အခန်း ၁၇၈
Vol. 18 Ch. 178
🍏 Chapter 178
"စွန့်ပစ်ခံရတာကို မလိုချင်ဘူး၊ ဒါပေမဲ့လည်း အမြဲတမ်း တစ်ယောက်တည်းပဲ ဖြစ်နေရတာ"
ချန်စစ်ကျယ်က အသံမထွက်သော်လည်း သူ၏ မျက်နှာမှာ သူမ ရှိရာဘက်သို့ စောင်းနေပြီး သူမကမူ သူ့ကို မကြည့်ပေ။
"ရံဖန်ရံခါလည်း ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်၊ အတိတ်တုန်းက အသက်ကို ပဓာနမထားဘဲ အမျိုးမျိုးသော ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့တာ ဘာကို ရည်ရွယ်လို့လဲ၊ တကယ်တော့ ရည်ရွယ်ချက်လည်း မရှိပါဘူး”
“ကိုယ့်ကိုကိုယ် အသက်ရှင်နေသေးတယ်လို့ ခံစားရရုံပါပဲ၊ ကိစ္စတွေရှိလို့ ကျွန်မ ကူညီပေးနိုင်ရင် သွားကူညီပေးလိုက်တာပဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်မက သေရမှာမကြောက်ဘူးလေ"
နောက်တစ်ကြိမ် ဂရုမစိုက်သော အမူအရာသို့ ပြန်လည်ရောက်ရှိသွားပြီး သူမသည် မျက်နှာကို မော့ကာ ကောင်းကင်ကြီးဆီသို့ ဦးတည်ထားလိုက်သည်။
အားကိုးလို့မရသော ခွေးကောင် ချန်စစ်ကျယ်သည် သူမအား ခဏမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ဆိုသည်။
"မင်း ကြုံးဝါးနေတဲ့အချိန်မှာ မျက်လုံးတွေက နီမနေရင် ယုံကြည်နိုင်စွမ်းက ပိုပြီးမြင့်မားလိမ့်မယ်"
သူသည် လူမှုရေးနားမလည်စွာဖြင့် ဤစကားဖြင့် သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။
"...ချန်စစ်ကျယ်၊ ရှင် သတိထားဦး၊ ကျွန်မ စိတ်လိုက်မာန်ပါနဲ့ ရှင့်ကို ဆွဲပြီး ပင်လယ်ထဲ တူတူ ခုန်ချမိလိမ့်မယ်"
ခြိမ်းခြောက်မှုကို ပြုလုပ်နေသော ဝမ်သိုက်သည် ခြိမ်းခြောက်နိုင်စွမ်း လုံးဝမရှိချေ။ မူလက အလွန် ဒေါသထွက်သင့်သော်လည်း နှုတ်ခမ်းထောင့်များကမူ ပင့်တက်သွားပြီး သူမသည် လက်ကို မြှောက်ကာ မိမိ၏ မျက်ဝန်းထောင့်က မျက်ရည်များကို ပွတ်သပ်လိုက်ရင်း ပုခုံးကို လျှော့ချကာ ရေရွတ်သည်။
"ရှင်နဲ့ အကြာကြီး နေမိလို့ ထင်တယ်၊ ကျွန်မက တကယ်ပဲ နှိပ်စက်ခံရတာကို သဘောကျတဲ့ အကျင့်ရှိနေသလိုမျိုး ဖြစ်နေပြီ"
"ဒုက္ခတွေ အများကြီး ခံခဲ့ရတာပဲမလား"
အတည်ပြုစကား ဖြစ်သည်။ သူ၏ အတွေးအခေါ်မှာ သူမထက်ပင် ပိုမို ခုန်ပျံကျော်လွှားနေပြီး ရက်စက်လှပေသည်။ သူမက အတိတ်ကို စာမျက်နှာအသစ် ပြန်လှန်တော့မည့် အချိန်မှာပင် သူက သူမအား နောက်တစ်ကြိမ် ပြန်လည် ဆွဲခေါ်သွားပြန်သည်။
မျက်ရည်များက ဖျတ်ခနဲ လျှံကျလာသဖြင့် ဘယ်လိုမှ ထိန်းချုပ်၍ မရတော့ချေ။။ ဝမ်သိုက်သည် စိတ်လှုပ်ရှားသွားပြီး မျက်နှာကို လွှဲကာ လက်ဖဝါးဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ထားရင်း ရှက်ကိုးရှက်ကန်းဖြင့် မျက်ရည်များကို သုတ်ကာ ဆိုသည်။
