အခန်း ၁၇၉
Vol. 18 Ch. 179
🍏 Chapter 179
“ပြီးတော့အမှုရင်ဆိုင်ဖို့ ကျွန်မက ရှင့်ကိုပဲ အားကိုးရမှာလေ၊ အခုလို အချိန်မျိုးမှာ ဒီလိုကိစ္စမျိုး လုပ်တဲ့သူတွေက အများအားဖြင့် ဈေးအလွန်အမင်း လျှော့ချချင်လို့ ဒါမှမဟုတ် အလကား ရချင်လို့ပဲ ဖြစ်မှာပါ၊ စိတ်ချပါ၊ ကျွန်မက အဲလိုလူစားမျိုး မဟုတ်ဘူး"
သူမသည် မိမိ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး အလွန်ပင် ပေါ့ပါးသွက်လက်သော အရှိန်အဝါမျိုးကို ဖန်တီးလိုက်သည်။
သို့သော် သူမ အရှိန်အဝါမှာ ကြာရှည် မခံနိုင်ခဲ့ချေ၊ အကြောင်းမူကား နောက်တစ်စက္ကန့်တွင် ချန်စစ်ကျယ်က သူမ အရှိန်အဝါကို ဖျက်ဆီးပစ်မည့် စကားလုံးများကို ပစ်လွှတ်လိုက်သောကြောင့် ဖြစ်သည်။
"မင်းက အခုလည်း တစ်ခါပြန်ပြီး ငါ့အတွက် ထည့်သွင်းစဉ်းစားပေးနေပြန်ပြီ... မင်း ငါ့ကို ခိုးချစ်နေတာကို ငါ သံသယမဝင်ဘဲနေဖို့က တကယ်ခက်တယ်"
ဝမ်သိုက်သည် လက်ရှိအချိန်တွင် လူဆိုတာ အသက်ရှင်နေဖို့ မလိုအပ်ပါဘူးဟူသော ခံစားချက်မျိုး အမှန်အကန် ပေါ်ပေါက်လာရသည်။
သူမသည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ထားလိုက်ပြီး ရုန်းကန်မှုကို စွန့်လွှတ်လိုက်သကဲ့သို့ နောက်သို့ ဆုတ်ကာ ဆိုင်ကယ်ပေါ်တွင် မှီထားရင်း ခေါင်းကို စောင်းလျက် မျက်လုံးများကို မှေးကာ သူ့ကို ကြည့်ပြီး မိမိကိုယ်ကိုယ် အရှုံးပေးသည့် လေသံဖြင့် ဆိုသည်။
"ရှင်က အဲ့လို ထင်မြင်ချင်ရင်လည်း ရှင့်သဘောပါပဲ၊ ဒါဆိုရင် ရှင် ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ကျွန်မပြောပေးရင် ရပြီမလား၊ ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ ကျွန်မက ရှင့်ကို ခိုးချစ်နေတာ၊ ကျွန်မက ရှင့်ကို သဘောကျနေတာ ကြာပြီ၊ ရှင် ကျွန်မနဲ့ တွဲမလား"
ဆက်တိုက်ဖြစ်သော စကားလုံးများသည် တဒိုင်းဒိုင်းနှင့် အပြင်သို့ ပစ်လွှတ်လိုက်သည်မှာ မရပ်မနား ကျည်ဆန်များ ပစ်ခတ်နေသော စက်သေနတ်တစ်လက်ကဲ့သို့ ဖြစ်သည်။
သို့သော် ချန်စစ်ကျယ်သည် ဒဏ်ရာမရရှိခဲ့ဘဲ သူမ၏ ကျည်ဆန်များကို ပြန်လည် လက်ခံရရှိခဲ့သည်။
