အခန်း ၁၇၁
Vol. 18 Ch. 171
🍏 Chapter 171
ဝမ်သိုက်သည် ချင်ယန်၏ လက်ရှိ အခြေအနေ မကောင်းသည်ကို မြင်သော်လည်း ပြောဆိုရမည့် ကိစ္စကိုမူ ပြောဆိုရဦးမည် ဖြစ်သည်။ သူမသည် ချင်ယန် မျက်နှာပေါ်သို့ အနည်းငယ် တည်ကြည်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
"အစ်မချင်ယန်၊ နောက်ထပ် ကိစ္စတစ်ခုကို ကျွန်မ အစ်မနဲ့ စကားပြောဖို့ လိုအပ်တယ်လို့ ခံစားရတယ်"
မိမိထံသို့ လှည့်လည်ကြည့်ရှုလာသော ထိုမျက်ရည်ဝိုင်းနေသည့် မျက်ဝန်းများနှင့် ဆုံတွေ့ လိုက်ရသောအခါ ဝမ်သိုက်သည် ရင်ထဲက လှုပ်ရှားမှုများကို ထိန်းချုပ်ကာ တည်ငြိမ်စွာ ပြောသည်။
"အစ်မ ကိုယ့်ကိုကိုယ် ကျွန်မရဲ့ အိမ်ဖော်တစ်ယောက်လို သဘောမထားပါနဲ့၊ အဲဒီတုန်းက အစ်မကို ကူညီခဲ့တာက၊ ကျွန်မ အစ်မဆီက တုံ့ပြန်မှုကို မျှော်လင့်ချက်ထားခဲ့တာ မဟုတ်ပါဘူး၊ ဒီအတိုင်း ကျွန်မ ကူညီချင်လို့ ကူညီခဲ့တာပါ၊ အစ်မ ကျွန်မကို ကျေးဇူးဆပ်ချင်တယ်ဆိုရင်တောင်၊ ဒီလိုမျိုး နည်းလမ်းတော့ မဖြစ်စေချင်ဘူး"
"အစ်မ ကျွန်မကို ပြုစုစောင့်ရှောက်တာထက်၊ အစ်မ ကိုယ့်ကိုကိုယ် သေသေချာချာ ဂရုစိုက်တာကိုပဲ ကျွန်မ ပိုပြီး မြင်တွေ့ချင်ပါတယ်၊ အစ်မချင်ယန်၊ အစ်မအနေနဲ့ ကိုယ့်ရဲ့ ဦးတည်ချက်ကို ရှာဖွေပြီး၊ ရှေ့ကို ဆက်လျှောက်ပြီး အသက်ရှင်နေထိုင်ရမယ်”
“ဝေဝေဝါးဝါးနဲ့ ဒီနေရာမှာတင် လှည့်ပတ်နေတာမျိုး၊ ဒါမှမဟုတ် ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေတာမျိုးက ရှေ့ကို ဆက်သွားဖို့ အရမ်း ခက်ခဲစေပါတယ်၊ ခဏလောက် ထိုင်ပြီး နားချင်တဲ့ စိတ်ပဲ ပေါ်ပေါက်လာလိမ့်မယ်၊ သံသရာလည်နေပြီး၊ နောက်ဆုံး ရရှိလာတဲ့အရာက ရင်ထဲမှာ စုဆောင်းမိတဲ့ စိတ်မကောင်းစရာ အခြေအနေတွေလောက် မများပါဘူး"
ချင်ယန်၏မျက်ရည်များ စီးကျလာပြီး သူမသည် လက်ကို နဖူးပေါ်တွင် တင်ကာ ခေါင်းကို ရှေ့သို့ ဆန့်လျက် ထောက်ထားသော လက်ဖဝါးကို မှီထားသည်။ တူကိုလည်း လက်ထဲတွင် ကိုင်ထားဆဲ ဖြစ်သည်။
သူမ ရှိုက်ကြီးတငင် ငိုလျက် ပြောသည်။
"ညီမလေး၊ အစ်မ မင်းကို အားနာလိုက်တာ"
ရုတ်တရက် ထွက်ပေါ်လာသော စကားလုံးများက ချင်ယန့် စကားကို ဖြတ်တောက်လိုက်သည်။
"အစ်မက ကိုယ့်ကိုကိုယ်ပဲ အားနာရမှာ"