"အဲဒီလောက် ကိစ္စလေးက ဘာမှစာမဖွဲ့လောက်ပါဘူး၊ လူအများကြီးလည်း ဒုက္ခခံဖူးကြတာပဲ၊ ဒုက္ခမခံဖူးတဲ့ လူတွေကမှ ကံကောင်းတဲ့သူတွေ ဖြစ်မှာပါ"
"အရင်တုန်းကလည်း အခုလိုမျိုး ကိုယ့်ကိုယ်ကိုယ် မငိုမိအောင် တားဆီးထားခဲ့တာလား၊ ဒါမှမဟုတ် တခြားလူတွေက မင်းထက် ပိုပြီး ဒုက္ခရောက်နေကြလို့ မင်းက ညည်းတွားပိုင်ခွင့် မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တာလား၊ အဲလိုမျိုး ရှိခဲ့ဖူးတယ်မလား"
မေးခွန်းပုံစံ ပေါက်နေသော်လည်း အဆုံးသတ်တွင် အတည်ပြုစကားသာ ဖြစ်သည်။ ချန်စစ်ကျယ်သည် အရာအားလုံးကို သိရှိနေပေသည်။
မျက်ရည်များ တလိပ်လိပ် ကျဆင်းလာရသည့် အဓိပ္ပာယ်ကိုလည်း ခံစားမိသွားပြီး ဝမ်သိုက်သည် ခေါင်းကို ငုံ့ထားကာ အိတ်ကပ်ထဲမှ စက္ကူကို ထုတ်ယူလျက် မျက်နှာပေါ်က မျက်ရည်များကို သုတ်နေမိသည်၊ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မနည်းပင် နှုတ်ခမ်းလှုပ်ကာ အသံထွက်လာသည်မှာ
"ကျွန်မထက် ငါးနှစ်ပိုပြီး အသက်ရှင်ခဲ့တဲ့ အမျိုးသားပီသပါပေတယ်၊ ဒါကိုတောင် ရှင် မြင်သွားတယ်ပေါ့"
ဖြူကောင်လေးတစ်ကောင်ကဲ့သို့ မိမိ၏ ဒဏ်ရာများကို ဝှက်ထားပြီး ကျောပေါ်က ဆူးများဖြင့် မိမိ၏ ဒဏ်ရာကို လာကြည့်မည့်သူအား ဆူးဖြင့် ဆွတ်တတ်သည်။
သို့သော် သူမ၏ ဆူးဖြင့် ဒဏ်ခံလိုက်ရသော ထိုလူကမူ နာကျင်သည်ဟု မခံစားရပေ။
ချန်စစ်ကျယ်သည် လက်ကို ဆန့်ထုတ်ကာ သူမ၏ လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး အားအနည်းငယ် စိုက်လျက် လူကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။ သူသည် သူမအား ပွေ့ဖက်ထားပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေမှုမှာလည်း သူမထက် မနည်းလှချေ။ ပျင်းရိ ငြီးငွေ့ဖွယ် လေသံထဲတွင် နက်ရှိုင်းသော အသံလှိုင်းများ ပါဝင်နေသည်။
"မင်းရဲ့ တွဲဖက်တစ်ယောက်အနေနဲ့၊ ငါ တကယ်ကိုပဲ အားတင်းပြီးတော့ မင်းကို နှစ်သိမ့်မှုတစ်ခု ပေးလိုက်မယ်"
လုံခြုံစိတ်ချရသော ဇုန်ထဲသို့ ဝင်ရောက်သွားသည့်အလား ဝမ်သိုက်သည် လက်များကို ဆန့်ထုတ်ကာ သူ၏ ကျောပြင်ကို ဖက်ထားလိုက်ပြီး တင်းကျပ်စွာ ဖက်ထားစဉ် မျက်နှာကို သူ့ ရင်ခွင်ထဲတွင် မြှုပ်နှံထားကာ ငိုရှိုက်သံများကြားမှ ဝေဝါးသော စကားလုံးများ ထွက်ပေါ်လာသည်။
"ချန်စစ်ကျယ် ရှင်က တကယ်ခွေးကောင်ပဲ..."
