← Chapters

အခန်း (၁၅၇)

Vol. 16 Ch. 157

အခန်း (၁၅၇)

Vol. 16 Ch. 157

🍏 Chapter 157

ထမင်းစားပွဲပေါ်ရှိ အခြေအနေမှာ ရုတ်တရက် တည်ကြည်လေးနက်သွားချေသည်။

ဝမ်သိုက်သည် လီချင်းယွီ၏ မျက်နှာအမူအရာကို သတိထားကြည့်ရန်ပင် အားလပ်ခြင်းမရှိဘဲ ခါးကို မတ်မတ်ဆန့်ထားကာ ရွှန်းလဲ့သော မျက်ဝန်းအစုံတွင် အပြုံးအရိပ်အယောင်မရှိဘဲ တည်ငြိမ်မှုများသာ ပြည့်နှက်နေသည်။

သူမသည် စကားကို လိုရင်းတိုရှင်းနှင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ရှင်က ကျွန်မတို့ကို အခုလောလောဆယ် သူငယ်ချင်းလို့ သတ်မှတ်ထားတယ်ဆိုရင် ရှင့်ရဲ့ သူငယ်ချင်းအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်က တကယ်ကို ရိုးရှင်းပြီး လွယ်ကူလွန်းတယ်လို့ ကျွန်မ ထင်တယ်၊ တစ်ဖက်သတ် အသိအမှတ်ပြုထားတဲ့ သူငယ်ချင်းက ဘယ်လိုသူငယ်ချင်းလဲ"

"ကျွန်မနဲ့ ရွှီကျင့်ကတော့ အရင်က စကားပြောကတည်းက အတူတူရှိရင် စိတ်သက်သာရာရတယ်လို့ ခံစားခဲ့ရတယ်၊ ပြီးတော့ ကျွန်မတို့က မိန်းကလေးချင်း ဖြစ်သလို အကြိုက်ချင်းလည်း တူညီကြတယ်၊ ရှုပ်ထွေးပြီး အန္တရာယ်ရှိတဲ့ အချက်တွေ မရှိဘူး၊ ကျွန်မတို့ နှစ်ယောက်စလုံးက တစ်ယောက်ပေါ် တစ်ယောက် သဘောကျကြတယ်၊ ဒါကြောင့် ကျွန်မတို့က သူငယ်ချင်း ဖြစ်ကြတာ"

"ကုချီ... ကျွန်မ ဒီစကားတွေ ပြောတာက ရှင့်ကို မုန်းလို့ ပြောတာ မဟုတ်ပါဘူး၊ ကျွန်မက တခြားလူတွေ ကျွန်မရဲ့ ကမ္ဘာထဲကို ကျူးကျော်ဝင်ရောက်လာတာကို လုံးဝမကြိုက်လို့ပါ၊ အထူးသဖြင့် ကျွန်မအပေါ် သဘောကျနေတယ်ဆိုတာကို ပြသခဲ့ဖူးတဲ့သူဆိုရင် ပိုဆိုးတာပေါ့၊ ကျွန်မက ရှုပ်ထွေးတဲ့ ဆက်ဆံရေးကိုလည်း မကြိုက်ဘူး၊ ဝေဝါးနေတာကိုလည်း မကြိုက်ဘူး"

"ကျွန်မ ဒါတွေကို ပြောတာက အကြောင်းအရာတစ်ခုကိုပဲ ထပ်လောင်းအတည်ပြုချင်လို့ပါ၊ ကျွန်မ ရှင့်ကို မကြိုက်ဘူး၊ အခုလည်း မကြိုက်ဘူး၊ နောင်လည်း ကြိုက်လာမှာ မဟုတ်ဘူး၊ ရှင့်ရဲ့ စရိုက်ကို အခုလောလောဆယ် ကျွန်မ မသိသေးဘူး၊ ရှင့်နဲ့လည်း အကြောင်းအရာတွေအများကြီး မပြောဖူးသေးဘူး၊ ရှင်က ကျွန်မ မျက်စိကျတဲ့ လူစားမျိုးလည်း မဟုတ်ဘူး"

