← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

🍏 Chapter 162

ဖုန်းအန်းရပ်ကွက်နှင့် နန်ကွမ်ရပ်ကွက်ကြားရှိ ဆေးရုံမှာ ချောင်ပူရပ်ကွက်ရှိ ဆေးရုံလောက် မကောင်းမွန်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ယင်းက နီးကပ်လှပေသည်။ အရေးပေါ် အသက်လု နေရသော ချင်ထုံနှင့် နီးကပ်လှပေသည်။

မြင့်မားလှသော အမိုးခုံးကြောင့် ဆေးရုံဧည့်ခန်းမကြီးမှာ ပိုမိုကျယ်ဝန်း၍ ဟာလာဟင်းလင်း ဖြစ်နေပုံရသည်။ ပြင်ပတွင် နေရောင်ခြည် ရှိနေသော်လည်း တံခါးအတွင်း၌မူ မှုံရီသော မှောင်ရိပ်သာ ကြီးစိုးနေသည်။

နံရံများနှင့် အလှဆင်ပစ္စည်းများမှာ အဖြူရောင်၊ အပြာနုရောင် စသည်တို့ ဖြစ်ကြကာ ရံဖန်ရံခါတွင် အနီရောင်ကဲ့သို့ စူးရှသောအရောင်များ ကြားညှပ်နေသော်လည်း လူကို မီးခိုးရောင်သန်းနေသော ခံစားချက်မျိုးကိုသာ ပေးစွမ်းနေဆဲ ဖြစ်သည်။

ချင်ယန်၏ ဝိညာဉ်မှာ နှုတ်ယူခြင်း ခံလိုက်ရသကဲ့သို့ပင်။ သူမသည် ကျောက်တုံးတစ်တုံးကဲ့သို့ မည်သည့်နေရာရောက်ရာက် ထိုနေရာတွင် ငြိမ်သက်စွာ ရှိနေတော့သည်။

ဗလာဖြစ်နေသော မျက်ဝန်းအစုံမှာ ကျောက်တုံးတစ်တုံး၏ တိတ်ဆိတ်ငြိမ်သက်မှုမျိုး ရှိနေသည်။ ရံဖန်ရံခါ ဖြတ်သန်းသွားလာသူများက သူမ၏ ဘေးတွင် ထိုင်ကြပြီး အချို့သော လမ်းသွားလမ်းလာ များက သူမအား စောင်းငဲ့ကြည့်ကာ ထွက်ခွာသွားကြသည်။

ယခုကဲ့သို့သော ကျောက်တုံးများကို ဆေးရုံတွင် မကြာခဏ မြင်တွေ့ရတတ်ပြီး အလွန်အမင်း များပြားလှပေသည်။

ခွဲစိတ်ခန်းအတွင်း၌မူ အရေးပေါ် ခွဲစိတ် နေရသော ချင်ထုံ ရှိနေသည်။ ယနေ့ အစောပိုင်းအချိန်တွင် ချင်ထုံ သည် မိမိ၏ အသားအနည်းငယ် တက်လာသော လက်မောင်းကို ကိုင်တွယ်ရင်း စိတ်လှုပ်ရှားစွာဖြင့် သူမ၏ ဘေးသို့ ပြေးလာကာ အသားမရှိလှသော ထိုမျက်နှာလေးကို မြှောက်လျက် ပြုံးရင်း ပြောခဲ့သေးသည်။

"မေမေ၊ ကြည့်ပါဦး ကျွန်တော့်ကိုယ်မှာ အသားတွေ တက်လာပြီ၊ ကျွန်တော် သန်မာလာနေပြီ၊ ကျွန်တော် ကြီးပြင်းလာနေပြီ"

"ကျွန်တော် ကြီးပြင်းလာတဲ့အခါ မေမေ့ကို ကာကွယ် စောင့်ရှောက်ပေးမယ်၊ ကျွန်တော် ရှေ့နေချန်လို လူမျိုးဖြစ်အောင် ကြိုးစားမယ်၊ မေမေ့ကို အနားယူစေပြီး ကောင်းကောင်း စည်းစိမ်ခံစေချင်တယ်"

