အခန်း ၁၆၈
Vol. 17 Ch. 168
🍏 Chapter 168
ထိုအတောအတွင်း ပိုလျှံသော အကြည့်တစ်ချက်ပင်မရှိဘဲ ချင်ယန်သည် ပန်းကန်လုံးကို ယူမသွားခင်ကသာ အသံတိုးတိုးဖြင့် လျင်မြန်စွာ ပြောခဲ့သည်။
"ဒါ သွားဆေးပြီးရင် ထွက်သွားတော့မယ်"
အိမ်၏အပိုသော့ကို ချင်ယန် မထွက်ခွာမီ ဝမ်သိုက်က ကမ်းပေးလိုက်သည်။ တံခါး ပိတ်သွားပြီး နောက်တွင်လည်း ဝမ်သိုက်သည် ထိုနေရာတွင်ပင် ရပ်နေဆဲဖြစ်ပြီး မလှုပ်မယှက် ရှိနေသည်။
မနေ့က စတင်ပြောင်းရွှေ့လာစဉ်က အိမ်ထဲက ပစ္စည်းများကို ကူညီသိမ်းဆည်းပေးခြင်းမှစ၍ ယနေ့တွင်လည်း ထမင်းချက်ပေးခြင်း၊ ပန်းကန်ဆေးပေးခြင်းတို့အထိ ချင်ယန်သည် သိသာ ထင်ရှားစွာပင် ကျေးဇူးဆပ်ခြင်းကို စတင်နေပြီ ဖြစ်သည်။ ချင်ယန်သည် မိမိကိုယ်ကိုယ် သူမ၏ အိမ်ဖော်တစ်ယောက်ကဲ့သို့ သဘောထားနေပေသည်။
ဝမ်သိုက်၏မျက်ခုံးအစုံကြားတွင် ပါးလွှာသော အတွန့်လေးတစ်ခု ပေါ်ပေါက်လာပြီး သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။
ကြည့်ရသည်မှာ ယနေ့ည ချင်ယန်ပြန်လာသည်အထိ စောင့်ဆိုင်းရမည်ဖြစ်ပြီး သူမ၏ အဆင့်အ တန်းနှင့် ပတ်သက်၍ သူမနှင့် သေသေချာချာ စကားပြောဆိုရမည် ဖြစ်သည်။
အိမ်ထဲတွင် သက်ပြင်းချသံတစ်ချက်သာ ကျန်ရစ်ခဲ့ပြီး သက်ပြင်းချပြီးနောက် ဝမ်သိုက်သည်လည်း ထိုထက်ပို၍ အချိန်မဆွဲရဲတော့ပေ။ အဝတ်အစားလဲကာ အသုံးဝင်နိုင်သော ပစ္စည်းအချို့ကို ယူဆောင်၍ အပြင်သို့ ထွက်လာခဲ့သည်။
ဖြည့်စွက်ရမည့် စာရွက်စာတမ်းများနှင့် လူသက်သေ၏ဗီဒီယိုအထောက်အထားများ၊ ထို့ပြင် ဟဲရှောက်ယန် ပံ့ပိုးပေးထားသော အသံဖိုင်ပစ္စည်းများကို တင်ပြပြီးနောက် ဝမ်သိုက်သည် လူရှိမှသာ လူ့အငွေ့အသက် ရှိတတ်သော နေရာမှ လျှောက်လှမ်းထွက်ခွာလာခဲ့သည်။
ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ ခံစားရပါသလား။ ထိုသို့တော့လည်း မဟုတ်ပုံရသည်။
မထွက်ခွာမီ လိုင်ဝမ်ရီ၏အဖေသည် စာရွက်စာတမ်းများကို တစ်ခေါက် ပြန်လည်စိစစ်ပြီး သူမ၏ အရှေ့တွင် ရပ်ကာ နှစ်သိမ့်ပေးသော အပြုံးဖြင့် ပြုံးပြသည်။
