိပ်လိပ်ထွက်နေတာကို မိုက်ကယ် မြင်နေရတယ်။

"ရပါတယ်" လို့ မိုက်ကယ်က သူမကို ပြောလိုက်တယ်။ "မနက်ဖြန် တိုက်ပွဲအတွက် အားလုံးအဆင်သင့်ဖြစ်နေအောင် တစ်ခါတလေ ဒီလိုမျိုး စိတ်အပန်းဖြေတာလည်း ကောင်းတာပဲ မဟုတ်လား"

မဖြစ်သေးတဲ့ အရာတစ်ခုအတွက် ကြိုပြီးပူပန်နေလို့လည်း အပိုပဲလေ။ ဒါကြောင့် ဖဲချပ်တချို့ ဆော့လိုက်တာက အချိန်ကုန်တာလည်း မြန်စေသလို လူတိုင်းကိုလည်း နိုးနိုးကြားကြား ရှိနေစေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်မှာပါ။

"ဟုတ်တာပေါ့ ရှီနာလေးရဲ့၊ ဒီကိုလာပြီး မေမေ့ဘေးမှာ လာထိုင်" လို့ လိုင်လီယာက သူမဘေးက ကြမ်းပြင်ကို ပုတ်ပြရင်း ပြောလိုက်တယ်။

အဖြူရောင်အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းမလေးဟာ လိုင်လီယာ့ဘေးနား သွားထိုင်ဖို့ မဝံ့မရဲလေး ပြုံးလိုက်မိတယ်။ ဒါဟာ သူမအတွက်တော့ သိပ်ကိုကြီးမားတဲ့ ဂုဏ်ယူစရာတစ်ခုပဲလေ။

"ရှူး... အမကြီးက တိုက်ပွဲအတွက် ပြင်ဆင်စေချင်တာ မှတ်နေတယ်၊ ဖဲချပ်ဆော့ဖို့ မဟုတ်ဘူးထင်လို့" ဂျာကူက သူမရဲ့ အရေခြုံမှုကို ထိုးဆွပြီး စနောက်လိုက်ပေမဲ့ ရှီနာကတော့ လုံးဝဥဿုံ လျစ်လျူရှုထားလိုက်တယ်။

"ကဲ ကဲ၊ ထားလိုက်တော့၊ အူနို ဆော့ကြစို့" ဖတ်ချ်က အော်ပြောလိုက်ပြီး ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ဖဲချပ်တွေကို သူ့ရဲ့ အရိပ်တွေသုံးပြီး လှမ်းယူကာ သူ့ရဲ့ စလိုင်းမ်ခန္ဓာကိုယ်ထဲ မျိုသွင်းလိုက်တယ်။

ဖဲချပ်တွေက ဖတ်ချ်ရဲ့ ဗိုက်ထဲကနေ ပြန်ထွက်မလာခင် သူ့ရဲ့ ခရမ်းရောင် တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာတဲ့ ဂျယ်လီခန္ဓာကိုယ်ထဲမှာ သေသေသပ်သပ်နဲ့ မွှေနှောက် စီရီသွားတာကို လူတိုင်း မြင်လိုက်ရတယ်။

"လာစမ်းပါ၊ လာစမ်းပါ၊ ငါ့ကို ပလပ်စ်ဖိုး ကတ်လေး ပေးစမ်းပါ" ဇိုင်ယွန်က စိတ်လှုပ်ရှားစွာနဲ့ လက်ဝါးနှစ်ဖက်ကို ပွတ်ရင်း အော်လိုက်တယ်။

"ဘယ်သူမှ မခိုးနိုင်အောင် ဒီဖဲချပ်တွေကို ငါပဲ ဝေမယ်" ရှီနာက ဇိုင်ယွန် လက်မလှမ်းနိုင်ခင် ဖဲချပ်ထုပ်ကို ဆွဲယူပြီး ပြောလိုက်တယ်။

ထပ်ပြီး မွှေနှောက်ပြီးတဲ့နောက်မှာတော့ ရှီနာက ကစားသမားတွေကြားထဲ ဖဲချပ်တွေကို ညီတူညီမျှ ဝေပေးလိုက်တယ်။

"နင် ဆော့မှာလား" လို့ ဘေးနားက ကြမ်းပြင်ပေါ်မှာ လှဲနေဆဲဖြစ်တဲ့ ဂျာကူကို သူမက လှမ်းမေးလိုက်တယ်။

"အေး အေး၊ ငါ့ကိုလည်း ကတ်ဝေပေးလိုက်"

