← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

🍏 Chapter 176

အင်းစာရွက် တစ်စောင်သည် သူ့ မျက်စိရှေ့သို့ ရုတ်တရက် ရောက်ရှိလာသည်။ ကြက်သွန်မြိတ်ကလေးကဲ့သို့ ဖြူစင်သွယ်လျသော လက်ချောင်းနှစ်ချောင်းသည် စာရွက်၏အပြင်ဘက်ရှိ ပလတ်စတစ်အိတ်ကို ညှပ်ထားပြီး လက်ဖဝါးပိုင်ရှင်က ခေါင်းကို စောင်းကာ သူ့ကို ကြည့်နေရင်း သူ လှည့်ကြည့်လာသောအခါ မေးစေ့ကို ပင့်ပြလိုက်သည်။

"ရှင် မသိတဲ့အရာတွေ အများကြီး ရှိပါသေးတယ်၊ ဒါပေမဲ့ သိဖို့လည်း မလိုပါဘူး၊ ယူထားလိုက်"

ဝမ်သိုက်သည် ချန်စစ်ကျယ် ပြင်ဆင်ထားသော ဖယောင်းတိုင်နီများနှင့် အဝါရောင် မန္တန်စာရွက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်စစ်ကျယ်ဆီသို့ ခေါင်းမော့ကြည့်ကာ လက်ကို ဖြန့်လျက် ပြောသည်။

"ရှင် စီစဉ်ထားတဲ့အရာတွေကို ရှင်ပဲ သူ့ကို ပြောလိုက်တော့လေ၊ ကျွန်မက ရှင့်ကိုယ်စား ပြောပေးဖို့ မကောင်းပါဘူး၊ မှားပြောမိရင် မကောင်းဖြစ်လိမ့်မယ်"

သူမက မှားပြောနိုင်သည်ဆိုလျှင် တကယ်ပဲ သရဲခြောက်ခြင်း ဖြစ်လိမ့်မည်။

ချန်စစ်ကျယ်သည် ဝမ်သိုက်၏ အပြစ်ကင်းစင်ဟန် ဆောင်နေသော မျက်နှာပေါ်မှ သူ၏ အကြည့်ကို အေးအေးလူလူ ပြန်လည် ရုပ်သိမ်းလိုက်ပြီး သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေသော ချိုးခိုကို တစ်ချက်ကြည့်ကာ အသေးစိတ် ရှင်းပြသည်။

"ခုနစ်ရက်၊ ဖယောင်းတိုင်တွေ အမြဲတမ်း တောက်လောင်နေဖို့ အာမခံရမယ်၊ နှစ်ဆယ့်လေးနာရီလုံး ထိုင်ကြည့်နေဖို့ မလိုဘူး၊ ဖယောင်းတိုင်မီး ငြိမ်းသွားရင် မင်း သွားလဲပေးရင် ရပြီ၊ အဝါရောင် မန္တန်စာရွက်က ရေမထိစေနဲ့၊ ရွှေ့လို့မရဘူး”

“ခုနစ်ရက်ပြည့်ရင် ခွာလို့ရပြီ၊ ပြန်လည် ပြင်ဆင်မယ့်ကိစ္စကိုတော့ ဒီခုနစ်ရက်အတွင်းမှာ ဒီဇိုင်နာနဲ့ အသေးစိတ် သွားဆွေးနွေးလို့ ရတယ်၊ ခုနစ်ရက်ပြည့်မှ မူလအပြင်အဆင်ကို ဖျက်ဆီးပါ၊ ဒီခုနစ်ရက်က အမင်္ဂလာတွေကို ဖယ်ရှားနေတာ ဖြစ်တယ်"

ချိုးခိုသည် ခေါင်းကို တဆတ်ဆတ် ငြိတ်လိုက်ပြီး နှုတ်ခမ်းကို လှုပ်ရှားလျက် စမ်းသပ်သည့်အနေဖြင့် မေးမြန်းသည်။

"ဒါဆို ကျွန်တော်တို့ အခုက... ရှင်းလင်းပြီးသွားပြီပေါ့"

"ဒါပေါ့၊ လက်ကျန်ငွေ လွှဲဖို့ မမေ့နဲ့ဦး"

