← Chapters

အခန်း (၃၅၁-၃၅၂)

Vol. 30 Ch. 351-352

အခန်း (၃၅၁-၃၅၂)

Vol. 30 Ch. 351-352

အခန်း(၃၅၁)

"ဟိဟိ" ဗီဗီက သူမပါးပြင်လေးကို လက်ညှိုးထိုးပြပြီး အပြစ်ကင်းစင်တဲ့ဟန်နဲ့ ခေါင်းလေးစောင်းကာ တိုးတိုးကလေး ရယ်လိုက်တယ်။

"သူတပါးရဲ့ ခံစားချက်တွေကို လျှောက်ကစားတာနဲ့ ပတ်သက်ပြီး ငါ မင်းတို့ကို ဘာပြောထားလဲ"

"ဒါပေမဲ့... ဒါပေမဲ့... ဒါပေမဲ့ ဒီနိုင်ငံတော်ကြီးက စားလို့ကောင်းလွန်းတာကိုး။ လူတိုင်းရဲ့ ခံစားချက်တွေက သိပ်ကို ပြင်းထန်နေတော့ ငါတို့အကုန်လုံး စားသုံးလို့ရတာပေါ့"

ကျန်တဲ့ နတ်သူငယ်တွေဟာလည်း နောက်ဆုံးတော့ ကိုယ်ထင်ပြလာကြပြီး ကစားသမားတွေရဲ့ ခေါင်းပေါ်မှာ အသီးသီး ပေါ်လာကြတယ်။

"အဲဒါက သူတပါးရဲ့ ဘဝတွေကို ဝင်ရှုပ်ဖို့အတွက် ဆင်ခြေမဖြစ်နိုင်ဘူး"

မိုက်ကယ်က နတ်သူငယ်တွေကို သူ့နိုင်ငံတော်ထဲမှာ လွှတ်ပေးမိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေမိတယ်။ သူတို့က တစ်သက်လုံး လှောင်အိမ်ထဲ ပိတ်ထားခံရတဲ့ ခွေးရိုင်းတစ်ကောင်လို ဖြစ်နေပြီး သူကတော့ အရိုးတွေ၊ အသားတွေ အပြည့်ရှိတဲ့ စားဖွယ်စုံဝိုင်းကြီးကို အရှေ့မှာ ချပြလိုက်သလို ဖြစ်နေတာ။ သူတို့တွေ မအောင့်အီးနိုင်ကြတာလည်း မပြောဆန်းပါဘူး။

ပြီးတော့ ရိုလာကိုစတာ ကို အခုထိ မဆောက်ရသေးတာကလည်း သူ့အပြစ်ပဲလေ။

မိုက်ကယ်က သူတို့ကို စိတ်ပျက်နေတဲ့ အမူအရာ ပြလိုက်တာနဲ့ ဗီဗီနဲ့ ကျန်တဲ့ နတ်သူငယ်တွေအကုန်လုံး အပြစ်ရှိသလိုမျိုး ခေါင်းလေးတွေ ငုံ့သွားကြတယ်။

"တောင်းပန်ပါတယ်" ဗီဗီက လက်နှစ်ဖက်ကို နောက်ပစ်ပြီး တိုးတိုးကလေး ပြောရှာတယ်။

ကျန်တဲ့ နတ်သူငယ်တွေကလည်း သူမနောက်ကနေ လိုက်ပြီး ဘေ့စ်ဘောကစားသမားတွေကို သူတို့အလုပ်ထဲ ဝင်ရှုပ်မိတဲ့အတွက် တောင်းပန်ကြတယ်။

"ရပါတယ် သခင်" လို့ ကစားသမားတစ်ယောက်က ပြောလိုက်တယ်။ "ဒါက သာမန်ခြေစမ်းပွဲပဲဥစ္စာ။ ပြီးတော့ သူတို့ကလည်း နောင်ကျရင် ရီနေးတားနိုင်ငံသားတွေ ဖြစ်လာကြမှာမလား။ အဲဒါကြောင့် ငါတို့က မိသားစုတွေပဲပေါ့"

"ဟုတ်တယ်၊ ငါတို့ အဆင်ပြေပါတယ်"

"ငါကတော့ သူတို့ကို ကျေးဇူးတောင် တင်ရဦးမယ်။ အဲဒီလို ရမ်းသန်းလာတဲ့ ဘောလုံးကို ရိုက်ဖို့ ကြိုးစားရတာက ငါ့ရဲ့ စွမ်းရည်ကို ပိုတက်လာစေတယ်လေ"

အလှောင်ပြောင်ခံလိုက်ရပေမဲ့ ရီနေးတား ဘေ့စ်ဘောကစားသမားတွေဟာ နတ်သူငယ်တွေရဲ့ ဆေးထိုးမှုတွေကို သိသွားတဲ့အခါမှာ သိပ်ပြီး ဒေါသမထွက်ကြပါဘူး။

အဲဒီအစား သူတို့ရဲ့ အခြေအနေကို တော်တော်လေး နားလည်ပေးကြတယ်။ နတ်သူငယ်တွေအကြောင်း အများကြီး မသိကြပေမဲ့ သူတို့တွေ အသက်ဆက်ဖို့ ခံစားချက်တွေ လိုအပ်တယ်ဆိုတာကိုတော့ သိထားကြတယ်လေ။

လော့လိုက သူတို့ကို ပြောဖူးတယ်၊ နတ်သူငယ်တွေက မိုက်ကယ်ရဲ့ ဧည့်သည်တွေ ဖြစ်တာကြောင့် သူတို့ကို တတ်နိုင်သမျှ စိတ်အချမ်းသာဆုံး ဖြစ်အောင် ထားဖို့က ရီနေးတားနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ တာဝန်ပဲတဲ့။ သူတို့ကို ပျော်ရွှင်ကျေနပ်စေဖို့အတွက် အဓိပ္ပာယ်မရှိတဲ့ ပွဲတစ်ပွဲမှာ ရှုံးပေးရမယ်ဆိုရင်တောင် သူတို့ လုံးဝ အဆင်ပြေကြပါတယ်။

