အခန်း (၁၅၁)
Vol. 16 Ch. 151
🍏 Chapter 151
ဆရာတော်ကို ရှာဖွေခြင်းမှာ ကံစမ်းခြင်း သက်သက်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် ဆရာတော်၏ ဆက်သွယ်ရန် အချက်အလက်များ မရှိသလို ကြိုတင်စာရင်းပေးထားခြင်းလည်း မရှိသဖြင့် ရတနာဆေးလုံး ရရှိရန်မှာ ကံကြမ္မာပေါ်တွင်သာ မူတည်ချေသည်။
ထို့ကြောင့် ဝမ်သိုက်သည် လီချင်းယွီကို ဆွဲကာ ဘုရားကျောင်းဝင်းထဲတွင် အေးဆေးစွာ ဝေ့ဝဲလျှောက်လှမ်းရင်း လတ်ဆတ်သော လေထုကို ရှူရှိုက်ကာ ပတ်ပတ်လည်ကို ကြည့်ရှုနေစဉ် နားနေဆောင် ထိုင်ခုံရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အမှတ်မထင် လှမ်းမြင်လိုက်ရသည်။
အမျိုးသမီးသည် ယဉ်ကျေးသိမ်မွေ့စွာ ဝတ်ဆင်ထားပြီး ကျပ်ထုတ်နေသော ချည်ထည်ဂါဝန်ရှည်နှင့် ဒေါက်ဖိနပ်ကို စီးထားကာ ထိုင်ခုံပေါ်တွင် ထိုင်နေသည့်အခါ ခြေထောက်နှစ်ဖက်ကို စေ့ထားပြီး လက်နှစ်ဖက်ကိုလည်း ပူးယှက်ကာ ပေါင်ပေါ်တွင် တင်ထားချေသည်။ သို့သော် အခြားအမျိုးသား တစ်ဦး၏ အမူအရာမှာမူ အကွာအဝေးတစ်ခု ထားရှိထားကြောင်း အထင်အရှား ပြသနေသည်။
ထိုင်ခုံပေါ်တွင် ထိုင်နေသော အမျိုးသမီးမှာ နားနေဆောင်၏ အတွင်းဘက်တွင် ရှိနေပြီး အမျိုးသားကမူ လက်ကို အိတ်ကပ်ထဲ ထည့်ထားကာ နားနေဆောင်မှ ထွက်ခွာသွားရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့သည့်အတိုင်း လှေကားထစ်များနှင့် နီးကပ်စွာ တည်ရှိနေသည်။
အမျိုးသမီးကိုမူ မသိကျွမ်းသော်လည်း အမျိုးသားမှာ... ဘာလို့ ဒီလောက်တောင် မျက်စိထဲ ရင်းနှီးနေရတာလဲ။
အဆွဲခံထားရသော လီချင်းယွီသည် ဝမ်သိုက်၏ လက်ကို လှုပ်ခါလိုက်ပြီး သူမ၏ မျက်နှာလေးကို မော့ကာ ပြောလိုက်သည်။
"မမရေ၊ ကျွန်မတို့လည်း ဟိုဘက်က နားနေဆောင်ကို သွားရအောင်"
ဝမ်သိုက်က ပြတ်သားစွာ သဘောတူလိုက်သည်။
"အင်း၊ ကောင်းတာပေါ့"
တိုက်တိုက်ဆိုင်ဆိုင် ထိုအမျိုးသား၏ ရုပ်သွင်ကို သွားရောက် ကြည့်ရှုရုံပေါ့။ ဤမျှ အကွာအဝေးရှိနေသဖြင့် မျက်နှာမှာ အနည်းငယ် ဝေဝါးနေဆဲ ဖြစ်သည် မဟုတ်ပါလား။
သူတို့နှစ်ဦး၏ နောက်ကွယ်မှ တိတ်တဆိတ် လိုက်ပါလာသော ကုချီမှာမူ ဒရိုင်ဘာအဖြစ်မှ နောက်လိုက်အဖြစ်သို့ ပြောင်းလဲသွားချေပြီ။