"စိတ်မပူပါနဲ့၊ သမီးရဲ့ ဒီအမှုက အခြေခံအားဖြင့် ရလဒ်က သေချာနေပါပြီ၊ အမှုက သေချာပေါက် ပြောင်းပြန်လှန်နိုင်မှာပါ၊ လူသတ်မှုကို မတော်တဆ သေဆုံးမှုအဖြစ် ပေါ့ပေါ့ဆဆ ဆုံးဖြတ်ချက်ချခဲ့တာက ကြီးမားတဲ့ တာဝန်ပျက်ကွက်မှုပဲ”
“အဲဒီတုန်းက ဆက်စပ်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ အတော်ပဲ ဒီနှစ်ပိုင်းတွေမှာ ဒုစရိုက်မှုနှိမ်နင်းရေး အင်အားကလည်း အရမ်းကို အားကောင်းနေတယ်၊ သမီးရဲ့ မိဘတွေကို လုပ်ကြံခဲ့တဲ့ တရားခံတွေဟာ ဥပဒေပြင်ပမှာ ဆက်ပြီး လွတ်လပ်ခွင့်ရဖို့ အခွင့်အရေး လုံးဝရှိတော့မှာ မဟုတ်ပါဘူး"
ပြတင်းပေါက်ပြင်ပက နေရောင်ခြည်မှာ မျက်စိကျိန်းစပ်ရလောက်အောင် ရွှေဝါရောင် တောက်ပနေပြီး အထဲသို့ ဖြာကျလာကာ သူမ၏ မျက်ဝန်းထဲသို့လည်းကောင်း၊ သူ့မျက်နှာနှင့် သူ့လက်ထဲက သက်သေခံ စာရွက်စာတမ်းများပေါ်သို့လည်းကောင်း ကျရောက်နေသည်။ ထိုအထဲတွင် ဓာတ်ပုံအချို့လည်း ပါဝင်နေသည်။
ဤတင်ဒါနောက်ကွယ်က အမှောင်ဇာတ်လမ်းကို သိရှိထားသော အသိသက်သေများထဲမှ တစ်ယောက်ဖြစ်သည့် ဟဲရှောက်ယန်၏ အရေးပါမှုမှာ စွေ့လင်နှင့် ချင်ယန်တို့ထက် အများကြီး ပို၍ မြင့်မားလှပြီး သက်သေအထောက်အထား၏ ခိုင်မာမှုမှာလည်း ပိုမြင့်မားပေသည်။
အကြောင်းမှာ သူသည် အလွန်ဉာဏ်များပြီး ဆက်သွယ်ပြောဆိုစဉ်က ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ထားခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း ဉာဏ်မများဘဲ မနေနိုင်ပေ။ အသုံးမဝင်တော့သော စစ်တုရင်ရုပ်တစ်ခု ဖြစ်လာသည့်အခါ ဖျက်ဆီးပစ်ခြင်းကို ခံရမည် ဖြစ်သည်။
မိမိကိုယ်ကိုယ် လက်ရှိ အမှတ်တရများထဲမှ ခွဲထုတ်လိုက်ပြီးနောက် ဝမ်သိုက်သည် တရားရုံးတံခါးဝတွင် မတ်တတ်ရပ်နေမိသည်။ နွေဦးရာသီသည်လည်း နွေရာသီနှင့် တာဝန်လွှဲပြောင်းတော့မည့်ပုံ ရှိနေသည်။ အိတ်ကပ်ထဲတွင် ထည့်ထားသော လက်ဖြင့် ဖုန်းကို နှိုက်ယူ၍ ထုတ်လိုက်သောအခါ ကောင်းကင်ယံမှ ကျဆင်းလာသော နွေးထွေးမှုကို ခံယူမိသည်။
လက်မဖြင့် ဖုန်းခေါ်ဆိုမှု စာမျက်နှာပေါ်တွင် အကြိမ်နည်းငယ် နှိပ်လိုက်သည်။ လီချန်ကျန့် ဘယ်အချိန် အားမလဲဆိုတာ မေးရမည်ဖြစ်ပြီး သူ့ကို ထမင်းတစ်နပ် ဖိတ်ကျွေးကာ ကျေးဇူးတင်ကြောင်း လက်ဆောင်အချို့ပေးအပ်ရမည် ဖြစ်သည်။