ဆူးများပါသော ဂွမ်းလုံးတစ်လုံး လည်ချောင်းထဲတွင် တစ်ဆို့သွားသကဲ့သို့ ကုချီသည် သစ်သားတုံးကြီးတစ်ခုကဲ့သို့ သူမအား ကြောင်အမ်းအမ်း စိုက်ကြည့်နေမိသည်။

သူ့တွင် အမှန်ပင် ပြန်လည်ချေပနိုင်စွမ်း မရှိချေ။ သူသည် ထိုစည်းကို အမှန်တကယ် ကျော်လွန်ခဲ့မိခြင်း ဖြစ်သည်။

သူမကမူ ထက်မြက်ကာ ပြတ်သားလွန်းလှပေသည်။

လီချင်းယွီ၏ နုပျိုသော အသံလေးက တင်းမာသော အခြေအနေကို မောင်းထုတ်လိုက်သည်။

"အစ်မဝမ်သိုက်က အရမ်းမိုက်တာပဲနော်၊ တော်လိုက်တာ"

ကုချီနှင့် ရင်ဆိုင်စဉ်က မရှိခဲ့သော အပြုံးသည် လီချင်းယွီဘက်သို့ လှည့်လိုက်သောအခါ ပေါ်ထွက်လာပြီး ဝမ်သိုက်၏ မျက်ဝန်းထောင့်များမှ ချိုသာသော အပြုံးများက ရင်းနှီးဖော်ရွေမှုကို ထုတ်ဖော်ပြသနေသော်လည်း ကံဆိုးစွာဖြင့် ကုချီအတွက်မူ မဟုတ်ခဲ့ပေ။

ကုချီ၏ ဘေးတွင် ရှိနေသော ချန်စစ်ကျယ်သည် ကျောပြင်ကို ထိုင်ခုံကျောမှီပေါ်သို့ မှီထားပြီး လက်မောင်းကို ပိုက်ကာ ခြေထောက်ချိတ်လျက် ကုချီကို စိတ်အေးလက်အေး စောင်းငဲ့ကြည့်နေပြီး အောင်နိုင်သူ မြေခွေးတစ်ကောင်ကဲ့သို့ အမူအရာဖြင့် အထက်စီးဆန်ဆန် ပြသနေသည်။

"လူရုပ်မလှတာကို အဝတ်လှလှနဲ့ ဖုံးချင်နေတာလား"

ထိုသူမှာမည်သည့်အတွက်‌ကြောင့် အောင်နိုင်သူ ပုံစံမျိုးနှင့် ရောက်လာသလဲ မသိချေ။

ကုချီသည် အံကို တင်းတင်းကြိတ်ထားသော်လည်း ချန်စစ်ကျယ်နှင့် အပြိုင်အဆိုင် လုပ်ရန် အကြောင်းပြချက် မရှိပေ။ တစ်ဖက်လူက ယောကျာ်းလေးချင်း ဖြစ်သော်လည်း ဝမ်သိုက်က သူမ၏လူအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ရာ အကြောင်းပြချက် ရှိသော်လည်း... ရွှီကျင့်ကမူ လိင်ကွဲပြားမှု အားသာချက်ကို ရရှိထားချေသည်။

စိတ်ပျက်လက်ပျက်ဖြင့် အသည်းကွဲသွားသော ကုချီသည် ခေါင်းငုံ့ကာ တိုးတိုးလေး ထမင်းစားနေတော့သည်။

မိမိခွက်ထဲတွင် တောင်တစ်တောင်ကဲ့သို့ စုပုံနေသော ဟင်းလျာများကို ကြည့်ပြီး ဝမ်သိုက်သည် သက်ပြင်းသာ ချချင်တော့သည်။ သို့သော် သက်ပြင်းချချင်ရုံဖြင့် မပြီးဘဲ စားရဦးမည် ဖြစ်သည်။ လေလွင့်ခြင်းက အလေ့အကျင့်ကောင်း မဟုတ်ပေ။