အမျိုးသားသည် ကိုယ်နေဟန်ထားကြောင့် ခရမ်းလွန်ရောင်ခြည်နှင့် လျော့ပါးနေသော အလင်းရောင်များကို ဘေးစောင်းနောက်ဘက်တွင် ခံယူထားပြီး အရိပ်များက သူ၏ မျက်နှာကို ပုံဖော်ထားကာ ဆံပင်စလေးများသည် တိုက်ခတ်လာသော ပင်လယ်လေပြေကြောင့် လွင့်ပျံနေသည်။
နက်မှောင်သော မျက်ဝန်းအစုံက သူမနှင့် အတော်ကြာအောင် ဆုံတွေ့နေပြီးနောက်
"ကောင်းပြီ"
ကောင်းပြီ ဟုတ်လား။
အဖြေသည် ဝမ်သိုက်၏တွက်ချက်မှုထဲတွင် မရှိခဲ့ချေ။ ဤကဲ့သို့ မျှော်လင့်မထားသော စကားလုံးတစ်ခွန်းအတွက် သူမ ရင်ဘတ်ပေါ်တွင် ပိုက်ထားသော လက်များသည် ဖြည်းညှင်းစွာ ကျဆင်းသွားပြီး မျက်လုံးများကလည်း တဖြည်းဖြည်း ယုံကြည်နိုင်စွမ်းမရှိသည့် အသွင်သို့ ပြောင်းလဲသွားသည်။
"ရှင် ဘာပြောနေလဲဆိုတာ ရှင် သိရဲ့လား"
သူမ မျက်ဝန်းထဲက ထိတ်လန့်တုန်လှုပ်မှုများကို ချန်စစ်ကျယ်က လွတ်သွားစေခြင်းမရှိဘဲ အမျိုးသားသည် လက်ချောင်းများကို လှုပ်ရှားလိုက်ကာ ရုတ်တရက် ခန္ဓာကိုယ်ကို လှည့်လျက် ဘေးစောင်းမျက်နှာဖြင့် သူမအား မျက်နှာမူလိုက်ပြီး ဆိုင်ကယ်ကို ပုတ်ကာ လေသံက ရုတ်တရက် အေးစက်သွားသည်။
"မင်းကို နောက်လိုက်တာပါ၊ တက်"
စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး ဝမ်သိုက်သည် ပြုံးရွှင်မှုကို ပြန်လည် ဖန်တီးလိုက်ကာ သူ တက်သွားပြီးနောက် ဦးထုပ်ဆောင်းကို ဆောင်းလိုက်ရင်း အသံကို ဦးထုပ်ဆောင်းက မဖုံးကွယ်မိခင်မှာပင် ပါးစပ်ကို ဟလိုက်သည်။
"ရှင့်မှာ ဒီလိုမျိုး မကောင်းတဲ့ ဝါသနာ ရှိလိမ့်မယ်လို့ မထင်ထားဘူး ချန်စစ်ကျယ်၊ ကျွန်မ လန့်သေတော့မလို့"
သူမသည် အတိတ်ကကဲ့သို့ပင် ရှေ့ထိုင်ခုံက လူကို ဖက်တွယ်ကာ အားယူပြီး ဆိုင်ကယ်ပေါ်သို့ တက်လိုက်ပြီးနောက် လာစဉ်ကကဲ့သို့ပင် သူ့ ခါးကို ဖက်ထားလိုက်သည်။
သူမကတော့ စိတ်ထဲတွင် ကိစ္စရပ်များကို အလေးမထားဘဲ ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်ပြီး အခြားတစ်ယောက်ကမူ ရှုပ်ထွေးပွေလီနေသော မိမိ၏စိတ်နှလုံးကို တစ်ယောက်တည်း ရှင်းလင်းနေရရှာသည်။
တကယ်တော့ စိတ်ထဲတွင် ကိစ္စရပ်များကို အလေးမထားသော လူ၏ ရင်ထဲတွင်လည်း ကိစ္စရပ်များ စုစည်းနေပေသည်။
ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် ဝမ်သိုက်သည် ရေချိုးခြင်းမှသည် ကုတင်ပေါ်တွင် လှဲလျောင်းနေသည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် အခြားအခန်းထဲက လူအကြောင်းကိုသာ တွေးတောနေမိသည်။
ချိုးခို၏ စီးပွားရေး အခြေအနေကို ထည့်သွင်းစဉ်းစားပေးသော်လည်း သူမဖြစ်စေ၊ ချန်စစ်ကျယ်ဖြစ်စေ တည်းခိုမည့် ဟိုတယ်ပတ်ဝန်းကျင် လိုအပ်ချက်မှာ မနိမ့်လှသဖြင့် ဟိုတယ်တစ်ခု၏ အခန်းတွဲကိုသာ ရှာဖွေပြီး တည်းခိုခဲ့ကြခြင်း ဖြစ်သည်။ ချန်စစ်ကျယ်သည် သူမအခန်း၏ ဆန့်ကျင်ဘက် အခန်းထဲတွင် ရှိနေသည်။
ကျောပြင်၏ နူးညံ့မှုက သူမအား ဆီးကြိုနေပြီး အကြာကြီး ဖွင့်ထားသော မျက်လုံးများသည် မျက်နှာကြက်နှင့် ဆုံတွေ့နေဆဲ ဖြစ်သည်။
တကယ်တော့ ချန်စစ်ကျယ်က "ကောင်းပြီ" ဟု ပြောလိုက်သည့် အချိန်တွင် သူမ၏ နှလုံးခုန်သံမှာ အလွန်ပင်မြန်ဆန်ခဲ့သည်။
သူက စကားပြန်ပြင်လိုက်ပြီးနောက်တွင်မူ အကြောင်းရင်းမရှိဘဲ စိတ်ပျက်မှုကို ခံစားလိုက်ရပြန်သည်။
သူမသည် စောင်ကို ဆွဲယူကာ မိမိကိုယ်ကိုယ် ဖုံးအုပ်ထားလိုက်ပြီး ရှည်လျားစွာဖြင့် အား ဟု အော်ဟစ်လိုက်မိသည်။
တကယ်ပဲ ဆိုးရွားလှပေသည်။
နေ့ရက်များသည် ယခင်အတိုင်းပင် သိပ်ပြီးကွာခြားမှုမရှိလှချေ။ တစ်ခုတည်းသော ပိုမိုထင်ရှားသည့် ပြောင်းလဲမှုကမူ ဝမ်သိုက်သည် မသိမသာဖြင့် ချန်စစ်ကျယ်ကို ရှောင်ဖယ်နေခြင်း ဖြစ်သည်။
ကံကြမ္မာကလည်း သူမ၏ ဆန္ဒအတိုင်း လိုက်လျောပေးသည့်အလား ဆက်တိုက်ဆိုသလို အချိန်အတော်ကြာအောင် ရှင်းလင်းရမည့် အလုပ်အပ်သည့်ကိစ္စရပ်မျိုး လုံးဝပေါ်ပေါက်မလာခဲ့ချေ။ ချန်စစ်ကျယ်သည်လည်း သူ၏ရှေ့နေအလုပ်ထဲတွင် ပြန်လည်နစ်မြုပ်နေသဖြင့် အားလုံးက ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ခင်က ဘဝထဲသို့ ပြန်လည်ရောက်ရှိသွားကြသည့်ပုံစံ ဖြစ်နေသည်။
သူတို့သည် မူလကတည်းက ကမ္ဘာနှစ်ခုက လူသားများဖြစ်ကြပြီး တူညီသော လမ်းကြောင်းတစ်ခုပေါ်တွင် လျှောက်လှမ်းနေကြခြင်း မဟုတ်ပေ။
ဆိုဖာပေါ်တွင် လှဲလျောင်းလျက် မျက်နှာကြက်ကို ကြည့်ကာ ငေးငိုင်နေသော ဝမ်သိုက်သည် အသိစိတ်လွင့်မျောနေရင်း လက်ထဲက ပေါင်မုန့်ကို ရံဖန်ရံခါမှသာ သွားဖြင့် ကိုက်ဖဲ့စားနေမိသည်။
