← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

🍏 Chapter 160

ရုတ်တရက် ထွက်ပေါ်လာသော "ခွေးပေါက်လေး" ဟူသော စကားကြောင့် ချန်စစ်ကျယ် ကြောင်အမ်းသွားပြီး မျက်မှောင်ကြုတ်ကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ မေးစေ့ကို ပိုမိုမြှောက်ထားကာ အပြစ်ကင်းစင်သော မျက်နှာဖြင့် ရှိနေသော ဝမ်သိုက်အား စူးစမ်းသော မျက်ဝန်းများဖြင့် ကြည့်ရှုရင်း နှုတ်ခမ်းကို တွန့်ကာ ပြောလိုက်သည်။

"မင်း ရောဂါထပြန်ပြီလား"

ချက်ချင်းပင် လည်ချောင်းဝအထိ တက်လာသော ဆဲရေးသောစကားလုံးများက လွတ်ထွက်လုနီးပါး ဖြစ်သွားသည်။ ဝမ်သိုက်သည် မိမိဦးနှောက် ချက်ချင်း အလုပ်မလုပ်ဘဲ တစ်ဖက်လူအား ခွေးဟု အရင်ပြောမိသွားခြင်းကို သတိရလိုက်သည်။ ကံကောင်း၍ "ခွေးပေါက်လေး" ဟုသာ ခေါ်မိခြင်း ဖြစ်သည်။ မဟုတ်ပါက သူမသည် ဤလူ၏ အပြစ်တင်ခြင်းကို ထပ်မံ ခံရဦးမည် ဖြစ်သည်။

"ရှင်က ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ"

ဝမ်သိုက်က ရင်းနှီးစွာ‌ ပြောလိုက်သည်။

"ဘာလဲ၊ မင်းပဲ လာလို့ရပြီး ငါက လာလို့မရဘူးလား၊ မင်းက တော်တော် အာဏာပြတာပဲ"

ချန်စစ်ကျယ်က ပြန်လည်၍ စကားနာထိုးလိုက်သည်။

ထိုအမျိုးသား စကားပြောသည့်အခါ ကျဆင်းနေသော မျက်ခွံများက အနည်းငယ် မြင့်တက်လာပြီး မျှတစွာ ပြောရလျှင် အတွင်းစိတ်မှ ထွက်ပေါ်လာသော ထိုပျင်းရိဖွယ် ဆွဲဆောင်မှုမှာ တကယ်ကို လူကို စွဲမက်စေလှသည်။ သို့သော် ဝမ်သိုက်ကမူ ပြောင်ချော်ချော် အမူအရာကိုသာ ခံစားရသည်။

သူမသည် မိမိ၏ ပါတနာအား မနှစ်မြို့သော မျက်စောင်းတစ်ချက် ကျွေးလိုက်ပြီး မဲ့ပြုံး ပြုံးလျက် ပြောလိုက်သည်။

"ကျွန်မက အဲဒီလို ပြောလို့လား၊ ရှင့်ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက အရမ်းမလွန်လွန်းဘူးလား ‌ရှေ့နေချန်"

စကားနာထိုးခြင်း ခံရပြီးနောက်မှသာ ရင်းနှီးမှုကို ပြသရန် ဆန္ဒရှိလာသော ချန်စစ်ကျယ်သည် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

"စိတ်အခြေအနေ ဒီလောက်ကောင်းနေတာ... အဆင်ပြေသွားပြီလား"

သူက ခေါင်းကို အနည်းငယ် စောင်းကာ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည့်အခါ ထိုမြေခွေးမျက်ဝန်း များက ပျင်းရိစွာဖြင့် မျက်တောင်များကို ပင့်ကြည့်လိုက်ပြီး မျက်ဝန်းနက်များထဲတွင် သူမ၏ ပုံရိပ် ထင်ဟပ်နေသည်။

