အခန်း ၁၇၃
Vol. 18 Ch. 173
🍏 Chapter 173
ရုတ်တရက် ထပ်မံထွက်ပေါ်လာသော သရဲကြောင့် ချိုးခို တုန်လှုပ်သွားပြီးခြေချော်ကာ အရှေ့သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သဖြင့် ကြောက်လန့်တကြားနှင့် သရဲကို လှည့်ကြည့်လိုက်သည်။
လူအချို့သည် ဗီလာပထမထပ်၏ ဖိနပ်ချွတ်နေရာတွင် ရပ်တန့်သွားကြသည်။ သရဲသည် သူတို့၏ ဘေးတွင် ရပ်နေပြီး ထိုဒဏ္ဍာရီလာလုံပျောင်အတွက် စတင် ဆင်ခြေပေးတော့သည်။
"သူကလည်း ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ဖို့အတွက်ပဲ လုပ်ခဲ့တာပါ၊ သူက အပြင်လူတွေ ပြောသလိုမျိုး အဲဒီလောက်အထိ ဆိုးသွမ်းယုတ်မာတဲ့လူ မဟုတ်ပါဘူး၊ တကယ်လို့ ညီအစ်ကိုတွေက အမှားမလုပ်ရင်၊ အစ်ကိုပျောင်က ဘယ်တော့မှ လက်ပါလေ့မရှိဘူး”
“သူက ငါတို့လို ညီအစ်ကိုတွေအပေါ် အမြဲတမ်း ကောင်းခဲ့တာ၊ အပြင်မှာဆိုရင် ငါတို့ သူ့ကို သူဌေးလို့ ခေါ်ကြပြီး၊ သီးသန့်ဆိုရင်တော့ အစ်ကိုကြီးလို့ ခေါ်ကြတယ်"
"အဲဒီတုန်းက ငါ့အဖေက မတော်တဆမှုနဲ့ သေသွားတယ်၊ ငါ့အဖွားကလည်း ငါ့အဖေကြောင့်မို့လို့ ရောဂါအသည်းအသန် ဖြစ်ခဲ့တယ်၊ ငါ့အမေကလည်း ခြေထောက်ကျိုးပြီး အိပ်ရာထဲလဲနေခဲ့တာ၊ ငါ့အိမ်မှာ စားစရာတောင် မရှိဘူး”
“ငါ လမ်းပေါ်ထွက်ပြီး ဆိုင်တစ်ဆိုင်ချင်းစီက သူဌေးတွေကို အစားအစာ အနည်းငယ် ပေးဖို့ တောင်းခံခဲ့ရတယ်၊ အစ်ကိုကြီးကပဲ ငါ့ကို စားစရာတွေ ဦးဆောင်ပြီး ပေးခဲ့တာ၊ သူက ငါနဲ့အတူ ငါ့အိမ်အထိ လိုက်လာပြီး၊ ငါ့အဖွားနဲ့ ငါ့အမေကို ဆေးကုသနိုင်ဖို့အတွက် ပိုက်ဆံတွေ အများကြီး ပေးခဲ့သေးတယ်"
သူသည် လည်ပင်းကို ငုံ့ထားပြီး မိမိဘာသာ အကြောင်းအရာ အများကြီးကို ပြောပြနေခဲ့သည်။ ပြီးနောက် သူ့ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မေးကို ပင့်ကာ ပြတ်သားစွာပြောလိုက်သည်
"အစ်ကိုကြီးက သံယောဇဉ်ကြီးတဲ့ လူတစ်ယောက်ပဲ"
"ဒါဆို မင်းက ဘယ်လို သေသွားတာလဲ၊ မင်း စောစောက ပြောတော့ မင်းကိုယ်ပေါ်မှာ အရှိန်အဝါတွေ ရှိနေတုန်းပဲဆို၊ မင်းရဲ့ သူဌေးက မင်းကို ဘာလို့စွန့်ပစ်ခဲ့လဲ စဉ်းစားလို့ မရဘူးဆို၊ မင်း လုံဖန်းချီရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတာလား၊ မင်းရဲ့ သေဆုံးမှုက သူနဲ့ ပတ်သက်နေသလား"
