← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

🍏 Chapter 167

ဝမ်သိုက်သည် ရရှိလာသော သက်သေအသစ်များကို ထပ်မံဖြည့်စွက်တင်ပြရန် လိုအပ်ကြောင်း သန်းခေါင်ယံအချိန်တွင် သတင်းရရှိခဲ့ပေသည်။ ကျိန်းစပ်နေသော မျက်ဝန်းများကို အောင့်ခံကာ သက်သေအထောက်အထားများကို သေသေချာချာ စီစစ်ခဲ့ရသည်။ စာရွက်စာတမ်းများကိုမူ နောက်တစ်နေ့တွင် မိတ္တူဆိုင်သို့သွား၍ ပုံနှိပ်ထုတ်ယူရဦးမည်ဖြစ်သည်။

မူလက အမှုပြန်လည်စတင်ရန်အတွက် ပထမအဆင့် စီစစ်ကြားနာမှုသက်သက်တင် သုံးလ သို့မဟုတ် ထို့ထက်ပို၍ ကြာမြင့်နိုင်သော်လည်း သူမတွင် လိုင်ဝမ်ရီ၏ ဖခင်ပေးသော အကူအညီ ရှိနေသည့်အပြင် နယ်မြေမှူး လီချန်ကျန့်၏ လမ်းကြောင်းဖွင့်ပေးမှုလည်း ရှိနေသည်။

ထို့ပြင် ချန်ဝမ်ခန်းက သူမအတွက် ရှာဖွေပေးခဲ့သော ဟဲရှောက်ရန်မှာ အဓိကသက်သေ ဖြစ်နေပေသည်။ သက်သေအမျိုးမျိုး ပေါင်းစပ်လိုက်ပါက အမှုစစ်ဆေးမည့်အချိန်ကို တိုတောင်းသွားစေနိုင်ပြီး ဤသို့ လုပ်ဆောင်လိုက်လျှင် တစ်လအတွင်း အမှုပြန်လည် စတင်နိုင်လိမ့်မည်ဟု ထင်ရသည်။

စိတ်အေးချမ်းစွာ အိပ်ပျော်သွားသော ဝမ်သိုက်သည် ကောင်းကင်ကြီး လင်းထိန်လာသောအခါ လူသားတို့၏သဘာဝဆန္ဒတစ်ခုကြောင့် နိုးထလာခဲ့သည်။ အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးများကို မဖွင့်ချင်ဘဲ မူးဝေဝေဖြင့် ကုတင်ပေါ်မှဆင်းကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။

သန့်စင်ခန်းဝင်ပြီး လက်ဆေးကာ အပြင်သို့ ထွက်လာသောအခါ နှာခေါင်းက အလိုအလျောက် နှစ်ချက်မျှ အနံ့ခံမိသည်။ ဘာလို့ အစားအစာရနံ့တွေ ရနေတာလဲ။ လယ်ခရုနတ်သမီးလေး သူမအိမ်ကို ရောက်နေတာလား။

ခဏမျှ ရပ်တန့်သွားသော ဦးနှောက်က ပြန်လည်အလုပ်လုပ်လာရာ ဝမ်သိုက်သည် ချင်ယန် လက်ရှိတွင် မိမိအိမ်၌ နေထိုင်နေသည်ကို ရုတ်တရက် သတိရသွားသည်။ ထပ်ပြီး မှိတ်ချင်နေသေးသော မျက်လုံးများနှင့် နွေးထွေးသော စောင်ထဲသို့ ပြန်သွားချင်နေသည့် ခန္ဓာကိုယ်မှာ စိတ်မပါဘဲ နိုးကြားသွားရသည်။ သူမသည် သန့်စင်ခန်းထဲသို့ ပြန်ဝင်ကာ အမြန်ပင် မျက်နှာသစ် သွားတိုက်ပြီးနောက် မီးဖိုချောင်ဆီသို့ ခပ်သွက်သွက်လျှောက်သွားခဲ့သည်။

