အခန်း ၁၈၀
Vol. 18 Ch. 180
🍏 Chapter 180
ဝမ်သိုက်သည် ဆံပင်များကို ကုတ်လိုက်ပြီး ပေါင်မုန့်ကို ကိုင်ထားသော လက်ဖြင့် ပေါင်မုန့်ကို နောက်တစ်ကြိမ် ပါးစပ်ထဲသို့ ထည့်ကာ ကိုက်ဖဲ့ဝါးစားနေမိသည်။ သူမ၏ မျက်ခုံးအစုံမှာလည်း မသိစိတ်က တင်းကျပ်စွာ စုစည်းသွားသည်။
ဆိုဖာပေါ်တွင် မှီထားရင်း မျက်မှောင်ကုတ်ကာ အလေးအနက် တွေးတောနေသော လူကို ကြည့်ပြီး ချင်ယန်၏ အကြည့်သည် ဝမ်သိုက်၏ ထိုလှပသော မျက်နှာလေးပေါ်တွင် ဝေ့ဝိုက်နေကာ စိတ်ထဲက သံသယများက ပြင်းထန်လှပေသည်။ ဤမျှ လှပသော မိန်းကလေးတစ်ယောက်က မိမိကိုယ်ကိုယ် ဘာကြောင့် အထင်မကြီးရသလဲဆိုသည်ကို နားမလည်နိုင်ချေ။
သူမသည် လက်ကို ဆန့်ထုတ်ကာ ဝမ်သိုက် ပေါင်ပေါ်တွင် တင်လျက် ပေါ့ပေါ့ပါးပါး ပုတ်ပေးရင်း သက်ပြင်းချသည်။
"ကဲ... ညီမလေး၊ နင်က ဘာလို့ ဒီလောက်တောင် တွေးတောရခက်နေရတာလဲ၊ အချစ်ရေးမှာ အရေးကြီးဆုံးက တစ်ယောက်ကိုယ်တစ်ယောက်ချစ်ဖို့ပဲလေ၊ မချစ်တဲ့လူနှစ်ယောက်ဆိုရင်တော့ ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့ ဒီလိုကိစ္စတွေကို ထည့်သွင်းစဉ်းစားတာက ထားပါတော့”
“ အတူတူ အခြေချနေထိုင်ဖို့ဆိုရင် ဘက်စုံအခြေအနေတွေကို ကြည့်ရမှာ သေချာပေမဲ့ လူကျင့်ဝတ်နဲ့ စိတ်နေသဘောထားကလည်း ဘက်စုံအခြေအနေထဲက အလွန်အရေးကြီးတဲ့ အချက်ပဲလေ၊ အစ်မအမြင်ကတော့ ညီမလေးက လုံလောက်အောင် ကောင်းမွန်နေပါပြီ"
ချင်ယန်၏ နှစ်သိမ့်မှုက ဝမ်သိုက်အပေါ်တွင် သက်ရောက်မှုမရှိခဲ့ဘဲ သူမသည် နည်းလမ်းမျိုးစုံဖြင့် ချန်စစ်ကျယ်အား ရှောင်ဖယ်နေဆဲဖြစ်သည်။
ချန်ဝမ်ခန်းနှင့် ချီယာတို့က သူမအား အိမ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခြင်းကိုပင် သူမက အကုန်ငြင်းပယ်ခဲ့ပြီး WeChat ပေါ်က ဆက်သွယ်မှုအားလုံးသည်လည်း ရုံးလုပ်ငန်းကိစ္စများနှင့်သာ သက်ဆိုင်သည်။ သူတို့ နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ကြခြင်းမှာ ရုံးချိန်း သည့်နေ့တွင် ဖြစ်သည်။
ဆောင်းဦးရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း နွေရာသီ၏အပူချိန်အတိုင်း ရှိနေဆဲ ဖြစ်သည်။