ချန်စစ်ကျယ်သည် အသေးစိတ်အချက်အလက်ကို ကိုင်စွဲပြီး သရဲကို ထပ်ဆင့် မေးမြန်းလိုက်သည်။ အရပ်အမောင်း အားသာချက်ကို အသုံးချပြီး အထက်စီးကနေ ကြည့်သော မျက်လုံးများသည် သရဲ၏ ကိုယ်ပေါ်သို့ ကျရောက်နေတာက အကဲဖြတ် စစ်ဆေးသည့် အငွေ့အသက်မျိုး ပေါ်ထွက်နေသည်။
မေးခွန်းထုတ်ခံလိုက်ရသော သရဲသည် နောက်တစ်ကြိမ် မှင်တက်သွားသော အခြေအနေမျိုးထဲ ရောက်သွားပြန်သည်။ သူသည် လည်ပင်းရိုး ကျိုးသွားသလိုမျိုးခေါင်းကို ငုံ့ချလိုက်ပြီး မိမိကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေသလိုမျိုး တိုးတိုးလေး ထပ်ခါတလဲလဲ ရွတ်ဆိုနေသည်
"ငါ ဘယ်လို သေသွားတာလဲ၊ ငါ့ရဲ့ သေဆုံးမှုက အစ်ကိုကြီးနဲ့ ပတ်သက်နေတာလား"
ယခုတစ်ခေါက် ခရီးစဉ်၏ ရည်ရွယ်ချက် မဟုတ်သော သရဲသည် လူနှစ်ယောက်၏လျစ်လျူရှုခြင်းကို ခံလိုက်ရသည်။ ဝမ်သိုက်သည် အိမ်ထဲသို့ လျှောက်သွားပြီး အေးအေးဆေးဆေးပင် တစ်ပတ် ပတ်ကြည့်လိုက်ရာ အစောင့်အရှောက်များ၏သတိပေးချက် ရှိနေတာကြောင့် သူမ စိတ်ထဲမှာ သေသေချာချာ နားလည်သွားခဲ့ပြီဖြစ်သည်။
ခြေလှမ်းကို ချိုးခို၏အရှေ့ဆီ ရွှေ့လိုက်ပြီး ဝမ်သိုက်သည် မေးကို ပင့်ကာ အရိပ်အယောင် ပြလိုက်သည်။
"လက်မောင်းကို မြှောက်လိုက်၊ ရှင့် လက်ပေါ်မှာ စာလုံးရှိတယ်လို့ ပြောထားတယ် မဟုတ်လား"
သရဲတစ်ကောင်ကဲ့သို့ ကြောင်အမ်းအမ်းဖြစ်နေသော ချိုးခိုသည် သတိပြန်ဝင်လာပြီးလျှင် "အော်" ဟု တစ်ချက်ရေရွတ်လိုက်လေသည်။ ထို့နောက် မိမိ၏လက်မောင်းအထက်ပိုင်းကို ဆွဲလှည့်လိုက်ကာ တီရှပ်အင်္ကျီလက်ကို ပုခုံးပေါ်အထိ ပင့်တင်လိုက်ချေသည်။ အသားသိပ်မရှိလှသော လက်မောင်းပေါ် တွင်မူ နီရဲနေသည့် "ကျုံး" ဟူသော စာလုံးတစ်လုံးမှာ ထင်ရှားစွာ ပေါ်ထွက်နေတော့သည်။
ယင်းမှာ ကျုံးဟူသော စာလုံးတစ်လုံးတည်းသာ မဟုတ်ပေ။ ကန့်လန့်ဖြတ်နှင့် ဒေါင်လိုက်ဖြစ်နေသော အနီရောင်အစင်းကြောင်းများသည် ချိုးခိုကိုယ်တိုင် ကုတ်ခြစ်ထားခြင်းလည်း ဖြစ်နိုင်ပြီး ထိုအစင်း ကြောင်းများအကြားတွင် အထင်ရှားဆုံးသောအရာမှာမူ ကျုံးဟူသည့် စာလုံးပင်ဖြစ်တော့သည်။
