အခန်း (၃၅၉-၃၆၀)
Vol. 30 Ch. 359-360
အခန်း(၃၅၉)
ခုန်းနဲ့ တခြားအင်ဂျင်နီယာတွေက သူတို့ဖန်တီးထားတဲ့ ပစ္စည်းပေါ်က ဖုံးအုပ်ထားတဲ့ ပိတ်စကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ ထိပ်ဖျားမှာ ဒိုးနတ်ပုံစံအဝိုင်းကြီးပါတဲ့ ဧရာမတိုင်လုံးကြီးတစ်ခု ပေါ်လာပါတယ်။ မိုက်ကယ်က ဒါကို အရင်က မြင်ဖူးနေခဲ့တယ်။ ဒါ တက်စလာကွိုင်ပဲလို့ သူက စိတ်ထဲကနေ တွေးလိုက်မိတယ်။
"ဒီပစ္စည်းနဲ့ဆိုရင် ကျွန်တော်တို့ မှော်စွမ်းအင် သုံးစရာမလိုဘဲ မိုးကြိုးတွေနဲ့ လျှပ်စစ်ဓာတ်အားတွေကို ဆင့်ခေါ်နိုင်မှာပါ"
ခုန်းက မောင်းတံကို ဆွဲချလိုက်တဲ့အခါမှာတော့ ကွိုင်လုံးကြီးက စွမ်းအင်တွေ စတင်လည်ပတ်လာပြီး တဂျုန်းဂျုန်းနဲ့ မြည်ဟည်းလာပါတယ်။ မကြာခင်မှာပဲ ပထမဆုံး လျှပ်စီးကြောင်းကြီးက လေထုထဲကို ဖြောင်း ဆိုပြီး ဖြတ်သန်းသွားတာ အခန်းမျက်နှာကြက်နားအထိ တောင် ရောက်လုနီးပါး ဖြစ်သွားတယ်။
သိပ်မကြာလိုက်ပါဘူး၊ ကွိုင်လုံးကြီးတွေထဲကနေ လျှပ်စီးအလင်းတန်းတွေ တစ်ဖျတ်ဖျတ် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ လျှပ်စစ်စွမ်းအားတွေကို ပြသနေခဲ့တယ်။
"သခင် ဘယ်လိုထင်လဲ၊ အဆင်ပြေတယ်မလား"
မိုက်ကယ်က ပြုံးလိုက်ရင်းက "သိပ်ပြီး ပြည့်စုံတာပေါ့" လို့ ပြောလိုက်တယ်။
"တောအုပ်ထဲမှာ စမ်းသပ်မှုလုပ်ဖို့အတွက် ပြင်ဆင်တဲ့အလုပ်ကို မင်းတို့အားလုံးကိုပဲ တာဝန်လွှဲရတော့မှာပဲ"
"ကောင်းပါပြီ သခင်၊ ကျွန်တော်တို့ အဆင်သင့်ပါပဲ" လို့ ခုန်းက ပြောလိုက်တဲ့အခါ တခြားအင်ဂျင်နီယာတွေကလည်း ခေါင်းငြိမ့် ထောက်ခံကြပါတယ်။
မိုက်ကယ်က လက်ညှိုးကို တချက်ပဲ ဖြောက်ခနဲ တီးလိုက်တာနဲ့ သူ့ခြေဖဝါးအောက်က အရိပ်က ချက်ချင်း ကျယ်ပြန့်လာပြီး အင်ဂျင်နီယာတွေကို ဝါးမြိုပတ်သတ်သွားခဲ့တယ်။ ပတ်ဝန်းကျင်တစ်ခုလုံး တစ်စက္ကန့်လောက် မှောင်အတိ ကျသွားပြီးမှ မိုက်ကယ်ရဲ့ အရိပ်ထဲကို ပြန်လည် လျှောခနဲ ဝင်ရောက် ပျောက်ကွယ်သွားတယ်။
ရီနေးတားအင်ဂျင်နီယာတွေက တောအုပ်ထဲက မညီမညာဖြစ်နေတဲ့ မြေပြင်ပေါ်ကို ရောက်သွားတဲ့အခါ ခလုတ်တံသင်းငြိပြီး လဲကျလုနီးပါး ဖြစ်သွားကြပါတယ်။
"ဒီနေရာကတော့ ကျွန်တော်တို့ရဲ့ စမ်းသပ်ခံတွေ ရောက်လာမယ့်နေရာပဲ၊ ဒီကနေစပြီး ဟိုးဘက်က ချောက်ကမ်းပါးအထိ ရိုးရိုးရထားသံလမ်းတစ်ခုကို တည်ဆောက်စေချင်တယ်"
မိုက်ကယ်က စမ်းသပ်သံလမ်း ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို သူတို့ကို အသေးစိတ် ညွှန်ကြားချက်တွေ ပေးလိုက်တယ်။ ဒါတင်မကဘဲ ဓားပြတွေ မရောက်လာခင်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးသွားအောင် ရွှေလမ်းမကြီးက တည်ဆောက်ရေးလုပ်သားတွေကိုပါ ခေါ်လာပေးပြီး အင်ဂျင်နီယာတွေအတွက် ပင်ပန်းတဲ့ အလုပ်ကြမ်းမှန်သမျှကို ဝိုင်းကူလုပ်ခိုင်းထားခဲ့တယ်။
ဒီအတောအတွင်းမှာတော့ သူက ခံတပ်ဆီ ပြန်သွားပြီး သူ့အဖွဲ့သားတွေနဲ့ လူစုလိုက်ပါတယ်။
"အစ်ကိုမိုက်... ကျွန်တော်တို့ အပြင်ထွက်လို့ မရသေးဘူးလား၊ ဟိုမိန်းကလေးတွေက ဓားပြအချို့ကို ဖမ်းမိနေလောက်ပြီ ထင်တယ်" လို့ ဇိုင်ယွန်က သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ဖြေဖျောက်တဲ့အနေနဲ့ လေထဲကို လက်သီးနဲ့ ထိုးရင်း ပြောလိုက်တယ်။
