အခန်း (၁၅၅)
Vol. 16 Ch. 155
🍏 Chapter 155
ဘုရားကျောင်းထဲတွင် အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ရပြီး ထမင်းစားချိန်နှင့်လည်း တိုက်ဆိုင်နေသဖြင့် လီချင်းယွီကဲ့သို့ သေးငယ်သော ကလေးငယ်ကို မဆိုထားနှင့် သူတို့ကဲ့သို့ လူကြီးအချို့ပင် ဆာလောင်မှုကို ခံစားနေရပြီ ဖြစ်ရာ ဝမ်သိုက်သည် စဉ်းစားခြင်းမရှိဘဲ ချက်ချင်းပင် သဘောတူလိုက်တော့သည်။
"ကောင်းပြီလေ... ဒါဆိုရင် ကျွန်မတို့ အရင်ဆုံး စားသောက်ဆိုင်တစ်ဆိုင် ရှာကြတာပေါ့"
စားသောက်ဆိုင် ရွေးချယ်မှုကိုမူ အနီးဆုံး ဖြစ်တည်မှု အခြေခံမူနှင့် ကျပန်းစနစ်ကို အသုံးပြုခဲ့ကြသည်။
သူတို့သည် ထမင်းဆိုင်များ စီတန်းနေသော လမ်းမပေါ်သို့ လျှောက်လှမ်းခဲ့ကြပြီး လီချင်းယွီအား သူမ အမြင်အရ သဘောအကျဆုံး ဆိုင်တစ်ဆိုင်ကို ရွေးချယ်ခိုင်းလိုက်သည်။
ထို့ကြောင့် သူတို့သည် ဧည့်ကြို မှန်တံခါး၏ တစ်ဖက်တွင် "ကြိုဆိုပါသည်" ဟု ရိုက်နှိပ်ထားပြီး အခြားတစ်ဖက်တွင်မူ "ခေါင်းလျှော်ညှပ်ကပ် ၁၀ ယွမ်" ဟု ရိုက်နှိပ်ထားသော ထမင်းဆိုင်လေး တစ်ဆိုင်ထဲသို့ လျှောက်လှမ်း ဝင်ရောက်ခဲ့ကြတော့သည်။
အနီရောင်ဖြင့် ရေးသားထားသော ပြတ်တောက်နေသည့် စကားလုံးကြီးများထံမှ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ရင်း ဝမ်သိုက်သည် မျက်နှာကို အနည်းငယ် ညိတ်ကာ တိုးညင်းစွာ မှတ်ချက်ပေးလိုက်သည်။
"အာ... ပညာရပ် များလေ ဒုက္ခမရောက်လေပါပဲ"
ကုချီက အခွင့်အရေးကို အရယူကာ ဝင်ပြောလိုက်သည်။
"အရမ်းလည်း စျေးနှုန်းသင့်တင့်တာပဲ"
လီကျိုးမြို့တွင် လွန်ခဲ့သော ဆယ်နှစ်ကပင် ခေါင်းလျှော်ညှပ်ကပ်ကို ၁၀ ယွမ်ဖြင့် ရရှိနိုင်သော ဆိုင်မျိုးကို ရှာဖွေရန် ခက်ခဲလှပေလိမ့်မည်။
ကံကောင်းသည်မှာ သူတို့ ဆိုင်ထဲသို့ ဝင်ရောက်သွားသည့်အခါ ခေတ်ဟောင်းစတိုင် ဆံသ ဆရာက ဆီးကြိုနေခြင်း မဟုတ်သလို မှန်ကို မျက်နှာမူထားသော ဆိုဖာခုံများ ရှိနေခြင်းလည်း မဟုတ်ဘဲ ထမင်းဆိုင်များတွင် ပုံမှန် ရှိတတ်သော စားပွဲနှင့် ကုလားထိုင်များသာ ရှိနေခြင်း ဖြစ်ပေသည်။
ကောင်တာတွင် ထိုင်နေသော ဆိုင်ရှင်အမျိုးသမီးသည် မေးကို ထောက်ကာ ငိုက်မြည်းနေသော်လည်း သူမသည် ခြေသံများကို အလွန် အာရုံခံစားလွယ်ပုံရသည်။ ဝမ်သိုက်တို့ လူစုသည် ငွေရှင်းကောင်တာ ရှေ့သို့ပင် မရောက်ရှိသေးမီ ဆိုင်ရှင်သည် ကုလားထိုင်ပေါ်မှ ချက်ချင်းပင် ထခုန်လိုက်တော့သည်။
"ကြိုဆိုပါတယ်ရှင်၊ ဘာသုံးဆောင်ကြမလဲ"
"ခေါင်းလျှော်ညှပ်ကပ်..."