ဝမ်သိုက်သည် လက်တစ်ဖက်ဖြင့် ဖုန်းကို ကိုင်ထားပြီး လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်ထားကာ ချိုးခိုကို စောင်းငဲ့ကြည့်လိုက်ရာ အကြည့်ခံရသော အမျိုးသားသည် အလျင်အမြန်ပင် ဖုန်းကို ထုတ်ယူကာ ငွေလွှဲပေးတော့သည်။

ပမာဏကို အတည်ပြုပြီးနောက် တစ်ဝက်ကို ချန်စစ်ကျယ်ထံ ခွဲပေးလိုက်ပြီး ဝမ်သိုက်သည် ပြုံးရွှင်စွာဖြင့် ချောင်တယ်ကို ကြည့်ကာ ဆိုသည်။

"တကယ်လို့ အကူအညီ လိုအပ်တာ ရှိသေးရင် အချိန်မရွေး ဆက်သွယ်လို့ ရတယ်နော်"

ခြောက်ကပ်ကပ် ရယ်မောနေသော ချိုးခိုသည် မနည်းပင် ခေါင်းငြိတ်ပြလိုက်ရရှာသည်။ သူတို့ကို အကူအညီ ထပ်မတောင်းပါရစေနှင့်တော့။ လမ်းစရိတ်နှင့် ကိစ္စရပ်များကို ရှင်းလင်းခတို့ ပေါင်းလိုက်ပါက သူ၏ နှစ်လစာနီးပါး ကုန်ဆုံးသွားခဲ့ရချေပြီ။

သို့သော်လည်း အိမ်တစ်လုံး ဆုံးရှုံးရသည်နှင့် နှိုင်းယှဉ်လျှင် သောင်းဂဏန်းအနည်းငယ် ဆုံးရှုံးရခြင်းမှာ ဘာမှမဟုတ်ပေ။

ချိုးခို၏ စိတ်ကူးစိတ်သန်းများကို မည်သူမျှ ဂရုမစိုက်ကြချေ။ ကိစ္စရပ်များ ပြီးဆုံးသွားသဖြင့် ဝမ်သိုက်သည် ချန်စစ်ကျယ်နှင့်အတူ ထွက်ခွာခဲ့ကြသည်။ မနက်ဖြန်သည် ရုံးပိတ်ရက်ဖြစ်ပြီး လေယာဉ်လက်မှတ်ကိုလည်း မနက်ဖြန်အတွက် ဘွတ်ကင်လုပ်ထားသဖြင့် ကျန်ရှိသော အချိန်များကို ဝမ်ချန်မြို့၏ ဓလေ့ထုံးတမ်းများကို ခံစားရန် အသုံးပြုနိုင်သည်။ အနည်းဆုံးတော့ ဝမ်သိုက်က ထိုသို့ တွေးတောနေခြင်း ဖြစ်ပေသည်။

ဖြစ်နိုင်သည်မှာ ခုနက ရန်ခယ်နှင့် မာချီတို့၏ ဖော်ပြချက်များက ဝမ်သိုက်၏ စိတ်လှုပ်ရှားမှုကို လိုလားသော စိတ်ဆန္ဒကို နှိုးဆွပေးလိုက်ခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ သူမသည် ထိုင်ခုံနောက်မှီကို မှီထားပြီး လက်ချောင်းများဖြင့် မိမိရှေ့ရှိ အန္တရာယ်ကင်းပတ်ကြိုးကို ဟိုဟိုဒီဒီ ဆွဲဆုတ်နေမိကာ မျက်ဝန်းများကို မျက်တောင်ထောင့်သို့ အနည်းငယ် ရွှေ့လိုက်ရာ ခိုးကြည့်လိုက်သော အကြည့်မှာ ချန်စစ်ကျယ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

"ဘာလုပ်ချင်လို့လဲ"

အချိန်အတော်ကြာ အတူတူ ရှိနေခဲ့ကြသဖြင့် ချန်စစ်ကျယ်သည် အထူးတလည် အကင်းပါးနေခြင်း ဖြစ်သည်။ အထူးသဖြင့်ဝမ်သိုက်အပေါ်တွင်ပေါ့။