"ကျွန်တော်ကတော့ ပျင်းပျင်းရိရိပဲ နေချင်တာပါ၊ ဒါပေမဲ့ ဇိုင်ယွန်ပြောတာကိုတော့ သဘောတူတယ်၊ ကျွန်တော် တစ်လလောက် အေးအေးဆေးဆေး အိပ်ချင်နေတာဆိုတော့ အခုကတည်းက စလှုပ်ရှားမှ ဖြစ်မယ်" လို့ ဂျာကူက ခါတိုင်းနဲ့မတူဘဲ မျက်ကွင်းညိုတာတွေမရှိဘဲ မတ်မတ်ရပ်ရင်း ပြောလိုက်တယ်။
"ဟိုးဟိုးဟိုး... ဆုတစ်ခုခု ရနိုင်မယ်လို့ ကျွန်တော် မသိခဲ့ဘူး၊ ဒါနဲ့... နေပါဦး... ကျွန်တော်တို့ ဒါကို ဘာအတွက် လုပ်နေကြတာလဲ"
"ဆရာ၊ နင်ဂျာတွေ သွားဖမ်းရအောင်" လို့ ဖတ်ချ်က သူ့ရဲ့ အသုံးအနှုန်းအသစ်ကို သုံးပြီး ပြောလိုက်တယ်။
"အဲဒါက အဓိပ္ပာယ်မရှိဘူးလေ" လို့ မိုက်ကယ်က ဖတ်ချ်ကို ပြန်ပြောပေမဲ့ စလိုင်းမ်ကလေးကတော့ ဂရုမစိုက်ပါဘူး။
"ဒါပေမဲ့ မင်းတို့အားလုံးပြောတာကို ငါ သဘောတူပါတယ်၊ ကစားရမယ့်အချိန် ရောက်ပြီပေါ့၊ ငါတို့ ဒီလိုလုပ်ကြမယ်၊ ဖတ်ချ်... မင်းက သူတို့ကို ဒီကိုရောက်အောင် မျှားခေါ်ခဲ့၊ ဇိုင်ယွန်ကကျတော့..."
သိပ်မကြာခင်မှာပဲ ခွေးလူသား ဓားပြတပ်စုတစ်စုလုံးက သူတို့ရဲ့ စခန်းကနေ ရီနေးတားခံတပ်ဆီကို စတင် ချီတက်လာကြပါတယ်။
သူတို့အားလုံးက သာမန်ထက်ထူးကဲတဲ့ အာရုံခံစားမှုတွေရှိကြလို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေကြတာပါ၊ အဲဒီအာရုံတွေထဲက အချို့က ပင်ကိုယ်သဘာဝအရ ရလာတာဖြစ်ပြီး အချို့ကတော့ ပင်ကိုယ်စွမ်းရည်တွေဆီကနေ ရရှိတာဖြစ်တယ်။ ဒါက သူတို့ကို ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အသာစီးရစေပြီး ရန်သူတွေက သူတို့ဘယ်မှာလဲဆိုတာ မသိခင်ကတည်းက ရန်သူတွေရှိတဲ့နေရာကို တိတိကျကျ သိနိုင်စေပါတယ်။
သူတို့အဖွဲ့ထဲမှာ ခွေးအမျိုးအစား မျိုးစိတ်ကွဲတွေ အကုန်ပါဝင်ပြီး လက်ဘရာဒေါတွေ၊ ဘီဂယ်တွေနဲ့ ချီဟွားဟွားတွေအထိ တောင် ပါဝင်နေတာပါ။ ဒါပေမဲ့ သူတို့ကို ဦးဆောင်လာသူကတော့ ခွေးလူသားတွေအားလုံးထဲမှာ အထွတ်အထိပ်ဖြစ်တဲ့ ဝံပုလွေလူသားပဲ ဖြစ်တယ်။
ဒီဝံပုလွေလူသားက ကြမ်းကြုတ်တဲ့ ဝံပုလွေလူသရဲတွေနဲ့ သွေးနီးစပ်တဲ့ အမျိုးအနွယ်ဖြစ်တာကြောင့် ခွန်အားနဲ့ အရှိန်အဝါပိုင်းမှာ ဝံပုလွေအော့ခ်တွေအားလုံးထက် သာလွန်ပြီး ကြောက်ရွံ့ကြရသူ ဖြစ်နေလို့ပါပဲ။
ဒီဝံပုလွေလူသားရဲ့ နာမည်က ဂျေကော့ ဖြစ်ပြီး လူယုတ်မာဓါးပြအဖွဲ့ထဲမှာ အာဏာအတော်အတန်ရှိစေတဲ့ အဆင့်မြင့် ကြယ်ခြောက်ပွင့် ကျင့်စဉ်အဆင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်တယ်။
"ဂျေကော့၊ ကျွန်တော် လူသားတွေရဲ့ အနံ့ကို ရနေတယ်" လို့ မျိုးကောင်းခွေးလူသားတစ်ယောက်က သတင်းပို့လိုက်တယ်။
တခြား ခွေးလူသားဓားပြတွေအားလုံးလည်း ခေါင်းကိုမော့ပြီး လေထဲကို အနံ့ခံလိုက်ကြတဲ့အခါ ခပ်လှမ်းလှမ်းမှာ လူသားတစ်စု ရှိနေတာကို အသီးသီး သိရှိသွားကြပါတယ်။ သူတို့က သေးငယ်လှတဲ့ အနံ့အစအနလေးကိုတောင် အနံ့ထွက်လာတဲ့ နေရာအထိ မျက်စိနဲ့ မြင်နေရတဲ့ လမ်းကြောင်းတစ်ခုလိုမျိုး နောက်ယောင်ခံ လိုက်နိုင်ကြတာပါ။
"ဝိုင်းအုံပြီး အုပ်စုလိုက် စီးနင်းကြမယ်" လို့ ဂျေကော့က တခြားလူတွေကို အော်ပြောလိုက်တယ်။
ဓားပြ အယောက်နှစ်ဆယ်လောက် ပါဝင်တဲ့ သူတို့ တပ်စုတစ်စုလုံးက လေထုထဲက ထူးခြားတဲ့ လူသားတွေရဲ့ အနံ့နောက်ကို လိုက်ရင်း တောအုပ်ထဲမှာ ခြေလေးဖက်လုံး သုံးပြီး ပြေးလွှားသွားကြပါတယ်။