တရားရုံးသို့ သွားရန်အတွက် ချန်စစ်ကျယ်က သူမအား ကားဖြင့် လာရောက်ကြိုဆိုခဲ့ပြီး ကားပေါ်က ထူးဆန်းသော တိတ်ဆိတ်မှုသည် တရားရုံးအပြင်ဘက်အထိ ဆက်လက်တည်ရှိနေသည်။
"မင်း အခုတလော အရမ်းအလုပ်ရှုပ်နေတာလား"
အေးစက်မှုကို စတင်ဖြိုခွဲလိုက်သူမှာ ချန်စစ်ကျယ်ဖြစ်သဖြင့် တကယ်ပဲ ထူးဆန်းလှပေသည်။
ဘာကြောင့်မှန်းမသိဘဲ တဖြည်းဖြည်းနှင့် ချန်စစ်ကျယ်ကို တည့်တည့်စိုက်ကြည့်ရန် ရှက်ကိုး ရှက်ကန်းဖြစ်လာသည့်အဆင့်သို့ ရောက်ရှိလာသဖြင့် အဆင်မပြေဖြစ်နေသော ဝမ်သိုက်သည် မိမိ လက်မောင်းကို ပွတ်သပ်ရင်း မျက်နှာကို လွှဲကာ အကြည့်များကို ဝေဝါးထားလျက် ခြောက်ကပ်ကပ် နှစ်ချက် ရယ်မောကာ ဆိုသည်။
"တကယ်လို့ အရမ်းအလုပ်ရှုပ်နေရင် ရှင့်ကို မကြာခဏခေါ်ပြီး ကိစ္စတွေ သွားရှင်းခိုင်းမှာပေါ့၊ အခုတလောကတော့ ရှင်းလင်းရမယ့် ကိစ္စအသေးအဖွဲလေးတွေပဲ ရှိတာပါ၊ အရမ်းအလုပ်ရှုပ်တယ်လို့ မဆိုနိုင်ပါဘူး၊ ရှင်သာ အရမ်းအလုပ်ရှုပ်နေတာမလား၊ ရှင့်ရဲ့ ရှေ့နေရုံးကိစ္စတွေနဲ့ပဲ အမြဲအလုပ်ရှုပ်နေတာမလား"
သူက “အင်း” ဟု တိုတောင်းစွာ အဖြေပေးလိုက်သည်။
အတိတ်က ကတ်ကတ်လန်အောင် ရန်ဖြစ်ခဲ့ကြသည်များမှာ ယခုအခါတွင်မူ အဆင်မပြေဖြစ်ပြီး အပေါ်ယံဆန်သော နှုတ်ဆက်စကားများ ဖြစ်သွားရချေပြီ။
တရားရုံးအတွင်းပိုင်းသို့ လျှောက်လှမ်းနေသော လမ်းခရီးတွင် လူနှစ်ယောက်လုံးက ကိုယ်စီ စိတ်ကူးများ ရှိနေကြသော်လည်း ဟဲရှောက်ယန်၊ စွေ့လင်နှင့် ချင်ယန် သုံးယောက်ကမူ အေးအေးလူလူပင် စကားတပြောပြောဖြင့် လိုက်ပါလာကြသည်။
အမှုနှင့် ပတ်သက်နေသော လူများသည် နိုင်ငံခြားသို့ ထွက်ပြေးရန် အခွင့်အရေးပင် မရရှိခဲ့ကြချေ။ တရားခွင်ပေါ်တွင် ဝမ်သိုက်သည် မိမိ၏ မိဘများကို နာကျင်အောင် လုပ်ခဲ့ကြသော ထိုလူအချို့ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။
အမျိုးသားအချို့မှာ ဝဖြိုးမှုပမာဏ မတူညီကြသော်လည်း အားလုံးကဝဖြိုးနေကြသည်။ ထိပ်ပြောင်ခြင်းမှာ အဓိကအမှတ်အသားကဲ့သို့ ဖြစ်နေပြီး ပစ္စည်းဥစ္စာများဖြင့် ပျိုးထောင်ထားသော အရှိန်အဝါမှာ အချိန်အကြာကြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့်တိုင်အောင် ရှိနေဆဲဖြစ်သည်။
