← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

🍏 Chapter 172

ဒရိုင်ဘာ ရှောင်ချန်သည် ရုတ်တရက် ထွက်ပေါ်လာသော ထိုသရဲတစ္ဆေကြောင့် လန့်ဖျန့်မသွားခဲ့ပေ။ ကားအရှိန် သည် ပြောင်းလဲမသွားဘဲ တောင်ပေါ်သို့ ပုံမှန်အတိုင်း တည်ငြိမ်စွာ မောင်းနှင်ရင်း ကွေ့ကောက်သော လမ်းကို အေးအေးဆေးဆေးပင် ဖြတ်ကျော်သွားခဲ့သည်။

ချန်စစ်ကျယ်ကို တိတ်တဆိတ် ခိုးကြည့်လိုက်သော ဝမ်သိုက်သည် ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း ကားမှန်တွင် ကပ်နေဆဲဖြစ်ပြီး သွေးများ တဖြည်းဖြည်း ယိုစီးလာသော သရဲတစ္ဆေကို မော့ကြည့်ကာ လေအေးအေးလေးဖြင့် ပြောလိုက်သည်

"ချန်စစ်ကျယ်၊ ရှင်က တော်တော်လေး လက်တွေ့ဆန်တဲ့ လူတစ်ယောက်ပဲဆိုတာ ကျွန်မ သတိထားမိတယ်"

စတီယာရင်ကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ထားသော ချန်စစ်ကျယ်၏ မျက်လုံးများသည် တစ်ချက်လေးမျှ မရွေ့လျားခဲ့ပေ။ မျက်ခုံးကိုသာ အနည်းငယ် ပင့်လိုက်ရင်း ပျင်းရိပျင်းတွဲ လေသံဖြင့် ပြန်မေးသည်။

"ဘာဖြစ်လို့လဲ"

"တကယ်လို့ ဒါက လူတစ်ယောက်သာ ဖြစ်နေရင် ရှင် ကားရပ်ပြီး သူ့ကို မောင်းချမှာ သေချာတယ်၊ ဒါပေမဲ့ ဒါက သရဲ ဖြစ်နေတော့၊ သူက ကားမှန်တစ်ခုလုံး သွေးတွေနဲ့ ပွတ်သပ်နေရင်တောင် ရှင်က ဂရုမစိုက်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီသွေးတွေက သရဲနဲ့အတူ ပျောက်ကွယ်သွားမှာမို့လို့လေ"

ဝမ်သိုက်သည် မိမိ၏ အလွန်ကျိုးကြောင်းဆီလျော်သော ခန့်မှန်းချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

နှမြောစရာကောင်းသည်မှာ ချန်စစ်ကျယ်ထံမှ လှောင်ပြုံးတစ်ချက်နှင့်အတူ "ဒါ ငါ့ကားမှ မဟုတ်တာ" ဟူသော သဘာဝကျကျ အဖြေသာ ပြန်ရခဲ့ခြင်းဖြစ်သည်။

ထိုစကားကတော့ မမှားပေ။

ထိုကားသည် သူတို့ ဝမ်ချန်မြို့သို့ ရောက်ပြီးသည့်နောက် အဆင်ပြေအောင် ငှားထားသော ကားမျှသာ ဖြစ်သည်။

ကားမှန်တွင် ကပ်နေသော သရဲသည် နားမလည်သောလူ မဟုတ်ပေ။ ကားထဲက လူနှစ်ယောက်က မိမိကို ပြောင်လှောင်နေကြသည်ကို သူ သေသေချာချာ ကြားရသဖြင့် စိတ်ပျက်စရာ ခံစားချက်က ရင်ထဲတွင် အလိုအလျောက် ထွက်ပေါ်လာပြီး မကျေနပ်သော ထိုသရဲသည် ကားထဲသို့ ကိုယ်ဖျောက်ကာ တိုးဝင်လာခဲ့သည်။ သူသည် နောက်ခန်းတွင် ထိုင်ပြီး လည်ပင်းကို အရှေ့သို့ ဆန့်ထုတ်လိုက်ရာ သစ်ကုလားအုတ်နှင့်ပင် ယှဉ်ပြိုင်ချင်သော ပုံစံမျိုး ဖြစ်နေတော့သည်။