ဝမ်းနည်းစရာ ပတ်ဝန်းကျင် အခြေအနေကို ကူးစက်စေနိုင်သကဲ့သို့ မျက်ရည်များကိုလည်း ထိုနည်းတူ ကူးစက်စေနိုင်သည် ဖြစ်နိုင်သည်။ ရင်ခွင်ထဲက စိုစွတ်မှု ခံစားချက်က ချန်စစ်ကျယ်၏ မျက်လုံးထဲသို့ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ရင်ခွင်ထဲတွင် ခန္ဓာကိုယ် တုန်ရီလျက် အသံမထွက်ဘဲ မျက်ရည်ကျနေသော လူကို ပွေ့ဖက်ထားရင်း အကြောင်းရင်းမရှိဘဲ နှာခေါင်း ရှုံ့သွားမိသည်။
ဝမ်သိုက် ရုတ်တရက် ခေါင်းမော့ကာ တစ်ခုခု ပြောချင်လိုက်သည့် အချိန်တွင် မြင်တွေ့လိုက်ရ သည်မှာ မြေခွေးမျက်ဝန်းအစုံ နီမြန်းလျက် မျက်ရည်များ လျှံကျနေသော ချန်စစ်ကျယ် ဖြစ်သည်။
ဖြူစင်အေးစက်သော အရေပြား၏ မျက်ဝန်းထောင့်တွင် နီမြန်းမှုများ ဝိုင်းရံနေပြီး ထူထဲနက်မှောင် သော မျက်တောင်များက စိုစွတ်နေကာ မျက်ဝန်းနက်များကမူ ပို၍ပင် ကြည်လင်နေသည်။ သို့သော် မျက်ရည်စပါးပါးလေးက သူ၏ မူလကပင် အမျိုးသမီးဆန်သောမျက်နှာလေးအား သနားစရာ ကောင်းသော ခံစားချက်မျိုး ပိုမိုဖြစ်ပေါ်စေသည်။
"ဟင်.... ချန်စစ်ကျယ်၊ ရှင်က ငိုတတ်တဲ့ကလေးကြီးလား"
မိမိ၏အသံပင် ပုံမှန်အခြေအနေသို့ ပြန်မရောက်သေးခင်မှာပင် ဝမ်သိုက်သည် အရင်ဆုံး အထက်စီးနေရာသို့ ရောက်ရှိသွားပြီး ရှေ့ကလူ၏အားနည်းချက်ကို မိမိက ဆုပ်ကိုင်ထားနိုင်ပြီဟု ထင်မှတ်ကာ နှုတ်ခမ်းထောင့်များကို ပင့်တင်လျက် မျက်လုံးများ ကွေးသွားအောင် သူခိုးပြုံး ပြုံးလိုက်ရင်း ဖုန်းကို ထုတ်ကာ ချန်စစ်ကျယ်ကို ဓာတ်ပုံရိုက်တော့မည်။
"ရှင့်ရဲ့ ဒီရုပ်ဆိုးဆိုးပုံစံကို မှတ်တမ်းတင်ထားရမယ် ဟီးဟီးဟီး..."