သိပ်မကြာခင်မှာပဲ စုဝေးနေတဲ့ လူသားအနည်းငယ်ရဲ့ ခန္ဓာကိုယ် အပူလှိုင်းတွေကို သူတို့ မြင်လိုက်ရတယ်။ ခန္ဓာကိုယ်တွေမှာ ပြင်းထန်တဲ့ အပူရှိန်မရှိတာကို ကြည့်ခြင်းအားဖြင့် သူတို့မှာ အစွမ်းအစမရှိတာ ထင်ရှားနေတာပဲ။ ဒါက ဘာတိုက်ခိုက်ရေးစွမ်းရည်မှ မရှိတဲ့ သာမန်လူသားတွေပဲ ဖြစ်တယ်။ ပြီးတော့ သူတို့ လက်တွေနဲ့ တစ်ခုခုကို တည်ဆောက်နေကြတာကို ကြည့်ရင် ဘာအကာအကွယ်မှ မရှိတဲ့ ရီနေးတားအင်ဂျင်နီယာတွေနဲ့ တိုးတာလို့ ပြောရင် လုံးဝ အသေအချာပဲ ဖြစ်နေခဲ့တယ်။
"ဟားဟား၊ အသားလတ်လတ်ဆတ်ဆတ်လေးတွေပဲ" လို့ ဂျေကော့က သူ့နှုတ်ခမ်းကို လျှာနဲ့သပ်ရင်း ပြောလိုက်တယ်။
"သွားပြီးတော့ အဲဒီလူသားတွေကို အမဲလိုက်ကြ၊ ငါတို့ ညီအစ်ကိုတွေ ပျောက်ဆုံးသွားခဲ့ရတဲ့အတွက် လက်စား ပြန်ချေကြရမယ်"
စက္ကန့်ပိုင်းအတွင်းမှာပဲ ခွေးလူသားအုပ်စုက အဲဒီလူသားတစ်စုကို ဘာအခက်အခဲမှမရှိဘဲ ဝိုင်းလိုက်ကြပါတယ်။ သူတို့က ပြန်ပြီး ခုခံဖို့တောင် စိတ်ကူးမရှိကြတဲ့ ပုံစံမျိုးပဲ။
ဂျေကော့က ဝူး ဆိုပြီး အော်ဟစ်လိုက်ရင်း "မင်းတို့က ရီနေးတားကလူတွေ မဟုတ်လား" လို့ မေးလိုက်တယ်။
အင်ဂျင်နီယာတွေက သူတို့မှာ အပြစ်မရှိကြောင်း သက်သေပြတဲ့အနေနဲ့ လက်တွေကို မြှောက်ပြရင်း ခေါင်းငြိမ့်ပြကြတယ်။ "ပထမဆုံးအနေနဲ့ ကျွန်တော် စိတ်မကောင်းပါဘူးလို့ ပြောချင်ပါတယ်၊ ပြီးတော့ ခင်ဗျားတို့ရဲ့ စနစ်တကျ စွန့်လွှတ်ပေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်"
ဂျေကော့က ခေါင်းကို စောင်းလိုက်မိတယ်၊ လူသားရဲ့ စကားကို သူ နားမလည်နိုင် ဖြစ်နေလို့ပဲ။ သူတို့ အခုအချိန်မှာ ကြောက်လန့်တုန်လှုပ်နေရမှာ ဖြစ်ပေမဲ့ အဲဒီလူသားတွေရဲ့ ခန္ဓာကိုယ်မှာ ချွေးထွက်သံယို ဖြစ်လာတာမျိုးတောင် မရှိဘူး ဖြစ်နေတယ်။
"ကူ..ကူ..ကူ... မင်းတို့ကို ကယ်မယ့်လူ ရှိမယ်လို့ ထင်နေတာလား" လို့ ဂျေကော့က လှောင်ပြောင်လိုက်ရင်း "ဒီနေရာမှာ ဘယ်သူမှ ရှိမနေဘူး" လို့ ပြောလိုက်တယ်။
သူ့ရဲ့ အော်ဟစ်သံက တောအုပ်ထဲမှာ ဟိန်းထွက်သွားတယ်။ ဘာတုံ့ပြန်သံမှ ထွက်မလာတာကပဲ သူ့စကား မှန်ကန်ကြောင်း သက်သေပြနေခဲ့တယ်။
ဒါပေမဲ့ သူ့ရဲ့ အော်ဟစ်သံအောက်မှာ ကြောက်ရွံ့တုန်လှုပ်သွားမယ့်အစား လူသားအင်ဂျင်နီယာတွေက သူတို့ရဲ့ ဖောင်တိန်တွေကို ထုတ်ပြီး မှတ်စုစာအုပ်တွေပေါ်မှာ တကူးတကကို အသည်းအသန် လိုက်ရေးနေကြပါတယ်။
"အားနာပါတယ်၊ အခု ခင်ဗျားတို့ အရေအတွက် ဘယ်လောက်ရှိလဲ" လို့ အင်ဂျင်နီယာတစ်ယောက်က မေးလိုက်တယ်။
"ခင်ဗျားတို့ထဲမှာ တစ်ခုခုနဲ့ မတည့်တာမျိုး ရှိကြလား" လို့ နောက်တစ်ယောက်က ထပ်မေးပြန်တယ်။
"ခင်ဗျားတို့ အချင်းချင်းကော ဆွေမျိုးတော်ကြလား"
ဝံပုလွေအော့ခ် ဓားပြတွေအားလုံး ဇဝေဇဝါဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့တစ်ခါမှ ဒီလိုမျိုး အရေးမစိုက်ခံရတာမျိုး မကြုံဖူးခဲ့ပါဘူး။ ဒီလူသားတွေ ရူးနေတာနေမှာပဲလို့ သူတို့ စတင် တွေးတောမိလာကြတယ်။
"ဒီလို အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေကို တော်စမ်း" လို့ ဂျေကော့က အော်ပစ်လိုက်တယ်။