အကွာအဝေး နီးကပ်လာသည့်အခါ ဝမ်သိုက်သည် နားနေဆောင်ရှေ့ရှိ လမ်းငယ်လေးပေါ်တွင် ရပ်တန့်လိုက်ပြီး အံ့အားသင့်စွာ မျက်လုံးအစုံ ပွင့်သွားကာ နားနေဆောင်ဝတွင် မိမိအား စောင်းငဲ့ကြည့်နေသော အမျိုးသားကို ကြောင်အမ်းအမ်း စိုက်ကြည့်နေမိသည်။
‘ဟင်... ချန်စစ်ကျယ် ပါလား’
ဒါပေမဲ့ သူ့ အကြည့်က ဘာလို့ အိမ်ထောင်ရေးဖောက်ပြန်မှုကို ဖမ်းမိတဲ့အတိုင်း အေးစက်နေရတာလဲ။
ဤမသက်မသာ ဖြစ်မှုကို လျစ်လျူရှုလိုက်ပြီး ဝမ်သိုက်သည် လီချင်းယွီအားဆွဲကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းရင်း စိတ်ထဲမှလည်း သူ့ကို နှုတ်ဆက်ရမည်လော ဟု တိတ်တဆိတ် စဉ်းစားနေမိသည်။
နားနေဆောင်ထဲတွင် ထိုင်နေသော အမျိုးသမီးကိုကြည့်လိုက်ရာ ဝမ်သိုက်သည် ဤအမျိုးသမီးအား စံပြ မိန်းကလေးကြီးအဖြစ် သတ်မှတ်လိုက်ချေသည်။ သူမ ကိုယ်တိုင် နားနေသည့်အခါ ထိုင်ပုံထိုင်နည်းကို အကြာကြီး မထိန်းသိမ်းနိုင်ဘဲ လှဲလျောင်းနိုင်လျှင် လှဲလျောင်းကာ မှီနိုင်လျှင် မှီထားတတ်သော်လည်း ဤအမျိုးသမီးမှာမူ မတ်မတ်ထိုင်ကာ ကိုယ်ဟန်အမူအရာကို သိမ်မွေ့စွာ ထိန်းသိမ်းထားချေသည်။
ကြည့်ရုံဖြင့်ပင် အထက်လွှာမိသားစုမှ မွေးထားသော သမီးပျိုမှန်း သိသာလှပေသည်။
‘ဒါဆိုရင်... ချန်စစ်ကျယ်က ချိန်းတွေ့နေတာပေါ့လေ’
စိတ်ထဲက ခံစားချက်ကို ဖော်ပြရန် ခက်ခဲလှပေသည်။ ယခင်က လီမွန်သီး စားခဲ့ဖူးသော အတွေ့အကြုံကို ပြန်လည် သတိရမိသည်၊ အင်တာနက်ပေါ်မှ "အခွံပါစားရင် သင်းပျံ့တယ်" ဟူသော စကားကြောင့် လှည့်စားခံရဖူးပြီး ပထမဦးစွာ ပြင်းထန်သော အချဉ်ဓာတ်က ပျံ့နှံ့သွားကာ တဖြည်းဖြည်းနှင့် ဆေးယဉ်ပါးသွားပြီးနောက် ခါးသက်သက်နိုင်သော လတ်ဆတ်မှုကို ဝါးမြိုရသကဲ့သို့ ဖြစ်ပေသည်။
ငေးမောနေသော ဝမ်သိုက်သည် လှေကားထစ်ပေါ်သို့ တက်သည့်အခါ ကံဆိုးစွာဖြင့် လှေကားထစ်ကို တိုက်မိသွားပြီး ရှေ့သို့ လဲကျတော့မည့် ခဏတွင် လွင့်စင်နေသော စိတ်ကူးများ ပြန်လည် ရောက်ရှိလာသော်လည်း ပြန်မလာခြင်းကပင် ပိုမို ကောင်းမွန်ဦးမည် ဖြစ်သည်။
