← Chapters

အခန်း (၃၅၇-၃၅၈)

Vol. 30 Ch. 357-358

အခန်း (၃၅၇-၃၅၈)

Vol. 30 Ch. 357-358

အခန်း(၃၅၇)

ယောက်ျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့က လူစုပြီး သူတို့အချင်းချင်း ပြိုင်ပွဲအတွက် ပြင်ဆင်နေကြတုန်းမှာပဲ နာရီတိုနဲ့ ဆာစူကီတို့ နှစ်ယောက်စလုံးဟာ သူတို့ဆီ ဦးတည်လာနေတဲ့ ပထမဆုံး ဓားပြလှိုင်းကို သွားရောက်နှိမ်နင်းဖို့ သူတို့ရဲ့ အော့ခ်တွေကို အမိန့်ပေးလိုက်ကြတယ်။

“ဘူတိုတို”

နာရီတိုက အော်ဟစ်လိုက်ရင်း သူ့ရဲ့ အမွှေးအမှင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ပေါင်တွေကို လက်ဝါးနဲ့ ရိုက်ပြီး သူ့လူတွေကို နှုတ်ဆက်လိုက်တယ်။

ဒီအော့ခ်တွေကတော့ ရီနေးတားရဲ့ အရိပ်အဖွဲ့ထဲမှာ မတူညီတဲ့ အဆင့်အတန်းတွေ အသီးသီး ရှိကြတဲ့ ဝံပုလွေအော့ခ်တွေပဲ ဖြစ်တယ်။ သူတို့ထဲမှာ အဆင့်မြင့်အရိပ်အော့ခ် ၅ ကောင်၊ အလယ်အလတ်အဆင့် အရိပ်အော့ခ် ၁၃ ကောင်နဲ့ အဆင့်နိမ့်အရိပ်အော့ခ် ၂၀ ကောင်လောက် ပါဝင်ပြီး အားလုံးက နာရီတိုအပေါ် သစ္စာရှိကြတယ်။ ဒီလူတွေက သူမျိုးနွယ်စုရဲ့ အော့ခ်ခေါင်းဆောင်လေး ဘဝကတည်းက သူ့နောက်ကို တကောက်ကောက် လိုက်ပါလာခဲ့တဲ့ စိတ်ချရတဲ့ လက်ရုံးတွေပေါ့။

“ဘူတိုတို”

သူတို့ကလည်း နာရီတိုကို ပြန်ပြီး အလေးပြုကြတယ်။

“ငါတို့သခင်က ရန်သူတွေရဲ့ ရင်ထဲကို ပထမဆုံး ခြောက်လှန့် ထိတ်လန့်စေမယ့် ဂုဏ်ထူးဆောင်တာဝန်ကို ငါတို့ကို အပ်နှင်းလိုက်တယ်”

နာရီတိုရဲ့ လူတွေက ပြုံးလိုက်ကြပြီး မျှော်လင့်ချက်တွေနဲ့ ရင်ဘတ်ကို သာသာလေး ပုတ်လိုက်ကြတယ်။

သူက ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ပြီး မြေပုံကို အာရုံစိုက်ကြည့်နေတဲ့ သူ့ရဲ့ ပြိုင်ဘက် ဆာစူကီကို ခိုးကြည့်လိုက်တယ်။

“မင်းတို့အားလုံး အရင်ဆုံး တိုက်ခိုက်ပြီး ဒီဂုဏ်ပုဒ်ကို ရအောင်ယူရမယ်။ ဆာစူကီရဲ့ လူတွေကို ဒီအောင်ပွဲကို လုံးဝ မပေးလိုက်စေနဲ့။ လိုအပ်ရင် သူတို့ကို နှောင့်ယှက် ဖျက်ဆီးပစ်လိုက်။ သွားကြစို့၊ ငါတို့ ဝံပုလွေအော့ခ်တွေက အရိပ်အဖွဲ့ထဲမှာ အတော်ဆုံး အထက်တန်းကျဆုံး အော့ခ်မျိုးနွယ်တွေဆိုတာ ရီနေးတား သိအောင် သက်သေပြလိုက်ကြစို့”

“ဘူတိုတို”

သူတို့အားလုံး အော်ဟစ်လိုက်ကြပြီး အရိပ်တွေအဖြစ် ပြောင်းလဲကာ ဘေးပတ်ပတ်လည်က တောအုပ်ထဲကို ပျောက်ကွယ် သွားကြတော့တယ်။

* * * * * * * *

တစ်ချိန်တည်းမှာပဲ ခံတပ်ရဲ့ ဆန့်ကျင်ဘက် အခြမ်းမှာတော့ ဆာစူကီက နာရီတိုရှိတဲ့ဘက်ကနေ ဖြည်းဖြည်းချင်း ကျောခိုင်းလိုက်တယ်။

သူ့ဘေးနားက သစ်ပင်တွေ ပတ်ပတ်လည်မှာတော့ လိပ်ပြာဆူးအော့ခ်တွေက သူ့ရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြတယ်။ သစ်ပင်တွေပေါ်မှာ ဇောက်ထိုး ဆွဲလဲခိုနေတဲ့ ကောင်တွေ ရှိသလို၊ မျက်နှာမှာ ရွှံ့တွေလူးပြီး မြေကြီးပေါ် လှဲနေတဲ့ ကောင်တွေလည်း ရှိတယ်၊ ပြီးတော့ လူမြင်ကွင်းမှာတင် အလွယ်တကူ ပုန်းကွယ်နေတဲ့ ကောင်တွေတောင် ပါသေးတယ်။

“ရာတာတာ”

ဆာစူကီက အော်လိုက်ရင်း စူးရှတဲ့ အသံတစ်သံ ထွက်ပေါ်လာအောင် သူ့ခန္ဓာကိုယ်အနှံ့က ဆူးချွန်တွေကို တီးခတ်လိုက်တယ်။

