အခန်း (၁၅၈)
Vol. 16 Ch. 158
🍏 Chapter 158
‘စိတ်မကောင်းပါဘူးကွယ် ညီမလေး အစ်မအပေါ် ထားတဲ့ သံယောဇဉ်ကို အသုံးချရတော့မယ်’
ဝမ်သိုက်သည် ပထမဦးစွာ လီချင်းယွီ၏ ဆံပင်ကို ပွတ်သပ်ပေးပြီး ခြေထောက်နှစ်ဖက် လွတ်လပ်သွားသည့်အခါမှ သူမ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ လက်ဆောင်ဘူးကို မြှောက်လိုက်သည့်အခါ တမင်သက်သက်လား သို့မဟုတ် မသိစိတ်အရလား မသိဘဲ အိုင်အိုဒင်း သုတ်ထားသဖြင့် ပိုမိုထင်ရှားနေသော လက်ချောင်းများကို ပြသလိုက်မိသည်။
"ဒီထဲမှာ အစ်မက ချင်းယွီအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင် ရှိတယ်နော်"
အသက်အရွယ် ငယ်ခြင်းက လီချင်းယွီ၏ အားနည်းချက် မဟုတ်ပေ။ မိန်းကလေးငယ်သည် အိမ်တွင် ကောင်းမွန်စွာ သွန်သင်ခြင်း ခံထားရသဖြင့် တစ်ခါတစ်ရံတွင် သူမ၏ စိတ်သိမ်မွေ့မှုမှာ လူကြီးများပင် မလိုက်နိုင်ပေ။ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ လက်ဆောင်က ဘာလဲဆိုသည်ကို စူးစမ်းခြင်း မဟုတ်ဘဲ ဝမ်သိုက်၏ ဒဏ်ရာရနေသော လက်ချောင်းကို ဆုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။
အခြားနည်းလမ်းမရှိသဖြင့် ဝမ်သိုက်သည် လက်ဆောင်ကို အခြားလက်တစ်ဖက်သို့ ပြောင်းကိုင် လိုက်ရပြီး လီချင်းယွီကမူ သူမ၏ အခြားလက်တစ်ဖက်မှ လက်ညှိုးတွင် ခြစ်ရာ ဖြစ်နေသော ဒဏ်ရာကို ထပ်မံ မြင်တွေ့သွားပြန်သည်။
မိန်းကလေးငယ်၏ မျက်ဝန်းထဲတွင် မျက်ရည်များက မှော်ပညာကဲ့သို့ ဝဲတက်လာပြီး မူလက ကွေးညွတ်နေသော နှုတ်ခမ်းထောင့်များမှာလည်း ဖြည်းဖြည်းချင်း ကျဆင်းသွားကာ ပိုမို နိမ့်ဆင်းသွားသည်။
နုနယ်သော လက်ကလေးက ဝမ်သိုက်၏ လက်ချောင်းကို ဆုပ်ကိုင်ထားပြီး ဝမ်သိုက်သည် ပါးစပ်မှ ထွက်ပေါ်လာသော အသက်ရှူသံလေးမှာ တဖြည်းဖြည်း အေးစိမ့်သွားသည်ကို အထင်အရှား ခံစားလိုက်ရသည်။
ရင်ထဲတွင် နူးညံ့နေပြီး ချဉ်စူးစူး ခံစားချက်မျိုး ပေါ်ထွက်လာသည်။ လီမွန်သီး၏ အရေခွံ နူးညံ့သွားချိန်သည် ပုပ်သိုးသွားချိန် ဖြစ်နိုင်ပါသည်။ ဝမ်သိုက်သည် အိမ်တွင် လီမွန်သီးကို အကြာကြီး မထားဖူးသဖြင့် မည်သည့်အချိန်တွင် လီမွန်သီးခွံ ပျော့အိသွားမည်ကို မသိသော်လည်း ယခုအချိန်တွင် သူမ၏ နှလုံးသားမှာမူ ပျော့အိနေသော လီမွန်သီးကဲ့သို့ ရှိနေသည်။