ပုံမှန်မဟုတ်သော အစာအိမ်က အစားအစာအားလုံးကို တစ်ပြိုင်နက်တည်း မျိုချလိုက်ရသဖြင့် ဗိုက်ကယ်ပြီး အောင့်လာသော အကျိုးဆက်ကို ခံစားရချေသည်။

အပြင်ပန်းတွင်မူ ဖော်ပြခြင်းမရှိဘဲ လမ်းကို ဖြည်းဖြည်းချင်းသာ လျှောက်နိုင်သည်။

နောက်ဆုံးတွင် ငွေကို ချန်စစ်ကျယ်က ရှင်းလိုက်ပြီး ကုချီ၏ တုံ့ပြန်မှုက သူ့ထက် နှေးကွေးခဲ့လေသည်။ ရွှီကျင့်နှင့် ဝမ်သိုက်တို့ တင်ပြခဲ့သော လူခွဲရှင်းရန် အစီအစဉ်ကို ချန်စစ်ကျယ် က ပယ်ချလိုက်သည်။

စားသောက်ဆိုင်ပြင်ပသို့ ရောက်သောအခါ ချန်စစ်ကျယ်သည် ဝမ်သိုက်၏ လက်ကို ဆွဲထားသော်လည်း အိပ်ချင်ငိုက်မြည်းနေသော လီချင်းယွီကို တစ်ချက်ကြည့်ကာ အကြည့်ကို စိတ်ပျက်နေသော ကုချီထံသို့ ရွှေ့လိုက်သည်။

"မင်း ဒီညီမလေးကို ခေါ်သွားလိုက်တော့၊ ဝမ်သိုက်က ငါနဲ့ လိုက်ခဲ့မယ်၊ မင်း လမ်းထပ်ပတ်မနေရတော့ဘူးပေါ့"

မည်မျှပင် စာနာနားလည်ပေးတတ်လိုက်ပါသနည်း။

တိုက်တိုက်ဆိုင်ဆိုင် ကုချီသည်လည်း ယခုအချိန်တွင် ဝမ်သိုက်နှင့် နေရာတစ်ခုတည်းတွင် ဆက်ရှိနေရန် စိတ်ကူးမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ တစ်နေရာတည်းတွင် သီးသန့်ရှိနေလျှင်ပင် ဝမ်သိုက်၏ တုံ့ပြန်မှုမှာ ဖုန်းကိုသာ ထုတ်ကြည့်နေလိမ့်မည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသောကြောင့် ဖြစ်သည်။

ပိုဆိုးသည်မှာ လီချင်းယွီပါ ရှိနေခြင်းပင်။ သူ လုပ်နိုင်သည်မှာ နောက်ကြည့်မှန်မှတစ်ဆင့် သူမကို ခိုးကြည့်ရုံသာ ရှိသော ရိုးအီလှသည့် ဒရိုင်ဘာတစ်ဦး ဖြစ်လာရန်သာ ရှိသည်။

"အင်း..... ကောင်းပါပြီ၊ ချင်းယွီ.... လာ၊ ဝမ်းကွဲအစ်ကိုနဲ့ သွားရအောင်၊ အိမ်ပြန်ကြမယ်"

ကုချီသည် အသံကို ညင်သာအောင် လုပ်ပြီး ငိုက်မြည်းနေသော မိန်းကလေးငယ်၏ အခြားလက်တစ်ဖက်ကို ဆွဲကာ ကားရပ်ထားရာ နေရာသို့ အရင် လျှောက်လှမ်းသွားသည်။

မူလကတည်းက ချန်စစ်ကျယ်ကို သံသယရှိခဲ့သော ရွှီကျင့်သည် ကားပေါ်သို့ တက်သည့်အချိန်တွင် မိမိ၏ခန့်မှန်းချက်ကို အသေအချာ အတည်ပြုနိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမသည် ဗိုက်ကယ်လွန်းသဖြင့် မခံမရပ်နိုင်ဖြစ်နေသော ဝမ်သိုက်က မိမိ၏ အစာအိမ်ကို ပွတ်သပ်ရင်း အလေ့အထတစ်ခုကဲ့သို့ ရှေ့ခန်းထိုင်ခုံ တံခါးကို လှမ်းဆွဲလိုက်သည်ကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