စိတ်ကူးလေး မပေါ်ထွက်လာခင်မှာပင် သူခိုးလူမိခံလိုက်ရသဖြင့် ဝမ်သိုက်သည် ပါးစပ်ကို ဖြဲကာ အသံမထွက်ဘဲ ခဏမျှ ပျော်ရွှင်နေမိပြီး ပေါ့ပါးသွက်လက်စွာဖြင့် ချက်ချင်းပင် မေးလိုက်သည်။

"ရှင့်မှာ ဆိုင်ကယ်မောင်းဖို့လိုင်စင် ရှိလား"

ဝေဝါးနေသော အသံထဲမှ စကားလုံးများကို ချန်စစ်ကျယ်က ခွဲခြမ်းစိတ်ဖြာနိုင်ဆဲ ဖြစ်ပြီး သူသည် အဖြေမပေးဘဲ ပြန်မေးလိုက်သည်။

"ဘာလဲ၊ မင်း သွားစမ်းကြည့်ချင်လို့လား"

"နည်းနည်းပေါ့"

ဝမ်သိုက်သည် လက်ကို မြှောက်ကာ လက်မနှင့် လက်ညှိုးဖြင့် "နည်းနည်းလေး" ဆိုသည့် အမူအရာကို လုပ်ပြသည်။

နှမြောစရာကောင်းသည်မှာ ဒရိုင်ဘာလေး ချန်စစ်ကျယ်ကမူ အကြည့်ကို ရက်စက်စွာ ပြန်လည် ရုပ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

"ဆိုင်ကယ်ကြီးစီးတာက အန္တရာယ် ဖြစ်လွယ်တယ်၊ နောက်ထပ် ကွေ့တစ်ခုမှာ ဘာနဲ့ ရင်ဆိုင်ရမလဲဆိုတာ မင်း သိမှာမဟုတ်ဘူး၊ မင်းရဲ့ အရှိန်က မင်း တုံ့ပြန်ဖို့ အချိန်မရအောင် လုပ်လိမ့်မယ်၊ ကွေ့ကို စောင့်ဖို့တောင် မလိုဘူး၊ မင်း ဆိုင်ကယ်သမားတွေရဲ့ ပျမ်းမျှသက်တမ်းကို သိလား"

လက်ကို နားရွက်ပေါ်တွင် အုပ်လိုက်ပြီး 'ချစ်ခြင်းတရားများစွာ' ဇာတ်လမ်းတွဲထဲကအတိုင်း သရုပ်ဆောင်တော့မည့် ဝမ်သိုက်သည် ဝမ်းနည်းပက်လက်ဟန်ဖြင့် ဟန်ဆောင်ကာ ဆိုသည်။

"ကျွန်မက ဆိုင်ကယ်စီးရတဲ့ ခံစားချက်ကို မြည်းစမ်းကြည့်ချင်ရုံတင် ရှိတဲ့ သနားစရာ လူသားလေးပါ၊ ကျွန်မ ဒီနှစ်မှာ နှစ်ဆယ့်နှစ်နှစ် ရှိပြီ၊ နောက်နှစ်ဝက်ဆိုရင် နှစ်ဆယ့်နှစ်နှစ် ပြည့်တော့မယ်၊ ဆိုင်ကယ်တစ်ခါမှ မစီးဖူးသေးဘူး၊ အာ၊ ကျွန်မကိုယ် ကျွန်မ တကယ် သနားဖို့ကောင်းတယ်လို့ ထင်မိတယ်"

"နှစ်ဆယ့်နှစ်ကို ရှစ်ဆယ့်နှစ်လိုမျိုး ပြောနိုင်တာပဲ ဟက်"

တိုတောင်းသော အေးစက်စက် ရယ်သံတစ်ခုနှင့်အတူ ချန်စစ်ကျယ်သည် နောက်ဆုံးတွင် တစ်ခုခုကို သတိပြုမိသွားပုံရပြီး သူသည် အကြည့်ကို သူမ၏ ခန္ဓာကိုယ်ဆီသို့ တစ်ချက် လွှဲလိုက်ကာ ထူးဆန်းသော လေသံဖြင့် ဆိုသည်။