ယင်းမှာ ပုပ်သိုးသွားခြင်း ဖြစ်သော်လည်း အချို့သော အချိန်များတွင်မူ ပုပ်သိုးသွားရမည် ဖြစ်သည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက်မူ ပုပ်သိုးသွားရန် တိုက်တွန်းနေသကဲ့သို့ ရှိချေသည်။
လီချင်းယွီသည် နှာခေါင်းကို ရှုံ့လိုက်သည်။ ယနေ့တွင် အသက် ၁၁ နှစ် ပြည့်ခဲ့သော မိန်းကလေး ငယ်သည် မျက်ရည် မကျခဲ့ပေ။ သူမသည် ရွယ်တူကလေးများနှင့် နှိုင်းယှဉ်ပါက ပိုမို သေးငယ်လှပြီး ဝမ်သိုက် အသက် ၁၁ နှစ် အရွယ်တွင် ထိုမျှ မသေးငယ်ခဲ့ပေ။ သုံးသပ်ရလျှင် ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးများ ကဲ့သို့ ရှိသည်။ သူမ၏ စိတ်သည်လည်း ရှစ်နှစ် ကိုးနှစ်အရွယ်ကဲ့သို့ ဖြစ်ပြီး ပိုမို ဖြူစင်လှပေသည်။
သူမသည် ဝမ်သိုက်အတွက် လေဖြင့်မှုတ်ပေးနေပြီး နီမြန်းနေသော မျက်ဝန်းများဖြင့် ဝမ်သိုက်ကို စိုက်ကြည့်ကာ လေသံမှာလည်း အလွန် အလေးအနက် ရှိလှသည်။
"အစ်မဝမ်သိုက်က တန်ဖိုးရှိတဲ့သူပါ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်လေ၊ ဒဏ်ရာမရစေနဲ့၊ သတိထားရမယ်၊ အစ်မ ဘယ်လိုဖြစ်ပြီး ဒဏ်ရာရတာလဲ၊ ကျွန်မအတွက် မွေးနေ့လက်ဆောင် လုပ်ပေးလို့လား"
နောက်ဆုံး မေးခွန်းနှစ်ခု သူမ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသည့်အခါ ဝမ်သိုက်သည် သူမ၏ မျက်ဝန်းများ ပိုမို နီမြန်းလာသည်ကို သတိပြုမိလိုက်သည်။
"အင်း... အစ်မက အမှုမဲ့ အမှတ်မဲ့မို့လို့ပါ၊ ချင်းယွီအတွက် အစ်မ ကိုယ်တိုင်လုပ်တဲ့ လက်ဆောင်တစ်ခု ပေးချင်လို့လေ၊ ဒါက အစ်မ လက်နဲ့ ထုဆစ်ထားတာ ဖြစ်လို့ နည်းနည်းတော့ သေးတယ်၊ လုပ်တာလည်း သိပ်မသပ်ရပ်ဘူး၊ ဒါပေမဲ့ အစ်မ အချိန်အများကြီး ပေးထားရတာ၊ အင်း... ပြင်ဆင်တာ အရမ်း အလောတကြီး ဖြစ်သွားလို့ ချင်းယွီ သဘောကျပါစေလို့ မျှော်လင့်ပါတယ်"
မိမိကိုယ်မိမိ မသက်မသာ ဖြစ်စေသော နူးညံ့လှသည့် ချော့မြှူစကားများ တစ်ခွန်းပြီးတစ်ခွန်း ထွက်ပေါ်လာပြီး ယနေ့မတိုင်မီအထိ ဝမ်သိုက်သည် မိမိအနေဖြင့် တစ်နေ့တွင် အသက် ၁၁ နှစ်သာ ရှိသေးသော မိန်းကလေးငယ်တစ်ဦး၏ ရှေ့တွင် ယခုကဲ့သို့ သနားစရာကောင်းအောင် လုပ်မိလိမ့်မည်ဟု မထင်မှတ်ခဲ့မိပေ။
