← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

🍏 Chapter 177

ငှားထားသောကားကို ပြန်အပ်ပြီးနောက် ဆိုင်နှင့် ဟိုတယ်မှာ သိပ်မဝေးလှချေ။ ဝမ်သိုက်သည် လက်တစ်ဖက်ဖြင့် ခါးကိုထောက်ထားပြီး မျက်လုံးများက ဘေးကဆိုင်ထဲရှိ ဆိုင်ကယ်ကြီးများဆီသို့ ဝေ့ဝိုက်ကြည့်နေမိသည်။

သူမသည် ဆိုင်ကယ်များအပေါ် တကယ်ပဲ ထူးထူးခြားခြား သဘောကျလှပေသည်။ နှမြောစရာ ကောင်းသည်မှာ သူမတွင် မောင်းရန်လိုင်စင်မရှိသဖြင့် ဘီးနှစ်ဘီးတပ်ယာဉ်များထဲတွင် စက်ဘီးကိုသာ စီးနိုင်သည်။

ဘဝကို နာကျင်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်မောင်းကို ယမ်းကာ ချန်စစ်ကျယ်ကို စောင့်ဆိုင်းနေသော ဝမ်သိုက်သည် စိတ်ကူးယဉ်ကာ ငေးငိုင်နေမိသည်။ ထိုစဉ် သံတစ်ခုက နားစည်ကွဲမတတ် ထွက်ပေါ်လာသဖြင့် သူမ ခေါင်းမော့ကြည့်လိုက်ရာ အသံ၏ မြစ်ဖျားခံရာက သူမ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဆိုင်ကယ်ပေါ်တွင် ထိုင်နေသူမှာ ချန်စစ်ကျယ်ဟူသော ထိုခွေးအိုကြီးမဟုတ်ဘဲ မည်သူဖြစ်မည်နည်း။

ဤအခိုက်အတန့်တွင် ဝမ်သိုက်သည် ခြေတံရှည်ခြင်း၏ အားသာချက်ကို အမှန်အကန် သိရှိသွားရပြီး ချန်စစ်ကျယ်၏ ခြေထောက်များက ဘယ်လောက်တောင် ရှည်လျားသလဲဆိုတာကိုလည်း မြင်တွေ့လိုက်ရသည်။

တော်သေးသည်မှာ ဤကောင်သည် သာမန်ရုံးပိတ်ရက်များတွင် ဝတ်ဆင်တတ်သော စတိုင်မျိုးစုံရှိသည့်အနက် ယနေ့ဝတ်စုံမှာ ဆိုင်ကယ်စီးရန် ကံကောင်းထောက်မစွာဖြင့် လိုက်ဖက်နေခြင်း ဖြစ်သည်။ သူသည် နောက်ထပ် ဦးထုပ်တစ်ခုကို မြှောက်ကာ ဝမ်သိုက်ထံ ကမ်းပေးလိုက်ပြီး မေးစေ့ကို ပင့်ပြကာ ဆိုသည်။

"တက်"

သူ့ခေါ်သံကြောင့် ထိုလူမှာ လှုပ်ရှားမှုမရှိဘဲ ရပ်မြေတွင် ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။ ချန်စစ်ကျယ်က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သူ၏ ပါးစပ်က စကားစတော့မည့်အချိန်မှာပင် အောက်ကလူ၏ အသံက သူဆောင်းထားသော ဦးထုပ်ထဲသို့ တိုးဝင်လာခဲ့သည်။

"ချန်စစ်ကျယ်၊ အခု ရှင့်ပုံစံက ကျွန်မကို Masked Rider ကို သတိရစေတယ်"

ချန်စစ်ကျယ် တစ်ချက် တုံ့ဆိုင်းသွားသည်။

ထိုလူက ထပ်မံ ဖြည့်စွက်ပြောပြန်သည်။

"အာဟာရချို့တဲ့တဲ့ နို့မှုန့်တွေ အသောက်များသွားတဲ့ အမျိုးအစားမျိုးပေါ့"