အဲဒီနောက် ကစားသမားတွေက နတ်သူငယ်တွေကို မိတ်ဆက်ကြပြီး သူတို့ တကယ်ရှိနေတာကို မယုံနိုင်အောင် ဖြစ်ရတဲ့အကြောင်း ပြောကြတယ်။ အများစုကတော့ ဒါတွေက ဒဏ္ဍာရီတွေပဲလို့ ထင်ခဲ့ကြတာ၊ ဒါပေမဲ့ အခုတော့ ရီနေးတားရဲ့ နယ်မြေထဲမှာ အပြင်မှာ မြင်နေရပြီလေ။

နတ်သူငယ်တွေဟာ ရီနေးတားနိုင်ငံသားတွေရဲ့ တုံ့ပြန်မှုကြောင့် တော်တော်လေး အံ့ဩသွားကြတယ်။ ဘာလုပ်ရမှန်းတောင် မသိ ဖြစ်သွားကြတာပေါ့။

ခါတိုင်းဆို သူတို့ ခံစားချက်တွေရဖို့ တစ်ယောက်ယောက်ကို ဆေးထိုးလိုက်ရင် အဲဒီအဝေဖန်ခံရသူတွေက နတ်သူငယ်တွေကို အမြဲတမ်း ရွံရှာမုန်းတီးတတ်ကြတယ်။ သူတို့လုပ်ရပ်တွေကို စက်ဆုပ်ပြီး ဝေးဝေးပြေးကြတယ်၊ ပိုဆိုးရင် သူတို့ကို သတ်ဖို့တောင် ကြိုးစားကြတာ။

ဘာပဲဖြစ်ဖြစ် အဲဒီလိုမျိုး အလှောင်ပြောင်ခံရတာက ကောင်းတဲ့ အတွေ့အကြုံမှ မဟုတ်တာ။ အဲဒါက သူတို့ကို အကာအကွယ်မဲ့သလို ခံစားရစေတယ်၊ အဲဒီအတွက်ကြောင့် တုံ့ပြန်မှုအများစုက တိုက်ခိုက်တာ ဒါမှမဟုတ် ထွက်ပြေးတာမျိုးပဲ ဖြစ်နေခဲ့တာ။

ဒါပေမဲ့ သူတို့တစ်သက်မှာ ပထမဆုံးအကြိမ်အဖြစ် သူတို့ရဲ့ အနိုင်ကျင့်ခြင်း ခံရသူတွေဆီကနေ နွေးနွေးထွေးထွေး ကြိုဆိုတာကို ခံလိုက်ရတယ်။ ရီနေးတားနိုင်ငံသားတွေက အကုန်လုံး စိတ်ကောင်းရှိပြီး သဘောထားပြည့်ကြတယ်။ နတ်သူငယ်တွေက မကောင်းတဲ့ စေတနာနဲ့ လုပ်တာမဟုတ်မှန်း သူတို့သိကြသလို သူတို့ရဲ့ လုပ်ရပ်တွေကြောင့်လည်း ထိခိုက်နာကျင်တာမျိုး မရှိကြဘူးလေ။

ရီနေးတား ဘေ့စ်ဘောကစားသမားတွေက သူတို့ကို စကားပြောဖို့ ကြိုးစားနေချိန်မှာ သူတို့တွေကတော့ ကသိကအောက်နိုင်စွာနဲ့ ရပ်နေကြတယ်။

ဒါပေမဲ့ နတ်သူငယ်တွေက ဘယ်လိုပြန်ပြောရမှန်း မသိကြဘူး။ စကားတွေကို ထစ်ထစ်အအနဲ့ ဗလုံးဗထွေး ပြောနေကြပြီး ဘာမှ ပြန်မပြောနိုင်ရှာဘူး။

သူတို့က အမြဲတမ်း အမှောင်ထဲမှာပဲ နေခဲ့ကြပြီး တခြားမျိုးနွယ်စုတွေနဲ့ ဘယ်တုန်းကမှ ထိတွေ့ဆက်ဆံဖူးတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ အခုတော့ သူတို့က လူအများရဲ့ အာရုံစိုက်မှုကို ခံနေရပြီ။

ဆိုးပေလေး ဗီဗီတောင်မှ ဘာစကားမှ မပြောနိုင်ဘဲ မှင်တက်သွားတယ်။

'ဒါက ဘာကြီးလဲ' လို့ သူမကိုယ်သူမ ပြန်မေးမိတယ်။ သူမရဲ့ ရင်ထဲမှာ တစ်ခုခု ဖြစ်နေတယ်။ နွေးထွေးတဲ့ ခံစားချက်မျိုးပေါ့။ သူမအနေနဲ့ ဒါကို ကောင်းကောင်း နားမလည်နိုင်ဘူး ဖြစ်နေတယ်။

မိုက်ကယ်က ဒါတွေအားလုံးကို စောင့်ကြည့်နေရင်းကနေ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။

"မင်းတို့အတွက် အပြစ်ဒဏ်ကို ငါ စဉ်းစားမိပြီ" လို့ သူက သူတို့ကို ပြောလိုက်တယ်။

"အခုကစပြီး ငါအမိန့်မပေးမချင်း ဘယ်သူ့ရဲ့ ခံစားချက်ကိုမှ မင်းတို့ စားသုံးလို့ မရဘူး။ အဲဒီအစား မင်းတို့ကိုယ်တိုင် အလုပ်လုပ်ပြီး ရီနေးတားနိုင်ငံတော်ကြီးကို ကိုယ်တိုင်ခံစားကြည့်ရမယ်။ နောက်ပြီး ပုန်းနေလို့လည်း မရတော့ဘူး"

နတ်သူငယ်တွေ ထိတ်လန့်သွားကြတယ်။

"မပူပါနဲ့။ ဒါက ရိုလာကိုစတာ ဆောက်လို့ ပြီးတဲ့အထိပဲ ကြာမှာပါ။ မင်းတို့ အောင်အောင်မြင်မြင် မလုပ်နိုင်ရင်၊ ပြီးတော့ မင်းတို့ ခိုးလုပ်ရင်လည်း ငါသိမှာပဲ၊ အဲဒီလိုဆိုရင်တော့ မင်းတို့ကို ငါတို့နိုင်ငံတော်ထဲကနေ မောင်းထုတ်ပစ်မှာ ဖြစ်ပြီး မင်းတို့အနေနဲ့ ရိုလာကိုစတာ စီးတဲ့လူတွေဆီက ထွက်လာမယ့် ကြောက်ရွံ့ခြင်း ခံစားချက်ကိုလည်း စားသုံးခွင့်ရမှာ မဟုတ်တော့ဘူး"