မိမိမျက်နှာအရှေ့ ရောက်လာသော သရဲမျက်နှာကို ဝမ်သိုက်သည် တည်ငြိမ်သော မျက်နှာပေးဖြင့်သာ တုံ့ပြန်ခဲ့သည်။

သူမသည် လက်တစ်ဖက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီး မန္တန်တစ်ခု ရွတ်ဆိုလိုက်ကာ နောက်လက်တစ်ဖက်ကမူ မိမိနှင့်အတူ အမြဲဆောင်ထားသော အင်းစာရွက်ကို နှိုက်ယူပြီး သရဲ၏မျက်နှာဆီသို့ အေးစက်စက်ဖြင့် ထိုးကပ်လိုက်သည်။

"အား"

အပူလောင်သွားသော သရဲသည် လည်ပင်းကို အမြန်ဆုံး ပြန်သိမ်းလိုက်ပြီး မိမိမျက်နှာကို အုပ်ကာ ရှူးရှူးရှဲရှဲဖြင့် အော်ဟစ်ညည်းတွားတော့သည်။ အော်ဟစ်ရင်းဖြင့်လည်း ပြစ်တင်ဝေဖန်ရန် မမေ့ပေ။

"နင်က တော်တော် နှလုံးသားမဲ့ပြီး ရက်စက်တဲ့မိန်းမပဲ"

တခြားလူသာဆိုလျှင် ဂရုစိုက်မည် မဟုတ်သော်လည်း ဝမ်သိုက်ကမူ ပြန်ချေပသည်။

"ရှင်က အရင်ဆုံး ကျွန်မ အနားကပ်လာပြီး လာခြောက်တာလေ၊ ရှင် အစက ကားမှန်မှာ ကပ်နေတုန်းက ကျွန်မ ဘာမှမပြောဘဲ နေပေးသားပဲ"

သို့သော် သူတို့ စကားများရန် အချိန်မရှိတော့ပေ။ ချန်စစ်ကျယ်သည် ဗီလာအိမ်ကြီး၏ တံခါးဝတွင် ကားကို ရပ်လိုက်ပြီဖြစ်သည်။

ကားအတွင်းမှ ကိုယ်ကိုရွှေ့၍ ဆင်းလိုက်သောအခါ အဲကွန်းအအေးဓာတ် မရှိတော့သော်လည်း ရှိသင့်ရှိထိုက်သော အိုက်စပ်စပ် အပူရှိန်မှာ ပေါ်မလာပေ။ တောင်ပေါ်မှ တိုက်ခတ်လာသော လေအေးသည် အဲကွန်းနှင့် မခြားလှသဖြင့် တောင်အောက်တွင် နွေရာသီ ဖြစ်နေသော်လည်း တောင်ပေါ်တွင်မူ ဆောင်းဦးရာသီသို့ ကြိုတင် ရောက်ရှိနေသကဲ့သို့ ဖြစ်နေတော့သည်။

ကားအတွင်းရှိ ဝိညာဉ်သည်လည်း အလိုက်သိစွာပင် ကိုယ်ဖျောက်၍ ထွက်လာပြီးလျှင် မောင်းထုတ်၍မရသော နှပ်ချေးကောင်ပမာ ဝမ်သိုက်၏ နောက်ကွယ်မှ ကပ်ပါလာခဲ့လေသည်။

အိမ်ရှင်ထံသို့ မိမိတို့ တံခါးဝသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ပြီးသည့် နောက် ဝမ်သိုက်သည် လှည့်ကြည့်လိုက်ရာ ပုံမှန်လူမျက်နှာ ပြန်ဖြစ်သွားပြီး မိမိကို စိုက်ကြည့်နေသော ဝိညာဉ်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်မိတော့သည်။