နုနယ်သော လက်ချောင်းလေးများက ဝမ်သိုက်၏ လက်ချောင်းကို ပွတ်သပ်ပေးနေသော်လည်း ဒဏ်ရာကိုမူ ဂရုတစိုက် ရှောင်ရှားပေးသည်။ လီချင်းယွီသည် အခြားလက်တစ်ဖက်ဖြင့် မိမိ၏ မျက်ရည်များကို သုတ်ရင်း ငိုသံပါသော အသံလေး ထွက်ပေါ်လာသည်။
"လက်ဆောင်က အရမ်းလှဖို့ မလိုပါဘူး၊ အစ်မဝမ်သိုက်က လှတယ်၊ ကျွန်မ အစ်မဝမ်သိုက်ကို သဘောကျတယ်၊ အစ်မဝမ်သိုက်က ကျွန်မရဲ့ မွေးနေ့ပွဲကို တက်ရောက်နိုင်တာကတင် ကျွန်မအတွက် လက်ဆောင် ဖြစ်နေပါပြီ၊ ကျွန်မ အရမ်းဝမ်းသာတယ်၊ ဒါပေမဲ့ အခု အစ်မ ဒဏ်ရာရသွားတော့ ကျွန်မ ဝမ်းနည်းတယ်"
အိမ်တော်ထိန်းသည် အခြားသော ဧည့်သည်များကို ဧည့်ခံရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး အခြားလူများနှင့် နှုတ်ဆက်ခြင်းမှာ လျိုနန်နှင့် လီလန့်တို့ ဖြတ်သန်းရမည့် လုပ်ငန်းစဉ် ဖြစ်ကာ လီချန်ကျန့်သည်လည်း ထို့ထက်မနည်းလှပေ။ အခမ်းအနားရှိ ဧည့်သည်အများစုမှာ သူ့ကို ဦးတည်ပြီး လာကြခြင်း ဖြစ်သည်။
စိစစ်ရွေးချယ်ခြင်းကို ဖြတ်သန်းခဲ့ရသော်လည်း သွေးသားတော်စပ်သူများအကြားတွင်လည်း "ချမ်းသာလျှင် တောနက်ထဲတွင်လည်း အမျိုးရှိသည်" ဟူသော အယူအဆကို ဆုပ်ကိုင်ထားကြဆဲ ဖြစ်သည်။
မိမိဘေးတွင် စုရုံးနေသော လူအချို့နှင့် လူမှုရေးအရ စကားပြောပြီးနောက် လီချန်ကျန့်သည် ပြုံးလျက် တောင်းပန်စကား ဆိုသည်။
"ဒီနေ့က ကျွန်တော့်ရဲ့ မြေးမလေး မွေးနေ့ ဖြစ်ပါတယ်၊ အခြား အကြောင်းအရာတွေကိုတော့ ကျွန်တော် ထပ်မပြောချင်တော့ပါဘူး၊ ကျွန်တော့် မြေးမလေးနဲ့ အတူရှိပေးချင်လို့ပါ၊ အားလုံးပဲ စိတ်ကြိုက် အပန်းဖြေကြပါ"
အာဏာရှိခြင်း၏ ရလဒ်မှာ အခြားလူများအား မနှောင့်ယှက်ရဲအောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ လီချန်ကျန့်သည် မိမိဘေးတွင် ဝိုင်းအုံနေသော လူများကို ဖယ်ခွာပြီး ဝမ်သိုက်နှင့် လီချင်းယွီ၏ ဘေးသို့ လျှောက်လာကာ ပေါင်ကို ထောက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