ဗီဗီရဲ့ မျက်နှာက နာမည်ကြီး The Scream ပန်းချီကားထဲက ပုံစံအတိုင်း ဖြစ်သွားတယ်။

"ကံကောင်းပါစေ" လို့ သူက သူတို့ကို ပြောလိုက်တယ်။

"မင်းတို့အားလုံး ဘေ့စ်ဘောကစားတာကနေပဲ စလိုက်ကြပါလား။ ကိုယ်တိုင်ကစားရတာ ဘယ်လောက်ခက်လဲဆိုတာ မြင်ကြည့်ပြီး အနှောင့်အယှက် ခံရတဲ့အခါ ဘာလို့ အဲဒီလောက် စိတ်ပျက်ဖို့ကောင်းလဲဆိုတာကို နားလည်အောင် လုပ်ကြည့်လိုက်လေ"

အဲဒီလိုနဲ့ နတ်သူငယ်တွေဟာ ရွေးချယ်စရာမရှိတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်လိုက်ရတယ်။ သူတို့ စားသုံးချင်တဲ့ အဲဒီခံစားချက်မျိုးကို သူတို့ကိုယ်တိုင် မခံစားဖူးသေးသရွေ့ လူတွေရဲ့ ခံစားချက်ကို စားသုံးခွင့် မရှိတော့ဘူး။

သူတို့က ပီဇာကို ပထမဆုံးအကြိမ် စားတဲ့လူရဲ့ ခံစားချက်ကို စားသုံးချင်တာလား။ ဒါဆိုရင် သူတို့ကိုယ်တိုင် အရင်ဆုံး ပီဇာကို စားကြည့်ရမယ်။

သူတို့က ဘောလုံးကို မရိုက်နိုင်လို့ စိတ်ပျက်နေတဲ့ ဘေ့စ်ဘောကစားသမားရဲ့ ခံစားချက်ကို စားသုံးချင်တာလား။ ဒါဆိုရင် သူတို့ကိုယ်တိုင်လည်း ဘောလုံးကို ရိုက်ဖို့ ကြိုးစားကြည့်ရမယ်။

ဒါက ကလဲ့စားချေတဲ့ သဘောမျိုးဖြစ်ပြီး မိုက်ကယ်အနေနဲ့ နတ်သူငယ်တွေကို ခံစားချက်တွေဆိုတာ လျှောက်ကစားရမယ့်အရာ မဟုတ်ဘူးဆိုတာကို သင်ခန်းစာပေးချင်တာ ဖြစ်တယ်။

တခြား နတ်သူငယ်တွေကတော့ လူတွေနဲ့ စကားပြော၊ ဆက်ဆံရင်း အတော်လေး လွယ်လွယ်ကူကူ အသားကျသွားကြတယ်။ အဲဒီအချိန်မှာပဲ အချို့ကတော့ တော်တော်လေး ခက်ခဲနေပြီး လူပုံအလယ်မှာ ကိုယ်ထင်မပြရဲဘဲ ဖြစ်နေကြတယ်။

ဗီဗီကတော့ အဲဒီအထဲက တစ်ယောက်ပေါ့။ သူမက ဆေးထိုးရတာကို ကြိုက်ပြီး တစ်ယောက်ယောက်ရဲ့ ခံစားချက်ကို လှည့်စားရတာကို သဘောကျတာ။ ဒါပေမဲ့ အခုတော့ အဲဒါကို ပိတ်ပင်ခံထားရပြီ။ မိုက်ကယ်က သူမကို သူ့နောက်မှာပဲ အမြဲတမ်း တကောက်ကောက် လိုက်စေခြင်းဖြင့် စည်းကမ်းအတိုင်း ဖြစ်အောင် သေချာ ကြပ်မတ်ထားတယ်။

"ငါ... ခံစားချက်... လိုတယ်..." လို့ သူမက နွမ်းလျစွာနဲ့ ပြောရှာတယ်။ မိုက်ကယ်က ဒီစည်းကမ်းကို ထုတ်ပြန်ခဲ့တာ နာရီပိုင်းပဲ ရှိသေးပေမဲ့ သူမရဲ့ မျက်ကွင်းတွေက နှစ်ရက်လောက် အိပ်ရေးပျက်ထားတဲ့လူလို ညိုမည်းနေပြီလေ။

"ငါ့နောက်ပဲ လိုက်ခဲ့ပြီး မင်းဘဝကို မင်းဘာသာ ဖြတ်သန်းကြည့်စမ်းပါ" လို့ သူက သူမကို ပြောလိုက်တယ်။ "ငါတို့ ရိုလာကိုစတာ အတွက် ဖြစ်နိုင်ခြေရှိတဲ့ ဖောက်သည်တွေဆီကနေ စစ်တမ်းကောက်မယ့်အလုပ်ကို မင်း ဘာလို့ ဝိုင်းမလုပ်ပေးတာလဲ"

မိုက်ကယ်က လူတစ်ပိုင်းသတ္တဝါ အမျိုးမျိုးကို ရှာဖွေပြီး သူတို့ကို ဘာက ကြောက်လန့်စေလဲဆိုတာကို သိနိုင်ဖို့ ရီနေးတားနိုင်ငံတော်တစ်ခုလုံးကို လှည့်လည်ကြည့်ရှုဖို့ စီစဉ်ထားတာ ဖြစ်တယ်။

ဥပမာအားဖြင့်၊ ခွေးလူသားတွေက မိုးကြိုးပစ်တာကို ကြောက်ကြတယ်ဆိုတာ သူ အခုတင်ပဲ သိလိုက်ရတယ်။ ဒါက မိုက်ကယ်ကို ရိုလာကိုစတာ ထဲမှာ လျှပ်စစ်မီးပွားတွေ ထည့်သွင်းဖို့ စိတ်ကူးရစေပြီး ခွေးလူသားတွေအတွက် ပိုပြီး ကြောက်စရာကောင်းအောင် လုပ်လို့ရတာပေါ့။

