အခန်း ၁၈၂
Vol. 19 Ch. 182
🍏 Chapter 182
အတိတ်က အမှတ်တရများ တစ်ခုပြီးတစ်ခု ရုပ်လုံးပေါ်လာသောအခါ ဝမ်သိုက်သည် ရုတ်တရက် သဘောပေါက်သွားရသည်။ ချန်စစ်ကျယ်သည် ဘယ်မှာလျှင် အရသာပြောင်းလဲသွားခြင်း ဖြစ်ပါမည်နည်း။ နောက်ပြီး ဘယ်တုန်းကမှကော ပုံစံသစ်ကို မြည်းစမ်းကြည့်ချင်ခဲ့ဖူးသနည်း။ အတိတ်တုန်းက သူသည် သူမအပေါ် ဂရုစိုက်မှုကို စောစီးစွာကတည်းက အထင်အရှား ပြသခဲ့ပြီး ဖြစ်ပေသည်။
စစ်ချန်ရှေ့နေရုံးတွင် ရှိစဉ်က သူ မှာပေးခဲ့သော အပြင်စာ ဖြစ်စေ၊ ဆိုင်တွင် ရှိစဉ်က ကြိုတင် ပြင်ဆင်ပေးခဲ့သော ထိုဟင်းလျာများ ဖြစ်စေ၊ ဂရုမစိုက်သော လူတစ်ယောက်နှင့် အတူရှိနေပါက မည်မျှပင် အချိန်ကြာမြင့်စွာ တွဲဖက်လုပ်ကိုင်နေပါစေ အခြားလူ၏ အကြိုက်ကို မှတ်မိရန် ခဲယဉ်းလှပေသည်။ ပြောရလျှင် သူတို့သည် နေ့တိုင်း အတူတူ ရှိနေကြသည်မဟုတ်ဘဲ အမှန်တကယ် ရေတွက်ကြည့်လျှင် ထမင်းအတူစားခဲ့သည်မှာ ဘယ်လောက်များပါသနည်း။
သူသည် သူမကို စောစောကတည်းကပင် အလေးထားနေခဲ့ခြင်း ဖြစ်သည်။ စောစောကတည်းက သဘောကျနေခဲ့ခြင်း ဖြစ်မည်ကို စိုးရိမ်မိသည်။
မသိစိတ်က ခြောက်သွေ့နေသော နှုတ်ခမ်းသားများကို တစ်ချက် လျှာသပ်လိုက်ရင်း ဝမ်သိုက်သည် မိမိရှေ့သို့ ထိုဖြူစင်သွယ်လျသော လက်တစ်ဖက်ဖြင့် တွန်းပို့ပေးလိုက်သည့် သရက်သီးနို့အေးကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။
သူမသည် အသိစိတ်လွင့်မျောနေသော လူတစ်ယောက်ကဲ့သို့ လက်ကို မြှောက်ကာ ဇွန်းကို ကိုင်လိုက်ပြီး ဖန်ခွက်ထဲက ရေခဲမုန့်ကို ဇွန်းဖြင့် ကော်လိုက်ရာ သရက်သီး၏ ချိုမြိန်သော ရနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သို့သော် ရင်ထဲက ခံစားရသည့် ချိုမြိန်မှုလောက်တော့ မချိုမြိန်ပါပေ။
ရေခဲမုန့်နှင့် သရက်သီးကို ဇွန်းတစ်ဇွန်းစာ ပါးစပ်ထဲသို့ မထည့်မီ ဝမ်သိုက်သည် မေးစေ့ကို ပင့်ကာ သူ့ကို မျက်နှာမူလိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
"ရှင် ကျွန်မကို ဘယ်အချိန်ကစပြီး သဘောကျခဲ့တာလဲ"
မျက်ဝန်းထဲတွင် အဖြေကို အလျင်အမြန် သိရှိလိုသော ဆန္ဒများ ပြည့်နှက်နေသော်လည်း အကြည့်ခံရသော လူကမူ စတင်ပြီး အဆင်မပြေ ဖြစ်လာသည်။