"အွန်လိုင်းပေါ်မှာတော့ ရှင့်ကို သေသေချာချာ မမေးရသေးဘူး၊ ရှင် နေရတာ မသက်မသာ ဖြစ်နေပြီပဲကို ဘာလို့ မပြောင်းရွှေ့သေးတာလဲ"
ဝမ်သိုက်၏ ဒီမေးခွန်းက အဖြေကို အတင်းအကျပ် တောင်းဆိုသည့် သဘော မဟုတ်ပေ။ သူမက လက်ကို အိတ်ကပ်ထဲ နှိုက်လိုက်ရာ အင်းစာရွက်က တစ်ဝက်လောက်ပဲ ထွက်လာသေးသည်။ ချိုးခိုကမူ အကြောင်းရင်းမရှိဘဲ မျက်နှာကို အုပ်ပြီး အော်ဟစ်ငိုကြွေးတော့သည်။
အကယ်၍ မိမိရောက်ရှိနေသည်မှာ လက်တွေ့ကမ္ဘာဖြစ်သည်ကို သေသေချာချာ မသိပါက ဝမ်သိုက်သည် သူ၏လည်ပင်းကို ဂျောက်ခနဲ ရုတ်တရက်လှည့်လိုက်သော လှုပ်ရှားမှုကြောင့် လန့်သွားနိုင်ပေသည်။ ဤသည်မှာ ဇွန်ဘီများ ဗီဇပြောင်းလဲသကဲ့သို့ စရိုက်လက္ခဏာပင် ဖြစ်နေချေတော့သည်။
လက်တစ်ဖက်၏ ပုခုံးက မြင့်တက်သွားတာ နားရွက်နားအထိ ရောက်လုနီးပါးပင်။ နောက်လက် တစ်ဖက်၏ ပုခုံးကမူ နောက်သို့ တုန်ခါနေသည်။ မူလကတည်းက ပိန်လှီနေသောလူသည် မိမိကိုယ်ကို ပုစဉ်းရင်ကွဲတစ်ကောင်လိုမျိုး ပြောင်းလဲနေသလိုပင်။ လက်နှစ်ဖက်ကမူ မျက်နှာကို အုပ်ထားသော အနေအထားကို ထိန်းသိမ်းထားဆဲဖြစ်ပြီး မျက်ရည်များသည် လက်ချောင်းကြားထဲကနေ စီးကျလာသည်။
သို့သော် လက်တွေ့နှင့် ဗီဇပြောင်းလဲမှုကြားမှာ တူညီသော အချက်များ ရှိနေသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီး မင်းက ငါ့ကို ဘာလို့ စွန့်ပစ်ခဲ့တာလဲ၊ အစ်ကိုကြီး၊ ငါ ဘာမှားလုပ်ခဲ့လို့လဲ"
ချိုးခိုသည် မိမိမျက်နှာကိုအုပ်၍ ငိုကြွေးနေစဉ်မှာပင် လည်ပင်းက တုန်ခါနေဆဲဖြစ်လေသည်။ တုန်ခါနေသည်ဟု ပြောမည့်အစား အကြောဆွဲနေသည်ဟု ပြောခြင်းကပင် ပိုမှန်ကန်လိမ့်မည် ဖြစ်သည်။
ဝမ်သိုက်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း စဉ်းစားစရာ ဖြစ်နေသော မျက်လုံးများသည် တွေဝေနေဆဲဖြစ်သည့် သရဲ၏ကိုယ်ပေါ်မှာ ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။