မီးဖိုချောင်ထဲတွင် ချက်ပြုတ်ရေးအင်္ကျီကို ဝတ်ဆင်ထားသော ချင်ယန်သည် မီးဖိုခုံအရှေ့တွင် ရပ်နေသည်။ ဘေးတွင် အသင့်ချထားသော အဖြူရောင် ပန်းကန်ပြားပေါ်၌ ကြက်ဥကြော်တစ်လုံးနှင့် ကြော်ထားသော ဝက်အူချောင်းတို့ ရှိနေသည်။ သူမ၏ ပိန်လှီသော လက်မောင်းများကို အတွင်းခံအင်္ကျီက ရစ်ပတ်ထားပြီး ယောက်မကို ကိုင်ကာ အိုးထဲတွင် တစ်ခုခုကို မွှေနှောက်နေသည်။

ခြေလှမ်းနှစ်ဖက်က အလိုအလျောက် အရှေ့သို့ လျှောက်လှမ်းသွားမိရာ ဝမ်သိုက်သည် ချင်ယန်၏ ဘေးတွင် သွားရပ်လိုက်ပြီး အကြည့်များကို အိုးထဲသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ အထဲတွင် ပျစ်ပျစ်နှစ်နှစ် ရှိနေသော ဆန်ပြုတ် ဖြစ်နေသည်ကို သေသေချာချာ မြင်လိုက်ရပြီး ဟင်းသီးဟင်း ရွက်နှင့် မှိုများအပြင် သိသာထင်ရှားသော ပုစွန်ဆိတ်များပါ ပါဝင်နေသည်။

အနားသို့ ချဉ်းကပ်လာသော ဝမ်သိုက်ကို သတိပြုမိသဖြင့် ချင်ယန်က ခေါင်းလှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်ကို မြှင့်ကာ ပြုံးလျက် ပြောသည်။

"စောစောနိုးတာနဲ့ အိပ်လို့မပျော်တော့တာ၊ ဒါနဲ့ပဲ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်လေးတွေ ဝယ်ပြီး မနက်စာ လုပ်ဖို့ ဈေးကို သွားလိုက်တာ"

ဝမ်သိုက် မမေးဖြစ်လိုက်သော သံသယကိုလည်း ချင်ယန်က မိမိဘာသာ အဖြေပေးသည်။

"ဒီနှစ်တွေထဲမှာ အစ်မလည်း ပိုက်ဆံ တော်တော်များများ စုမိပါတယ်၊ ချွေတာပြီး သုံးခဲ့တာကိုး၊ အရင်ကတော့ အဲဒီပိုက်ဆံတွေရဲ့ တစ်စိတ်တစ်ပိုင်းကို ရှောင်ထုံ စာသင်ဖို့ ထောက်ပံ့မယ်၊ နောက်တစ်စိတ်တစ်ပိုင်းကတော့ သူ့အတွက် မိန်းမယူဖို့ စုပေးမယ်လို့ တွေးထားတာ၊ တကယ်တော့ သူ့အဖေ ချန်ထားခဲ့တဲ့ ပိုက်ဆံတွေနဲ့ ငါဒီနှစ်တွေထဲမှာ စုထားတဲ့ ပိုက်ဆံတွေကို ပေါင်းလိုက်ရင် တစ်သန်းနီးပါး ရှိတယ်"

"လျော်ကြေးငွေတွေလည်း အကုန်မသုံးရသေးဘူး၊ အကြွင်းအကျန်တွေ ရှိသေးတယ်"

သူမက ပြုံးနေသော ပေါ့ပါးသည့် လေသံဖြင့် ပြောသည်။

သူမ၏ စကားများကြောင့် နှလုံးသားထဲတွင် သနားဂရုဏာစိတ်များ ပေါ်ပေါက်လာပြီး ဝမ်သိုက်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိရာ နှာခေါင်းဝတွင် ထမင်းဟင်းတို့၏ မွှေးရနံ့များ စွဲကျန်နေသည်။

ချင်ယန်သည် ချင်ထုံ၏အနာဂတ်ကို အမြဲတမ်း ထည့်သွင်းစဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