ချန်စစ်ကျယ်သည် ခန္ဓာကိုယ်ကို နောက်သို့ ဆုတ်ကာ ထိုင်ခုံနောက်မှီကို မှီထားလိုက်ပြီး လည်ပင်းကို ငုံ့ထားကာ ခဏမျှ ကြာမှ ခေါင်းမော့လာပြီး လေသံမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။
"ငါ မသိဘူး"
"မသိဘူးဆိုတာ ဘာအဖြေလဲ"
သူ့အဖြေကို သိသိသာသာ မကျေမနပ်ဖြစ်နေသော ဝမ်သိုက်သည် သူ့ထံသို့ ကိုယ်ကို ကိုင်းညွှတ်လိုက်သော်လည်း သူ၏ နီမြန်းနေသော နားရွက်ဖျားလေးများကို ရုတ်တရက် သတိပြုမိသွားသဖြင့် မကျေမနပ်မှု အစိတ်အပိုင်း အချို့မှာ အလိုအလျောက် ပျောက်ကွယ်သွားရသည်။
သူမ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း ပင့်တက်သွားပြီး မျက်လုံးများမှာ လဆန်းပုံသဏ္ဌာန် ကွေးသွားကာ စနောက်လိုသော လေသံဖြင့် ဆိုသည်။
"အာ၊ ရှင်လည်း ရှက်တတ်လိမ့်မယ်လို့ မထင်ထားဘူးနော်"
နှုတ်ခမ်းကို တင်းတင်းစေ့ထားသော အမျိုးသားသည် ခေါင်းမော့ကာ သူမကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ရာ အကြောင်းရင်းမရှိဘဲ ဇနီးငယ်လေးတစ်ယောက်၏စိတ်ကောက်နေသော အမူအရာမျိုးနှင့် ဆင်တူနေသဖြင့် ဝမ်သိုက်သည် ထူးဆန်းစွာပင် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
တကယ်တော့ အတိတ်တုန်းကဆိုရင် ထိုသူသည် သူမအား စူးစူးစိုက်စိုက် တစ်ချက် စိုက်ကြည့်လိမ့်မည် ဖြစ်သည်။
သူမသည် အာရုံကို ဘေးက ထိုင်ခုံပေါ်ရှိ နှင်းဆီပန်းများဆီသို့ ပြောင်းလဲလိုက်ပြီး ဇွန်းကို လက်မှ လွှတ်ကာ နှင်းဆီပန်းပွင့်ဖတ်ပေါ်က နှင်းစက်ကလေးများကို သွားရောက် ထိတွေ့လိုက်ရင်း မေးသည်။
"ရှင် ဘယ်သူ့ဆီကနေ အချစ်စကားဆိုရင် ပန်းပေးရတယ်ဆိုတာ သင်လာတာလဲ"
သူ၏ရဲရဲဝံ့ဝံ့ လေသံထဲတွင် သံသယအချို့လည်း ပါဝင်နေသည်။
"တခြားလူတွေလည်း ဒီလိုပဲ လုပ်ကြတာမဟုတ်ဘူးလား"
နှမြောစရာကောင်းသည်မှာ ဝမ်သိုက်သည် သူ့ သံသယကို ရှင်းလင်းပေးရန် အစီအစဉ်မရှိဘဲ ပြုံးရွှင်စွာဖြင့် စနောက်လိုက်သည်။
"အို၊ ရှေ့နေကြီးချန်ကလည်း လူအများနောက် လိုက်တတ်တာပဲလား"
သို့သော် ချန်စစ်ကျယ်သည် ဤတစ်ကြိမ်တွင် သူမ၏စနောက်ခြင်းကို ခံမနေတော့ဘဲ ကိုယ်ကို မတ်လိုက်ပြီး မျက်မှောင်ကုတ်ကာ ပြန်မေးသည်။