မိမိမျက်စိရှေ့တွင် တဖြည်းဖြည်း ကြီးထွားလာသော လှေကားထစ်များကို ကြည့်ရင်း ဝမ်သိုက်သည် မသိစိတ်အရ လီချင်းယွီ၏ လက်ကို လွှတ်လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ရင်ထဲမှ ထွက်ပေါ်လာသော "အမလေး" ဟူသော အသံသည် ပါးစပ်မှ ထွက်သွားချေသည်။
မိမိမျက်နှာကွဲအက်တော့မည်ဟု ထင်မှတ်နေသည့် အချိန်တွင် နားနေဆောင်ဝရှိ အမျိုးသားသည် လက်ကို ဆန့်ထုတ်ကာ သူမအား လှမ်း၍ဖမ်းဆွဲလိုက်ချေသည်။
ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး နှာခေါင်းထဲ တိုးဝင်လာသည်မှာ လတ်ဆတ်သော ရနံ့သင်းသင်းလေး ဖြစ်ပြီး ရေမွှေးကဲ့သို့ ပထမရနံ့ နောက်ရနံ့များ မဟုတ်ဘဲ လူကို သက်တောင့်သက်သာ ဖြစ်စေသော လတ်ဆတ်သည့် ရနံ့လေးသာ ဖြစ်ပေသည်။
မှီတွယ်မိသော ရင်ခွင်ကြီးမှာ နွေးထွေးမှု ရှိသော်လည်း အလွန် မာတောင့်လှသည်။ ဝမ်သိုက်၏ လက်မောင်းတစ်ဖက်ကို ချန်စစ်ကျယ်က လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ခါးဘေးတွင်မူ လက်ဖဝါးတစ်ဖက်က ဖက်တွယ်ထားချေသည်။ မူလက မြေပေါ်သို့ ဒူးထောက်မိတော့မည့် ခြေထောက်မှာ သူ၏ ပွေ့ဖက်မှုကြောင့် လှေကားထစ်နှင့် မထိတွေ့ခဲ့ပေ။
ယခင်အတိုင်း လီမွန်သီး စားရသည့် ခံစားချက်မျိုး ဖြစ်သော်လည်း လီမွန်သီး စားစဉ်က ခံစားချက်မျိုး မဟုတ်တော့ဘဲ မျိုချပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော အရာဖြစ်ပေသည်။ ထုံကျင်နေသော လျှာဖျားလေး၊ လျှာပေါ်မှ ထုံကျင်မှုမှာ နှလုံးသားဆီသို့ ကူးစက်သွားချေပြီ။
အတူတူ လှေကားထစ်ရှေ့သို့ ရောက်ရှိလာသော ကုချီသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မူလက ပါးစပ်ထဲတွင် ရှိနေသော မေးခွန်းများမှာ ထွက်ပေါ်လာခွင့် မရှိတော့သည့်အတိုင်း ဖြစ်ရပြီး သူသည် အံ့အားသင့်စွာဖြင့် အကြည့်ကို နားနေဆောင်ထဲတွင် ထိုင်နေသော အမျိုးသမီးထံသို့ လွှဲလိုက်ရာ စိတ်ခံစားချက်မှာ ပိုမိုရှုပ်ထွေးသွားချေသည်။
ဝမ်သိုက်နှင့် ဤအမျိုးသားသည် ဘာတွေ ဖြစ်နေကြတာလဲ။ သူတို့က ဘာပတ်သက်မှု ရှိလို့လဲ။ သူတို့က အီစီကလီ လုပ်နေကြတုန်းပဲလား။ ဒါမှမဟုတ် ဝမ်သိုက်က တစ်ဖက်သတ် ကြိုက်နေတုန်းပဲလား။ ဒါဆိုရင် နားနေဆောင်ထဲက အမျိုးသမီးကကော ဘာလဲဟင်။ သူတို့က အချင်းချင်း သိကြတာလား။