လှပလှသော ဆန္ဒနှင့် သူ၏ ကြည်လင်တောက်ပသော ကောင်းမွန်လှသော မျက်ဝန်းနက်လေးများ။

ချင်ထုံကို မွေးဖွားခါစအချိန်တွင် ဤကလေးမှာ အလွန်ပိန်လှီပြီး လေးပေါင်ကျော် မျှသာ ရှိခဲ့သည်။ ဤကမ္ဘာမြေပေါ်သို့ ရောက်ရှိလာသည့်အချိန်တွင် မငိုဘဲ သူနာပြုဆရာမက အကြိမ်အနည်းငယ် ပုတ်ပေးမှသာ ငိုယိုပြီး ဤကမ္ဘာမြေ၏ လေထုကို စတင်ရှူရှိုက်ခဲ့ခြင်း ဖြစ်သည်။

ကလေးအရွယ်တွင် ဆူပူခြင်း၊ ဂျီကျခြင်း မရှိဘဲ ကုတင်ပေါ်တွင် ထိုကဲ့သို့ လိမ္မာရေးခြားရှိစွာ လဲလျောင်းနေတတ်ရာ ချင်ကျန်း အနှစ်သက်ဆုံးသော အလုပ်မှာ ကလေး၏ ဘေးတွင် မှောက်လျက် မျက်နှာတစ်ခုလုံး အရေးအကြောင်းများ ထွက်ပေါ်လာသည်အထိ ပြုံးရယ်နေခြင်း ဖြစ်ပြီး အချစ်မေတ္တာများက ထိုအရေးအကြောင်းများကြားတွင် ညှပ်နေတတ်သည်။

သူက အမြဲပြောတတ်သည်။

"ဒီကလေးက ငါနဲ့တူတယ်၊ နောက်ပိုင်းကျရင် ငါ့ထက်တောင် ပိုပြီးသာမှာ သေချာတယ်၊ ဒါပေမဲ့ ငါက သူ့ကို ကြီးမားတဲ့ အောင်မြင်မှုတွေ ရဖို့ မတောင်းဆိုပါဘူး၊ လူတစ်ယောက်က ဒီဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရမှာပဲ၊ ချမ်းသာရင်လည်း ပျော်ရမယ်၊ ဆင်းရဲရင်လည်း ပျော်ရမယ်၊ ဒါပေမဲ့ ပျော်ရွှင်ရုံတင်မကဘဲ သူ ဘေးကင်း ကျန်းမာဖို့လည်း ငါ မျှော်လင့်ပါတယ်"

ချင်ထုံသည် ဖခင်ထက် ပိုသာအောင် မလုပ်နိုင်ခဲ့ချေ။ သို့မဟုတ် အမှန်တကယ်ပင် ပိုပြီးသာအောင် လုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သူသည် မိမိဖခင်လောက် အသက်မရှည်ဘဲ မိမိဖခင်ထက် ပိုမိုစောစီးစွာ ထွက်ခွာသွားရတော့မည် ဖြစ်သည်။

ချင်ကျန်းက ယခင်က ပြောခဲ့သည်။

"နောက်ကျရင် ငါနဲ့ ဒီကောင်လေးက မင်းကို ကာကွယ်ပေးမှာ၊ ငါ့ရဲ့ အရိုးတွေ မစွမ်းဆောင်နိုင်တော့တဲ့ အခါကျရင် သူက ငါ့ရဲ့ တာဝန်တွေကို ဆက်ခံလိမ့်မယ်"

‘ဒါပေမဲ့ ရှင်က စောစော ထွက်ခွာသွားခဲ့တယ်လေ’