သူ့ရဲ့ လိပ်ပြာဆူးအော့ခ်တွေက ဒီအသံကို ကြားတာနဲ့ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ကြပြီး တစ်ကောင်နဲ့တစ်ကောင် ဆူးချင်း ထိခတ်မိရာကနေ တုန်ခါနေတဲ့ အသံတွေ ပြန်လည် ထွက်ပေါ်လာစေတယ်။

“ငါ့လူတို့။ ဒါက ရီနေးတားကို ငါတို့ရဲ့ အစွမ်းပြသဖို့ အခွင့်အရေးပဲ။ မင်းတို့ရဲ့ အသက်တွေနဲ့ ရင်းပြီး ကာကွယ်ကြ။ အဲဒီဓားပြတွေကို ရွှေလမ်းမကြီး အနားကို လုံးဝ အကပ်မခံနဲ့။

ဒါပေမဲ့ အရေးကြီးဆုံးကတော့ အဲဒီ ဝံပုလွေအော့ခ်တွေရဲ့ ဖမ်းဆီးခြင်းကို မခံရစေနဲ့။ လိုအပ်ရင် သူတို့ကို တွေဝေသွားအောင် လုပ်ပစ်၊ ဒီဂုဏ်ထူးဆောင် အခွင့်အရေးက နာရီတိုဆီ လုံးဝ ရောက်မသွားစေနဲ့”

အော့ခ်ခေါင်းဆောင် နှစ်ယောက်စလုံးဟာ တစ်ယောက်အစီအစဉ်ကို တစ်ယောက် မသိဘဲ ပုံမှန်ဘောင်ထက် ကျော်လွန်တဲ့ ကိုယ်ပိုင် အစီအစဉ်တွေနဲ့ အတွေးကိုယ်စီ ရှိနေကြတာပေါ့။

ဒါက လိပ်ပြာဆူးအော့ခ်တွေနဲ့ ဝံပုလွေအော့ခ်တွေထဲက ဘယ်သူက ပိုပြီး တော်လဲဆိုတာကို ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့တယ်။

* * * * * * * *

တစ်ချိန်တည်းမှာပဲ တောနက်ကြီးရဲ့ အထဲမှာတော့ ချုံပုတ်တစ်ခု လှုပ်ခတ်သွားပြီး တောအုပ်မြေပြင်ကနေ ဓားပြတစ်ယောက် ထွက်လာတယ်။ သူ့မျက်နှာမှာ ရွှံ့တွေ သုတ်လိမ်းထားပြီး သစ်ရွက်တွေ ပတ်ယှက်နေတဲ့ သူ့ရဲ့ အညိုရောင် ဝတ်စုံက ဘေးပတ်ဝန်းကျင်နဲ့ တစ်သားတည်း ဖြစ်နေတာပေါ့။

သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ဘယ်သူမှ မရှိတာ သေချာတော့မှ အခြားလူတွေကို အချက်ပြဖို့ မြေကြီးကို သာသာလေး နင်းလိုက်တယ်။

မကြာခင်မှာပဲ သူ့ဘေးနားကနေ ဘယ်ကမှန်းမသိဘဲ နောက်ထပ် ဓားပြနှစ်ယောက် ထွက်လာပြန်တယ်။ သူတို့ ထွက်လာတဲ့ မြေတွင်းဝက ဖြည်းဖြည်းချင်း ပြန်ပိတ်သွားပြီး အပေါက် ရှိခဲ့ဖူးတဲ့ အရိပ်အယောင်တောင် မကျန်ခဲ့ဘူး။

ဒါကတော့ ဓားပြတွေရဲ့ မြေအောက်ဂူစနစ် ဖြစ်ပြီး လူတွေရဲ့ မျက်စိအောက်ကနေ တောအုပ်ကို ဖြတ်သန်း သွားလာဖို့ အသုံးပြုကြတာ ဖြစ်တယ်။ တောအုပ်ထဲကို ဒီလိုမျိုး လျှို့ဝှက်စွာ ဖြတ်သန်းသွားလာနိုင်တဲ့ နည်းလမ်းကတော့ တခြားသူတွေဆီက မဟုတ်ဘဲ နတ်သူငယ်တွေဆီက လာတာ ဖြစ်ပြီး ဓားပြတွေကို လူတွေကို ပိုပြီး ခြောက်လှန့်နိုင်အောင် ကူညီပေးဖို့အတွက် သူတို့က ကောင်းချီးပေးထားတာပေါ့။

ဓားပြတစ်ယောက်က ရှေ့ကို ဆက်တိုးဖို့ လက်ဟန်နဲ့ အချက်ပြလိုက်ပြီး မကြာခင်မှာပဲ အားလုံးက ရှေ့ကို ဆက်လျှောက်သွားကြတယ်။

ဓားပြ ၁၀ ယောက်လောက် ထွက်လာပြီး ချုံပုတ်တွေနဲ့ သစ်ပင်တွေကြားထဲမှာ လျှို့ဝှက်စွာ လျှောက်လှန့်နေကြတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ အဝေးကနေ လူတွေ ဖန်တီးထားတဲ့ ခံတပ်ကြီးတစ်ခုကို လှမ်းမြင်လိုက်ရတယ်။

ဓားပြတွေရဲ့ မျက်လုံးတွေ ပြူးကျယ်သွားကြပြီး ရီနေးတားဆီကနေ ဒီလောက်ကြီးမားကျယ်ပြန့်တဲ့ တည်ဆောက်မှုမျိုးကို ရှင်းရှင်းလင်းလင်း မမျှော်လင့်ထားခဲ့ကြဘူး။ လမ်းတင် ရှိတာ မဟုတ်ဘဲ နံရံတွေနဲ့ ကာရံထားတဲ့ ခံတပ်ကြီးပါ ရှိနေတာကိုး။