အသံတစ်ချက်က ကုချီ၏ မပြီးဆုံးသေးသော စကားကို ဖြတ်တောက်ပစ်လိုက်သည်။ ရွှီကျင့်သည် နားထင်ကို အနည်းငယ် နှိပ်လိုက်ရင်း မိမိ၏ ဘေးနောက်နားရှိ ကုချီကို ကာကွယ်လိုက်ကာ ဆရာမအား နူးညံ့စွာ ပြုံးပြရင်း ပြောလိုက်သည်။
"အစားအသောက် မီနူးလေး ပေးပါဦးရှင်"
အလွန်ထူးဆန်းသော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့် အခါတွင်တော့ ဝမ်သိုက်သည် ယခုအခါတွင် အခြေအနေကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။
စောစောက မိမိ၏ လက်မောင်းအောက်တွင် ဖိမိနေသော မီနူးကို အလျင်အမြန်ပင် ထုတ်ယူလိုက်ပြီး ဆိုင်ရှင်သည် လက်ထဲမှ စာအုပ်ကို ရွှီကျင့်ထံသို့ ကမ်းပေးလိုက်ကာ ငွေရှင်းကောင်တာထဲမှ အူကြောင်ကြောင်ဖြင့် ထွက်လာပြီး ရေခဲသေတ္တာရှေ့တွင် လက်ကို ဖြန့်ကာ ထိုဟင်းသီးဟင်းရွက် များကို ညွှန်ပြလိုက်သည်။
"မောင်လေးတို့၊ ညီမလေးတို့ မီနူးကို ကြည့်လို့ရသလို၊ ဒီနေရာကိုလည်း တိုက်ရိုက် ကြည့်လို့ရပါတယ်၊ ဒီဟင်းသီးဟင်းရွက်တွေက အားလုံး လတ်ဆတ်ပါတယ်၊ ကျွန်မ မနက်အစောကြီး ဈေးကနေ သွားဝယ်လာတာပါ၊ ညသိပ် ဟင်းသီးဟင်းရွက်တွေကိုတော့ ကျွန်မကိုယ်တိုင် စားပစ်တာမို့ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်"
ဝမ်သိုက်သည် လီချင်းယွီ၏ လက်ကို ဆွဲကာ ရေခဲသေတ္တာရှေ့သို့ သွားရောက်ကာ ဟင်းချက်စရာ များကို ရွေးချယ်နေပြီး သူမတို့၏ နောက်ကွယ်တွင် ရပ်နေသော ကုချီသည် သူမ၏ အရှေ့တွင် အနီရောင် ချက်ပြုတ်ရေး ဧပရွန်ကို ဝတ်ဆင်ထားသော ဆိုင်ရှင်ကို စောင်းငဲ့ကြည့်လိုက်ရာ အကြည့်မှာ သူမ၏ စိုးရိမ်ပူပန်နေသော သေးငယ်သည့် လှုပ်ရှားမှုများပေါ်သို့ ရောက်ရှိသွားခဲ့သည်။ အချင်းချင်း ပွတ်သပ်ကာ မရပ်မနား ဖြစ်နေသော လက်များမှသည် မျက်နှာပေါ်တွင် အကြိမ်ကြိမ် ခတ်နေသော မျက်တောင်များအထိပင်။
သူသည် စကားစမြည် ပြောဆိုလိုက်သည်။
"ဒီမှာ အန်တီ တစ်ယောက်တည်းပဲ ရှိတာလား၊ အန်တီ့ရဲ့ ခင်ပွန်းကော ဘယ်မှာလဲ၊ ကျွန်တော် ထင်တာကတော့ ဒီလို ထမင်းဆိုင်မျိုးတွေက လင်မယားနှစ်ယောက် အတူတူ တွဲလုပ်ကြတာ များတယ်လေ"