"...ဒါဆို ရှင့်မှာ မောင်းဖို့လိုင်စင် မရှိဘူးပေါ့၊ ရှင်ကိုလိုက်ဖို့ ပြောချင်နေတာ မဟုတ်ပါဘူးနော်"

တကယ်ပင် ထိုသို့ အကြံရှိနေသော ဝမ်သိုက်သည် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

ဘေးထိုင်ခုံတွင် ထိုင်နေသော လူသည် ထိုင်ခုံနောက်မှီကို မှီထားပြီး သနားစရာကောင်သောပုံစံမှာ တစ်ချက်ကြည့်လိုက်ပါက တစ်စုံတစ်ယောက်၏ နှိပ်စက်ခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေကာ မက်မွန်ပွင့်မျက်ဝန်း အစုံမှာ ဝိုင်းစက်နေပြီး မျက်တောင်များကို ဆက်တိုက် ပုတ်ခတ်နေသည်မှာ ချစ်စရာကောင်းအောင် ဟန်ဆောင်နေသည့် သံသယ ရှိပေသည်။

ချန်စစ်ကျယ်၏ သတ်မှတ်ချက်အရ ချွဲနွဲ့နေသည်ဆိုသော ဝမ်သိုက်ကမူ လုံးဝ သတိမထားမိချေ။ သူမသည် မိမိကိုယ်ကိုယ် အားနည်းသူတစ်ယောက်အဖြစ် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်ကို မည်သူသိနိုင်မည်နည်း။ အကြောင်းမှာ ချန်စစ်ကျယ် ဟူသော ဤကောင်က အကြမ်းနည်းကို မကြိုက်ပုံရသောကြောင့် ဖြစ်သည်။

ဖြောင့်တန်းသော လေသံဖြင့် ခြောက်ကပ်ကပ် အေးစက်မှုကို ထုတ်ဖော်လိုက်သည်။

"မင်း တော်တော် ရွံဖို့ကောင်းတယ်၊ ပုံမှန်အတိုင်း နေစမ်းပါ"

သူမကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ပြီးနောက် အကြည့်ကို ရုပ်သိမ်းကာ ကားကို ဆက်လက် မောင်းနှင်နေသော အမျိုးသားသည် သူမအား ဘေးစောင်းမျက်နှာကိုသာ ချန်ထားပေးတော့သည်။

ဝမ်သိုက်သည် ကိုယ်ကို မတ်လိုက်ပြီး မျက်နှာသေဖြင့် ကားပြတင်းပေါက် အပြင်ဘက်ကို တည့်တည့် စိုက်ကြည့်နေမိသည်။

အကယ်၍ သူမ အခုပဲ သူ့ကို တစ်ချက် သွားထိုးလိုက်ရင် သူတို့နှစ်ယောက်လုံး ဒဏ်ရာရသွားမလား တော်ပါပြီ၊ ခွေးကို တစ်ထောင်ဖိုးနာကျင်စေပြီး မိမိကိုယ်ကိုယ် ရှစ်ရာဖိုးလောက် နာကျင်စေမယ့် ကိစ္စမျိုးကို မလုပ်သင့်ဘူး။ ခွေးကိုက်ခံရတဲ့အချိန်မှာ သူမက ပြန်ကိုက်ရမှာလား။

စိတ်ပိုင်းဆိုင်ရာ အောင်ပွဲခံခြင်းနည်းလမ်းကို ဖွင့်လိုက်သော ဝမ်သိုက်သည် မိမိကိုယ်ကိုယ် လူကြီးလူကောင်းဆိုတာ ခွေးကလေးအပြစ်ကို စိတ်ထဲမထားတတ်ဘူးဟု ပြောလိုက်သည်။

သို့သော်လည်း စိတ်ပိုင်းဆိုင်ရာ အောင်ပွဲခံခြင်းနည်းလမ်းကို ကျင့်သုံးနေသော ဝမ်သိုက်သည် မောင်းနှင်သူခုံပေါ်ရှိ အမျိုးသား၏ နားရွက်ဖျားလေးများမှာ တိတ်တဆိတ် ပန်းရောင်သန်းနေပြီး စတီယာရင်ကို ကိုင်ထားသော လက်များလည်း မသိမသာ တင်းကျပ်သွားသည်ကို သတိမထားမိခဲ့ချေ။

All Chapters