သူတို့အားလုံးဟာ နောက်ထပ် ဘာဆက်လုပ်ရမှန်း မသိဘဲ သူတို့ရဲ့ ခေါင်းဆောင်ကို ကြည့်လိုက်ကြတယ်။

ဒီတစ်ကြိမ် သူတို့ရဲ့ မစ်ရှင်က တောအုပ်ထဲမှာ ဆောက်ထားတဲ့ လမ်းမှန်သမျှကို ဖျက်ဆီးပြီး ရွှေလမ်းမကြီးကို နှောင့်ယှက် ဖျက်ဆီးဖို့ပဲ ဖြစ်တယ်။ သူတို့က ကွန်ကရစ်လို့ ခေါ်တဲ့ ထူးဆန်းတဲ့ အရည်အရောအနှောကို ဖျော်ပြီး ပြောင်းလဲပစ်ဖို့အထိ တာဝန်ပေးအပ်ခြင်း ခံထားရတာ ဖြစ်ပြီး သူတို့ရဲ့ အလွယ်တကူ တည်ဆောက်နိုင်မယ့် အခွင့်အရေးမှန်သမျှကို ဖျက်ဆီးဖို့ ဖြစ်တယ်။

“ငါတို့ ဘာလုပ်ကြမလဲ”

ဓားပြတစ်ယောက်က မေးလိုက်တယ်။

“ငါတို့ မစ်ရှင်ကို ဆက်လုပ်ရမယ်။ ကြည့်စမ်း၊ ငါတို့ကို တားဆီးမယ့်သူ တစ်ယောက်မှ မရှိဘူး”

ဒီခံတပ်ပတ်ပတ်လည်မှာ မြင့်မားတဲ့ နံရံတွေနဲ့ အကာအကွယ်တွေ ရှိနေပေမဲ့ တကယ်တမ်းတော့ ကာကွယ်မယ့်သူ တစ်ယောက်မှ မရှိတာကို သူတို့ သတိထားမိလိုက်တယ်။ ဒါက မြို့ပျက်ကြီးတစ်ခုလိုပဲ ဖြစ်နေတယ်။

“အဲဒါ ဘာအသံလဲ”

ဓားပြတစ်ယောက်က မေးလိုက်တယ်။ ဒါပေမဲ့ လူတိုင်းက သူ့ကို ဝေခွဲမရတဲ့ အကြည့်တွေနဲ့ ပြန်ကြည့်နေတာကြောင့် ဒီအသံကို သူတစ်ယောက်တည်းပဲ ကြားလိုက်ရပုံပဲ။

“ဒီမှာ ထပ်ကြားရပြန်ပြီ။ ပိုပြီး ကျယ်လာတယ်ဗျာ။ ကျွန်တော်တို့ သွားသင့်ပြီ ထင်တယ်။ ကျွန်တော့်စိတ်ထဲမှာ သိပ်ပြီး အဆင်မပြေတဲ့ ခံစားချက်ကြီး ဖြစ်နေတယ်”

ရီနေးတားကုမ္ပဏီကို ချုံခိုတိုက်ခိုက်ဖို့ ကြိုးစားပြီးနောက် ဓားပြအများအပြား ပျောက်ကွယ်သွားတဲ့ အချက်က ဓားပြတွေရဲ့ စိုးရိမ်စိတ်ကို ပိုပြီး တိုးပွားစေခဲ့တယ်။

ဒါပေမဲ့ တခြားဓားပြတွေကတော့ သူ့ရဲ့ သတိပေးချက်ကို ဂရုမစိုက်ကြဘူး။ သူတို့ခေါင်းဆောင်ကတောင် အဲဒီလူရဲ့ သူရဲဘောကြောင်မှုကို လှောင်ပြောင်လိုက်သေးတယ်။

“အဲဒီကောလာဟလတွေက မဟုတ်ပါဘူး။ အဲဒီဓားပြတွေက ဖလဲယားကော့ပ်နဲ့ ဘလေဇဲလ်ကို ကြောက်လွန်းလို့ ထွက်ပြေးသွားကြတာ နေမှာပါ။ ငါ့ကိုယုံစမ်းပါ၊ ရီနေးတားကုမ္ပဏီက မင်းတို့ကို ဘာမှမလုပ်နိုင်ပါဘူး။ သူတို့က တိုက်ခိုက်ရေးစွမ်းရည် လုံးဝမရှိတဲ့ ကုန်သည်အုပ်စု သက်သက်ပါပဲ”

အဲဒီလူက သူ့စကားသူ ယုံကြည်ချက်အပြည့် ရှိနေတာပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့ရှေ့က ဓားပြတစ်ယောက်က ရုတ်တရက် ခြေလှမ်းတွေ ရပ်တန့်သွားတယ်။

အဲဒီဓားပြရဲ့ မျက်လုံးတွေက အာရုံမရှိတော့ဘဲ အိပ်မက်မက်နေသလိုမျိုး နေရာအနှံ့ကို ဝေ့ဝဲကြည့်နေတယ်။

စက္ကန့်နည်းနည်းကြာတော့ အဲဒီလူရဲ့ မျက်လုံးတွေက အာရုံပြန်ရလာတယ်။ ပြီးတော့ သူက ကြောက်လန့်တကြား အော်ဟစ်ပြီး အသည်းအသန် နောက်ကို တွားသွားတော့တာပဲ။

“အား...ငါ့နားကနေ ထွက်သွားကြစမ်း”

အဲဒီဓားပြက အော်ဟစ်လိုက်ပြီး နောက်ဆုံးမှာတော့ မြေကြီးပေါ်ကို လဲကျသွားတော့တယ်။ လူတိုင်းက သူ့ကို ကူညီဖို့ ကြိုးစားကြပြီး သူ့ခန္ဓာကိုယ်ထဲကနေ ချွေးစေးတွေ ထွက်နေတာကို ခံစားလိုက်ရတယ်။