သို့သော် မျက်ဝန်းအောက်က ညိုမည်းမှုများနှင့် အသိစိတ်မဲ့နေသော မျက်လုံးများက သူတို့ ခံစားနေရသည့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများကို ဖော်ပြနေသည်။
တစ်ဖက်လူက ငှားရမ်းထားသော လျှောက်လဲချက် ရှေ့နေ၏ရည်ရွယ်ချက်မှာလည်း ပြစ်မှုမှ ကင်းလွတ်ရန် မဟုတ်သည်မှာ သိသာလှပေသည်။ ဘာပဲဖြစ်ဖြစ် သက်သေအထောက်အထားများက ခိုင်မာလွန်းပြီး ပြည့်စုံလွန်းသောကြောင့် ဖြစ်သည်။ ထိုလူများအတွက် ပြစ်ဒဏ်လျှော့ပေါ့ရန် ကြိုးပမ်းခဲ့သော်လည်း ချန်စစ်ကျယ်ကဲ့သို့ လှံကဲ့သို့ ထိုးဖောက်တတ်သော ရှေ့နေမျိုး ရှိနေသဖြင့် လုံးဝမဖြစ်နိုင်ပေ။
လုပ်ငန်းစဉ်တစ်ခုလုံးတွင် ဝမ်သိုက်သည် စိတ်ခံစားချက် တည်ငြိမ်သော အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ချန်စစ်ကျယ်က ကိုယ်စားလှယ်အဖြစ် ရှိနေသဖြင့် သူမအနေဖြင့် စိုးရိမ်ပူပန်နေစရာ မလိုပါပေ။
ပြည်တွင်းတွင် အယူခံနှစ်ကြိမ်ဖြင့် အပြီးသတ် ဆုံးဖြတ်သည့် စနစ်ကို ကျင့်သုံးသော်လည်း ဤကဲ့သို့သော အမှုမျိုးအတွက် ထိုလူများသည် ဒုတိယအကြိမ် အယူခံဝင်ပြီး ပြစ်ဒဏ်ပြင်ဆင်ရန် ဆက်လက်တောင်းဆိုခွင့် ရရှိလိမ့်မည် မဟုတ်ချေ။
"ချမ်ဖေး.....ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ဖန့်ယန်..... အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု "
ထိုစဉ်က တရားရေးဝန်ထမ်းများပင် ကိုယ်ကျိုးစီးပွားအတွက် ဥပဒေကို ချိုးဖောက်ခဲ့သည့် ပြစ်ဒဏ်၏ စီရင်ချက်မှ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ဘဲ ၎င်းတို့ထဲမှ စွန်းဖျင်နှင့် ချမ်ဖေးတို့သည် သေဒဏ် စီရင်ခြင်း ခံခဲ့ရပြီး လုံဖန်းချီနှင့် ဖန့်ယန်တို့မှာ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။
ဟဲရှောက်ယန်မှာမူ ပြစ်မှုရှိသော်လည်း အမှုမှန်ပေါ်ပေါက်အောင် ကူညီခဲ့ပြီး ကြီးမားသော အကျိုးဆောင်မှု ဖြစ်သောကြောင့် ဥပဒေ၏ အပြစ်ပေးခြင်းမှ လွတ်မြောက်နိုင်ခြင်းမရှိသော်လည်း သူ၏ပြင်းထန်သော ဝေဒနာကြောင့် သေဆုံးတော့မည့် အခြေအနေကို ငဲ့ကွက်၍ သူ့အား ထောင်ပြင်ပတွင် ဆေးကုသခွင့် ပြုလုပ်ပေးခဲ့သည်။
တကယ်တော့ ဝမ်သိုက်သည် ရေရှည်တိုက်ပွဲအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထိုလူများသည် အချိန်ဆွဲရန်အတွက် ပြန်လည်စစ်ဆေးရန် တောင်းဆိုလာနိုင်ချေ ရှိသောကြောင့် ဖြစ်သည်။