ချန်စစ်ကျယ်၏ မေးရိုးများ တင်းကျပ်သွားရချေပြီ။

ချန်စစ်ကျယ် တစ်ယောက် ဒေါသထွက်ထွက်ဖြင့် ဝမ်သိုက် အား ဆိုင်ကယ်မှ ထွက်သော မီးခိုးငွေ့များကို ကျွေးပြီး မောင်းထွက်တော့မည့်အချိန်မှာပင် ဝမ်သိုက် သည် လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ဆိုင်ကယ်ပေါ်သို့ တွားတက်လိုက်သည်။ သို့သော် တွားတက်သည်ဟု တင်စားခြင်းကပင် အနည်းငယ် လှပအောင် ပြောဆိုခြင်း ဖြစ်လိမ့်မည်။

အကြောင်းမူကား ချန်စစ်ကျယ်က သူမအား တကယ်ပဲ စွန့်ပစ်ကာ ဝေးဝေးသို့ မောင်းထွက်သွားမည်ကိုကြောက်ရွံ့နေသဖြင့် ဝမ်သိုက်သည် တည့်တည့်ပင် ပြေးကပ်လိုက်ပြီး ကန့်လန့်ဖြတ် ပုံစံမျိုးဖြင့် နောက်ထိုင်ခုံပေါ်သို့ ဖိနင်းကာ တက်လိုက်ခြင်းကြောင့် ဖြစ်သည်။ ဒူးနှင့် ပေါင်တို့မှာ ဆိုင်ကယ်၏ မည်သည့်နေရာနှင့် တိုက်မိသွားသည်မသိဘဲ နာကျင်လွန်းသဖြင့် အော်ဟစ်မိတော့သည်။

မျက်မှောင်ကုတ်သွားသော ချန်စစ်ကျယ်သည် ဆိုင်ကယ်ကို ဘရိတ်အုပ်လိုက်သည်။ သူသည် မူလက ဆိုင်ကယ်ပေါ်မှ ဆင်းချင်သော်လည်း နောက်ကလူက သူ့ အကျီကို ဆွဲထားခြင်းကို ခံလိုက်ရသည်။

" ခဏ ခဏ၊ နေဦး"

လိုင်းမတူကြသော လူနှစ်ယောက်သည် ထူးဆန်းသော နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်သည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။ ဝမ်သိုက်သည် ဦးထုပ်ကို သေချာဆောင်းလိုက်ပြီး လက်များကို ချန်စစ်ကျယ်၏ အကျီကို ဆွဲထားရာမှ သူ၏ ပုခုံးကို ဖက်တွယ်ထားသည့် အဆင့်သို့ ပြောင်းလဲ လိုက်ကာ အလွန်ပင် ခဲယဉ်းစွာဖြင့် မိမိ၏ ခန္ဓာကိုယ်ကို တည့်မတ်အောင် လုပ်ပြီး အားယူကာ ခြေထောက်ကို ခွလျက် ထိုင်လိုက်သည်။

အာရုံသိပ်မရှိလှသော ထိုလူသည် မိမိနှင့် ရှေ့ကလူတို့ ပူးပူးကပ်ကပ်ဖြစ်နေသော ကိုယ်နေဟန်ထားကို လုံးဝ အဆင်မပြေဖြစ်ပုံမရပေ။ သူမသည် လက်များကို ရှေ့သို့ ဆန့်ထုတ်ကာ သူ၏ ခါးကို ဖက်လိုက်ပြီး အမျိုးသား၏ ဝမ်းဗိုက်ပေါ်တွင် တင်ထားသော လက်များသည် နှာဘူးထစရာ အစီအစဉ် လုံးဝမရှိဘဲ ဆိုင်ကယ်နှိုးစက် ခလုတ်တစ်ခုခုကို နှိပ်လိုက်သကဲ့သို့ နှစ်ချက်မျှ ပုတ်လိုက်ကာ ပါးစပ်မှလည်း အော်ဟစ်သည်။

"ထွက်ခွာမယ် ထွက်ခွာမယ်"