"ဒါပေမဲ့ စမ်းသပ်မှုရဲ့ အတိုင်းအတာတွေအားလုံးကို သိဖို့က အရေးကြီးတယ်လေ" လို့ အင်ဂျင်နီယာတစ်ယောက်က ဆိုတယ်။
"စမ်းသပ်မှု ဟုတ်လား၊ မင်းတို့ တစ်ဖွဲ့လုံး ဘာတွေအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေကြတာလဲ"
"ကျွန်တော်တို့က ခွေးလူသားတွေရဲ့ ကြောက်ရွံ့မှု အတိုင်းအတာ ဘယ်လောက်ရှိလဲဆိုတာကို သိချင်လို့ စမ်းသပ်နေတာပါ" လို့ အင်ဂျင်နီယာတွေက ပြိုင်တူ ပြန်ဖြေလိုက်ကြတယ်။
ဓားပြတွေ ခဏလောက် ငြိမ်ကျသွားပြီးမှ အားလုံးက တဟားဟားနဲ့ ဝိုင်းရယ်ကြတော့တယ်။
"ငါတို့က စစ်တပ်တွေကိုတောင် ရင်ဆိုင်ခဲ့တာကွ၊ ငါတို့မှာ ကြောက်စိတ်ဆိုတာ မရှိဘူး"
ဂျေကော့က ပြုံးလိုက်ရင်း "ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းတို့မသိဘူးလား၊ ငါက ဘယ်သူလဲဆိုတာကော မသိဘူးလား" လို့ မေးလိုက်တယ်။
အင်ဂျင်နီယာတွေက ခေါင်းခါပြကြတယ်။ ဒါပေမဲ့ ကြောက်ရွံ့သွားမယ့်အစား တကယ်ကို သိချင်စိတ် ပြင်းပြနေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တယ်။
"ငါတို့က လူယုတ်မာဓါးပြအဖွဲ့ရဲ့ နာမည်ကျော် ခွေးလူသား တပ်ခွဲကွ၊ ငါတို့ရဲ့ ဆက်ကြေးပေးရမှာကို ရှောင်ဖို့ တောအုပ်ထဲကို ထွက်ပြေးဖို့ ကြိုးစားတဲ့သူမှန်သမျှ ငါတို့အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံရတာချည်းပဲ၊ မင်းတို့လို စာအုပ်ကြီးသမား တစ်သိုက်က ငါတို့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား"
ခွေးလူသားတွေက အချင်းချင်း တဟားဟား ရယ်မောနေကြပါတယ်။ ဂျေကော့ဆိုရင် အူလှိုက်သည်းလှိုက် ရယ်မိလို့ ထွက်လာတဲ့ မျက်ရည်ကိုတောင် သုတ်လိုက်ရတယ်။
"ဟားဟား... ဒါတွေ တော်လောက်ပြီ၊ တစ်ယောက်ယောက်... သွားပြီး သူတို့ကို ဖမ်းစမ်း" လို့ ဂျေကော့က အမိန့်ပေးလိုက်တယ်။
ရော့တ်ဝိုင်လာခွေးလူသားတစ်ယောက်က အင်ဂျင်နီယာတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ သူ့ရဲ့ မေးရိုးတွေကို တဖြောင်းဖြောင်းနဲ့ လှုပ်ရှားရင်း ရှေ့ကို လျှောက်လာခဲ့တယ်။
"မင်းတို့ ငါနဲ့ လိုက်ခဲ့ရမယ်" လို့ သူက ပြောလိုက်တယ်။
အင်ဂျင်နီယာတစ်ယောက်က လက်မြှောက်ပြပြီး ရပ်ဖို့ အချက်ပြလိုက်ရင်းက "ဟိုးမှာတင် ရပ်လိုက်၊ ရှေ့ကို ထပ်မတိုးနဲ့တော့" လို့ ဆိုတယ်။
"ဘာဖြစ်လို့ မတိုးရမှာလဲ" လို့ ဝံပုလွေအော့ခ်က တဟဲဟဲ ရယ်မောလိုက်ရင်း "ငါ လုပ်ချင်တာ ငါလုပ်မှာပဲ၊ မင်း ငါ့ကို တားလို့မရပါဘူး" လို့ ပြောလိုက်တယ်။
အင်ဂျင်နီယာက သက်ပြင်းချလိုက်ပြီး သူ့ရဲ့ မှတ်စုတွေကို ပြန်ကြည့်လိုက်တယ်။ "ကျွန်တော်တို့ စက်ကို အတိအကျ ချိန်ညှိလို့ မပြီးသေးဘူး၊ ဒါပေမဲ့ ခင်ဗျားက ဇွတ်တရွတ် လုပ်မယ်ဆိုရင်လည်း သဘောအတိုင်းသာ လုပ်ပါတော့"
ရော့တ်ဝိုင်လာခွေးလူသားက ရှေ့ကို ထပ်ပြီး ခြေတစ်လှမ်း တိုးလိုက်တဲ့အချိန်မှာ တခြား ခွေးလူသား ဓားပြတွေကတော့ နောက်ကနေ တဟဲဟဲနဲ့ ဝိုင်းပြီး ရယ်မောနေတုန်းပဲ ရှိပါသေးတယ်။
ဒါပေမဲ့ သူ ရှေ့ကို နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်တဲ့ အချိန်မှာပဲ သူတို့အားလုံး စက်မှုပိုင်းဆိုင်ရာ ကလစ် ဆိုတဲ့ မြည်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရတယ်။