ဖြစ်နိုင်သည်မှာ ကလေးကလားဆန်မှုကလည်း ကူးစက်တတ်သော စွမ်းရည်ရှိပုံရသည်။ ချန်စစ်ကျယ်သည် တွန့်ဆုတ်ခြင်းမရှိဘဲ လက်ကို ဆန့်ထုတ်ကာ သူမ၏ ဖုန်းကို လုယူလိုက်ပြီး လွန်ခဲ့သော စက္ကန့်ပိုင်းကမှ ရင်ဖွင့်နေခဲ့ကြသော လူကြီးနှစ်ယောက်သည် ဤအခိုက်အတန့်တွင် ကလေးငယ်များ ဖြစ်သွားကြပြန်သည်။
အရပ်အမောင်း အားနည်းချက်နှင့် ခွန်အား အားနည်းချက် ရှိနေသော ဝမ်သိုက်သည် မိမိ၏ ဖုန်းကို လုယူခြင်း ခံလိုက်ရသည်ကိုသာ ငေးကြည့်နေရရှာသည်။ မူလက သူမသည် လတ်တလော ဖျက်ဆီးထားသော အထဲမှ ဓာတ်ပုံကို ပြန်လည် ဆယ်ယူနိုင်သည်ဟူသော တွက်ကိန်းကို တွက်ချက်နေသော်လည်း ဤတွက်ကိန်းကို တွက်ချက်နေရင်းနှင့်ပင် သူမသည် ယခုနှစ်အစပိုင်းက ဖုန်းထဲသို့ ရိုက်ထည့်ထားခဲ့သော ဓာတ်ပုံတစ်ပုံကို ရုတ်တရက် သတိရသွားမိသည်။
ထိုမက်မွန်ပွင့်မျက်ဝန်း အစုံမှာ တဖြည်းဖြည်း ဝိုင်းစက်သွားပြီး မူလက အလွန်အမင်း လုယူချင်စိတ် မရှိလှသော လူသည် ရုတ်တရက် အနိုင်လိုချင်စိတ် ပြင်းထန်လာကာ ခြေဖျားထောက်လျက် လက်ကို ဆန့်ထုတ်ကာ ချန်စစ်ကျယ်၏ လက်ထဲမှ ဖုန်းကို ပြန်လည် လုယူရန် ကြိုးစားသော်လည်း
"မင်း တကယ်ပဲ ငါ့ကို ခိုးချစ်နေတာ မဟုတ်ပါဘူးနော်"
သူမ၏ ဖုန်းကို ကိုင်ထားသော လူသည် လက်ကို အခြားတစ်ဖက်သို့ အလွယ်တကူပင် ရှောင်ဖယ်လိုက် သဖြင့် သူမကို လက်ဗလာ ဖြစ်သွားစေကာ အနည်းငယ် ငုံ့ထားသော မျက်နှာပေါ်တွင် သံသယများ ပြည့်နှက်နေသည်။
အတိတ်ကကဲ့သို့ စနောက်သော အမူအရာမျိုး မဟုတ်ပေ။
ဝမ်သိုက်၏ စိတ်ထဲတွင် တစ်ဝက်ခန့် အေးစက်သွားရချေပြီ။
ချန်စစ်ကျယ်က ဤသို့ ထင်မှတ်သည်မှာလည်း အပြစ်ပြောစရာမရှိချေ။ မည်သူမဆို အခြားလူတစ်ယောက်၏ ဖုန်းကို ရရှိပါက မူလက ဖျက်သင့်ဖျက်ထိုက်သော ဓာတ်ပုံအချို့ကိုသာ ဖျက်ပစ်ချင်ရုံ ရှိသော်လည်း အလွန်ပင် ဟောင်းနွမ်းလှသော မိမိ၏ ဓာတ်ပုံတစ်ပုံ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။ ဓာတ်ပုံထဲက မိမိမှာ အိပ်ပျော်နေဆဲ ဖြစ်သည်။
ကြည့်ရသည်မှာ လွန်ခဲ့သော လအနည်းငယ်ခန့်က သူတို့ လီမိသားစုဆီမှ ထွက်ခွာပြီး ဆေးရုံသို့ သွားခဲ့ကြသည့် နေ့က ဖြစ်တန်ရာသည်။ သူမက သူ့ထက် အရင်နိုးလာသဖြင့် ခိုးရိုက်ထားခြင်း ဖြစ်ပေသည်။