"မင်း မကြိုက်ဘူးလား"
သူ၏တည်ကြည်လွန်းသော ဤမျက်နှာပေးကို ကြည့်ပြီး ဝမ်သိုက်သည် မိမိသာ ခေါင်းခါပြပြီး မကြိုက်ဘူးဟု ပြောလိုက်လျှင် သူက တည်တင်းသော မျက်နှာဖြင့် ဤထမင်းဝိုင်းကို ကုန်အောင် စားလိမ့်မည်။ မဟုတ်သေးပါ။ သူသည် လုံးဝ စားတော့မည်မဟုတ်ဟု အမှန်အကန် ခံစားလိုက်ရသည်။
ဟနေသော နှုတ်ခမ်းက မသိစိတ်က ပြန်လည်ဖြေကြားချင်သော်လည်း နှင်းဆီပန်း၏ရဲရဲတောက် အရောင်ကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် သူမသည် ကိစ္စတစ်ခုကလည်း မိမိ အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သတိရသွားမိသည်။
မျက်တောင်များကို တစ်ချက် ပုတ်ခတ်လိုက်ပြီး သူမသည် ပြုံးလျက် ခေါင်းမော့ကာ မက်မွန်ပွင့်မျက်ဝန်း အစုံမှ ပြုံးလိုက်သည့်အခါ နူးညံ့လှပသော သံယောဇဉ် အချစ်စိတ်များ ပေါ်ထွက်လာသည်။
"ကျွန်မက နှင်းဆီပန်းကို အဲဒီလောက်ကြီး သဘောမကျပါဘူး၊ အပင်တွေ ပန်းတွေနဲ့ ပတ်သက်ရင် ကျွန်မ အဲဒီလောက်စိတ်မဝင်စားဘူး"
ချန်စစ်ကျယ်၏အမူအရာပေါ်တွင် စိတ်ပျက်မှုများ မလွှမ်းမိုးခင်မှာပင် သူမသည် လေသံကို ညင်သာစွာ ပြောင်းလဲလိုက်သည်။
"ဒါပေမဲ့၊ ပန်းပေးတဲ့လူကိုတော့ ကျွန်မက ပိုပြီးသဘောကျတယ်၊ ဒါကြောင့် ပန်းကိုပါ လိုက်ပြီး သဘောကျပေးလို့ ရတာပေါ့"
ထိုသူသည် ဤကိစ္စရပ်တွင် တုံ့ပြန်မှု စွမ်းရည်ရှိပုံမှာ အံ့အားသင့်စရာကောင်းလှပေသည်။ သူ၏ မျက်နှာပေါ်က စိတ်ပျက်မှု အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး အခိုက်အတန့်အတွင်းမှာပင် အံ့ဩဝမ်းသာမှုသို့ ပြောင်းလဲသွားကာ ဝိုင်းစက်သွားသော မြေခွေးမျက်ဝန်း အစုံမှာ အူကြောင် ကြောင်လေးနှင့် ချစ်စရာပုံစံမျိုးဖြစ်ပေါ်နေသည်။
"မင်း သဘောတူပြီပေါ့"
အဘယ့်ကြောင့် အတည်ပြုချက်ကို ထပ်ပြီး တောင်းဆိုနေသနည်း။
ဝမ်သိုက်သည် ရင်ထဲတွင် စိတ်မအီမသာ ဖြစ်သွားပြီး လက်ကိုမြှောက်ကာ ပူနွေးနေသော ပါးပြင်ကို ပွတ်သပ်လိုက်ရင်း ခေါင်းငုံ့လျက် ဖန်ခွက်ထဲက ဇွန်းကိုပြန်လည်ကိုင်ကာ ရေခဲမုန့်ကို စားနေမိသည်။
ခေါင်းကို အနည်းငယ် ငြိတ်ပြလိုက်ပြီး အမေးနှင့်မဆိုင်သော အဖြေကို ပေးလိုက်သည်။