သူ ရှာမတွေ့သေးတဲ့ ထူးဆန်းတဲ့ အားနည်းချက် တွေ ရှိနေတဲ့ တခြား လူတစ်ပိုင်းသတ္တဝါ မျိုးနွယ်စုတွေလည်း အများကြီး ရှိပါသေးတယ်။

"အို... လုပ်ပါနဲ့။ အဲဒါက ပျင်းစရာကြီး။ ငါ သူတို့ရဲ့ ခံစားချက်တွေကို စားသုံးပြီး သူတို့ရဲ့ အမှတ်တရတွေထဲကနေပဲ ရှာလိုက်ရင် မရဘူးလား။ ငါက ဘာလို့ သူတို့ကို လိုက်မေးနေရမှာလဲ" လို့ ဗီဗီက ညည်းညူရှာတယ်။

ဒါပေမဲ့ မိုက်ကယ် ပြန်မဖြေနိုင်ခင်မှာပဲ သူ့ခြေထောက်အောက်ကနေ အရိပ်တစ်ခု ထွက်လာတာကို မြင်လိုက်ရတယ်။

ဒါက အရိပ်ဝံပုလွေ မျိုးနွယ်စုခေါင်းဆောင်တွေ ဖြစ်ကြတဲ့ နာရီတိုနဲ့ ဆာစူကီတို့ပဲ ဖြစ်တယ်။

"ဘာကိစ္စရှိလို့လဲ" လို့ သူက သူတို့ကို မေးလိုက်တယ်။

"ဘူတိုတို။ ရွှေလမ်းမကြီး စီမံကိန်းက အရှေ့ဘက်တောအုပ်ထဲကို တရားဝင် ခြေချနိုင်ပြီ ဖြစ်ပါတယ် သခင်။ နတ်သူငယ်တွေက သူတို့နယ်မြေထဲကို ပေးဝင်ကတည်းက အရာအားလုံး အဆင်ပြေပြေ လည်ပတ်နေတာပါ"

"ရာတတ။ ဒါပေမဲ့ နောက်ထပ် ပြဿနာတစ်ခု တက်လာပြန်ပြီ။ ဓားပြတွေက နောက်ဆုံးတော့ သူတို့ရဲ့ ဖဲချပ်ကို ထုတ်ပြလိုက်ပြီဖြစ်ပြီး အခု ဒီအချိန်မှာတင် ငါတို့ရဲ့ ဆောက်လုပ်ရေး လုပ်သားတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ ပြင်နေကြတယ်"

မိုက်ကယ်က ဒါက တကယ် အရေးကြီးမှန်း သိတယ်။ ရီနေးတား နယ်မြေထဲကို အကြိမ်ကြိမ် ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ပြီးတဲ့နောက် ဖလဲယားကော့ပ်နဲ့ လူယုတ်မာဓါးပြအဖွဲ့တို့ဟာ နောက်ဆုံးတော့ သည်းမခံနိုင်တော့တဲ့ အခြေအနေကို ရောက်လာကြပြီလေ။

"ငါတို့ တပ်ဖွဲ့တွေကို အဆင်သင့်ပြင်ခိုင်းလိုက်။ ဆောက်လုပ်ရေး လုပ်သားတွေကို ငါတို့ ကာကွယ်ရမယ်"

သူက သူတို့ကို ၃၅ ရာခိုင်နှုန်းရှိတဲ့ ချောကလတ်တွေ ပေးထားခဲ့ပေမဲ့လည်း ဓားပြအုပ်စုကြီးကို ကာကွယ်ဖို့၊ အထူးသဖြင့် သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေထဲမှာ ကာကွယ်ဖို့အတွက် အဲဒါက မလုံလောက်မှန်း သူသိတယ်။

ဒါတင်မကဘဲ ဖလဲယားကော့ပ်က သူကိုယ်တိုင်တောင် ဖြေရှင်းနိုင်ပါ့မလား မသေချာတဲ့ သိပ်ကို ကြီးမားတဲ့ ပြဿနာကြီးတစ်ခု ဖြစ်နေတယ်လေ။

"ကျွန်တော် အဲဒါကို လုပ်ပြီးပါပြီ သခင်" လို့ နာရီတိုက သူ့လက်မောင်းတွေကို ပုတ်ရင်း ပြောတယ်။ "ပြီးတော့ တိုက်ပွဲမစခင်မှာတင် ဓားပြတွေကို ကြားဖြတ်ရှင်းလင်းနိုင်ဖို့ ငါ့ရဲ့ အရိပ်စစ်သည်တော်တွေကို အဲဒီနယ်မြေမှာ ရှာဖွေခိုင်းထားပြီးပါပြီ"

"ငါ့ရဲ့ အရိပ်စစ်သည်တော်တွေကတော့ အခုအချိန်မှာ ဆောက်လုပ်ရေး လုပ်သားတွေကို ကာကွယ်ပေးနေပါတယ်။ သူတို့က ဒရာဂွန်ဘွန်းတွေကို စောင့်ဆိုင်းနေစဉ်မှာ လုပ်သားတွေကို သေချာပေါက် ကာကွယ်ပေးထားမှာပါ" လို့ ဆာစူကီက ထပ်လောင်းပြောတယ်။

မိုက်ကယ်က ထိုင်ချလိုက်ပြီး သူ့ဒူးပေါ် လက်တင်ကာ ကိုယ်ကို ကိုင်းလိုက်တယ်။ "ရန်သူ့အင်အား ဘယ်လောက်လောက် ရှိမယ်လို့ မျှော်လင့်ရလဲ"

"တစ်ထောင်နီးပါးလောက်ပါ သခင်။ လူယုတ်မာဓါးပြအဖွဲ့က လူသားတွေနဲ့ လူတစ်ပိုင်းသတ္တဝါ အမျိုးမျိုး စုစည်းထားတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်"