သူတို့ ပြုတ်ကျသွားခဲ့သော်လည်း သူတို့၏ အပတ်အသတ် အဆက်အသွယ်များက ပြုတ်ကျမသွားခဲ့ချေ။ ထို့ကြောင့် သူတို့က ဆက်လက်အယူခံဝင်မည့် အရိပ်အယောင်မျိုး မပြသကြသောအခါ သူမ တော်တော်လေး အံ့အားသင့်သွားခဲ့ရသည်။
တရားရုံးမှ ထွက်ခွာလာချိန်တွင် ပုခုံးနှင့် ကျောပြင်ပေါ်က ဒြပ်မဲ့လှသော ဝန်ထုပ်ဝန်ပိုးကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း တစ်ပြိုင်နက်တည်းတွင် ဗလာကျင်းသွားသည်မှာ သူမ၏ နှလုံးသား ဖြစ်သည်။
ချင်ယန်သည် ပြုံးလျက် သူမကို ကြည့်သည်။
ယနေ့ နေရောင်ခြည်မှာ အလွန်တောက်ပလှပြီး ရွှေဝါရောင် အလင်းတန်းများသည် ဤကမ္ဘာမြေပေါ်သို့ ဖြာကျနေကာ ကျန်ရှိနေသော မှောင်မိုက်မှုများကို အကုန်လုံးမောင်းထုတ်ပစ်တော့မည့်အတိုင်း ဖြစ်သည်။
မထွက်ခွာမီကပင် ချင်ယန်သည် အထုပ်အပိုးများကို သိမ်းဆည်းပြင်ဆင်ထားပြီး ဖြစ်သည်။ သူမတွင် မူလကတည်းက ပစ္စည်းအများအပြား မရှိလှချေ။ သူမသည် ဝမ်သိုက်ထက် စောစီးစွာ ဗလာကျင်းခဲ့ခြင်း ဖြစ်ပြီး ချင်ထုံ ကွယ်လွန်သွားခဲ့စဉ်ကတည်းက ဗလာကျင်းခဲ့ခြင်း ဖြစ်သည်။
အထုပ်အပိုးများကို ချန်စစ်ကျယ်က ကားနောက်ဖုံးထဲမှ မကာ ချင်ယန်ထံသို့ လွှဲပြောင်းပေးလိုက်သည်။ ချင်ယန်သည် မိမိ၏ အထုပ်အပိုးများကို စောင့်ကြပ်နေပြီး ပုခုံးနှစ်ဖက်စလုံးမှာ အထုပ်အပိုးများ၏ ဖိစီးမှုကြောင့် အောက်သို့ ကျဆင်းနေကာ နေရောင်ခြည် ဖြာကျနေသော မျက်လုံးများဖြင့် ဝမ်သိုက်ကို ကြည့်လျက် မျက်နှာပေါ်က အပြုံးမှာ ပြုံးနေဆဲ ဖြစ်သည်။
"ညီမလေး..... အနာဂတ်မှာ နင်တစ်ယောက်တည်း နေထိုင်ရတော့မှာဆိုတော့ ကိုယ့်ကိုကိုယ် သေချာဂရုစိုက်ပါ၊ နင်ရဲ့ ထမင်းကောင်းကောင်းမစားတဲ့ အကျင့်ဆိုးကို အစ်မက သေသေချာချာ ပြင်ပေးထားရတာ၊ နင် နောက်တစ်ခါ ပြန်ပြီး အဲလိုမလုပ်နဲ့တော့နော်၊ နင်ရဲ့ အဖေနဲ့ အမေကလည်း နင့်ကို စောင့်ကြည့်နေကြတာပဲ၊ သူတို့ စိတ်မကောင်း ဖြစ်လိမ့်မယ်"
"ခွဲခွာရမယ့် အချိန်ကိုလည်း ရောက်လာခဲ့ပြီပဲ၊ အနာဂတ်မှာ အဆင်ပြေချောမွေ့ပါစေ၊ ဘေးကင်းပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"