တကယ်တော့ လည်ချောင်းထဲတွင် သူမကို ပြောပြချင်သော စကားလုံးများစွာ ရှိနေသေးသည်။ ချင်ယန် လက်ရှိတွင် နာကျင်မှုနှင့် ဝမ်းနည်းမှုများထဲ၌ ပိတ်မိနေသော ပုံစံကို ကြည့်ရင်း ဝမ်သိုက်၏ နှုတ်ခမ်းမှာ ပွင့်လိုက်ပိတ်လိုက် ဖြစ်နေသည်။ သူမသည် မျက်တောင်များကိုချကာ ကျောပြင်ကို လွှတ်လိုက်ပြီး ကုလားထိုင်နောက်မှီပေါ်သို့ မှီချလိုက်သည်။
"အရင်ဆုံး ထမင်းစားရအောင်၊ ဘယ်ကိစ္စမဆို တစ်လှမ်းတည်းနဲ့ ကောင်းကင်ပေါ်ကို ရောက်သွားလို့ မရပါဘူး၊ ကျွန်မ အစ်မကို အတင်းအကျပ် မတောင်းဆိုပါဘူး၊ အစ်မလည်း ကိုယ့်ကိုကိုယ် အတင်းအကျပ် မလုပ်ပါနဲ့၊ ကိုယ့်ကိုကိုယ် ကျွန်မရဲ့ အိမ်ဖော်တစ်ယောက်လိုမျိုး ထပ်ပြီး သဘောမထားပါနဲ့တော့၊ အစ်မ ကျွန်မကို ပြုစုစောင့်ရှောက်ဖို့ မလိုပါဘူး"
နွေဦးရာသီသည် တိတ်ဆိတ်စွာဖြင့် ထွက်ခွာသွားခဲ့ပြီး နွေရာသီက ရုတ်တရက် ရောက်ရှိလာသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုက လေထုကို လွှမ်းမိုးထားစဉ်တွင် ဝမ်သိုက်သည် မျှော်လင့်ချက်များကို ဆုပ်ကိုင်နိုင်ခဲ့သည်။
လွန်ခဲ့သော အချိန်ကာလတစ်ခုက ချင်ယန်နှင့် စွေ့လင်တို့သည် ထွက်ဆိုချက်ပေးရန်အတွက် ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ဗီဒီယိုသက်သေက သူတို့နှစ်ယောက် ရှိနေကြောင်းကိုသာ ပြသနေခြင်း ဖြစ်ပြီး အစိုးရရှေ့နေရုံးနှင့် တရားရေးဌာနတို့က အခင်းဖြစ်ပွားရာနေရာတွင် သူတို့၏ အပြုအမူနှင့် တုံ့ပြန်မှုများကို လေ့လာရန် လိုအပ်သေးသည်။
ပြန်လည်ရောက်ရှိလာသော ချင်ယန်၏ ပြောပြချက်အရ ဟဲရှောက်ယန်လည်း ထိုနေရာသို့ ဆင့်ခေါ်ခြင်း ခံခဲ့ရပြီး ပုံစံမှာ အလွန်ဆိုးရွားနေကာ အရိုးပေါ်အရေတင်ဖြစ်နေပုံရသည်။
လီချန်ကျန့် ပေးပို့ထားသော မက်ဆေ့ခ်ျမှာ ဖုန်းမျက်နှာပြင်ပေါ်တွင် ရှိနေဆဲ ဖြစ်သည်။
[မင်းရဲ့ အမှုနဲ့ ပတ်သက်ပြီး ငါ ကိုယ်တိုင် သူတို့နဲ့စကားပြောဆိုခဲ့ပါတယ်၊ ဗဟိုအစိုးရနဲ့ အမြင့်ဆုံးအစိုးရရှေ့နေရုံးတို့က ပူးပေါင်းကြီးကြပ်မှာဖြစ်ပြီး လက်ရှိ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သက်သေတွေကို စီစစ်ပြီးပါပြီ၊ သက်သေရဲ့ ရှုပ်ထွေးမှုက မမြင့်မားသလို၊ ဦးတည်ချက်ကလည်း လုံလောက်အောင် တိကျပါတယ်၊ ဒီအမှုက သိသာထင်ရှားတဲ့ ကိုယ်ကျိုးရှာ ဥပဒေချိုးဖောက်မှု အမှုမှားတစ်ခုဖြစ်ပြီး၊ အမှုထဲမှာ ပါဝင်ခဲ့တဲ့ မူလအမှုစစ်ဝန်ထမ်းတွေနဲ့ သံသယရှိသူတွေကို ထိန်းသိမ်းချုပ်နှောင်ထားပြီးပါပြီ၊ ပြန်ကြားရေးဌာနကလည်း လူထုအမြင်ကို ထိန်းချုပ်ထားပါတယ်...]