ယခုအချိန်အထိ ကိုးနှစ် (၉ နှစ်) ရှိခဲ့ပြီဖြစ်ရာ နောက်ထပ် တစ်နှစ်တာ ကာလတစ်ခု ကုန်လွန်ခဲ့ပြန်ပြီ။ ချင်ထုံသည် အသက် ငါးနှစ် (၅ နှစ်) မျှသာ ရှိသေးသော်လည်း ဖခင်မရှိတော့ချေ။ သူမတွင်လည်း ခင်ပွန်းမရှိတော့ချေ။

အသက် ငါးနှစ်အရွယ် ကလေးငယ်သည် ရင်ကျပ်အဆုတ်ရောင်ရောဂါခံစားနေရဆဲဖြစ်ရာ သူမအား မည်သို့ ကာကွယ်နိုင်မည်နည်း။

‘ချင်ကျန်း၊ ရှင့်ရဲ့ တာဝန်တွေကို ဆက်ခံတဲ့လူက ချင်ထုံ မဟုတ်ဘူး၊ ကျွန်မပဲ’

ရင်ဘတ်ထဲမှ နှလုံးသားနှင့် ဦးနှောက်အတွင်း၌ အတိတ်၏ ပုံရိပ်များ လှည့်လည်နေပြီး ချင်ယန်သည် မိမိဘာသာ စကားပြောနေသော်လည်း ပါးစပ်ကမူ လှုပ်ရှားခြင်း မရှိပေ။

မည်မျှ ကြီးမားသော မကောင်းမှုကို ပြုလုပ်ခဲ့မိ၍ ဤအရာအားလုံးကို ခံစားနေရသနည်း။

ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များမှာ အမြဲတမ်း ၎င်းတို့၏ တံခါးရှေ့တွင် ရပ်တန့်နေပြီး အကြိမ်အနည်းငယ် တံခါးခေါက်ကာ ၎င်းတို့ တံခါးဖွင့်လိုက်သည့် အချိန်တွင်မူ ရုတ်တရက် အေးစိမ့်သော လေပြင်းအဖြစ် ပြောင်းလဲသွားကာ ဆီးနှင်းများနှင့်အတူ လိမ့်ဝင်လာတတ်သည်။

ကားကို ဆေးရုံ၏ ကားပါကင်တွင် ရပ်နားပြီးနောက် ကားပေါ်မှ ဆင်းလာသော ဝမ်သိုက်သည် အပေါ်ထပ်သို့ ခဏမျှ မနားဘဲ ပြေးတက်သွားခဲ့သည်။ စောင့်ဆိုင်းရမည့် ဓာတ်လှေကားကို သူမ စွန့်လွှတ်လိုက်ပြီး အလိုအလျောက် တက်နေသော စက်လှေကား၏ အရှိန်ကိုလည်း သူမ မကျေနပ်နိုင်သဖြင့် လမ်းတစ်လျှောက်တွင် "တောင်းပန်ပါတယ်၊ လမ်းလေး နည်းနည်း ဖယ်ပေးပါဦး၊ ကျေးဇူးတင်ပါတယ်" ဟု မည်မျှပင် ပြောဆိုခဲ့သည်မသိ။ လူစုလူဝေးကို ဖြတ်သန်းကာ အားသွန်ခွန်စိုက် အပေါ်သို့ တက်လှမ်းခဲ့သည်။

သူမ ချင်ယန်ကို ရှာဖွေတွေ့ရှိသည့် အခါတွင် မြင်တွေ့လိုက်ရသည်မှာ ထိုကဲ့သို့သော ကျောက်တုံးတစ်တုံး ဖြစ်သည်။

ဖြတ်သန်းသွားလာနေသူများမှာ သက်ရှိလူသားများ ဖြစ်ကြပြီး ကုလားထိုင်ပေါ်တွင် ထိုင်နေသူများမှာလည်း သက်ရှိလူသားများ ဖြစ်ကြသော်လည်း သူမတစ်ဦးတည်းသာ သက်ရှိလူသားနှင့် မတူပေ။