အရိုးရှင်းဆုံးသော စကားလုံးများ ဖြစ်သည်။ ချင်ယန်သည် မိမိ၏ပစ္စည်းများကို ဆွဲယူကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်၊ သူမသည် ဝမ်သိုက် မျက်ဝန်းထဲက မျက်ရည်စများကို မမြင်ချင်ယောင်ဆောင်နေခြင်း ဖြစ်နိုင်သလို မိမိ မျက်ဝန်းထဲတွင်လည်း မျက်ရည်များ ရှိနေသဖြင့် ဝေဝါးနေခြင်းလည်း ဖြစ်နိုင်သည်။
ဝမ်သိုက်သည် ချင်ယန်၏နောက်သို့ ခြေလှမ်းအနည်းငယ် လိုက်သွားပြီး သူမသည် မိမိ အိတ်ကပ်ထဲမှ မန္တန်စာရွက်ကို ထုတ်ယူကာ ချင်ယန်၏လက်ထဲသို့ ထည့်ပေးလိုက်ရင်း ခေါင်းငုံ့ကာ ပြောဆိုသော လေသံထဲတွင် အားနာမှုနှင့် မခွဲနိုင်မှုများ ပါဝင်နေသည်။
"ကျွန်မမှာ အစ်မကို ပေးစရာဘာမှမရှိပါဘူး၊ ကိုယ်ပေါ်မှာလည်း ပစ္စည်းတွေ ပါမလာဘူး... ကျွန်မလည်း အစ်မ ဘေးကင်းပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် အစ်မချင်ယန်၊ အစ်မကိုယ့်ဘဝကို ကိုယ်တိုင် လွတ်လပ်စွာရှင်သန်နိုင်ပါစေ"
လေသံထဲက ငိုရှိုက်သံကို ဖုံးကွယ်၍ မရတော့ဘဲ သူမနှင့် ချင်ယန်နှစ်ဦးစလုံးက ရှင်းလင်းစွာ ခံစားသိရှိနိုင်ကြသည်။
ဒါပေမဲ့ ဘယ်သူမှ ထုတ်မပြောခဲ့ကြချေ။
ခွဲခွာခြင်းဆိုသည်မှာ အမြဲတမ်းမျက်ရည် ရှိလွယ်တတ်စမြဲ ဖြစ်သည်။
ချင်ယန်ကို နှုတ်ဆက်ပြီးနောက် စွေ့လင်ကိုပါ ထပ်မံ နှုတ်ဆက်လိုက်ရာ မူလနေရာတွင် ကျန်ရစ်ခဲ့သူမှာ သူမနှင့် ချန်စစ်ကျယ်သာရှိတော့သည်။
တရားခွင်ပေါ်တွင် ထိုလူများ၏ ဒဏ်ငွေမှာ မနည်းလှပေ။ ချန်စစ်ကျယ်သည် ဝမ်သိုက်မှ သူ့ထံ ထိုအချက်ကို မတောင်းဆိုခဲ့သော်လည်း သူတို့က ဝမ်သိုက်အား ပေးအပ်ရမည့် လျော်ကြေးငွေများကို အစွမ်းကုန်ကြိုးပမ်းရယူပေးခဲ့သည်။
"အနာဂတ်မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ"
သူသည် ခြေလှမ်းကို နှေးကွေးစွာ လျှောက်ရင်း သူမနှင့်အတူ ကားရှိရာ လမ်းကြောင်းဆီသို့ လျှောက်လှမ်းကာ မေးလိုက်သည်။
"ဒီလိုပဲ လုပ်ရမှာပေါ့... ချန်ဟိုင်ဒေသက အိမ်ကို အရင်ဆုံးပြန်လည်ပြင်ဆင်ဖို့ ပြင်ရမယ်၊ အခု ဖုန်းအန်းဒေသမှာ နေတဲ့အိမ်ကိုတော့ ကျွန်မ လောလောဆယ် မရောင်းချင်သေးဘူး၊ အကြာကြီး နေလာခဲ့တာဆိုတော့ ကျွန်မတစ်ယောက်တည်းရဲ့ ကြီးပြင်းလာမှုကို မှတ်တမ်းတင်ထားတာလေ"