ရှည်လျားသော စကားလုံးများ ဖြစ်သော်လည်း ဝမ်သိုက်အနေဖြင့် အထဲက စကားစုတစ်ခုကိုသာ သေသေချာချာ မြင်မိသည်။
[အစောဆုံး ဆောင်းဦးရာသီ၊ အနှေးဆုံး ဆောင်းတွင်းကာလမှာ တရားဝင် ရုံးထုတ်စစ်ဆေးလိမ့်မယ်]
အရှေ့က "ငါ ခန့်မှန်းတယ်" ဆိုသည့် စကားလုံးကိုပင် ဝမ်သိုက်၏မျက်လုံးက အလိုအလျောက် ကျော်ဖြတ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လိုင်ဝမ်ရီ၏အဖေက လွန်ခဲ့သော နှစ်ရက်က လီချန်ကျန့်နှင့် ဆင်တူသော မက်ဆေ့ခ်ျကို ပေးပို့ခဲ့ဖူးသောကြောင့်ဖြစ်သည်။ ထိုခန့်မှန်းချက်နှစ်ခုအရ ဝမ်သိုက် သေချာပေါက် အတည်ဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။
ဖုန်းကို ကိုင်ထားသော ဝမ်သိုက်သည် ရုတ်တရက် "ဟားဟား" ဟု တုံးအစွာ ရယ်မောမိပြီး သတိမထားမိဘဲ ကွေးညွတ်သွားသော နှုတ်ခမ်းထောင့်က အပြုံးများမှာ ပိုတောက်ပလာသည်။
ဝမ်သိုက်ဆီသို့ ထူးဆန်းစွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ချန်စစ်ကျယ်သည် နှုတ်ခမ်းကို လှုပ်ရှားကာ မေးစေ့ကို အနည်းငယ်မြှင့်၍ အထင်အမြင်သေးစွာ ပြောသည်။
"မင်း ဒီလိုမျိုး ရယ်တာက လူတွေကို မင်း သရဲပူးနေတယ်လို့ သံသယဝင်စေဖို့ အရမ်းလွယ်ကူစေတယ်ဆိုတာ သိလား"
ထူးဆန်းသည်မှာ ဝမ်သိုက်က ပြန်လည်မချေပခဲ့ခြင်းဖြစ်သည်။ သူမသည် စိတ်ကောင်းဖြင့် ဖုန်းကို ပေါင်ပေါ်သို့ ပြန်တင်လိုက်ပြီး လက်ဖျားဖြင့် ဖုန်းကာဗာကို ပုတ်ကာ မျက်ဝန်းထဲတွင် အပြုံးများ ပြည့်နှက်နေသည်။
"ဟွန်း၊ ရှင်က ကျွန်မ အကြောင်းကို နားလည်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဝမ်ချန်က တော်တော်လေးမဆိုးဘူးပဲ၊ ကမ်းခြေလမ်းမကြီးက တော်တော်လေး ခံစားချက်ကောင်းစေတယ်၊ စျေးတန်းထဲက ဆင်းလာတာနဲ့ ပင်လယ်ပဲ၊ တော်တော်လေး လတ်ဆတ်တဲ့ နေရာလေးပဲ"
သူမသည် ပြတင်းပေါက်နားတွင် မှီထားမိပြီး ကားမှန်ကိုမူ ချမထားပေ။ ကားပြင်ပက အပူချိန်ကို သူမ မခံစားချင်ပေ။
ဒရိုင်ဘာရှောင်ချန်သည် သူမ ခန္ဓာကိုယ်ပေါ်သို့ အကြည့်တစ်ချက်သာ ပို့ဆောင်လိုက်ပြီး အကြိမ်နည်းငယ်လှုပ်ရှားသွားသော နှုတ်ခမ်းမှာ ပွင့်မလာခဲ့သော်လည်း လူကို အပြုံးတစ်ခု တွဲခိုနေသကဲ့သို့ ခံစားရစေသည်။
နှမြောစရာကောင်းသည်မှာ ကမ်းခြေ၏လတ်ဆတ်သော ရှုခင်းများသည် ဝမ်သိုက်နှင့်အတူ အကြာကြီး ရှိမနေခဲ့ပေ။ ယခုတစ်ကြိမ် အလုပ်အပ်သူမှာ တောနက်ထဲက ဗီလာအိမ်ထဲတွင် နေထိုင်ခြင်း ဖြစ်သည်။ တောင်ကို အမှီပြု၍ ဆောက်လုပ်ထားသော ဗီလာများသည် အားလုံး ပူးတွဲဗီလာများ ဖြစ်ကြပြီး ဘေးတိုက် ပိုင်းခြားထားသော ပုံစံမျိုး ဖြစ်သည်။