မောပန်းနွမ်းနယ်နေသော ဝမ်သိုက်၏ လှုပ်ရှားမှုများ နှေးကွေးသွားပြီး သူမသည် ခြေထောက်ကို ဆွဲကာ ချင်ယန်၏ ဘေးသို့ တစ်လှမ်းချင်း တိုးကပ်သွားပြီး ချင်ယန်၏ ရှေ့သို့ ရောက်ရှိသည့်အခါ ဒူးထောက်ကာ ထိုင်ချလိုက်ပြီး မေးစေ့ကို မြှောက်လျက် မျက်မှောင်ကြုတ်ကာ ရှေ့ရှိ ကျောက်တုံး၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း အသက်ရှူသံများကြားမှ တိုးညင်းစွာ ခေါ်လိုက်သည်။

"အစ်မချင်ယန်"

သူမသည် မျက်လုံးထောင့်မှ ခွဲစိတ်ခန်း၏ လင်းထိန်နေသော မီးရောင်ကို ကြည့်လိုက်သည်။

အမှန်တော့ အဖြေကို သိရှိထားပြီးသား ဖြစ်သည်။

လမ်းခုလတ်တွင်ရှိစဉ်က အစောင့်အရှောက်များက ရုတ်တရက် သဘောကောင်းလာပြီး "နတ်ဘုရားတို့၏ လျှို့ဝှက်ချက်ကို မပေါက်ကြားစေရ" ဟူသော စကားမျိုးကို မပြောတော့ဘဲ သူမက မသိစိတ်အရ ချင်ထုံ၏ အခြေအနေနှင့် ရလဒ်ကို မေးမြန်းသည့်အခါ ခေတ္တမျှအကြာတွင် သူမထံသို့ သတင်းစကား ပေးပို့လာခဲ့သည်။

အလွန်ရိုးရှင်းလှသော စကားလုံး သုံးလုံး (၃ လုံး) မျှသာ

"အသက်မရှင်နိုင်တော့ဘူး"

ရှေ့ရှိ ကျောက်တုံးကို ကြည့်ရင်း ဝမ်သိုက်သည် မိမိ၏ မျက်ရည်များကို ထိန်းထားနိုင်တော့မည် မဟုတ်ဟု ခံစားလိုက်ရသည်။ ထိန်းထားသော်လည်း ထိန်းမရတော့ပေ။

ချင်ယန်သည်လည်း ဝမ်သိုက်၏ အသံကြောင့် နိုးထလာပုံရသည်။ ကျောက်တုံးကဲ့သို့သော ခန္ဓာကိုယ်၊ သက်ရှိလူသားနှင့်မတူသော ခန္ဓာကိုယ်အတွင်းမှ မျက်လုံးအိမ်က အနည်းငယ် လှုပ်ရှားသွားပြီး သူမသည် အောက်သို့ ငုံ့ကြည့်ကာ ဝမ်သိုက်ကို စိုက်ကြည့်လိုက်သည်။

တစ်ဦးနှင့်တစ်ဦး၏ မျက်ဝန်းထဲမှ မျက်ရည်စများကို မြင်တွေ့လိုက်ကြရသည်။

ကျောက်တုံးသည် နောက်ဆုံးတွင် ကျောက်တုံးအဖြစ် မရှိတော့ဘဲ ကျောက်တုံးမှ မျက်ရည်များ စီးကျလာခဲ့သည်။

ချင်ယန်သည် တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန် လက်ကို ဆန့်ထုတ်လိုက်ရာ ဝမ်သိုက်က မိမိ၏ လက်ကို မြှောက်ကာ သူမထံသို့ ပေးအပ်လိုက်သည်။

လက်တစ်ဖက်မှာ အသားမရှိသလောက် ပိန်လှီပြီး အရေပြားများ တွန့်နေသော လက်ဖြစ်ပြီး အခြားလက်တစ်ဖက်မှာမူ ပိန်လှီဖြူစင်သော လက် ဖြစ်သည်။ သူမသည် သူမကို တင်းတင်းဆုပ်ကိုင်ထားခြင်းမှာ အသက်ကယ်ကောက်ရိုးကို ဖမ်းဆုပ်ထားသကဲ့သို့ပင်။