ရည်မှန်းချက် အောင်မြင်သွားသဖြင့် စိတ်လှုပ်ရှားနေပြီး ကိစ္စရပ်များက ကနဦး အောင်မြင်မှု ရရှိခဲ့ရာ ဝမ်သိုက်သည် မိမိ၏ ဝမ်းမြောက်မှုကို မထိန်းချုပ်နိုင်တော့ပေ။ သူမသည်လည်း သူ့ကို အတုယူကာ မျက်ခုံးတစ်ဖက်ကို ပင့်လျက် မေးစေ့ကို မြှောက်ကာ အနည်းငယ် မာနထောင်လွှားသော အမူအရာဖြင့် "အင်း" ဟု ပြန်ဖြေလိုက်သည်။

ယခုအချိန်တွင် သူမကို ဖော်ပြရန်အတွက် စကားလုံးတစ်လုံးကို ရှာဖွေရမည်ဆိုပါက ချစ်စရာကောင်းအောင် မာနထောင်လွှားခြင်း ဟု ဆိုရပေမည်။

တစ်စုံတစ်ယောက်၏ စိတ်ဝင်စားဖွယ် အချက်ကို မသိစိတ်အရ ထိမှန်သွားပုံရသည်။

"သြော်၊ ဒါဆိုရင် နောက်ထပ် သတင်းကောင်းတစ်ခု ပေးရဦးမှာပေါ့"

လည်ချောင်းတွင်းမှ လှုပ်ရှားမှုက ထင်ရှားလှသော်လည်း လည်ချောင်းပိုင်ရှင်က မျက်နှာကို အနည်းငယ် လွှဲကာ ချန်စစ်ကျယ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါ့မိဘတွေက စွန်းဖျင်နဲ့ ဖုန်ကျန့်တို့ရဲ့ ပူးပေါင်းကြံစည်မှု အချက်အလက်တွေကို ရရှိထားပြီးပြီ၊ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အထက်မှာလည်း လုံဖန်းချီ ရှိနေသေးတယ်၊ ဒါကိုတော့ မင်း သိသင့်ပါတယ်နော်"

ထိုအချင်းအရာမှာ ဝမ်သိုက် အတွက် ‌ရေငတ်တုန်း ရေတွင်းထဲ ကျသည်ထက်ပင် ပို၍ ကံကောင်းနေသေးသည် မဟုတ်ပါလော။

"ဘာပူးပေါင်းကြံစည်မှု အချက်အလက်တွေလဲ"

"လွန်ခဲ့တဲ့ ၁၂ နှစ်က အတိတ်ကို ပြန်ကောက်ရမယ်၊ သူတို့အားလုံးက ဟဲရှောက်ယန် လို့ ခေါ်တဲ့ လူတစ်ယောက်နဲ့ ဆက်သွယ်မှု ရှိခဲ့ကြတယ်၊ အဲဒါက မင်းအိမ်က ကိစ္စနဲ့ ကွက်တိပဲလို့ ခန့်မှန်းရတယ်”

“ဟဲရှောက်ယန်က အရင်က နန်ရှီး ဓာတုဗေဒစက်ရုံပိုင်ရှင်ရဲ့ လက်အောက်က ယုံကြည်ရတဲ့ လက်ရုံးတစ်ဦး ဖြစ်ခဲ့ပြီး ဒီလူက အခုတော့ ကိုယ်ပိုင် ကြွေပြားဆိုင်တစ်ဆိုင် ဖွင့်ထားတယ်၊ ငါ့မိဘတွေက အဆက်အသွယ်တွေကတစ်ဆင့် သူ့ကို ရှာဖွေတွေ့ရှိပြီး ဆက်သွယ်ခဲ့တာ၊ လုပ်ငန်းစဉ်ကိုတော့ အသေးစိတ် မပြောတော့ဘူး"

ချန်စစ်ကျယ်သည် စူးစမ်းလိုစိတ်ကြောင့် မိမိရှေ့သို့ မသိမသာ တိုးကပ်လာသော လူအား တစ်ချက်ကြည့်ကာ သူက သတိမထားမိအောင် နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။