"ကျွန်မမှာ ခင်ပွန်း မရှိပါဘူး၊ ဒီဆိုင်လေးကို ကျွန်မဘာသာ ဝယ်ယူထားတာပါ၊ အရင်ကတော့ ဆံပင်ညှပ်ဆိုင် သေးသေးလေးပေါ့၊ အင်း... တကယ်တော့ ရံဖန်ရံခါ ကျွန်မလည်း တွေးမိပါတယ်၊ အဲဒီ မှန်ပေါ်က စကားလုံးတွေက လူတွေကို နားလည်မှုလွဲသွားစေမလားလို့”
“ဒါပေမဲ့ ဘေးအိမ်ကလူက နားလည်မှုမလွဲနိုင်ပါဘူးတဲ့၊ စပ်စုချင်တဲ့ ဖောက်သည်တွေကိုတောင် ဆွဲဆောင်နိုင်သေးတယ်လို့ ပြောတာနဲ့ ကျွန်မလည်း အဲဒီအတိုင်းပဲ ထားလိုက်ပြီး ဂရုမစိုက်တော့တာ"
အသက်လေးဆယ်ကျော် အရွယ်ရှိပုံရသော ဆိုင်ရှင်သည် ဝေဖန်ဆန်းစစ်တတ်သော ရင့်ကျက်မှုကို မပြသဘဲ ကြည်လင်ပြတ်သားသော မျက်ဝန်းအစုံက ပြသနေသည်မှာ ရိုးသားဖြူစင်မှုသာ ဖြစ်ပေသည်။
ဟင်းမှာယူပြီးနောက် ဝမ်သိုက်၏အကြည့်မှာ စာအုပ်အသေးလေးကို ကိုင်ကာ ဟင်းအမည်များကို မှတ်တမ်းတင်နေသော ဆိုင်ရှင်ထံသို့ ရောက်ရှိသွားပြီး ရုတ်တရက် ပြောလိုက်သည်။
"ကျွန်မကတော့ အန်တီ့ကို တော်တော်လေး အားကျမိတယ်ရှင်၊ လက်မထပ်ဘဲ ကိုယ့်ဘာသာ တစ်ယောက်တည်း သီးသန့်နဲ့ ဘဝတစ်ခုလုံးကို ပြီးပြည့်စုံအောင် ဖြတ်သန်းနိုင်တာပဲ"
"သမီးလည်း အဲဒီလို ထင်တယ်၊ တော်တော် မိုက်တယ်"
လီချင်းယွီသည် ယခင်ခေတ်က အသက်ဆယ်နှစ်အရွယ် ကလေးငယ်မျိုး မဟုတ်ပါချေ။ အင်တာနက်၏ လွှမ်းမိုးမှုအောက်တွင် သူမသည် လက်ထပ်ခြင်း ဟူသော သဘောတရားကို စောစီးစွာကတည်းက နားလည်နေခဲ့ပြီ ဖြစ်သည်။
လက်မထပ်ခြင်း၏ နောက်ကွယ်မှ အတွေးအခေါ်များကို အပြည့်အဝ နားမလည်နိုင်သလို၊ ဝမ်သိုက် အားကျနေသည့် အရာက ဘာလဲဆိုတာကို အတိအကျ မသိရှိနိုင်သော်လည်းပေါ့။
ကလေးက နားမလည်သော်လည်း လူကြီးများကမူ နားလည်ကြသည်။
အခြားလူသုံးဦး၏ မျက်နှာအမူအရာများတွင် အနည်းငယ်စီ ပြောင်းလဲမှုများ ထွက်ပေါ်လာခဲ့သည်။ ယင်းအထဲတွင် ရွှီကျင့်သည် မျက်တောင်ကို ချလိုက်ပြီး အိတ်ကို ကိုင်ထားသော လက်ချောင်းများဖြင့် အိတ်ကြိုးကို တောက်တောက်တောက်နှိပ်နေခဲ့သည်။