ရထားတွဲငယ်တစ်ခုက ရော့တ်ဝိုင်လာခွေးလူသားဆီကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ရုတ်တရက် လျှောခနဲ ပြေးဝင်လာတာကို လူတိုင်း မြင်လိုက်ကြရပါတော့တယ်။
* * * * * * * *
စာစဉ်(၃၀)
အခန်း(၃၆၀)
တွန်းလှည်းက အရှိန်မသတ်နိုင်ခင်မှာတင် ခွေးလူသားဓားပြဆီကို ဝင်တိုက်မိသွားပြီး ထိုင်ခုံပေါ်ကို တည့်တည့်ကြီး မှောက်ရက်သား ပြုတ်ကျသွားစေခဲ့တယ်။
“အူးဝူး” ရော့တ်ဝိုင်လာခွေးလူသားက နာကျင်လွန်းလို့ အော်ဟစ်လိုက်တာပေါ့။ ဒါပေမဲ့ သူ ဒီတွန်းလှည်းထဲကနေ ရုန်းထွက်ဖို့ မကြိုးစားနိုင်ခင်မှာတင် ထိုင်ခုံခါးပတ်တစ်ခုက ရုတ်တရက် အလိုအလျောက် ပေါ်ထွက်လာပြီး ဘာမှကြိုတင်မပြင်ဆင်ထားတဲ့ အဲဒီလူကို ထိုင်ခုံနဲ့အတူ ရစ်ပတ်ချည်နှောင်လိုက်ပါတော့တယ်။
သူက ထိုင်ခုံခါးပတ်ကို တွန်းလှည်းကနေ အတင်းဆွဲဖြတ်ဖို့ ကြိုးစားကြည့်သေးတယ်၊ ဒါပေမဲ့ ဒါတွေက ပါးလွှာပြီး အထပ်ထပ်ပြုလုပ်ထားတဲ့ ဒမတ်စကပ်စ် စတီးလ်ကြိုးတွေနဲ့ လုပ်ထားတာကို သတိပြုမိသွားတယ်။ သူ ဆွဲလေလေ၊ ပိုပြီး တင်းကျပ်လာလေလေ ဖြစ်နေတာပေါ့။
ရုန်းထွက်လို့မရတော့တဲ့ ခွေးလူသားဟာ တွန်းလှည်းက မြက်ခင်းပြင်ပေါ်ကနေ လိမ့်ဆင်းသွားပြီး အောက်ခြေက သံလမ်းကို အထင်းသား ပြသနေချိန်မှာ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရှာတယ်။
“ဝိုး” တွန်းလှည်းက ချောက်ကမ်းပါးဆီကို တည့်တည့်မတ်မတ် အရှိန်ပြင်းပြင်းနဲ့ ဦးတည်မောင်းနှင်သွားတဲ့အခါ သူ အလန့်တကြား အော်ဟစ်မိသွားတယ်။ သူ တိုက်မိတော့မှာပဲ။
သူက ဝင်တိုက်မိတော့မယ့်အရေးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လက်နှစ်ဖက်ကို မြှောက်လိုက်တယ်။
ဒါပေမဲ့ နောက်ဆုံးစက္ကန့်ပိုင်းလေး ရောက်ခါနီးမှပဲ တွန်းလှည်းက ဘေးဘက်ကို ကွေ့ချလိုက်တာကြောင့် တွန်းလှည်းတစ်ခုလုံး တိမ်းမှောက်လုနီးပါးတောင် ဖြစ်သွားရတယ်။ ရော့တ်ဝိုင်လာခွေးလူသားက မျက်လုံးတွေကို ဖွင့်ကြည့်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိတာပေါ့။ သူကတော့ သေပြီလို့တောင် ထင်နေတာ။
ဒါပေမဲ့ သူ့ရဲ့ ဒုက္ခတွေက ဒီတင်တင် ပြီးဆုံးသွားပုံမရသေးဘူး။ သူ ရှေ့ကို ကြည့်လိုက်တဲ့အခါ တွန်းလှည်း မောင်းနှင်နေတဲ့ သံလမ်းတွေက ချောက်ကမ်းပါးအတိုင်း အပေါ်ကို မတ်မတ်ကြီး စောင်းတက်သွားတာကို မြင်လိုက်ရတယ်။
တွန်းလှည်းရဲ့ အရှိန်အဟုန်ကြောင့်ပဲ ချောက်ကမ်းပါးပေါ်ကို ဒုန်းစိုင်းမောင်းတက်သွားပြီး ထိပ်ဆုံးအထိကို ရောက်ရှိသွားစေခဲ့တယ်။
ကုန်းပြင်မြင့်ကို ရောက်တဲ့အခါ တွန်းလှည်းက အရှိန်လျော့သွားတယ်။ သူကတော့ အားလုံးပြီးဆုံးသွားပြီလို့ ထင်လိုက်တာပေါ့။
ဒါပေမဲ့ အဲဒီနောက်မှာတော့ တွန်းလှည်းက ဆက်လက်ရွေ့လျားနေပြီး ဘယ်ဘက်ကို ကွေ့ချလိုက်ကာ ချောက်ကမ်းပါးဆီကိုပဲ တည့်တည့်မတ်မတ် ပြန်လှည့်လာတာကို တွေ့လိုက်ရပြန်တယ်။
“မလုပ်ပါနဲ့...မလုပ်ပါနဲ့...မလုပ်ပါနဲ့...မလုပ်ကြပါနဲ့ဦး” ခွေးလူသားက သူ့ဘာသာ တိုးတိုးလေး ရေရွတ်မိနေရှာတယ်။
ချောက်ကမ်းပါးရဲ့ အစွန်းဆုံးနေရာ၊ ဟန်ချက်ပျက်လုပျက်ခင် ဖြစ်နေတဲ့ အနားသတ်မှာ တွန်းလှည်းက တစ်ချက်ချင်းစီ အရှိန်လျော့သွားတယ်။ အဲဒီနောက်မှာတော့ လုံးဝ ရပ်တန့်သွားခဲ့တာပေါ့။ ခွေးလူသားကလည်း အသက်ရှူဖို့တောင် မေ့သွားပြီး ရုတ်တရက် လှုပ်ရှားမှုတစ်ခုခုကြောင့် တွန်းလှည်းကြီး အောက်ကို ထိုးကျသွားမှာကို စိုးရိမ်တကြီး သတိထားနေမိတယ်။