ပထမဦးစွာ ဝမ်သိုက်သည် အိုးပုတ်လည်း လိုချင် စလောင်းလည်း လိုချင်သည့် လူမျိုး မဟုတ်သည်မှာ အထင်အရှား ဖြစ်သလို ရည်းစားရှိတဲ့ အမျိုးသားကိုလည်း စိတ်ဝင်စားမည့်သူ လုံးဝမဟုတ်ပေ။ သူသည် မိမိဒေါ်လေး၏ လူအကဲခတ်မှုကို အလွန်ယုံကြည်သည်ဖြစ်ရာ ပြဿနာမှာ ဤအမျိုးသားပေါ်တွင်သာ ရှိနိုင်ချေသည်။
ဝမ်သိုက်အား ဝိုင်းဝန်းကူညီပြီး ဖက်တွယ်ထားသော ချန်စစ်ကျယ်သည် ကုချီ၏ မျက်လုံးထဲတွင် မိမိ၏ ပုံရိပ်မှာ လူရှုပ်လူပွေအဖြစ် သတ်မှတ်ခြင်း ခံလိုက်ရသည်ကို လုံးဝ မသိရှိပေ။
နားနေဆောင်ထဲတွင် ထိုင်နေသော ရွှီကျင့်သည်လည်း ငြိမ်သက်မနေနိုင်ဘဲ သူမ၏ လှပသော မျက်ဝန်းအစုံမှာ အနည်းငယ် ပွင့်လန်းသွားကာ မယုံကြည်နိုင်သော အမူအရာဖြင့် ချန်စစ်ကျယ်၏ နောက်ကျောကို စိုက်ကြည့်နေမိသည်။
ဒီအမျိုးသားက အသန့်ကြိုက်လွန်းတဲ့ ရောဂါရှိတာ မဟုတ်ဘူးလား။ ရှေ့ခန်းမှာတောင် သူမကို ထိုင်ခွင့်မပြုဘဲ နောက်ခန်းကို မောင်းထုတ်ခဲ့တာကို မပြောနဲ့ဦး။ ဘုရားကျောင်းထဲ ရောက်တော့လည်း ဆရာတော်ကို တိုက်ရိုက်သွားရှာပြီး သူမအတွက် အလှအပဆေးလုံး တောင်းမပေးဘဲ အကြောင်းပြချက်မရှိ ဘုရားကျောင်းထဲမှာ လှည့်ပတ်ခေါ်နေတာ။
သူမ လမ်းလျှောက်လွန်းလို့ ဖနောင့်တွေ နာကျင်လာတဲ့အထိ ဖြစ်ရတာကို တောင်မှ ဤလူက သူမကို တွဲကူခြင်း မရှိဘဲ "ရှေ့မှာ နားနေဆောင် ရှိတယ်၊ ခဏလောက် ထပ်အောင့်ထားလိုက်ဦး" ဟုသာ ပြောခဲ့သည်။
ယခုမူ ဆန်းကြယ်လှစွာဖြင့် သူစိမ်းအမျိုးသမီးတစ်ယောက် လဲကျတော့မည့် ခဏတွင် ကူညီပံ့ပိုးပေးရန် လက်ကို ဆန့်ထုတ်လိုက်ချေသည်။
ရွှီကျင့်သည် စိတ်တိုလွန်းသဖြင့် အံကြိတ်မိပြီး ချန်စစ်ကျယ်က သူမအား မုန်းတီးနေသလားဟုပင် သံသယဝင်လာမိသည်။
သို့သော် အပြင်ပန်းတွင်မူ ဟန်ဆောင်ထားရဆဲ ဖြစ်ရာ သိမ်မွေ့သော အမျိုးသမီးကြီး၏ အမူအရာ ရှိနေသော ရွှီကျင့်သည် မိမိ၏ မျက်နှာကြွက်သားများကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသဖြင့် မသိမသာ တုန်လှုပ်နေသကဲ့သို့ ရှိချေသည်။
ချန်စစ်ကျယ်၏အသံမှာ မကျယ်လှဘဲ သူ့ ရင်ခွင်ထဲတွင် ကြောင်အမ်းအမ်း မှီနေသော ဝမ်သိုက်တစ်ယောက်သာ သဲသဲကွဲကွဲ ကြားလိုက်ရသည်။