အထူးသဖြင့် ဝမ်သိုက်က မေ့မေ့လျော့လျော့ဖြင့် ပြောလိုက်သေးသည်။

"ကျွန်မ အခုတင် ရောက်တုန်းက ဒီကားကို မြင်မြင်ချင်း ရှင့်ကို သတိရလိုက်တယ်၊ အရောင်က အရမ်းရိုးရှင်းပေမယ့် လူကို ပေါ့ပျက်ပျက် ခံစားချက်မျိုး ပေးတယ်"

ထို့နောက်တွင် ရွှီကျင့်သည် သူမ ရှေ့ခန်းသို့ တက်ရန်ပြင်စဉ်က သူမအား လှမ်းတားခဲ့သော အမျိုးသားသည် မည်သည့် တွန်းလှန်ငြင်းပယ်ခြင်းမျှ မရှိဘဲ ဝမ်သိုက်အား ရှေ့ခန်းသို့ ပေးတက်လိုက်သည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။

ထိုသည်က အဆင့်အတန်း ခွဲခြားခြင်းပဲ မဟုတ်ပါလား။

မနေ့က မြို့ထဲသို့ ပြန်ရောက်ပြီးနောက် ဝမ်သိုက်သည် ချန်စစ်ကျယ်အား မိမိကို ကုန်တိုက်တစ်ခုတွင် ချပေးရန် တောင်းဆိုခဲ့ပြီး လီချင်းယွီအတွက် မွေးနေ့လက်ဆောင်တစ်ခုကို အမြန် ရွေးချယ်ခဲ့သည်။

ယင်းမှာ တစ်ဝက်တစ်ပျက် လက်ဆောင်ဟု ဆိုရမည်ဖြစ်ပြီး နံ့သာနီတုံးလေး တစ်တုံး ဖြစ်ကာ အိမ်သို့ ရောက်မှသာ ကြာပန်းပုံစံ ထုဆစ်ပြီး လက်ဆောင် ဖြစ်လာမည် ဖြစ်သည်။

အဘယ်ကြောင့် ကြာပန်းကို ထုဆစ်ရသနည်း။ ဝမ်သိုက်သည် ဘူးထဲတွင် ထည့်ထားသော မိမိထုဆစ်ထားသော ကြာပန်းကို ကိုင်ထားပြီး အိုင်အိုဒင်း ဆေးနီများ သုတ်ထားသော မိမိ၏ ဒဏ်ရာရနေသော လက်ချောင်းများကို ငုံ့ကြည့်နေမိသည်။

သူမက ညံ့ဖျင်းလို့ ဖြစ်နိုင်ပါသည်။

ကြာပန်းက ထုဆစ်ရ အလွယ်ဆုံးဟု ထင်မှတ်ခဲ့မိသည်။

ရှည်လျားသော သက်ပြင်းချခြင်း ပြီးဆုံးသွားပြီးနောက် စိုးရိမ်ပူပန်မှုများဖြင့် ဝမ်သိုက်သည် စိတ်ကူးတစ်ခုဖြင့် ထွက်ခွာလာခဲ့သည်။

လီမိသားစု၏ မြေးမလေး မွေးနေ့ပွဲမှာ သေးငယ်လှသည် မဟုတ်ရာ ဝမ်သိုက်အတွက်မူ အလွန်များပြားသော ငွေပမာဏကို အသုံးပြုပြီး လီမိသားစု၏ အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ သူမ ကားပေါ်မှ မဆင်းမီ ဒရိုင်ဘာကပင် ရေရွတ်လိုက်သေးသည်။

