အခန်း ၁၆၆
Vol. 17 Ch. 166
🍏 Chapter 166
ဖြူဖျော့သော အလင်းတန်းများ ကျဆင်းလာသည်။ အခုအချိန်က အမျိုးသမီးများ အဝတ်အစားများကို ပွေ့ပိုက်ကာ အသွားအလာများပြားသည့် အချိန်မဟုတ်တော့ပေ။ သစ်ပင်အောက်တွင် ယခင်အတိုင်းပင် အသက်အရွယ်ကြီးရင့်သူ အချို့ စုဝေးကာ အချိန်ဖြုန်းနေကြဆဲ ဖြစ်သည်။ သို့သော်လည်း ယခင်က လူများ ဟုတ်၊ မဟုတ်တော့ မသိရပေ။
ချင်ယန်သည် သံပြားတံခါးပေါ်တွင် ချိတ်ဆွဲထားသော သော့ခလောက်ကို ကိုင်ထားပြီး သူမသည် လက်ထဲက သော့ခလောက်ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။ လက်ထဲက အေးစက်သော ထိတွေ့မှုကပင် သူမကို အသိစိတ်ပြန်ဝင်အောင်လှုံဆော်နိုင်ခြင်းမရှိပေ။
လေပြေတစ်ချက် ဝေ့ဖြန်းတိုက်ခတ်လာပြီး အေးစိမ့်စိမ့်ဖြင့် ချင်ယန်၏ လည်ပင်းနောက်ဆီသို့ ဖြတ်သန်းသွားရာ သူမသည် နောက်ဆုံး၌ လှုပ်ရှားမှုအသစ်ကို ပြုလုပ်လိုက်ပြီး အိတ်ကပ်ထဲမှ သော့ကို နှိုက်ကာ သော့အိမ်ထဲသို့ ထိုးထည့်ပြီး သော့ခလောက်ကို ဖွင့်ကာ တံခါးကို ဆွဲဖွင့်လိုက်သည်။
အခန်းထဲတွင် ယခင်နှင့် ဘာမှ ထူးမခြားနားလှပေ။ လူတစ်ယောက် လျော့နည်းသွားခြင်းသာ ဖြစ်သည်။
မီးဖိုခုံမှာ သန့်ရှင်းအောင် ပွတ်တိုက်ထားပြီး အပေါ်က အိုးသည် ငြိမ်သက်စွာ တည်ရှိနေသည်။ သာမန်မျက်စိဖြင့် ကြည့်လျှင် ညစ်ပတ်ပေရေမှုကို ရှာမတွေ့နိုင်သော်လည်း မီးခိုးမှိုင်းကြောင့် အရောင်ပြောင်းနေသော သံပြားနံရံကိုတော့ ဖုံးကွယ်မရနိုင်ပေ။
သစ်သားခုံတန်းရှည်နှင့် သစ်သားစားပွဲရှည်ကြီးသည်လည်း ထွက်ခွာသွားစဉ်က အတိုင်းပင် ရှိနေသေးသည်။ ၎င်းတို့အားလုံး ငြိမ်သက်နေကြပြီး ထိုအတိုင်း တည်ရှိနေကြရုံပဲ ဖြစ်သည်။
ထောင်ထားသော လိုက်ကာဖြင့် ခြားထားသည့် ကုတင်နှစ်လုံးအနက် ကုတင်တစ်လုံး၏ စောင်မှာ ရှုပ်ပွနေဆဲဖြစ်ပြီး ကုတင်ခင်းပေါ်တွင် တွန့်ကြေမှုများ ရှိနေသည်။ ယနေ့နေ့ရက်၏ အစပြုချိန်တုန်းက ထိုအပေါ်တွင် လူတစ်ယောက် လဲလျောင်းနေခဲ့သေးသည်။ အခုတော့ ထိုလူသည် ဆေးရုံရင်ခွဲရုံထဲမှာ ရောက်နေပြီ ဖြစ်သည်။
ဝေဝါးထွေပြားမှုထဲတွင် ထိုပိန်လှီသော ကလေးငယ်ကို ပြန်မြင်လိုက်ရသကဲ့သို့ ရှိနေသည်။
သူက သူမအရှေ့ကို ပြေးလာပြီး မိမိ၏ ဆုလက်မှတ်ကို ဝမ်းသာအားရ မြှောက်ပြတတ်သည်။ သူက ကျောင်းလွယ်အိတ်ထဲမှ ချောကလက် သို့မဟုတ် အခြားမုန့်အချို့ကို နှိုက်ယူပြီး ပထမဆုံးအကြိမ်အဖြစ် သူမအရှေ့သို့ ယူဆောင်လာကာ ရရှိလာသည့် အကြောင်းရင်းကို ရှင်းပြပြီးနောက် ပစ္စည်းများကို သူမလက်ထဲ ထိုးထည့်ပေးတတ်သည်။