သူ့ရဲ့ မျက်ခုံးတွေ ပင့်တက်သွားပြီး ခေါင်းထဲမှာ စိတ်ကူးတစ်ခု ပေါ်လာတယ်။

သူ တစ်ချက်ခုတ် နှစ်ချက်ပြတ် အလုပ်လုပ်လိုက်ရင်ကော။ လူယုတ်မာဓါးပြအဖွဲ့ကို တိုက်ခိုက်ရင်းနဲ့ ရိုလာကိုစတာ ရဲ့ လုပ်ဆောင်ချက်တွေကိုပါ တစ်ပြိုင်တည်း စမ်းသပ်ကြည့်ရင် ဘယ်လိုနေမလဲ။

* * * * * * * *

စာစဉ်(၃၀)

အခန်း(၃၅၂)

ဒီကမ္ဘာနဲ့ ကိုက်ညီမယ့် ရိုလာကိုစတာတစ်ခု တည်ဆောက်ဖို့ လက်ရှိကြုံနေရတဲ့ ပြဿနာတွေထဲက တစ်ခုကတော့ လူတစ်ပိုင်းသတ္တဝါတွေကိုပါ လန့်ဖြန့်သွားစေနိုင်လောက်အောင် ထိတ်လန့်ခြောက်ခြားဖို့ကောင်းမယ့် အရာတစ်ခုခုကို ရှာဖွေဖို့ပဲ ဖြစ်နေတယ်။

ဒါကြောင့် သူက ရီနေးတားရဲ့ နိုင်ငံသားတွေနဲ့ ခရီးသွားဧည့်သည်တွေအားလုံးရဲ့ နာမည်ကို တစ်ယောက်မကျန် အလွတ်မှတ်မိတဲ့ မြို့တော်ဝန် လော့လိုကို လူတစ်ပိုင်းသတ္တဝါ မျိုးနွယ်စုအားလုံးရဲ့ အားနည်းချက်တွေကို ရှာဖွေဖို့ စစ်တမ်းကောက်ခိုင်းလိုက်တယ်။ ပါရမီရှင် အဝါရောင် ဟော့ဘ်မျောက်လူပီပီ လော့လိုက လူတိုင်းရဲ့ အကြောက်ဆုံးအရာတွေပါတဲ့ အသေးစိတ်စာရင်းတစ်ခုကို ရှာဖွေစုဆောင်းပေးနိုင်ခဲ့တာပေါ့။

ဥပမာပြောရရင် ခွေးလူသားတွေက မိုးကြိုးပစ်တာကို မုန်းကြပြီး၊ မြွေလူသားတွေက ကောင်းကင်ပျံရမှာကို ကြောက်ကြတယ်၊ ဆိတ်လူသားတွေကျတော့ ယေဘုယျအားဖြင့် သေရမှာကို ကြောက်ကြတာမျိုးပေါ့။

* * * * * * * *

ဒါပေမဲ့ အဲဒီအချက်တွေကို ရိုလာကိုစတာထဲမှာ အလွယ်တကူ ထည့်သွင်းလိုက်ရုံနဲ့တင် အလုပ်ဖြစ်သွားမှာ မဟုတ်ဘူးဆိုတာ သူ သိနေတယ်။ လူတွေကို ရင်ဖိုစိတ်လှုပ်ရှားစေပြီး ဘေးကင်းလုံခြုံမှုလည်း ရှိစေမယ့် အနေအထားတစ်ခုရဖို့ ဘယ်လောက်အတိုင်းအတာအထိ သုံးရမလဲဆိုတာကို သူ ရှာဖွေဖို့ လိုအပ်သေးတယ်။ သူက ဒီရိုလာကိုစတာကြောင့် ဘယ်သူ့ကိုမှ တကယ်ထိခိုက်ဒဏ်ရာရစေချင်တာမဟုတ်ဘဲ အသည်းထိတ်အူတုန် ဖြစ်သွားစေချင်ရုံပဲလေ။

သူ့စိတ်ထဲမှာ ရှိတဲ့ အကြံဉာဏ်တစ်ခုကတော့ ဒီအချက်တွေရဲ့ ကန့်သတ်ချက်တွေကို စမ်းသပ်ပေးမယ့် အခကြေးငွေပေး စေတနာ့ဝန်ထမ်း စမ်းသပ်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းဖို့ပဲ ဖြစ်တယ်။ ဒါပေမဲ့ အဲဒါက အချိန်တွေအများကြီး ပေးရမှာဖြစ်ပြီး လက်ရှိအချိန်မှာ သူ့ဆီမှာ အချိန်က မရှိဘူးဖြစ်နေတယ်။

သူ့ရဲ့ အရင်းအမြစ် ပြဿနာတွေကို ဖြေရှင်းပြီးခါစမှာတင် ဘလေဇဲလ်နဲ့ လူယုတ်မာဓါးပြအဖွဲ့ ရောက်လာပြီး ရီနေးတားကို အင်တိုက်အားတိုက် စစ်ကြေညာခဲ့တာပေါ့။ ဒါကြောင့် ရိုလာကိုစတာ တည်ဆောက်ရေးလုပ်ငန်းကို နောက်ထပ် အချိန်တစ်ခုအထိ ရွှေ့ဆိုင်းထားရမယ်လို့ သူ တွေးလိုက်မိတယ်။

* * * * * * * *

ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့်ပဲ မိုက်ကယ်ဟာ ဒါက သူ့ရဲ့ အကြံဉာဏ်တွေကို စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေးဆိုတာကို သဘောပေါက်သွားခဲ့တယ်။

ဘာလို့လဲဆိုတော့ လူယုတ်မာဓါးပြအဖွဲ့ဆိုတာ အဖွဲ့အစည်းပေါင်းစုံ၊ မျိုးနွယ်စုပေါင်းစုံက လူဆိုးလူမိုက်တွေ စုထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေလို့ပဲ။ အချို့သော မြို့ကြီးတွေထက်တောင် လူမျိုးစုံပြီး လူသားတွေရော လူတစ်ပိုင်းသတ္တဝါတွေပါ ပါဝင်တဲ့အပြင် အဲဒီလူတစ်ပိုင်းသတ္တဝါတွေထဲမှာလည်း သွေးမျိုးဆက် ဆက်နွှယ်မှု ပေါင်းစုံ ပါဝင်နေကြတယ်။

သူက လူယုတ်မာဓါးပြအဖွဲ့ဝင်အားလုံးရဲ့ အခြေအနေကို အကဲခတ်နိုင်ဖို့ အကျဉ်းထောင်ထဲက စလစ်ဇီဆီကို အရင်ဆုံး သွားရောက်တွေ့ဆုံခဲ့တယ်။