ဗီလာအုပ်စုဆီသို့ ဦးတည်သော လမ်းတွင် ပင်လယ် မရှိတော့ဘဲ မမြင့်မားသော်လည်း လှိုင်းတွန့်သဏ္ဍာန် ရှိနေသော တောင်တန်းမျဉ်းများအဖြစ် ပြောင်းလဲသွားသည်။ လမ်းဘေးက မြက်ပင်များသည် နွေရာသီကြောင့် ခြောက်သွေ့သော အငွေ့အသက်များကို ထုတ်လွှတ်နေဆဲ ဖြစ်ပြီး လမ်းနှင့် ကပ်နေသော နေရာတွင် စွန့်ပစ်ထားသော ကားအဟောင်းအချို့လည်း ရှိနေသည်။
ကားကိုယ်ထည်မှာ သံပြားသက်သက်ကဲ့သို့ ဖြစ်နေပြီး ချိုင့်ဝင်နေသော နေရာအချို့ ရှိကာ တာယာများမှာ လေမရှိတော့ဘဲ ကားမှန်များမှာလည်း ကွဲအက်နေသည်။
မိမိ၏ ယခုခရီးစဉ်မှာ အလုပ်အပ်သူအတွက် ကိစ္စရပ်များကို ဖြေရှင်းပေးရန် သွားရောက်ခြင်းဖြစ်ကြောင်း မသိခဲ့လျှင် ဝမ်သိုက်အနေဖြင့် မိမိကိုယ်ကိုယ် လူသတ်မှု ဖြစ်ပွားရာနေရာ သို့မဟုတ် လူသူကင်းမဲ့သော တောင်ကုန်းပေါ်က သင်္ချိုင်းဟောင်းတစ်ခုဆီသို့ သေကြောင်းရှာရန် သွားနေခြင်း ဖြစ်သည်ဟု ထင်မှတ်မိလိမ့်မည် ဖြစ်သည်။
တောင်ပေါ်တက် ကတ္တရာလမ်းနှင့် ဘေးပတ်ပတ်လည်က စိမ်းစိုနေသော သစ်ပင်ကြီးများ ပေါင်းစပ်လိုက်သောအခါ ထိတ်လန့်စရာကောင်းမှုကို ပေါ်လွင်စေသည်။ နေမင်းကြီးက တိမ်တိုက်များနောက်မှ ထွက်မလာခဲ့ဘဲ မှေးမှိန်သော အလင်းရောင် အများစုမှာ သစ်ပင်များကြောင့် ကွယ်ပျောက်နေသည်။
မိမိ၏လက်မောင်းပေါ်က ကြက်သီးမွေးညင်းများကို သုံးသပ်ရင်း ယခင်က စိတ်ကောင်းရှိခဲ့သော ဝမ်သိုက်သည် သက်ပြင်းချမိပြီး သူမက အသံတိုးတိုးဖြင့် ညည်းတွားသည်။
"ဒီလိုမျိုး ပတ်ဝန်းကျင်နဲ့ အခြေအနေက တကယ်ပဲ လူကိုအသားမကျစေနိုင်ဘူးပဲ"
အသက်ဆယ်နှစ်ကျော်အရွယ်တွင် ပထမဆုံးအကြိမ် ဝိညာဉ်များကို မြင်တွေ့ရပြီး အသံများကို ကြားရကတည်းက ဒီလောက်များပြားလှသော အချိန်ကာလအတွင်း၌ ဝမ်သိုက်သည် အမှန်တကယ်ပင် အသားမကျသေးပေ။
သူမသည် ဤကဲ့သို့သောအရာများကို အသားကျရန် မဖြစ်နိုင်ဟု ပြတ်ပြတ်သားသား ယုံကြည် ထားသည်။ သို့သော်လည်း ကြောက်ရွံ့မှုကို လျှော့ချနိုင်ပြီး ကြောက်ရွံ့မှု၏ တုံ့ပြန်မှုကိုလည်း ပြောင်းလဲနိုင်သည်။
ရုတ်တရက် ပြောင်းပြန်ဆွဲဆိုင်းထားသော မျက်နှာပြင် ပြားချပ်လှသည့် မျက်နှာတစ်ခုက ဝမ်သိုက်၏ မျက်စိအရှေ့တွင် ပေါ်လာသည်။ ၎င်းသည် ကားမှန်ပေါ်တွင် တင်းတင်းကျပ်ကျပ် ကပ်နေပြီး မျက်လုံးတစ်လုံးလုံးနီးပါး ထွက်ပေါ်တော့မည့်အတိုင်း ဖြစ်နေသည်။
နှာခေါင်းထဲတွင် နှာခေါင်းရိုး မရှိသကဲ့သို့ ဖြစ်နေပြီး ပါးစပ်ကလည်း ထိုနည်းတူပင်။ ထို့ကြောင့် ဝမ်သိုက်အနေဖြင့် ဤလူသည် အသက်ရှင်စဉ်တုန်းက မေးရိုးထွက်သည့် ပြဿနာမရှိခဲ့တာ သေချာပါသည်ဟု တွေးတောနေမိစေသည်။