ယောက်မကို အိုးနားတွင် တင်လိုက်ရာ အသံတစ်ချက် ထွက်ပေါ်လာပြီး ယောက်မကို လွှတ်လိုက်သော ချင်ယန်သည် ပန်းကန်စင်ဆီသို့ သွားကာ ပန်းကန်လုံးတစ်လုံး ယူလာခဲ့သည်။ သူမသည် ပန်းကန်လုံးကို ကိုင်ကာ ဆန်ပြုတ်ကို ခပ်ထည့်လိုက်ပြီး၊ ကြက်ဥကြော်နှင့် ဝက်အူချောင်းကြော် တင်ထားသော ပန်းကန်ပြားအသေးလေးကို ဝမ်သိုက်ထံသို့ အတူတူ ကမ်းပေးလိုက်သည်။

"ချန်စစ်ကျယ် ပြောတာ မမှားဘူး၊ လူဆိုတာ ထွက်ခွာသွားခဲ့တဲ့သူတွေကိုပဲ သိပ်ပြီး သံယောဇဉ် တွယ်မနေသင့်ဘူး၊ မိမိကိုယ်တိုင်အတွက်ပဲ ရှင်သန်ရမယ်၊ လက်ရှိအချိန်ကိုပဲ ရှင်သန်ရမယ်"

ပန်းကန်လုံးနှင့် ပန်းကန်ပြားကို လှမ်းယူလိုက်စဉ်တွင် ဝမ်သိုက်သည် သူမ၏ နွေးထွေးသော လက်ဖျားများနှင့် ထိမိသွားသည်။

သူမသည် လည်ပင်းကို အနည်းငယ် ငုံ့လိုက်သည်ကို မြင်လိုက်ရပြီး ခါးသက်သော အပြုံးသည် သူမ၏ မျက်နှာပေါ်သို့ ထပ်မံ ရောက်ရှိလာပြန်သည်။

"တကယ်တော့ ပိုက်ဆံကို ချွေတာပြီး ဘယ်လိုမှ မသုံးချင်ခဲ့ဘူး၊ အမြဲတမ်း အနာဂတ်ကိုပဲ တွေးနေခဲ့တာ၊ ဒါပေမယ့် အနာဂတ် ဆိုတာ တကယ်ပဲ ရှိမရှိဆိုတာကိုကျတော့ မတွေးမိခဲ့ဘူး၊ ဒီလိုမျိုး ပိုက်ဆံကို ချွေတာလိုက်တာကလည်း အလကား ဖြစ်သွားတာပဲ"

နှုတ်ခမ်းများ လှုပ်ရှားသွားပြီး ဝမ်သိုက်သည် နှစ်သိမ့်ပေးချင်သော်လည်း စကားလုံးများကို အများကြီး ပြောဆိုခြင်းက ၎င်း၏ ဖြူဖျော့သော အမှန်တရားကို မပြောင်းလဲနိုင်ပေ။ ဒီလောက်အများကြီး ပြောလည်း ဘာထူးမှာလဲ။ ထို့ထက်ပို၍ ချင်ယန် ပြောသည်မှာလည်း မှားမနေပေ။

သူမသည် စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။

"အစ်မချင်ယန်၊ အစ်မက ဘာလို့ အစ်မကိုယ်တိုင်အတွက် ကြက်ဥနဲ့ ဝက်အူချောင်း မကြော်တာလဲ"

"ညီမလေး စားရင် ရပါပြီ၊ အစ်မက ဒါတွေ မစားချင်ပါဘူး၊ ဒီဆန်ပြုတ်ထဲမှာ ဟင်းသီးဟင်းရွက်ရော ပုစွန်ရော ပါနေတာပဲ၊ ဒါနဲ့တင် လုံလောက်ပါပြီ"

ချင်ယန့် မျက်နှာပေါ်တွင် ထိုမှေးမှိန်သော အပြုံးလေး အမြဲ ရှိနေသော်လည်း မျက်ဝန်းထဲတွင်မူ အပြုံးမရှိဘဲ ထိုနေရာတွင်တင် သီးသန့် သေဆုံးနေသကဲ့သို့ ဖြစ်နေသည်။