လီချင်းယွီ၏ မျက်ဝန်းများ နီမြန်းနေပြီး ဝမ်သိုက်၏ လက်ချောင်းကို ဆုပ်ကိုင်ထားသည်ကို မြင်တွေ့ပြီးနောက် သူသည် အမှားအမှန်ကို မခွဲခြားဘဲ အခြားသူများကို ဝေဖန်တတ်သည့် အချို့သော မိဘများကဲ့သို့ မဟုတ်ဘဲ အခြေအနေကို အသေးစိတ် စုံစမ်းလေ့လာသည်။
ဝမ်သိုက်၏ လက်ပေါ်မှ ဒဏ်ရာကို သတိပြုမိပြီးနောက် ရင်ထဲတွင် သဘောပေါက်သွားလေသည်။ လီချန်ကျန့်သည် သက်ပြင်းတစ်ချက်ချကာ လီချင်းယွီကို ကြည့်သော မျက်ဝန်းများတွင် ချီးမွမ်းခြင်း၊ ချစ်ခြင်းနှင့် သနားဂရုဏာသက်ခြင်းများ ပြည့်နှက်နေသည်။
သူက ဝမ်သိုက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ငါ့ရဲ့ မြေးမလေးကတော့ ငယ်ငယ်ကတည်းက ဒီအတိုင်းပဲ၊ အရပ်ကလည်း မရှည်ချင်ဘူး၊ စိတ်ကလည်း အမြဲတမ်း ဖြူစင်လွန်းတယ်၊ သူမက အများကြီး မတွေးတတ်ပေမယ့် ကြည့်တဲ့အရာတွေကျတော့ သိမ်မွေ့လွန်းတယ်၊ ဒါက မင်း ဒဏ်ရာရတာကို မြင်ပြီး သူမ စိတ်မကောင်းဖြစ်နေတာလေ"
စကားထဲတွင် အနည်းငယ် ကြွားဝါလိုသော အဓိပ္ပာယ်များ ရှိနေသည်။
ဝမ်သိုက်သည် သူ၏ ဆန္ဒအတိုင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ညီမလေးချင်းယွီက တကယ်ကို ထူးခြားတဲ့ မိန်းကလေးတစ်ယောက်ပါ၊ လူတွေကို ဆွဲဆောင်ပြီး သဘောကျစေနိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်"
ဝမ်သိုက်ဟာ စကားလုံးကို နည်းဗျူဟာကျကျ ရွေးချယ်သုံးစွဲလိုက်သည်။ တကယ်လို့ သူမက လူချစ်လူခင်ပေါတယ် ဆိုတဲ့ စကားလုံးကို သုံးလိုက်ရင် အဲဒီလူဟာ သူတစ်ပါးအကြိုက်ကို လိုက်လုပ်ပေးရတဲ့ အလိုတော်ရိ တစ်ယောက်လို အဓိပ္ပာယ်သက်ရောက်သွားနိုင်သည်မဟုတ်လော။
"လာတဲ့လူတွေက နည်းနည်း များသွားတယ်၊ အများစုက ဆွေမျိုးတွေပဲ၊ ဝေးကွာတဲ့ ဆွေမျိုးတွေ ဘာမှ မသက်ဆိုင်သူတွေလည်း ရောက်လာကြလို့ ပွဲက ရှုပ်နေတာ၊ ရှောင်ယွီက ဒီလို အခမ်းအနားမျိုးကို မကြိုက်ဘူး၊ ငါလည်း မကြိုက်ဘူး၊ မင်းလည်း နေရတာ မသက်မသာ ဖြစ်မယ်လို့ ထင်တယ်... ဒါဆိုလည်း ငါ မင်းတို့ကို အပေါ်ထပ်ခေါ်သွားမယ်၊ အေးအေးဆေးဆေး နေရအောင်"
အမှန်တော့ မိမိဘာသာ အေးဆေးချင်ခြင်း ဖြစ်သည်။
လီချန်ကျန့်သည် ပထမဦးစွာ မတ်တတ်ရပ်လိုက်ပြီး အပေါ်ထပ်သို့ တက်ရန် ပြင်ဆင်ကာ ဟန်ဆောင်မှု လုံးဝမရှိဘဲ အခြားသော ဧည့်သည်များ မည်သို့တွေးမည်ကို ဂရုမစိုက်ပုံရသည်။