သို့သော်လည်း လီချန်ကျန့်တွင် သူမ၏ကျေးဇူးတင်မှုကို ခံယူရန် အချိန်မရှိပေ။
နယ်မြေမှူးတစ်ယောက်အနေဖြင့် ထို့ထက်ပို၍ တာဝန်သိတတ်သော နယ်မြေမှူးတစ်ယောက်အနေဖြင့် သူသည် တစ်ဖက်တွင် မိမိ၏ အလုပ်များ ရှုပ်ထွေးနေသည်ကို ပြသနေပြီး အခြားတစ်ဖက်တွင်မူ ပြည်သူများ၏ လိုအပ်ချက်အတွက် အင်အားပံ့ပိုးပေးခြင်းက သူ၏ ရာထူးတာဝန် နယ်ပယ် အတွင်း၌သာ ရှိကြောင်း ဖော်ပြနေသည်။
သို့သော်လည်း လီချန်ကျန့်သည် နယ်မြေမှူးအပြင် အခြားသော တစ်ကိုယ်ရေ အဆင့်အတန်းဖြင့် သူမကို အမှောင်ထုထဲတွင် ဖုံးကွယ်နေသော မမြင်ရသည့် စည်းမျဉ်းတစ်ခုကို ပြောပြခဲ့သည်။
"လှိုင်းဟောင်းကို လှမ်းကျော်ပြီး လှိုင်းသစ်တွေ တက်လာတာ သဘာဝပဲ၊ လှိုင်းဟောင်းတွေကတော့ သောင်ပြင်ပေါ်မှာ သေဆုံးကြရတာပေါ့၊ အာဏာလက်လွတ်သွားတဲ့သူက ရာထူးမှာ ရှိစဉ်တုန်းက ဖော်မပြရဲတဲ့ ကိစ္စတစ်ခုခုကို လုပ်ခဲ့ဖူးရင်၊ အာဏာပိုင်အသစ်က အလင်းရောင် အပြည့်အဝ ဖွင့်ပြီး ဖြစ်နိုင်သမျှ တစ်ခုချင်းစီ ထုတ်ဖော်ပြလိမ့်မယ်၊ အထူးသဖြင့် အာဏာပိုင်အသစ်နဲ့ အာဏာလက်လွတ် သွားတဲ့သူကြားမှာ ဘာပတ်သက်မှုမှ မရှိတဲ့အခါမျိုးပေါ့"
"ဒီလူ့အဖွဲ့အစည်းမှာ ဘယ်လိုပဲဖြစ်ဖြစ်၊ လူနဲ့လူဟာ တစ်စုံတစ်ခုသော ပတ်ဝန်းကျင်ထဲမှာ မိမိကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပူးပေါင်းကြံစည်သူတွေအဖြစ် ဖွဲ့စည်းကြရတာပဲ၊ ဒါပေမယ့် သူတို့ လုံးဝမေ့လျော့နေတာကတော့၊ သူတို့ရဲ့ ဖွဲ့စည်းပုံထဲကို မဝင်ရောက်ဘဲ သူတို့ရဲ့ ဖွဲ့စည်းပုံကို ဖျက်ဆီးပစ်မယ့် တောင်တက်သမားအသစ်တွေ အမြဲတမ်း ရှိနေလိမ့်မယ်ဆိုတာပဲ"
ဖုန်းမှ ထွက်ပေါ်လာသောအသံမှာ လက်တွေ့တွင် မျက်နှာချင်းဆိုင် ကြားရသောအသံနှင့် အနည်းငယ် ကွဲပြားနေပြီး ပုံမှန်မဟုတ်သကဲ့သို့ ဖြစ်နေသဖြင့် ဝမ်သိုက်အား မိမိနှင့် ဖုန်းပြောနေသူမှာ လီချန်ကျန့် မဟုတ်သကဲ့သို့ ခံစားရစေသည်။ သို့သော်လည်း သူက ဤစကားများကို မိမိ၏ တစ်ကိုယ်ရေ အဆင့်အတန်းဖြင့် ပြောဆိုခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပေသည်။