“ဘယ်လို ငရဲမျိုးတွေ ဖြစ်နေတာလဲ”

ဓားပြခေါင်းဆောင်က မေးလိုက်တယ်။

သူတို့အားလုံး မသိလိုက်ဘဲ နောက်ထပ် အရိပ်တစ်ခုက နောက်ထပ် ဓားပြသုံးယောက်ဆီကို ကပ်တွဲသွားပြန်တယ်။

မကြာခင်မှာပဲ သူတို့လည်း ပထမဆုံးလူလိုပဲ သတိလစ်မသွားခင် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြန်တယ်။

နောက်ဆုံးမှာတော့ ဓားပြခေါင်းဆောင်ဟာ အဲဒီနိမိတ်မကောင်းတဲ့ အသံကို ကြားလိုက်ရတယ်။ အဲဒီအသံက သူ့ခေါင်းထဲမှာ စည်တီးနေသလိုမျိုး အထင်အရှား ဖြစ်နေတာပေါ့။

ရုတ်တရက်ဆိုသလိုပဲ ဧရာမ ဝံပုလွေအော့ခ်ကြီးတစ်ကောင်က ဓားပြရှေ့မှာ ကိုယ်ထင်ပြလာတယ်။

အဲဒီအော့ခ်က အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဲဒီလူရဲ့ ကမ္ဘာတစ်ခုလုံးကို အမှောင်ထုသက်သက်အဖြစ် ဖုံးလွှမ်းသွားစေတယ်။ ပြီးတော့ သူ့ရဲ့ အသံက ဓားပြကို စကားပြောလိုက်တဲ့အခါမှာတော့ တခြားကမ္ဘာက အသံလိုမျိုး ဖြစ်သွားတယ်။

“ငါတို့က ဝံပုလွေအော့ခ်တွေပဲ။ ပြီးတော့ ငါတို့က မင်းတို့ရဲ့ အဆိုးဝါးဆုံး အိပ်မက်ဆိုးတွေပဲ...”

ဓားပြခေါင်းဆောင်က မျက်မှောင်ကုတ်လိုက်ပြီး သူ့ခါးက ဓားမြှောင်ကို ထုတ်ကာ သူ့ကို ဖမ်းဆီးထားသူကို ပြန်လည်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ကိုင်မြှောက်လိုက်တယ်။

ကံမကောင်းစွာပဲ အဲဒါက သူပြောနိုင်သမျှထဲမှာ အဆိုးဝါးဆုံး တုံ့ပြန်မှု ဖြစ်သွားခဲ့တယ်။

ဓားမြှောင်တစ်ချောင်းက သူ့နှလုံးသားထဲကို ရုတ်တရက် ထိုးစိုက်ဝင်သွားပြီး သေခြင်းတရားရဲ့ နာကျင်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရတယ်။

ဒါပေမဲ့ ခဏကြာတော့ အဲဒီဓားပြဟာ သူ့နှလုံးသားထဲမှာ ဓားမြှောင်မရှိဘဲ ဒဏ်ရာမရရှိထားတာကို ပြန်တွေ့လိုက်ရပြန်တယ်။

တစ်ဖန် အော့ခ်ရဲ့ အသံက အမှောင်ထုထဲမှာ ပဲ့တင်ထပ်လာပြန်တယ်။

“ငါတို့က ဝံပုလွေအော့ခ်တွေပဲ။ ငါတို့က မင်းတို့ရဲ့ အဆိုးဝါးဆုံး အိပ်မက်ဆိုးတွေပဲ...”

ဓားပြက မကျေမနပ်နဲ့ မျက်မှောင်ကုတ်လိုက်ပြီး ဒုတိယအကြိမ် ဓားမြှောင်ကို ထပ်ထုတ်လိုက်တယ်။ “ပြီးတော့ ငါတို့က လူယုတ်မာဓါးပြ….”

သူ့ခေါင်းက မြေကြီးပေါ်ကို လိမ့်ကျသွားတာကို ခံစားလိုက်ရတာကြောင့် သူ့စကားတွေ ပြတ်တောက်သွားတယ်။ သူ ခေါင်းဖြတ်ခံလိုက်ရတာပေါ့။

အဲဒီဓားပြဟာ ဝံပုလွေအော့ခ်တွေဆိုတဲ့ နာမည်က သူ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားတဲ့အထိ ဒီငရဲလို အလှည့်အပြောင်းကြီးကို အတင်းအကျပ် ခံစားခဲ့ရတယ်။

“အား...”

သူက အော်ဟစ်လိုက်ပြီး အသက်ပေါင်း ထောင်ချီ သေဆုံးခြင်းကို ခံစားရပြီးနောက် နောက်ဆုံးမှာတော့ လက်တွေ့ဘဝထဲကို ပြန်ရောက်လာတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ တခြားလူတွေနဲ့မတူဘဲ သူက ဒီစိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကို ခံနိုင်ရည်ရှိပြီး အဆုံးမှာတော့ သတိရှိနေဆဲ ဖြစ်တယ်။

သူက ဘေးကင်းရာကို ရှာဖွေဖို့ မျှော်လင့်ချက်နဲ့ နောက်ကို တွားသွားလိုက်တယ်။

အဲဒီအချိန်မှာပဲ သူ့ရဲ့ ကမ္ဘာတစ်ခုလုံး တစ်ကျော့ပြန် အမှောင်ထုထဲ မကျရောက်ခင်မှာပဲ သူ့လက်မောင်းပေါ်ကို အရိပ်တစ်ခု လာရောက် ကပ်တွဲနေတာကို သူ မြင်လိုက်ရပြန်တယ်။

ပြီးတော့ တခြားကမ္ဘာက အသံတစ်ခုက သူ့ကို လှမ်းခေါ်လိုက်တယ်။

“ငါတို့က လိပ်ပြာဆူးအော့ခ်တွေပဲ။ ပြီးတော့ ငါတို့က...”