"အတိုချုပ်ပြောရရင် သူက သဘောထားကွဲလွဲမှုတွေကြောင့် ဓာတုဗေဒစက်ရုံပိုင်ရှင် ချမ်ဖေးနဲ့ လမ်းခွဲခဲ့တာ၊ အခု ကြွေပြားဆိုင်ကလည်း ပျက်စီးလုနီးပါး ဖြစ်နေပြီ၊ သူ ငွေလိုနေတယ်၊ အရမ်းကို လိုနေတာ၊ ဘာလို့လဲဆိုတော့ သူ့အမေက ကျောက်ကပ်ပျက်စီးတဲ့ ရောဂါ ဖြစ်နေပြီး အဖေကလည်း လေဖြတ်ပြီး အိပ်ရာထဲလဲနေတာ နှစ်အတော်ကြာပြီ”

“ကလေးကလည်း သွေးကင်ဆာ ရှိနေတယ်လို့ စစ်ဆေးတွေ့ရှိထားသလို ရင်ကျပ်ရောဂါလည်း ရှိနေတယ်၊ ဇနီးဖြစ်သူကတော့ လွန်ခဲ့တဲ့ ခြောက်နှစ် ခုနစ်နှစ်ကတည်းက သွေးကင်ဆာနဲ့ အဆုတ်ကင်ဆာကြောင့် ကွယ်လွန်သွားခဲ့ပြီး အဲဒီအချိန်တုန်းက သူ့ဇနီးကလည်း လေဖြတ်တဲ့ အခြေအနေမျိုး ဖြစ်ခဲ့သေးတယ်"

ဆက်တိုက်ဖြစ်ပွားနေသော ရောဂါများကြောင့် ဝမ်သိုက် ကြောင်အမ်းသွားမိသည်။ လူတစ်ယောက်၏ အနီးကပ်ဆုံး ဆွေမျိုးများအားလုံး ကုသရန် ခက်ခဲသော ရောဂါဆိုးများကို ခံစားရရန် မည်သည့်အခြေအနေမျိုး ရှိရမည်နည်း။ ယခင်က လုပ်ရပ်များကြောင့် ယခုကဲ့သို့ ဝဋ်လည်ခြင်း ခံရသည်ဟု ဆိုရပါက ဝမ်သိုက်ကိုယ်တိုင်က နတ်ဆရာမတစ်ဦး ဖြစ်သော်လည်း ယုံကြည်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရပြီး မကောင်းမှုပြုလျှင် မကောင်းကျိုး ခံစားရသည်ဟူသော စကားမှာ အပေါ်ယံ စကားမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားများ၏ မိမိကိုယ်မိမိ နှစ်သိမ့်မှုပေးခြင်းသာ ဖြစ်ပေသည်။

"ဒါဆို သူကိုယ်တိုင်ကော ဘာရောဂါမှ မရှိဘူးလား"

မေးခွန်းကို ထုတ်ဖော်ပြီးမှသာ မိမိစကားတွင် အဓိပ္ပာယ်လွဲမှားမှု ရှိနေသည်ကို သတိပြုမိသဖြင့် ဝမ်သိုက်က အရေးပေါ် ဖြည့်စွက်ပြောကြားလိုက်သည်။

"ကျွန်မ သူ့ကို ရောဂါရပါစေလို့ ကျိန်ဆဲတာ မဟုတ်ပါဘူးနော်"

ကံကောင်းသည်မှာ ချန်စစ်ကျယ်သည် စကားအသုံးအနှုန်းအပေါ် အလွန်အမင်း စိစစ်တတ်သော လူစားမျိုး မဟုတ်ပေ။ သူ၏ အကြည့်ထဲတွင် သူမ၏ ဖြည့်စွက်ပြောကြားချက်အပေါ် အံ့သြမိခြင်းက ပိုများလှသည်။