ထင်ထားသည့်အတိုင်းပင် သရဲ၏မျက်နှာအချိုးအဆစ်က ကြည့်ကောင်းသည်ဟု ချီးကျူးရမည့် အနေအထားမျိုးရှိသည်။ သွားခေါတာမျိုး မရှိသည့်အပြင် မျက်နှာကျကလည်း အလွန်အချိုးအစားကျလှသည်။

မျက်နှာပေါက်က အလွန်အမင်း ချောမောလှပသည်ဟု မဆိုနိုင်သော်လည်း တည်ကြည်ဖြောင့်မတ် သော ပုံစံရှိသည်။ သေသေသပ်သပ် ပြင်ဆင်ပြီး လူ့လောကထဲသို့ ပြန်ပို့လိုက်လျှင် လူအများက ကိုလူချောဟု ခေါ်ကြမည့် ပုံစံမျိုးပင်ဖြစ်သည်။

သရဲ၏ရုပ်ရည်ရူပကာကို အကဲဖြတ်ပြီးသည့်နောက် ဝမ်သိုက်သည် ရက်ရက်စက်စက်ပင် မျက်လုံးလွှဲလိုက်ပြီး အိမ်ရှင် ဆင်းလာပြီး တံခါးဖွင့်ပေးသည်ကို စောင့်ဆိုင်းရန် ချန်စစ်ကျယ်၏ နောက်ကနေ ဗီလာတံခါးဝဆီသို့ လျှောက်သွားခဲ့သည်။

"မင်းတို့ ဒီထဲကို ဝင်ပြီး ဘာလုပ်မလို့လဲ"

သရဲ၏နှုတ်ဆက်စကားလုံးက ရင်းနှီးလွယ်သူဟု သတ်မှတ်ရမည်ဖြစ်သည်။

မိမိ၏ဦးခေါင်းနောက်စေ့ဖြင့်သာ သူ့ကို မျက်နှာမူထားသော ဝမ်သိုက်သည် တိုတိုတုတ်တုတ်ပင် ဖြေသည်

"သရဲသတ်မလို့"

"ဪ သရဲသတ်မလို့၊ သရဲ သတ်မလို့"

ရင်းနှီးလွယ်သူ၏ရှေ့ဆက်တွင် ထိတ်ထိတ်ပြာပြာ ဆိုသည်ကိုလည်း ထပ်ထည့်ရဦးမည်ဖြစ်သည်။

ဗီလာ အတွင်းဘက် တံခါးမကြီးက ပွင့်လာပြီး အထဲကနေ ထွက်လာသောလူမှာ ဝမ်သိုက်၏ နောက်က ထိတ်ထိတ်ပြာပြာနှင့် ရင်းနှီးလွယ်သည့် သရဲထက်ပင်ပိုပြီး သရဲနှင့် တူနေသေးသည်။

အတန်ငယ် ကွာဝေးနေလျှင်တောင် သူ့၏ပြာနှမ်းနေသော မျက်လုံးအိမ်ကို အထင်အရှား မြင်နိုင်သည်။ ဖရိုဖရဲ ဖြစ်နေသော ဆံပင်တိုနှင့် မုတ်ဆိတ်မွေး ဗရပွ မျက်နှာ၊ မျက်ကွင်းညိုနေတာကလည်း လျစ်လျူရှု၍ မရပေ။ သူ့ကိုယ်ပေါ်က တီရှပ်တိုသည် သူလျှောက်လှမ်းလာတာနှင့်အမျှ တရမ်းရမ်း ဖြစ်နေသည်။

သူသည် ခြံဝင်းတံခါးဝဆီသို့ လျှောက်လှမ်းသွားပြီး တံခါးကို ဖွင့်လိုက်သည့်အခါ ထိုဝိညာဉ်၏ အကျင့်ဆိုးမှာ ပြန်လည်ပေါ်ပေါက်လာပြန်လေသည်။ အထဲမှ ထွက်လာသော ပိန်လှီလှသည့် အမျိုးသားမှာ မိမိကို မြင်နိုင်ခြင်း ရှိ၊ မရှိကိုပင် ဂရုမစိုက်တော့ဘဲ ခေါင်းကို အတင်းတိုး၍ ကြည့်လိုက်ရာ ရလဒ်မှာမူ ထိုသူက မြင်တွေ့သွားခြင်းပင် ဖြစ်တော့သည်။