"ဒီရေခဲမုန့် အရသာက တကယ်မဆိုးဘူးပဲ၊ ရာသီဥတုပူရင် ရေခဲမုန့် စားရတာပေါ့"
မိမိ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသော လူကိုကြည့်ပြီး သူမ၏ ပန်းရောင်သန်းနေသော ပါးပြင်မှသည် နှင်းဆီပန်းထက်ပင် ပိုမိုရဲရဲတောက်နေသော နားရွက်ရင်းအထိ ချန်စစ်ကျယ်၏မျက်ဝန်းနက်များထဲတွင် တဖြည်းဖြည်းနှင့် အပြုံးအရိပ်အယောင်များ ဖြာကျလာကာ သူသည် တည်ငြိမ်စွာဖြင့် စကားတစ်ခွန်း ပြောလိုက်သည်။
"မင်း ရှက်နေတာပဲ၊ မင်း တော်တော် အနေရခက်နေတာပဲ"
ချက်ချင်းပင် ဒေါသထွက်သွားသော ဝမ်သိုက်သည် ခေါင်းကို မော့လိုက်ရာ ခုနကတင် အချစ်စိတ်များ ပြည့်နှက်နေသော မက်မွန်ပွင့်မျက်ဝန်း အစုံတွင် ယခုအခါ ရှက်ဒေါသ ထွက်နေသော စိတ်ခံစားချက်များသာ ရှိတော့သည်။
"ရှင်နဲ့ ဘာဆိုင်လဲ၊ ကျွန်မ အရင်ကတည်းက ဒီလိုလူစားမျိုးပဲ၊ ပြီးတော့ ရှင်ကကော ဘယ်လောက်တောင် ကောင်းနေလို့လဲ"
ယခုအခါ ချန်စစ်ကျယ်၏ သူမအပေါ် သည်းခံနိုင်စွမ်းမှာ အတိတ်ကထက် အဆမတန် သာလွန်လှပေသည်။ သူသည် အလိုက်သင့်ပင် ခေါင်းငြိတ်ကာ ထောက်ခံသည်။
"အင်း၊ ငါတို့က အတူတူပါပဲ၊ ဒါကြောင့် အလိုက်ဖက်ဆုံးပေါ့"
သူက နေသားကျသွားပြီ ဖြစ်သော်လည်း ဝမ်သိုက်၏မျက်နှာကမူ အားမလိုအားမရဘဲ နီမြန်းသွားရပြန်သည်။
ထမင်းတစ်နပ် စားရခြင်းမှာ လူတစ်ယောက်လုံး ပျားရည်အိုးထဲတွင် တစ်ပတ် လှည့်ပတ်နေရသကဲ့သို့ ခံစားရစေသဖြင့် အလွန်ဆန်းသစ်သော ခံစားချက်ဖြစ်ပေသည်။
အတူတူ ထမင်းစားပြီးနောက် ခွဲခွာရမည့် အချိန်သို့ ရောက်ရှိလာသည်။ ချန်စစ်ကျယ်သည် ကားမောင်းကာ သူမအား လူနေအိမ်အောက်သို့ ပို့ဆောင်ပေးခဲ့ပြီး သူမနှင့်အတူ အပေါ်သို့ လိုက်ပါလာမည့် အရိပ်အယောင်မျိုး ရှိသော်လည်း ဝမ်သိုက်သည် စဉ်းစားဆင်ခင်ခြင်းမရှိဘဲ သူ့အား တားဆီးလိုက်သည်။
သူမသည် လှေကားထစ်ပေါ်တွင် မတ်တတ်ရပ်နေပြီး သူ၏ အမြင့်လောက် မရှိသေးသော်လည်း အနည်းဆုံးတော့ ခေါင်းမော့ကာ သူ့ မျက်လုံးများကို ကြည့်စရာမလိုတော့ချေ။
"ရှင် အပေါ်ကို ဘာလိုက်လုပ်မှာလဲ"
"မင်းက ငါ့ကို မင်းအိမ်ထဲလာထိုင်ပြီး ရေနွေးကြမ်းတစ်ခွက်လောက် သောက်ဖို့ ဖိတ်ခေါ်သင့်တာ မဟုတ်ဘူးလား"