* * * * * * * *

စာစဉ်(၃၀)

အခန်း(၃၅၈)

လူယုတ်မာဓားပြအဖွဲ့ရဲ့ ဂူဆီ ပြန်ရောက်တဲ့အခါမှာတော့ စိုးရိမ်တကြီး သတင်းလာပို့တဲ့ ဓားပြတစ်ယောက်ကြောင့် ဘလေဇဲလ်တစ်ယောက် ရုတ်တရက် လန့်နိုးလာရတယ်။

"ဘာဖြစ်လို့လဲ"

သူမ အိပ်ပျော်နေတဲ့ ကုတင်ကို သူမရဲ့ မီးလျှံတွေနဲ့ မီးရှို့မိတော့မတတ် ဖြစ်သွားရင်း လှမ်းမေးလိုက်တာပေါ့။

"သခင်မ ဘလေဇဲလ်… ကျွန်တော်တို့ရဲ့ ကင်းထောက်တွေ အခုထိ ပြန်မလာသေးဘူးဗျာ။ မနေ့ကတည်းက ပြန်ရောက်ရမှာကို အခုဆို နှစ်ရက်တောင် ရှိသွားပြီ၊ ဘာသံမှလည်း မကြားရသေးဘူး။ သူတို့များ ရီနေးတားတို့ဆီမှာ အဖမ်းခံလိုက်ရပြီလား မသိဘူး"

ဘလေဇဲလ်က ကုတင်ပေါ်ကနေ ထပြီး ဓားပြဆီ တိုးသွားတဲ့အခါမှာတော့ အနားရောက်လာတာနဲ့တင် အဲဒီဓားပြခမျာ ကြောက်လန့်တုန်ရင်လို့ သွားရှာတယ်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နင် သေချာလို့လား၊ သူတို့ လမ်းမှာ နောက်ကျနေတာကော မဖြစ်နိုင်ဘူးလား"

ဓားပြက တံတွေးကို ဂလုခနဲ မြိုချလိုက်ရတယ်။ သေချာတာတော့ သေချာတာပေါ့၊ ဒါပေမဲ့ ဘလေဇဲလ်ရဲ့ ဒေါသအမျက်ဒဏ်ကို မခံချင်တာမို့ သေချာလှချည်ရဲ့လို့တော့ အာမမခံရဲဘူး။

အဲဒီအချိန်မှာပဲ ဝါနိုက အခန်းထဲကို လျှောက်ဝင်လာပြီး ဓားပြရဲ့ ပုခုံးကို လှမ်းကိုင်လိုက်တယ်။

"သူတို့ရဲ့ ရွှေလမ်းမကြီး ဘေးပတ်ပတ်လည်မှာ ကာကွယ်ရေးစနစ်တွေ အခိုင်အမာ တည်ဆောက်ပြီးသွားလောက်ပြီဆိုတာကတော့ ပိုပြီး သေချာနေတာပဲ"

ဘလေဇဲလ်က လက်တစ်ဖက်ဝါနိုကို စိုက်ကြည့်လိုက်ပြီး ပြောတယ်။

"အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့က ကျွန်မတို့ထက် ပိုမြန်နိုင်စရာ အကြောင်းမရှိပါဘူး။ သူတို့က အန်ဂိုရာမြို့ကနေ တကူးတက လာရတာလေ၊ ကျွန်မတို့ကကျတော့ ရှင့်ရဲ့ မြေအောက်လိုဏ်ခေါင်းတွေကို သုံးထားတာပဲဥစ္စာ"

ဝါနိုက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိတယ်။ ဒီအချိန်အထိ ဘလေဇဲလ်ဟာ ရီနေးတားကုမ္ပဏီရဲ့ အင်အားကို လျှော့တွက်နေတုန်းပဲ။ သူတို့က တကယ့်ကို အထင်သေးလို့မရတဲ့ အင်အားစုကြီးတစ်ခုဆိုတာကို သူမ မသိရှာဘူး။

သတင်းတွေနဲ့ ဟိုနားဒီနားက ကြားရတဲ့ သတင်းစအစအလေးတွေအရဆိုရင် ဝါနိုအနေနဲ့ သူတို့ကို စပြီး စစ်ကြေညာရဲမှာတောင် မဟုတ်ဘူး။ ကံဆိုးတာက အခုအချိန်မှာ လူယုတ်မာဓားပြအဖွဲ့ကို သူက အုပ်ချုပ်နေရတာ မဟုတ်တော့ဘဲ သူမကပဲ အပိုင်စီးထားတာ ဖြစ်နေလို့ပဲ။

"သူတို့က တစ်ချိန်လုံး ကျွန်တော်တို့ထက် ခြေတစ်လှမ်း သာနေခဲ့တာ။ သူတို့ရဲ့ ရွှေလမ်းမကြီးကို တောအုပ်ထဲအထိ တိုးချဲ့ပြီးတာနဲ့ မင်းရဲ့ တိုက်ခိုက်မှုတွေကို ကြိုတင်မျှော်လင့်ထားပုံရတယ်။ ပြီးတော့ နောက်တစ်ကြိမ်မှာ သူတို့က ကျွန်တော်တို့ကို ပြန်ပြီး ပစ်မှတ်ထားလာဖို့ကလည်း ပိုသေချာနေတယ်"

ဘလေဇဲလ်ရဲ့ မျက်နှာပေါ်မှာ ပျာယာခတ်သွားတဲ့ပုံစံနဲ့ စိုးရိမ်စိတ်တွေ ဖြတ်ပြေးသွားပေမဲ့ အဲဒါက ခဏပါပဲ။ သူမမှာ စိုးရိမ်စရာ ဘာမှမရှိဘူးဆိုတာကို ချက်ချင်း ပြန်သတိရသွားတာပေါ့။