ဝမ်သိုက်နှင့် လီချင်းယွီတို့ လိုက်မလာသေးသည်ကို မြင်သဖြင့် သူသည် သူတို့ဘက်သို့ လှည့်ကာ လက်ချောင်းကို လှုပ်ပြပြီး မေးစေ့ဖြင့် လှေကားရှိရာ အရပ်သို့ ညွှန်ပြလိုက်သည်။
"သွားစို့"
လီချင်းယွီကို ဆွဲပြီး လီချန်ကျန့်၏ နောက်မှ အပေါ်ထပ်သို့ လိုက်ပါသွားရာ လမ်းတွင် အဖွားလီနှင့် ဆုံသည့်အခါ လီချန်ကျန့်၏ လက်မောင်းမှာ တစ်ချက် အရိုက်ခံလိုက်ရသည်။
အသက်အရွယ် ကြီးရင့်သော်လည်း ဤဇနီးမောင်နှံအကြားတွင် အခါအားလျော်စွာ စိတ်ကောက်ခြင်း များကို မတားဆီးနိုင်ပုံရသည်။ အဖွားလီသည် သူ့ကို တစ်ချက်စောင်းကြည့်ကာ ပြစ်တင်ဝေဖန်သည်။
"ရှင်ကတော့ အေးဆေးချင်တာနဲ့ အကုန်လုံးကို ကျွန်မတို့ဆီ ပစ်ချထားခဲ့တာပေါ့ ဟုတ်လား"
လီချန်ကျန့်သည် လက်မောင်းကို ပွတ်သပ်ရုံသာ ပြုလုပ်ပြီး အဖွားလီ၏ စကားကို လေထဲတွင်သာ ထားရှိခဲ့သည်။ သူ့နောက်မှ လိုက်လာသော ဝမ်သိုက်သည် လီချန်ကျန့်အား အပြစ်ကြောင့် ပြန်လည် မချေပရဲသော ကလေးငယ်တစ်ဦးကဲ့သို့ မြင်ယောင်မိသည်။
တစ်နည်းအားဖြင့် အဖွားလီအတွက် ဝမ်းနည်းမိပြန်သည်။ အမျိုးသမီးများသည် အိမ်ထောင်ကျ ပြီးနောက် မိခင်တစ်ဦး ဖြစ်လာရန် လိုအပ်ပါသလား။ ခင်ပွန်းသည်ပင် ကလေးတစ်ဦး ဖြစ်လာရချေသည်။
သို့သော် ယင်းက သူတို့အတွက်မူ ပေါ့ပါးသော ဆက်ဆံရေးမျိုး ဖြစ်နိုင်ပြီး ညည်းညူခြင်းမှာ ဝမ်သိုက်၏ ကိုယ်ပိုင် အမြင်အရ ညည်းညူခြင်းဟု ထင်မှတ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ဒုတိယထပ်သို့ ရောက်ရှိလာသည့်အခါ ပထမထပ်၏ မွန်းကြပ်စရာကောင်းသော ပတ်ဝန်းကျင်မှ လွတ်မြောက်သွားသဖြင့် လီချန်ကျန့်၏ ခြေလှမ်းများမှာ ပေါ့ပါးသွားပြီး သူသည် ဝမ်သိုက်အား ဘာလက်ဖက်ရည် သောက်ချင်လဲဟု မေးမြန်းရင်း မိမိနှစ်သက်သော လက်ဖက်ရည်ကို ကိုယ်တိုင် ညွှန်းဆိုကာ သွားရောက် ဖျော်စပ်သည်။
လက်ဖက်ရည် ဖျော်စပ်သည့် လုပ်ငန်းစဉ်ကိုလည်း ဝမ်သိုက်အားပြသပေးသည်။ လက်ဖက်ရည်တွင် သုံးကြိမ် ဖျော်စပ်မှုရှိပြီး လီချန်ကျန့်သည် ကျွမ်းကျင်သော အမူအရာဖြင့် သရုပ်ပြကာ ရှင်းလင်း ပြောကြားရန်လည်း မမေ့လျော့ပေ။