ဝမ်သိုက်သည် စိတ်ရင်းမှန်ဖြင့် ပြည့်နှက်နေသည်ဟု မိမိဘာသာ ထင်မှတ်ထားသော မျက်လုံးများဖြင့် ချန်စစ်ကျယ်ကို ကြည့်ကာ ရှင်းပြသည်။
"ကျွန်မ နောက်ပြောမယ့် စကားတွေက တကယ်ပဲ ဆင်ခြေပေးတာ မဟုတ်ပါဘူး... အဲဒီနေ့က အဓိကက ရှင် အိပ်ပျော်သွားပြီး ကျွန်မခေါင်းပေါ်ကို ရုတ်တရက် ဖိမိသွားလို့၊ ရှင့်ရဲ့ ရုပ်ဆိုးတဲ့ ပုံတစ်ပုံ ခိုးရိုက်ထားလိုက်တာပါ၊ နောက်တော့လည်း ဖျက်ဖို့ မေ့သွားတာ"
ဒီကောင်၏ အရုပ်ဆိုးသောပုံကို ရိုက်ကူးခြင်းက ဖန်ဆင်းရှင် နတ်ဘုရားမ၏ ဘက်လိုက်မှု လက်ရာတစ်ခုကို ရိုက်ကူးမိလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။
နှမြောစရာကောင်းသည်မှာ သူမ၏ လက်ရှိ အမူအရာနှင့် လှုပ်ရှားမှု အားလုံးကို ချန်စစ်ကျယ်က ရှက်ကိုးရှက်ကန်းဖြင့် ဆင်ခြေပေးနေခြင်းသာ ဖြစ်သည်ဟု သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
အမျိုးသားသည် လက်ထဲက ဖုန်းကို ဂရုမစိုက်သလို ကစားနေပြီး မျက်ခွံများကို အောက်သို့ ချထားလျက် မျက်ဝန်းထဲတွင် တွေးတောမြော်မြင်မှုများ ပါဝင်ကာ သူမအား စောင်းငဲ့ကြည့်နေသည်။ အတော်ကြာမှ သူက အင်း ဟုတစ်ချက် အသံပြုကာ ဖုန်းကို ဝမ်သိုက်ထံ ပြန်လည် ပေးအပ်လိုက်သည်။
"ခိုးချစ်နေတာကို တည့်ပြောလို့ ရပါတယ်၊ ငါ မင်းကို လှောင်ပြောင်မှာ မဟုတ်ဘူး"
ဖုန်းကို ပြန်လည် လက်ခံရရှိသော ဝမ်သိုက်သည် သွေးအန်ချင်စိတ် ပေါက်သွားရသည်။ ပို၍ ဆိုးသည်မှာ မျက်ခွံကို ပင့်လိုက်ရာ ဆုံတွေ့လိုက်ရသော ထိုမြေခွေးမျက်ဝန်း အစုံထဲတွင် သူမ ထင်မှတ်ထားသည့် စနောက်လိုသော အမူအရာကို ရှာမတွေ့ဘဲ အနည်းငယ် တည်ကြည်သော အရိပ်အယောင်များကိုသာ တွေ့ရှိရခြင်းဖြစ်သည်။
သက်ပြင်းတစ်ချက် အရင်ဆုံး ပါးစပ်မှ ထွက်သွားပြီး ဝမ်သိုက်၏ပုခုံးများက အောက်သို့ ကျဆင်းသွားကာ ဖုန်းကို မိမိအိတ်ကပ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်ရင်း အခြားရွေးချယ်စရာမရှိဘဲ ဆိုသည်။
"ရှင်က ကျွန်မကို ခိုးချစ်စေချင်နေတာလား၊ စိတ်ချ၊ ကျွန်မ ဒီလို အရေးကြီးတဲ့ အချိန်အခါမှာ ‘ ကျွန်မ ရှင့်ကို ကြိတ်ပြီးချစ်နေတာသိလား၊ ကျွန်မရှင့်ကို သဘောကျတယ်' ဆိုတဲ့ စကားတစ်ခွန်းကို ရုတ်တရက် ထုတ်ပြောမှာ မဟုတ်ပါဘူး”