"အား"

ဝမ်သိုက်သည် မိမိ၏နားကို တိတ်တဆိတ် ပွတ်သပ်လိုက်သည်။ ဘေးက ချန်စစ်ကျယ်ကမူ တစ်ချက် စုတ်သပ်ရင်း ပြောသည်။

"ငါ့နားစည်တော့ ထိခိုက်ဒဏ်ရာ ရတော့မယ်"

လန့်ဖျန့်သွားပြီး နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်သွားသော ပိန်ပိန်ပါးပါးလူသည် ဝါးလုံးထက်ပင် ပိုပိန်သည့် မိမိလက်မောင်းကို မြှောက်ပြီး တုန်တုန်ရင်ရင်နှင့် သရဲကို ညွှန်ပြကာ ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြောက်လန့်တကြား ဝမ်သိုက်နှင့် ချန်စစ်ကျယ် နှစ်ယောက်ဆီသို့ မျက်နှာမူလိုက်သည်။

"မင်း ...... မင်းတို့က ဘာလို့ သရဲတစ်ကောင်ကို ခေါ်လာရတာလဲ"

"ဒါ ကျွန်မတို့ ခေါ်လာတာ မဟုတ်ပါဘူး၊ လမ်းမှာ တိုက်ဆိုင်လို့ဆုံခဲ့တာပါ၊ ပြီးတော့ သူက ကြည့်ရတာ ရန်လိုတဲ့ပုံစံမရှိဘူးလို့ မထင်ဘူးလား၊ မစ္စတာချိုးခို"

သရဲ၏အကျင့်ဆိုး ကူးစက်သွားတာကြောင့်လား မသိ။ ဝမ်သိုက်သည် နှုတ်ခမ်းထောင့်ကို ကွေးပြီး ပြုံးရွှင်စွာဖြင့် သူ့ကို ကြည့်လိုက်သည်။ မျက်ဝန်းများက တစ်ချက်နှစ်ချက် ပုတ်ခတ်ပုတ်ခတ် လုပ်နေတာက ရင်းရင်းနှီးနှီး မေးမြန်းနေသည့် မြင်ကွင်းမျိုး ရှိနေသည်။ သို့သော် ပြောသည့်စကားကမူ မေးမြန်းခြင်းနှင့် လားလားမျှ မဆိုင်ပေ။

ချိုးခိုသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ အမှန်အတိုင်း ပြောရလျှင် ထိုအရာကို မြင်လိုက်တာနှင့် သရဲပဲဟု မိမိ၏ ပင်ကိုယ်သိစိတ်က ဘာလို့ ခံစားလိုက်ရမှန်း သူကိုယ်တိုင်လည်း မသိပေ။

အခြားသူက လည်ပင်းကို မဆန့်ထုတ်ခင်ကတည်းက သူ စိတ်ထဲမှာ တစ်ခုခု မမှန်ဘူးဟု ခံစားနေရခြင်းဖြစ်ပြီး ပိုနီးကပ်လာလေလေ အေးစိမ့်စိမ့် ခံစားချက်က ပိုပြင်းထန်လာလေလေ ဖြစ်သည်။ အိမ်ထဲတွင် သူ ခံစားရသော အာရုံနှင့် ထပ်တူထပ်မျှပင်ဖြစ်သည်။

လူကို အောင်အောင်မြင်မြင် ခြောက်လှန့်နိုင်ခဲ့ခြင်းက ထိုသရဲအတွက် အောင်မြင်မှု ခံစားချက်ကို ပေးစွမ်းနိုင်ပုံရသည်။ အစောပိုင်းက ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ကြောင့် ဖြစ်ပေါ်ခဲ့သော စိတ်ပျက်မှုများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး သူသည် ခါးကို မတ်လိုက်ကာ အတော်လေး ဂုဏ်ယူဝင့်ကြွားသော လေသံနှင့် ပြောလိုက်သည်