"အင်တာနက်မှာ ပြောကြတဲ့ သူတို့အိမ်က အိမ်သာတစ်လုံးက ငါတို့အိမ်တစ်လုံးစာ တန်ဖိုး ရှိတယ်ဆိုတာ အရင်က ငါမယုံဘူး၊ အခုတော့ ယုံပြီ၊ ဒီတံခါးဝကနေ အိမ်ထဲအထိ လျှောက်ရတဲ့ လမ်းက ငါတို့ ရပ်ကွက်ရဲ့ ထက်ဝက်နီးပါး ရှိတယ်"

လက်ဆောင်ဘူးကို ပိုက်ပြီး မျက်နှာပြကာ ဝင်လာသော ဝမ်သိုက်သည် မိမိကိုယ်မိမိ နေရာလွဲမှား နေသကဲ့သို့ ပြင်းထန်စွာ ခံစားရပြီး သူမ၏ ဘေးတွင် လိုက်ပါလာသော အိမ်တော်ထိန်းက ရင်းနှီးဖော်ရွေစွာ စကားပြောသည်။

"ချင်းယွီက မနက်က အိပ်ရာနိုးကတည်းက အစ်မဝမ်သိုက်ကို တွေ့ချင်တယ်လို့ ပူဆာနေတာ၊ အခုတော့ သူမ စောင့်ရကျိုး နပ်သွားပါပြီ"

အာရုံကို အခြားသော ဧည့်သည်များထံသို့ ရောက်နေသော ဝမ်သိုက်သည် စိတ်မပါဘဲ "အင်း အင်း" ဟုသာ ခေါင်းညိတ်ပြနေပြီး စက်ရုပ်တစ်ရုပ်ကဲ့သို့ ရှိနေသည်။

ယခင်က ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့သော ကိစ္စရပ်များကို ယခုအခါ သူမ ပြန်လည် စဉ်းစားမိသည်။ လီချန်ကျန့်သည် လူကောင်းတစ်ယောက်ဟု မိမိဘာသာ ထင်မှတ်ခဲ့မိသော်လည်း လူသားများသည် ဟန်ဆောင်ရာတွင် အတော်ဆုံး ဖြစ်သည်ကို မေ့လျော့နေခဲ့သည်။ ဟန်ဆောင်မှု သီအိုရီကို သူမ လုံးဝ မေ့လျော့နေခဲ့ပြီ ဖြစ်သည်။

ရင်ထဲမှ စဉ်းစားမှုများက နောက်ကျမှ ရောက်လာပြီး ယခုမှသာ ဧည့်သည်များကို သေချာကြည့်ရန် စိတ်ကူးရတော့သည်။ အကယ်၍ သူမ အကြိမ်ကြိမ် ရှာဖွေကြည့်ရှုခဲ့ဖူးသော မျက်နှာများ ပေါ်ထွက်လာပါက မည်သို့လုပ်မည်နည်း။ စွန့်လွှတ်လိုက်မည်တော့ မဟုတ်ပေ။ လျှောက်လှမ်းရမည့် လမ်းက မည်မျှပင် ခက်ခဲပါစေ မိမိ ရှေ့သို့ လျှောက်လှမ်းမည့် ခြေလှမ်းများကို တားဆီးနိုင်မည် မဟုတ်ချေ။

"အစ်မဝမ်သိုက်"

အာရုံလွင့်ပျံနေသော ဝမ်သိုက်သည် လီချင်းယွီ၏ စိတ်လှုပ်ရှားနေသော အသံလေးကြောင့် သတိပြန်ဝင်လာပြီး တွေဝေနေဆဲတွင်ပင် လီချင်းယွီက ခြေထောက်ကို ပြေးဖက် လိုက်သည်။ မိန်းကလေးငယ်သည် တောက်ပသော မျက်ဝန်းများဖြင့် သူမအား စိုက်ကြည့်နေပြီး သူမသည်သာ မိမိ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သကဲ့သို့ ရှိနေသည်။

နှလုံးသားက ရုတ်တရက် နူးညံ့သွားပြီးနောက် ပေါ်ထွက်လာသည်မှာ နောင်တ ဖြစ်ပေသည်။

All Chapters