သူက အသေအချာ ပြောဆိုလိုက်ပြီး စူးရှသော အကြည့်များကို သူမထံ ဦးတည်ထားကာ မြေခွေး မျက်ဝန်း အစုံထဲတွင် ကြည်လင်ပြတ်သားမှုများ ရှိနေသဖြင့် တကယ်ပဲ အပေါ်သို့ တက်ထိုင်ပြီး ရေနွေးကြမ်း သောက်ချင်ရုံသက်သက်ရှိသည့်ပုံစံ ဖြစ်နေသည်။
သို့သော် ချန်စစ်ကျယ် ရင်ဆိုင်နေရသည်မှာ သံမဏိကဲ့သို့ အေးစက်ကာ ခေါင်းမာလွန်းသော မိန်းကလေး ဝမ်သိုက် ဖြစ်ပေသည်။ သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ရင်းမှန်ဖြင့် မေးခွန်းထုတ်သည်။
"ခုနက စားသောက်ဆိုင်ထဲမှာ ရှင် ရေမသောက်ခဲ့ဘူးလား၊ အခုထိ ရေဆာနေသေးတာလား၊ စားသောက်ဆိုင်ထဲမှာထိုင်ရတာ မဝသေးဘူးလား၊ ဒီကို ကားမောင်းလာတဲ့ လမ်းတစ်လျှောက်လုံး ဘယ်လောက်တောင် ဝေးလဲ၊ ရှင် ထိုင်ရတာ မဝသေးဘူးလား၊ ကျွန်မ ဖင်တောင် နာနေပြီ"
ချန်စစ်ကျယ် တစ်ယောက် လူနှစ်ယောက်တည်းရှိမည့် ကမ္ဘာလေးကို လိုလားသော စိတ်ဆန္ဒမှာ အက်ကွဲပျက်စီးသွားရုံတင်မကဘဲ မိမိက ယခုမှ စတင်လက်တွဲခဲ့သော ရည်းစားဖြစ်သူ၏ စိုးရိမ်တကြီး သတိပေးခြင်းကိုပါ ရရှိလိုက်ရသေးသည်။
"တကယ်ပါပဲနော်၊ ဒီယောကျာ်းကတော့၊ ကိုယ့်ကို ချစ်သူအဖြစ် လိုချင်လာတဲ့အချိန်ကျမှပဲ အလိုက်သိတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်လို ပြုမူတော့တယ်"
ချန်စစ်ကျယ်၏မျက်နှာတစ်ခုလုံး မည်းမှောင်သွားရချေပြီ။
သူ့ အကြည့်သည် အောက်သို့ အနည်းငယ် ကျဆင်းသွားရာ ဆုံတွေ့လိုက်ရသည်မှာ အမျိုးသမီး၏ ပြည့်ဖြိုးနူးညံ့သော နှုတ်ခမ်းသားများ ဖြစ်သည်။
စနောက်လိုသော ကဲ့ရဲ့ရှုတ်ချလိုစိတ်နှင့် ရင်ထဲက လျှို့ဝှက်သော မျှော်လင့်ချက်တို့ ပူးပေါင်းသွားကြပြီး သူသည် ရုတ်တရက် သူမ၏ခါးကို ဖက်တွယ်လိုက်ကာ အခြားလက်တစ်ဖက်ဖြင့် သူမ ဦးခေါင်း နောက်ဘက်ကို ဆုပ်ကိုင်လိုက်သည်။
နှုတ်ခမ်းသားချင်း ထိကပ်သွားသည့် အခိုက်အတန့်တွင် ဝမ်သိုက်၏အသိဉာဏ်များ လွင့်ပျံသွားရပြီး ဦးနှောက်ထဲတွင် ကျန်ရှိနေသည်မှာ
‘သူ ဘာလုပ်နေတာလဲ၊ သူ့ နှုတ်ခမ်းတွေက အရမ်းနူးညံ့တာပဲ၊ သူ ဘာလို့ လျှာကို ထုတ်လာတာလဲ’
ဝိုင်းစက်သွားသော မက်မွန်ပွင့်မျက်ဝန်း အစုံထဲက မျက်ဝန်းအရောင်သည် ထိတ်လန့်တုန်လှုပ်မှုမှသည် ကြောင်အမ်းအမ်း ဖြစ်သွားသည့်အထိ ပြောင်းလဲသွားသည်။