အသုံးချခံ ကိရိယာတစ်ခုအဖြစ် သဘောထားခြင်းခံလိုက်ရသော ချန်စစ်ကျယ်သည် လည်ချောင်းကို တစ်ချက် မျိုချလိုက်မိသည်။ ခါးတွင် တင်းကျပ်စွာ ဖက်ထားသော လက်များဆီမှ သူမ၏ သွယ်လျမှုကို သူ ခံစားသိရှိနိုင်သော်လည်း သူ၏ ကျောပြင်ပေါ်တွင် ဖိကပ်ထားသော အရာမှာမူ အလွန်ပင် ပြည့်ဖြိုးလှသဖြင့် သူမ၏ အသားများသည် ရှိသင့်ရှိထိုက်သော နေရာများဆီသို့ အကုန်ရောက်သွားသလားဟု သံသယဝင်စရာ ဖြစ်နေသည်။

စိတ်ထဲက မအီမသာဖြစ်မှုများကို ဖိနှိပ်ထားရင်း ချန်စစ်ကျယ်သည် ဆိုင်ကယ်ကို စတင်နှိုးလိုက်ပြီး သူမကို တင်ဆောင်ကာ ဆိုင်ကယ်လောကတွင် အဘိုးကြီးများ လမ်းလျှောက်သည့် အရှိန်အဟုန်မျိုးဖြင့် မောင်းနှင်ခဲ့သည်။ တောင်အောက်သို့ ဆင်းကာ ပင်လယ်ကမ်းခြေ လမ်းမသို့ ရောက်ရှိသောအခါ သူ မျှော်လင့်ထားသည့်အတိုင်း နောက်ကလူက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လေသည်။

"ဝါး၊ ချန်စစ်ကျယ်၊ ကျွန်မ ပင်လယ်ကမ်းခြေကို ဆိုင်ကယ်စီးပြီး အလာချင်ဆုံးဆိုတာ ရှင် ဘယ်လိုသိတာလဲ၊ ကြည့်ရတာ ကျွန်မတို့ ဒီလောက်အကြာကြီး တွဲဖက်လုပ်ကိုင်လာတာက နားလည်မှုအချို့ကို ဖြစ်ထွန်းစေခဲ့တာပဲ"

အမျိုးသမီး၏ သာယာနာပျော်ဖွယ် အသံနှင့် နူးညံ့သော ခန္ဓာကိုယ်သည် အသက်သုံးဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း ချစ်သူတစ်ခါမှမရဖူးသေးသော အမျိုးသားတစ်ယောက်အတွက်မူ တိုက်ခိုက်နိုင်စွမ်းမှာ သာမန်ထက် ပိုမိုပြင်းထန်လှပေသည်။

နှုတ်ဆိတ်နေသော ချန်စစ်ကျယ်သည် မိမိ၏ ခဏတာ စိတ်ပျော့ညံ့မှုကို နောင်တရနေမိသည်။

သို့သော် နောက်ထိုင်ခုံမှ ဝမ်သိုက်ကမူ အလွန်ပင် စိတ်လှုပ်ရှားနေပြီး ရှေ့သို့ ဖက်ထားသော လက်များက သူ၏ အကျီစကို ဆွဲကိုင်ထားကာ ခန္ဓာကိုယ်ကလည်း သူ၏ သန်မာသော ကျောပြင်သို့ ပွတ်တိုက်နေသော်လည်း အဆင်မပြေမှု လုံးဝမရှိချေ။

အာရုံအားလုံးကို လှိုင်းလုံးများ တလိပ်လိပ် တက်နေသော ပင်လယ်ပြင်ဆီသို့သာ စုစည်းထားသည်။ တိုးဝှေ့တိုက်ခတ်နေသော လေပြေက သူမ၏ ဆံပင်ရှည်များကို လွင့်ပျံစေပြီး အပြင်သို့ ပေါ်ထွက် နေသော လက်မောင်းများသည် ပူပြင်းမှုကြားထဲမှ အေးမြမှုကို ခံစားနေရကာ နွေးထွေးမှုနှင့် အေးမြမှု ရောယှက်နေသော လေပြေက ခန္ဓာကိုယ်ပေါ်တွင် ဝဲလည်နေသည်။