အမှန်ပင်။ မည်သည့်နယ်ပယ်တွင်မဆို နည်းဗျူဟာ မရှိသောသူများသည် တိုက်ရိုက်ရင်ဆိုင်ရသည့် တိုက်ပွဲ သို့မဟုတ် အမှောင်တိုက်ပွဲများထဲတွင် မြေပြင်ပေါ်က အလောင်းအပုံကြီးထဲက တစ်ယောက်သာ ဖြစ်လာရလိမ့်မည် ဖြစ်သည်။
အသက်ရှင်နေသူများသည် သေဆုံးသွားသူများထက် အမြဲတမ်း အများကြီး ပို၍ ကြောက်စရာ ကောင်းလှပေသည်။
သရဲက ဘယ်လောက်တောင် ကြောက်စရာကောင်းလို့လဲ။ ထို့ထက် ပို၍ ပြောရလျှင် အမှန်တကယ်ပင် အရှိန်အဝါ အရှိဆုံးအရာမှာ လူ့စိတ်သာ ဖြစ်သည်။
လူနှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပို၍ တိုက်ခိုက်ကြသည့်အခါ သေဆုံးသွားသူက ပို ကြောက်စရာကောင်းသည်ဟု ပြောရမည်လား။ မိမိအရှေ့တွင် ရည်ရွယ်ချက်ရှိရှိ ရပ်နေသော အသက်ရှင်နေသူကို ကြောက်ရမည်လား သို့မဟုတ် မိမိခြေရင်းက ရုပ်အလောင်းကို ကြောက်ရမည်လား။
"ဟူး"
"ဘာလို့ သက်ပြင်းချနေတာလဲ"
"အမလေး"
တစ်ယောက်တည်း ဝမ်းနည်းပူဆွေးခွင့်ရမည့် အခွင့်အရေးကိုပင် မရရှိလိုက်ဘဲ ရုတ်တရက် ထွက်ပေါ်လာသော လူကြောင့် လန့်ဖျန့်သွားရသဖြင့် ဝမ်သိုက်သည် ရင်ဘတ်ကို ဖိကာ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် မိမိ၏ နောက်ဘက် ဘေးစောင်းဆီသို့ လှည့်ကြည့်လိုက်သည်။
ဘယ်ကနေ ရောက်လာမှန်းမသိဘဲ ဘယ်အချိန်ကတည်းက ပေါ်လာမှန်းမသိသော ချန်စစ်ကျယ်သည် အပြစ်ကင်းစင်သော မျက်နှာထားကို ပြသနေသည်။ သူသည် လက်တစ်ဖက်ကို ဝတ်စုံဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားပြီး မော့ထားသော မေးစေ့ကြောင့် ဝမ်သိုက်အနေဖြင့် သူ၏ နှာခေါင်းပေါက်ကိုသာ ကြည့်ရပြန်သည်။
"ငါ့ကို သရဲမြင်တဲ့ မျက်နှာပေးနဲ့ ကြည့်မနေနဲ့၊ မင်း ဒီနေရာမှာ ရပ်နေတာ ကြာပြီ၊ ငါ မင်းရဲ့ နောက်မှာ ရပ်ပြီး ကြည့်နေတာလည်း ကြာပြီ"
သွယ်ဝိုက်သော အဓိပ္ပာယ်မှာ 'မင်းဘာသာ မင်း သတိမထားမိတာမို့လို့ ငါ့ကို အပြစ်တင်လို့မရဘူး' ဟူ၍ ဖြစ်သည်။
ရင်ဘတ်ကို ဖိနေသော ဝမ်သိုက်သည် သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး နှာခေါင်းရှုံ့လျက် ပြောသည်။