မှန်ပါသည်။ လိမ္မာသော ကလေးငယ် ဖြစ်သည်။ သူမအနေဖြင့် သူ ဤမျှအထိ မလိမ္မာစေချင်ခဲ့ပေ။
ချင်ယန်၏ ခြေထောက်နှစ်ဖက်မှာ ခဲဆွဲထားသကဲ့သို့ မဟုတ်ဘဲ မြေကြီးထဲသို့ စိုက်ဝင်တော့မည့်အတိုင်း ဖြစ်နေသည်။
ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့သည် သူမ၏ နောက်မှ လိုက်ဝင်လာကြပြီး ချင်ယန်၏ အတိတ်အမှတ်တရ ရေစီးကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်ချက်မရှိဘဲ ပြောလိုက်သည်။
"အစ်မချင်ယန်၊ ဘာတွေ သိမ်းဆည်းချင်လို့လဲ၊ ညီမတို့ အတူတူ ကူသယ်ပေးပါ့မယ်"
ဝမ်သိုက်သည် အခန်းထဲက အရာများကို မျက်စိထဲ အများကြီး မဝင်ဆံ့စေရန် မိမိ၏ အမြင်အာရုံကို ထိန်းချုပ်ထားသည်။
ငိုမည့်သူ။ ဝမ်းနည်းမည့်သူဆို၍ ချင်ယန် တစ်ယောက်တည်းတင် လုံလောက်လှပြီ ဖြစ်သည်။ သူမတွင် ချင်ယန်ထက် ပို၍ ဝမ်းနည်းပိုင်ခွင့် မရှိပေ။
အတွေးအာရုံများ ပြန်လည်ရောက်ရှိလာသော ချင်ယန်သည် ခြေလှမ်းများကို ရွှေ့လိုက်ပြီး မျက်ဝန်းထဲတွင် အကြောင်းပြချက်မရှိဘဲ မည်သို့ပင်ဖြစ်စေ မျက်ရည်တော့ မရှိပေ။
မျက်ရည်တွေ ခန်းခြောက်သွားပြီလား။ ခန်းခြောက်သွားနိုင်ပါ့မလား။
"အခန်းထဲမှာ အိုက်တယ်၊ မင်းတို့ အပြင်မှာပဲ သွားစောင့်နေကြပါ၊ ကိစ္စမရှိပါဘူး၊ ငါ့ဘာသာငါ ရပါတယ်"
နှာသံစွက်နေသော အသံအက်အက်ဖြင့် ချင်ယန်သည် ခေါင်းပြန်မလှည့်ဘဲ ပြောလိုက်သော်လည်း ဝမ်သိုက်ကတော့ သူမ ဝမ်းနည်းနေသည်ကို ခန့်မှန်းမိပေသည်။
အချို့သော စိတ်ခံစားမှုများသည် မျက်နှာပေါ်တွင် ပေါ်မလာတတ်ပေ။ မျက်နှာပေါ်တွင် မျက်ရည်မရှိသော်လည်း ခန္ဓာကိုယ်ထဲတွင်တော့ ရှိနေတတ်သည်။
ချင်ယန်၏ ဧည့်သည်နှင်သောအမိန့်ကို နာခံကာ ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့သည် အတူတူ အပြင်သို့ ဆုတ်ခွာခဲ့ကြသည်။
အပြင်က လေထုသည် အခန်းထဲထက်စာလျှင် အမှန်ပင် ပို၍ လတ်ဆတ်လှသည်။ အေးမြသော လေပြေက နွေဦး၏ အငွေ့အသက်ကို ဆောင်ကြဉ်းလာပေးရာ အမှန်ဆိုလျှင် သက်ရှိအပေါင်း ပြန်လည်ဆန်းသစ်ရမည့် ရာသီဖြစ်သော်လည်း လူတစ်ယောက်ကတော့ ထွက်ခွာသွားခဲ့လေပြီ။
လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ထားရင်း ဝမ်သိုက်သည် ခေါင်းကို မော့ကာ ကောင်းကင်ကြီးကို မော့ကြည့်နေမိပြီး ခြေဖျားက မသိစိတ်ဖြင့် မြေပြင်ကို ကော်နေမိရာ သဲမှုန်များ လွင့်ပြယ် တက်လာသည်။