ဒီအချိန်မှာပဲ သူ့နောက်ကျောဘက်ကနေ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး တွန်းလှည်းကို နောက်ဆုံးတွန်းအား ပေးလိုက်တာကြောင့် ရာဂဏန်းနီးပါး မတ်စောက်တဲ့ ထောင့်အတိုင်း မြေပြင်ပေါ်ကို အရှိန်အဟုန်နဲ့ ထိုးဆင်းသွားပါတော့တယ်။
“အူးဝူး” ခွေးလူသားက ကြောက်လန့်တကြား အော်ဟစ်လိုက်မိတယ်။ သူကတော့ တွန်းလှည်းထဲကနေ လွင့်မထွက်သွားဖို့ မျှော်လင့်ရင်း ဘေးကင်းစေဖို့အတွက် ထိုင်ခုံခါးပတ်ကိုပဲ မလွှတ်တမ်း အတင်းဆွဲကိုင်ထားမိတာပေါ့။
တွန်းလှည်းက မြေပြင်နဲ့ ဝင်ဆောင့်တော့မယ့် အချိန်ကျခါမှပဲ ညာဘက်ကို နောက်တစ်ကြိမ် ကွေ့ချလိုက်ပြန်တာကြောင့် ရော့တ်ဝိုင်လာခွေးလူသားဟာ ပြုတ်ကျမယ့်အန္တရာယ်ကနေ သီသီလေး လွတ်မြောက်သွားခဲ့ရတယ်။
ခွေးလူသားဓားပြကတော့ အသက်ကို မနည်းရှူနေရပြီး သွားရည်တွေတောင် ကျနေရှာတယ်။
အခုလို အားလုံးပြီးဆုံးသွားမှပဲ သူဟာ ဘယ်လိုအန္တရာယ်မျိုးနဲ့မှ မကြုံတွေ့ခဲ့ရဘူးဆိုတာကို သဘောပေါက်သွားတော့တယ်။ ဒီတွန်းလှည်းနဲ့ သံလမ်းက သူ ပြုတ်ကျတော့မလိုမျိုး ဖြစ်အောင် ဖန်တီးထားတာဖြစ်ပြီး တည့်တည့် ဝင်ဆောင့်မယ့်အရေးကနေ အမြဲတမ်း ကွေ့ရှောင်ပေးခဲ့တာကိုး။
ဒါတင်မကသေးဘူး၊ သူကိုယ်တိုင်ကလည်း စစ်သည်တော်တစ်ယောက် ဖြစ်နေတာပဲလေ။ သူသာ လိုချင်တယ်ဆိုရင် ချောက်ကမ်းပါးကနေ ခုန်ချပြီး မြေပြင်ပေါ်ကို ခြေထောက်နှစ်ဖက်နဲ့ ဘေးကင်းကင်း ရပ်နားနိုင်တယ်ဆိုတာကို သူ သတိရသွားတယ်။
“ငါက ဘာကို ကြောက်နေတာလဲ” ရော့တ်ဝိုင်လာခွေးလူသားက သူ့ဘာသာ ရေရွတ်လိုက်မိတယ်။
သူ ထိုင်ခုံကနေ ထွက်ဖို့ ကြိုးစားကြည့်ပေမယ့် ထိုင်ခုံခါးပတ်က တွန်းလှည်းနဲ့ မြဲမြံစွာ တွဲလျက်ရှိနေတုန်းပဲဆိုတာကို သတိပြုမိသွားတယ်။ အရှိန်လျော့သွားတာတောင်မှ တွန်းလှည်းက လုံးဝရပ်တန့်မသွားသေးဘဲ ရှေ့ကို ဆက်ပြီး လိမ့်နေတုန်းပဲပေါ့။
ဒီတစ်ကြိမ်မှာတော့ တွန်းလှည်းက ချောက်ကမ်းပါးဆီကို ဦးတည်မောင်းနှင်နေတာမဟုတ်ဘဲ ချောက်ကမ်းပါးရဲ့ အတွင်းဘက်ဆီကို သွားနေတာ ဖြစ်တယ်။ အဝေးမှာ ဂူဝအသေးလေးတစ်ခု ရှိနေပြီး သံလမ်းတွေက အဲဒီဂူထဲကို ဦးတည်နေတာကို ခွေးလူသား မြင်လိုက်ရတယ်။
“ဟွန်း...ငါ မကြောက်တော့ပါဘူး” သူက သူ့ဘာသာ ပြောလိုက်တာပေါ့။
တွန်းလှည်းက ရှေ့ကို ဆက်လက်မောင်းနှင်သွားပြီး ဘာအလင်းရောင်မှ မရှိတဲ့ မှောင်မည်းနေတဲ့ ဂူအမှောင်ထဲကို ဝင်ရောက်သွားခဲ့တယ်။
ခွေးလူသားဓားပြအတွက်တော့ ဒါက လုံးဝ ကြောက်စရာမကောင်းပါဘူး။ သူတို့လို ဓားပြတွေက ဂူထဲမှာပဲ နေထိုင်ကြပြီး အချိန်အတော်များများကိုလည်း မြေအောက်လှိုင်ခေါင်းတွေထဲမှာပဲ ကုန်ဆုံးကြတာပဲလေ။ ကျဉ်းမြောင်းတဲ့ အမှောင်ထုလေးကတော့ သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးပေါ့။
ဒီအချိန်မှာပဲ ဂူအတွင်းထဲမှာ မိုးခြုန်းသံက တိုးဝင်လာပြီး လှိုင်ခေါင်းထဲမှာ အဆုံးမရှိ ပဲ့တင်ထပ်သွားပါတော့တယ်။
“မုန်တိုင်းလား” ခွေးလူသားက စိုးရိမ်တကြီး ရေရွတ်လိုက်မိတယ်။ သူ စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တစ်ခုကို ခံစားနေရပြီလေ။