"အမှန်ပဲ ရှိတာပေါ့၊ သူကိုယ်တိုင်လည်း အဆုတ်ကင်ဆာ ဖြစ်နေတာ၊ သူ အဆုတ်ကင်ဆာ ဖြစ်နေလို့၊ တစ်ပြိုင်နက်တည်းမှာလည်း ငွေအရမ်းလိုနေလို့ပဲ သက်သေအဖြစ် ဆောင်ရွက်ဖို့ သဘောတူခဲ့တာ"

ယခုအချိန်တွင် ဝမ်သိုက်သည် အမှန်တရားတစ်ခုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ ငွေဖြင့် ဖြေရှင်းနိုင်သော ကိစ္စရပ်များမှာ တကယ်တော့ ကိစ္စကြီး မဟုတ်ပေ။

သူမသည် လက်နှစ်ဖက်ကို လက်သီးဆုပ်ထားပြီး တောက်ပသော မျက်ဝန်းအစုံမှာ မျက်လုံးအိမ်ထဲတွင် မြှုပ်နှံထားသော ကျောက်မျက်ရတနာများကဲ့သို့ ဖြူစင်တောက်ပစွာဖြင့် မျှော်လင့်ချက်နှင့် ဝမ်းမြောက်မှု များကို ဖော်ပြနေကာ ခန္ဓာကိုယ်ကို အနည်းငယ် ရှေ့သို့ စောင်းလျက် ပြောလိုက်သည်။

"သူ ငွေဘယ်လောက် လိုနေတာလဲ၊ ရှင့်အတွက် ပေးရမယ့် ရှေနေခနဲ့ အခြားကူညီပေးခဲ့တဲ့ လူတွေကို ပေးရမယ့် လက်ဆောင်ဖိုးတွေကို ဖယ်ပြီး ကျွန်မ နောက်ထပ် ငါးသန်း (၅,၀၀၀,၀၀၀) အထိ ပေးနိုင်ပါတယ်"

သို့သော် သူမ ရရှိလိုက်သည်မှာ ချန်စစ်ကျယ်၏ မကျေနပ်သော အကြည့် ဖြစ်သည်။ အမျိုးသားသည် မေးစေ့ကို အနည်းငယ် မြှောက်ထားကာ သူ၏ စကားထဲမှ မနှစ်မြို့မှုကို ဖုံးကွယ်ရန် စိတ်ကူးမရှိပုံရသည်။

"မင်းကတော့ အကျအနကို တွက်ချက်နေတာပဲ၊ အမှုတွဲတစ်ခု ပြန်လှန်ဖို့အတွက် မင်းရဲ့ အိမ်ပိုင်ဆိုင်မှု အားလုံးကို ထုတ်ပေးဖို့ စိတ်ကူးနေတာလား၊ ငွေကိစ္စကို ငါ့မိဘတွေ ဖြေရှင်းပြီးပြီ၊ မင်း ဝင်ပါဖို့ အခွင့်အရေး မရှိဘူး"

"ဒါက ဘယ်လိုဖြစ်မလဲ……"

ဝမ်သိုက် ဤကဲ့သို့ ပြောလိမ့်မည်ဟု ခန့်မှန်းထားသကဲ့သို့ ချန်စစ်ကျယ်သည် လက်မောင်းကို ပိုက်ကာ ခေါင်းကို အနည်းငယ် စောင်းလျက် စိတ်အေးလက်အေးဖြင့် သူမအား ငုံ့ကြည့်ကာ စကားကို ဖြတ်ပြောလိုက်သည်။