သူတို့အားလုံး ဝိုင်းဖွဲ့ပြီး ထိုင်နေကြတယ်။

လက်ယာရစ်အတိုင်း ကစားသမားတွေရဲ့ တည်နေရာကတော့ အခုလို ဖြစ်ပါတယ် -

ထိပ်ဆုံးမှာ ဇိုင်ယွန်၊ သူ့ဘေးမှာ ရှီနာ၊ ပြီးတော့ လိုင်လီယာ၊ ယူမီစု၊ ယူနာ၊ အဲဒီနောက် မိုက်ကယ်၊ ဂျာကူ၊ ဖတ်ချ် ဖြစ်ပြီး ပြီးတော့ ဇိုင်ယွန်ဆီ ပြန်ရောက်သွားတာပေါ့။

ခြုံပြောရရင်တော့ ဒီအူနိုဂိမ်းမှာ ကစားသမား ကိုးယောက် ရှိနေတာပဲ။

မကြာခင်မှာပဲ လူတိုင်းရဲ့လက်ထဲမှာ ကတ် ခုနစ်ချပ်စီ ရှိနေကြပြီး ကတ်တွေကတော့ အရောင်တွေ၊ ဂဏန်းတွေ အသီးသီး ကွဲပြားနေသလို စကစ်ပ်ကတ်၊ ရီဗာ့စ်ကတ်၊ ပလပ်စ်တူးကတ်၊ ပလပ်စ်ဖိုးကတ်နဲ့ ဝိုင်းလ်ကာလာကတ်တို့လို ထူးခြားတဲ့ ကတ်အချို့လည်း ပါဝင်နေတယ်။

ဒီဂိမ်းရဲ့ ရည်ရွယ်ချက်ကတော့ မိမိလက်ထဲက ကတ်အားလုံးကို ဖဲပုံထဲ အကုန်ချနိုင်တဲ့ ပထမဆုံးလူ ဖြစ်ဖို့ပါပဲ။

အမှန်တော့ ကစားသမားတွေအနေနဲ့ တစ်လှည့်စီမှာ ကတ်တစ်ချပ်ပဲ ချခွင့်ရှိပြီး ချမယ့်ကတ်ဟာ အရင်ချထားတဲ့ကတ်ရဲ့ အရောင် ဒါမှမဟုတ် ဂဏန်းတူညီမှု ရှိရမှာ ဖြစ်တယ်။

"ဟာသပဲ၊ ဒါတွေက သိပ်ကောင်းတဲ့ ကတ်တွေပဲဟ" ဇိုင်ယွန်က ကြေညာလိုက်တယ်။

"ဟိုဟိုဟို... ငါ့ကတ်တွေလည်း မဆိုးပါဘူး..." ဖတ်ချ်ကလည်း ကြောက်စရာကောင်းတဲ့ လေသံနဲ့ ပြောလိုက်တယ်။

ဂိမ်းစတင်ဖို့အတွက် ရှီနာက ဖဲထုပ်ထဲကနေ ကတ်တစ်ချပ် ဆွဲထုတ်ပြီး ဖဲပုံကို စတင်လိုက်တယ်။

အဲဒါက အပြာရောင် ဂဏန်း ၆ ဖြစ်ပြီး ကစားသမားတွေအနေနဲ့ အပြာရောင်ကတ် ဒါမှမဟုတ် ဂဏန်း ၆ ပါတဲ့ ကတ်တွေကိုပဲ ချရမယ်လို့ အဓိပ္ပာယ်ရတယ်။

ဂိမ်းက လက်ယာရစ်အတိုင်း စတာမို့လို့ ဖတ်ချ်က အပြာရောင် သုညကို အရင်ချပြီး စလိုက်တယ်။ အဲဒီနောက် ရှီနာက အပြာရောင် ၃ ကို ချလိုက်တယ်။

အခု လိုင်လီယာ့အလှည့် ရောက်ပြီ ဖြစ်တယ်။

"မိုက်ကယ် သားလေး၊ သားဆီမှာ အဝါရောင်ကတ် ပါလား"

မိုက်ကယ် ရှက်ကိုးရှက်ကန်းနဲ့ သူ့ခေါင်းကို သူ ပုတ်လိုက်မိတယ်။

"မေမေရာ၊ ဒီဂိမ်းက အဲဒီလို ဆော့တာ မဟုတ်ဘူးလေ၊ ဒါက ပြိုင်ပွဲလေဗျာ"

"အမလေး... မေမေ့သားမှာ ဂိမ်းဆော့ဖို့ ကတ်ရှိရဲ့လားဆိုတာ သိချင်လို့ မေးမိတာကိုပဲ ခွင့်လွှတ်ပါတော့ရှင်" လို့ ပြောရင်း သူမက အဝါရောင် ၃ ကို ချလိုက်ပြီး ဖဲပုံတစ်ခုလုံးရဲ့ အရောင်သတ်မှတ်ချက်ကို ပြောင်းလဲပစ်လိုက်တယ်။