ဤကဲ့သို့သော လွတ်လပ်မှု ခံစားချက်သည် သူမအား ဆုံးရှုံးသွားခဲ့ရသော အိမ်နှင့် မိဘများကို ယာယီအားဖြင့် မေ့လျော့သွားစေသလို ဆုံးရှုံးသွားခဲ့ရသော အိမ်နှင့် မိဘများကိုလည်း ယာယီအားဖြင့် သတိရစေသည်။

မေ့လျော့ခြင်းနှင့် သတိရခြင်းက ဆန့်ကျင်ဘက် ဖြစ်နေပါသလား။

တစ်ဖက်တွင် စိတ်ပေါ့ပါးမှုကို ခံစားရသလို တစ်ဖက်တွင်လည်း ဝမ်းနည်းကြေကွဲမှုကို ခံစားနေရခြင်းမျှသာ ဖြစ်သည်။

ဝမ်ချန်မြို့၏ လေပြေထဲတွင် မိဘများ၏ အရိပ်အယောင်မရှိသလို ပင်လယ်ရေထဲတွင်လည်း မိဘများ၏ အမှတ်အသား မရှိချေ။ ဆိုင်ကယ်မောင်းနှင်ခြင်းမှ ရရှိလာသော လွတ်လပ်မှုကို ခံစားလိုက်ရ သော်လည်း အတိတ်က မိမိအား ချုပ်နှောင်ထားခဲ့သော သံကြိုးများကို မသိစိတ်က ပြန်လည်ဆွဲကိုင်လိုမိသည်။

"ချန်စစ်ကျယ်၊ ကျွန်မ အဖေနဲ့ အမေကို လွမ်းတယ်"

အလွန်ပင် ပေါ့ပါးသော စကားတစ်ခွန်းဖြစ်သဖြင့် ဝမ်သိုက်သည် သူ ကြားလိမ့်မည်ဟု မျှော်လင့် မထားပေ။ သို့သော် အကယ်၍ သူ ကြားသွားခဲ့လျှင် သူမသည် မိမိ၏ စိတ်ကူးများကို ရင်ဖွင့်ပြ လိုမိသည်။

"ကိုယ့်ရဲ့ လွမ်းဆွတ်မှုကို တားဆီးမထားပါနဲ့"

ဒါက သူ သူမအား ပေးလိုက်သော အဖြေ ဖြစ်သည်။

ဆိုင်ကယ်သည် နောက်ဆုံးတွင် ပင်လယ်ကမ်းခြေ သဲသောင်ပြင်ပေါ်၌ ဘရိတ်အုပ်ကာ ရပ်တန့် သွားသည်။ ဦးထုပ်များကို ဆိုင်ကယ်ပေါ်တွင် တင်ထားပြီး သူတို့သည် ဆိုင်ကယ်ကို မှီလျက် အတူတူရပ်ကာ ဝေးလံသော နေရာဆီသို့ ငေးကြည့်နေကြသည်။

ဝမ်သိုက်သည် လည်ပင်းကို အနည်းငယ် စောင်းထားပြီး သူမ၏ မျက်တောင်များကို ပုတ်ခတ်လိုက်မိသည်။ နေမရှိတော့သော်လည်း မျက်လုံးများက အလင်းရောင့်ကြောင့် စူးရှနေဆဲ ဖြစ်သည်။

လက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ကာ ဆေးလိပ်ကို နှိုက်ယူချင်သော်လည်း မိမိ ဆေးလိပ်မသောက်သည်မှာ အတော်ကြာပြီဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။

သူမ၏ ခဏတာ အာရုံပျက်ကွက်မှုကို ချန်စစ်ကျယ်က ဖမ်းဆီးရမိလိုက်ပြီး သူမအား စောင်းငဲ့ကြည့်ကာ ဆိုသည်။