"ဟုတ်ကဲ့ သခင်... ကျွန်တော်တို့ အဖွဲ့ဝင်အများစုက ကွင်းစ်နယ်မြေအနှံ့က လူမိုက်တွေပဲ ဗျ... ကျွန်တော်တို့က ဘယ်မျိုးနွယ်စုကိုမှ ခွဲခြားဆက်ဆံတာမျိုး မရှိဘူး... ကွင်းစ်နယ်မြေတစ်ခုလုံးမှာရှိတဲ့ လူတစ်ပိုင်းသတ္တဝါ အုပ်စုတိုင်းက အဖွဲ့ဝင် အနည်းဆုံး တစ်ယောက်စီကိုတော့ အဖွဲ့ထဲမှာ ရှာတွေ့နိုင်တယ်"

စလစ်ဇီက မိုက်ကယ်နဲ့ စကားပြောနေရင်း ပန်းချီသင်တန်းမှာ ပန်းတစ်ပွင့်ကို အာရုံစိုက် ဆွဲနေတာပေါ့။

"ကောင်းပြီ... ဒါဆို သူတို့ရဲ့ ရာထူးတွေနဲ့ သူတို့ ရှိနေတဲ့ နေရာတွေကို ငါ့ကို ပြောပြနိုင်မလား"

"ရတာပေါ့ သခင်... နောက်ကျရင် အဲဒီစာရင်းကို မမ ရှီနာ့ဆီ ကျွန်တော် ပေးလိုက်ပါ့မယ်"

"ကျေးဇူးပဲ" မိုက်ကယ်က နောင်တရပြီး လမ်းမှန်ပြန်ရောက်လာတဲ့ ဓားပြရဲ့ ကျောပြင်ကို ပုတ်ပေးရင်း ပြောလိုက်တယ်။

"ဒါနဲ့... လူယုတ်မာဓါးပြအဖွဲ့ကို တိုက်ခိုက်တဲ့နေရာမှာ မင်းရဲ့ အကူအညီ လိုလိမ့်မယ်... နောက်တော့ အော့ခ်အချို့ မင်းဆီလာပြီး စစ်မြေပြင်ဆီ ခေါ်သွားလိမ့်မယ်... အဆင်သင့်ပြင်ထားလိုက်ပါ"

* * * * * * * *

စလစ်ဇီက တည်ကြည်တဲ့ မျက်နှာထားနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဒါက သူနဲ့ အခြားဓားပြတွေ ဒီအချိန်အတောအတွင်း အမြဲတမ်း စောင့်မျှော်နေခဲ့တဲ့ အရာပဲလေ။

သူတို့ရဲ့ ကြိုးပမ်းမှုတွေကြောင့် အခုအချိန်မှာ အကျဉ်းထောင်ထဲမှာ လူယုတ်မာဓါးပြတွေ အများကြီး ရှိနေပြီဖြစ်ပေမဲ့ ဖလဲယားကော့ပ်အတွက် အဓမ္မ အလုပ်အကျွေးပြုနေရတဲ့သူတွေ အပြင်မှာ အများကြီး ကျန်နေသေးတယ်။ ဒါပေမဲ့ အခုတော့ သူတို့ရဲ့ အဖွဲ့ဝင်တွေအားလုံးကို ပြန်လည် ကယ်တင်နိုင်မယ့် အခွင့်အရေး ရလာခဲ့ပြီပေါ့။

"ကျွန်တော်တို့ သခင်ခိုင်းတာ အကုန်လုပ်ဖို့ အသင့်ပါပဲ"

အခြား အကျဉ်းသားတွေကပါ မိုက်ကယ်ကို လေးလေးစားစား အလေးပြုလိုက်ကြတယ်။

စလစ်ဇီရဲ့ ကျေးဇူးကြောင့် မိုက်ကယ်ဟာ လူယုတ်မာဓါးပြအဖွဲ့ထဲမှာရှိတဲ့ လူတစ်ပိုင်းသတ္တဝါ မျိုးနွယ်စုအားလုံးရဲ့ အဆင့်အတန်းနဲ့ အဖွဲ့ထဲက သူတို့ရဲ့ ရာထူးတွေပါဝင်တဲ့ အသေးစိတ်စာရင်းကို ရရှိခဲ့တယ်။ အဲဒီအပြင် အရိပ်ဝံပုလွေတွေဆီက ရတဲ့ အချက်အလက်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဘယ်လူတစ်ပိုင်းသတ္တဝါအုပ်စုက အရင်ဆုံး တိုက်ခိုက်လာနိုင်လဲဆိုတာကို သူ ခန့်မှန်းနိုင်ခဲ့တာပေါ့။

ဥပမာပြောရရင် ရွှေလမ်းမကြီးရဲ့ လုပ်ငန်းတိုးတက်မှုကို ဖျက်ဆီးဖို့အတွက် ခွေးလူသားဓားပြအုပ်စုက အရင်ဆုံး တိုက်ခိုက်လာဖို့ အလားအလာ အများဆုံးပဲ ဖြစ်နေတယ်။

* * * * * * * *

အခု ရလာတဲ့ အချက်အလက်တွေနဲ့အတူ မိုက်ကယ်ဟာ ရီနေးတားနိုင်ငံတော်ရဲ့ အတော်ဆုံး အသိဉာဏ်အရှိဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ဂရီးဗ်နဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်။

"ဟို..ဟိုး... မင်း လူမှန်ဆီ လာခဲ့တာပဲ" ဂရီးဗ်က သူ့ရဲ့ မေးရိုးတွေ တဂျောက်ဂျောက်မြည်အောင် ရယ်မောရင်း ပြောလိုက်တယ်။

မိုက်ကယ် တွေးကြည့်တာလည်း ဟုတ်နေတာပဲ၊ လူယုတ်မာဓါးပြအဖွဲ့ကို တိုက်မယ့်တိုက်ပွဲကို ဦးဆောင်ဖို့ ဂရီးဗ်ထက် ပိုကောင်းတဲ့လူ မရှိနိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ဒီအရိုးစုကြီးက သူ့ရဲ့ အရင်ဘဝတုန်းက စစ်သူကြီးတစ်ဦး ဖြစ်ခဲ့တာကိုး၊ အဲဒါတောင် သူ့နယ်ပယ်မှာ ထိပ်ဆုံးကပဲ။ သူက လူသားဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားတဲ့ ကြယ်ကိုးပွင့်အဆင့်ရှိတဲ့ စစ်သူကြီးဘဝနဲ့ သေဆုံးခဲ့တာ ဖြစ်တယ်။

"ငါ တုန်းကတော့ စစ်သည်တစ်စုထဲနဲ့တင် ရန်သူ့စစ်တပ် အင်အားတစ်သောင်းကို ချေမှုန်းခဲ့တာ... အနည်းဆုံးတော့ အဲလိုထင်တာပဲ..."