နေမင်းကြီးက ပုန်းကွယ်နေသော်လည်း အလင်းရောင်ကတော့ ရှိနေဆဲဖြစ်ပြီး မျက်နှာနှင့် မျက်ဝန်းထဲသို့ ကျရောက်လာသောအခါ စူးရှလှသည်။
သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေသည်မှာ အလင်းရာင်တင်မကဘဲ ချန်စစ်ကျယ်၏ အကြည့်များလည်း ရှိနေသည်။ အမျိုးသားသည် လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး မျက်နှာကို သူမ၏ ဘက်သို့ အနည်းငယ် စောင်းကာ စိုက်ကြည့်နေသော အကြည့်က မျက်နှာပြင်ပေါ်တွင်သာ တည်ရှိနေပြီး နက်ရှိုင်းသော စိတ်ခံစားမှုကိုတော့ တူးဆွမရနိုင်ပေ။
သူက မေးသည်။
"ဘာတွေ တွေးနေတာလဲ"
သူမက ဖြေသည်။
"ထွက်ခွာသွားခြင်း ဆိုတဲ့ ကိစ္စအကြောင်း တွေးနေတာ"
ခေါင်းကို နောက်သို့ မော့ထားမိရာ လည်ပင်းက မနာကျင်သေးသော်လည်း ဦးနှောက်ကတော့ ဦးစွာ ရီဝေဝေ ဖြစ်လာသည်။ ဝမ်သိုက်သည် ခေါင်းကို ပြန်တည့်လိုက်ပြီး လက်ကို မြှောက်ကာ နားထင်ကို ဖိနှိပ်၍ နှိပ်နယ်လိုက်သည်။
သူမက အသံတိုးတိုးဖြင့် ပြောသည်။
"တကယ်တော့ အခြားသူတွေ တစ်နေ့နေ့မှာ ထွက်ခွာသွားကြမယ်ဆိုတာ ဘယ်သူမဆို သိကြတာပဲ၊ အမြဲတမ်း အနားမှာ ရှိနေပေးလည်း အပိုပဲ၊ တစ်သက်လုံး အတူရှိနေခဲ့တဲ့ အဆုံးသတ်ကလည်း လမ်းခွဲခြင်းပဲ ဖြစ်လာတာပဲ”
“ရှင်ပြောတာ မှန်တယ်လို့ ကျွန်မ ထင်တယ်၊ တကယ်လို့ အစကတည်းက ကျွန်မက အစ်မချင်ယန်ကို ချင်ထုံလေး တစ်ဆယ့်ရှစ်နှစ်မတိုင်ခင် ဆုံးပါးသွားလိမ့်မယ်လို့ ပြောပြခဲ့ရင် သူတို့ ကြုံတွေ့ရတာ ပိုပြီး ခံရခက်လိမ့်မယ်"
"တစ်ဖက်လူက ထွက်ခွာသွားမယ်ဆိုတာ သိနေရင်တောင်မှ နည်းနည်းလေး နောက်ကျပါဦး၊ နောက်ထပ် နည်းနည်းလေး နောက်ကျပါဦးလို့ပဲ မျှော်လင့်မိကြတာပဲ၊ နောက်ဆုံး ကိုယ်တိုင် အရင်ထွက်ခွာသွားပြီးမှ တစ်ဖက်လူ ထွက်ခွာသွားစေချင်တဲ့အထိ တောင့်တမိကြတာ"
တဖြည်းဖြည်းနှင့် စိတ်ဓာတ်ကျဆင်းလာသော ဝမ်သိုက်ကြောင့် ချန်စစ်ကျယ်သည် မျက်ခုံးကို အနည်းငယ် တွန့်လိုက်ပြီး သူမ၏ အတွေးစကို ဖြတ်တောက်ရန် အသံပြုလိုက်သည်။
"လူ့ဘဝမှာ အရေးအကြီးဆုံးက နိဂုံးမဟုတ်ဘူး၊ ဘယ်သူ့ရဲ့ နိဂုံးမဆို သေခြင်းတရားပဲ၊ ဖြစ်စဉ်ကိုပဲ အလေးထားပါ၊ လမ်းတစ်ခုကို လျှောက်လှမ်းတဲ့အခါ မင်းနဲ့အတူ လျှောက်လှမ်းပေးတဲ့လူကို အလေးထားပါ၊ မင်းမြင်တွေ့ရတဲ့ ကမ္ဘာကြီးကို အလေးထားပါ"