ခွေးလူသားတွေအားလုံး ကြောက်ရွံ့တတ်ကြတဲ့ အရာတစ်ခု ရှိတယ်ဆိုရင်တော့ အဲဒါက...။
ဂူမျက်နှာကြက်ကနေ လျှပ်စီးကြောင်းတွေ ဖြတ်သန်းစီးဆင်းသွားပြီး ဂူတစ်ခုလုံး လင်းထိန်သွားကာ ရော့တ်ဝိုင်လာခွေးလူသားရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာအမူအရာကို ပေါ်လွင်စေခဲ့တယ်။
“အူးဝူး” သူက ကြောက်လန့်တကြား အော်ဟစ်လိုက်မိပြီး သူ့ရဲ့ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သံက ဂူထဲကနေ ပဲ့တင်ထပ်ထွက်လာကာ တောအုပ်ထဲမှာရှိတဲ့ အခြားခွေးလူသားဓားပြတွေဆီအထိ ပျံ့လွင့်သွားခဲ့တယ်။
“အဲဒါ ဘာကြီးလဲ” ဂျေကော့ က ဟိန်းဟောက်လိုက်တာပေါ့။
သူတို့လို ခွေးလူသားတွေက အူသံတွေကတစ်ဆင့် ဆက်သွယ်ကြတာဖြစ်လို့ အခု ရော့တ်ဝိုင်လာခွေးလူသား ခံစားနေရတဲ့ ထိတ်လန့်တုန်လှုပ်မှုနဲ့ အကြောက်တရားကို သူတို့ပါ လှမ်းပြီး ခံစားမိနေကြတယ်။ သူတို့ရဲ့ တစ်ကိုယ်လုံးက အမွေးအမှင်တွေပါ ထောင်ထလာကြတာပေါ့။
အင်ဂျင်နီယာတစ်ယောက်ကတော့ ဝံပုလွေလူသားရဲ့ ဟိန်းဟောက်သံကို လျစ်လျူရှုပြီး အခြားအင်ဂျင်နီယာတွေနဲ့ တိုင်ပင်နေတယ်။
“ကျွန်တော်တို့ တွန်းလှည်းရဲ့ အရှိန်ကို ပိုမြှင့်ရမယ်။ ချောက်ကမ်းပါးရဲ့ ထိပ်ဆုံးနေရာမှာ တုံ့ခနဲ ဖြစ်သွားလုနီးပါး ဖြစ်ခဲ့တယ်” လို့ သူက ပြောလိုက်တယ်။
“သဘောတူတယ်” လို့ အခြားအင်ဂျင်နီယာတွေကလည်း ပြောပြီး သူတို့ရဲ့ မှတ်စုစာအုပ်တွေထဲမှာ ရေးမှတ်လိုက်ကြတာပေါ့။
ဒီအချိန်မှာတင် တောအုပ်အောက်ခြေကနေ ချောက်ကမ်းပါးအထိ တစ်ပတ်ပတ်ပြီးနောက်မှာ တွန်းလှည်းက သူ့ရဲ့ စတင်ရာနေရာကို ပြန်လည်ရောက်ရှိလာတာကြောင့် သတ္တုချင်း ထိခိုက်မိတဲ့ အသံကို လူတိုင်း ကြားလိုက်ရတယ်။
အထဲမှာ ပါလာတဲ့ ရော့တ်ဝိုင်လာခွေးလူသားကတော့ ထိုင်ခုံပေါ်မှာတင် သတိလစ်မေ့မြောနေပြီး ထိုင်ခုံခါးပတ်တစ်ခုလုံးမှာလည်း သွားရည်တွေ ပေကျံနေရှာတယ်။
“မင်းတို့ သူ့ကို ဘာလုပ်လိုက်တာလဲ” ဂျာကူက အဖြေတောင်းလိုက်တယ်။
ဒါပေမဲ့ အင်ဂျင်နီယာတွေကတော့ သူ့ကို နောက်တစ်ကြိမ် လျစ်လျူရှုလိုက်ပြန်တာပေါ့။
“ကဲ...နောက်ထပ် စမ်းသပ်မှုတစ်ခုကို ဆက်သွားကြမလား။ ဘယ်သူ စေတနာ့ဝန်ထမ်း လုပ်ချင်လဲ” အင်ဂျင်နီယာက ခွေးလူသားတွေကို မေးလိုက်တယ်။
တောအုပ်ထဲကနေ အခြား ဗလာဖြစ်နေတဲ့ တွန်းလှည်းတစ်စီးက ခွေးလူသားဓားပြတွေဆီကို လိမ့်ဝင်လာပြန်တယ်။ ဒါက အရင်တစ်စီးနဲ့ ထပ်တူပဲဆိုတော့ အဲဒီထောင်ချောက်ထဲကို ကျရောက်သွားတဲ့ ဘယ်သူမဆို ရော့တ်ဝိုင်လာခွေးလူသားလိုပဲ ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရမှာ အသေအချာပဲပေါ့။
ဂျာကူက အင်ဂျင်နီယာတွေကို ကြည့်ပြီး အံကြိတ်လိုက်တယ်။ “မင်းတို့ ဒါအတွက် ပြန်ပေးဆပ်ရမယ်။ ငါ့လူတွေ...သူတို့ကို တိုက်ခိုက်ကြစမ်း” လို့ သူက အမိန့်ပေးလိုက်ပါတော့တယ်။
အခုတော့ သူတို့က ဘာလာမလဲဆိုတာကို သိနေကြပြီဖြစ်လို့ ဝင်လာမယ့်တွန်းလှည်းက ဘယ်လောက်ပဲ မြန်မြန်၊ ရှောင်တိမ်းဖို့က သူတို့အတွက် အလွန်လွယ်ကူသွားခဲ့ပြီလေ။
ဒီအချိန်မှာပဲ ခွေးလူသားဓားပြတွေက သူတို့ရဲ့ နောက်ကျောဘက်ကနေ အသံတစ်သံကို ကြားလိုက်ရတယ်။
“ထိုးမယ်...ထိုးမယ်...ထိုးမယ်...ငါ လူအချို့ကို ထိုးချင်နေပြီ”