ဒီအရိုးစုကြီးရဲ့ မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ ရောဂါက စိတ်ပူစရာ အနည်းငယ် ရှိနိုင်ပေမဲ့ သူ့ရဲ့ တိုက်ပွဲဝင် အိုင်ကျူကတော့ အစစ်အမှန်ကြီးပဲ ဖြစ်တယ်။

အဲဒီအပြင် သူတို့ အခုတိုက်ခိုက်ရမှာက အချင်းချင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ ဓားပြတစ်စုပဲလေ။ ဂရီးဗ်အတွက်ကတော့ အိပ်ပျော်နေရင်းတောင် အဲဒီလိုစစ်တပ်မျိုးကို အနိုင်တိုက်နိုင်တယ်၊ အနည်းဆုံးတော့ သူကိုယ်တိုင် အဲလို ယုံကြည်နေတာပေါ့။

"ဒီအားနည်းချက်တွေကို မင်းရဲ့ စစ်ဗျူဟာအစီအစဉ်တွေထဲမှာ ထည့်သွင်းအသုံးချနိုင်မလား" မိုက်ကယ်က လော့လို ပြုစုပေးထားတဲ့ စာရင်းကို ပြရင်း မေးလိုက်တယ်။ "ခွေးလူသားဓားပြတွေအတွက် မိုးကြိုးကို သုံးရမယ်... ပင့်ကူမျှင်တွေကို သုံးပြီးတော့..."

မိုက်ကယ်နဲ့ ဂရီးဗ်တို့ နှစ်ယောက်စလုံးဟာ ဓားပြတွေကို တိုက်ခိုက်ဖို့ ဗျူဟာတွေ ဆွဲရင်း တစ်ညလုံး အတူတူ အလုပ်လုပ်ခဲ့ကြတယ်။

* * * * * * * *

ရီနေးတားနိုင်ငံတော်မှာ အခုထက်ထိ စနစ်တကျ ဖွဲ့စည်းထားတဲ့ စစ်တပ်ရယ်လို့ မရှိသေးဘူး။ သူတို့ဆီမှာ ဒရာဂွန်ဘွန်းတွေနဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေပဲ ရှိတာ၊ အဲဒါပဲလေ။

အင်အား အရေအတွက် အရဆိုရင်တော့ ဓားပြတွေဘက်က အသာစီးရနေတာ သေချာတယ်။

ဒါပေမဲ့ ရီနေးတားနိုင်ငံသားတွေဆီမှာလည်း တိုက်ပွဲအရှိန်မြင့်လာတဲ့အခါ အခြေအနေကို ပြောင်းလဲပစ်နိုင်တဲ့ လျှို့ဝှက်ချက်အချို့ ရှိနေကြတာပေါ့၊ အဲဒါကတော့ ၃၅ ရာခိုင်နှုန်း ပြင်းအားမြှင့် ချောကလက်လုံးလေးတွေပဲ ဖြစ်တယ်။

စစ်သူကြီးအရိုးစုကြီးက မျှော်လင့်ထားတဲ့အတိုင်းပဲ တပ်ဖြန့်တဲ့နေရာမှာရော စမ်းသပ်မှုတွေအတွက် စီမံကိန်းချတဲ့နေရာမှာပါ တကယ့်ကို ကျွမ်းကျင်ပိုင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့တယ်။

"အိုကေ... လောလောဆယ်တော့ ဒါ တော်တော်လေး ကောင်းနေပြီ" အန်ဂိုရာမြို့ရဲ့ အရှေ့ဘက် တောအုပ်ရဲ့ သုံးဖက်မြင် မြေမျက်နှာသွင်ပြင်မြေပုံကို ကြည့်ရင်း မိုက်ကယ်က ပြောလိုက်တယ်။

မြေပုံရဲ့ ညာဘက်အောက်ခြေမှာတော့ လက်ရှိ တည်ဆောက်ဆဲဖြစ်တဲ့ ရွှေလမ်းမကြီး ရှိနေတယ်။ ဘယ်ဘက်အပေါ်မှာတော့ တောင်နှစ်လုံးကြားက ဂူတစ်ခု ရှိနေပြီး အဲဒါက လူယုတ်မာဓါးပြအဖွဲ့ရဲ့ ခိုအောင်းရာ စခန်းဖြစ်တာပေါ့။

မိုက်ကယ်က လူယုတ်မာဓါးပြတွေ တိုက်ခိုက်လာနိုင်ခြေအရှိဆုံး နေရာတွေကို ဖော်ပြတဲ့ အရုပ်သေးသေးလေးတွေကိုလည်း ပြုလုပ်ထားသေးတယ်။ အဲဒီအရုပ်တွေကို မြေပုံရဲ့ အလယ်ဗဟိုမှာ ချထားတာဖြစ်ပြီး အဲဒီနေရာကတော့ သူတို့ ရိုလာကိုစတာ စမ်းသပ်မှုတွေကို တပ်ဆင်မယ့် နေရာပဲ ဖြစ်တယ်။

တစ်ဖက်မှာလည်း ဒရာဂွန်ဘွန်းတွေရဲ့ အရုပ်လေးတွေကို ရွှေလမ်းမကြီးကို ကာကွယ်ဖို့အတွက် ညာဘက်အခြမ်းမှာ နေရာချထားတယ်။ ဘာပဲဖြစ်ဖြစ် ဒါက လူယုတ်မာဓါးပြတွေရဲ့... ဒါမှမဟုတ် ပိုတိတိကျကျ ပြောရရင် ဘလေဇဲလ်ရဲ့ အဓိက ပစ်မှတ်လေ။