"ငါ့ကိုယ်ပေါ်မှာ အရှိန်အဝါကတော့ ရှိနေတုန်းပဲ၊ သူဌေးက ငါ့ကို ဘာလို့ စွန့်ပစ်ခဲ့လဲ တကယ်ကို စဉ်းစားလို့ မရဘူး"

ဗီလာခြံဝင်းထဲသို့ လျှောက်လှမ်းဝင်လာရင်း ချန်စစ်ကျယ်သည် သရဲ၏ ဘေးကနေ ဖြတ်ကျော်သည့်အခါ မထင်မှတ်ဘဲ မေးလိုက်သည်

"မင်းရဲ့ သူဌေးက ဘယ်သူလဲ"

"ငါ့သူဌေး၊ ငါ့သူဌေးက လုံပျောင်လေ(လုံဖန်းချီ)"

စကားက ရုတ်တရက် ရပ်တန့်သွားပြီး သရဲသည် ချက်ချင်းပင် မှင်တက်သွားသော အခြေအနေမျိုးထဲ ကျရောက်သွားကာ ရပ်နေသည့် နေရာမှာတင် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။

သရဲမှာ ဆွံ့အသွားလေပြီ။ သို့သော် ချိုးခိုကမူ ပါးစပ်ဟလာပြီး အံ့အားသင့်တကြီး ပြောသည်။

"လုံဖန်းချီ"

"အပြင်မှာ အလကားရပ်မနေကြနဲ့တော့၊ ငါတို့ ကိစ္စကို အမြန် ပြတ်အောင် လုပ်ရအောင်"

ဝမ်သိုက်နှင့် ချန်စစ်ကျယ်သည် ချိုးခို၏ နောက်ကနေ ဗီလာထဲသို့ လျှောက်ဝင်သွားကြသည်။ ချိုးခိုကို အလောတကြီး တိုက်တွန်းပြီးသော ဝမ်သိုက်က ထပ်မံမေးမြန်းသည်။

"လုံပျောင်က ဘယ်သူလဲ၊ သူနဲ့ စန်းပျောင်က ဘာပတ်သက်မှု ရှိလဲ"

မေးခွန်းမှာ စူးစမ်းချင်စိတ် သက်သက်ဖြင့် မေးလိုက်ခြင်း ဖြစ်သော်လည်း ချိုးခို၏ မျက်နှာပေးနှင့် လေသံကမူ အလွန် တည်တံ့လေးနက်နေသည်။

"သူက ကျွန်တော်တို့ ဝမ်ချန်မြို့မှာ အရမ်းနာမည်ကြီးတယ်၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတော်ကြာတုန်းက ဒေသခံ အာဏာပိုင်အုပ်စုပဲ၊ သြဇာအာဏာ အရမ်းကြီးတယ်၊ အဲဒီတုန်းက ဂိမ်းဆိုင်တွေနဲ့ လောင်းကစားရုံ တွေကို သူပဲ လက်ဝါးကြီးအုပ်ထားတာ”

“ကျွန်တော် ငယ်ငယ်တုန်းက မှတ်မိသေးတယ်၊ မိဘတွေက ကလေးတွေကို ခြောက်ရင် ညနက်တဲ့အထိ အပြင်မှာ သွားဆော့ရင် လုံပျောင်နဲ့ တွေ့လိမ့်မယ်၊ ခေါင်း အဖြတ်ခံရမယ်၊ ခြေလက်တွေ ဖြတ်ခံရမယ်၊ ပြီးတော့ သူ့ဆီမှာ အကြော အဖြတ်ခံရပြီး ကလီစာတွေ အထုတ်ခံရလိမ့်မယ်လို့ ခြောက်တာ"

"အစ်ကိုကြီးက အဲဒီလိုလူ မဟုတ်ပါဘူး"

All Chapters