“ဆန်းကြယ်လိုက်တာ၊ ထပ်ပြီးတော့ လုံဖန်းချီပဲလား”
သရဲကိုမောင်းထုတ်ခြင်းက အတင်းအကျပ်လုပ်သည်ထက် သူတို့၏နာကျည်းမှုကို ကောင်းကောင်းမွန်မွန် ရှင်းထုတ်ပေးတာက ပိုပြီးကောင်းမွန်လိမ့်မည်ဖြစ်သည်။
ဒါကြောင့် ဝမ်သိုက်သည် ချိုးခို၏ကိုယ်ပေါ်မှာ ရှိနေသော ဝိညာဉ်ကို ချက်ချင်း မောင်းမထုတ်သေးဘဲ စိတ်ဝင်တစားနှင့် စကားစမြည် ပြောဆိုလိုက်သည်။
“ရှင်ကလည်း လုံဖန်းချီရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတာပဲကိုး၊ တိုက်ဆိုင်လိုက်တာ၊ ရှင့် ဘေးက အဲဒီ ကြောင်ကြည့်နေတဲ့လူကို ကြည့်လိုက်ဦး၊ သူလည်း ရှင်နဲ့အတူတူပဲ၊ ရှင်တို့ အချင်းချင်း သိကြလား"
ဝူးဝူးဝါးဝါး ငိုနေသော "ချိုးခို" ၏အသံက ချက်ချင်း ရပ်တန့်သွားသည်။ မျက်နှာပေါ်မှာ အုပ်ထားသော လက်နှစ်ဖက်က ဖြည်းဖြည်းချင်း ကျဆင်းသွားပြီး သူ့ မျက်လုံးထဲမှာ ဝေခွဲမရ ဖြစ်နေပုံပေါ်ကာ ခေါင်းကိုလှည့်ပြီး တွေဝေနေဆဲဖြစ်သည့် သရဲနှင့် မျက်လုံးချင်း ဆုံလိုက်သည်။
"ရန်ခယ်လား"
ရန်ခယ်ဟု ခေါ်ဝေါ်ခြင်း ခံလိုက်ရသော ဝိညာဉ်သည် တစ်ချက်နှစ်ချက်မျှ တုန်လှုပ်သွားပြီးနောက် နိုးထလာသော သစ်သားတုံးပမာ သူ့ မျက်လုံးကို ပြူးလျက် ချိုးခိုကို စိုက်ကြည့်လိုက်လေသည်။
ထိုသို့သော ဝိညာဉ်တို့သည် အပြင်ပန်းသဏ္ဌာန်ကို ကျော်လွန်၍ အတွင်းဘက်ရှိ ဝိညာဉ်ကို တိုက်ရိုက် မြင်နိုင်စွမ်း ရှိကြပုံရလေသည်။ ထို့ကြောင့်ပင် လေသံမှာ အနည်းငယ် တုံ့ဆိုင်းနေပေမဲ့ နာမည်တစ်ခုကိုမူ ခေါ်ဆိုလိုက်ဆဲပင် ဖြစ်သည်။
"မာချီလား"
သရဲနှစ်ကောင်၏မျက်လုံးများသည် တပြိုင်နက်တည်း ပြူးကျယ်သွားကြသည်ကို မြင်တွေ့ရသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြသော်လည်း ပထမဆုံး တုံ့ပြန်ချက်ကမူ
"မင်းက ဘာလို့ သေသွားတာလဲ"
တပြိုင်နက်တည်း ထွက်ပေါ်လာသော မေးခွန်းပင်။
လက်တွေ့ဆန်သော ချန်စစ်ကျယ်ကမူ ဝမ်သိုက်လိုမျိုး အေးအေးဆေးဆေးနှင့် "ဆွေမျိုးစပ်တဲ့ ပြဇာတ်" ကို ကြည့်မနေပေ။ သူသည် အိမ်ထဲက အချက်အချာကျသော နေရာအချို့ကို ရှာဖွေပြီး အနီရောင် ဖယောင်းတိုင်များကို ထွန်းညှိလိုက်သည်။