"ရပါတယ်လေ။ သူတို့ရဲ့ ရွှေလမ်းမကြီးကို ဆက်ပြီး တိုးချဲ့ဖို့ဆိုတာ ဘယ်လိုမှ လွယ်ကူမှာ မဟုတ်ပါဘူး။ နတ်သူငယ်တွေက သူတို့ကို မပြီးနိုင်မချင်း နှောင့်ယှက်နေကြမှာပဲ မဟုတ်လား"

သူမက တစ်ယောက်တည်း သဘောကျပြီး တဟားဟား ရယ်မောရင်း မေးလိုက်ပေမဲ့ ဝါနိုကတော့ ဘာမှ ပြန်မပြောပါဘူး။ အခုလို အခြေအနေမျိုးမှာ ရီနေးတားတို့ ရှုံးလိမ့်မယ်ဆိုတဲ့အပေါ် သူ လောင်းကြေးမထပ်ချင်တော့ဘူး။

"ဒီကြားထဲမှာ စစ်သည်အင်အားတွေ ထပ်လွှတ်လိုက်ဦး"

ဘလေဇဲလ်က အမိန့်ပေးလိုက်တယ်။

* * * * * * * *

အဲဒီအချိန်မှာပဲ မိုက်ကယ်နဲ့ The Boyzလို့ အမည်ရတဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ ဌာနချုပ်ထဲက သူတို့ရဲ့ ကိုယ်ပိုင်အခန်းထဲမှာ အတူတူ ထိုင်နေကြတာပေါ့။

"ကျွန်တော်တို့ ဒီမှာ ဘာထိုင်လုပ်နေကြတာလဲ။ သွားပြီး ဓားပြတွေကို ပညာပေးကြစို့လေ"

ဇိုင်ယွန်က သူ့ရဲ့ လက်မောင်းကြွက်သားတွေကို ပုတ်ရင်း ပြောလိုက်တယ်။

"ငါ့ညီ ဇိုင်ယွန်ရာ… အဲလောက်ကြီး ဇိုးဇိုးဇွက်ဇွက် မလုပ်စမ်းပါနဲ့။ သူတို့ကို အကျဉ်းသားတွေအဖြစ်နဲ့ ငါတို့နိုင်ငံထဲကို သိမ်းသွင်းရဦးမှာ။ အိုင်းရွန်းမေဒင် ထဲကို သစ္စာရှိတဲ့ အဖွဲ့ဝင်တွေ ထပ်ဖြည့်ချင်သေးတာ… အို စကားလွန်သွားပြီ၊ ငါ ဘာမှမပြောဘူးနော်"

ဖတ်ချ်က အပြစ်ကင်းစင်တဲ့ပုံစံမျိုးနဲ့ လေချွန်လိုက်ပြီး စလိုင်းမ်မျက်နှာကြီးကနေ ပါးစပ်ကို ပြန်ဖျောက်လိုက်တယ်။ မိုက်ကယ်က တစ်ခြားအရာတစ်ခုကို အာရုံရောက်နေလို့ တော်သေးတာပေါ့၊ မဟုတ်ရင်တော့ သူ မေးမြန်းခံရတော့မှာ သေချာတယ်။

"နာရီတို၊ ဆာစူကီ"

သူက မျိုးနွယ်စုခေါင်းဆောင်တွေကို လှမ်းခေါ်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာတင် အော့ခ်နှစ်ယောက်က ပြိုင်တူ ပေါ်လာပြီး တစ်ယောက်ထက်တစ်ယောက် ပိုမြန်အောင် အလုအယက် လုပ်နေကြတာပေါ့။

"ဘယ်ဓားပြအဖွဲ့က လာနေလဲဆိုတာ သတင်းရပြီလား"

နာရီတိုက ဒူးထောက်လိုက်ပြီ "ဘူတိုတို။ စလစ်ဇီ ပေးတဲ့ သတင်းအချက်အလက်တွေကြောင့် ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ခွေးလူသားဓားပြတွေကို စေလွှတ်ထားတယ်ဆိုတာ သိရပါတယ်ခင်ဗျာ"

ဆာစူကီကလည်း အနောက်ကနေ ထပ်လိုက်ပြီး "ရာတာတာ။ သူတို့က တောအုပ်ရဲ့ ဒီဘက်အပိုင်းမှာ စခန်းချထားတာမို့ ဒီလမ်းကြောင်းအတိုင်း လာပြီး ကျွန်တော်တို့ ခံတပ်ရဲ့ အနောက်ဘက်အမှတ်ကို တိုက်ခိုက်ဖို့ များပါတယ်။ သူတို့ရဲ့ အင်အားကတော့…"

အော့ခ်တွေ သူတို့ရဲ့ အစီရင်ခံစာကို အဆုံးသတ်ခါနီးမှာပဲ အခန်းတံခါးက ဂျိန်းခနဲ ပွင့်ထွက်သွားပြီး ဒေါသထွက်နေတဲ့ မိန်းကလေးငါးယောက်က မိုက်ကယ်ကို စိုက်ကြည့်ရင်း ဝင်လာကြတော့တယ်။

"ရှင် မတရားလုပ်နေတယ်"

ယူနာက မိုက်ကယ်ကို လက်ညှိုးထိုး၊ မျက်မှောင်ကုတ်ရင်း စွပ်စွဲလိုက်တယ်။

"ကျွန်မတို့ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ထဲမှာ ဘယ်အဖွဲ့မှ တခြားသူတွေဆီက အကူအညီ မတောင်းရဘူးလို့ အသေအချာ ပါတယ်။"

သံတမန်တစ်ယောက်ပီပီ ယူနာက သူတို့ရဲ့ ကစားပွဲကို တရားဝင်ဖြစ်စေဖို့ အားလုံးကို စာချုပ်ပေါ်မှာ လက်မှတ်ထိုးခိုင်းထားတာ ဖြစ်တယ်။ အဲဒါမှ သဘောတူညီချက်ကို နောက်ပြန်လှည့်လို့ မရမှာပေါ့။ သေချာတာပေါ့၊ ယူနာက အဲဒီစာချုပ်ကို ဘာအပေါက်မှ မရှိအောင် အပိုင်ချုပ်ထားတာ။

"ဘာလဲ။ ငါ မတရားမလုပ်ပါဘူး"

သူက ပြန်ငြင်းလိုက်ပြီး ….