စားပွဲပေါ်တွင် အတူတူ မနက်စာ စားနေကြစဉ်တွင် ဝမ်သိုက်သည် ကြက်ဥကြော်တစ်ဝက်နှင့် ဝက်အူချောင်းတစ်ဝက်ကို ဖဲ့ထုတ်လိုက်ပြီး ခက်ခဲစွာ ပြောသည်။

"တကယ်တော့ ကျွန်မရဲ့ အစားစားတာ တော်တော်လေး နည်းပါတယ်၊ ကျွန်မတို့ တစ်ယောက်တစ်ဝက် စားကြတာပေါ့၊ ဒီဆန်ပြုတ်ရဲ့ အာဟာရက တော်တော် ပြည့်စုံလှပါပြီ၊ မဟုတ်ရင် အကုန်မစားနိုင်လို့ လေလွင့်သွားရင် မကောင်းဘူး မဟုတ်လား"

အမှန်တရားက သက်သေပြနေသည်မှာ 'လေလွင့်ခြင်း သီအိုရီ' သည် ချင်ယန်အတွက် တိကျသော ထိုးနှက်ချက် ဖြစ်ပေသည်။

"ခဏနေရင် ကျွန်မ အပြင်ကို တစ်ခေါက် သွားရမယ်၊ မွန်းတည့်ချိန် ပြန်လာရင်တော့ တော်တော်လေး နောက်ကျလိမ့်မယ် ထင်တယ်၊ ပြန်လာဖြစ်ချင်မှလည်း ပြန်လာဖြစ်မှာ၊ အစ်မချင်ယန်က အစ်မ စားဖို့ပဲ လုပ်လိုက်ရင် ရပါပြီ"

သူမသည် ခေါင်းငုံ့ကာ ဆန်ပြုတ်ကို သောက်နေမိပြီး လျှာဖျားက ခံစားရသော အရသာမှာ သူမကိုယ်တိုင် လုပ်လေ့ရှိသော အစားအစာများထက် အမှန်ပင် အများကြီးပိုကောင်းမွန်လှသည်။

ဤနေရာတွင် တစ်ယောက်တည်း နေထိုင်ခဲ့သော နေ့ရက်များကြောင့် အခြားသူတစ်ယောက်က ပူပူနွေးနွေး ဟင်းလျာများကို ချက်ပြုတ်ပေးပြီး မိမိနှင့်အတူ လာရောက်စားသောက်သည့် ခံစားချက်ကို သူမ မေ့လျော့နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

အခြားသူ၏ အိမ်တွင် အခြားသူများနှင့်အတူ စားရသည့် ခံစားချက်ကလည်း လက်ရှိ အခြေအနေနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ အခြားသူ၏ အိမ်သည် အခြားသူ၏ အိမ်သာ ဖြစ်သည်။ သို့သော်လည်း သူမနှင့် စားပွဲတစ်ခုတည်းတွင် အတူစားနေသော ချင်ယန်သည်လည်း အခြားသူပင်။

"ကိစ္စမရှိပါဘူး၊ အပြင်က ဟင်းလျာ တော်တော်များများက မသန့်ရှင်းဘူး၊ သန့်ရှင်းတဲ့ ထမင်းဟင်းတွေကျတော့လည်း ဈေးနှုန်းက မပေါ့ဘူး၊ အိမ်မှာပဲ စားရတာ ပိုပြီး တွက်ခြေကိုက်ပါတယ်၊ ပြန်လာတာနောက်ကျတော့ရော ဘာဖြစ်လဲ၊ အစ်မ ဟင်းတွေကို ပြင်ဆင်ထားလိုက်မယ်၊ ညီမလေး ပြန်လာတဲ့အခါ ကျရင် နွှေပြီး စားလိုက်ရုံပဲ"