ယူမီစု ချတယ်၊ ပြီးတော့ ယူနာ၊ အဲဒီနောက် မိုက်ကယ်၊ ပြီးတော့ ဂျာကူဆီ ရောက်သွားတဲ့အခါ ဂျာကူက ပထမဆုံး အက်ရှင်ကတ်ဖြစ်တဲ့ အဝါရောင် ပလပ်စ်တူးကတ်ကို ချလိုက်ပါတော့တယ်။

ဒီအက်ရှင်ကတ်ကြောင့် ဖတ်ချ်အနေနဲ့ ဖဲထုပ်ထဲကနေ ကတ်နှစ်ချပ် ဆွဲရတော့မှာ ဖြစ်တယ်။ ဒါပေမဲ့ ဖတ်ချ်က သူ့ရဲ့ အနီရောင် ပလပ်စ်တူးကတ်ကို ထပ်ချလိုက်တာကြောင့် ဒီဝန်ထုတ်ဝန်ပိုးကြီးက နောက်ကစားသမားဆီ ပြောင်းရွှေ့သွားခဲ့တယ်။

အခုတော့ ဇိုင်ယွန် ဒုက္ခရောက်ပြီပေါ့။ သူက ဖဲထုပ်ထဲကနေ ကတ် လေးချပ်တောင် ဆွဲရတော့မှာလေ။

ဒါပေမဲ့ သူ့မှာလည်း ပလပ်စ်တူးကတ် ရှိနေတာ ဖြစ်နေပြန်ရော။

"ငါ့မှာလည်း ရှိတယ်ဟေ့" လို့ ပြောပြီး အစိမ်းရောင် ပလပ်စ်တူးကတ်ကို ချလိုက်တယ်။

"အူး..." ရှီနာ ညည်းတွားလိုက်မိတယ်။ သူမဆီမှာ ဒီအဆင့်ကို ဆက်ဖို့ ပလပ်စ်တူးကတ် ရှိမနေတာကြောင့် ဖဲထုပ်ထဲကနေ ပေါင်းစပ်ကတ် ခြောက်ချပ်တောင် ဆွဲရတော့မှာ ဖြစ်ပြီး သူမရဲ့ လက်ရှိကတ်တွေက နှစ်ဆတိုးသွားတော့မှာ ဖြစ်တယ်။

ဇိုင်ယွန်က တစ်ကိုယ်တည်း တဟီးဟီးရယ်ပြီး သူ့အမကြီးကို လျှာထုတ်ပြလိုက်တယ်။ "ဟီး..ဟီး... ဒါကြောင့် အမကြီးက ကျွန်တော်တို့နဲ့ ပိုဆော့သင့်တာဗျ၊ အမကြီးက အူနို လေ့ကျင့်မှု အားနည်းသေးတယ်"

သူမက သူ့ကို စိုက်ကြည့်လိုက်ရာ မျက်လုံးတွေက အနီရောင်တောင်တောက်လာမတတ်ပဲ။ ရှီနာတစ်ယောက် သူမရဲ့ လေးနဲ့ မြှားကို ထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့တောင် မိုက်ကယ် ကျိန်ဆိုရဲတယ်။

ဒါပေမဲ့ ဇိုင်ယွန်ကတော့ လက်လျှော့မယ့်ပုံ မပေါ်ဘူး။

"ဘာဖြစ်လဲ၊ ကျွန်တော်တို့က ပျော်အောင် ဆော့နေတာပဲဟာ" လို့ သူ့လက်တွေကို နောက်ပစ်ရင်း ပြောလိုက်တယ်။

"ပြဿနာက နင် ဒီမှာ ပျော်နေတဲ့အချိန်မှာ ငါက နင်လုပ်ရမယ့် အလုပ်တွေအားလုံးကို လိုက်ရှင်းပေးနေရတာ၊ အဲဒါက ထားပါတော့၊ နင်က မစ္စအက်ဂ်နက်စ်နဲ့တောင် မှန်မှန် လေ့ကျင့်မှု မလုပ်တော့ဘူး မဟုတ်လား"

ယူနာက သူတို့စကားထဲ ဝင်မစွက်ဖက်ချင်ပေမဲ့ ရှီနာ ပြောတာက မှန်နေတယ်။ ဇိုင်ယွန်က မနက်စောစော လေ့ကျင့်ခန်းတွေကို ခဏခဏ ပျက်ကွက်နေတာကြောင့် သူမရဲ့ အော့ခ်စစ်သည်တော်က တော်တော်လေး စိတ်ပျက်နေတာလေ။

"တောက်" ဇိုင်ယွန်က တောက်ခေါက်လိုက်တယ်။

"ကျွန်တော်က အချိန်ပြည့် လေ့ကျင့်မနေချင်ဘူး၊ လေ့ကျင့်ဖို့လည်း မလိုဘူး၊ လူတချို့ကို လက်သီးနဲ့ ထိုးလိုက်ရုံနဲ့ အားလုံးက ပြေလည်သွားတာပဲဟာ"