ကုချီကမူ လက်ကို ဆုပ်ကိုင်ကာ မျက်ခုံးကို တွန့်လျက် တစ်ခုခုကို စဉ်းစားတွေးတောနေသကဲ့သို့ ရှိသည်။ ချန်စစ်ကျယ်ကမူ ဝမ်သိုက်၏ ခေါင်းနောက်စေ့ကိုသာ စိုက်ကြည့်နေပြီး ခဏအကြာတွင်မှ အကြည့်ကို လွှဲပြောင်းလိုက်တော့သည်။
လွတ်လပ်နေသော ထမင်းဆိုင်လေးအတွင်း သူတို့သည် အတွင်းဘက်ကျသော စားပွဲဝိုင်းတစ်ခုကို ရွေးချယ် ထိုင်လိုက်ကြသည်။ နေရာထိုင်ခင်း စီစဉ်မှုမှာ ဝမ်သိုက်ကို ရွှီကျင့်နှင့် လီချင်းယွီတို့က ညှပ်ထားပြီး။
ကုချီသည် လီချင်းယွီ၏ ဘေးတွင် ကပ်လျက် ထိုင်ကာ၊ ကျန်ရစ်ခဲ့သော ချန်စစ်ကျယ် တစ်ဦးတည်းသာ ကုချီနှင့် ကုလားထိုင်တစ်လုံးစာ ကွာဝေးပြီး ရွှီကျင့်နှင့် ကုလားထိုင်နှစ်လုံးစာ ကွာဝေးလျက် ဝမ်သိုက်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေချေသည်။ စားပွဲက အဝိုင်းဖြစ်နေသည်မှာ တကယ်ပင် ဝမ်းသာစရာ ကောင်းလှပေသည်။
ဟင်းပွဲများကို စောင့်ဆိုင်းနေစဉ်အတွင်း ရွှီကျင့်သည် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ကာ ကုလားထိုင်နောက်မှီကို မှီထားပြီး အမြဲတမ်း မတ်မတ်ရှိနေခဲ့သော ကျောရိုးကြီးမှာ နောက်ဆုံးတွင် ဆန္ဒအလျောက် ပျော့ပျောင်းသွားပုံရသည်။
သူမသည် ဘေးသို့ စောင်းငဲ့ကြည့်လိုက်ရာ ဖုန်းကို ကိုင်ကာ စာပြန်နေပုံရသော ဝမ်သိုက်ကို တွေ့မြင်လိုက်ရပြီး သာမန်အတိုင်း မေးမြန်းလိုက်သည်။
"မင်းက လက်မထပ်ချင်ဘူးလား"
"မထပ်ချင်ပါဘူး"
အဖြေကတော့ လုံးဝတုံ့ဆိုင်းခြင်း မရှိပါချေ၊ ဝမ်သိုက်သည် မျက်နှာကို မမော့ဘဲ မိမိ၏အော်ဒါအတွက် ဆောင်းပါးတိုလေးကို အာရုံစိုက်ကာ ရေးသားနေခဲ့သည်။
ဦးနှောက်ကို နှစ်မျိုးခွဲ၍ အသုံးပြုနိုင်သကဲ့သို့ သူမက တစ်ဖက်မှ ရှင်းပြလိုက်သည်။
"ကျွန်မကတော့ ကျွန်မမှာ သဘောကျတဲ့လူရှိလာမှာ မဟုတ်ဘူးလို့ အမြဲတမ်း ထင်ခဲ့တာ၊ ရှိလာခဲ့ရင်တောင် အတူတူရှိနေဖို့ မလိုအပ်ပါဘူး၊ ကျွန်မရဲ့ ကမ္ဘာထဲမှာ ရုတ်တရက် လူတစ်ယောက် ထပ်တိုးလာမယ့် အခြေအနေကို မတွေးရဲဘူး... “