"ဆေးလိပ်သောက်ချင်လို့လား"

ပြီးခဲ့သည့်နှစ်က သူမနှင့် စတင်ဆုံတွေ့ခဲ့သည့် အချိန်ကို သူ မှတ်မိနေသေးသည်။ ထိုစဉ်က မပြောခဲ့သော်လည်း သူမ ဆေးလိပ်သောက်သည့် ပုံစံမှာ အလွန်ပင် အထီးကျန်ပုံပေါက်လှသည်။ ပျော်ချင်ယောင်ဆောင်နေခြင်းမျှသာ။

"ဟုတ်တယ်... ဒါပေမဲ့ မသောက်တာ ကြာပါပြီ၊ အရင်တုန်းက ဆေးလိပ်ကို ကိုယ်နဲ့မကွာ ယူဆောင်သွားတတ်တဲ့ အကျင့်ရှိခဲ့တယ်၊ အကျင့်ဆိုတာ ဘယ်အချိန်မှာ ပျောက်ကွယ်သွားမှန်း မသိလိုက်ဘူး"

အတိတ်ကကဲ့သို့ လောကကြီးကို ဂရုမစိုက်သော လေသံမျိုး မဟုတ်တော့ဘဲ ဝမ်သိုက်သည် လက်နှစ်ဖက်ကို နောက်သို့ဆန့်ကာ ဆိုင်ကယ်ထိုင်ခုံပေါ်တွင် ထောက်ထားပြီး မျက်နှာကို မော့လျက် မျက်လုံးများကို အနည်းငယ် မှေးစိကာ မငြိမ်မသက် လှုပ်ရှားနေသော ပင်လယ်ပြင်ကို ကြည့်နေသည်။

"တကယ်တော့ ကျွန်မက အသက်ရှင်ချင်စိတ် လုံးဝမရှိဘူး၊ အသက်ကို မနှမြောဘူး၊ အမြဲတမ်း တွေးမိတာက... အကယ်၍ အဲဒီတုန်းက တစ်ကြိမ်လောက် ဆိုးသွမ်းပြီး ကျူရှင်မသွားဘဲ အိမ်မှာပဲ တိတ်တဆိတ် ပုန်းနေခဲ့ရင် ကျွန်မ မိဘတွေနဲ့ အတူ တူတူ ထွက်သွားလို့ ရမလားပေါ့၊ ဒါဆိုရင်လည်း မိသားစု ပြန်ဆုံစည်းတာပဲလေ... အမှုမှန် ပေါ်မပေါ်ကလည်း အရေးမကြီးတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မလည်း သေသွားပြီပဲ၊ ကျွန်မတို့အားလုံး သေသွားကြပြီ"

သူမ၏ မျက်ခုံးအစုံမှာ တင်းကျပ်စွာ စုစည်းသွားပြီး မျက်ခုံးနှစ်ခုကြားတွင် အရေးအကြောင်း ပါးပါးလေး ပေါ်လာကာ မျက်ခွံများက အောက်သို့ ကျဆင်းသွားသဖြင့် မျက်ဝန်းနက်များကို သူတစ်ပါးအား မမြင်စေတော့ချေ။

ခြေထောက်နှစ်ဖက်မှာ မတ်တတ်ပင် မရပ်ချင်တော့ဘဲ တကယ်တော့ ဆောင့်ကြောင့်ထိုင်ချလိုက် ချင်သော်လည်း ကျောပြင်မှာ ဤဆိုင်ကယ်ကြောင့် နောက်ထပ်တစ်ကြိမ် ဒဏ်ရာပြင်းထန် သွားလိမ့်မည်ဟု ခန့်မှန်းရသဖြင့် ဝမ်သိုက်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ကာ လည်ပင်းကို ကိုင်းညွှတ်ထားပြီး အကြည့်ကို မြေပြင်ပေါ်သို့ ပို့ထားလျက် အသံအနိမ့်ဆုံးဖြင့် စကားတစ်ခွန်းကို ဆိုသည်။

All Chapters