တစ်ချိန်တည်းမှာပဲ သူတို့က လမ်းခရီးမှာတွေ့မယ့် ဓားပြအုပ်စုတွေကို အနိုင်တိုက်ပြီး မိမိတို့ဘက် ပါလာအောင် စည်းရုံးရင်း လူယုတ်မာဓါးပြတွေရဲ့ စခန်းရှိရာ ဂူဆီကို ဦးတည်သွားဖို့ ရည်ရွယ်ထားကြတယ်။

အဲဒီဂူကို ရောက်တာနဲ့ ဒီတိုက်ခိုက်မှုတစ်ခုလုံးရဲ့ ခေါင်းဆောင်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ကြရတော့မှာပေါ့။

"ဟိုဟိုဟို... ငါ တော်တော်လေး စိတ်လှုပ်ရှားလာပြီ မိုက်ကယ်... ငါ့သွေးတွေ ဆူပွက်လာသလိုပဲ... အော် နေပါဦး... ငါ့မှာ သွေးမှ မရှိတာ"

* * * * * * * *

နောက်တစ်နေ့မှာပဲ မိုက်ကယ်ဟာ တောအုပ်ထဲက ရွှေလမ်းမကြီးရဲ့ အစွန်းဆုံးနေရာဆီကို ကိုယ်ယောင်ဖျောက် ရွှေ့ပြောင်းလိုက်တယ်။

ဓားပြတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတစ်ခုလုံးအတွင်းမှာ တည်ဆောက်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတာကြောင့် ဒီနေရာက တိုက်ပွဲတစ်ခုလုံးအတွက် သူတို့ရဲ့ အခြေစိုက်စခန်း ဖြစ်လာမှာပေါ့။

ရီနေးတားက အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေဟာ သူတို့ရဲ့ အချိန်ကို အသုံးချပြီး တောအုပ်ထဲမှာ ခံတပ်အသေးလေးတစ်ခု ဆောက်လုပ်ခဲ့ကြတယ်၊ အဲဒီနေရာမှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေအားလုံး ဒီတိုက်ခိုက်မှု ကာလတစ်ခုလုံး နားနေတည်းခိုကြမှာ ဖြစ်တယ်။ သူတို့က ကာကွယ်ရေး အားကောင်းအောင် အတားအဆီးတွေ၊ မျှော်စင်တွေနဲ့ နက်ရှိုင်းတဲ့ ကျုံးတွင်းချောက်တွေကိုပါ အဲဒီဧရိယာပတ်ပတ်လည်မှာ ထည့်သွင်းဆောက်လုပ်ထားကြတာပေါ့။

မိုက်ကယ်ကလည်း အလယ်ဗဟိုမှာ ဌာနချုပ်တစ်ခု ထည့်သွင်းဆောက်လုပ်ပြီး သူ့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေး အစီအမံတွေကို ဖြည့်စွက်ခဲ့သေးတယ်၊ အဲဒီနေရာမှာ အရိပ်ဝံပုလွေတွေက တောအုပ်ထဲမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို လာရောက်သတင်းပို့ကြမှာ ဖြစ်တယ်။

အခြေခံအားဖြင့်တော့ ဒါက စစ်ဆင်ရေးတစ်ခုလုံးရဲ့ ဦးနှောက်ပဲဖြစ်ပြီး စောင့်ကြည့်ရေးကင်မရာတွေနဲ့ ဒရုန်းတွေကို သုံးပြီး တိုက်ခိုက်တဲ့ ခေတ်သစ်စစ်ပွဲတွေလိုမျိုးပဲ တောအုပ်ထဲက အခြေအနေအားလုံးကို မိုက်ကယ်အနေနဲ့ အချိန်နဲ့တပြေးညီ မြင်တွေ့နိုင်စေတယ်။

သူက ကွန်ကရစ်ခံတပ်ထဲကို လျှောက်လှမ်းလာတဲ့အခါ ရီနေးတားနိုင်ငံသားတွေက သူ့ကို တိုတိုတုတ်တုတ်နဲ့ ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ် နှုတ်ဆက်ကြတယ်။ လူတိုင်းက လာမယ့်တိုက်ပွဲအတွက် တည်ငြိမ်ပြီး အလုပ်များနေကြတာပေါ့။ မိုက်ကယ်က တကယ့် စစ်မြေပြင်အစစ်အမှန်ထဲကို လှမ်းဝင်လိုက်ရသလို ခံစားလိုက်ရတယ်။

"အိုး... သူတို့တွေ တကယ် တည်ငြိမ်နေကြတာပဲ" ဗီဗီက ခံတပ်ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရင်း မိုက်ကယ့်မျက်နှာနားမှာ တဝဲဝဲပျံသန်းကာ ပြောလိုက်တယ်။

သူမရဲ့ မွှေနှောက်မှုတွေကြောင့် ပြစ်ဒဏ်ပေးခံနေရဆဲ ဖြစ်တာမို့ မိုက်ကယ်က သူမကို ဘယ်သူ့ဆီကမှ ခံစားချက်တွေကို စုပ်ယူစားသောက်ခြင်းမပြုဘဲ သူသွားလေရာကို အတင်း လိုက်ခဲ့ခိုင်းထားတာ ဖြစ်တယ်။

"ဟုတ်တယ်... သူတို့တွေ တကယ် တည်ငြိမ်နေကြတာပေါ့" မိုက်ကယ်က ပြန်ဖြေလိုက်တယ်။ "ငါတို့အားလုံး ဒါကို တကယ့်ကို အလေးအနက်ထားနေကြတာ"

ဒါပေမဲ့ သူ ဌာနချုပ်နဲ့ နီးကပ်လာတာနဲ့အမျှ အဆောက်အဦးထဲကနေ ကျယ်လောင်လှတဲ့ ရယ်မောသံတွေကို ကြားလိုက်ရတဲ့အခါမှာတော့ အဲဒီ တည်ငြိမ်လေးနက်နေတဲ့ လေထုကြီးက ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ရတော့တယ်။

All Chapters