ပစ္စည်းပစ္စယများကို သိမ်းဆည်းနေသော ချင်ယန်သည် အချိန်အများကြီး မဖြုန်းခဲ့ပေ။ အိတ်ကြီးနှစ်လုံးမှာ ဖောင်းကားနေပြီး အိတ်မျက်နှာပြင်မှာ အဖုအထစ်များဖြင့် ပုံသဏ္ဍာန် မမှန်ဘဲ ရှိနေသည်။
ချန်စစ်ကျယ်သည် ၎င်းတို့ကို အောက်ထပ်အထိ ပို့ဆောင်ပေးခဲ့ပြီး တစ်ခါတည်း လူကောင်းလုပ်ကာ ချင်ယန်အတွက် အိတ်များကို သယ်ဆောင်၍ အပေါ်ထပ်အထိ ပို့ပေးပြီးမှ ထွက်ခွာသွားခဲ့သည်။
အိမ်ထဲက ဆိုဖာမှာ တော်တော်လေး ကောင်းမွန်လှသည်။ ဆိုဖာကုတင်မှာ အိစက်နေပြီး ချင်ယန်သည် ခေါင်းအုံးနှင့် စောင်ကို ထိုအပေါ်သို့ တင်လိုက်ရာ လှုပ်ရှားမှုများကြားတွင် အနေရခက်မှုများ ရှိနေပြီး ဝမ်သိုက်သည် သူမ၏ တုန်ရီနေသော လက်များကို သတိပြုမိလိုက်သည်။
"အစ်မချင်ယန်၊ ကိစ္စမရှိပါဘူး၊ ဒီနေရာကို ကိုယ့်အိမ်လိုပဲ သဘောထားလိုက်ပါ"
ဝမ်သိုက်သည် နှုတ်ခမ်းထောင့်ကို အပေါ်သို့ ကွေးလိုက်ပြီး မျက်ဝန်းထဲက အပြုံးမှာလည်း အတင်းအကျပ် ဖန်တီးထားခြင်း ဖြစ်ကာ ဆုပ်ထားသော လက်သည်းများမှာ လက်ဖဝါးထဲသို့ စိုက်ဝင်နေသည်။
"အတော်ပဲ၊ ကျွန်မက ပုံမှန်ဆို အိမ်မှာ တစ်ယောက်တည်း နေတာ၊ ခြောက်ကပ်ကပ်နဲ့၊ အခု အစ်မ ရှိနေတော့ စည်ကားတဲ့ ခံစားချက်လေး ပိုရတာပေါ့"
ဤစကားကို ပြောလိုက်စဉ်တွင် ဝမ်သိုက်၏ ဦးနှောက်သည် အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။ ဘာတွေ ပိုလာတာလဲ။ လူရိပ်လူခြေ၊ သက်ဝင်လှုပ်ရှားမှု စသည့် စကားလုံးများအားလုံး အဆင်မပြေပေ။ ယင်းက ချင်ယန်ကို ထွက်ခွာသွားသော ချင်ထုံကို သတိရစေလိမ့်မည်။
အထီးကျန်ခြင်းပင် မဖြစ်နိုင်ပေ။ ချင်ထုံလေးသည် ဤလောကကြီးမှ တစ်ယောက်တည်း ထွက်ခွာသွားခဲ့ရာ သူ အထီးကျန်နေလိမ့်မည်လား။ ဘယ်လောက်တောင် အထီးကျန်နေလိမ့်မည်နည်း။
အဝတ်အစားများနှင့် အခြားသော အထွေထွေပစ္စည်းများ ထားရှိမှုတွင် ချင်ယန်သည် ဝမ်သိုက်၏ လမ်းညွှန်မှုကိုပင် မလိုအပ်ပေ။ သူမသည် မိမိအိတ်ထဲက အဝတ်အစားများကို အိတ်ထဲက အင်္ကျီချိတ်များနှင့် အလိုအလျောက်တွဲဖက်လိုက်ပြီး ဝရန်တာပေါ်တွင် သွားရောက်ချိတ်ဆွဲကာ အခြားအရာများကိုတော့ အိတ်ထဲတွင် ထိုအတိုင်းထားရှိလိုက်သည်။
ပစ္စည်းများ ထားရှိပြီးနောက် သူမသည် တစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေဆဲဖြစ်ကာ ဝမ်သိုက်အတွက် အိမ်ကို အလိုအလျောက် ဝိုင်းဝန်းသိမ်းဆည်းပေးနေတော့သည်။