"တကယ်ပဲ ဟန်ဆောင်တာတောင် မတတ်ဘူးပဲ၊ ရင်ခွင်ထဲ တိုးဝင်ချင်ရင် တိုက်ရိုက်ပြောလို့ရပါတယ်၊ ဒါကို တမင်သက်သက် ဒီလိုရိုးအီလှတဲ့ ပြကွက်မျိုး လုပ်ပြနေစရာမလိုပါဘူး... ဒါမှမဟုတ် မင်း ငါ့ကို ပြေးလာပြီး အရိုအသေပေးတာလား"
နောက်ပြောင်လိုသော အဓိပ္ပာယ်ကြောင့် ဝမ်သိုက်သည် သူ့ကို ဘေးရှိ ရေကန်ထဲသို့ တွန်းချပစ်ချင်စိတ် ပေါက်သွားရသည်။
သူမသည် ချန်စစ်ကျယ်၏ရင်ခွင်ထဲတွင် နှစ်ချက်ခန့် ရုန်းကန်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အားကိုးကာ ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး လီချင်းယွီ၏လက်ကလေးကို ပြန်လည် ဆွဲကိုင်လိုက်သည်။
သူမသည် လူကို ခေါ်ဆောင်ကာ အတွင်းသို့ ဝင်ရောက်ခဲ့ပြီး သူ့ကို ဖြတ်သန်းသွားသည့်အခါ "ကျေးဇူးပဲ" ဟု ခြောက်သွေ့စွာ ပြောလိုက်သည်။ အလွန်ရိုးသားမှုမရှိသော လေသံ ဖြစ်ပေသည်။
နောက်ကွယ်မှ လျှောက်လှမ်းလာသော ကုချီမှာမူ မိမိ၏ခန့်မှန်းချက်ကို ပိုမို သေချာသွားခဲ့ပြီ ဖြစ်သည်။
ကြည့်ရသည်မှာ ဤအမျိုးသားက နှာဘူးကြီး ဖြစ်ပုံရပြီး ဝမ်သိုက်နှင့် သူသည် အဆင်မပြေဖြစ်နေကြပြီဟု ခန့်မှန်းရသည်။
ရုတ်တရက် မိမိတွင် အခွင့်အရေး ပြန်ရှိလာပြီဟု ထင်မှတ်ကာ ကောက်ရစ်သည် အခွင့်အရေးကို ဖမ်းဆွဲပြီး ဝမ်သိုက်၏ဘေးတွင် ဝင်ထိုင်ကာ တိုးတိုးလေး မေးလိုက်သည်။
"ဘာမှ မဖြစ်ဘူးမလား၊ အဆင်ပြေရဲ့လား"
ကုချီ၏ဆက်သွယ်မှု ပုံစံတွင် ပြဿနာရှိနေသည်ကို သတိပြုမိသော ဝမ်သိုက်သည် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး တင်ပါးကို ရွှေ့ကာ လီချင်းယွီနှင့် ပိုမိုကပ်လိုက်ရင်း အကွာအဝေး ထားရှိကာ ပြောလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး၊ ကျွန်မ မလဲပါဘူး၊ စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်"
လက်ရှိတွင် ကုချီ မျက်လုံးထဲ၌ ချန်စစ်ကျယ်နှင့် ရွှီကျင့်တို့သည် အီစီကလီ လုပ်နေကြသူများ ဖြစ်ချေသည်။ ရွှီကျင့်၏မျက်လုံးထဲတွင်မူ... သူမသည် ဝမ်သိုက်ကို စိုက်ကြည့်နေသော ချန်စစ်ကျယ်ကို ကြည့်ပြီး စိတ်ထဲမှ အံ့ဩမှုများ ပိုမိုလေးနက်လာချေသည်။