ဝမ်းနည်းပက်လက်ဖြစ်မှုများကြားမှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီဖြစ်သော ချင်ယန်သည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ အဝတ်အစားများကို လျှော်ဖွတ်ကာ အပြင်ဘက်တွင် လှန်းထားပြီးနောက် ပြန်လည်လျှောက်လှမ်းလာပြီး ဝမ်သိုက်၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။ သူမသည် ဝမ်သိုက် လက်ထဲတွင် ဆုပ်ကိုင်ထားသော ပေါင်မုန့်ကို တစ်ချက်ကြည့်လိုက်ပြီး ဆုံးမလိုသော ဗီဇက ပေါ်ထွက်လာသည်။
"ဒီလို ပေါင်မုန့်တွေကို နည်းနည်းပဲ စားစမ်းပါ၊ သကြားတွေ အများကြီး ပါတယ်၊ ခန္ဓာကိုယ်နဲ့ အရေပြားအတွက် မကောင်းဘူး၊ ဘာတွေ တွေးနေတာလဲ"
ဆုံးမစကားကို ဝမ်သိုက်က အရေးမစိုက်ဘဲ နောက်ဆုံးမေးခွန်းကိုသာ ဆွဲကိုင်လျက် မျက်တောင်များကို ပုတ်ခတ်ကာ ကြောင်တောင်တောင်ဖြင့် ပါးစပ်ဟလိုက်သည်။
"ပညာအရည်အချင်းလည်းမရှိ၊ ပိုက်ဆံလည်း အများကြီးမရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ပိုက်ဆံလည်းရှိ၊ ရုပ်လည်းချော၊ ပညာအရည်အချင်းလည်းရှိပြီး ပါရမီလည်းရှိတဲ့ အမျိုးသားတစ်ယောက်က သိပ်ပြီးမလိုက်ဖက်ဘူးမလား”
“ရှေ့ကလူက အထက်တန်းကျောင်းတောင် မပြီးခဲ့ဘူး၊ ထုတ်ပြစရာဆိုလို့ အလယ်တန်းအောင် လက်မှတ်ပဲ ရှိတာ၊ နောက်ကလူကတော့ နိုင်ငံခြားပြန်၊ အသက်ငယ်ငယ်လေးနဲ့ တခြားလူတွေ သုံးလေးဆယ်အရွယ်မှ ရောက်နိုင်မယ့် ရာထူးနေရာကို ရောက်နေတာ"
ချင်ယန်သည် ကိုယ်ကို မတ်လိုက်ပြီး နားထောင်ပေးသူတစ်ယောက်၏ အမူအရာမျိုးဖြင့် ဝမ်သိုက်၏ မျက်လုံးများကို သေချာစိုက်ကြည့်ကာ စကားအဆုံးတွင် ညင်သာစွာ ဆိုသည်။
"ညီမလေးပြောနေတာ ချန်စစ်ကျယ်အကြောင်းမလား"
တစ်ချက် တုံ့ဆိုင်းသွားပြီး မသိစိတ်က ငြင်းဆန်ချင်သော အပြုအမူကို ဝမ်သိုက်က အတင်းအဓမ္မ ဖိနှိပ်ထားရင်း ခေါင်းငြိတ်ပြလိုက်သည်။
ချင်ယန်သည် မျက်လုံးလေးများ ကျဥ်းမြောင်းသွားအောင် ပြုံးလိုက်ရာ မျက်ဝန်းထောင့်တွင် အရေးအကြောင်းများ ပေါ်ထွက်လာသည်။ ပါးပြင်ပေါ်က အရေးအကြောင်းများမှာ ယခင်အတိုင်း ရှိနေဆဲဖြစ်သော်လည်း ရင့်ကျက်သော နူးညံ့မှုကို ဖော်ဆောင်နေသဖြင့် ဝမ်သိုက်သည် ဤအခိုက်အတန့်တွင် ရုတ်တရက် သဘောပေါက်သွားရသည်။ သူမထက် ပိုမိုအသက်ရှင်ခဲ့သော ဤနှစ်များသည် အလကားသက်သက် မဟုတ်ပါပေ။