"အဲဒါ နင့်ရဲ့ ပြဿနာပဲပေါ့" ရှီနာက အော်ပြောလိုက်တယ်။

"နင်က နင့်ရဲ့ စွမ်းရည်တွေအပေါ် ယုံကြည်မှု လွန်ကဲနေပြီး ပိုတော်လာအောင် လေ့ကျင့်မှု မလုပ်ဘူး၊ နင်က ငါတို့အားလုံးထက် အများကြီး ပိုသန်မာနိုင်တဲ့သူ ဖြစ်နေလို့"

ဆန်းကြယ်တဲ့ ပါရမီရှင် အဆင့်အတန်းအရ ဇိုင်ယွန်ဟာ သူ့ရဲ့ ဒရာဂွန်ဘွန်း မောင်နှမတွေထဲမှာ တကယ်ပဲ ပါရမီအရှိဆုံးသူ ဖြစ်တယ်။ အဲဒီအချက်ကြောင့်ပဲ လေ့ကျင့်မှု၊ ကျင့်စဉ်၊ စွမ်းရည်တွေနဲ့ မန္တန်တွေ အားလုံးက သူ့အတွက်တော့ အလွယ်တကူ ရရှိနိုင်ခဲ့တာပေါ့။

ဒါပေမဲ့ ဇိုင်ယွန်က မပြောင်းလဲချင်ဘူး၊ သူက ဆော့ပဲ ဆော့နေချင်တာ။

"အဲဒါ အမကြီးရဲ့ တာဝန်ပဲလေ"

မောင်နှမနှစ်ယောက် ထပ်ပြီး အငြင်းပွားကြပြန်တာကြောင့် ဂိမ်းက လမ်းခုလတ်မှာတင် ရပ်တန့်သွားခဲ့ရတယ်။

မိုက်ကယ် တစ်ခုခု ပြောချင်ပေမဲ့ သူ့မေမေက ယူနာ့ဘေးနား တိုးကပ်သွားပြီး ပြုံးပြုံးလေးနဲ့ တိုးတိုးလေး ကပ်ပြောနေတာကို မြင်လိုက်ရတယ်။

"...အဲဒါကြောင့် သမီး ဘယ်လိုထင်လဲ၊ မေမေ့သားက တော်တော်လေး အရည်အချင်းရှိတယ် မဟုတ်လား" လို့ သူမက ပြောနေတယ်။

"ကျွန်မလည်း ထင်ပါတယ်" လို့ ယူနာက ပြန်ဖြေလိုက်တယ်။

"သူက ရီနေးတားကုမ္ပဏီကို တကယ်ပဲ အကောင်းဆုံး လုပ်ဆောင်ထားတာပါ"

"ဟဲဟဲ၊ ဒါပေါ့၊ ဒါပေါ့၊ သူက မေမေ့ဆီကနေ မှော်ပါရမီကို ဆက်ခံထားပြီး သူ့အဖေဆီကနေ စီးပွားရေးအမြင်ကို ရထားတာလေ၊ ဗန်ဒါဘစ်တွေအားလုံးထဲမှာ အတော်ဆုံးလို့တောင် သတ်မှတ်လို့ရတယ်။ ပြီးတော့ သမီး ယူနာ၊ သမီးကလည်း မောင့်ဂိုမာရီ ကလေးတွေအားလုံးထဲမှာ အတော်ဆုံးလို့ သတ်မှတ်ခံထားရတာ မဟုတ်လား"

ယူနာက အနေရခက်စွာနဲ့ ရယ်လိုက်မိတယ်။ "ထင်တာပဲရှင်၊ ဟိ ဟိ"

"ဒါဆိုရင် သမီးနဲ့ မိုက်ကယ်နဲ့သာ ဆိုရင်တော့ သိပ်ကိုကောင်းမွန်၊ မဟုတ်ဘူး၊ သိပ်ကို ပြီးပြည့်စုံသွားမှာ…"

"ဘာလဲဗျာ၊ ကျွန်တော်က ယူနာနဲ့ စကားပြောနေရုံတင်ပါ"

"စကားပြောတာ ဟုတ်လား၊ မင်းက ကြော်ငြာနေတာနဲ့ ပိုတူပါတယ်"

ဘယ်လိုဖြစ်သွားတယ်မသိ၊ မိုက်ကယ်လည်း သူ့မေမေနဲ့ အငြင်းပွားမှုထဲ ပါဝင်ပတ်သက်သွားခဲ့ရတယ်။

ဂိမ်းက ဂိမ်းတစ်ခု မဟုတ်တော့ဘဲ နှစ်ဖက်စလုံးကနေ အကြီးအကျယ် အငြင်းပွားနေကြတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်လို့သွားပါတော့တယ်။

All Chapters