ချင်ယန်၏ စကားထဲမှ သွယ်ဝိုက်သော အဓိပ္ပာယ်ကို ကြားလိုက်ရသဖြင့် ဝမ်သိုက်သည် မိမိ၏ ခေါင်းကို လျင်မြန်စွာ မော့ကာ ချင်ယန်ကို စိုက်ကြည့်လိုက်ပြီး ဘာမှမဟုတ်သကဲ့သို့ မသိမသာ မေးလိုက်သည်။

"အစ်မချင်ယန် ခဏနေရင် ကိစ္စရှိလို့ အပြင်သွားမလို့လား၊ ဒါမှမဟုတ် မွန်းလွဲပိုင်းမှာ သွားမှာလား"

ခေါင်းငုံ့ကာ ဆန်ပြုတ်ကို အလောတကြီး သောက်နေသော ချင်ယန်သည် ပန်းကန်လုံးထဲက အစားအစာများကို အမြန်ပင် ရှင်းလင်းလိုက်သည်။ သူမသည် ခေါင်းကို မော့လာပြီး၊ ထိုမှေးမှိန်သော အပြုံးများ ရှိနေဆဲဖြစ်သည့် မျက်နှာဖြင့် ဝမ်သိုက်ကို ကြည့်သည်။

"အစ်မ နေ့ဘက်မှာ အချိန်ပိုင်းအလုပ် သွားလုပ်မလို့၊ မွန်းတည့်ချိန်ကျရင် ပြန်လာပြီး ညီမလေးအတွက် ထမင်းချက်ပေးမယ်လေ၊ ပြီးတော့ မွန်းလွဲပိုင်းကျရင် ရင်ခွဲရုံကို တစ်ခေါက် ထပ်သွားရမယ်၊ ညီမလေး အစ်မအတွက် ဝယ်ပေးထားတဲ့ လှည်းလည်း ရှိသေးတယ်၊ အစ်မ ပစ်ထားလို့ မဖြစ်ဘူးလေ”

“ဒါကြောင့် အဲဒီဘက်ကို တစ်ခေါက် ပြန်သွားရဦးမယ်၊ မနေ့က မေ့သွားတာ၊ အဲဒီအခန်းထဲမှာ သုံးလို့မကုန်သေးတဲ့ ကုန်ကြမ်းအချို့ကျန်သေးတယ်၊ ညဘက်ကျရင်တော့ အစ်မ အဆင်ပြေပြေနဲ့ လမ်းဘေးဈေး သွားရောင်းလို့ရတာပေါ့"

မေးချင်စိတ် တားမရလုနီးပါး ဖြစ်သွားသည်။

‘ဘာလို့ ကိုယ်ကိုကိုယ် ဒီလောက်အထိ ပင်ပန်းအောင် လုပ်နေရတာလဲ’

စကားလုံးများကို စိတ်ထဲတွင် ပြန်လည်မျိုသိပ်လိုက်ပြီး ဝမ်သိုက်သည် ဇွန်းလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ကာ မျက်တောင်များကို အောက်သို့ ချလိုက်သည်။

အခြားသော အကြောင်းပြချက် ဘာရှိနိုင်ဦးမည်နည်း။ အလုပ်ရှုပ်နေခြင်းဖြင့် မိမိ၏စိတ်ဝေဒနာများကို ထုံထိုင်းသွားစေချင်ရုံသက်သက်သာ ဖြစ်ပေလိမ့်မည်။

ဝမ်သိုက် မနက်စာ စားပြီးနောက်တွင် ချင်ယန်သည် သူမ မမျှော်လင့်ထားသော အချိန်၌ အရှေ့က ပန်းကန်လုံးကို လှမ်း၍လုယူသွားသည်။ ပါးစပ်ကို သုတ်နေသော ဝမ်သိုက်သည် ချင်ယန်က မိမိ၏ ပန်းကန်လုံးကို ယူကာ သန့်ရှင်းအောင်ဆေးကြောပြီး ပန်းကန်စင်ပေါ်သို့ ပြန်တင်လိုက်သည်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။

All Chapters