ချန်ကတော်က သူမအပေါ် အတော်လေးကောင်းမွန်သည် ဖြစ်ရာ သူမအနေဖြင့် ချန်ကတော်အား သူမ၏သားတွင် ထူးဆန်းသော ဝါသနာရှိနေကြောင်း ပြောပြသင့်သလား မသိပေ။ တကယ်ပဲ သူတစ်ပါး၏ဇနီး၊ သူတစ်ပါး ကလေး၏မိခင်အား စိုက်ကြည့်နေတာကိုး။
ဒီလို ခန့်ညားထည်ဝါပြီး နောက်ခံကောင်းတဲ့ အမျိုးသားတစ်ယောက်မှာ ဒီလို ဝါသနာရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါကြောင့်လည်း အသက် သုံးဆယ်နား နီးနေပြီ ဖြစ်တာတောင် ရည်းစား မထားဖူးတာ ဖြစ်မှာပေါ့။
ဤမိသားစု သုံးယောက်ထဲတွင် အမျိုးသမီးက အမျိုးသားအပေါ် မည်သည့် ခံစားချက်မျှ မရှိသည်မှာ ထင်ရှားသော်လည်း စိတ်ကူးမလွဲအပ်ပေ။ သူမသည် အိမ်ထောင်သည် မိန်းမ ဖြစ်သည် မဟုတ်ပါလား။
ချောက်ချားစရာ ကောင်းလိုက်တာ...
ရွှီကျင့်သည် စိတ်ထဲမှ ထိတ်လန့်မိချေသည်။
ကုချီနှင့် ဝမ်သိုက်တို့သည် ကိုယ်စီ အကြံအစည်များဖြင့် အပြုအမူတစ်ခုကို သဘောတူညီလိုက်ကြသည်၊ ယင်းမှာ ချန်စစ်ကျယ်အား နှုတ်မဆက်ခြင်း ဖြစ်ပေသည်။
သို့သော် ထိုင်ခုံပေါ်တွင် ထိုင်နေသော လီချင်းယွီမှာမူ မတူညီပေ။ အချိန်အတော်ကြာ သွားပြီ ဖြစ်သလို ဆုံတွေ့စဉ်ကလည်း သတိကောင်းကောင်း မရှိခဲ့သော်လည်း မသိစိတ်အရ မိမိအား ကူညီခဲ့ဖူးသော ဤလူကို မှတ်မိနေပုံရသည်။ သူမသည် ချန်စစ်ကျယ်ကို အတော်ကြာ စိုက်ကြည့်ပြီးနောက် အပြစ်ကင်းစင်စွာ မေးလိုက်သည်။
"ဦးဦး၊ သမီး ဦးဦးကို မြင်ဖူးသလိုပဲနော်၊ သမီးကို မြင်ဖူးလားဟင်"
ဤကဲ့သို့ ချစ်ဖို့ကောင်းသော မိန်းကလေးငယ်လေးအပေါ်တွင်မူ လူသားဆန်မှု မရှိလှသော လူဆိုးအမျိုးသားသည်ပင် နူးညံ့သွားရပြီး ချန်စစ်ကျယ်သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်ကာ ဝမ်သိုက်က မိမိအား စိုက်ကြည့်နေသော အကြည့်ကို တမင်သက်သက် လျစ်လျူရှုရင်း လေသံကို လျှော့ကာ ပြောလိုက်သည်။
"သမီးရဲ့ အဖိုးက လီချန်ကျန့် မဟုတ်လား၊ အဲဒီတုန်းက သမီး ကိစ္စဖြစ်တော့ ဦးဦးနဲ့ သမီးဘေးက မမနဲ့ အတူတူ သွားပြီး ဖြေရှင်းပေးခဲ့တာလေ၊ ဦးဦးတို့က လုပ်ဖော်ကိုင်ဖက်တွေ "
မေးခွန်းအသစ်များမှာ လူနှစ်ဦး၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ယင်းမှာ အချက်အလက် ကွာဟချက်ကြောင့် ကန့်သတ်ခံထားရသော ရွှီကျင့်နှင့် ကုချီတို့ပင် ဖြစ်ချေသည်။