"ဒါက ဘာလို့ မဖြစ်ရမှာလဲ၊ ငါ့အဖေကိုယ်တိုင်က သံယောဇဉ်ကြီးတဲ့ လူတစ်ယောက်ပဲ၊ သူ့ရဲ့ အတိတ်က သူငယ်ချင်း အသတ်ခံရပြီး လူသတ်သမားက အခုထိ လွတ်မြောက်နေတာကို၊ အခုတော့ ငွေတစ်သန်းလောက် သုံးရုံနဲ့ အရေးပါတဲ့ လူတစ်ယောက်ကို သက်သေအဖြစ် ပြောင်းလဲနိုင်တာပဲ၊ ဘာလို့ မလုပ်ရမှာလဲ၊ တစ်သန်းဆိုတာ ငါ့အဖေအတွက် ဘာမှမဟုတ်ဘူး၊ သူ့အတွက်ဆို တစ်ရက်အတွင်း ပြန်ရှာနိုင်တဲ့ ငွေပဲ"

"မင်းအတွက်ကတော့ နောင်ကျရင် နှင်းရည်သောက်ပြီး လေပွေစားပြီး အသက်ရှင်ရလိမ့်မယ်၊ ကိုယ်တတ်နိုင်သလောက်ပဲ လုပ်ရမယ်ဆိုတဲ့ အမှန်တရားကို ငါက ထပ်သင်ပေးရဦးမှာလား"

ဝမ်သိုက်၏ မျက်ခုံးအကြားရှိ တွေဝေမှုများကို မြင်တွေ့ပုံရသဖြင့် ချန်စစ်ကျယ်၏ နှုတ်ခမ်းများက ခေတ္တရပ်တန့်သွားပြီးနောက် ထပ်မံ လှုပ်ရှားလာပြန်သည်။

"အားနာနေဖို့ မလိုပါဘူး၊ အကယ်၍ ငါ့အဖေက မင်းငယ်ငယ်ကတည်းက မင်းကို ရှာဖွေတွေ့ရှိပြီး ဒီကိစ္စကို သိခဲ့ရင် သူက ငွေထုတ်ပြီး မင်းမိဘတွေအတွက် အမှုတွဲ ပြန်လှန်ပေးရုံတင်မကဘူး၊ မင်းကိုပါ မွေးစားပြီး အရွယ်ရောက်အောင် စောင့်ရှောက်ပေးမှာ"

ရှည်လျားလှသော ဤစကားများက ဝမ်သိုက်အား စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျော့ကျ စေလိမ့်မည်ဟု ထင်မှတ်ခဲ့မိသော်လည်း ဝမ်သိုက်ကမူ မေးစေ့ကို မြှောက်ကာ မျက်ဝန်းများ ဝေဝါးလျက် သူ့ကို စိုက်ကြည့်နေပြီး သူ့ကို ကြည့်နေသကဲ့သို့ ရှိသော်လည်း အခြားနေရာတစ်ခုကို ကြည့်နေသကဲ့သို့လည်း ရှိနေသည်။

ရင်ထဲမှ ကိစ္စရပ်များကို နှစ်ပေါင်းများစွာအတွင်း မိမိတစ်ယောက်တည်းသာ ထိန်းသိမ်းလာခဲ့ရခြင်း ဖြစ်သည်။ သိုလှောင်ထားခြင်း မဟုတ်ဘဲ အတင်းအကျပ် ထိန်းသိမ်းထားရခြင်း ဖြစ်သည်။ သိုလှောင်မထားနိုင်သည့်အရာများကို ထိန်းသိမ်းရန်သာ တတ်နိုင်သမျှ ကြိုးစားခဲ့ရသည်။

နာကျင်နေသော မျက်ဝန်းများကလည်း မျက်ရည်များကို ထိန်းထားရဦးမည် ဖြစ်သည်။ မည်မျှပင် နာကျင်စရာကောင်းသော အတိတ်ဖြစ်ပါစေ အတိတ်က အတိတ်သာ ဖြစ်သွားခဲ့ပြီ။ သူမသည် ထိုလမ်းကို ဖြတ်သန်းပြီး ယခုအချိန်အထိ လျှောက်လှမ်းလာခဲ့ပြီ ဖြစ်ရာ အတိတ်က နာကျင်မှုများကို ထပ်မံ မဖြတ်သန်းချင်တော့ပေ။

All Chapters