"ငါက ဒီမှာရှိတဲ့ ငါ့သူငယ်ချင်းတွေကို အကူအညီ တောင်းရုံတင်ပါပဲ"

"ဒါ မတရားလုပ်တာပဲ"

ယူနာက ဒေါသတကြီး လျှောက်လာပြီး အော့ခ်နှစ်ယောက်ကို မိုက်ကယ်အနားကနေ တွန်းထုတ်လိုက်တယ်။

"ရှင်တို့တွေ သူ့ကို ကူညီလို့မရဘူး"

သူမက လှမ်းပြောလိုက်တာပေါ့။

"မိုက်ကယ်… နင့်အတွက် ငါ ဂုဏ်တော့ယူမိပါတယ်၊ ဒါပေမဲ့ စိတ်လည်း ပျက်မိတယ်"

လိုင်လီယာက ထောင့်တစ်နေရာမှာ စိတ်ကောက်ပြီး ခေါင်းခါရင်း ပြောနေရှာတယ်။

"ဒါ မတရားလုပ်တာ မဟုတ်ပါဘူး"

မိုက်ကယ်က ဇွတ်ငြင်းပြန်တယ်။

"သခင်ကြီး မိုက်ကယ်… ကျွန်တော်တို့ကို စစ်ရေးအရ အသာစီးရဖို့အတွက် သခင်ကြီးရဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး မသုံးသင့်ဘူးလေရှင်"

ရှီနာက မျက်နှာလွှဲရင်း ပြောလိုက်တယ်။

"ဟုတ်တယ်… ကျွန်မလည်း သဘောတူတယ်" ယူမီစုကလည်း ခေါင်းညိတ်ထောက်ခံတာပေါ့။

သူတို့တွေတောင် သူ မတရားလုပ်နေတယ်လို့ သဘောတူနေကြတာကို မိုက်ကယ်တစ်ယောက် မယုံနိုင်အောင် ဖြစ်နေရတယ်။

အဲဒီနောက် လိုင်လီယာက ဗီဗီကို အခန်းထဲဝင်ဖို့ တွန်းပို့လိုက်ပြီး…

"လာပါ သဲလေးရယ်။ မိုက်ကယ်ကို မတရားလုပ်တယ်လို့ အော်ပြောလိုက်စမ်း"

ဗီဗီက ဇဝေဇဝါနဲ့ ပတ်ပတ်လည်ကို ဝေခွဲမရသလို ကြည့်နေမိတယ်။ ဒါပေမဲ့ အခန်းထဲက တခြားမိန်းကလေးတွေက ခေါင်းညိတ်ပြပြီး အားပေးကြတာပေါ့။

"ရှင်က အရှုံးမခံနိုင်တဲ့ လူဆိုးကြီးပဲလား…"

ဗီဗီက သူမကိုယ်သူမ သိပ်မသေချာသလိုမျိုး လှမ်းပြောလိုက်တယ်။

တခြားမိန်းကလေးတွေက သူမကို လက်မထောင်ပြကြတော့မှ ဗီဗီရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပွင့်လန်းသွားပြီး သူမကိုယ်သူမလည်း ပြန်ပြီး လက်မထောင်ပြလိုက်တာပေါ့။

"ဒီအော့ခ်တွေကို ကျွန်မတို့ သိမ်းလိုက်ပြီ။ ဒီတစ်ခါ ရှင် သူတို့ဆီက အကူအညီ ယူထားတာဆိုတော့ ကျွန်မတို့လည်း သူတို့ကို သုံးလို့ရပြီပေါ့"

ယူနာက အာဏာသံနဲ့ ပြောရင်း တံခါးဝဆီ လက်ညှိုးထိုးပြပြီး ထွက်သွားတော့တယ်။ အော့ခ်မျိုးနွယ်စု ခေါင်းဆောင်နှစ်ယောက်က ဘာလုပ်ရမှန်းမသိ ဖြစ်နေပေမဲ့ လိုင်လီယာရဲ့ အကြည့်တစ်ချက်တင် သူတို့ရဲ့ အသက်ရှင်ကျန်ရစ်လိုစိတ် ကိန်းအောင်းလာပြီး အနောက်ကနေ တောက်လျှောက် လိုက်ထွက်သွားကြရှာတယ်။

မိုက်ကယ် သက်ပြင်းချလိုက်မိတာပေါ့။ တကယ်တော့ သူ မတရားလုပ်နေတာ မှန်ပေမဲ့ သူတို့တွေ ရိပ်မိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ဒါပေမဲ့ ကံကောင်းတာတစ်ခုက သူ လိုချင်တဲ့ သတင်းအချက်အလက်ကိုတော့ အော့ခ်တွေဆီကနေ ရလိုက်ပြီပဲ။ သူတို့တွေ ရင်ဆိုင်ရမှာက ခွေးလူသား ဓားပြတွေ ဖြစ်တယ်။

"ကျွန်တော်တို့ ထောင်ချောက်တွေ ဘာဖြစ်သွားပြီလဲ။ အကုန် အဆင်သင့်ဖြစ်ပြီလား"

မိုက်ကယ်က တောအုပ်ရဲ့ မြေမျက်နှာသွင်ပြင်မြေပုံကို ကြည့်ရင်း ဂရီးဗ်ကို မေးလိုက်တယ်။