ဒီလောက်များပြားတဲ့ အသက်ကယ်ကောက်ရိုးတွေ ဘယ်က ရောက်လာမှာလဲ။ ကောက်ရိုးတစ်မျှင်က အသက်ကို ကယ်တင်နိုင်ပါ့မလား။

အလွန်ပြင်းထန်လှသဖြင့် ဝမ်သိုက်သည် မိမိ၏ လက်ချောင်းများ စုစည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ချင်ယန်၏ မျက်ရည်များမှာ သွေးရောင်သန်းနေသော မျက်ဝန်းများထဲမှ စီးကျလာပြီး သေးငယ်သော မြစ်နှစ်စင်းကဲ့သို့ ဖြစ်နေကာ သူမ ငိုယိုသည့်အခါ အသံထွက်ပေါ်လာခြင်း မရှိပေ။ အလွန်ဖြူစင် လှသော ငိုကြွေးခြင်းမျိုး ဖြစ်သည်။

မိမိ၏ သေးငယ်သော ခန္ဓာကိုယ်အချိုးအစားကို အားကိုးကာ ဝမ်သိုက်သည် ချန်စစ်ကျယ်ထက် ပိုမိုမြန်ဆန်စွာ ရောက်ရှိလာခြင်း ဖြစ်ပြီး သူမ မသိစိတ်အရ မျက်ရည်ကျကာ ချင်ယန်နှင့်အတူ တိတ်ဆိတ်စွာ ငိုကြွေးနေသည့် ထိုအချိန်တွင် အပြေးအလွှား ရောက်ရှိလာသော ချန်စစ်ကျယ်သည် မလှမ်းမကမ်းတွင် ရပ်တန့်သွားခဲ့သည်။

လူနှစ်ယောက်။ တစ်ယောက်က ထိုင်နေပြီး တစ်ယောက်က ဒူးထောက်နေကာ လက်နှစ်ဖက်ကို တွဲထားကြပြီး မျက်ဝန်းလေးခုမှ မိမိတို့၏ မျက်ရည်များကို အသီးသီး သွန်းလောင်းနေကြကာ ထိုမျက်ရည်များမှာ ရံဖန်ရံခါတွင် မြစ်ဖျားခံရာ တူညီနေတတ်သည်။ ခံစားချက်ချင်း တူညီနေခြင်း ဖြစ်သည်။

ခွဲစိတ်ခန်း၏ မီးရောင် ငြိမ်းသွားခဲ့ပြီဖြစ်ရာ လူနှစ်ဦး၏ ငိုကြွေးခြင်းမှာ ခေတ္တရပ်တန့်သွားရမည် ဖြစ်သည်။ မျက်နှာပေါ်ရှိ မျက်ရည်များကို ကမူးရှုးတိုး သုတ်လိုက်ပြီး ချင်ယန်သည် ပထမဦးစွာ မိမိ၏ လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ အမြန်တစ်လှည့်၊ အနှေးတစ်လှည့် လျှောက်လှမ်းရင်း နောက်ဆုံးတွင် ခွဲစိတ်ခန်း အပြင်ဘက်၌ ရပ်တန့်သွားခဲ့သည်။

ဝမ်သိုက်သည် ထိုနေရာသို့ မသွားရဲချေ။ သူမသည် ဒူးကို ပိုက်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ခေါင်းကို လက်မောင်းကြားတွင် မြှုပ်နှံထားကာ မျက်ရည်များတောက်တောက်ကျနေပြီး ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရင်နေသည်။

ဆရာဝန်၏အသံမှာ ဤအချိန်တွင် အထင်အရှား ထွက်ပေါ်လာရာ နားကို ပိတ်ပြီး ရှောင်ပြေးချင်သော လူများပင် မကြားဘဲ မနေနိုင်တော့ပေ။ နားက ယခုကဲ့သို့ အချိန်မျိုးတွင် ကြားနိုင်စွမ်း ပိုမိုမြင့်မားနေရပေသည်။

All Chapters