"အစ်မ အမြင်ကတော့ နင်က ချန်စစ်ကျယ်ထက် ဘာမှနိမ့်ကျတဲ့အချက် မရှိပါဘူး၊ အစ်မ အပြင်ထုတ်မပြောခဲ့ပေမဲ့ တကယ်တော့ နင်တို့နှစ်ယောက်က အရမ်းလိုက်ဖက်တယ်လို့ အမြဲတွေးနေတာ၊ ညီမလေးရာ... နင်က ပညာအရည်အချင်းချင်း မနှိုင်းယှဉ်နိုင်တာရယ်၊ မိသားစုနောက်ခံချင်း မယှဉ်နိုင်တာရယ်ကလွဲရင် သူ့ထက်နိမ့်ကျတဲ့ တခြားအချက်ရှိသေးလို့လား"
မိမိ၏ အားသာချက်ကို ရှာဖွေပြီး ယုံကြည်မှု ပြန်လည်ရရှိစေရန် ချင်ယန်က လမ်းညွှန်ပေးနေခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိသော်လည်း ဝမ်သိုက်သည် ခဏမျှ စဉ်းစားပြီးနောက် စိတ်နှိမ့်ချစွာဖြင့် ဆိုသည်။
"ညီမက ရုပ်ရည်လည်း သူ့လောက် မခန့်ညားဘူးထင်တယ်"
"ရုပ်ရည်ဆိုတာ အရေးမကြီးဆုံးအရာပဲ၊ အရမ်းကြီး အရုပ်ဆိုးမနေရင် ရပြီ၊ ဒါ့အပြင် စိတ်နေသဘောထားချင်း လိုက်ဖက်ပြီး စီးပွားရေးအခြေအနေချင်း တူညီနေရင် အဲဒါ လုံလောက်ပါပြီ”
“ပိုလို့တောင် ပြောရရင် နင်က ဘယ်လောက်တောင် လှပလဲ၊ ညီမလေးနဲ့ ချန်စစ်ကျယ်က တစ်မျိုးစီ လှပ ခန့်ညားကြပါတယ်" ချင်ယန်က သူမအား စိတ်ရှည်လက်ရှည် အားပေးစကား ဆိုသည်။
ခဏမျှ ရပ်တန့်သွားပြီး သူမ၏ နှုတ်ခမ်းများသည် တုံ့ဆိုင်းစွာဖြင့် ရေရွတ်ပြီးနောက် ဟလာသည်။
"ပိုလို့တောင် ပြောရရင် ညီမလေးကိုယ်တိုင်က ပညာအရည်အချင်း အမြင့်ကြီး မလိုချင်ခဲ့တာ မဟုတ်ဘူးလေ၊ ငယ်ငယ်တုန်းက အိမ်မှာ ကိစ္စမဖြစ်ခဲ့ရင် ညီမလေးက ချန်စစ်ကျယ်နဲ့ ဂုဏ်ဒြပ်ချင်း တန်းတူရည်တူဖြစ်မှာပဲ၊ အခုလိုမျိုး အထက်တန်းကျောင်းအောင်လက်မှတ်တောင် မရှိတဲ့အဆင့်အထိ လျှောကျသွားမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ဒီကမ္ဘာမှာ တခြားလူတွေ အများကြီးရှိပါသေးတယ်၊ အစ်မငယ်ငယ်တုန်းကလို ပြည့်စုံတဲ့ မိသားစုနောက်ခံမျိုး မရှိကြဘူး၊ သူတို့ထဲမှာ သာမန်မိသားစုတွေရှိသလို ပိုပြီးဆင်းရဲတဲ့ မိသားစုတွေလည်း ရှိကြတယ်၊ ဒါပေမဲ့ သူတို့လည်း ကိုယ့်ဘဝရဲ့ ကံကြမ္မာဆိုးတွေကို ရင်ဆိုင်ကြရတာပဲ၊ လက်ရှိရလဒ်ကသာ အစစ်အမှန်ဖြစ်ပြီး အတိတ်ကအရာတွေက အတိတ်မှာကျန်ခဲ့ပါပြီ"