ဒါပေမဲ့ သူတို့ အင်ဂျင်နီယာတွေဆီ မရောက်ခင်မှာတင် ဓားပြတစ်ယောက်က သူ့ရဲ့နောက်ကျောဘက်ကနေ အရှိန်ပြင်းပြင်းနဲ့ တွန်းထုတ်လိုက်တဲ့ အင်အားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။
ဂျာကူ လှည့်ကြည့်လိုက်တဲ့အခါ နဂါးမျိုးနွယ်ဝင်တွေလို အင်္ဂါရပ်တွေရှိပြီး အနီရောင်အကြေးခွံတွေနဲ့ လူတစ်ပိုင်းသတ္တဝါတစ်ယောက်က ဓားပြတစ်ယောက်ကို နောက်ကနေ လက်သီးနဲ့ ထိုးလိုက်တာကို မြင်လိုက်ရတယ်။
ချီဝါဝါခွေးလူသားက ဘာမှကြိုတင်မပြင်ဆင်ထားမိဘဲ လက်သီးချက်ကြောင့် ရှေ့ကို ယိုင်လဲသွားပြီး နောက်ဆုံးမှာတော့ တွန်းလှည်းထဲကို အကွက်ကျကျ ပြုတ်ကျသွားပါတော့တယ်။
“တစ်ယောက်တော့ သွားပြီ။ နောက်ထပ် ထိုင်ခုံတစ်ခု ကျန်သေးတယ်” ဇိုင်ယွန်က အခြားဓားပြတစ်ယောက်ကို ရင်ဆိုင်ရင်း အော်ပြောလိုက်တာပေါ့။
အမည်းရောင်နဲ့ အဖြူရောင် အမွေးအမှင်တွေရှိတဲ့ ဟာစကီးခွေးလူသားက ဓားကို ဆွဲထုတ်ပြီး ဇိုင်ယွန်ဆီကို ခုန်အုပ်ကာ အူဟတ်လိုက်တယ်။
အနီရောင်အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းက ဓားချက်ကို ရှောင်တိမ်းလိုက်တာကြောင့် ခွေးလူသားကို အံ့အားသင့်သွားစေခဲ့တယ်။
ဟက်စကီးခွေးလူသားက သူ့ရဲ့ ဇစ်ဇက် လက်သည်း မန္တန်ကို အသုံးပြုလိုက်တာကြောင့် ဇိုင်ယွန်ဆီကို ခုတ်ပိုင်းလိုက်တဲ့ ဓားချက်ရဲ့အရှိန်က ပိုမိုမြန်ဆန်လာစေခဲ့တာပေါ့။
ဒါပေမဲ့ ကြယ်လေးပွင့်မန္တန်ရဲ့ အစွမ်းနဲ့တောင်မှ ခွေးလူသားဟာ ဇိုင်ယွန်ရဲ့ အဝတ်အစားကိုတောင် မထိခိုက်နိုင်ခဲ့ဘူး။ ဒရာဂွန်ဘွန်းကတော့ ဓားသွားကြားထဲမှာ အမြဲတမ်း အကွက်ကျကျ ရှောင်တိမ်းပြီး ကပြနေသလို ဖြစ်နေတာကိုး။
နောက်ဆုံးမှာတော့ စိတ်ပျက်အားမလိုအားမရဖြစ်မှုကြောင့် ဟက်စကီးခွေးလူသားက အရှိန်လွန်ပြီး ခုတ်မိသွားတာကြောင့် ဇိုင်ယွန်က ရှောင်တိမ်းလိုက်ကာ သူ့ရဲ့ ခန္ဓာကိုယ် အသည်းတည့်တည့်ဆီကို ပြင်းထန်တဲ့ လက်သီးချက်တစ်ချက် ကျွေးလိုက်ပါတော့တယ်။
ခွေးလူသားဓားပြကတော့ သူ့ရဲ့ ကလီစာတွေအကုန် ထွက်ကျမတတ်တောင် ဖြစ်သွားရရှာတယ်။ ဒါပေမဲ့ သူ ဘာမှမလုပ်နိုင်ခင်မှာတင် ဇိုင်ယွန်က သူ့လက်ထဲက ဓားကို လက်သီးနဲ့ ရိုက်ထုတ်လိုက်ပြီး မေးစေ့ဆီကို အကွက်ကျကျ ပင့်လက်သီး ပေးလိုက်တာကြောင့် တွန်းလှည်းဆီကို တည့်တည့်မတ်မတ် လွင့်ထွက်သွားစေခဲ့တယ်။
အခုတော့ ခရီးသည်နှစ်ယောက် ရသွားပြီဖြစ်တဲ့ တွန်းလှည်းက သံလမ်းအတိုင်း အရှိန်အဟုန်နဲ့ မောင်းနှင်သွားပြီး ရော့တ်ဝိုင်လာခွေးလူသား ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတဲ့ ကြောက်ရွံ့ထိတ်လန့်မှုမျိုးကိုပဲ ထပ်တူ ခံစားရပါတော့တယ်။
ဒီအချိန်မှာပဲ သံလမ်းအတိုင်း အခြားတွန်းလှည်းတွေ ပိုမိုလိမ့်ဆင်းလာပြီး နောက်ထပ် ဓားပြဆယ်ယောက်လောက် ဆံ့တဲ့ ပမာဏအထိ သယ်ဆောင်လာကြတာပေါ့။
သူတို့ မသိလိုက်ခင်မှာတင် အခြားခရီးသည်တစ်ယောက်ကလည်း ရိုလာကိုစတာကို မလိုလားဘဲ အတင်းအကျပ် စီးနင်းခြင်း ခံလိုက်ရပြန်တယ်။
ဂျာကူ လှည့်ကြည့်လိုက်တဲ့အခါ ဓားသိုင်းပညာနဲ့ ဓားပြတစ်ယောက်ကို အနိုင်ယူပြီး ဓားကို အောက်ချလိုက်တဲ့ အပြာရင့်ရောင် အကြေးခွံတွေနဲ့ အလားတူ လူတစ်ပိုင်းသတ္တဝါတစ်ယောက်ကို မြင်လိုက်ရပြန်တယ်။
“ဘာလဲ...ဒီလူတွေက ဘယ်သူတွေလဲ” ဂျေကော့ က အော်ဟစ်လိုက်ပါတော့တယ်။