“ကျွန်မ ဘာသာနေရတာ တကယ်ကို သက်တောင့်သက်သာ ရှိပါတယ်၊ လွန်ခဲ့တဲ့ ရက်စွဲတွေမှာ ကျွန်မက အခြားသော ကိစ္စရပ်တွေအတွက်ပဲ ရှင်သန်နေခဲ့တာ၊ ဒီကိစ္စတွေ၊ ဒီအရာတွေကို ဖြေရှင်းပြီးသွားတဲ့ အခါကျရင်တော့ ကျွန်မက ကျွန်မကိုယ်တိုင်ဆီ ပြန်သွားပြီး ကျွန်မဘာသာ နေထိုင်ချင်တာပါ"
ယခင်ကတည်းက မိမိ၏အိတ်များကို အလွန် အလေးထား တန်ဖိုးထားတတ်သော ရွှီကျင့်သည် အိတ်ကြိုးကို ကိုင်တွယ်လိုက်မိပြီး သူမသည် မသိစိတ်အရ ကိုယ်ကို အနည်းငယ် မတ်လိုက်မိသည်။
"ဒီကမ္ဘာပေါ်က လူအများစုကတော့ လက်ထပ်ခြင်းလမ်းကြောင်းပေါ်ကို လျှောက်လှမ်းကြတာပဲလေ၊ ကလေးကတော့ ရှိချင်မှ ရှိမှာ ဖြစ်ပေမယ့်..."
ဖုန်းစခရင်ပေါ်တွင် ပုံရိပ်ယောင်များ ထွက်ပေါ်လာလုနီးပါး ဖြစ်နေသော လက်ချောင်းလေးများမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ပြီး မိမိ၏ဆောင်းပါးတိုလေးကို ပို့ဆောင်လိုက်ပြီးနောက် ဝမ်သိုက်သည် မေးကို မြှင့်လိုက်သည်။
သူမသည် ခေါင်းကို စောင်းကာ ရွှီကျင့်နှင့် အကြည့်ချင်း ဆုံလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"လူတိုင်းမှာ ကိုယ့်ရဲ့ ဘဝကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်၊ ကျွန်မက အခြားလူတွေရဲ့ ဘဝကို ဂရုမစိုက်ပါဘူး၊ လက်ထပ်ခြင်းဟာ လူအများစု လျှောက်လှမ်းမယ့် လမ်းကြောင်း ဖြစ်တာ မှန်ပေမယ့် ကျွန်မ လျှောက်လှမ်းမယ်လို့ မဆိုလိုသလို၊ လူတိုင်း မဖြစ်မနေ လျှောက်လှမ်းရမယ်လို့လည်း မဆိုလိုပါဘူး”
“ကျွန်မအတွက်တော့ မိမိကိုယ်ကိုယ် နားလည် သဘောပေါက်ခြင်းဟာ လက်ထပ်ခြင်းထက် ပိုပြီး အရေးကြီးပါတယ်၊ တစ်ဖက်လူက ဒီကိစ္စမှာ ကျွန်မကို ကူညီပေးနိုင်ရင်တော့ တစ်မျိုးပေါ့လေ"
သူမသည် ကိုယ့်ကိုကိုယ် စွန့်လွှတ်ထားခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်၊ ရှင်သန်နေစဉ် ကာလအတွင်း မိမိအတွက် ရှင်သန်နေခဲ့သော အချိန်မှာ များများစားစား မရှိပါချေ။ မိမိကိုယ်မိမိ ကိရိယာတစ်ခုကဲ့သို့ အသုံးချခဲ့ပြီး အနှစ်တစ်ရာကို တစ်နှစ်အဖြစ် ချုံ့ပစ်ချင်နေခဲ့သည်။