"ရှင်က အရှေ့ကို လာပြီး ကျွန်မကို နှုတ်ဆက်လို့မရဘူးလား၊ ကျွန်မရဲ့ နောက်မှာ ဒီအတိုင်း ရပ်ပြီး စိုက်ကြည့်နေရအောင် ဘာလဲ၊ ရှင်က တရားရုံးတံခါးဝမှာ ဥပဒေကို သိရက်နဲ့ ချိုးဖောက်ပြီး ကျွန်မကို လုပ်ကြံဖို့ သင့်တော်တဲ့ အချိန်ကို ရှာနေတာလား"
ထက်မြက်လှသော စကားလုံးများကြောင့် ယာယီအားဖြင့် အောင်ပွဲခံလိုက်ရသော်လည်း ဝမ်သိုက် အနေဖြင့် နောက်တစ်စက္ကန့်တွင် မိမိနှင့် သူ၏ အဆင့်အတန်း ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
"ဟဲဟဲ.....ငါ့မှာ မင်းကို နှုတ်ဆက်ရမယ့် တာဝန် မရှိပါဘူးနော်၊ မွန်းလွဲ တစ်နာရီ ထိုးနေပြီ၊ လမ်းဖယ်ပါဦး၊ ငါ ကြိုတင်မှာထားတဲ့ စားသောက်ဆိုင်က ငါ့ကို စောင့်နေတယ်"
ပါးစပ်က ယဉ်ကျေးသော်လည်း သူ၏ လက်တွေ့လှုပ်ရှားမှုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ ယဉ်ကျေးမှုမရှိသော ချန်အမည်ရှိသူသည် ကျယ်ပြန့်သော လမ်းမကြီးအတိုင်းမသွားဘဲ ကလေးကလားဆန်စွာဖြင့် သူမ၏ ပုခုံးကို တိုက်မိပြီးမှ မလှမ်းမကမ်းရှိ ကားပါကင်ဆီသို့ လျှောက်သွားခဲ့သည်။
မူလက အငှားကားစီးပြီး အိမ်ပြန်ရန် ပြင်ဆင်ထားသော ဝမ်သိုက်သည် ပိုက်ဆံချွေတာနိုင်မည့် နည်းလမ်းကောင်းတစ်ခုကို စဉ်းစားမိသွားသည်။
သူမသည် ဝိညာဉ်တစ်ခုကဲ့သို့ ချန်စစ်ကျယ်၏ နောက်မှ ကားပါကင်ထဲသို့ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။
အမျိုးသားသည် မောင်းနှင်သူနေရာက တံခါးကို ဖွင့်လိုက်စဉ်တွင် သူနှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးသော ဝမ်သိုက်သည် အခွင့်ကောင်းယူ၍ နောက်ခန်းထဲသို့ ဝင်ရန် ကြိုးစားခဲ့သည်။
သို့သော်လည်း သူမသည် နောက်ခန်းတံခါးကို ဆွဲဖွင့်ကာ ဝင်လုဆဲဆဲတွင် မောင်းနှင်သူနေရာသို့ ဝင်ရောက်သွားရမည့် အမျိုးသားက သူမ၏ အင်္ကျီနောက်ကော်လာကို ဖမ်းဆွဲလိုက်သည်။
အပြင်သို့ ဆွဲထုတ်ခြင်းခံလိုက်ရသော ဝမ်သိုက်သည် ခြေလှမ်းအနည်းငယ် ယိမ်းထိုးသွားရပြီး နောက်ခန်းတံခါးကိုမူ ချန်စစ်ကျယ်ကမူ မျက်နှာအမူအရာမရှိဘဲ ပိတ်ပစ်လိုက်သည်။