ဂရီးဗ်က ခေါင်းညိတ်ပြတဲ့အခါ သူ့ရဲ့ နံရိုးတွေက တဂျောက်ဂျောက်နဲ့ မြည်သွားပြီး"ဟုတ်ကဲ့ မိုက်ကယ်။ အားလုံး အဆင်ပြေပါတယ်။ ဒီမြေပုံပေါ်မှာ တည်ဆောက်မယ့် ပုံစံငယ်လေးတွေကို ထပ်ဖြည့်လိုက်ရင်တင် ပြီးပါပြီ"

မိုက်ကယ်က သူတို့ရဲ့ စမ်းသပ်မှုအတွက် မြေမျက်နှာသွင်ပြင်ကို ပြင်ဆင်ထားဖို့ ဂရီးဗ်ကို ညွှန်ကြားထားတာ ဖြစ်တယ်။ မိန်းကလေးတွေကို ကစားပွဲမှာ နိုင်ချင်ရုံတင်မကဘဲ အနာဂတ်မှာ သူ တည်ဆောက်မယ့် ရိုလာကိုစတာရဲ့ စွမ်းဆောင်ရည်တွေကို စမ်းသပ်ဖို့အတွက်လည်း ဒီအချိန်ကို အသုံးချချင်နေတာပေါ့။

ဒါနဲ့ပတ်သက်လို့ ပုံစံတူငယ်ကို ခုန်းနဲ့ အင်ဂျင်နီယာတွေ တည်ဆောက်ပြီးပြီလားဆိုတာ သိချင်တာမို့ အန်ဂိုရာမြို့က သူတို့ရဲ့ ကုန်ပဒေသာဆိုင် ဘေးနားတင်ရှိတဲ့ ဂိုဒေါင်ဆီကို သူ ခေတ္တခဏ ကူးပြောင်းသွားလိုက်တယ်။ ဒီနေရာကတော့ ခုန်းနဲ့ အခြား အဆင့်မြင့် အင်ဂျင်နီယာတွေ ရိုလာကိုစတာရဲ့ ပုံစံတူငယ်ကို လုပ်ကိုင်နေကြတဲ့နေရာ ဖြစ်တယ်။

မိုက်ကယ် ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ အောက်ခြေကနေ စပြီး အမြင့်ဆုံးအမှတ်အထိ တက်သွားမယ့် ရိုလာကိုစတာရဲ့ လမ်းကြောင်းပုံစံ တည်ဆောက်မှုက တစ်ဝက်လောက် ပြီးစီးနေတာကို တွေ့လိုက်ရတယ်။

ရီနေးတားအင်ဂျင်နီယာအဖွဲ့တစ်စုဟာ သူတို့လက်ထဲက ဗိသုကာပုံစံတွေနဲ့ သတ္တုပုံစံတူငယ်တွေကို ကြည့်ပြီး ဝိုင်းဖွဲ့ ဆွေးနွေးနေကြတာကို တွေ့ရတာပေါ့။ ခုန်းက သူ ရောက်လာတာကို သတိပြုမိပြီး ချက်ချင်းပဲ လှမ်းနှုတ်ဆက်တယ်။

"သခင် ကျွန်တော်တို့ ရထားတွဲပုံစံတူကို အခုတင်ပဲ လုပ်လို့ ပြီးသွားပါတယ်။ လောလောဆယ်တော့ ခွေးလူသား တွေ၊ ကြောင်လူသားတွေ၊ ပုတ်သင်ညိုလူသားတွေနဲ့ အခြား လူသားခန္ဓာကိုယ် တည်ဆောက်ပုံမျိုးရှိတဲ့ လူတစ်ပိုင်းသတ္တဝါတွေပါ စီးလို့ရအောင် အံဝင်ခွင်ကျ ပြုပြင်ထားပါတယ်"

သူတို့ရဲ့ စာပွဲအလယ်မှာ ရှေ့ခန်းမှာ နှစ်ယောက်၊ နောက်ခန်းမှာ နှစ်ယောက် ထိုင်နိုင်အောင် ပြုပြင်ထားတဲ့ ရထားတွဲအကြီးကြီးတစ်ခုကို မိုက်ကယ် တွေ့လိုက်ရတယ်။ အဲဒါက သူ အရင်ဘဝက မြင်ဖူးခဲ့တဲ့ ရိုလာကိုစတာရထားတွဲတွေရဲ့ အကြမ်းထည်ဗားရှင်းနဲ့ တူပေမဲ့ မူရင်းထက်စာရင် ပိုပြီး ထုထည်ကြီးကာ ပိုထူပုံရတယ်။

"ဒါကို ဒမတ်စကတ်စတီးလ်နဲ့ လုပ်ထားတာလား"

မိုက်ကယ်က အကဲခတ်ရင်း မေးလိုက်တယ်။

"ဟုတ်ပါတယ် သခင်။ ဒီသတ္တုကပဲ ပေါ့ပါးပြီးတော့ မြန်နှုန်းမြင့် အရှိန်တွေကို ခံနိုင်ရည်ရှိလောက်အောင် အားကောင်းတာပါ"

မိုက်ကယ်က သတ္တုကို ခေါက်ကြည့်ပြီး ကျေနပ်သလို ခေါင်းညိတ်လိုက်ရင်း "ဒါဆို အဆင်ပြေတယ်။ ဒါနဲ့ စွမ်းဆောင်ရည်ပိုင်းတွေကကော။ အကုန် ပြီးပြီလား"

"ဟုတ်ကဲ့ သခင်။ ခွေးလူသားတွေနဲ့ အခြားခွေးမျိုးဆက် ဆက်နွှယ်မှု ရှိတဲ့ လူတစ်ပိုင်းသတ္တဝါတွေအတွက် သခင်ရဲ့အကြံအတိုင်း ဒီလို ပြောင်မြောက်တဲ့ လက်ရာကြီးကို ဖန်တီးထားတာ ဖြစ်ပါတယ်"

All Chapters