သူ့လက်ထဲရှိ အိတ်ထဲက အဝါရောင် အင်းစာရွက်များသည်လည်း အလင်းကို မြင်တွေ့လိုက်ရပြီး တစ်ရွက်ချင်းစီ အနီရောင် ဖယောင်းတိုင်များ၏ဘေးတွင် ကျရောက်သွားခဲ့သည်။
"ဆွေမျိုးစပ်တဲ့ ပြဇာတ်" ထဲက သရုပ်ဆောင်များသည် ထိုအခြေအနေကို သတိမပြုမိကြသည်မှာ သဘာဝပင်ဖြစ်သည်။
တစ်ဦးတည်းသော ပရိသတ်ဖြစ်သော ဝမ်သိုက်ကမူ သူတို့၏ ပြောပြချက်များကတစ်ဆင့် ဖြစ်စဉ်ရဲ့ အစအဆုံးကို အကြမ်းဖျင်း ခန့်မှန်းမိသွားခဲ့ပြီဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤနယ်မြေသည် လုံဖန်းချီဟူသော ဒေသခံအာဏာပိုင်တစ်ဦး၏ နယ်မြေ ဖြစ်ခဲ့ဖူးသည်။ သို့ရာတွင် ကျားဆိုသည်မှာ တစ်ကောင်တည်းသာ ရှိနေမည် မဟုတ်ပေ။
လူအများအပြားကို တင်ဆောင်ထားသော ကားက လှုပ်ခါရင်း တောင်ပေါ်သို့ မောင်းနှင်နေသည်။ ရန်ခယ်နှင့် မာချီတို့ နှစ်ယောက်လုံးသည် လုံဖန်းချီနှင့် ရင်းနှီးသော လက်ရုံး ညီအစ်ကိုများ ဖြစ်ကြပြီး ကားတစ်စီးတည်း အတူစီးခွင့် ရရှိထားကြသည်။
ကားတစ်စီးအတွင်း၌ သူတို့နှင့် လုံဖန်းချီအပြင် ကျန်ရှိနေကြသူများမှာမူ အရည်အချင်း အလွန်ထက်မြက်လှသည့် အခြားလူနှစ်ဦးပင် ဖြစ်သည်။ ရန်ခယ်နှင့် မာချီတို့သည် မိမိကိုယ်မိမိ အထူးသတိပြုမိကြလေသည်။ လုံဖန်းချီ၏ စိတ်အစဉ်တွင် မိမိတို့၏တည်ရှိမှုမှာ ထိုလူနှစ်ဦးနှင့် မယှဉ်နိုင်ကြောင်းကိုလည်း သူတို့က သေသေချာချာပင် သိရှိထားကြတော့သည်။
သို့ရာတွင် ရန်ခယ်နှင့် မာချီတို့မှာမူ အလွန်တရာ ရင်းနှီးကျွမ်းဝင်လှသည်တော့ မဟုတ်ပေ။ အတိတ်ကာလများ၌ မိမိတို့၏ မတူညီသော နယ်မြေအသီးသီးတွင်သာ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ ယခုတစ်ခေါက် ကားတစ်စီးတည်း အတူတကွ စီးနင်းခဲ့ရသည့် တိုက်ဆိုင်မှုကမှ သူတို့ကို သိကျွမ်းစေခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ်တွင်မူ ယင်းမှာ လုံဖျောင် အမြဲတမ်းကျင့်သုံးလေ့ရှိသည့် ညီအစ်ကို ယဉ်ကျေးမှုကြောင့်လည်း ဖြစ်ပေသည်။
"မင်းက ဘယ်ဘက်ကလဲ"
"မြောက်ဘက်ခြမ်းကလေ၊ မင်းကော"
"ငါက တောင်ဘက်ခြမ်းက၊ တွေ့ရတာ ဝမ်းသာပါတယ်"